Apr 21, 2017

အလင်းမနက်ဖြန်

October ,2014 Health for All Magazine ပါ ကျွန်တော့်ဝတ္ထုတို

အလင်းမနက်ဖြန်

      "မဖြစ်နိုင်ပါဘူး၊မဖြစ်နိုင်လောက်ပါဘူး"ဟု အကြိမ်ကြိမ် စိတ်ဖြေအားတင်းရင်းက ကျွန်တော်ရင်တွေ
တဒိတ်ဒိတ် ခုန်လာသည် ။ ဒီစိတ်ကြောင့် သောကရောက်၍ အိပ်ရေးပျက်ခဲ့ရသော ညတွေ များလှပေပြီ။ HIV ပဋိ ပစ္စည်း ရှိ၊မရှိ စစ်ဆေးသည့် ကိရိယာအတံကလေး တွင် ပေါ်လာမည့် အဖြေမျဉ်းများကို စောင့်ကြည့်
နေသော ကျွန်တော့် မျက်ဝန်း အစုံက မျက်တောင်ပင် မခတ်မိ။ အသက်ရှူဖို့ကိုပင် မေ့ လျော့နေ၏။
ကျွန် တော် တစ်ကိုယ်လုံး ချွေးများ ရွှဲစိုနေပြီး ခြေဖျားလက်ဖျားတွေ အေးစက်လာသည်။ တဖြည်းဖြည်းနှင့် .....
###################
       မန္တလေးသို့သွားရန် ငှားထားသော ကားပေါ်သို့ ကျွန်တော့်အထုပ်ပိုးများ တင်ချိန်တွင် ညီငယ်က မြေကြီး
ပေါ် လူးလှိမ့်၍ ငိုတော့ သည်။
"ကိုကြီး မသွားရဘူး။ ကိုကြီး မရှိရင် ညီလေးနဲ့ ဘယ်သူက လာကစားပေးမှာလဲ။ ပုံပြင်တွေ ဘယ်သူက
ပြောပြမှာလဲ။ အီး....ဟီး....ဟီး...."
"သားငယ်က လိမ္မာတယ်နော်။ အမေရှိတယ်လေ။ ပုံပြင်တွေ ညတိုင်းပြောပြမှာပေါ့။ လာ အမေ့ဆီ "
မြေကြီးပေါ် လူးလှိမ့် ငို နေသော ညီလေးကို အမေက ပွေ့ ချီသည်။
" ကိုကြီးကဆရာဝန်ဖြစ်ဖို့ စာသွားသင်ရမှာလေ။စနေ၊ တနင်္ဂနွေ နေ့တိုင်း ပြန်လာမှာလေကွာ။ ညီ လေး
အတွက် မုန့်တွေ၊အရုပ်တွေ ၀ယ်ခဲ့မယ်။ ကိုကြီး ကို ချစ် ရင် မငိုရဘူး။ တိတ်တော့"
"တကယ်နော် ကိုကြီး။ မညာရဘူးနော်။ လာ လက်သန်းချင်း ချိတ်မယ်" နှာခေါင်း တရှုံ့ရှုံ့လုပ်ပြီး လက်သန်း
ကလေး ကွေးကာပေးလာ သော ညီငယ်ကိုကြည့်၍ အမေရော ကျွန်တော်ပါ မျက်ရည် တွေ ကျရသည်။ အိမ်နှင့်တစ်ခါမှ ခွဲ မအိပ်ဖူးသော ကျွန် တော် အတွက်ပါ အမေ မျက်ရည်ကျဟန်တူသည်။ မန္တလေး မှ အဒေါ်အိမ်တွင် လိမ်လိမ်မာမာ နေဖို့၊ ကျန်းမာရေး ဂရုစိုက်ဖို့၊ စာကြိုးစားဖို့ အမေ တတွတ်တွတ်ပြောနေသည်မှာ ရွာမှ
ကားစထွက်သည့်အချိန်ထိဖြစ်သည်။
