*ဖူးတံဝင့်လို့ ချီပါရစေ*
၁။
ကျောင်းတက်ခေါင်းလောင်း ထိုးပြီးတဲ့အချိန်ထိ ဒီနေရာလေးကနေ မခွာမိပြန်ဘူး။ကျုပ်ကိုယ်တိုင် မနှစ်သက်လှတဲ့ အဲဒီ ပြတင်းပေါက်လေးကနေ အဝေးကို အကြိမ်ကြိမ် မျှော်ငေးနေမိတယ်။ကြည့်မိတိုင်းလည်း နှလုံးသားတစ်ခုလုံး ဖျစ်ညှစ်ခံထားရသလို နာနာကျင်ကျင်ခံစားရမြဲ။အတိတ်ရယ်လို့ သုံးနှုန်းရလောက်အောင် မဝေးကွာလွန်းသေးတဲ့ သက္ကရာဇ်တွေဟာ အသိစိတ်ဆီ တိုးဝင်လာလေ့ ရှိကြမြဲပင်။ ဘာကိုမှမမြင်ချင်တော့တဲ့ ကျုပ်မျက်လုံးတွေဟာ ဘယ်လိုအရာကိုမှလည်း ငြင်းဆန်နိုင်စွမ်း မရှိခဲ့ပြန်ဘူး။မရှောင်သာမလွှဲသာဘဲ ကြည့်နေ မြင်နေရသေးတာဟာ ဝဋ်ကြွေးတစ်ခုများလေလားရယ်လို့ တစ်ခါတစ်ရံမှာ ကျုပ်တွေးမိပါတယ်။အခုပဲ ကြည့်လေ၊ဟိုးအဝေးက ခပ်ပျပျမြင်နေရတဲ့ ပုပ္ပါးတောင်မကြီးပေါ်မှာ မိုးရိပ်တွေ ညို့နေပြန်ပါပြီ။ ဒီအဖြစ်အပျက်ကြီး တစ်ခုလုံးရဲ့ နောက်ပိုင်းကာလတွေမှာတော့ အားလုံးဟာ ပုံမှန်အတိုင်း လည်ပတ်နေနိုင်ခဲ့ကြပြီဆိုပေမဲ့ ကျုပ်တစ်ယောက်မှာတော့ဖြင့် လိုက်လျောညီထွေ နေထိုင်နိုင်ခြင်းမဲ့စွာ မြင်ခဲ့ကြားခဲ့၊ ထိတွေ့ခဲ့ရတဲ့ အရာရာအပေါ် မေ့လည်းမေ့မပစ်ရက်ခဲ့သလို မေ့ပစ်ဖို့အတွက်လည်း ဒီနေ့အထိခက်နေဆဲပါ။
၂။
ကားလမ်းဘေး ဘယ်ညာနှစ်ဖက် လက်ယှက်ထိုး အုပ်မိုးနေတဲ့ တမာပင်တန်းတွေကိုလွန်လာပြီ ဆိုတာနဲ့ပင် အညာဒေသရဲ့ အပူငွေ့ကို သိသိသာသာကြီး ခံစားလိုက်ရပါပြီ။
"ဒီနှစ်မှ တွဲဖက်အလယ်တန်းကျောင်း စ,ဖွင့်တာမို့အခက်အခဲတွေကတော့ရှိမှာအသေအချာပါပဲ ဆရာရေ၊ဒါကြောင့်မို့ ရပ်မိရပ်ဖတွေနဲ့ညှိုညှိုနှိုင်းနှိုင်းတိုင်တိုင်ပင်ပင်လေး သည်းခံသင့်တာသည်းခံပြီးတော့ကြိုးစားလုပ်စေချင်တယ်ဗျာ"
မြို့နယ်ပညာရေးမှူးရဲ့စကားကို ပြန်တွေးမိတော့ ကျုပ်မှာ ပြုံးမိသေးရဲ့။ဟုတ်တယ်လေ။ခင်ဗျားတို့ပဲ စဉ်းစားကြည့် ကျုပ်ဆိုတဲ့ကောင်က အခုကျောင်းဆရာလုပ်သက်ပဲ အနှစ်၂၀ပြည့်တော့မယ်။ လုပ်ငန်းခွင်ထဲ စ,ဝင်ပါပြီဆိုကတည်းက ပြည်နယ်ဒေသတွေမှာချည်းပဲ တောက်လျှောက်နေလာခဲ့ရတဲ့ကောင်ပါဗျ။ အင်မတန်လက်ပေါက်ကပ်ပါတယ်ဆိုတဲ့ လူတွေနဲ့တောင် အဆင်ပြေအောင်ဆတ်ဆံလာခဲ့သေးတာပဲ။အဲ...စည်းကမ်းပိုင်းတော့ နည်းနည်းလေးမှအလျှော့မပေးနိုင်ဘူး။ကျောင်းနောက်ကျတာနဲ့ ကျောင်းပြေးတာတော့ ကျုပ်သိပ်မုန်းတယ်။မှတ်လောက်သားလောက်အောင် ထိထိရောက်ရောက် အပြစ်ပေးလေ့ရှိတယ်။ဘယ့်နှယ်ဗျာ လူလေးတွေက လက်တောက်လောက်ရှိသေးတယ်။သင်း(ဒင်း)တို့ ဒီအရွယ်ကတည်းကမှ အချိန်မလေးစားရင်၊ တာဝန်သိမှုကို ပုံစံမသွင်းရင် ဘယ်အချိန်ကျမှပြုပြင်ကြမတုန်း။ကျုပ်ကို မုန်းချင်မုန်း၊ မမုန်းချင်နေ ကျုပ်ကတော့ ခပ်နာနာလေးရိုက်လေ့ရှိတယ်။
"ခင်ဗျားသွားရမယ့် ပေတောကုန်းရွာကနေြ မို့ဈေးကိုတက်တဲ့ကားကြုံက ညနေ၃နာရီဆိုပြန်ထွက်တယ်"ဆိုတဲ့ မြို့နယ်ပညာရေးမှုးရဲ့ နောက်ဆက်တွဲစကားကြောင့် ကျုပ်မှာ ခပ်သုတ်သုတ်လေးဆင်းခဲ့မိလို့သာဖြင့် အခုလို ရွာထိရောက်တဲ့ကားကို မှီတာပါ။
၃။
