Jan 22, 2018

နိုဘယ်လ်ဆုရ တိရစ္ဆာန်ဆေးကုဆရာဝန်

နိုဘယ်လ်ဆုရ တိရစ္ဆာန်ဆေးကုဆရာဝန်

ခိုင်ကြည်သစ်

(၁)

၂၀၀၇ ခုနှစ်မှာ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်က ဘွဲ့ရတော့ တက္ကသိုလ်ရဲ့ နှစ် (၅၀) ပြည့်ရွှေရတုနဲ့ တိုက်ဆိုင်ခဲ့တယ်။  တက္ကသိုလ်ရွှေရတု မဂ္ဂဇင်းအတွက် ဝတ္ထုစာမူလေးတစ်ခု ပေးပို့ဖို့ စိတ်ကူးရခဲ့ပေမယ့် နောက်ဆုံးနှစ်စာမေးပွဲမှာ ဂုဏ်ထူးပါ ရင် ဘွဲ့နှင်းသဘင်မှာ အဖေနဲ့အမေ ပိုပျော်နိုင်မှာကို တွေးမိရင်း စာကျက်ဖို့ပဲ အာရုံစိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီတုန်းက စာ  ရေးဖို့ ကိုယ့်ကိုယ်ကို ယုံကြည်ချက် မရှိသေးတာလည်း ပါပါတယ်။ တကယ်တမ်း ဘွဲ့နှင်းသဘင်ကို ရောက်တော့ မှန်းထား တဲ့အတိုင်း မိဘတွေ ပျော်နေတာကြည့်ရင်း မျက်ရည်စို့ခဲ့ရသေးတယ်။ တပြိုင်နက်တည်းမှာ ရွှေရတုအထိမ်းအမှတ် မဂ္ဂဇင်း မှာ ဖတ်ခဲ့ရတဲ့ ဆရာ ပါမောက္ခဒေါက်တာမြင့်သိန်းရဲ့ “အားကျဖွယ် မွေးမြူဆေးကုဘွဲ့ရပုဂ္ဂိုလ်များ” ဆောင်းပါးကို ဖတ်ရင်း  ဆောင်းပါးထဲက တိရစ္ဆာန်ဆေးကုဆရာဝန် စာရေးဆရာတွေရဲ့ စာရင်းကိုတွေ့တော့ တချိန်ချိန်မှာတော့ တိရစ္ဆာန်ဆေးကု ဆရာဝန် စာရေးဆရာ တစ်ယောက်ဖြစ်အောင် ကြိုးစားမယ်လို့ သံဓိဌာန်ချဖြစ်ခဲ့တယ်။

၁၀ နှစ်အကြာ ၂၀၁၇ ခုနှစ်မှာ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ရဲ့ နှစ် (၆၀) ပြည့်အတွက် အထိမ်းအမှတ် မဂ္ဂဇင်းကို ထုတ် ဝေသွားမယ်လို့ သိရတော့ ဘယ်လိုဝမ်းသာမိမှန်းမသိပါဘူး။ စာရေးဆရာတစ်ယောက်လို့ ကိုယ့်ကိုယ်ကို မခံယူရဲသေးပေ မယ့် ကိုယ်ရေးတဲ့စာလေးတချို့ ပုံနှိပ်စာလုံးအဖြစ်နဲ့ ဖော်ပြခြင်းခံရပြီးပြီမို့ တက္ကသိုလ်မဂ္ဂဇင်းမှာ ပါဝင်ရေးသားဖို့လည်း ယုံ ကြည်ချက်တွေ အတော်လေး ခိုင်မာနေပါပြီ။ ပထမဆုံးတော့ ရင်ထဲမှာနှစ်ပေါင်းများစွာ သိမ်းထားတဲ့ ဇာတ်လမ်းလေးတစ်ခု ကို ဝတ္ထုတစ်ပုဒ်အဖြစ် အသက်သွင်းဖို့ စဉ်းစားကြည့်ဖြစ်ပါတယ်။ ကျောင်းသားဘဝကတည်းက စဉ်းစားထားတဲ့ ဇာတ်လမ်း  လေးကို ထပ်ပြီးလေ့လာထားတဲ့ အချက်အလက်တွေနဲ့ ဝန်းရံပြီး “တစ်ခုတည်းသောကမ္ဘာ၊ တစ်ခုတည်းသောကျန်းမာရေး၊ တစ်စုံတည်းသောနှလုံးသား” လို့ နာမည်ပေးထားတဲ့ One Health အခြေခံတဲ့ ချစ်ဇာတ်လမ်းလေးတစ်ပုဒ် ရေးဖြစ်ဖို့ပါ။ အချိန်မရတာရော၊ ရသစာပေရေးသားဖို့ လေ့လာအားထုတ်မှုတွေ လိုအပ်သေးတယ်လို့ ကိုယ့်ကိုယ်ကို သတိပေးနေမိတာ ရယ်ကြောင့် ရေးလက်စ ဝတ္ထုကို ခဏလေးထားပြီး ဆောင်းပါးတစ်ပုဒ်ရေးပို့ဖို့ပဲ ဆုံးဖြတ်ဖြစ်ပါတယ်။