      ကျွန်တော် နှင့် ညီလေးအတွက် အမေသည်သာ အဖ၊ အမေသည်သာ အမိဖြစ်ခဲ့ရ၏။ ကျွန်တော်ကိုးတန်း၊ညီငယ် လေးတန်းအရွယ်မှာပင် ထင်မှတ်မထားသော လောကဓံ မုန်တိုင်း ၀င်ရောက်တိုက်ခတ်ခဲ့၏။ `မောင်မြသန်း လယ်ထွန်းရင်း ပိုးထိတာ.. လယ်ကွင်းထဲမှပဲ...´...ဘေးအိမ်က ဦးမောင်သယ်ဆောင်လာ သော သတင်းဆိုးနောက်တွင် ကျွန်တော်နှင့် ညီလေး၏အဖေကိုတပြီး ငိုညည်းသံတွေက ကမ္ဘာမြေ ပျက်မတတ် ကျယ်လောင်
သွားသည်။ အမေက ကျွန်တော် နှင့်ညီလေးလက်ကို ခပ်တင်းတင်းဆုပ်ကိုင်ကာ မျက်တောင်ပုတ်ခတ် ပုတ်ခတ်လုပ်ပြီး တုန်ယင်နေသော စကားသံများအန်ကျ လာ၏။"သားတို့မှာ အမေတစ်ယောက်လုံး ရှိသေးတယ်လေ။မငိုနဲ့ တိတ်ကြတော့၊ အမေရှိပါသေးတယ်..အမေရှိပါသေးတယ် ကွယ်..."
      အဖေဆုံးသွားချိန်တွင် အမေ့အသက်မှာ လေးဆယ်သာ ရှိ သေးသော်လည်း နောက်အိမ်ထောင် မထူဘဲ လယ် များအားလုံးရောင်း၍ရွာ၌ပင် ကုန်စုံဆိုင်ဖွင့်ကာ ကျွန်တော်နှင့် ညီလေးကို လူတန်းစေ့အောင် ထားခဲ့
သည်။ ကျွန်တော်သည်လည်း အစ်ကိုကြီး အဖရာဆိုသလို ညီငယ်အပေါ် ဖခင်လို တစ်မျိုး ချစ်ခင်ကြင်နာရပြီး ၊အစ် ကိုလိုတစ်သွယ် အမြတ်တနိုးထား ပြုစုပျိုး ထောင်ရ၏။ အပေါင်းအသင်း နည်းသော ညီငယ်အတွက်
ကျွန်တော်သည် သာ ကစား ဖော်သူငယ်ချင်းဖြစ်ခဲ့ရသည်။ ငယ်ငယ်ကတည်းက ညီငယ်နှင့်ကျွန်တော်က
အိပ်ရာ တစ်ကုတင်တည်း တူတူအိပ်ကြသည်။ အိပ်ရာဝင်တိုင်း ညီငယ်ကို သုံးဆယ့်ရှစ် ဖြာ မင်္ဂလာ ပုံပြင်များ၊ လိမ္မာရေးခြားပုံပြင်များ ပြောပြရသည်။
############
      မန္တလေး မြို့နှင့် ကျွန်တော်နေထိုင်ရာ ကျောက်ဆည် မြို့နယ် အင်ရောင်းရွာက ဆိုင်ကယ်နှင့်ဆို တစ်နာရီကျော် ကျော် မောင်းရသည်။ ကျောင်းပိတ်ရက်အိမ်ပြန်တိုင်း ညအိပ်ရာဝင် ပုံပြင်တွေ အစား ကျွန်တော့် 
တက္ကသိုလ်ကျောင်းသား အတွေ့အကြုံတွေက ညီငယ် နားထောင်စရာ ဖြစ် လာခဲ့၏။ ကျွန်တော် ဘွဲ့ရ၍ ရွာ၌ပင် ဆေး ခန်းပြန်ဖွင့်သည့်အခါ ညီငယ်က ကျောက်ဆည်နည်းပညာ တက္ကသိုလ် ပထမနှစ် သို့ တတ်ရောက်
နေပေပြီ။
"ညီလေး အဆောင်မှာနေရတာ အဆင်ပြေလား ။ရော့... တစ်လစာမုန့်ဖိုးနဲ့ မုန့်တွေ"
"ပြေတော့ပြေပါတယ်ကိုကြီးရာ။ ညီက အစ်ကိုကြီးကျောင်းပြီးတာနဲ့ မိသားစုသုံးယောက်အတူတူနေရပြီလို့
