Apr 21, 2017

လောင်မြိုက်သွားသောကြယ်ကလေး

လောင်မြိုက်သွားသောကြယ်ကလေး (နတ်​ရဲ(ရူပ​ဗေဒ))

(၁)

“ သတိုး .. ဘယ်မှာလဲ .. အခုချက်ချင်း ငါ့ရှေ့ကိုလာစမ်း ”

ဖေဖေ့ရဲ့အသံက သတိုးကိုထိတ်လန့်သွားစေသည်။ ဖေဖေ့အသံက ဒေါသတို့ဖြင့်ကြမ်းတမ်းနေ၏။ အသံ ကြားသည်နှင့် သတိုး ကြောက်လှပြီ။ သို့သော် ဖေဖေခေါ်သည့်နေရာသို့ချက်ချင်းပြေးသွားမိသည်။ ဖေဖေက ခေါ်လျှင် ချက်ချင်းလာမှကြိုက်၏။  ထို့ကြောင့် သတိုး အပြေးလေးလှမ်းလာခဲ့ခြင်းပင်။

“ ဒါဘာလုပ်တာလဲ သတိုး၊ ငါ့ကိုပြောစမ်း ”

ဖေဖေ့၏မေးသံနှင့်အတူ စာရွက်တစ်ရွက် သတိုး ရှေ့သို့ကျလာ၏။ ကြည့်လိုက်တော့ မနေ့က သတိုး ဆွဲထားသည့် ပန်းချီပုံလေးဖြစ်နေသည်။ အိမ်လေးတစ်လုံး၏ပုံကို သတိုး ဆွဲထားသည်။ သတိုးစိတ်ကူးထဲတွင်တော့ ထိုအိမ်က သတိုး၏အိမ်လေးပင်ဖြစ်သည်။ ထိုအိမ်ကြီးထဲတွင် ဖေဖေရယ် မေမေရယ် သတိုးရယ် နေကြသည်။
     
အခုတော့ ထိုပုံလေးကိုကြည့်ကာ ဖေဖေဒေါသထွက်နေသည်။ ဘာကြောင့်ဒေါသထွက်လဲဆိုတာတော့ သတိုး မသိပါ။ သို့သော် အဖေ့ကိုကြည့်ပြီး သတိုးဖြေလိုက်မိသည်။

“ အဲဒါ သားဆွဲထားတဲ့ အိမ်ပုံလေးဖေဖေ ”

သတိုး၏ အဖြေကိုကြားလျှင် ဖေဖေ့မျက်လုံးတွေ ပို၍ကျဉ်းမြောင်းသွားသည်။ သတိုးကို ဒေါသတကြီးကြည့် ကာအော်ပြောသည်။

“ မင်း ဒါ ဘာအရူးထတာလဲ၊ ကျောင်းစာကိုပဲလုပ်ရမယ်လို့မပြောထားဘူးလား ”

ဖေဖေ့အရှေ့တွင်နေရသည်ကို သတိုး ကြောက်လှပြီ။ ဖေဖေ့အရှေ့မှ ပြေးထွက်သွားချင်သည်။ သို့သော် ဖေဖေ့ရှေ့မှ သတိုး ထွက်မပြေးရဲပါ။ ဖေဖေ့ဒေါသကို သတိုး ကြောက်လှသည်။

“ သားက စာလုပ်ပြီးမှ ဆွဲတာဖေဖေရဲ့၊ ကျောင်းမှာ ပုံဆွဲတာလည်း သင်ပေးတယ် ဖေဖေ ”

မ၀ံ့မရဲနှင့် သတိုး ပြောလိုက်မိသည်။ ကျောင်းတွင် ပုံဆွဲသင်ပေးလျှင် သတိုး အရမ်းပျော်သည်။ သတိုးဆွဲချင်သည့် ပန်းချီရုပ်ပုံလေးတွေလည်း အများကြီးရှိသည်။ အစက ဖေဖေ့ကို ပုံဆွဲစာအုပ်လေးတွေဝယ်ခိုင်းမည်ဟု စိတ်ကူးထားသည်။ အခုတော့ သတိုး၏စိတ်ကူးတွေ အရည်ပျော်ခဲ့ရလေပြီ။