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ရွှေရတုမဂ္ဂဇင်းက “အားကျဖွယ် မွေးမြူဆေးကုဘွဲ့ရပုဂ္ဂိုလ်များ” ဆောင်းပါးကို ဖတ်ပြီး စာရေးဆရာဖြစ်အောင် ကြိုးစားမယ်လို့ ချမှတ်ခဲ့တဲ့ သံဓိဌာန်နဲ့အတူ နယ်ပယ်အသီးသီးမှာ ထင်ပေါ်ကျော်ကြားလှတဲ့ ကမ္ဘာ  ကျော် တိရစ္ဆာန်ဆေးကုဆရာဝန်ကြီးများအကြောင်းကို “ထူးချွန်ထင်ရှား တိရစ္ဆာန်ဆေးကုဆရာဝန်များ” အမည်နဲ့  စာ တစ်စောင် ပေတစ်ဖွဲ့ ပြုစုနိုင်ဖို့လည်း ဆန္ဒဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီ ဆန္ဒလေးကို အကောင်အထည်ဖော်နေခဲ့တာ ဆောင်းပါး  လေးပုဒ်လောက် ဖော်ပြခွင့်ရခဲ့ပြီးပါပြီ။ တက္ကသိုလ် နှစ် (၆၀) ပြည့်မဂ္ဂဇင်းမှာတော့ ထူးချွန်ထင်ရှား တိရစ္ဆာန်ဆေးကုဆရာ ဝန်များထဲက တစ်ဦးဖြစ်တဲ့ နိုဘယ်လ်ဆုရ တိရစ္ဆာန်ဆေးကုဆရာဝန် Dr. Peter C. Doherty အကြောင်းကို မျှဝေပေးဖို့ စဉ်း စားဖြစ်ပါတယ်။
တိရစ္ဆာန်ဆေးပညာရပ်နဲ့ ပတ်သက်တဲ့ ပထမဆုံးသော ပညာသင်ကျောင်းကို ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့မှာ ၁၇၆၂ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ နှစ်ပေါင်း ၂၅၀ အကြာ၊ ၂၀၁၁ ခုနှစ်ကို ကမ္ဘာ့တိရစ္ဆာန်ဆေးပညာနှစ် (World Veterinary Year) အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အမေရိကန်တိရစ္ဆာန်ဆေးကုဆရာဝန်အသင်းကြီး (AVMA) ကထုတ်ဝေတဲ့ တိရစ္ဆာန်ဆေးပညာ ဂျာနယ်တစ်စောင်ဖြစ်တဲ့ JAVMA က ကမ္ဘာ့တိရစ္ဆာန်ဆေးပညာနှစ် အထိမ်းအမှတ်အတွက် Legends in Veterinary Medicine အဖြစ် တိရစ္ဆာန်ဆေးကုဆရာဝန် ၁၂ ဦးကို ရွေးချယ်ပြီး တစ်လကို ကမ္ဘာကျော်တိရစ္ဆာန်ဆေးကုဆရာဝန် (၁)  ယောက်နှုန်းနဲ့ ဖော်ပြခဲ့ပါတယ်။ အဲဒီထဲမှာ Dr. Doherty လည်း တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပါတယ်။ တိရစ္ဆာန်ဆေးသိပ္ပံ ပညာရဲ့ သက်တမ်း ၂၅၀ အတွင်းမှာ အထင်ရှားဆုံး တိရစ္ဆာန်ဆေးကုဆရာဝန် (၁၂) ဦးထဲ အပါအဝင်ဖြစ်ခဲ့သူမို့ လေးစား အားကျနိုင်ကြဖို့နဲ့ ဂုဏ်ယူနိုင်ကြစေဖို့ ဖြစ်ပါတယ်။

(၂)

Peter Charles Doherty ကို ၁၉၄၀ ခုနှစ် အောက်တိုဘာလ (၁၅) ရက်မှာ သြစတေးလျနိုင်ငံ၊ ကွင်းစလန် (Queensland) ပြည်နယ်၊ ဘရစ္စဘိန်း (Brisbane) မြို့မှာ မွေးဖွားခဲ့ပါတယ်။ မိဘများကတော့ Eric Doherty နဲ့ Linder Doherty တို့ပဲ ဖြစ်ပါတယ်။ သားနှစ်ဦးအနက် အကြီးဖြစ်ပြီး ညီငယ်ကတော့ Ian Doherty ဖြစ်ပါတယ်။
Peter Doherty ဟာ ငယ်စဉ်က ဘရစ္စဘိန်းမြို Indooroopilly အထက်တန်းကျောင်းမှာ တက်ရောက် ပညာသင်ကြား ခဲ့ပါတယ်။ အထက်တန်းကျောင်းသားဘဝမှာ ကွင်းစလန်တက္ကသိုလ် (University of Queensland) ရဲ့ တိရစ္ဆာန်ဆေး သိပ္ပံကျောင်းကို သွားရောက်လည်ပတ်ခဲ့ရာက တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးဖြစ်ဖို့ ရည်မှန်းချက်တွေ စတင်ဖြစ်ပေါ်စေ ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဆေးပညာသုတေသီတစ်ဦးဖြစ်နေပြီ ဖြစ်တဲ့ ဝမ်းကွဲတစ်ယောက်ကြောင့် အသက် ၁၆ နှစ်အရွယ် မှာ တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ယောက်ဖြစ်ဖို့ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချမှတ်ခဲ့ပါတယ်။ သူ့ရဲ့ ရည်မှန်းချက်ကတော့ လူတွေအတွက် စားနပ်ရိက္ခာထောက်ပံ့ပေးတဲ့ မွေးမြူရေး တိရစ္ဆာန် (food producing animals) တွေနဲ့ ပတ်သက်တဲ့ သုတေသနလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။