တွေးနေတာဗျ"
      ကျွန်တော်ပေးသည့် မုန့်ဖိုးနှင့် မုန့်တွေကို လှမ်းယူလိုက်သည့် ညီငယ်၏မျက်ဝန်းတွင် မျက်ရည်တွေဝိုင်းလာသည် ။
"အာ...ညီလေးကလဲ ပျော်ရာမှာမနေရ တော်ရာမှာနေရတဲ့။ ကိုကြီးတုန်းကဆို အိမ်နဲ့ခြောက်နှစ်တောင် ခွဲနေရတာပဲ။ ကြာရင်နေတတ်သွားမှာပါ"
"ဒါတော့ ဒါပေါ့ဗျာ ညီ အိမ်ကိုလွမ်းတယ်ဗျ "
"အေးပါ။ ကျောင်း ပိတ်၇က် ပြန်လာခေါ်မယ်။ စာကြိုးစား ။ကိုကြီး ဆေးဝယ်ရဦးမှာမို့ သွားတော့မယ် "
"ဟုတ်...ကိုကြီး။အမေ့ကို ကရုစိုက်ဦး။ ဆိုင်ကယ်ဖြည်းဖြည်းမောင်းဦး"
###############
      အမေ့ကျန်းမာရေးကို စောင့်ရှောက် ရန်နှင့် ညီငယ်ကို ပြုစုပျိုးထောင်ပေးရန် အစိုးရအလုပ်ဝင်ခွင့် စာမေးပွဲကို ၀င်မ ဖြေဖြစ်ခဲ့ပေ။ ကျွန်တော် အသက်ရှင်နေစဉ် ကာလတွင် အ မေနှင့် ညီငယ်အတွက် မြင်းမိုရ်တောင် မဖြစ်နိုင်ရင်တောင် မားမားမတ် မတ် ရပ်တည် ကာကွယ် ပေးနိုင်သော တောင်ပူစာ တစ်လုံးဖြစ်ဖို့ ကြိုးစားရ
ပေမည်။
"သားငယ်..မင်းက တက္ကသိုလ် ဒုတိယနှစ်ရှိသေး။ ရည်းစား တွေ ထည်လဲတွဲ နေတယ်ဆို"
       အမေက ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်အတွက် ကော်ဖီ ဖျော်ပေးရင်း ကျောင်းပိတ်ရက်တွင် အိမ်သို့
ပြန်လာသော ညီငယ်ကို မေးလာသည်။
"ဟဲ့။ ဖုန်းထဲ ခေါင်းဝင်တော့မယ်။ ဂိမ်းဆော့တာရပ်ပြီး အမေမေးတာဖြေဦးလေ"
"ဟင်း....နိုင်ခါနီးမှ အမေ့ကြောင့်ရှုံးသွားပြီ။ အဲဒါကောလာဟလ တွေပါအမေရာ။ရိုးရိုးသားသား ခင်ကြတာပါ" "အေး အဲဒါဆိုလည်းပြီးရော။ သူများသားသမီးကို လက်မထပ် ရသေးခင် ကိုယ့်မောင်နှမလို သဘောထား။
ဘာသတင်းဆိုးမှ အမေ မကြားချင်ဘူး နော်"
"ဟုတ်။ သားက မိန်းမ မယူသေးဘူး။ အမေနဲ့အကိုကြီးကို လုပ်ကျွေးဦးမှာဗျ။ အဲ... အမေ။ ညှော်နံရတယ်"
"ဟုတ်ပါရဲ့တော်။ သားငယ်ကို ဆုံးမနေရတာနဲ့ ဆွမ်းလောင်းဖို့ ချက် ထားတဲ့ဟင်းတော့ တူးပါပြီ" အမေက သူဝဖိုင့်ဖိုင့် ခန္ဓာကိုယ်ကို မနိုင်မနင်းသယ်ပြီး မီးဖိုဆီပြေးသွားသည်။
#########
      တက္ကသိုလ် ဒုတိယနှစ်ဖြေခါနီးတွင် ညီငယ်က အိမ်သို့ရုတ်တရက်ပြန်လာသည်။ အိမ်ထဲဝင်ဝင်ချင်း
