Mar 25, 2017

ငမိုးနဲ့ အိုး

" ငမိုးနဲ့ အိုး "

=======

                                      #နုနုရည်  အင်းဝ

အလို... ရွာလမ်းမကြီးတစ်ခုလုံး တယ်လည်း စည်ကားနေလိုက်ပါလား အရပ်ကတို့။ကြည့်စမ်းပါဦး။ ရေပက်တဲ့ကလေး လူကြီးကလည်း ရွာရှိလူအကုန်လား အောက်မေ့ရတယ်။ ဒီနေ့က အတက်နေ့။ နောက်ဆုံးနေ့ဆိုတော့ ဗွက်ကြမ်းအောင် ပက်ကြမှပေါ့လေ။ ဟော... ဥပုသ်သည်တွေကလည်း ၀တ်ကောင်းစားလှတွေနဲ့ ထမင်းချိုင့်တွေနဲ့ ဘုန်းကြီးကျောင်းသွားကြဖို့ ရွာလမ်းမပေါ်မှာ ဘယ်သူရေ ဘယ်သူဝါ တကြော်ကြော်ခေါ်ကြလို့။ 

အဲ့ဒီလူတွေကြားထဲမှာ ပိုက်ကွန်စုတ်ကို ပခုံးတင်ပြီး ကားရားကားရားနဲ့ သွားနေတဲ့ငမိုးကို အားလုံးက မျက်စောင်းထိုးကြည့်နေကြတယ်။ လည်ပင်းပေါ်မှာ စိပ်ပုတီးအကြီးကြီး တယမ်းယမ်းနဲ့ ဒေါ်ဖူးညိုကြီးကဆို မနေနိုင်မထိုင်နိုင် ရေပက်နေတဲ့ကလေးတွေဆီ လှမ်းပြီး "ဟဲ့ကောင်လေးတွေ အခါကြီးရက်ကြီးနော်။ ကောင်းကောင်းနေကြ "လို့ စောင်းပြောလိုက်သေးတယ်။

သူတို့ဟာသူတို့ ကြည့်ကြည့် စောင်းစောင်း ငမိုးတို့ကတော့ ဂရုမစိုက်ပေါင်ဗျာ၊ အရေးမဟုတ်ပေါင်ဗျာ။ ဘယ်နှယ့် ဗိုက်ဆာတာက အရေးဗျ။ ဟင်းမရှိတာက အရေးဗျ။ မာကြမ်းကြမ်းထမင်းနဲ့ ခရမ်းချဉ်သီးချက်ရေလုံပြုတ်ကို သုံးရက်ဆက်တိုက် ဘယ်သူတွေ စားနိုင်တုံး။ ပြောကြ။ ကွယ်ရာမှာ သူခိုးငမိုးလို့ နာမည်ပျက်ပြီးသားပီပီ ပါးစပ်ကလဲ ပျက်နေပြီလေ။ ဆူဖြိုးတဲ့အချိန်မှာ ဆူဖြိုးသလို ၀က်တစ်လဲ ၊ အမဲတစ်လဲ၊ ငမိုးတို့ တုတ်ခဲ့ဖူးသကိုး။ အင်း ... ၀က်မရခင်စပ်ကြား ငါးလေးနဲ့ပဲ ပေါင်းကွပ်ထားရသေးတာပေါ့လေ။

မြစ်ဆိပ်ကမ်းစပ်မှာ ငမိုးရဲ့ပိုက်စုတ် ဘုတ်ခနဲကျသံ ကြားတော့ အထက်နားကရေထဲမှာ ရေချိုးနေတဲ့ ဘသာတင့်က လှမ်းကြည့်သည်။

" အောင်မယ် ငမိုးတို့ကတော့ကွာ၊ အလုပ်ကောင်းအကိုင်ကောင်း လုပ်တော့မယ်နဲ့တူတယ်။ အောက်နား သွားသွား။ ငါ ဒီမှာ ရေသတ္တ၀ါတွေအတွက် မေတ္တာပို့နေတယ်။ အခါကြီးရက်ကြီးကွာ။ မင်းနှယ် "

ဘသာတင့်ကို ဘာမှပြန်ပြောမနေပဲ အောက်ဘက်ကို ငမိုး သုတ်သုတ်နဲ့ လျှောက်လာခဲ့တယ်။ ဒီအဘိုးကြီးနဲ့မှ တွေ့တတ်တယ်။ ရွာသက်ကြီးဝါကြီးဆိုပြီး တစ်အိမ်တက်ဆင်း သြဇာလိုက်ပေးနေတဲ့အဘိုးကြီး။ တစ်နေကုန်မူးနေတဲ့ သူ့သားငမူးကိုသာ သူမနိုင်တာ။

ပုဆိုးကို ခါးတောင်းကျိုက်ပြီး ရေထဲကို ငမိုးဆင်းခဲ့တယ်။ ခါးလောက်နက်တဲ့အခါကျ အသာရပ်ပြီး ပိုက်စုတ်ကို ဖြန့်ပစ်လိုက်တယ်။ ခဏနေပြီးတော့ ပိုက်ကို ဖြည်းဖြည်းချင်း ဆွဲယူရင်း စိတ်ဓါတ်က ကျချင်နေတယ်။ ငါးပါဖို့ မလွယ်လောက်ဖူးဆိုတာ ငမိုးသိနေတယ်လေ။ ရေနက်ပိုင်းလဲမဟုတ် ပိုက်ကလဲ ဖြစ်ကတတ်ဆန်း။ ငမိုးကိုယ်တိုင်ကလဲ ဒီအလုပ်ကို ကျွမ်းကျင်တာမဟုတ်။ မြစ်နားကမ်းနားသားမို့သာ ဒီလောက်လုပ်တတ်တာ။ မသေ၀ံ့လို့ စွန့်ရတာ၊ စားချင်လွန်းလို့ စွန့်ရတာ။

" ကုသိုလ်ရေးမို့ ကြိုးစားပါ၊ တို့များသူငါ ချွေးတလုံးလုံး "

ငါးမရပါဘူးဆိုမှ အရေးထဲ မြစ်လယ်ခေါင်ဘုတ်ချပ်မော်တော်ပေါ်က ကောင်နာလေးတွေက သံချပ်ထိုးသွားကြသေးတယ်။ သုံးခါပစ်ပြီးမှ ဘာမှမရတော့ လက်ကြောမတင်းတဲ့ငမိုး ထုံးစံအတိုင်း လက်လျှော့ချင်လာတယ်။ ပါးစပ်ကလဲ စိတ်တိုတိုနဲ့ မြစ်ထဲကငါးတွေကို မအေတွေ ငါတွေနဲ့ကုန်အောင် ကိုင်တုတ်ပြီးပြီ။ နောက်တစ်ချက်ပိုက်ပစ်အပြီးမှာ စိတ်မရှည်ရတဲ့အထဲ ငမိုးခြေထောက် ရေထဲမှာ စူးခနဲဖြစ်သွားတယ်။ 

" သောက်ကျိုးနည်း ပုလင်းကွဲများလားဟ။ ငါးမရဘဲ အနာရအောင် "

ငမိုး သူ့ခြေထောက်ကို ကပျာကယာ ရွေ့လိုက်တော့ ခြေထောက်က လုံးတုံးတုံးတစ်ခုကို သွားတိုက်မိပြန်တယ်။

" ဘာလဲဟ။ လိပ်လား ... မြွေလား ... "

ကြောက်စိတ်နဲ့ ကမ်းပေါ်တက်ပြေးဖို့ ငမိုး ကြံတုန်းမှာပဲ ဖျပ်ဆို သတိရသွားတယ်။ နေဦးလေငမိုးရဲ့။ ထစ်ခနဲဆို ပြေးပေါက်ရှာတဲ့ အကျင့်လေးကို ခဏထားဦး။ ဒီနားတစ်ဝိုက် မြစ်ဆိပ်တစ်လျှောက်ဟာ ကမ်းပါးတွေပြို အိမ်တွေပါပြီးကတည်းက ရေချိုးတဲ့လူတွေ လက်စွပ်တွေ့၊ လက်ကောက်တွေ့၊ ဆွဲကြိုးပြတ် တွေ့နဲ့။ ဟိုတစ်လောကဆို တံငါတစ်ယောက် လှေလေးတစ်စင်းနဲ့ ကမ်းစပ်ကပ်နေတုန်း အိုးလေးတစ်လုံးတွေ့တယ်လေ။ ငွေပြားတွေ အိုးနဲ့အပြည့် ရပါရောလား။ ဒီနေရာ