Peter Doherty ဟာ ၁၉၆၂ ခုနှစ်မှာ ကွင်းစလန်တက္ကသိုလ် (University of Queensland) ကနေ တိရစ္ဆာန်  ဆေးသိပ္ပံ ဘွဲ့ရရှိခဲ့ပါတယ်။ ကျောင်း တက်စဉ်ကာလမှာ ယူထားတဲ့ နိုင်ငံတော်ရဲ့ အထောက်အပံ့တွေအတွက် အစိုးရဆီမှာ ပြန်ပြီး ၅ နှစ်အလုပ်လုပ်ပေးရပါတယ်။  မွေးမြူရေးလုပ်ငန်းတွေရှိတဲ့နယ်တွေမှာ ကာကွယ်ကုသလုပ်ငန်းတွေကို လအနည်းငယ်ကြာ  ဆောင်ရွက်ပြီးတဲ့နောက် တိရစ္ဆာန်ဆေးသိပ္ပံဓာတ်ခွဲခန်း (State Veterinary Laboratory) ကို ပြောင်းရွှေ့အမှုထမ်း ခဲ့ပါတယ်။ အဲဒီ ရောဂါရှာဖွေရေးဓာတ်ခွဲခန်းမှာ ရောဂါဗေဒ (Pathology) နဲ့ ပတ်သက်ပြီး တာဝန်ယူခဲ့သလို နွားတွေမှာ  ဖြစ်တဲ့ လပ်တိုစပိုင်ရိုးစစ် (Bovine Leptospirosis) နဲ့ ကြက်ဗိုင်းရပ်စ်ရောဂါတွေကို လေ့လာခဲ့ပါတယ်။ အဲဒီလေ့လာမှုတွေ နဲ့ပဲ ၁၉၆၆ ခုနှစ်မှာ ကွင်းစလန်တက္ကသိုလ်က တိရစ္ဆာန်ဆေးသိပ္ပံပညာ မဟာဘွဲ့ကို ထပ်မံရရှိခဲ့ပါတယ်။

၁၉၆၇ ခုနှစ်မှာ စကော့တလန်နိုင်ငံကို သွားရောက်ပြီး Moredun Research Institute မှာ ရောဂါဗေဒစမ်းသပ်မှု (experimental pathology) နဲ့ ပတ်သက်တဲ့ တာဝန်တစ်ခု ရယူခဲ့ပြီး လေ့လာမှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီမှာ ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါအဖြေရှာရေးလေ့လာမှု (diagnostic neuropahthology) တွေ၊  သိုးတွေ မှာ ရောဂါ  ဖြစ်ပွားစေတဲ့ louping ill virus နဲ့ ပတ်သက်တဲ့ လေ့လာမှုတွေကို ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလေ့လာမှုတွေ နဲ့ အတူ ၁၉၇၀ မှာ ရောဂါဗေဒဆိုင်ရာ ပါရဂူဘွဲ့ကို စကော့တလန်နိုင်ငံ အီဒင်ဘာ့ခ်ျ (University of Edinburgh) တက္ကသိုလ် ကနေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ပါရဂူဘွဲ့ရပြီးတဲ့နောက် သြစတေးလျနိုင်ငံကို ပြန်လာပြီး ကင်ဘာရာ (Canberra) မှာရှိတဲ့ သြစတေးလျ အမျိုးသားတက္က သိုလ် (Australian National University) ရဲ့ John Curtin School of Medical Research (JCSMR) မှာ သုတေသန လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။ JCSMR သူ့လိုပဲ သုတေသနတွေ ဆောင်ရွက်  နေတဲ့ Dr. Zinkernagel နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူတို့နှစ်ယောက်ပေါင်းပြီး ကြွက်တွေရဲ့ ခုခံအားစနစ် (immune system) ကနေ ဗိုင်းရပ်စ်တွေကို ဘယ် လိုတုံ့ပြန်သလဲဆိုတာကို လေ့လာကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီ လေ့လာမှုကြောင့်ပဲ သူတို့နှစ်ယောက်ဟာ ၁၉၉၆ ခုနှစ် အတွက် ဆေးပညာဆိုင်ရာနိုဘယ်လ်ဆု (Nobel Prize in Physiology and Medicine) ကို ပူးတွဲ ရရှိခဲ့ကြပါတယ်။ Dr. Peter Doherty နဲ့ Dr. Zinkernagel တို့ကို နိုဘယ်လ်ဆု ချီးမြှင့်ရတဲ့ အကြောင်းအရင်းကတော့ ခန္ဓာကိုယ်ရဲ့ ခုခံအား စနစ်မှာ T Cell တွေဟာ ရောဂါပိုးတွေကို ဘယ်လိုခွဲခြားသိသလဲ ဆိုတာကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြလို့ ဖြစ်ပါတယ်။