အင်္ကျီချွတ်ပြီး "ကိုကြီး ညီလေးခါးမှာ အရည်ကြည်ဖုတွေ အများကြီးပဲ ဘာဖြစ်တာလဲ မသိဘူး"
ကျွန်တော် ထိုင်ရာမှထ၍ ညီငယ်ကိုကြည့်ပေးရသည်။
"အော် ဒါ ရေယုံခါးပတ်(Herpes Zoster)တွေကွ စာမေးပွဲနီးပြီး စိတ်ပင်ပန်းရင် ပေါက်တတ်တယ် "
".ညီက ကြောက်လို့ ကျောင်းပျက်ပြီး အိမ်ပြန်လာပြတာ။ ဘာမှ မဖြစ်ပါဘူးနော် "
"မစိုးရိမ်နဲ့ သောက်ဆေးလိမ်းဆေးနဲ့ပျောက်တယ်"
      စားမေးပွဲ ဖြေပြီး၍အိမ်သို့ ပြန်လာချိန်တွင် ညီငယ်က ဖျားပြီးချောင်းဆိုး လာပြန် သည်။
"ငါ့ညီလေး ရောဂါတွေ တစ်မျိုးပြီး တစ်မျိုး ဖြစ်နေတာ။ လေးလုံးရောဂါ ၀င်နေပြီထင် တယ် ဟဲဟဲ"
"ဖြစ်ပါလိမ့်မယ် အားကြီးကြီး။ ညီလေးက ဒါတွေ ကင်းရှင်းတယ်။ ဆံပင်ညှပ်ရင်တောင် သူတို့ကို စိတ်မချလို့ ညီဘာသာ ဓားယူသွားတာ ဟွန်း"
      စူပုပ်ပုပ်မျက်နှာနှင့် စိတ်ဆိုးဟန် ဟန်ဆောင်နေသော ညီငယ်ကို မုန့်ဖိုးပေး၍ ချော့ရသည်။ ညီငယ့် ချောင်းဆိုးခြင်းက ဆေးသောက်တုန်း ခဏ ပျောက်ပြီး မကြာခဏပြန် ဖြစ်လာ၏။ ညီငယ်က အစားအသောက် မပျက်ပါဘဲနှင့် တဖြည်းဖြည်းပိန်လာပြီး ညီ ငယ်လက်ပေါ်တွင် ယားနာဖု အမည်းလေးများပေါက်လာသောအခါ ထိုရောဂါများ ဖြစ် နေမလားဟု ကျွန်တော် သံသယ ၀င်မိသည်။
"ညီလေးရေ ဒီကိုလာဦး "
       ဆေးဗီရိုထဲမှ ငှက်ဖျားစစ်ကိရိယာအတံလေးကိုထုတ်ပြီး အမေ့ကို ဈေးရောင်းကူနေသည့် ညီငယ်ကို ခေါ်ရသည်။
"မင်းခဏခဏ ဖျားနေတာ။ ငှက်ဖျားပိုးစစ်ရအောင်လို့ ခေါ်လိုက်တာ"
"မစစ်ချင်ဘူး။နာမယ်ကြောက်တယ်ကိုကြီးရ "
"မနာဘူးပါဘူးကွ ။လာ ဒီကုတင်ပေါ်အိပ်""
      ငှက်ဖျားပိုးစစ်ရန် လက်ထိပ်မှ သွေးအနည်းငယ်သာ ဖောက်ရန်လိုသော်လည်း မျက်စိမှိတ်၍အံကြိတ်ထားသော ညီငယ်သွေးပြန်ကြောထဲမှ သွေးဝမ်းစီစီ စုပ်ယူလိုက်သည်။
"ငှက်ဖျားစစ်တာ ဆယ့်ငါးမိနစ်လောက်ကြာမယ်။ ကိုကြီးဖို့ အအေးတစ်ပုလင်း သွားယူဦး"
       ညီငယ်ထွက်သွားသည်နှင့် ငှက်ဖျားစစ်သည့် ကိရိယာအတံထဲရော ဆေးဘူးတွေကြားမှာ ကြိုတင်ဝှက်ထားသည့် HIVပဋိပစ္စည်းရှိ မရှိ စစ်သည့် ကိရိယာအတံထဲရော သွေးစက်ချလိုက်ပြီး လိုအပ်သည့် ဆေးရည်