မှာ ရှေးက ချမ်းသာတဲ့သူတွေ နေတာတဲ့။ ငွေအိုးအပြင် ရွှေအိုးတွေလဲ ဒီနေရာမှာ .....။

ငမိုးခြေထောက်က လုံးတုံးတုံးအရာကို အတင်းတွယ်ကပ်ထားရင်း ရေထဲကို စုပ်ခနဲ အမြန်ငုပ်ချလိုက်တော့တယ်။ လက်ထဲကပိုက်စုတ် သွားပေရော့။ ငါးကြီးအာနန္နာဝင်နေလဲ ငမိုး မမှုတော့ဘူးဟေ့။ ရေထဲကလုံးတုံးတုံးကို ငမိုး လက်တစ်ဖက်နဲ့ အသာမပြီး ရေပေါ်မြှောက်လိုက်တယ်။ ဟာ ... အိုးပဲဟ။ အိုးလေးတစ်လုံးပဲ။ ထန်းရည်မြူအိုးလေးလိုပဲ အဖုံးမပါဘူး။ ရေတွေနဲ့ပြည့်နေတဲ့ အိုးကလေး ....။ ငမိုး ရင်တွေတုန်လာတယ်။

" အိုးကွ။ အိုး .... ရွှေအိုးကွ ..... "

အသံတုန်ကြီးနဲ့အော်ရင်း ငမိုး ကမ်းပေါ်ကို ပြေးတက်လာပြီး အိုးထဲကအရာတွေကို သွန်ချလိုက်တာနဲ့ အရင်ဆုံးရောက်လာတာက ဘသာတင့်၊ ပြီးတော့ ကမ်းပါးပေါ်ကဖြတ်သွားရင်း ကြားလိုက်တဲ့ ကောင်လေးနှစ်ယောက်။

" ဟ ငမိုး ဘယ်မှာလဲကွ ရွှေတွေ။ သောက်အဓိပ္ပာယ်မရှိ၊ မင်းဥစ္စာ အိုးခြမ်းကွဲတွေ "

" ဟာဗျာ " 

ငမိုးမျက်လုံးတွေ ၀ါးနေတယ်။ တစ်ကိုယ်လုံးလဲ အားမရှိတော့သလိုပဲ။ ဆိုးလိုက်တဲ့ကံ။ ခေလိုက်တဲ့ကံ။ အိုးတော့ ရပါရဲ့။ ကြည့်ပါဦးဗျာ၊ သူများလို ငွေဒင်္ဂါးလည်းမဟုတ်၊ ရွှေဒင်္ဂါးလဲမဟုတ်၊ မညီမညာ မည်းမည်းသည်းသည်းနဲ့ အိုးခြမ်းကွဲတွေ။

" အဲ့ဒါ လူပေါ်မူတည်တာပေါ့ကွာ၊ ကြားဖူးတယ်မဟုတ်လား။ ကိုယ်နဲ့မထိုက်ရင် ရွှေအိုးကနေ အိုးခြမ်းကွဲတွေ၊ မီးသွေးတွေ ဖြစ်သွားတတ်တယ် ဆိုတာလေ "

ငမိုး ဘသာတင့်ကို ဘာမှ ခွန်းတုံ့မပြန်နိုင်ဘူး။ ငုတ်ထိုင်ထိုင်ပြီး အိုးခြမ်းကွဲတွေကိုပဲ ကြည့်နေမိတယ်။ ဟိုသောက်ကောင်လေးနှစ်ယောက်ကလဲ ဘာမှ နားလည်တာမဟုတ်ဘဲနဲ့ တီးလိုတီးကြည့်။ ခေါက်လိုခေါက်ကြည့်နဲ့။

" ကိုငမိုး ခင်ဗျားဥစ္စာတွေက လေးတယ်ဗျ၊ အိုးခြမ်းကွဲတော့ မဟုတ်ဘူးထင်တယ်။ လာခဲ့စမ်း။ စမ်းကြည့်လိုက်မယ်။ ယား ....... "

" ဟာ မကွဲဘူးဗျ "

ဟိုကောင် လက်ဝါးစောင်းနဲ့တောင် မကွဲဘူးဆိုတော့ ဘာတွေပါလိမ့်ဆိုတဲ့ အတွေးနဲ့ ငမိုး စိတ်တက်ကြွလာတုန်းမှာပဲ " ဟာ ရှေးအိုးတွေက အထူကြီးတွေကွ။ မာတယ် "

တော်ပါပြီ။ ဘာပဲဖြစ်ဖြစ် ဘသာတင့်နားကနေ ငမိုးသွားမှ တော်မယ်။ အိုးလေးထဲကို ဘာမှန်းမသိတဲ့ အကွဲတွေ မြန်မြန်ပြန်ထည့်ပြီး ငမိုး လှည့်ထွက်လိုက်တယ်။

" ကိုသာတင့် တော်ရေနစ်နေပြီ အောက်မေ့လို့ ၊ ကျုပ်မယ် ထမင်းပွဲကြီးနဲ့ တစောင့်စောင့်၊ တော်ဟာလေ "

" လာပါပြီဟ။ ဒီမှာ ဟိုကောင်ငမိုး ရွှေအိုးရတယ်ဆိုလို့ "

" ရွှေအိုး ဟုတ်လား "

" မဟုတ်ပါဘူး။ အိုးပေတဲ့ အထဲမှာ အိုးခြမ်းကွဲတွေပါဟာ "

" ဟယ် ဟုတ်ရဲ့လား။ ဟဲ့ငမိုး ပြစမ်း။ ငါ့ပြစမ်း "

နတ်ဖတ်တဲ့ ဒီအဘိုးကြီးအဘွားကြီးလင်မယားကို ငမိုး ရှောင်မရတော့ဘူး။ အဘွားကြီးက အချပ်တစ်ချပ်ကို ယူတဲ့ပြီး မေးကုပ်ကြည့်ရင်း " အိုးကွဲလိုလို စဥ့်ကွဲလိုလို မာတာတာနဲ့ ရွှေငွေတော့မဟုတ်ဘူးဟဲ့။ ငါ့ကို တစ်ချပ်ပေးခဲ့စမ်း။ ငါ့မြေးတွေ

ထွေပစ်ရအောင်လို့ "

" ယူဗျာ .... ယူ "

မြန်မြန်နားအေးဖို့ အရေးကြီးတယ်။ ဟုတ်တယ်။ ဒါနဲ့ပဲ ငမိုး အိမ်ရောက်မှာ မဟုတ်တော့ဘူး။ ငမိုး မြန်မြန်လျှောက်ခဲ့တယ်။ ဒါပေမဲ့ အိမ်ကို တော်တော်နဲ့မရောက်ဘူး။ ငမိုး အိုးတစ်လုံးရလို့ဆိုတဲ့ သတင်းဟာ ရွာလမ်းမမှာ ပျံ့နှံ့နေပြီလေ။ အိုးထဲက မာတာတာအရာတွေကို ယူကြည့်ကြ၊ ပွတ်လိုက်ကြနဲ့ တစ်ချို့ကလဲ ဗဟုသုတအဖြစ် ကြည့်ရအောင် တစ်ချပ်လောက် တောင်းတယ်။ ထွေပစ်ချင်တဲ့ ကောင်လေးတွေကလဲ ကိုငမိုး ကျွန်တော့်တစ်ချပ်လောက်၊ တစ်ချပ်လောက်နဲ့၊ တောင်းတဲ့

သူတွေကို ငမိုးဆွဲပစ်ပေးလိုက်တာ ဆယ်ချပ်လောက်တော့ရှိမယ်။ ဒါတောင် အိုးထဲမှာ အများကြီးရှိသေးတယ်။

အိမ်ရှေ့ရောက်တာနဲ့ အဆင်သင့်စောင့်နေတဲ့ မိန်းမက ကုလားရွှေ ခွေးနင်းမေးတာကို ငမိုး ငေါက်ပစ်လိုက်ပြီး အိုးချပေးခဲ့တယ်။ ပြီးတော့ အိမ်ရှေ့ကြမ်းပြင်မှာ ရေစိုကြီးနဲ့ လှဲအိပ်နေလိုက်ရော။ မိန်းမနဲ့ သူ့အမျိုးတွေအသံ ကြွက်စီကြွက်စီတော့ နားကလောစရာ ကြားနေရတယ်။ ဒါပေမဲ့ ငမိုးစိတ်တိုနေရတာ တစ်နာရီလောက်ပဲ ကြာမယ်။ ဟုတ်တယ် တစ်နာရီလောက်ပဲ။

" ငွေမုဆိုး " ရောက်လာတယ်လေ။ ငမိုးတို့လို လူတွေအခေါ်ငွေမုဆိုး။ ငွေဒင်္ဂါးတွေ ငွေတိုငွေစတွေလိုက်ဝယ်တဲ့ ငွေကုန်သည်၊ သတင်းကြားနဲ့ အနံ့ခံပြီး လိုက်လာတာပေါ့။ ငမိုးရဲ့ဘာမှန်းမသိတဲ့ အကွဲတွေကို စမ်းသပ်စစ်ဆေးပြီး ငွေမုဆိုးက ပြောတယ်။ 