T Cell ဆိုတာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်မှာ အရေးပါတဲ့ သွေးဖြူဥတစ်မျိုးဖြစ်ပါတယ်။ Thymus မှာရှိတဲ့ thymocyte  တွေကတဆင့် တဖြည်းဖြည်း ဖွံ့ဖြိုးလာတာမို့ T Cell လို့ ခေါ်တာဖြစ်ပါတယ်။ အချို့သော T cell တွေက Tonsil မှာလည်း ဖွံ့ဖြိုးကြတယ်လို့ ဆိုပါတယ်။ T cell တွေဟာ Cell-mediated immunity အတွက် အလွန်အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင် နေတာဖြစ်ပါတယ်။ သူတို့ရဲ့ အထူးခြားဆုံးလုပ်ငန်းစွမ်းဆောင်ရည်ကတော့ ခန္ဓာကိုယ်ထဲမှာ ကျန်းမာတဲ့ ဆဲလ်တွေနဲ့ ရောဂါ ကူးစက်ခံထားရတဲ့ဆဲလ်တွေကို ခွဲခြားနိုင်ခြင်းပဲ ဖြစ်ပါတယ်။

ခန္ဓာကိုယ်ထဲကို ဗိုင်းရပ်စ်တွေဝင်ရောက်လာတဲ့အခါ အဲဒီဗိုင်းရပ်စ်တွေဟာ ခန္ဓာကိုယ်ထဲက ဆဲလ်တွေထဲကို ထိုးဖောက်ဝင်  ရောက်ကြပါတယ်။ ပြီးနောက်မှာတော့ အဲဒီဆဲလ်အတွင်းမှာ ပွားများယူကြပါတယ်။ Killer T Cell လို့ခေါ်တဲ့ T Cell အုပ်စု ဟာ အဲဒီလို ဗိုင်းရပ်စ်တွေဝင်ရောက်ပွားများနေတဲ့ ဆဲလ်တွေကို ရှာဖွေပြီး ဆဲလ်ကိုရော၊ ဗိုင်းရပ်စ်ကိုပါ ဖျက်စီးပစ်ပါတယ်။

Dr. Peter Doherty နဲ့ Dr. Zinkernagel တို့ဟာ ကြွက်အမျိုးအစား အမျိုးမျိုးဆီမှာ ဗိုင်းရပ်စ်တစ်မျိုးကို ကူးစက်စေ ပါတယ်။ အဲဒီနောက် ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ ကြွက်တွေရဲ့ ဆဲလ်တွေကို ဖျက်ဆီးပစ်မယ့် T Cell တွေကို ထုတ်ယူပြီး ကြွက်တွေရဲ့ ခန္ဓာကိုယ်ပြင်ပ (in vitro) မှာ လေ့လာခဲ့ကြပါတယ်။ ကြွက်တစ်မျိုးမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ ကြွက်ရဲ့ ဆဲလ်ကို ဖျက်ဆီးပေးတဲ့ T Cell ဟာ အခြားကြွက်တစ်မျိုးမှာ ဗိုင်းရပ်စ်ကူးစက်ထားတဲ့ ဆဲလ်ကို မဖျက်စီးပစ်နိုင်ဘူး ဆိုတာ ကို သူတို့နှစ်ဦး တအံ့တသြ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
Dr. Peter Doherty နဲ့ Dr. Zinkernagel တို့ဟာ သူတို့ရဲ့ တွေ့ရှိမှုကို အခြေခံပြီး ကောက်ချက်ဆွဲလိုက်တာကတော့ ဆဲလ်  တွေရဲ့ မျက်နှာပြင်မှာ histocompatibility antigens တွေ ရှိနေခြင်းဟာ သူ့ခန္ဓာကိုယ်က ကျန်းမာတဲ့ဆဲလ်တွေကို T Cell တွေက မှတ် မိနေစေဖို့ ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဆဲလ်တစ်ခုထဲကို ဗိုင်းရပ်စ်ကူးစက်ဝင်ရောက်ပြီဆိုရင် အဲဒီကူးစက်မှုကြောင့် ဆဲလ်ရဲ့မျက်နှာပြင်ပေါ်က histocompatibility antigen မှာ ပြောင်းလဲမှုတွေ ဖြစ်သွားပါတယ်။ ဒါ့ကြောင့် T Cell တွေအနေနဲ့ ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ ဆဲလ်ကို ကျန်းမာ တဲ့ ဆဲလ်တွေနဲ့ ခွဲခြားသိနိုင်တာ ဖြစ်ပါတယ်။ အဲဒီ T Cell တွေဟာ မူလက သိထားတဲ့ ကျန်းမာတဲ့ ဆဲလ်နဲ့ ဗိုင်းရပ်စ်ဝင်ပြီး သွားလို့ histocompatibility antigen ပြောင်းလဲသွားတဲ့ ဆဲလ် နှစ်မျိုးထဲကိုပဲ ခွဲခြားနိုင်ပါတယ်။ ဒါကြောင့် Dr. Peter Doherty နဲ့ Dr. Zinkernagel တို့ရဲ့ စမ်းသပ်မှုမှာ ကြွက် တစ်မျိုးရဲ့ T Cell ဟာ အခြားကြွက်တစ်မျိုးရဲ့ Infected cell ကို မဖျက်စီးနိုင်တာဖြစ်ပါတယ်။