ကားက ကတ္တရာလမ်းမပေါ်ကနေ ဖဲ့ဆင်းလိုက်တယ်။ဆက်ပြီးမောင်းရတဲ့ လမ်းဆိုတာကတော့ လှည်းလမ်းကြောင်းထက်နည်းနည်းလေးသာတယ်ပဲ ပြောရတော့မှာပါ။ထန်းတောညို့ညို့ကြီးတွေသာမရှိရင်ဖြင့် ကျုပ်မျက်စိထဲမှာ သာသောင့်သာယာ တစ်ကွက်မှ မမြင်မိဘူး။ဟုက်တယ်လေ။ မြင်နေရသမျှမြင်ကွင်းတွေအကုန်လုံးလိုလိုက တောတွေပြုန်းပြီးတောင်ကတုံး သာသာတွေပဲ တွေ့နေရတယ်။ဖုန်လုံးကြီးတွေတလုံးလုံး တလိပ်လိပ်ထ,ပြီးကျန်နေခဲ့တဲ့ ရွာလေးတွေရဲ့နာမည် ကိုတော့ ဖွဖွရွတ်ကြည့်ထားရသေးတယ်။'ထိန်ကုန်း'တဲ့ ၊'ညောင်ငုတ်တို'တဲ့။
အံမယ် ဟိုရွာနာမည်လေးကျပြန်တော့လည်း လှလှပပလေး ပေးတတ်ကျသား။ဘာတဲ့ 'ပန်းတိုင်းခြုံ'တဲ့။ကျုပ်အကျင့်ကလည်း တစ်မျိုးတော့မကောင်းမှန်း ကျုပ်ကိုယ်ကျုပ်လည်း အသိသားပါ။အမြင်များမတော်လို့ကဖြင့် နည်းနည်းလေးမှကို အောင့်မထားတတ်ဘူး။ဗျိုးခနဲဗြင်းခနဲ ပြောလိုက်ရမှကို နေသာထိုင်သာရှိသွားတတ်တာပါ။အခုလည်းကြည့်လေ မနေနိုင်မထိုင်နိုင် ဖြစ်လာတာနဲ့ ကျုပ်ဘေးက ကားဆရာကို ထုတ်ပြောမိတယ်။
"အိမ်ခြေကစိပ်စိပ် လူဦးရေကများများနဲ့ သစ်ပင်ဝါးပင်ကဖြင့် ကျိုးတိုးကျဲတဲပဲရှိတယ်။ဒါနဲ့များ ပေးထားတဲ့နာမည်ကဖြင့် 'ပန်းတိုင်းခြုံ'တဲ့ ။ကျုပ်တော့ လိုက်တယ်မထင်ပေါင်ဗျာ"
ကားဆရာခမျာလည်း ကျုပ်စကားကို ချက်ချင်းပြန်မဖြေနိုင်ရှာပါဘူး။ဆိတ်အုပ်ကြီး လမ်းပေါ်တက်လာလို့ ဘရိတ်ကိုအသာလေးမှေးပြီးကာမှ ဗျစ်ခနဲ ကွမ်းသွးတစ်ချက် ထွေးလိုက်သေးတယ်။
"စာအရရေးတော့သာ 'ပန်းတိုင်းခြုံ'ရယ်ကိုဗျ၊ ကျုပ်တို့တော့ 'ပဒိုင်းခြုံ'လို့သာ အလွယ်ခေါ်လိုက်မိတာပါပဲ ကျောင်းဆရာရေ"တဲ့လေ။ 'အဲ'...ကျုပ်ကလည်းနာမည်ပြောပြီး မိတ်ဆက်မထားမိဘူး။သူတို့ရွာကိုပြောင်းလာတဲ့ ကျောင်းဆရာပါလို့ပဲ ပြောထားမိတာကိုး။ကားဆရာက ခေတော့မခေဘူး။
သင်းက ကျုပ်ကိုမိကျောင်းမင်းရေကင်းပြ ။သူပြောတာက ဟုတ်နေတော့လည်း ပြန်မပြောသာပါဘူး ငြိမ်နေရတာပေါ့။
ခပ်ပြေပြေ တောင်စောင်းလေးတခုပေါ်ကို ကားက တအိအိနဲ့ မောင်းတက်ပြန်ပါတယ်။တောင်ကမူလေးရဲ့ထိပ်ကို ရောက်သွားတော့ ကျုပ်မျက်စိရှေ့မှာ ဘွားခနဲ ပေါ်လာတာက သဲချောင်းကြီးတစ်ခု ခင်ဗျ။
"ချောင်း ဟိုဘက်ကူးတာနဲ့ရွာရောက်ပြီ ကျောင်းဆရာရေ"တဲ့လေ။ဂီယာအကြီးနဲ့ စက်သံတဂီးဂီးပေးလို့ ညှစ်ရုန်းနေရတဲ့ ကားကို ဂရုစိုက်ထိန်းရင်း ကားဆရာက တစ်ဆက်တည်း ပြောသေးတယ်။
"လင်းမနေချောင်း လို့ ခေါ်တယ်ဗျ ။ဟိုးက မြင်နေရတဲ့ပုပ္ပါးတောင်မကြီးထိပ်မှာ မိုးရွာပြီဆိုတာနဲ့ မဖြတ်နဲ့တော့ပဲ။ဒါပေမဲ့ ရေစီးအားအရှိန်ပြင်းလွန်းတော့ တောင်ပေါ်မှာ မိုးတိတ်တာနဲ့ ချောင်းရေကတစ်ခါတည်းကျသွားတာပါပဲ။မိုးတွင်းဆိုရင်တော့ ရေက ဒူးဆစ်လောက်၊ပေါင်လယ်လောက် အမြဲ ရှိနေတတ်တယ်ဗျ။ရေစီး ဘယ်လောက်ပြင်းပြင်း ညဘက်ရွာချပြီး မနက်မိုးလင်းရင် ရေမရှိတော့လို့ လင်းမနေချောင်းလို့ ခေါ်ခဲ့ကြတယ်လို့ လူကြီးတွေကတော့ ပြောဖူးတာပဲ"
၎။
သစ် ၊ဝါး ၊ရှားတဲ့ အရပ်မို့ထင်ပါတယ်။ မြို့အရပ်က အလယ်တန်းကျောင်းများထက်စာရင် သေးငယ်လွန်းနေတဲ့ ကျောင်းအဆောက်အဦလေးကို ငေးကြည့်ရင်း ကျုပ်စိတ်ထဲတွေးမိသေးတယ်။