ငမိုးရဲ့အကွဲတွေဟာ ရှေးတုန်းက ငွေအစစ်တွေတဲ့။ ဒီခေတ်ပေါက်ဈေးနဲ့ ငမိုး ငွေငါးသောင်းလောက် ရနိုင်တယ်တဲ့လေ။ ငါးသောင်း .... ငွေငါးသောင်းတဲ့။

" ခင်ဗျားဥစ္စာ သုံးပိသာနဲ့ ရှစ်ဆယ်သားရှိတယ်ဗျ "

" ဟာ အိုးသေးပေမဲ့ အချိန်တော်တော်စီးတယ်နော် "

" ဟာ .... စီးတာပေါ့။ တစ်ချပ်တစ်ချပ်ကို ခင်ဗျားဟာ တစ်ဆယ်သားလောက်ချည်းပဲဥစ္စာ၊ အချပ်သေးဆိုရင် ငါးကျပ်သားသာသာရှိတယ် "

" ဟုတ်လား "

" အဲ ဈေးကတော့ ခင်ဗျား ကျေနပ်တယ်နော်၊ တစ်ကျပ်သား တစ်ရာ့ငါးဆယ်ဆိုတာ ကျွန်တော်လဲ အစွမ်းကုန်ပေးထားတာပါ "

" ကျေနပ်ပါတယ် ... ကျေနပ်ပါတယ် "

" ကဲ ဒီလိုဆို ငွေချေရအောင် "

ငွေတွေ ငွေတွေ .... ကြည်စမ်းပါ။ ငမိုးတစ်သက်မှာ မမြင်ဖူးခဲ့တဲ့ငွေတွေ၊ ငမိုး အော်လိုက်ချင်တယ်။

***************************

ဝူးဝူးဝါးဝါးသံ ဗလုံးဗထွေးနဲ့အတူ ငမိုး အိပ်ရာက လန့်နိုးလာတယ်။ လူးလဲပြီး ထထိုင်လိုက်တယ်။ 

ငါ ငွေတွေရတာ တစ်ကယ်လား။ အိမ်မက်လား။ ဟား ဟား .... မဟုတ်ဘူးကွာ၊ အိမ်မက်မဟုတ်ဘူး ......။

မိုးလင်းကာစ အလင်းရောင်လေးတွေအောက်မှာ အနီရောင်တလက်လက်ပြေးနေတဲ့ ငမိုးရဲ့ရေဒီယိုကက်ဆက်ကြီးက အကောင်အထည်ကြီးနဲ့ သက်သေခံလို့နေပါပကော။ ငွေမုဆိုးဆီက ငါးထောင်နဲ့ဝယ်ချလာခဲ့တဲ့ ကက်ဆက်ကြီးပေါ့။ အနီရောင်ကက်ဆက်ကြီးကို ငမိုး တယုတယပွေ့ထားလိုက်တယ်။ အို ဒီနေ့ နှစ်ဆန်းတစ်ရက်ပါလား၊ မင်္ဂလာရှိလှတဲ့ နှစ်ဆန်းတစ်ရက်ပါခင်ဗျာ။ မင်္ဂလာရှိတဲ့အချိန်မှာ နံနက်ချိန်ခါ တေးသံသာလေးတွေကို ငမိုးရဲ့ရေဒီယိုကနေ တစ်ရွာလုံးကြားအောင် 

လွှင့်ထုတ်လိုက်စမ်းမယ်။

ငွေမုဆိုးပြတဲ့ လိုင်းဖမ်းနည်းအတိုင်း ဖမ်းပေမဲ့ ခုနှစ်နာရီမထိုးသေးတဲ့အတွက် ငမိုးရေဒီယိုက ကွီကွီကွာကွာတွေပဲ မြည်လာတယ်။ မဖြစ်သေးပါဘူးဆိုပြီး ငမိုး ရေဒီယိုခလုတ်ကို ဒုတ်ခနဲပိတ်လိုက်တော့မှပဲ နံနက်ချိန်ခါတေးသံသာက လာတော့တယ်။ ဒါပေမဲ့ ငမိုးရေဒီယိုက မဟုတ်ဘူး။ အိမ်ခေါင်းရင်းကနေ လာတာ။

" အမေ မတရားမလုပ်နဲ့နော်။ လူကြီးဖြစ်ပြီး စိတ်ရင်းမယုတ်နဲ့။ ပေး ကျွန်မငွေပြားကို ခု ပြန်ပေး "

" အောင်မယ် ငါမွေးထုတ်လိုက်တဲ့ ကောင်မကများ၊ ငါ့ကို စော်ကားလိုက်တာ၊ ဟဲ့...မပေးဘူး။ မပေးဘူး။ မပေးတော့ နင်က ဘာလုပ်ချင်လဲဟေ့  .... လာခဲ့။ လာခဲ့ပါကောင်မရဲ့။ ရှေ့တိုးခဲ့စမ်းပါ "

" မတိုးရဲဘူးမထင်နဲ့ ဒေါ်ဟိုဒင်းကြီးရေ၊ မအေမို့ မအေမို့လို့နားလည်လား၊ ဘယ်နှယ့်တော် မတရားသဖြင့် သူယူတာက အကြီးကြီးနှစ်ပြားတောင်။ ဒီက တစ်ပြားပဲပြန်တောင်းတာပါ။ ဒါကို ဒေါ်လောဘကြီးက ပြန်မပေးဘူးတဲ့။ အရပ်ကတို့ရဲ့ ကြည့်မနေပါနဲ့ "

" ဟဲ့ကောင်မ နင့်သောက်ပြားကို ငါယူတာ ငွေမှန်းသိလို့ ယူတာလား၊ လေလန်ရင် ဖိရအောင်လို့ ကြီးတာ လေးတာဆိုပြီး ငါယူတာ၊ အဲ့တုန်းက နင်ဘာပြောလဲ ဟဲ့ကောင်မ ဟင်၊ ဘာပြားတွေမှန်း မသိဘူးဆိုပြီး နင့်လင် အကုန် ဝေဖန်တိက လုပ်လာတာကျတော့ရော နင်လိုက်တောင်းပါလား "

" တောင်းမှာ ...  တောင်းမှာ ...  စိတ်ချ အကုန်တောင်းမှာ။ ဘာမှနားမလည်တဲ့ ငမိုးကိုလဲ သတ်ချင်တယ်၊ ဝေခြမ်းရေးကောင်းကြီးလေ၊ ဟင်း ... ငါ့ငွေပြားတွေ အကုန်ပြန်ပေးရင် ပေး၊ မပေးလို့ကတော့ အကုန် ရဲတိုင်မယ်။ မအေလည်း မရှောင်ဘူးမှတ်ပါ "

မိန်းမနဲ့ယောက္ခမနဲ့ နံနက်ချိန်ခါ တေးသံသာကို ငမိုးပါးစပ်ကြီးဟပြီး နားထောင်နေမိတယ်။ သြော် ... ညက မအိပ်နိုင်ပဲ ငွေထုပ်ကြီးပိုက်ပြီး ဒီမိန်းမ ငမိုးပေးခဲ့တဲ့ ငွေပြားစာရင်းကောက်နေတာ ဒါကြောင့်ကိုး။

" အရီးဖူးညို လည်ပင်းမှာ စိတ်ပုတီးကြီးနဲ့ မညာနဲ့၊ ကိုယ့်မြေးကိုယ်မေး၊ သံချောင်းတောင်းလို့ တစ်ချပ်ပေးခဲ့တယ်တဲ့၊ ပေးပါ ကျွန်မငွေပြား"

" အို ခုမှ သောက်ဇယား လာမရှုပ်နဲ့။ ညည်းလင်က ပေးတုန်းက ပေးပြီးတော့ "

" ငွေပြားမှန်းမသိလို့ ပေးတာပေါ့၊ သိရင် ဘယ်သူက ပေးမှာတုန်း၊ တစ်ကျပ်သား တစ်ရာ့ငါးဆယ်တောင် တန်တာ၊ ဘယ်သူမှ မပေးနိုင်ဘူး၊ ကိုယ်နဲ့ထိုက်လို့ ကိုယ်ရတာ၊ ကြားက အချောင်မကြိတ်ချင်နဲ့ဟေ့ "

ဒေါ်ဖူးညိုနဲ့ ငမိုးမိန်းမရဲ့ တစ်ပြိုင်နက်အော်ဟစ်သံတွေဟာ ရွာလမ်းမပေါ်မှာ ပွက်ပွက်ညံသွားတယ်။