“ ဒီနေ့ကစပြီး ဘာပုံမှမဆွဲရဘူး၊ ကျောင်းစာပဲလုပ်ရမယ်၊ အတန်းထဲမှာ ပထမရတယ်ဆိုတဲ့အသံပဲ ကြားချင် တယ်၊ ကြားလား ”
“ ဟုတ်ကဲ့ ဖေဖေ ”

ဖေဖေ့ကိုပြန်ဖြေလိုက်သည့် သတိုး အသံက တိုးညင်းလှစွာ။ ဖေဖေ့အရှေ့တွင် လက်ချောင်းလေးများကို တင်းကြပ်စွာဆုပ်ကိုင်ထားမိသည်။ သတိုး မျက်ဝန်းထဲတွင်လည်း မျက်ရည်များနှင့်ပြည့်လာသည်။

“  ဘာဖြစ်နေကြလဲ ဒီသားအဖ”

အနားသို့ မေမေရောက်လာလျှင် သတိုး မျက်ရည်ကျသွား၏။ ပြီးနောက် မေမေ့ကို အားကိုးတကြီးကြည့်မိသည်။ မေမေက မျက်ရည်ကျနေသည့်သတိုးကို ဖွဖွလေးဖက်လာလျှင် သတိုးပို၍ ငိုချင်လာသည်။

“ မင်းသားပေါ့ကွာ .. အရေးမပါတာတွေတော်တော်လုပ်နေတယ်၊ အခုလည်း ပုံတွေဆွဲနေလို့ဆုံးမတာ မျက်ရည်လေးတစမ်းစမ်းနဲ့ဖြစ်နေတာကြည့်ပါလား ”

“ ဟုတ်လား သား ”

ဖေဖေကပြောတော့ မေမေက သတိုးကိုကြည့်ကာ လှမ်းမေး၏။ မျက်ရည်ကျနေသည့်အကြားက သတိုး ခေါင်းညိတ်ပြလိုက်မိသည်။ ထိုအခါ သတိုးကိုဖက်ထားသည့်မေမေ့လက်တွေကို ပြန်ရုပ်သိမ်းသွားတော့၏။

“ စာကိုပဲကြိုးစားရမယ်နော်သား၊ သားက လေးတန်းတောင်ရောက်နေပြီ၊ သားကို အတော်ဆုံးဆရာမတွေနဲ့ ခေါ်သင်ပေးနေတာ၊ ဒီတော့ စာကလွဲပြီးကျန်တာဘာမှမလုပ်ရဘူး၊ ခဏနေ အင်္ဂလိပ်စာသင်တဲ့ဆရာမရောက်လာ တော့၊ အခန်းထဲသွားနေတော့ ”

ဖေဖေနှင့်မေမေအရှေ့မှ သတိုး ၀မ်းနည်းစွာပြေးထွက်လာခဲ့သည်။ အခန်းထဲရောက်တော့ ပို၍ငိုမိသည်။ ဖေဖေက သတိုးကိုဆူသည်။ သတိုး ပုံဆွဲသည်ကိုတားရက်သည်။ မေမေကလည်း သတိုးဘက်ကမပါပေ။ သတိုး အရမ်းဝမ်းနည်းမိသည်။

တစ်နေ့လုံးစာသင်ရသည်ကို သတိုး မကြိုက်ပေ။ မနက်ကတည်းက တစ်ဘာသာကို ဆရာမတစ်ယောက်စီ အိမ်တွင်လာသင်သည်။ ထမင်းစားချိန် .. ရေချိုးချိန်ကလွဲပြီး တစ်နေ့လုံးစာသင်ရသည်။ ကျောင်းတွင် စာသင်ရသည် ကိုပျော်သော်လည်း အခုလိုစာသင်ရသည်ကိုတော့ သတိုး ငြီးငွေ့လှ၏။