"နာမည်ပြောင်းထားတဲ့ မည်ကာမတ္တ အလယ်တန်းကျောင်းကြီး"ပါလားလို့ပေါ့။ဒါပေမယ့် ကျုပ်အတွေးဟာ တတ်တတ်စင်အောင်လွဲမှန်း ကျောင်းစဖွင့်တဲ့ နေ့မှာပဲ သိလိုက်ရပါပြီ။ ဒီရွာရဲ့အုပ်စုအပိုင် ရွာလေးတွေကနေ မူလတန်း အောင်လာကြပြီး (ပေတောကုန်း အလယ်တန်းကျောင်းခွဲ)ကိုရောက်ရှိလာကြတဲ့ ကျောင်းသားဦးရေက ကျုပ်တွေးထားမိသလောက် များပြားမနေခဲ့ဘူး။ဒါတောင်မှ ဒီရွာမှာ အလယ်တန်းကျောင်းမဖြစ်ခင်က ဒီထက်ပိုပြီး ခရီးဝေးရာ တခြားအုပ်စုရွာကြီးတစ်ရွာထိ သွားရောက်သင်ယူနေရတဲ့ ကလေးတွေပါ ကျောင်းပြောင်းလာကြလို့ တော်သေးတယ်လို့ ပြောရမလိုပါ။
"ကျောင်းလာကြရတဲ့ခရီးကဝေးတာလည်းတစ်ကြောင်း၊မိဘတွေရဲ့မပြေလည်မှုတွေကို သိတတ်နားလည်တတ်လာကြတဲ့ အရွယ်လေးတွေ ဖြစ်လာကြတော့ ကျောင်းစာထက် ပိုက်ဆံရမယ့်အလုပ်ကိုသူတို့ပိုပြီးစိတ်သန်သွားကြတာကော ဆရာရယ်"ဆိုတဲ့ နယ်ခံဆရာမဒေါ်မြင့်မြင့်မော်ရဲ့စကားကြောင့် ကျုပ်စိတ်တွေ ကြည်လင်မှု နည်းခဲ့ရပြန်ပါတယ်။
ကျောင်းလေးက တောင်ကုန်းအမြင့်လေးမှာ ဆောက်ထားကြတာမို့ ကျုပ်ရုံးခန်း ပြတင်းပေါက်လေးကနေများ ကြည့်လိုက်ရင် ပတ်ဝန်းကျင်မြင်ကွင်းတွေကို ကောင်းကောင်းကြီးမြင်ရသဗျ။
တစ်ရွာလုံးကလူတွေ သောက်ရေသုံးရေအားထားရာ ရေကန်ကြီးရဲ့ဘေးပတ်ပတ်လည်မှာဆိုရင် ထနောင်းပင်ကြီးတွေက အုပ်အုပ်ဆိုင်းဆိုင်းနဲ့ဆိုတော့ မြင်ရကြည့်ရတာ တစ်မျိုးလေးတော့မျက်စိပသာဒဖြစ်သလိုလို ခံစားမိပြန်တယ်။မနက်စောစောနဲ့ညနေပိုင်း ရေခပ်ဆင်းကြချိန်များဆိုလျှင်ဖြင့် ရေစည်လှည်းတိုက်သူတွေ၊ရေထမ်းကြသူတွေနဲ့ စည်စည်ကားကား မြင်တွေ့ရတိုင်း ကျုပ်စိတ်ထဲမတော့ ပျော်သလိုလိုတောင် ဖြစ်နေမိတာ။
ကျုပ်ကျောင်းလေးအတွက် မနက်တိုင်း ရေစည်တစ်လှည်းလာပို့လေ့ရှိတဲ့ မအေးမှီကတော့ ပြောရှာတယ်။
"ဆရာကသာ ပျော်နေတာ ကျွန်မတို့မှာတော့ တစ်နေ့တစ်နေ့ ရေခပ်နေရ၊ထင်းခွေနေရတာနဲ့တင် အချိန်ကုန်နေတာပါ။ပိုက်ဆံ ရမယ့်အလုပ်ကို ဖင်ပူအောင်ထိုင်လုပ်ချိန်မရပါဘူး ဆရာရယ်"
"ပြောမယ့်သာ ပြောရတာပါလေ ရွာမှာလည်းပိုက်ဆံရမယ့်အလုပ်ဆိုလို့ မက်မက်မောမောဖြစ်လောက်စရာတစ်ခုမှ မရှိပေါင်ဘူး၊ကျွန်မတို့အိမ်မှာဆိုရင် ကျွန်မ ယောက်ျားကော၊သားအကြီးကောင်ပါ မလေးရှားမှာ ထွက်အလုပ်,လုပ်နေကြလို့ ပြောင်ပြောင်ရောင်ရောင်နေ, နေကြရတာ"တဲ့။
ထုံးသင်္ကန်းဖြူဖြူဖွေးဖွေးနဲ့ ရွာဦးစေတီလေးဆီက ကြည်နူးစရာဆည်းလည်းသံလေးတွေဟာ မအေးမှီရဲ့ စကားလုံးတွေအောက်မှာ ပျောက်ရှခဲ့ရပြန်ပါပြီ။ဒီထက်ပိုပြီး စိတ်မချမ်းသာရတဲ့ မြင်ကွင်းကတော့ ကျုပ်မျက်စိရှေ့တည့်တည့်က သဲချောင်းကြီးပဲဗျ။ကျုပ်ရောက်လာခါစ နေ့တွေတုန်းကတော့ ခြစ်ခြစ်တောက်နေအပူရှိန်အောက်မှာ တံလျှပ်ရောင်တွေ တဖျက်ဖျက်လူးနေတဲ့ ချောင်းကြီး။အခု ကျောင်းဖွင့်ခါနီးရက်များမှာတော့ မိုးလေးတစ်ဖြိုက်၊နှစ်ဖြိုက်ရွာချထားလို့ထင်ပါရဲ့၊ချောင်းထဲမှာ ရေလေးစပ်စပ်ရှိနေပြန်ပါတယ်။
၅။