" ကျွန်တော်များ နှစ်ဆန်းတစ်ရက် အန္တရာယ်ကင်းပရိတ်တရားနာရန် ပရိတ်အိုးများ ယူဆောင်ပြီး ရွာထိပ်ကို ကြွကြပါဗျို့ "

ကာလသားခေါင်းရဲ့ ဗျို့ဟစ်သံက ရန်ဖြစ်ပွဲကို မထွင်းဖောက်နိုင်ဘဲရှိနေတုန်း ရွာအနောက်ဘက်ကနေ ဘုန်းကြီးတွေလဲ စီတန်းကြွလာခဲ့ကြပြီ။ 

" စားနိုင်ကြပါစေတော်၊ မျိုနိုင်ကြပါစေတော်၊ သူများမသတာရေစာကို စားနိုင်ကြပါစေ။ တစ်ချပ်ကို ထောင်ကျော်ရတော့ ဟန်ကိုကျလို့ပေါ့၊ တစ်သက်လုံး တစ်ထောင်မကိုင်နိုင်တဲ့ ဟာတွေ၊ ကိုင်ကြပါစေ။ ကိုင်နိုင်ကြပါစေတော် "

" ဟဲ့ကောင်မ သောက်ကြီးသောက်ကျယ်နဲ့ ညည်းက ဘယ်ဘ၀ကလာတာမို့လို့တုန်းဟေ။ လူကြီးတန်မဲ့ ငါပြောလိုက်ရ "

" အမယ်လေး ဒီလိုဆိုလည်း ဘွားတဆုပ်လက်နဲ့ယူလိုက်တဲ့ ကျွန်မငွေပြား ပြန်ပေးပေါ့၊ ငါ့မြေးကစားဖို့ ဆိုပြီးလေ "

" ဟဲ့ငါယူတာ အိုးခြမ်းကွဲမှတ်လို့ဟဲ့ "

" ဟဲ့ စကားရှည်တယ်ကွာ၊ ပြန်ပေးလိုက်စမ်း မိတစ်ဆုပ်၊ လူကြီးသူမတွေကို လာစော်ကားနေတယ်။ ငါချီးတဲ့မှ ငွေပြားတစ်ပြား သောက်ဖိုးထိုက်လွန်းလို့ "

" အလို ကိုသာတင့်၊ ဘုရားတကာကြီးရဲ့၊ ထိုက်တယ်တော့ ထိုက်တယ်၊ သောက်ဖိုးထိုက်တယ်၊ တော်သိရဲ့လား။ တော်သာ အားအားရှိ ရေထဲသွားပြီး ရေသတ္တ၀ါတွေ မေတ္တာပို့၊ တစ်ပို့ထဲပို့၊ ရေထဲရပ်နေတုန်း တော်ခြေထောက်တွေက ဘာလုပ်နေလဲဟင်၊ ဟိုထိုး ဒီထိုး ထိုးကြည့်ပါတော့လား ...  စမ်းကြည့်ပါတော့လား "

" နင့်မေကလွှားထဲမှကွာ၊ အသာနေစမ်း၊ ဘယ်နှယ့်ဗျာ ကံတရားများကလဲ အခါကြီးရက်ကြီး သတ္တ၀ါသတ်မလို့ ကြံတဲ့ကောင်ဘက် လိုက်တယ်။ သတ္တ၀ါမေတ္တာပို့နေတဲ့လူဘက်ကျတော့ ငါ့ချီးထဲမှ "

ဒေါနဲ့မောနဲ့ လက်ထဲကပရိတ်အိုးကို ဘသာတင့် ဆောင့်ချလိုက်တယ်။ ကွဲသွားတဲ့ ပရိတ်အိုး၊ အိုးခြမ်းကွဲအစစ်တွေက မြေကြီးပေါ်မှာ ဖွေးခနဲ။

" လောဘ မောဟဆိုတာ လောင်မီးကိလေသာ... တဟုန်းဟုန်းတောက်လို့သာ .... တစ်ဖြုန်းဖြုန်း မောက်မို့ရွာ...... "

ဟော ဘာပါလိမ့်လို့ ငမိုးပါလား။ ကြည့်ကြစမ်းပါ အရပ်ကတို့။ သူ့ကက်ဆက်အနီကြီးကို ပွေ့လို့။ ရွာလယ်လမ်းမှာ ပြုံးးဖြီးဖြီးကြီး လျှောက်လာနေပုံများ။ ရွာထိပ် ရေဆိပ်မြစ်ကမ်းမှာ ငမိုး ရပ်လိုက်တယ်။ ဟောဗျာ.... ရေထဲမှာ ငမိုးအိုးရတဲ့နားတစ်ဝိုက်က ရေထဲမှာ ငုပ်လိုက် ဖော်လိုက်နဲ့ ရွာထဲက ယောက်ျားဘသားတွေ။ မျက်လုံးအပြူးသားနဲ့ ငမိုး ကြောင်ကြည့်နေမိတယ်။ ငမိုးရင်ခွင်ထဲက ကက်ဆက်နီရဲ့ နံနက်ချိန်ခါ တေးသံသာကတော့ မြစ်ကမ်းပါးတစ်ခိုမှာ ပျံ့လွင့်နေဆဲ၊ ဘာတဲ့။

" လောဘ မောဟဆိုတာ လောင်မီးကိလေသာ... " တဲ့။

                                နုနုရည် အင်းဝ

                     ၁၉၉၃ ခုနှစ်၊ မတ်လ၊ ဓနမဂ္ဂဇင်း။

ဆတ္တာသည်

" ဆတ္တာသည် "
=========

                                              #နေဝင်းမြင့်

(၁)

“အဲဒါနဲ့ …”

ကိုအောင်မောင်းက စကားကို ရပ်လိုက်ပြီး ကွမ်းဖတ်တွေနဲ့ ရောနေတဲ့ ကွမ်းတံတွေး တော်တော်များများကို မတ်တတ်ရပ်ရင်းက ကြမ်းပေါက်နဲ့ချိန်ပြီး ထွေးချလိုက်တယ်။ ဒါပေမယ့် ချိန်သားလွဲသွားတော့ ကွမ်းတံတွေးတွေဟာ ကြမ်းပေါ်မှာ ပေပွသွားတယ်။ ဒါကိုပဲ သူစီးလာတဲ့ ရာဘာဖိနပ်ဦးနဲ့ ထိုးကော်ပြီး ကြမ်းပေါက်ထဲကို ကျသွားအောင် လုပ်နေပြန်ရော။ ကွမ်းဖတ်တွေက ကျသွားပေမယ့် ကွမ်းတံတွေးတွေက နှလုံးနာစရာ ကောင်းအောင် တွယ်ကပ်နေတယ်။

ဒါကို ခေါင်းငုံ့ထားရတဲ့ ကျွန်တော်က အားလုံး မြင်နေရတယ်။ ဒါပေမယ့် ကျွန်တော် ဘာမှပြောလို့ မရဘူး။ ပါးစပ်တွေ၊ ပါးတွေ၊ မေးစေ့တွေမှာ ဆပ်ပြာမြှုပ်တွေ ပေပွနေတာက တစ်ကြောင်း၊ သူ့ ဆံပင်ညှပ်ဆိုင်ကလေး ထဲမှာ သူ့ဟာသူ လွတ်လပ်စွာ တံတွေးထွေးပိုင်ခွင့် ရှိတာက တစ်ကြောင်း ကြောင့်ပါ။

ကိုအောင်မောင်းက ကျွန်တော့်ပါးပေါ်က ဆပ်ပြာမြှုပ်တွေ ခြောက်သွားပြီ ထင်လို့လားတော့ မသိဘူး။ အမွေး တော်တော်လျော့နေတဲ့ ရှေ့ဗင်းဘရပ်ရ်ကို ရေဆွတ်ပြီး ထပ်ပွတ်နေပြန်ရော။ ပွတ်တာကလည်း ဆပ်ပြာမွှေးလေး မဟုတ်တောင် ကာဘော်လစ်လေး ဘာလေးနဲ့ဆို တော်သေးတယ်။ အခုဟာက ဆင်ချေးတုံး ဆပ်ပြာနဲ့ ဆိုတော့ ပျစ်ချွဲချွဲ နံစော်စော် အနံ့က နှာခေါင်းထဲ တိုးဝင်လာတယ်။ ပြီးတော့ လည်ပင်းမှာ သိုင်းချည်ထားတဲ့ ခြုံထည်ကကြိုးကို မလိုအပ်ဘဲ ပြန်လျှော့လိုက်၊ ပြန်တင်းလိုက်၊ ခေါက်တုံ့ကလေး ချည်လိုက်၊ တစ်ခါ ပါးစပ်ထဲမှာ ကျန်နေသေးတဲ့ ကွမ်းတံတွေးကို ဗျစ်ခနဲ ထွေးပြန်ရော။