ခဏနေတော့ တံခါးခေါက်သံနှင့်အတူ အင်္ဂလိပ်စာသင်သည့်ဆရာမ၀င်လာလေသည်။ သတိုးမျက်ဝန်းမှ မျက်ရည်တစ်စက်ကလည်း လွင့်ကနဲကျသွားခဲ့လေသည်။

(၂)
“ ဆရာမတို့ကျောင်းမှာ ပန်းချီပြိုင်ပွဲလုပ်မယ်၊ ပထမ .. ဒုတိယ .. တတိယဆိုပြီး ဆုသုံးဆုပေးမယ်၊ အားလုံးကြိုးစားပြီးပြိုင်ကြနော် ”

ဆရာမ၏အသံက သတိုး၏နားထဲက မထွက်တော့ပေ။ သတိုး၏လက်များသည် ပုံဆွဲချင်သဖြင့် တဆတ် ဆတ်တုန်နေ၏။ ပန်းချီပြိုင်ပွဲကို သတိုး ပြိုင်ချင်လှသည်။ သို့သော် ဖေဖေတို့သိသွားမည်ကိုလည်း သတိုး ကြောက် မိပြန်သည်။
      
သတိုးထံတွင် ဆွဲထားသည့်ပုံလေးတွေပင် တော်တော်များနေချေပြီ။ ဆွဲပြီးသမျှပုံများကို ကုတင်အောက်တွင် ဖေဖေနှင့်မေမေ မသိအောင် သတိုးဝှက်ထားခဲ့သည်။
     
အခုလည်း ပန်းချီပြိုင်ပွဲလုပ်မည်တဲ့။ သတိုး၏သွေးတွေ တပွက်ပွက်ဆူလာသလိုခံစားရ၏။ နောက်ဆုံးတော့ သတိုး ဘာကိုမှ မစဉ်းစားတော့ပေ။ ပန်းချီပြိုင်ပွဲကို ၀င်ပြိုင်မည်ဟု ဆုံးဖြတ်လိုက်သည်။ ထိုအကြောင်းကို ဖေဖေနှင့် မေမေကို သတိုး မပြောမိချေ။ ပြောလိုက်မှ ၀င်မပြိုင်ခိုင်းလျှင် သတိုး ၀မ်းနည်းရမည်။

နောက်တစ်နေ့ကျောင်းသို့ရောက်လျှင် သတိုး၏စိတ်တွေ လွတ်လပ်ပေါ့ပါးနေလေသည်။ စိတ်ထဲတွင်လည်း ပျော်နေမိ၏။ ပြိုင်ပွဲဝင်မည့်ကျောင်းသားလေးတွေအားလုံးအခန်းထဲတွင်ထိုင်နေတော့ သတိုး ရင်တွေခုန်နေခဲ့သည်။

ပုံဆွဲပြိုင်မည့်အချိန်စသည်နှင့် ဆရာမက စာရွက်ဖြူများလာချပေးလေ၏။ အဆင်သင့်ယူလာသည့် ခဲတံကို ကိုင်ပြီး သတိုး ပုံဆွဲတော့သည်။  ဆွဲမည့်ပုံကို အထူးတလည်စဉ်းစားစရာမလိုတော့ပေ။ ညကတည်းက သတိုး သေချာစဉ်းစားထားခဲ့သည်။

စာရွက်အဖြူပေါ်တွင် သတိုး၏လက်များ ညင်သာစွာပြေးလွှားလှုပ်ရှားနေသည်။ သတိုး၏စိတ်သည် စာရွက် ပေါ်တွင်သာရှိ၏။ အရမ်းဆွဲချင်လွန်းသည့်ပုံလေးကို သတိုး စိတ်ဝင်တစားဆွဲနေခဲ့သည်။ သတ်မှတ်ထားသည့်အချိန် မစေ့ခင်မှာပင် ပုံလေးကို သတိုး ဆွဲပြီးသွားခဲ့လေပြီ။ ဆွဲထားသည့်ပုံတွင် နာမည်နှင့်အတန်းကိုရေးလိုက်၏။