ဒီလိုနဲ့ပဲ ကျောင်းတွေပြန်ဖွင့်တဲ့ မိုးရာသီကို ရောက်လာခဲ့ပြန်ပါပြီ။ပြတင်းပေါက်လေးကနေ ကျုပ် ကြည့်နေမိချိန်မှာပဲ အဖြူအစိမ်းဝတ်အရွယ်စုံလေးတွေဟာ သဲချောင်းကြီးကို ကူးဖြတ်လာနေကြလေရဲ့။မနေ့ညက မိုးလေးနည်းနည်းရွာထားတော့ ချောင်းရေလေးက မဆိုစလောက်ရှိနေပါသေးတယ်။ ၁ယောက်၊၂ယောက်။၃ယောက်၊
'အင်း...အားလုံး ပေါင်း ၅ယောက်'။
ကျုပ်စိတ်ထဲကနေ ရေကြည့်နေမိတာပါ။ဟော ...ခဏနေတော့ နောက်တစ်သုတ်လေး ဖြတ်လာကြပြန်တယ်။ သူတို့က ၇ယောက်ဗျ။ဒီတစ်သုတ်ကတော့ နည်းနည်းလေးအရွယ်ကြီးကြပြီ။
ကျုပ်ကြည့်နေချိန်မှာပဲ ကျောင်းတက်ခေါင်းလောင်းထိုးသွားပြီမို့ 'ချောင်းဟိုဖက်ကမ်းက လာတက်ကြတာ ဒီ၁၂ယောက်ပဲထင်ပါရဲ့လေ'လို့တွေးနေမိတုန်းမှာပဲ ကလေးလေး၂ယောက်က ခပ်သုတ်သုတ်လေး အပြေးတပိုင်း လာနေကြပြန်ပါတယ်။ယောက်ကျားလေး၁ယောက်၊မိန်းကလေးက ၁ယောက် မောင်နှမလေးထင်ပါရဲ့။ကောင်လေးက ချောင်းထဲကို အရင်ဆင်းပါတယ်။သူတို့ အရပ်အမောင်းလေးတွေနဲ့ဆိုတော့လည်း ချောင်းရေက ဒူးဆစ်လောက်ဖြစ်နေတာကိုး။သူ့ လွယ်အိတ်လေးကို နောက်ပို့လိုက်တယ်။ပြီးတော့မှ သူ့နှမလေးရဲ့လွယ်အိတ်ကို လှမ်းယူပြီး အရှေ့မှာ လွယ်လိုက်ပြန်ပါတယ်။ဘယ်ဘက်လက်က ထမင်းချိုင့်လေးကိုကိုင်လို့ ညာဘက်လက်က အငယ်မလေးရဲ့လက်ကိုကျစ်နေအောင်ဆုပ်ထားပြီး ချောင်းရေထဲမှာ စမ်းကာစမ်းကာလေးနဲ့ ဖြတ်လျှောက်လာနေ ကြတာကို ကြည့်ရင်း သူတို့လေးတွေအစား ကျုပ်စိတ်တွေ အလိုလို မောလာမိတယ်။
"ဟင်း"ခနဲ သက်ပြင်းတစ်ချက် ချမိရင်း ညနေကျောင်းဆင်းမယ့်အချိန်တွေကို ကျုပ် မျှော်တွေး စိုးရိမ် နေမိပါပြီ။ဒီကလေး၂ယောက် ကျောင်းတံခါးဝကို ရောက်တာမိနစ်၂၀လောက် နောက်ကျနေတယ်။ကျောင်းစည်းကမ်းကစည်းကမ်းပဲမို့ ပြောသင့်တာကိုတော့ ပြောကိုပြောရမှာပေါ့။
"မင်းတို့နှစ်ယောက်က ဘာလို့ နောက်ကျနေကြတာလဲကွ...ဟေ"
ပင်ကိုယ်မျက်နှာထားက တင်းရတဲ့အထဲမှ ကျုပ်လေသံက တော်တော်လေးမာသွားတယ် ထင်ပါရဲ့။ဆတ်ခနဲတုန်အောင် လန့်သွားရှာတဲ့အငယ်မလေးရဲ့ မျက်နှာက ငိုချလိုက်တော့မယ့် ပုံလေးနှယ်။
ခပ်နွမ်းနွမ်း အဖြူအစိမ်းဝတ်စုံလေးတွေအောက်က ညှိုးငယ်နေတဲ့ မျက်နှာနုနုလေးတွေကိုကြည့်ရင်း ကျုပ်...မဆူရက်ခဲ့ပြန်ပါဘူး။
"ကျွန်တော်တို့က လာရတဲ့ရွာ ဝေးလို့ပါဆရာကြီး"
"မင်းတို့ နာမည်တွေ ဘယ်လိုခေါ်ကြတုန်းကွ"
" ကျွန်တော်က မောင်ဖိုးထူးပါ ခင်ဗျ ၊၆တန်းတက်ရမှာပါ ခင်ဗျ ၊ကျွန်တော့ညီမလေးက မမေငြိမ်းပါခင်ဗျ ၊သူငယ်တန်း တက်ရမှာပါ ခင်ဗျ"
အငယ်မလေးထက်စာရင် အကြီးကောင်လေးက သွက်သွက်လက်လက် ချက်ချက်ချာချာ ရှိတယ်ဗျ။
"ရွာဝေးရင် အိမ်ကနေ စောစောထွက်ခဲ့ကြနော်၊ဟုက်လား။ ချောင်းထဲမှာ ရေတွေရှိနေတော့ သားတို့၂ယောက်ထဲ နောက်ကို မကူးရဘူးနော်။ မင်းတို့ရှေ့ကလာတဲ့ အစ်ကိုတွေ အစ်မတွေနဲ့ အတူတူကူးဖို့ မီအောင်လာကြ ဟုက်ပြီလား သွားကြ...သွားကြ နောက်ကျနေပြီ"
လက်ကလေးတွေပိုက် ၊ခေါင်းလေးတွေငုံ့လို့ ကျုပ်ရှေ့က ဖြတ်သွားတဲ့ ကလေး၂ယောက်ရဲ့ လုံချည် အနားစလေးတွေမှာတော့ ချောင်းရေစက်လက် သဲတရှပ်ရှပ်နဲ့။ ခြေထောက်လေးတွေမှာလည်း ဖိနပ်မပါရှာကြပါလား။
၆။