“အဲဒါနဲ့ ပထမတော့ ကျုပ် အလျှော့ပေးပါတယ်၊ ဪ … တစ်နေ့တော့ သူ သဘောပေါက်လာမှာပါ ပေါ့လေ၊ သူများတွန်းလို့ တိုက်လို့ ဖြစ်ရတာပါ ပေါ့လေ၊ ယောက္ခမ အစ်မကြီးကတော့ မဆိုးပါဘူး၊ သူ့ညီမက ဆိုးတာ”

ကိုအောင်မောင်းက ပြောပြောဆိုဆို သူ့လက်မ တစ်ချောင်းနဲ့ မေးအောက်ကနေ မတင်လိုက်တယ်။

နည်းနည်းမော့ပါပေါ့။ ကျွန်တော်က အလိုက်သင့် မော့လိုက်တော့ သူက သင်တုန်းဓားကို သူ့ဘယ်ဘက် လက်ဖဝါးထဲမှာ ဖန်းဖန်း … ဖန်းဖန်းနဲ့ မြည်သွားအောင် ခတ်တယ်။ ကိုအောင်မောင်းက သည်လိုလုပ်နေကျ။

ဝါးထရံဘေးက မဓမတိုင်မှာ သံကြိုးကြီး တစ်ချောင်းနဲ့ ရိုက်ထားတဲ့ သားရေပြား မည်းမည်းကြီး တန်းလန်းချထားတာ ရှိလျက်နဲ့ ဘယ်တော့မှ သားရေပြားမှာ သွားမခတ်ဘူး။ မုတ်ဆိတ် စရိတ်တော့မယ့် သူ့ဖောက်သည်ကို သည်လိုလုပ်ပြရတာ ဘဝင်တွေ့ပုံလည်း ရတယ်။ ခက်တာကလည်း တကယ့် ကျွမ်းကျွမ်းကျင်ကျင်နဲ့ အသာကလေး ဟိုလှည့်ဒီလှည့် လုပ်တာ မဟုတ်ဘူး။ မွှတ်နေအောင် လုပ်နိုင်တာ။ တကယ်တော့ ထက်ရှနေတဲ့ သင်တုန်းဓားကို လက်ထဲမှာ တဖန်းဖန်း မြည်အောင် ခတ်နိုင်တာဟာ လွယ်တာ မဟုတ်ဘူး။ ကျွမ်းကျင်မှုကို ပြတာ။ ‘စိတ်ချပါဗျာ၊ ကျုပ်အလုပ် ကျုပ် ကျွမ်းကျင်ပါတယ်’ လို့ ပါးစပ်က မပြောဘဲ လက်က လုပ်ပြတာလည်း ဖြစ်နိုင်တယ်။

ကျွမ်းကျင်သည် ဖြစ်စေ၊ မကျွမ်းကျင်သည် ဖြစ်စေ မုတ်ဆိတ်ကို ဆိုင်မှာရိတ်ပြီ ဆိုကတည်းက မျက်နှာတစ်ခုလုံး၊ လည်ပင်းတစ်ခုလုံး သူ့ကို အပ်ထား လိုက်ရတာ မဟုတ်လား။ ရိတ်နေတဲ့ ကာလလေးထဲမှာ သူပိုင်တာပဲ မဟုတ်လား။ သူက ခေါင်းပေါ်ကို သူ့လက်ဝါး တစ်ခုလုံးနဲ့ အုပ်ကိုင်ထားပြီး လက်မက နားထင်ကို  ထောက်ထားတယ်။ ဓားကို တစ်ချက်နှစ်ချက် ဆလိုက်ပြီး နားရွက်ဖျား တည့်တည့်က နားသယ်မွှေးတွေကို ဂျစ်ခနဲ ဂျစ်ခနဲ ဆွဲရိတ်တယ်။ ဒါဟာ သူ့ဓားရဲ့ ပြတ်နှုန်းကို စမ်းလိုက်တာလည်း ဖြစ်၊ သန်မာနေတဲ့ ပါးမြိုင်းမွေးနဲ့ ဓားသွားနဲ့ ထိစပ်မှုမှာ အားဘယ်လောက် ထည့်ရမလဲဆိုတာ တစ်ခါတည်း စမ်းလိုက်တဲ့ ဓားချက်လည်း ဖြစ်တယ်ဆိုတာ အောက်က အရိတ်ခံနေရသူက သိတယ်။

“ခင်ဗျား စဉ်းစားကြည့်လေ၊ ပေါင်းလာတာပဲ ကလေးငါးယောက် ပြည့်တော့မယ်၊ အသက်တွေ ရလာတော့မှ ကွာပေးပါတဲ့၊ ရှင်နဲ့ ပေါင်းရတာ စိတ်ဆင်းရဲတယ်တဲ့၊ နောက်အိမ်ထောင် ပြုချင်လို့ မဟုတ်ပါဘူးတဲ့၊ ရှင့်ကလေးတွေ ခေါ်ချင်ရင်လည်း ခေါ်ပါတဲ့၊ မခေါ်ချင်ရင်လည်း ထားခဲ့ပါတဲ့၊ ကျွန်မ ရှာကျွေးမယ်တဲ့။

“ကျုပ်က နင် ထမင်းငတ်နေလို့လား ဆိုတော့ မငတ်ပါဘူးတဲ့၊ လူဆိုတာ ထမင်းစားနေရုံနဲ့ ပြီးတာ မဟုတ်ဘူးတဲ့၊ စိတ်ချမ်းသာဖို့လည်း လိုသေးတယ်တဲ့၊ ရှင်လည်း နောက်အိမ်ထောင် ပြုချင်ရင်လည်း ပြုပါတဲ့”

သူက နားသယ်စပ်ကနေ အောက်ကို ဆွဲဆွဲရိတ်နေတယ်။ ပါးပေါ်က အမွေးတွေကို ရိတ်တော့ နှံ့သွားအောင် နှာခေါင်းဘေး၊ ပါးရိုးခုံးခုံးနား၊ နားခွက်နောက်နား အထိ ဓားကို ဆွဲဆွဲရိတ်နေတယ်။ ဘေးက ကန့်လန့်ဆွဲလိုက်၊ ထောင်လိုက်ဆွဲလိုက်။

သူရိတ်နေတာ မှန်ထဲကကြည့်မယ် လုပ်တော့ မှန်ကို မမြင်ရဘူး။ ပြတင်းပေါက် အလင်းရောင်ဘက်ကို ဆုံလည်ကို လှည့်ထားတယ်။ မြင်နေရတာက လက်ဖက်ရည်ဆိုင်၊ ကြံရည်ဆိုင်၊ ကွမ်းယာဆိုင်ကလေးတွေ၊ လူတွေ၊ တချို့ လမ်းသွားတွေက မုတ်ဆိတ် ရိတ်နေတာကိုပဲ မမြင်ဘူးသလို ငေးလို့။

“အဓိက အကြောင်းအရာကတော့ ဖဲရိုက်လို့တဲ့ဗျာ၊ ဖဲရိုက်တာ ထူးဆန်းတဲ့ ကိစ္စလား၊ ယောက်ျား တော်တော်များများ ဖဲရိုက်ကြတာပဲ၊ အဲဒါကို အကြောင်းပြတာ ပြောပါတယ်၊ ဖဲက သူနဲ့ မညားခင်ကတည်းက ရိုက်လာတာ၊ သူနဲ့ ညားမှ ဖြတ်ရမယ် ဆိုတော့ ညားခါစကတော့ ကျုပ်က နည်းနည်းတော့ ဆင်ခြင်တယ်ပေါ့ဗျာ၊ အိမ်ထောင်ကလည်း ယူခါစ၊ ချစ်စိတ်လေးက တရိပ်ရိပ်တက်တဲ့ အချိန်ကိုး၊ ဒါပေမယ့် မရဘူးဗျ၊ ဖဲမှ မရိုက်ရရင် ကျုပ်ကလည်း အူထဲကကို ယားလာတာ၊ နောက်တော့ ဝိုင်းထဲ ရောက်တာပါပဲ”