အချိန်စေ့၍ အခန်းထဲကထွက်သည်အထိ သတိုး စိတ်လှုပ်ရှားနေခဲ့သည်။ ကြည်နူးသလိုလည်းဖြစ်မိ၏။ ကျောင်းဆင်းတော့ ဖေဖေ့ကားက အဆင်သင့်လာကြိုနေလေသည်။ သတိုး ပြိုင်ပွဲဝင်ခဲ့သည့်အကြောင်း ဖေဖေ့ကို ပြောပြချင်သော်လည်း မပြောဖြစ်တော့။ ဖေဖေသိလျှင် သတိုး အဆူခံရရုံပင်ရှိလိမ့်မည်။ သည်တော့ တိတ်တဆိတ် သာ ကားပေါ်ထိုင်ပြီး လိုက်လာခဲ့တော့သည်။

(၃)
သတိုး အရမ်းပျော်နေသည်။ သတိုး၏ပန်းချီကားလေး မူလတန်းအဆင့် ပထမဆုရ၏။ သတိုးပျော်လွန်း သဖြင့် ထခုန်မိသွားသည်။ ဆရာမက ပထမဆုရသည့်သတိုး၏ပန်းချီကားလေးကို အတန်းထဲတွင်ပြတော့ သတိုး ကြက်သီးပင်ထမိ၏။ အတန်းထဲတွင် သတိုးကို အထင်ကြီးစွာကြည့်နေကြသည်မို့ မနေတတ်အောင်လည်း ဖြစ်မိ သည်။

သတိုးဆွဲထားသည့်ပုံကို ပျော်စရာမိသားစုဟု နာမည်ပေးထားသည်။ ပုံထဲတွင် လူကြီးတစ်ယောက်ပါ၏။ ထိုလူကြီးမှာ ဖေဖေဖြစ်သည်။ မိန်းမကြီးတစ်ယောက်မှာ မေမေဖြစ်၏။ ဖေဖေနှင့်မေမေ၏လက်ကိုဆွဲကာရယ်မော နေသည့်ကလေးမှာ သတိုးဖြစ်လေသည်။ ထိုပုံမှာ သတိုးအမြဲဆွဲနေကျပုံလေးဖြစ်သည်။ သတိုး၏စိတ်ထဲတွင် အမြဲရှိ နေသည့်ပုံလည်းဖြစ်၏။

“ ဒီတစ်ပတ်စနေနေ့မှာ ဆုပေးပွဲလုပ်မယ်နော်၊ သားတို့ရဲ့ဖေဖေ မေမေတွေပါခေါ်ခဲ့ကြ၊ ဆရာမ ဖိတ်စာ ပေးလိုက်မယ် ”

ဆရာမပေးသည့် ဖိတ်စာကိုကြည့်ပြီး အလန့်တကြားဖြစ်သွားသူမှာ သတိုးပင်ဖြစ်၏။ ဆုပေးပွဲဖိတ်စာကို ကြောက်ရွံ့စွာသတိုးကြည့်မိသည်။ အပျော်တွေလည်း ရုတ်ချည်းကွယ်ပျောက်ကုန်သည်။ သည်ဖိတ်စာလေးကို ဖေဖေနှင့် မေမေကိုပေးလိုက်လျှင်။ သတိုး ဆက်မတွေးချင်တော့ပါ။ သတိုး မျက်ဝန်းတွင် မျက်ရည်တို့ပြည့်နှက်လာ သည်။

“ ငါဆုရတာ ဖေဖေတို့သိရင် အရမ်းပျော်မှာသိလား၊ ပြီးတော့ ဖေဖေ့ကို နာရီလေးတစ်လုံးဝယ်ပေးဖို့ ပူဆာ ရမယ် ”
“ ငါလည်း မေမေ့ကို ဆုပေးပွဲကျရင်ဝတ်ဖို့ အင်္ကျီလှလှလေးချုပ်ခိုင်းမှာ ”