သူတို့နှစ်ယောက်ရဲ့ ကောက်ချက်ဟာ အစပိုင်းမှာတော့ သိပ္ပံပညာရှင်အသိုင်းအဝိုင်းကြားမှာ ဝိဝါဒကွဲစရာ၊ ဆွေးနွေးငြင်းခုံစ ရာဖြစ်ခဲ့ကြပါတယ်။ အခြားသော သိပ္ပံပညာရှင်တွေက histocompatibility antigen မှာ အခြားသော လုပ်ငန်းဆောင်တာ၊ ရည်ရွယ်ချက်ရှိလိမ့်ဦးမယ်လို့ ယူဆကြလို့ပါ။ ဒါပေမယ့် သူတို့နှစ်ဦးကတော့ သူတို့ရဲ့ ကောက်ချက်ကို မှန်ကန်ကြောင်း သက်သေ အထောက်အကူရနိုင်မယ့် အခြားသော စမ်းသပ်မှုတွေကို ဆောင်ရွက်ခဲ့ကြပါတယ်။

အဲဒီ တွေ့ရှိမှုအတွက် ၁၉၉၆ ခုနှစ် အောက်တိုဘာလ (၇) ရက်မှာ နိုဘယ်လ်ဆု ရွေးချယ်ရေးအဖွဲ့က Dr. Peter Doherty နဲ့ Dr. Zinkernagel တို့ကို ဆေးပညာဆိုင်ရာနိုဘယ်လ်ဆုချီးမြှင့်ကြောင်း ဆုံးဖြတ်ကြေငြာခဲ့ပါတယ်။ “The Nobel Assembly at the Karolinska Institute has today decided to award the Nobel Prize in Physiology or Medicine for 1996 jointly to Peter C Doherty and Rolf M Zinkernagel for their discoveries concerning the specificity of the cell mediated immune defence.” လို့ ကြေငြာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ကြေငြာချက်ထဲမှာ သူတို့ရဲ့ တွေ့ရှိချက်တွေ  ကြောင့် အနာဂါတ်မှာ ခုခံအားစနစ်နဲ့ ပတ်သက်တဲ့သုတေသနတွေအတွက် လမ်းပွင့်သွားသလို၊ ရောဂါကုသရေး၊ ကာကွယ်  ဆေးထုတ်လုပ်ရေးတွေအတွက်လည်း အများကြီး အထောက်အကူဖြစ်စေတယ်လို့ ရှင်းလင်းဖော်ပြထားပါတယ်။

၁၉၇၅ ခုနှစ်မှာတော့ Dr. Peter Doherty ဟာ အမေရိကန်ပြည်ထောင်စု ဖီလာဒဲဖီးယား (Philadelphia) မှာရှိတဲ့ Wister Institute မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး အဲဒီ လို တာဝန်ထမ်းဆောင်နေစဉ်မှာပဲ ပန်ဆယ်လ်ဗေးနီးယားတက္ကသိုလ် (University of Pennsylvania) က သုတေသီနဲ့ တွဲပြီး လေ့လာမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလိုလေ့လာရာမှာတော့  ခွေးရူးပြန်ရောဂါကစလို့ ကြက်ငှက်တုတ်ကွေးအဆုံး ရောဂါအတော်မျိုးစုံအောင်လေ့လာခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ်မှာ သြစတေးလျကိုပြန်လာပြီး JCSMR ရဲ့ Department of Experimental Pathology မှာ ဌာနမှူးအဖြစ် ဆက်လက် လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီမှာလည်း ခုခံအားစနစ်နဲ့ပတ်သက်တဲ့ သုတေသနတွေကို အဓိကထား ဆောင်ရွက်ခဲ့တာ  ဖြစ်ပါ တယ်။ ၁၉၈၈ ခုနှစ်မှာတော့ အမေရိကန်နိုင်ငံ တန်နက်စီ (Tennessee) ပြည်နယ်မှာရှိတဲ့ St. Jude Children's Research Hospital ကိုပြောင်းရွှေ့အမှုထမ်းခဲ့ပြန်ပါတယ်။