အဲဒီအချိန်မှာ ပါးတစ်ခြမ်း ပြောင်သွားပြီ။ ဒီဘက်တစ်ခြမ်းကို လုံးဝ မကိုင်သေးဘူး။ ပါးကို လက်ဖဝါးလေးနဲ့ လိုက်ပွတ်တယ်။ အမွေးကြမ်း ရှိသေးတယ်လို့ ထင်တဲ့နေရာကို ထပ်ရိတ်တယ်။ ဆုံလည်ကုလားထိုင်ကို ဆွဲလှည့်လိုက်တယ်။ တစ်ခြမ်းပြောင် တစ်ခြမ်းဖြူနေတဲ့ ကျွန်တော့် မျက်နှာကိုရော၊ မို့အမ်းနေတဲ့ ကိုအောင်မောင်းမျက်နှာ ဖောသွပ်သွပ်ကိုပါ (မှန်ထဲမှာ) မြင်နေရတယ်။ ကွမ်းရည်တွေ မေးစေ့ပေါ် စီးကျနေတဲ့ ကိုအောင်မောင်း မျက်နှာကြီးက သုန်မှုန်နေလိုက်တာ ကြောက်စရာကြီး။

“ကျုပ်က ဖဲတော့ ရိုက်ပါရစေ၊ အိမ်စီးပွားရေး မထိခိုက်စေရပါဘူးပေါ့၊ ဒါပေမယ့် ဖဲရိုက်တာပဲဗျာ၊ ရှုံးတဲ့အခါ ရှုံး၊ နိုင်တဲ့အခါ နိုင်ပေါ့၊ အင်း … ရှုံးတာတော့ များတာပေါ့လေ၊ ကလေးတွေက တိုးတိုးလာ၊ စီးပွားရေးက အဆင်မပြေ၊ ညတိုင်းရန်ဖြစ်၊ ရန်ဖြစ်လို့ စိတ်ညစ်တော့ ဖဲဝိုင်းရောက်”

သူက ဓားကို ခုံပေါ် တင်လိုက်ပြီး ရေအိုးစင်ကို သွားပြန်ရော။ ရေတစ်ခွက် ခပ်သောက်၊ ပါးလုတ်ကျင်း၊ ဖွီးခနဲ ထွေးထုတ်၊ ပြီးတော့ ပြန်လာ၊ ဓားကို ပြန်ကိုင်၊ လက်ထဲမှာ တဖန်းဖန်း ပြန်ခတ်ပြီး မျက်နှာကို မော့ခိုင်းတယ်။

“တစ်ခုတော့ ရှိတာပေါ့ဗျာ၊ ကျုပ်ဘက်က လွန်တယ်လို့ ပြောလို့တော့ ရတာပေါ့၊ ဒါပေမယ့် မဆိုင်ဘူးဗျ၊ ကျုပ် ဖဲရှုံးပေမယ့် ကလေးတွေကို အငတ် မထားပါဘူး၊ ဖဲတွေ ဆက်ရှုံးလာတော့ ကျုပ် အရက် သောက်မိတာကို သူက ရမယ်ရှာလာပြန်ရော၊ စိတ်ညစ်စရာကြီးပါဗျာ၊ ကျုပ် ဆံပင်ညှပ်တာ အဆင်ပြေပါတယ်၊ ကိုယ့်မိတ်ကလေးနဲ့ကိုယ် မဆိုးပါဘူး၊ အဲဒီတုန်းက ဒီမှာမဖွင့်သေးဘူး၊ ဆိုင်က ရပ်ကွက်ထဲမှာပဲ ဖွင့်တာ၊ ကြာတော့လည်း ဖဲရှုံးတာနဲ့၊ ပိုက်ဆံ လိုက်ဆွဲတာနဲ့၊ အရက် သောက်မိတာနဲ့၊ မူးနေတာနဲ့၊ ဆိုင်ပိတ်ရတဲ့ ရက်တွေက များလာ၊ မိတ်တွေပျက်”

သူက မေးစေ့ချွန်ပေါ်မှာ ဓားကို ကန့်လန့်ထားပြီး ဝက်မွေးခြစ်သလို ခြစ်တယ်။ မေးစေ့ အရေပြားကို ဆွဲဆွဲပြီး ခြစ်ခြစ်သွားတာ။ တဂျိဂျိနဲ့ ခြစ်လိုက်တာ ဓားသွားမှာ မေးစေ့က အမွေးတွေ ပါပါသွားတယ်။ ဆပ်ပြာမြှုပ်တွေ ပေနေတဲ့ မုတ်ဆိတ်မွေးတွေကို သူ့ဖင်နဲ့ သုတ်လိုက်၊ ရိတ်လိုက်။

အောက်နှုတ်ခမ်း အောက်က အမွေးနဲ့ နှုတ်ခမ်းမွေးကို သူ လုံးဝ မထိသေးဘူး။ မေးအောက်က အမွေးတွေရိတ်ဖို့ မော့ခိုင်းပြန်တယ်။ အဲဒီအခါကျတော့ လည်ပင်းနားက မေးဖျားဘက်ကို လှန်ဆွဲတာ။ ‘ဓားများ လည်ချောင်းထဲ စိုက်ဝင်သွားရင်’ ဆိုတဲ့ စိတ်ကဝင်လာတယ်။ တံတွေးတောင် မမျိုရဲဘူး။ သူကတော့ စကားတွေ ပြောတုန်း။ ဘာတွေ ပြောနေမှန်းတောင် မသိပါဘူး။ သူကတော့ စကားပြောရင်း လက်က မှန်မှန် ဆွဲဆွဲရိတ်နေတယ်။

ကျွန်တော်က မဆီမဆိုင် ပဒေသရာဇ် ခေတ်တုန်းက၊ သက်ဦးဆံပိုင် ခေတ်တုန်းက ရှင်ဘုရင်တွေ ဘယ်လို မုတ်ဆိတ်ရိတ်ကြသလဲ ဆိုတာ သွားသတိရနေမိတယ်။ ရှင်ဘုရင့် ခေါင်း၊ ရှင်ဘုရင့် လည်ပင်းကို ကိုင်ခွင့်ရှိတာ ဒီ ဆတ္တာသည်တွေပဲ။ အင်မတန် ယုံကြည်စိတ်ချရတဲ့ ဆတ္တာသည်ကိုမှ ‘ဘုရင့်တော်ဝင် ဆတ္တာသည်’ ခန့်တယ် ဆိုတာကိုး။ သူက ကျွမ်းကျင်ရုံ မကဘူး။ သစ္စာလည်း ရှိရမယ်။ ဘုရင်ကို သတ်ရင် ဘုရင်ဖြစ်နိုင်တဲ့ ခေတ်မှာ ဆတ္တာသည်ရဲ့ဓားသွားက ဘုရင့်လည်ပင်းကို နည်းနည်း စိုက်ပေးလိုက်တာနဲ့ သူ ဘုရင် ဖြစ်နိုင်တာကိုး။ ဒါပေမဲ့ သမိုင်းမှာ ဘယ်ဘုရင်မှ ဆတ္တာသည် ညစ်ပတ်လို့ ကံတော်ကုန်တယ် ဆိုတာ မကြားဖူးပြန်ဘူး။ ကိုယ့်ဟာကိုယ် တွေးရင်း ပြုံးမိတော့ …

“ဆရာသမားက ပြုံးတယ်၊ ခင်ဗျားကတော့ ထင်မှာပဲ၊ ကျုပ်ကပဲ ဆိုးတယ်လို့၊ ကျုပ်မိန်းမက လူတစ်မျိုးဗျ၊ ကျုပ် ဖဲနိုင်တဲ့ပိုက်ဆံလည်း မလိုချင်ဘူးတဲ့၊ ဖဲရှုံးတာလည်း မခံနိုင်ဘူးတဲ့၊ ရှိတာလေးနဲ့ စားချင်တာတဲ့၊ ဖဲရှုံးလို့ ညစ်ကညစ်၊ အရက်ကလေးကလည်း သောက်မိတော့ နားရင်းပါးရင်း ထရိုက်မိရော၊ နောက်တော့ ရုံးတစ်ရုံးမှာ သန့်ရှင်းရေးအလုပ် သူရတယ်။ ဟော … အဲဒီလည်းကျရော ကျုပ်ကို ထမင်းတောင် ထည့်မကျွေးချင်တော့ဘူးဗျာ၊ ဖောက်ပြန်လာတာ ပြောပါတယ်”

ကျန်တဲ့ ပါးတစ်ဖက်ကို စရိတ်ပြီ။ ပါးပေါ်က အရေပြားတွေကို ဆွဲဆွဲပြီး ခပ်ပြင်းပြင်း ရိတ်တယ်။ စိတ်ခံစားမှု ပြင်းလာလို့လား မသိဘူး။ မြန်လည်းမြန်၊ ကြမ်းလည်း ကြမ်းလိုက်တာ မပြောပါနဲ့တော့။ ခဏလေးနဲ့ ပါးလည်း ပြောင်ရော။ အားလုံးပြီးတော့ မျက်နှာတစ်ခုလုံး လက်ခုံနဲ့ ပွတ်တယ်။ အမွေးကြမ်းရှိတဲ့ နေရာတွေ ထပ်ရိတ်။ ပြန်စမ်း။ နှုတ်ခမ်းမွေးကျတော့ ရေထပ်ဆွတ်တယ်။ ဆပ်ပြာနည်းနည်း ထပ်ပွတ်တယ်။ သည်တစ်ခါတော့ သားရေပြားမှာ ဓားသွားခတ်တယ်။ နောက် … ခဏလေး အသက်ရှူလိုက်ပြီး နှုတ်ခမ်းမွေး စရိတ်တယ်။