အပွင့်လင်းဆုံးပြောရရင် ပြည်နယ်ဒေသတွေရဲ့ မြို့ပေါ်ကျောင်းများမှာသာ အနေကြာလာခဲ့တဲ့ကျုပ်အဖို့ ဒီဒေသရဲ့ လူမှုစရိုက်သဘာဝလေးတွေနဲ့ စိမ်းလှပါတယ်။ဒါကြောင့်လည်း နယ်ခံဆရာမဒေါ်မြင့်မြင့်မော်ဆီမှာ ကျုပ်သိလိုသမျှလေးတွေ မေးကြည့်ရသေးတယ်။
"သူတို့လေးတွေရဲ့ ရွာက ဒီကနေဆို ၃မိုင်လောက်ဝေးမယ်ဆရာရဲ့။ပြီးတော့ သူတို့က ရွာထဲမှာနေကြတာ မဟုက်ဘူးတဲ့လေ။သနပ်ခါးစိုက်ခင်းတောထဲမှာ တဲထိုးပြီးနေကြရတာမို့ ခွင့်လွှတ်ပေးစေချင်ပါတယ် ဆရာ"တဲ့။
"သြော်...ကလေးတွေရဲ့ မိဘတွေက ဘာတွေများ လုပ်ကိုင်ကြတုန်းဗျ"
"ဒီဘက်ဒေသတွေမှာကတော့ ကလေးတွေရဲ့ အဖေ အတော်များများက ထိုင်းတို့မလေးရှားတို့မှာ အလုပ်သွားလုပ်နေကြတာပါ ဆရာရေ။အမေတွေကတော့ ရွာမှာရှိတဲ့ အလုပ်လိုက်ကြတာပေါ့။ ပဲနုတ်၊ ပေါင်းရှင်းစသဖြင့်ပေါ့ ဆရာရယ်"
"အခု ဆရာမေးတဲ့ ကလေး၂ယောက်ဆိုရင် အကြီးကောင် ဖိုးထူးလေးက သူ့အဖေကိုမြင်ဖူးပေမဲ့ အငယ်မလေးခင်မျာမှာ သူတစ်နှစ်သမီးလောက်ကတည်းက သူ့အဖေက ထိုင်းကိုထွက်သွားတာမို့ အခုချိန်ထိ အဖေရယ်လို့မမြင်ဖူး၊ မတွေ့ဖူး ရှာပါဘူးတဲ့လေ ။ကျွန်မကိုလည်း သူ့အမေက ကျောင်းလာအပ်တဲ့နေ့က စကားကြုံရင်း ပြောသွားလို့သိရတာပါ ဆရာ"
"အို"ဖြစ်မှဖြစ်ရလေ။ဒါကြောင့်မို့ မေငြိမ်းလေးရဲ့ မျက်ဝန်းတွေထဲမှာ ကြောက်ရွံ့အားငယ်မှုတွေ စွန်းထင်းနေခဲ့တာထင်ပါရဲ့။၅နှစ်ဆိုတဲ့ ကလေးငယ်လေးတစ်ယောက်ဟာ အဖေဆိုတဲ့ လူသားတစ်ယောက် သက်ရှိထင်ရှားရှိနေပါလျက်နဲ့ အဖေ့ရင်ခွင်မှာ မှီလို့နွဲ့လို့ တီတီတာတာ ပြောခွင့် မရှိရှာပါလား။
နုနယ်လွန်းရှာတဲ့ ကလေးငယ်လေးတစ်ယောက်ရဲ့ နှလုံးသားထဲမှာ ငါ့ဘေးနားမှာ ငါ့အဖေရှိတယ်ဆိုတဲ့ အသိလေးရဲ့ နွေးထွေးလုံခြုံမှုကို ဘယ်လိုအရာတွေကများ အစားထိုးဖြည့်ဆည်း ပေးနိုင်မှာတဲ့လဲလေ။
၇။
အခုတော့ဖြင့် ရွာကလေးဟာ ကျုပ်နဲ့အသားကျလာခဲ့ပါပြီ။မျက်နှာထားတင်းတင်းနဲ့ ရွဲ့တိရွဲ့စောင်းနိုင်လွန်းတဲ့ ကျုပ်ဟာ အခုတော့ဖြင့် ပျော့ပြောင်းစွာ ဆက်ဆံလာတတ်နေပြန်ပါရောလား။ သူတို့...သူတို့လေးတွေခမျာမှာ တောလမ်းလေးတွေအတိုင်း နေပူတော့ဖုန်ထူ ၊မိုးရွာတော့ ဗွက်တွေရုန်းလို့ ကျောင်းကလေးရှိရာကို ခြေလျင်လာကြရရှာတယ်။
သူတို့လေးတွေရဲ့ ဘဝအစွန်းအစလေးတွေကို အမြင်၊အကြား နှလုံးသားနဲ့ယဉ်ပါးတတ်ခဲ့ပါပြီ။ တစ်ခါတလေမှာ သူတို့လေးတွေရဲ့ ထမင်းချိုင့်လေးတွေကို ဖွင့်ကြည့်မိတဲ့အခါ တချို့က ကြက်ဥကြော်လေးတစ်လုံး ပါကြတယ်။တချို့ကတော့ စာကလေးခွေကြော်လေးကို ကြက်သွန်နီလေးနဲ့သုတ်လို့ရယ်။တချို့ထမင်းချိုင့်လေးတွေများ ကြပြန်တော့လည်း ထမင်းလည်းမကျန်၊ ဟင်းလည်းမတွေ့လို့ မေးကြည့်မိပြန်တော့...
'အိမ်ကနေ ကျောင်းကိုအလာ ဗိုက်ဆာတာနဲ့ လမ်းမှာတင် စားပစ်ခဲ့လိုက်ကြတာ'တဲ့လေ။
စိတ်မကောင်း ဖြစ်ရခြင်းကလွဲလို့ ဘာတခုမှ မဖန်တီးပေးနိုင်တဲ့ တောကျောင်းဆရာ တစ်ယောက်ရဲ့ဘဝကို ကျုပ်နာကျင်လာမိတယ်။စေတနာ၊ဝါသနာ၊အနစ်နာဆိုတဲ့အနောက်မှာ မေတ္တာဆိုတဲ့အရာကို ကျုပ်အစွမ်းကုန် ပေးနိုင်ဖို့ ကြိုးစားမယ်။ဒါကြောင့် မနက်ပိုင်း အလံတော် အလေးပြုပြီးချိန်တိုင်းမှာ...