၁၉၈၀ နဲ့ ၁၉၉၀ ခုနှစ် ပတ်ဝန်းကျင်ကာလတလျောက်မှာ Dr. Doherty ဟာ အပြည်ပြည်ဆိုင်ရာမွေးမြူရေးသုတေသနသိပ္ပံ (International Livestock Research Institute) ရဲ့ ဘုတ်အဖွဲ့ဝင်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။

၂၀၀၂ ခုနှစ်မှာ မဲလ်ဘုန်းတက္ကသိုလ် (University of Melbourne) မှာလည်း စတင်ပြီး တွဲဖက် တာဝန်ထမ်းဆောင်ခဲ့ ပါတယ်။ အခု လက်ရှိမှာတော့ တစ်နှစ်မှာ ၃ လ ကို St. Jude Children's Research Hospital နဲ့ တန်နက်စီတက္ကသိုလ်  (University of Tennessee) ဆေးကျောင်းမှာ သုတေသနလုပ်ငန်းတွေ ဆောင်ရွက်ပြီး ကျန်တဲ့ ၉ လကိုတော့ မဲလ်ဘုန်း တက္ကသိုလ် အဏုဇီဝဗေဒနှင့် ခုခံအားဗေဒဌာန မှာ သုတေသနလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပါတယ်။

Dr. Doherty အကြောင်းကို ပြောတဲ့အခါ သူရေးခဲ့တဲ့ စာအုပ်လေးတွေအကြောင်းလည်း ထည့်ပြောမှ ပြည့်စုံပါလိမ့်မယ်။ သူ့ရဲ့ ဘဝတစ်စိတ်တစ်ဒေသကို ဖော်ပြတဲ့ The Beginner's Guide to Winning the Nobel Prize ကို ၂၀၀၅ ခုနှစ်မှာ ပုံနှိပ် ထုတ်ဝေခဲ့ပါတယ်။ A Light History of Hot Air စာအုပ်ကိုတော့ ၂၀၀၇ ခုနှစ်မှာ ထုတ်ဝေပြီး ကမ္ဘာ့ရာသီဥတုပြောင်းလဲ လာမှု၊ ကမ္ဘာကြီးပူနွေးလာမှုတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဦးတည်ချက်ထား ရေးသားထားတယ်လို့ သိရပါ တယ်။ ၂၀၁၂ ခုနှစ်မှာတော့ ရောဂါတွေအကြောင်းကို အခြေခံတဲ့ Sentinel Chicken စာအုပ်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။ သူ့ရဲ့ စတုတ္ထမြောက်စာအုပ်ကတော့ The Knowledge War ဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ ရိုက်နှိပ်ထုတ်ဝေခဲ့တယ်လို့ သိရပါတယ်။

Dr. Doherty ကို နိုဘယ်လ်ဆုရ တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ယောက်အဖြစ် သိကြပေမယ့် သူ့ချီးမြှင့်ခံရတဲ့ ဂုဏ်ထူး၊ ဘွဲထူးတွေကတော့ နိုဘယ်လ်ဆု တစ်ခုတည်းမဟုတ်ပါဘူး။ ၁၉၉၅ ခုနှစ်မှာ Albert Lasker Award for Basic Medical Research ချီးမြှင့်ခြင်းခံရပါတယ်။ သူ့ရဲ့ အမိနိုင်ငံတော်ကနေ Dr. Doherty ကို နည်းမျိုးစုံနဲ့ ဂုဏ်ပြုခဲ့ရာမှာ ၁၉၉၇ ခုနှစ်အတွက် အကောင်းဆုံးနိုင်ငံသားဆု (Australian of the Year) ကို ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ သူ့ကို သြစတေးလျနိုင်ငံ ရဲ့ သက်ရှိရတနာ (Australian Living Treasure) အဖြစ်လည်း သတ်မှတ်ထားခြင်းခံရတာ ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံ ရဲ့ ဂုဏ်ထူးဆောင် (Order of Australia) မှာ အဆင့် ငါးဆင့်ရှိရာမှာ ဒုတိယအဆင့်ဖြစ်တဲ့ companion အဖြစ် သတ်မှတ် ခြင်းခံရပါတယ်။ ဒါ့အပြင် ၂၀၀၉ ခုနှစ်မှာကျရောက်တဲ့ ကွင်းစလန်ပြည်နယ်ရဲ့ နှစ် ၁၅၀ ပြည့်မှာ ပြည်နယ်ရဲ့ ဂုဏ်ထူးဝိသေသပုံရိပ် (Q150 icon) တစ်ခုအဖြစ် Dr. Doherty ရဲ့ သုတေသနကို ရွေးချယ်ခဲ့ကြပါတယ်။
သူအထက်တန်းကျောင်းတက်ခဲ့တဲ့ ဘရစ္စဘိန်းမြို့က Indooroopilly အထက်တန်းကျောင်းလေးမှာလည်း စာသင်ခန်းမ တစ်ခုကို သူ့နာမည်ပေးပြီး အမှတ်တရဂုဏ်ပြုခဲ့ကြပါတယ်။