“အခုတော့ ကွာကိုရှင်းလိုက်ပါပြီ၊ ပုံမှန်လစာကလေး ရသွားတာရယ်၊ သူ့ညီမက မြှောက်ပေးတာရယ်၊ ဘေးကလည်း ပြောကြမှာပေါ့လေ၊ လက်မှတ်ထိုးပေးပါတဲ့။

“ကျုပ်က တောင်းပန်ပါသေးတယ်၊  မရတော့ဘူး၊ ကလေးတွေမျက်နှာ ထောက်ပါဦးဆိုတော့ ရှင်က ဘယ်သူ့မျက်နှာ ထောက်ခဲ့လို့လဲတဲ့၊ မလိုတော့ဘူးတဲ့။

“ပထမတော့ လင်ငယ် ရှိတယ်တောင် ထင်တာ၊ ဒီလိုလည်း မဟုတ်ပြန်ဘူး၊ ကွာကို ကွာချင်တာ၊ ကျုပ်ကလည်း ဖဲခြောက်ထောင်လောက် ရှုံးထား၊ အရက်ကလည်း သောက်မိတော့ လက်မှတ် ထိုးပေးလိုက်တယ်၊ ကိုယ့်မှ မကြင်နာတာ ဂျောင်းပေါ့၊ ဟုတ်ဖူးလား”

နှုတ်ခမ်းမွေးကို နှာခေါင်းအောက်က မြောင်းနားအထိ ဘယ်ညာ ကန့်လန့်ရိတ်တယ်။ အရင်ရိတ်နေကျက အဲသလို မဟုတ်ဘူး။ အပေါ်အောက် ရိတ်တာ။ အခု ကန့်လန့်ရိတ်တော့ တော်တော်နာတယ်။ နာပေမယ့် စကားပြောလို့ မရဘူး။ ပါးစပ်ဟလိုက်တာနဲ့ နှုတ်ခမ်းက ပြတ်သွားမှာလေ။ ကန့်လန့်ဆွဲရင်းက နှုတ်ခမ်းဘေးက နှုတ်ခမ်းရစ် ထူထူကလေးကို သူ သတိမထားမိဘူးနဲ့ တူပါရဲ့။ ဓားတစ်ချက် အဆွဲမှာ ဖျဉ်းခနဲ ဖြစ်သွားတယ်။ မှန်ကိုကြည့်မယ် လုပ်တော့ ဆုံလည်ကုလားထိုင်ကို ဆွဲလှည့်လိုက်တယ်။ ဒါက တမင်လှည့်လိုက်မှန်း ကျွန်တော် သိတယ်။ မရိုးသားမှန်း ကျွန်တော် သိတယ်၊ ဓားထိတဲ့ နေရာက ချွေးနဲ့ စပ်ဖျဉ်းဖျဉ်း ဖြစ်နေတယ်။

သူကတော့ နှာခေါင်းအောက်က မြောင်းချိုင့်လေးထဲက အမွေးတွေကို အသာအယာ ဆွဲရိတ်တယ်။ (ဓားချက်ဟာ နည်းနည်း ညင်သာသွားတာ သတိထားမိတယ်) သူက ခုံပေါ်က ဆံပင်ညှပ်ဆိုင်သုံး ပေါင်ဒါမှုန့် နည်းနည်းကို လက်ညှိုးနဲ့ လက်မညှပ်ပြီး ယူလာတယ်။ ပြီးတော့ သွေးထွက်သွားတဲ့ နေရာကို သိပ်တယ်။ စကားပြောရင်းက မသိမသာ သိပ်သိပ်နေတာ။ သွေးတိတ်သွားအောင် ပေါင်ဒါမှုန့်နဲ့ ဖိသိပ်နေတာ ကျွန်တော် သိတာပေါ့။ ခံစားမှုကို ဘယ်ပျောက်အောင် လုပ်လို့ရပါ့မလဲ။ အားလုံး ပြီးသွားတော့မှ အစအဆုံး ခပ်ပါးပါး လိုက်ရိတ်တယ်။ နောက် ပါးစပ်ကို ဟခိုင်းပြီး နှုတ်ခမ်းကွေးထောင့်က ကျန်တဲ့ အမွေးကလေးတွေကို ရိတ်ပြန်ရော။

“ပါးစပ်ဟလိုက်မှ အမွေးတွေက ထောင်ထွက်လာတာဗျ၊ ဟထား၊ ဒါမှ စင်တာ၊ ဓားက တရုတ်ဓားဆိုတော့ သိပ်ထက်တာ၊ အရင် ဂျာမနီဓားမောက်က သွားဖုံးထူတော့ သွေးရတာ ခက်တယ်”

သူ့ဟာသူ မလုံလို့လား မသိဘူး။ ဓားအကြောင်း လှည့်ပြောနေတယ်။ ကျွန်တော်က ဆုံလည်ပေါ်က ဆင်းချင်လှပြီ။ ဆံပင်ကလည်း စူး၊ အိုက်ကလည်း အိုက်၊ အနာကလည်း နာ။

“အခုတော့ တစ်ယောက်တည်းပေါ့ဗျာ၊ သွားလိုက် စားလိုက်၊ ကလေးတွေလည်း မတွေ့ရ”

သူ့အသံတွေက တိမ်ဝင်နေတယ်။ ခုံပေါ်ကို ဓားတင်လိုက်တယ်။ လည်ပင်းက ခေါက်တုံ့ချည်ထားတဲ့ ခြုံထည်ကို ဖြေလိုက်တယ်။ နောက် ကော်လံကို ဆွဲဟပြီး ရေမြှုပ်စနဲ့ အမွေးတွေ ထွက်သွားအောင် ပွတ်ထုတ်ပစ်တယ်။ ပါးတွေ၊ မေးစေ့တွေ၊ လည်ပင်းတွေကို ရေမြှုပ်စနဲ့ ပွတ်တယ်။ မျက်နှာကို ရေဆွတ်ပြီး ကျောက်ချဉ်တုံးနဲ့ လိုက်ပွတ်တော့ ဒဏ်ရာက စပ်လိုက်တာ။

ပထမတော့ ခုံပေါ်က ဆင်းဆင်းချင်း မှန်ကြည့်မလို့ဘဲ။ နောက်တော့ မကြည့်တော့ပါဘူး။ သူ့ကို အားနာလို့။ လက်ထဲမှာ ဓားတဖန်းဖန်း ခတ်ပြတဲ့လူက မျက်နှာဓားထိအောင် ရိတ်တယ်ဆိုတာ သူ့ရှေ့မှာ ကျွန်တော် သိသွားရင် သူ့သိက္ခာကို ထိပါးမှာ စိုးတယ်။ ပိုက်ဆံတစ်ကျပ်ခွဲ ပေးလိုက်တော့ …

“ခင်ဗျား ဟိုတစ်ခါ ရိတ်သွားတာ မေ့ပြီး ပေးမသွားဘူးလေ” တဲ့။

ကျွန်တော်က ‘ဟုတ်လား’ လို့ပဲ ပြောလိုက်ပါတယ်။ နှစ်ရက်၊ သုံးရက်တစ်ခါ ရိတ်နေကျ ကျွန်တော်ဟာ အဲဒီနေ့က ပိုက်ဆံပေးခဲ့တာ မှတ်မိတာပေါ့။ သူ့ဆီက တစ်ကျပ်ခွဲယူပြီး ကျပ်တန်သုံးရွက် ပေးလိုက်တယ်။ ပြီးတော့ ပြုံးပြလိုက်တယ်။

* * *

(၂)

ဆိုင်က ထွက်လာတော့မှ စိတ်တွေ ပေါ့ပါးသွားတယ်။ နှုတ်ခမ်းထောင့်ကို လက်နဲ့ စမ်းကြည့်တော့ သွေးစတွေ ပါလာတယ်။ နောက်တစ်ခါ ကိုအောင်မောင်းဆိုင်မှာ ရိတ်ဖို့က စဉ်းစားရတော့မယ်။ ဓားထိသွားလို့ မဟုတ်ပါဘူး။ မတော်တဆ ဓားထိနိုင်တာပဲ။ ဒါက ခွင့်လွှတ်လို့ ရတယ်။ ဆိုးတာက ပိုက်ဆံ ညာယူတာ။ စိတ်ခံစားမှု ပြင်းနေတာ။ နောက် ဖဲရှုံးထားတဲ့ လူတစ်ယောက်။ အဆိုးဆုံးက အရက်ကို မူးနေအောင် သောက်ထားတာ။