ဒုတိယရသည့် သူရ နှင့် တတိယရသည့် နှင်းစုတို့၏စကားသံက သတိုးနားထဲတိုးဝင်လာ၏။ အားငယ်စိတ် တို့က နေရာအနှံ့မှ တိုးဝင်လာသလိုခံစားရသည်။ သတိုး ရင်ထဲတွင် သတိုးကိုယ်တိုင်နားမလည်သည့်ခံစားချက်များ က နှိပ်စက်နေသည်။ သတိုးသိသည်က အရမ်းငိုချင်နေတာပဲဖြစ်၏။

“ သတိုး .. နင်ကရော .. ဘယ်သူနဲ့လာမှာလဲ ”
      
သူရက လှမ်းမေးလျှင် သတိုး ဘယ်လိုပြန်ဖြေရမလဲမသိ။ ထို့နောက် စကားတစ်ခွန်းက တုန်ယီစွာထွက်သွား ခဲ့၏။

“ အဲဒီနေ့ ဖေဖေနဲ့ မေမေ အလုပ်အားရဲ့လားမသိဘူး ”
လိမ်ညာရသည်ကိုမုန်းသော်လည်း သတိုး လိမ်ပြောမိသွားသည်။
“ နင်က ပထမရတာဆိုတော့ နင့်ဖေဖေနဲ့မေမေက ဆုအကြီးကြီးတွေပေးမှာပေါ့နော် ”
“ အင်း .. ”

နှင်းစု အမေးကို သတိုး ခေါင်းညိတ်ပြလိုက်သော်လည်း အသက်မပါလှ။ သူတို့ပြောသလို သတိုး ဆုရသည့် အတွက် ဖေဖေတို့ပျော်လျှင်ကောင်းမည်။ သို့သော် ထိုသို့ဖြစ်မလာနိုင်မှန်းလည်း သတိုး သိလို့နေသည်။

ပန်းချီလုံးဝမဆွဲရဟုအမိန့်ပေးထားသည့်ဖေဖေ့မျက်နှာကိုမြင်မိ၏။ သတိုး ပုံဆွဲကြောင်းသိလျှင် ဖေဖေ ရိုက် လိမ့်မည်။ မေမေကလည်း ဖေဖေ့ဘက်ကပါပြီး သတိုးကို ဆူလိမ့်မည်။ ဆုပေးပွဲအကြောင်းစဉ်းစားမိတော့ သတိုး ကြောက်မိသွားသည်။

ကျောင်းဆင်းခေါင်းလောင်းထိုးသည်နှင့် ဆရာမကိုနှုတ်ဆက်ပြီး ကျောင်းသားတွေ ဝေါခနဲပြေးထွက်သွားကြ ၏။ ထိုအခါ အခန်းထဲတွင် သတိုးသာကျန်ရစ်ခဲ့သည်။ နှေးဖင့်သည့်ခြေလှမ်းတို့ဖြင့် အမှိုက်ခြင်းအနားသို့ သတိုး လျှောက်လာခဲ့သည်။ ထို့နောက် ဆုပေးပွဲဖိတ်စာကို အမှိုက်ခြင်းထဲပစ်ထည့်လိုက်တော့သည်။ နောက်ဆက်တွဲအဖြစ် သတိုး၏ မျက်ရည်စက်များပါ အမှိုက်ခြင်းထဲသို့လွင့်ကျသွားခဲ့လေသည်။

(၄)
စာသင်နေရသော်လည်း သတိုး စိတ်မပါလှ။ သည်နေ့ စနေနေ့ဖြစ်သည်။ ကျောင်းတွင် ပန်းချီပြိုင်ပွဲဆုရသည့် ကျောင်းသားများကို ဆုပေးပွဲကျင်းပမည့်နေ့။ ဆုပေးပွဲကို သတိုး သွားချင်လှသည်။ သို့သော် သတိုး ဖေဖေတို့ကို မပြောရဲ။ ဖေဖေတို့ခေါ်ပေးထားသည့်ဆရာမတွေနှင့်သာ စာသင်နေခဲ့ရသည်။