(၃)

Dr. Peter Doherty အကြောင်းကို ပြန်လည်ခြုံငုံလေ့လာကြည့်ပြီး သင်ခန်းစာထုတ်ယူမိတာတွေကတော့ အများကြီးပါပဲ။ အဲဒီထဲမှာ ပထမဆုံးနဲ့ အရေးအကြီးဆုံးအချက်လို့ ပြောလို့ရတာကတော့ လူငယ်ဘဝကတည်းက သူ့ရဲ့ စိတ်အာရုံမှာ ထင် လင်းနေတဲ့ အများကောင်းကျိုးဆောင်ရွက်ဖို့ ဆိုတဲ့ သံဓိဌာန်ပဲ ဖြစ်ပါတယ်။ သူက ဘယ်တက္ကသိုလ်ကို တက်ရောက်မယ်လို့ ဆုံးဖြတ်ချက်ချရာမှာ ကျောင်းပြီးရင် လစာကောင်းဖို့၊ ဒေါက်တာဆိုတဲ့ ဂုဏ်ထူးဝိသေသရဖို့၊ ရာထူးကြီးကြီးရဖို့၊ ချမ်းသားဖို့ ဆိုတဲ့ စံတွေမထားပဲ “လူအများစားဝတ်နေရေးဖူလုံဖို့အတွက် လိုအပ်တဲ့ မွေးမြူရေးလုပ်ငန်းတွေဖွံ့ဖြိုးလာအောင် သုတေသ န လုပ်မယ်” ဆိုတဲ့ အတွေးနဲ့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့လူငယ်တွေအတွက် စဉ်းစားချင့်ချိန်စရာ၊ တွေးစရာ၊ အတုယူစရာ လေးတစ်ခုပါ။ များသောအားဖြင့် ကျွန်တော်တို့တွေဟာ ချမ်းသာကြွယ်ဝဖို့နဲ့၊ လူအများအထင်ကြီးခံရဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေ အပေါ်အခြေခံပြီး တက္ကသိုလ်တွေကို ရွေးချယ်လေ့ရှိကြပါတယ်။ ကိုယ့်ဘဝရှေ့ရေးကို ဆုံးဖြတ်လေ့ရှိကြ ပါတယ်။ လူကြီးအတော်များများကလည်း ဒီအတိုင်းပဲ လူငယ်တွေကို လမ်းညွှန်တာများပါတယ်။ အတော်ခေတ်မီတဲ့ လူကြီး မိဘများကတော့ “ဝါသနာပါမှ အောင်မြင်မှာမို့ ဝါသနာပါရာ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်ကို တက်ရောက်ကြဖို့” အ ကြံပြုလေ့ရှိပါတယ်။ လောကကြီးကောင်းကျိုးကို သယ်ပိုးချင်လို့ ဘယ်တက္ကသိုလ်ကို တက်တယ်ဆိုတာမျိုး လူငယ်တွေရော လူကြီးတွေရော မတွေးမိကြတာ များမယ်ထင်ပါတယ်။ Dr. Peter Doherty ရဲ့ တက္ကသိုလ်ရွေးချယ်ပုံလေးက ကျွန်တော် တို့ အတွက် အတွေးပွားစရာကောင်းလှပါတယ်။

ဒုတိယအချက်အနေနဲ့ သတိထားမိတာကတော့ မိမိသိချင်တာတစ်ခုအတွက် ရေဆုံးရေဖျားလိုက်ပြီး လေ့လာတတ်တဲ့ Dr. Doherty ရဲ့ စိတ်ဓာတ်ကိုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေလည်း မိမိစိတ်ဝင်စားရာ အကြောင်းအရာများအပေါ် တကယ် နက်နက်နဲနဲ သိချင်ဖို့၊ သိအောင်ကြိုးစားဖို့ လိုအပ်တယ်လို့ ယူဆမိပါတယ်။
သူ့ရဲ့ ဘဝကို လေ့လာကြည့်တဲ့အခါ အမေရိကနဲ့ သြစတေးလျ နှစ်နိုင်ငံကြားမှာ သွားလိုက်ပြန်လိုက်နဲ့ အသိပညာတွေ ရှာဖွေ  နေပုံကိုလည်း သတိပြုမိနိုင်ပါလိမ့်မယ်။ ဒါ့အပြင် တိရစ္ဆာန်ဆေးသိပ္ပံရဲ့ နယ်ပယ်ကို ခုခံအားဗေဒဆိုတဲ့ ထောင့်ကနေ ချဲ့ထွင် ရင်း ပြည်သူ့ကျန်းမာရေးနယ်ပယ်အထိ ရောက်ရှိသွားပုံကလည်း အလေးထားလေ့လာကြည့်ဖွယ် ဖြစ်ပါတယ်။
သြစတေးလျနိုင်ငံအနေနဲ့ ထူးချွန်ပြောင်မြောက်တဲ့ နိုင်ငံသားတွေကို ချီးမြှင့်မြှောက်စားတတ်ပုံ၊ လေးစားဂုဏ်ယူတတ်ပုံ  တွေကလည်း အတွေးပွားစရာကောင်းလှပါတယ်။ လူတစ်ယောက်ကို လွတ်လွတ်လပ်လပ် တော်ခွင့် ပေး ထားသလို၊  တော်လာတာနဲ့အမျှ နေရာပေး ချီးမြှင့်မြှောက်စားတတ်ပုံက အတုယူစရာကောင်းလှပါတယ်။