တွေ တစ်စက်ချင်းပေါင်းထည့်လိုက်သည်။
      တဖြည်းဖြည်းနှင့် HIV 1ဆိုသည့် မျဉ်းတွင် အနီရောင်လိုင်းက ထင်ရှားလာ၏။ ကျွန်တော့်တစ်ကိုယ်လုံး အားအင်တွေ ကုန်ဆုံးသွားသလို ခံစားရသည်။ကုလားထိုင် ပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။
"ကိုကြီးဘာဖြစ်လို့လဲ။ ညီလေးမှာ ငှက်ဖျားပိုးတွေ့လို့လား" ညီငယ်က အအေးပုလင်းပေးပြီး သူသိချင်သော
အ ဖြေအတွက် မေးခွန်းဆက်တိုက် မေးလာခဲ့သည်။
"ကိုကြီး။ ညီလေးမှာ ငှက်ဖျားပိုးတွေ့လို့လားလို့"
"မဟုတ်ပါဘူးကွာ။ ကိုကြီး ချွေးထွက်များပြီး ခေါင်းမူးသွားတာကွ။ငါ့ညီမှာ ငှက်ဖျားပိုးတော့ မတွေ့ဘူး။ ကောင်မလေးတွေ ကြည်တဲ့ စော်ကြည်ပိုးတွေ့တယ်ကွဟား......ဟား....."
"ဟာဗျာ။ အစ်ကိုကြီးကလည်း"
       ညီငယ်မျက်ဝန်းနှင့် ဆန့်ကျင်ဘက်ဖြစ်သော အိမ် နံရံကို ကြည့်ပြီး ကျွန်တော်၏ စိ တ်ခံစားမှုကို ဟာသ
စကားဖြင့် ဖုံးကွယ်လိုက်၏။ စိတ်ထဲတွင် တိတ်တဆိတ်စကားတွေ ဆိုနေမိသည်။ `အော်..ကံဆိုးရှာတဲ့ ငါ့
ညီလေး။ ငါ့ညီမှ ဒီ ရောဂါလာဖြစ်ရတယ်လို့။ ကိုကြီးရင်တွေ ပူလှပါပြီ။ အမေနဲ့ ညီလေးကို ဘယ်လို ဖွင့်ပြောရမလဲကွာ။အို.....ငါ ဒီလို သေချာပေါက်တွေးလို့လဲ မဖြစ်သေးပါဘူး။ငါကြိုတင် စီစဉ် ထားတဲ့ အတိုင်း ဆက်လုပ်ရမှာပဲ။ တစ်ခါတလေ ဒီကိရိယာက အဖြေမှားတွေ ထွက်တတ်တာပဲ။ မန္တလေး ကဓါတ်ခွဲခန်း ကောင်းကောင်းမှာ သွားပြန်စစ်ရမယ်။ ဟုတ် တယ်။ငါ့ညီမှာ ဒီရောဂါ လုံးဝမရှိနိုင်ဘူး´
######%##%###
      "ညီလေးဓာတ်မှန်က ဘာရောဂါမှ မတွေ့ဘူးဆိုပြီး ညီက ဘာဖြစ်လို့ ချောင်းခဏခဏ ဆိုးနေတာလဲ
ကိုကြီး"
"ရွာမှာ ဖုန်မှုန့်  ပေါလို့နေမှာ။ ဆေးသေချာသောက်ရင် ပျောက်သွားမှာပါ "
     ကျွန်တော့်စကားသံက မုသားအဖြူကြောင့် အနည်းငယ် တုန်ယင်သွားသည်။ ညီငယ်နှင့်အတူမန္တလေးသို့ သွားပြီး ညီငယ်ချောင်းခဏခဏ ဆိုးလာခြင်းကို တီဘီရောဂါပိုးများ ဝင်နေပြီလားဟုစိုးရိမ်၌ ဓာတ်မှန် ၇ိုက်ပြီး
သွေးစစ်ရသည်။ မန္တလေး မြို့မှ အဒေါ်အိမ်တွင် တစ်ညအိပ်ပြီး ညီငယ့်ကို မန္တလေးတောင်နှင့် ကုသိုလ်တော်ဘုရားသို့ လိုက်ပို့ပေးဖြစ်၏။