အခုချိန်ဆို သူရတစ်ယောက် သူ့ဖေဖေ၀ယ်ပေးသည့်နာရီလေးပတ်ပြီး ဆုပေးပွဲကိုရောက်နေပြီထင်သည်။ နှင်းစုလည်း သူ့မေမေချုပ်ပေးသည့်အင်္ကျီလှလှလေးနှင့်ရောက်နေပေလိမ့်မည်။ သတိုး၏စိတ်တွေက ဆုပေးပွဲသို့သာ ရောက်နှင့်နေသည်။
     
သို့နှင့် သင်္ချာဆရာမ၏စာသင်အချိန်က သတိုး စိတ်မ၀င်စားစွာပြီးသွားခဲ့၏။ ဆရာမကလည်း ရိပ်မိသည်။ သည်နေ့စာသင်တာ သတိုး စိတ်မ၀င်စားဘူးနော်ဟု မပြန်ခင်ပြောသွားသေးသည်။ ဆရာမပြန်သွားသည်အထိ စာကြည့်စားပွဲတွင် သတိုး ငေးငိုင်ကာထိုင်နေမိဆဲ။ ထိုအခါ သတိုး မျက်ဝန်းမှ မျက်ရည်တွေ စီးကျလာသည်။

စိတ်က ဆုပေးပွဲဆီရောက်သွားလျှင် မျက်ရည်တွေကပိုကျသည်။ ဖေဖေနှင့် မေမေ၏စကားသံကိုပြန်ကြားမိ လျှင် ပို၍ငိုမိသည်။ အခုချိန်ဆို သူရနှင့် နှင်းစုတို့ ဆုယူနေကြမည်ထင်သည်။ ကျောင်းဖွင့်ရက်ရောက်လျှင် သတိုး ဆုလာမယူသည့်အတွက် သူငယ်ချင်းတွေမေးကြဦးမည်။ ထိုအခါ သတိုး ဘယ်လိုပြန်ဖြေရပါ့မလဲ။ အခန်းထဲတွင် သတိုးတစ်ယောက်တည်း အတွေးများနှင့် ကယောင်ခြောက်ခြားဖြစ်နေမိသည်။

နောက်ဆုံးတော့ သတိုး၏မျက်လုံးတွေ စာရွက်ပေါ်သို့ရောက်သွားသည်။ သတိုး၏လက်က ခဲတံကိုလှမ်း ကိုင်မိသွား၏။ အခုအချိန်က ဖေဖေနှင့်မေမေပြန်မရောက်သေးသည့်အချိန်။ တနည်းအားဖြင့် သတိုး ပုံတွေခိုးဆွဲ သည့်အချိန်ဖြစ်သည်။

သတိုး စိတ်ထဲတွင်အမြဲရှိနေသည့်ပုံကိုဆွဲမိသည်။ ထိုပုံလေးဆွဲတိုင်း သတိုး၏စိတ်တွေရွှင်လန်းနေသည်။ ထိုပုံလေးသည်သာ သတိုး၏စိတ်ကို အဆွဲဆောင်နိုင်ဆုံးဖြစ်လေသည်။

“ ကြည့်စမ်း .. မင်းပုံတွေဆွဲနေပြန်ပြီလား သတိုး ”
“ ဟင် .. ဖေဖေ ”

အခန်းထဲဝင်လာသည့် ဖေဖေ့ကိုကြည့်ပြီး သတိုး အလန့်တကြားဖြစ်သွားသည်။ သတိုးပုံဆွဲနေမိသည်မှာ ဖေဖေ ပြန်လာသည်ကိုပင် မသိလိုက်ချေ။ ဖေဖေသည် ဒေါသသင့်နေ သည့်မျက်လုံးအစုံဖြင့် သတိုး ဆီသို့ရောက် လာ၏။

“ ထစမ်း .. ဒီတစ်ခါတော့ မှတ်လောက်ကိုဆုံးမရမယ် ”