အဲဒီလို ဂုဏ်ပြုခံရတာတွေကို  ပြန်လည်သုံးသပ်ကြည့်ရင်း ထပ်ပြီး သတိထားမိတာကတော့ ကြိုးစားအားထုတ်မှုတစ်ခုအတွက် ဘယ်အချိန်မှာ ချီးမွမ်းခံရ၊ အသိမှတ်ပြုခံရမလဲ ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ၁၉၇၀ ကျော်က ကြိုးစားအားထုတ်မှု၊ ရှာဖွေတွေ့ရှိမှုတွေအတွက် တကယ် တမ်း အသိအမှတ်ပြုခံရပြီး နိုဘယ်လ်ဆု ချီးမြှင့်ခံရတာက အနှစ်နှစ်ဆယ်လောက်ကြာပြီး ၁၉၉၆ ခုနှစ်ရောက်မှ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ကျွန်တော်တို့အနေနဲ့ မိမိရဲ့ ကြိုးစားအားထုတ်မှုတွေ အရာမထင်လာသေးတဲ့အပေါ်၊ အသိအမှတ်အပြု မခံရသေးတဲ့အပေါ် ဝမ်းနည်းကြေကွဲနေမယ့်အစား၊ အခြားသူတွေအပေါ် ဒေါသဖြစ်နေမယ့်အစား၊ ကြိုးစားမှုအရှိန်ကိုပဲ ဆက်ခါဆက်ခါ မြှင့်တင်ရင်း အများက အသိအမှတ်ပြုလက်ခံလာတဲ့တစ်နေ့ကို စိတ်အေးအေး စောင့်စားနိုင်ကြဖို့ပဲ ဖြစ်ပါ တယ်။

“ထူးချွန်ထင်ရှား တိရစ္ဆာန်ဆေးကုဆရာဝန်များ” အကြောင်းကို ရှာဖွေလေ့လာရင်း ဖတ်ရှု့လေ့လာမိတဲ့ နိုဘယ်လ်ဆုရ တိရစ္ဆာန်ဆေးကုဆရာဝန် Dr. Peter C. Doherty ရဲ့ စိတ်ဓာတ်၊ အတွေးအခေါ်၊ ပြုမူဆောင်ရွက်ရင်း မွေးမြူရေးဆိုင်ရာဆေး တက္ကသိုလ်က သင်ကြားပို့ချပေးလိုက်တဲ့ အသိပညာ၊ အတတ်ပညာတွေကို မြန်မာနဲ့ ကမ္ဘာ့ပြည်သူတွေအတွက် အကျိုးရှိရှိ အသုံးချကြည့်ကြရအောင်လား ခင်ဗျား။

(စကားချပ် - ၂၀၁၇ ခုနှစ်မှာ ထုတ်ဝေရမယ့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် နှစ် ၆၀ ပြည့် မဂ္ဂဇင်းအတွက် ရေးသားပေးပို့ခဲ့ပေမယ့် ၂၀၁၈ ခုနှစ်ကို ကူးသွားပြီး မဂ္ဂဇင်းလည်း ထွက်မလာနိုင်သေးတာကြောင့် Facebook မိတ်ဆွေအတွက် မျှဝေလိုက်ရပါတယ်။ အထူးသဖြင့် နိုင်ငံရေးခြေလှမ်းမှားလေသူ တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ယောက်နဲ့ ပတ်သက်ပြီး တိရစ္ဆာန်ဆေးပညာနယ်ပယ်ကိုပါ ရောချချိုးနှိမ်တဲ့ စကားလေးတွေ ကြားရတဲ့ ဒီအချိန်မှာ တိရစ္ဆာန်ဆေးကုသရေးနယ်ပယ်ထဲက ထူးချွန်ထင်ရှားပြီး လူသားကောင်းကျိုးကို ဆောင်နိုင်ခဲ့သူ တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ယောက်အကြောင်း မျှဝေပြောပြသင့်တယ်လို့ ယူဆမိလို့ပါ။ ကျေးဇူးတင်ပါတယ်။ #ခိုင်ကြည်သစ်)

No comments:

Post a Comment