      အိမ်သို့ပြန်လာရာ လမ်းတွင် ဆိုင်ကယ် မောင်းရင်း ညီငယ်နှင့် ရောက်တတ်ရာရာ စကားများပြောဖြစ်
ကြသည်။
"ညီလေး၊မင်းသယ်ချင်း တွေထဲမှာ ဆေးချဆေးစွဲ နေတဲ့လူရှိလား"
"မရှိပါဘူး အစ်ကိုကြီးရာ။ဘာဖြစ်လို့လဲ"
"ဒီအတိုင်းမေးတာပါ။ငါ.ညီလေး လူပေါင်းမှားမှာစို့လို့။ဒါနဲ့ ငါ့ညီ ကောင်မလေးတွေနဲ့ ကျူးလွန် ဘူးလား"
"နိုး..ကိုကြီး၊ ညီက ညီချစ်သူအပေါ် စည်းစောင့်တယ်။ချစ် သူကိုတောင် အလွန်ဆုံး နမ်းရုံပဲ"
"အေးပါ အိမ်နဲ့ဝေးနေတော့ ကိုယ့်ဘာသာ အကောင်းအဆိုး ဝေဖန်သုံးသပ်ပြီး လိမ်လိမ်မာမာနေ"
"ဟုတ်ကဲ့ ကိုကြီး"
       ညီငယ့်စကားတွေကို ကျွန်တော် အကြွင်းမဲ့ယုံကြည် လိုက်ချင်သော်လည်း ဓာတ်ခွဲခန်းမှ သွေးစစ်ချက်
များက.......
###%####
"ညီလေးရေ၊ မင်းဖုန်းလာနေတယ်"
"ညီလေးက သည်မှာကိုကြီးရ မရိုမသေ ဖုန်းယူလာပေးဦး"
      ရေချိုးခန်းထဲမှ ညီငယ် အော်သံကြောင့် ဖုန်းကိုယူပြီး ညီငယ်ဆီ သွားရသည်။ မှန်ကြည့်ပြီး မုတ်ဆိတ်
ရိတ်နေသော ညီငယ်လက်ထဲက မုတ်ရိတ်တံမှ ဆေးနီအမှတ်သားကို ကျွန်တော်မြင်သွားသည်။ စိုးရိမ်ပူပန်မှု
များက အထွတ်အထိပ် သို့ ရောက်သွား၏။
"ညီလေး။ ငါ့မုတ်ဆိတ်ရိတ်တံ ယူသုံးတာလား"
"ဟုတ်..ကိုကြီးအခန်းထဲက ယူလာတာ"
"ဓားပြောင်းသုံးသေးလား။ ဒါတစ်ယောက်သုံးဆိုတာ မသိဘူးလား"
္က"ဟီး..ပျင်းလို့ မပြောင်းခဲ့ဘူး။ ကိုကြီးကလည်း ညီအစ်ကိုချင်း တွေကိုး"
"အေး..ညီအစ်ကိုရင်းလို့ပြောဦးကွာ။ ခွပ်.."
       ကျွန်တော် ဒေါသတကြီး အော် ဟစ်ပြီး ညီငယ့်ပါးကို ထိုးချလိုက်သည်။ ကျွန်တော့်ကို ကြည့်လာသော ညီငယ်မျက် ၀န်းများက ၀ိုင်းစက်ပြူးကျယ်လျက်။ ညီငယ်ပါးပြင်တွင် မျက်ရည်တွေ စီးကျလာ၏။ အမေက ဈေးဆိုင်ထဲမှ ကျွန် တော်တို့ဆီ ပြေးလာသည်။
"ဟဲ့..ဘာဖြစ်ကြတာလဲ။ အမေရင်တွေတုန်လိုက်တာကွယ်။ သားငယ် ဘာဖြစ်တာလဲ ပြောစမ်း"
"အီး..ဟီး..ဟီ...အကိုကြီးက သူ့ မုတ်ဆိတ် ရိတ်ဓားကို ယူသုံးလို့တဲ့။ သားဖြင့် ဟိုး အရင်ကတည်းက ကိုကြီး
ဓားတွေနဲ့ ရိတ်နေကျကို။ အီး..ဟီး..ဟီး..."