"ချောင်းတစ်ဖက်ကမ်းကလာတဲ့ ကျောင်းသားတွေ ညနေပိုင်းချောင်းထဲမှာ ရေရှိနေရင်
မင်းတို့သဘောနဲ့မင်းတို့ မပြန်ရဘူးနော်၊ဆရာကြီးနဲ့အတူတူ နောက်ထပ် ဆရာမ၂ယောက်က အလှည့်ကျလိုက်ပြီး ပို့ပေးမယ်။အေး...စကားနားမထောင်ဘဲ ပြန်လို့ကတော့ ဒီမယ်တွေ့လား။ ကြိမ်လုံးနှစ်ပင်ပူးနဲ့ အဆော်ခံရမယ်မှတ်"
ကျုပ်စကားတော့ နားထောင်ကြရှာပါတယ်။မိုးတွင်းဆိုတော့လည်း မိုးကတော့ ရွာသပေါ့ဗျာ။သဲချောင်းကြီးထဲမှာလည်း ရေကပြတ်လှတယ်မရှိပါဘူး။ကားတွေဘာတွေလည်း ရေထဲက ဖြတ်မောင်းနေကြတာပါပဲ။တောင်ကျရေစီးတဲ့ အချိန်တစ်ခုသာ စိုးရိမ်ရတာကိုး။အဲဒီနေ့ညနေကတော့ ကျုပ်အပါအဝင် ဆရာမဒေါ်မြင့်မြင့်မော်နဲ့ဒေါ်တင်တင်မူတို့၃ယောက်က ကလေး၁၄ယောက်ရဲ့ကြားကို ဝင်လိုက်ကြတယ်။ကျုပ်က ရှေ့ဆုံးကပေါ့။ကျုပ်နောက်မှာ ကလေး၅ယောက်ထားတယ်။အလယ်မှာ ဆရာမတစ်ယောက်ကဝင်ပြီး လက်ချင်းကျစ်နေအောင်ဆွဲလို့ ပေါင်လယ်လောက် ချောင်းရေထဲ ဖြတ်ကူးကြရတာပေါ့။အဲဒီမှာ ကျုပ်သတိထားမိတာတစ်ခုကတော့ သဲထူထပ်တဲ့ တောင်ကျချောင်းဆိုတာ ကျုပ်တို့ အရပ်ဒေသတွေက ရေအမြဲရှိနေတဲ့ ချောင်းတွေလို မဟုက်ဘူးဆိုတာပဲဗျ။
အောက်ခြေမှာနင်းထားမိတဲ့ သဲလွှာထုက ရေစီးနဲ့အတူ ရွေ့နေတာမို့ လူကိုဆွဲလှဲသလိုဖြစ်နေတယ်။ချောင်းတစ်ဖက်ကမ်း အရောက်မှာတော့ ကျုပ်စိတ်ထဲကနေ တံတားတစ်စင်းလောက်ရှိရင် ကောင်းမှာပဲလို့ အင်မတန် တောင့်တောင့်တတ ဖြစ်မိတယ်။
ရှိနေသင့် ဖြစ်နေသင့်တဲ့အရာတစ်ခုပဲ မဟုက်လားလေ။
၈။
ရာသီစက်ဝန်းရဲ့ လည်ပတ်နေမှုအောက်မှာ အချိန်တွေက ကုန်ဆုံးလွယ်လှတယ်။
နေ့စဉ် တထိတ်ထိတ်နဲ့ စိုးရိမ်နေရတဲ့ မိုးကာလကို မကြာခင် လွန်မြောက်တော့မှာမို့ ကျုပ်စိတ်တွေ ပေါ့ပါးနေမိပါတယ်။ဒီနေ့ ကျုပ် မြို့နယ်ပညာရေးမှူးရုံးကို အစည်းအဝေးတက်ဖို့ သွားရမှာမို့ ကားဆရာလာခေါ်မှာ စောင့်နေရင်းနဲ့ လိုတာလေးတွေ ပြင်ဆင်နေချိန်မှာ ဖိုးထူးတို့မောင်နှမလေး ရောက်လာကြတယ်။ မဝံ့မရဲ မျက်နှာလေးတွေနဲ့...
"ဆရာ...သားတို့မောင်နှမ၂ယောက် ခွင့်၅ရက်လောက် တိုင်ချင်လို့ပါခင်ဗျာ"တဲ့။
"ဟေ.. ခွင့်၅က်ကြီးများတောင် မင်းတို့က ဘာလုပ်ဖို့တုန်းကွ"
"သမီးတို့ဖေဖေက ဒီနေ့မန်းလေးကို ရောက်နေပြီလို့ အမေက ပြောလို့ပါချင့်၊ညနေခါကျရင် အိမ်ကိုပြန်ရောက်ပြီလို့လည်း ပြောပါတယ်ချင့်၊ဖေဖေက သမီးတို့ကို ဟိုး,မန္တလေးတို့၊ရန်ကုန်တို့ဆီ အလည်လိုက်ပို့ပေးချင်လို့ ကျောင်းမှာခွင့်တိုင်ထားနှင့်လို့ ပြောခိုင်းလို့ပါ ဆရာကြီးချင့်"
မေငြိမ်းလေးရဲ့မျက်နှာပေါ်မှာ ကျုပ်တစ်ခါမှ မတွေ့ဖူးတဲ့ ရွှင်လန်းတက်ကြွမှုတွေ ပြည့်လို့ဗျာ။အသံလေးကလည်း မြူးပြီးကြည်နေတာပဲ။ဟုက်ရှာမှာပေါ့...သူလေးရဲ့ဘဝမှာ တစ်ခါမှ မမြင်ဖူးသေးတဲ့ အဖေကိုတွေ့ရတော့မှာကိုး။အဖေလုပ်သူကလည်း ဒီသားဒီသမီးလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် သွားချင်လာချင်ရှာမှာပေါ့။ ကျုပ်စိတ်ထဲမှာ ကြည်နူးလိုက်တာဗျာ။
ကျုပ်ဆီက ပြန်ပြောလာမယ့် စကားသံကို မျှော်လင့်တကြီး စောင့်နေရှာတဲ့ မျက်ဝန်းလေးတွေထဲမှာ အရည်ကြည်လေးတွေတောင် လဲ့နေရှာတယ်။ကလေးငယ်၂ယောက်ရဲ့ ဦးခေါင်းလေးတွေကို ဖွဖွပွတ်ပေးလိုက်မိရင်း...