ဖေဖေက အတင်းဆွဲလိုက်သဖြင့် သတိုးဆွဲထားသည့်ပုံလေးက ကြမ်းပြင်ပေါ်သို့လွင့်ကျသွား၏။ ဖေဖေက ကျသွားသည့်ပုံလေးကို တစ်ချက်မှပင် လှည့်မကြည့်ခဲ့ချေ။ ဖေဖေ အရမ်းဒေါသထွက်နေသလို သတိုးလည်း အရမ်း ကြောက်နေမိခဲ့၏။ ထို့နောက် ဖေဖေက အနားရှိ သတိုး၏ပေတံရှည်ကြီးကို ဆွဲယူလိုက်လေသည်။

“ ပေးစမ်း အဲဒီလက် .. ကဲကွာ .. အဲဒါ ပုံဆွဲချင်ဦး ..  ”
     
လက်နှစ်ဖက်က ကျိန်းစပ်သွားသည်။ ဖေဖေက ပေတံဖြင့် သတိုးလက်ကို အဆက်မပြတ်ရိုက်သည်။ ပေတံက ကော်အပျော့မဟုတ်။ မာလည်းမာ ထူလည်းထူသည်။ သည်တစ်ခါတော့ သတိုး အသံပင်မထွက်နိုင်တော့ပါ။ မျက်ရည်တို့ကမူ အဆက်မပြတ်ကျ၏။ အရင်လိုအော်ဟစ်ရုန်းကန်ခြင်းမပြုတော့ပဲ မျက်ရည်များအကြားက နာကျင် မှုကို အံကြိတ်ခံမိသည်။

“ မှတ်ပြီလား သတိုး .. နောက်ထပ်ဆွဲဦးမလား .. လာစမ်း .. အဲဒီလက်နှစ်ဖက်စလုံးကိုဖြတ်ပစ်မှဖြစ်မယ်၊ ဒါမှ ပုံမဆွဲပဲငြိမ်ငြိမ်နေမှာ ”

“ ဟင့်အင်း .. သားနောက် မဆွဲတော့ပါဘူး ဖေဖေရဲ့၊ သားလက်ကို မဖြတ်ပါနဲ့နော်၊ နောက်ဆို ပုံမဆွဲတော့ ပါဘူး .. အီးဟီး .. ”

ဖေဖေက သတိုးကို အခန်းထဲမှ အတင်းဆွဲထုတ်သွား၏။ မျက်ရည်တွေအကြားက သတိုး အော်ဟစ်ငြင်း ဆန်မိသည်။ အခုပင် သတိုးလက်ကိုဖြတ်ပစ်တော့မည်အထင်နှင့် ဖေဖေ့ကို ပိုကြောက်သွားသည်။ သတိုး လက်ဖ၀ါး နှစ်ဖက်စလုံးလည်း နာကျင်ကျိန်းစပ်လွန်းလှပြီ။ သတိုး ရင်ဘတ်ထဲတွင်လည်း နာကျင်နေလေသည်။

“ ဟင် .. ဘာဖြစ်ကြပြန်ပြီလဲကိုရယ်၊ ဒီနေ့ ခေါင်းမူးလို့စောစောပြန်ခဲ့တာ၊ ကိုတို့ကိုကြည့်ပြီး ခေါင်းက ပိုမူး လာပြီ ”

ရွှေဆိုင်ကပြန်လာသည့် မေမေက မျက်နှာမကောင်းစွာပြော၏။ သတိုးသည် နာကျင်နေသည့်လက်နှစ်ဖက် ကိုပွတ်သပ်ကာ မျက်ရည်ကျနေဆဲ။ ဖေဖေက အရှိန်မပြယ်သေးသည့်ဒေါသများဖြင့် အမေ့ကိုလှမ်းပြောသည်။

“ မင်းသား ပုံဆွဲနေပြန်ပြီလေ၊ ဒါကြောင့် မှတ်သားလောက်အောင်ဆုံးမထားတာ၊ ပြောမရ ဆိုမရနဲ့ကွာ၊ ကြီးလာရင်ဘယ်လိုဆုံးမရမလဲ ”