"အမလေး သားကြီးရယ်။ ဘာများဖြစ်လို့လဲလို့။.ညီအစ်ကိုရင်း တွေပဲ ဒီလောက်ထိ ဖြစ်စရာလား"
"မသိဘူးဗျာ။ ကျွန်တော့်ပစ္စည်းတွေ ယူသုံးတာ မကြိုက်ဘူး။ မင်းလည်းမှတ်ထား ။ ဒါနောက်ဆုံးအကြိမ် ဖြစ်ပါစေ"
       ညီငယ့်ဆီမှ မုတ်ဆိတ် ရိတ်ဓားကို ဆွဲယူပြီး ကျွန် တော့အခန်းဆီသို့ ပြေးဝင်ကာ အခန်းတံခါးကို ဆောင့်
ပိတ် လိုက်သည်။
###########
      စာကြည့်ဗီရိုအံဆွဲအောက်ဆုံးမှ စာရွက်နှစ်ရွက် ထုတ်ကြည့်ရင်း ကျွန်တော့အတွေးတွေက အလုပ်သင် ဆရာဝန်ဆင်းခဲ့စဉ် အဒေါ်ခင်ပွန်း ဝမ်းလျှော၍ ဆလိုင်းပုလင်း ချိတ်ပေးခဲ့ရသည့် ညတစ်ညသို့ ရောက်ရှိသွားသည်။ ဦးလေးက လက်တွန့်လိုက်၍ အပ်က ကျွန်တော့်လက်ထိပ်ကို ပြန် စူးခဲ့သည်။ ဦးလေးလည်း လူကောင်းပါပဲ ဘာရောဂါမှ မရှိ လောက်ပါဘူးဟု ပေါ့ပေါ့တန်တန် တွေးခဲ့ပြီး လူနာထိုးသည့်အပ် နှင့် မတော်တဆ စူးခဲ့မိလျင် ရောဂါ မကူး စေရန် ကာကွယ်ပေးသည့် အရေးပေါ် ကာ ကွယ်ဆေးများ မ သောက် ဖြစ်ခဲ့ပေ။ဦးလေးက အဖျားတာရှည်ပြီး ဆေးရုံတတ်ရသည်။ ဦးလေးရောဂါက HIVဆိုတာ သိသည့်အချိန်တွင် လူတစ် ယောက်ကို
အမြင်နှင့် ဆုံးဖြတ်ခဲ့မိသည့် မိမိအမှားအတွက် နောင်တရလာ၏။ "အမေနဲ့မင်းကို စိတ်ဆင် ရဲမှာဆိုးလို့
ကိုကြီးမှာရောဂါ ရှိတာ ဖွင့်မပြောဖြစ်ခဲ့တာ။ တောက်.....အခုတော့ အဲဒီ မပွင့်လင်းမှုနဲ့ နမော်နမဲ့နိုင်တဲ့ ကိုကြီးအကျင့် ကြောင့် ငါ့ညီကို ဒီရောဂါကူး စက်ခဲ့ပြီ။ကိုကြီး တောင်းပန်ပါတယ်ညီ လေးရာ.... အီး..ဟီး..ဟီးး"
   ကျွန်တော်အမြင်တွေ တဖြည်းဖြည်းဝေဝါးလာ၏။ စာရွက်နှစ်ရွက်ပေါ်မှHIV antibodies+ဆိုသည့်နေရာ
တွင် မျက်ရည်တွေ စွတ်စိုကုန်သည် ။ "သားလည်း ဆရာဝန်တစ်ယောက်ပဲ။ စိတ်ဓာတ်ကျမသွားနဲ့။ ပြုပြင်လို့မရတော့တဲ့ အမှားကို လက်ခံပြီး အကောင်းဆုံး ရင်ဆိုင်နိုင်ဖို့ပဲ တွေးတော့။ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားတဲ့လူတွေ၊ ရောဂါကြောင့် အိပ်ရာထဲ လဲနေရတဲ့လူတွေ၊ ကျန်းမာပါလျက် လူ့လောက ကို ကောင်းကျိုးမပြုဘဲ ဘ၀သေနေတဲ့လူတွေနဲ့ သားဘဝကိုနှိုင်းယှဉ်ကြည့်။ သားတတ်ထားတဲ့ ဆေးပညာနဲ့ လူ့လောကကို အကျိုးပြုစမ်းပါ ။အခု ART(ပိုးထိန်းဆေး) တွေပေါ်နေပြီပဲ။ သားမှာ အသက် ဆက်ရှင်ချင် စိတ်ရှိဖို့ပဲလိုတယ်။ သား