""အေးပါကွယ်၊ဆရာခွင့်ပေးပါတယ် ။ညနေကျရင်လည်း ကောင်းကောင်းပြန်ကြနော် ဟုက်ပြီလား။ဆရာက ဒီနေ့ မိုးချုပ်မှပြန်ရောက်မှာကွ၊ကဲ...ကဲ...သွားကြ သွားကြ"
"ဗျိုး...ကျောင်းဆရာ...ပြီးရင်သွားကြစို့ဗျို့"
ကားဆရာလှမ်းအော်တာနဲ့ ကျုပ်လည်း လွယ်အိတ်လေးဆွဲပြီး မြို့တက်ဖို့ထွက်ခဲ့လိုက်တယ်။
ဒူးဆစ်လောက် ရေရှိနေတဲ့ ချောင်းထဲမှာ ကားကို'တဂီးဂီး'ရုန်းရင်း..
"တံတားတစ်စင်းလောက်ရှိရင် သိပ်ကောင်းမှာပဲ ကျောင်းဆရာရယ်"တဲ့။
"ဘာပြောကောင်းလိုက်ပါ့မလည်း ကားဆရာရယ်၊ကျုပ်တို့ဖြင့် နေ့တိုင်း ကျောင်းသားတွေအတွက် ရင်တမမ ဖြစ်နေရတာဗျ၊ဒါနဲ့ ဆောက်ပေးဖို့စီမံကိန်းလေး ဘာလေးများ မရှိဘူးတဲ့လားဗျ"
ကားဆရာက မဲ့ပြုံးတစ်ချက်ပြုံးရင်း ကျုပ်ကိုပြန်ကြည့်သဗျ။ပြီးတော့မှ စကားကိုလေးလေးကြီး ဆက်ပြောတယ်။
"ဟိုး..လွန်ခဲ့တဲ့၇နှစ်လောက်တုန်းကတော့ ရွေးကောက်ပွဲအတွက် မဲလာဆွယ်ကြတယ် ဆိုလားဗျာ၊အဲဒီတုန်းကတော့ အမတ်လောင်းဆိုလား၊ ကိုယ်စားလှယ်ဆိုလား ဒီလူကတော့ ဆောက်ပေးဖို့ တင်ပြမယ်လို့ ပြောဖူးသားဗျ"
"ဟိုး...တစ်မြန်နှစ်တုန်းကလည်း ကားတွေ၊ဆိုင်ကယ်တွေတရုန်းရုန်းနဲ့ အလျှိုအလျှို ထပ်ရောက်လာကြတဲ့ သူတွေကလည်း ပြောတော့ ပြောသွားဖူးသားပါဗျာ။အခုထိတော့ ဘာမှထပ်ပြောကြတာ မကြားမိတော့ပါဘူး။ကျုပ်တို့တောဒေသ ဆိုတာမျိုးကတော့ သူတစ်ပါးက သဒ္ဒါလို့ ပေးရင်တောင် ခွေးကျွေးသလောက်သာ ရကြတဲ့ လူစားတွေပါ ကျောင်းဆရာရယ်"
မြို့ပေါ်ရောက်တော့ ကျုပ်လည်း ကျုပ်ကိစ္စ ကျုပ်လုပ်တယ်။တင်ပြစရာရှိတာ တင်ပြရတာပေါ့လေ။မဖြည့်ဆည်းပေးနိုင်တာက ခပ်များများမို့ ကျုပ်တော့ စကားပြောရတာသာ အဖတ်တင်တယ် မှတ်တာပါပဲ။
၉။
"ကျောင်းဆရာရေ ခင်ဗျားကိစ္စတွေ ပြီးရင် ပြန်ကြစို့ဗျို့၊ကျုပ်ကတော့ တင်စရာကုန်လည်းစုံပြီ။အနောက်ဘက်က မိုးရိပ်တွေတက်လာတယ်ဗျ၊ စောစောပြန်ကြစို့ရယ်နော့"
ကားဆရာပြောတာမှန်တယ်ဗျ။မြို့ထဲကထွက်လာတာနဲ့ သည်းလိုက်တဲ့မိုးဆိုတာများဗျာ။ဒီအချိန်ဆိုရင် ကျောင်းဆင်းတော့မှာပါလား ဆိုတဲ့အတွေးနဲ့ ကျုပ်စိတ်တွေပူနေမိတယ်။
"သိပ်လည်း စိတ်မပူပါနဲ့ဗျာ...ကျုပ်တို့အညာမိုးက ခဏသည်းသည်းရွာပြီးရင် စဲသွားတာပါပဲဗျ"
ပန်းတိုင်းခြုံရွာကိုကျော်တော့ မိုးလုံးဝတိတ်သွားပါတယ်။ သဲချောင်းကြီးဆီရောက်တော့ မှောင်ရီပျိုးစ ပြုနေပြီ။ရေစီးကတော့ ကျုပ်စိတ်ပူနေမိသလောက် မကြမ်းပါဘူး။
ဒါပေမဲ့...ဒါ..ပေမဲ့...ချောင်းကမ်းစပ်မှာ လူတွေ ...လူ...တွေ အများကြီးပါလား။
အဖြူအစိမ်းဝတ်လေးတွေလည်း ရှိနေတယ်။ဘုရား...ဘုရား...ဘာတွေများ ဖြစ်နေကြပါလိမ့်။
"ခင်ဗျားကား ကူးလို့ရမလားဗျ"
"မရလောက်ဘူးကျောင်းဆရာ၊လာဗျ ၊ကားထားခဲ့ပြီး လူပဲကူးကြရုံပေါ့"
ပေါင်ရင်းလောက်သာ ရှိတော့တဲ့ ချောင်းရေထဲကနေ ကျုပ် အပြေးအလွှားဖြတ်မိတယ်။
ခြေထောက်အောက်က ရွေ့ပြီးပါနေတဲ့ သဲတွေကြောင့် ကျုပ် ဟန်ချက်ပျက်ပြီး လဲကျမလို ဖြစ်သွားချိန်မှာ ခန္ဓာကိုယ်က ရေစီးဆွဲခေါ်ရာကို ယမ်းခါပြီး တစ်ချက်ပါသွားပေမဲ့ လူကြီးခွန်အားနဲ့မို့ ရုန်းထွက်လိုက်နိုင်ပါတယ်။
"ဆရာမ..ဘာဖြစ်တာလဲ..ဘာ...ဖြစ်..ကြ...တာလဲ"