ဖေဖေ့စကားဆုံးလျှင် မေမေက စိတ်ပျက်သည့်အမူအယာတို့ဖြင့် သတိုးကိုကြည့်၏။ ဖေဖေနှင့်မေမေ အကြားတွင် သတိုး ခန္ဓာကိုယ်တစ်ခုလုံး သေးသိမ်ကျုံ့ဝင်သွားသလိုခံစားရသည်။
     
  “ အဲဒီ အရေးမပါတာတွေကို မလုပ်ပါနဲ့လို့ပြောထားရက်သားနဲ့၊ နောက်တစ်ခါ ပုံဆွဲတာမြင်ရင် အဲဒီလက်တွေ ကိုဖြတ်ပစ်မယ်သိလား၊ သွားတော့ .. အခန်းထဲမှ စာသွားကျက် ”

ဖေဖေနှင့် မေမေအရှေ့မှ သတိုး ပြေးထွက်လာခဲ့သည်။ ကြောက်ရွံ့မှုနှင့် ၀မ်းနည်းမှုတို့ပေါင်းကာ သတိုး တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေလေသည်။ အခန်းထဲရောက်သည်နှင့် တံခါးကို အထဲမှပိတ်ထားလိုက်သည်။ နာကျင်နေသည့်လက်ဖ၀ါးနှစ်ဖက်ကို ယောင်ရမ်းကာကြည့်မိသွား၏။ ဖေဖေက နောက်တစ်ခါပုံဆွဲလျှင် သတိုး လက် ကို တကယ်ဖြတ်ပစ်လိမ့်မည်။ ဖေဖေ့စကားကိုပြန်ကြားယောင်ပြီး သတိုး ၀မ်းနည်းစွာငိုမိသည်။
     
ငိုရှိုက်နေရင်း ကြမ်းပြင်ပေါ်ရှိစာရွက်လေးသို့ သတိုး ကြည့်မိသွား၏။ ကြမ်းပြင်ပေါ်တွင် သတိုး ပုံဆွဲထားသည့် စာရွက်လေးက လွင့်ကျနေသည်။ စာရွက်လေးကို တဆတ်ဆတ်တုန်ယင်နေသည့်လက်အစုံဖြင့်ကောက်ယူလိုက်မိ သည်။

စာရွက်ပေါ်ရှိပုံလေးမှာ သတိုး အမြဲဆွဲနေကျဖြစ်သည့် ဖေဖေရယ် မေမေရယ် သတိုးရယ် လက်ဆွဲကာ ရယ်မောနေသည့် မိသားစုပုံလေးဖြစ်သည်။ ပုံလေးအပေါ်တွင် ရောင်စုံခဲတံနှင့်ရေးထားသည့်စာလေးတစ်ကြောင်းရှိ ၏။ ထိုစာကြောင်းမှာ “ဖေဖေနဲ့ မေမေ ကိုချစ်တယ်” ဟူ၍ဖြစ်သည်။

သို့သော် နောက်တစ်ခါပုံဆွဲလျှင် လက်နှစ်ဖက် စလုံးဖြတ်ပစ်မည်ဟူသည့် ဖေဖေနှင့်မေမေ၏စကားကို ပြန်ကြားယောင်မိလျှင် ကြောက်ရွံ့စိတ်ဖြင့် ထိုပုံလေးကို သတိုး ဆုတ်ဖြဲပစ်လိုက်လေတော့သည်။ ပန်းချီပုံလေးမှာ အစိပ်စိပ်အမွှာမွှာဖြစ်သွားသလို သတိုး မျက်ဝန်းမှမျက်ရည်များစွာသည်လည်း အတိုင်းအဆမဲ့စွာဖြင့်စီးဆင်းနေဆဲ ဖြစ်လေသည်။

ဇီဝကမဂ္ဂဇင်း
၂၀၁၆ ခုနှစ် ၊ မတ်လ။

ရသများဖြင့်ပြည့်စုံကြပါစေ
နတ်ရဲ (ရူပဗေဒ)

No comments:

Post a Comment