အသက်ရှင်ချင်စိတ် ရှိသလောက် ART ဆေးတွေရဲ့ အကူအညီနဲ့ လူကောင်းတစ် ယောက်လို နေနိုင်မယ်။
အာဟာရ ပြည့်အောင်စားပြီး ပြင်ပရောဂါပိုးတွေ ၀င်လာရင် ပိုးသတ်ဆေး ချက်ချင်းသောက်။သားက ဆရာဝန်ဆိုတော့ တခြားလူတွေကို မကူးအောင် ကရုစိုက်ရမယ့်အပြင် သားကိုယ်တိုင်လည်း နောက်ထပ် ဒီရောဂါပိုးရနိုင်
မယ့် အပြုအမူတွေကို ရှောင်ကျဉ်ရမယ်။ သားအသက်ရှင်နေတဲ့ အတောအတွင်း သားမိသားစုကို စိတ်ချလက်ချ ထားခဲ့နိုင် အောင် အတတ်နိုင်ဆုံးကြိုးစားပေါ့ကွာ" ကျွန်တော့်သွေးစစ်ချက်၌ ရောဂါပိုးတွေ့ခဲ့စဉ် အား ပေးစကားပြောခဲ့သော ဆရာ ဦးထွန်းထွန်းဝင်း ၏စကားသံတွေ ကို တစိမ့်စိမ့်ကြားယောင်လာပြီး ရင်တွင်းမှ တစ်ဆို့ဆို့ဝေဒနာက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ဆရာ့စကားတွေကို မေ့လျော့နေသည့် ကိုယ့်ကိုယ်သူ
အပြစ်တင်မိ၏။
      ရခဲလှသည့် လူ့ဘ၀တွင် ညီငယ် အသက်ဆက်ရှင်သန်စိတ်ရှိဖို့ ၊ခိုင်မာ သော စိတ်ဓာတ်စွမ်းအင်တွေ ပြည့်ဝ စေဖို့၊ ကုသိုလ်တရားတွေပြုလုပ်နိုင်ဖို့ ကျွန်တော် တွင် တာဝန်အပြည့်ရှိသည် ။ညီငယ်ကို နားလည်အောင်
ရှင်းပြရမည် ။အမေ့ကိုလည်း နားလည် လက်ခံအားပေးနိုင်ဖို့ ကြိုးစားရှင်းပြပြီး အမှတ်တမဲ့မှ ရောဂါမကူး
စက်စေဖို့ ကျွန်တော် ကာကွယ်ရပေမည် ။
       လက်ရှိအခြေအနေကို လက်ခံပြီး လူဖြစ်ရခြင်းအဓိက ရည်ရွယ်ချက်ကို စဉ်းစားလိုက်သည့်အခါ
ရင်တွင်းမှ ပူပန်မှုများက ပျောက်ကွယ်သွား၏။ ဆက်လျှောက်ရမည့် အနာဂတ် လမ်းများ အတွက် အားအင်
အသစ်တွေက ကျွန်တော့် သွေးကြောထဲ လှည့်ပတ် စီးဆင်းလို့ လာသည်။ ဆရာဝန်တစ်ယောက် အနေဖြင့်လူထုကြားတွင် HIVရောဂါ မပျံ့နှံ့ စေရန်နှင့် ရောဂါဖြစ်နေသူများအား ဖေးမကူညီပြီး စိတ်ဓာတ်မြှင့်တင်အားပေးရန် ကျွန်တော်မှာ တာဝန် ရှိ ပေတော့သည်။

ဟမ်စိုင်း( ဆေး\မန်း)
Health for all magazine,2014,october

No comments:

Post a Comment