တအင့်အင့်ရှိုက်နေတဲ့ ဆရာမမြင့်မြင့်မော်က ကျုပ်ကိုတွေ့တာနဲ့ ချုံးပွဲချငိုနေရုံကလွဲပြီး စကားပြန် မရလာခဲ့ပါဘူး။
ဟင်...လူအုပ်ကြီးရဲ့ အနောက်က ကုန်းမို့မို့လေးပေါ်မှာတော့ ဝါးကပ်ကြမ်းလေး နှစ်ချပ်ပေါ်မှာ ကလေးငယ်၂ယောက် ပါလား။သူတို့ဘေးမှာတော့ လူလတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်က ကလေး,လေးတွေကို တစ်ယောက်စီ ကျစ်နေအောင် ပွေ့လို့ ရှိုက်ကြီးတငင် ငိုကြွေးနေကြလေရဲ့။
"ကျောင်းမဆင်းခင်မှာ မိုးတိတ်သွားတယ်၊ရေကလည်း ပေါင်လယ်လောက်ပဲရှိတော့တာမို့ ဆရာမတွေနဲ့ကလေးတွေ လက်ချင်းဆွဲပြီးကူးကြသတဲ့လေ"
"ဘယ်လိုကနေ ဘယ်လိုနစ်သွားတာတုန်း"
"ကျုပ်က သူတို့ကူးနေကြတာ မြင်လိုက်တယ်ရယ်။ရေထဲက မျောလာတဲ့ သစ်လုံးက ဟိုကလေးမလေးကို ဝင်ဆောင့်မိတာ။အဲဒီမယ် လက်ချင်းပြုတ်ပြီး ရေထဲပါသွားတော့ ဟိုအကြီးကောင်လေးက အတင်းလိုက်ဆွဲရှာတာရယ်"
"ဒါပေမယ့် ချောင်းရေက စီးနေတော့ မျောပါသွားတာပေါ့၊ ဆရာမတွေနဲ့ အနားကရွာသားတွေ လိုက်ဆယ်ကြပေမဲ့ ကလေး၂ယောက်လုံး အသက်ပါမလာကြ တော့ဘူး"
အုံခဲနေတဲ့ လူပေါင်းစုံဆီက စကားသံတွေကို ကျုပ်ဆက်ပြီး မကြားရဲတော့ပါဘူး။
မပြောကြပါနဲ့တော့။ဆက်မပြောကြပါနဲ့တော့ဗျာ။တော်ကြပါတော့ ။ကျုပ်နားထဲကိုတိုးဝင်လာတဲ့ဘယ်လိုအသံမျိုးကိုမှ မကြားပါရစေနဲ့တော့။ကျုပ်နားတွေကို ကန်းခွင့်ပေးကြပါဗျာ။ဒီလောက်ဆိုရင် သူတို့လေးတွေ ဘယ်သူမှန်းကျုပ်..သိ...ပါ...ပြီ။
သူတို့လေး၂ယောက်ရဲ့ဘေးမှာ ကျုပ်ဒူးထောက် ထိုင်ချလိုက်မိတယ်။မျက်ရည်တွေနဲ့ ဝေဝါးနေတဲ့ ကျုပ်မျက်လုံးထဲမှာတော့ ဖိုးထူးလေးဟာလေ သူ့နှမလေးရဲ့ လက်ကို မမီမကမ်းလေးနဲ့ လိုက်ဆွဲနေရှာဦးမှာ။ ကျုပ်သိတယ်။ ကျုပ်...ကျုပ်..သိတယ်။
"ဆ...ရာ...ရယ်...ကျွန်မ...သား...သမီး...လေး...တွေ... ရေ...တိမ်...နစ်ရရှာတာပါ ဆရာရဲ့"
ကျုပ်လက်မောင်းကို အားကိုးတကြီး ဆုပ်ကိုင်ရင်း ချုံးပွဲချ ငိုချလိုက်တဲ့ အမေတစ်ယောက်ရဲ့ ခံစားမှုကို ကျုပ် ဘယ်လို နှစ်သိမ့်ရပါ့မလဲ...ဟင်...။
"ကျွန်တော့်ကို သိပ်တွေ့ချင်ရှာတဲ့ သမီးလေးလေ ဆရာရဲ့၊မင်းနှမလေးကို သေချာစောင့်ရှောက်ပါနော် သားရေလို့ မှာဖူးတဲ့ ကျွန်တော့်စကားကို နောက်ဆုံးအချိန်အထိ နားထောင်သွားရှာတဲ့ ကျွန်တော့်သားလေးပါ ဆရာရဲ့"
ကျုပ်..ဘယ်အရာကိုမှ မကြည့်ရက် မကြားရက်တော့ပါဘူး။ဒီနေရာကနေ ကျုပ် ပျောက်ကွယ်သွားပါရစေတော့။ ဝေဝါးနေတဲ့ ကျုပ်မျက်လုံးတွေထဲမှာ နောက်ဆုံးအနေနဲ့ မြင်လိုက်ရတာကတော့ သူတို့လေးတွေရဲ့ အလောင်းဘေးမှာ ပုံထားတဲ့ လွယ်အိတ်လေး၂လုံးပါပဲ။ဖတ်စာအုပ်လေးတွေကတော့ဖြင့် ရေစိုလို့ နူးရိနေခဲ့ပါပေါ့။
၁၀။
နှစ်ကာလတချို့ကို လွန်မြောက်ဖြတ်သန်းခဲ့ကြပြီးပြီ ဆိုပေမဲ့ ကျုပ်တစ်ယောက်ကတော့ဖြင့် ဒီပြတင်းပေါက်လေးကနေ မျှော်ငေးမိတိုင်း "တောက်"တစ်ချက်ကို နာနာကျင်ကျင် ခေါက်မိစမြဲပါ။ကျုပ် မြင်ကွင်းရှေ့မှာတော့ဖြင့် နှစ်ကာလများစွာ စီးဆင်းမှုကြောင့် အတိုက်စားခံနေရတဲ့ ကမ်းပါးတွေ။
လင်းမနေ ချောင်းကြီးကတော့ ပိုလို့တောင် ကျယ်ပြန့်လာခဲ့ပါပြီလေ။
နွေမိုးဝေ။
ရွှေအမြုတေရုပ်စုံ မဂ္ဂဇင်း၊ဇန္နဝါရီလ၊၂၀၁၈။