ထက်ရှနေတဲ့ သင်တုန်းဓား တစ်ချောင်းနဲ့ ကိုအောင်မောင်းလို ဆတ္တာသည်ရဲ့ လက်ထဲကို လည်ပင်းတစ်ခုလုံး ဆယ်မိနစ်လောက် ထည့်ပေးထားဖို့က မလွယ်ဘူး။

                                    နေဝင်းမြင့်

                     ပေဖူးလွှာ၊ အောက်တိုဘာ၊ ၁၉၉၀။

လေလွင့်ရွက်ကြွေ

#လေလွင့်ရွက်ကြွေ

                                        #ယွန်းမြတ်မွန်းသျှန်

ရက်စက်လိုက်တာမရယ်..လက်ထပ်ဖို့ချစ်ခဲ့တာမဟုတ်ဘူးလား..ဒါဆိုမကကျွန်တော့်ကို အပျော်တွဲခဲ့တာပေါ့ ဟုတ်လား”
     ခံစားမှုတွေနဲ့ပြင်းထန်စွာပေါက်ကွဲနေသော ကောင်လေးကိုရွဲခပ်စိုက်စိုက်ကြည့်မိသည်။
အင်း..ဘယ်လိုပြောရမှာပါလိမ့်။ရွဲသည် လက်ထပ်ဖို့ဘယ်တုန်းကမှစိတ်ကူးမရှိခဲ့တာပဲလေ။အပျော်တွဲတယ်တော့လည်း မဆိုသာပါဘူး။

အင်း..ဘယ်လိုပြောရမလဲ.အပျော်တွဲရအောင် ယောက်ျားတွေကအပျင်းပြေကစားစရာအရုပ်တွေမှမဟုတ်တာ..တို့မှာယုံကြည်မှုမရှိတာပါ..ယောကျားတစ်ယောက်ကိုလက်ထပ်ဖို့လေ”

ကျွန်တော်မကို လေးလေးနက်နက်ကြီး ချစ်ခဲ့တာဗျ..အခြားသူတွေပြောသလိုပဲ..မ က တမင်ရက်ရက်စက်စက်အသည်းလိုက်ခွဲနေတာ”

တို့ကိုရက်စက်တယ်ပြောရအောင် မင်းတို့ယောက်ျားတွေကရော ယုံကြည်စွာနဲ့ကိုးကွယ်ချင်စရာကောင်းလို့လား”
နေညိုသည် မြလည်ရွဲဆိုသော မိန်းမကိုနားမလည်နိုင်စွာ ကြည့်နေမိသည်။သူ့ရှေ့မှာတန်းစီပြီး ပညာပေးခံသွားရသောသူတွေအများကြီးရှိ
တာသိပါသည်။သူတို့သူငယ်ချင်းတွေလည်း ပါသည်။ဘော်ဒါတွေခံရဖန်များတော့ မြလည်ရွဲကိုသူတို့စိတ်ဝင်စားလာမိသည်။ပညာပေးချင်သည်။စာရေးဆရာမ
လေးမြလည်ရွဲသည် မဂ္ဂဇင်းထက်မှာ နာမည်ယူနေဆဲ သူတို့ကေတုမြေကမွေးဖွားလာတဲ့ ကလောင်ရှင်ဖြစ်သည်။သူ့အလှည့်မှာတော့ ရွဲတကယ်ချစ်တတ်စေ
ရမည်ဆိုသော ခံယူချက်နဲ့ဝင်လာခြင်းဖြစ်သည်။တကယ်တမ်းချစ်တတ်ခဲ့သူက နေညိုဖြစ်နေသည်။
ဘာကြောင့်များသူမဟာ ဒီလောက်သွေးအေးအေးနဲ့ရက်စက်တတ်ပါလိမ့်။ဒေါသတွေကြီးနေသော သူ့ကိုကြည့်ကာ ရွဲကရယ်သမ်းတစ်ချက်သွေးလိုက်သည်။
အတော်ခံရခက်တဲ့အပြုံးဖြစ်သည်။

ဒီမှာနေညို.တို့မင်းကိုမောင်လေးတစ်ယောက်လိုခင်လို့ တစ်ချက်သတိပေးလိုက်မယ်..လူတစ်ယောက်ကိုဘယ်တော့မှ မချစ်မိစေနဲ့..နက်နက်ရှိုင်းရှိုင်းမတွယ်တာမိစေနဲ့..အချစ်ကြီးတဲ့သူကရှုံးတယ်..မင်းမှတ်ထားပါ”
သူမက ဆုံးမစကားပင်ပြောခဲ့သေးသည်။နောက်နှုတ်မဆက်ဘဲ လှည့်ထွက်သွားသည်။ဒါဟာ မြလည်ရွဲရဲ့လမ်းခွဲခြင်း ဖော်မြူလာဖြစ်သည်။
ယောက်ျားတစ်ယောက်ကို အလှအပဆုံးစကားလက်ဆောင်လေးနဲ့အချိုမြိန်ဆုံးအပြုံးလေးနဲ့ အေးအေးဆေးဆေးပဲချန်ထားရစ်ခဲ့တတ်ပါသည်။သူမနှလုံးသားကတော့ မထင်မှတ်နိုင်လောက်အောင် မာကြောပြီး ရက်စက်တတ်လွန်းပါသည်။အံ့သြစရာကောင်းတာကအရှုံးတွေနဲ့ကျန်ရစ်ခဲ့ရလည်း ဘယ်သူမှရွဲကို မမုန်းနိုင်ခြင်းဖြစ်သည်။ရက်စက်လွန်းလှပါတယ် ရွဲရယ်။
*******
ရွဲသည် ဘေးလွယ်အိတ်ကို ကျောဘက်ပေါ်တင်ပြီး ကန်တော်ကြီးထဲမှာ တစ်လှမ်းချင်းလျှောက်နေမိသည်။နေညို့ကို Master Coffee မှာချန်ထား
ရစ်ခဲ့ပြီး ရွဲရဲ့ဆိုင်ကယ်ကို ကန်တော်ကြီးထဲဘယ်လို ဦးတည်မောင်းဝင်လာခဲ့မှန်းမသိပါ။ဒီလိုပါပဲ။ဦးတည်ချက်မရှိဘဲ တောင်ငူမြို့ထဲမှာလျှောက်သွားနေမိတာ
ကြာခဲ့ပါပြီ။ဖြေးလေးသောခြေလှမ်းများဖြင့် လူခြေနည်းပါးသောခုံတန်းလေးတစ်ခုမှာ ရွဲဝင်ထိုင်မိသည်။ဦးနှောက်ထဲမှာ နေညိုအပါအ၀င် ရွဲတွဲခဲ့ဖူးသောယောကျာ်းတွေအကြောင်း စဉ်းစားနေမိသည်။ရွဲ သူတို့ကိုချစ်ခဲ့ပါတယ်။အဟင်း။အသေအချာပါပဲလေ။ချစ်တယ်ဆိုတဲ့စကားလောက်ပါးစပ်ကပြောရတာလွယ်တာ မရှိပါဘူး။အဲ့ဒီလိုနှလုံးသားကမပါဘဲ နှုတ်ခမ်းဖျားကချစ်တတ်ဖို့ ရွဲကို တစ်ယောက်
သောသူကသင်ပေးခဲ့တာပါ။ရွဲနာကျည်းစွာတွေးရင်းကမျက်ရည်တွေရစ်ဝဲကျလာသည်။ဟောင်းနွမ်းခဲ့တာတော့ ကြာပါပြီ။ဟောင်းခဲ့တဲ့အရာတစ်ခုဟာ အသစ်ပြန်ဖြစ်လာနိုင်သလား။ဘယ်လိုမှမဖြစ်နိုင်ဘူးနော်။ရင်ဘတ်ထဲကဒဏ်ရာကတော့ ဘာလို့ ခုထိအောင် နာကျင်နေရတာလဲ။
  အရာရာဟာသွေ့ခြောက်နေတာပါပဲ။နွေဦးသရုပ်ကပီပြင်လွန်းနေသည်။မတ်လဆန်းပိုင်းရောက်ပြီမို့ သစ်ပင်ကြီးငယ်တိုင်းမှာ သစ်ရွက်ဟူသည်
သိပ်မရှိတော့ပါ။သစ်ရွက်လက်ကျန်လေးတွေလည်း ၀ါဖန့်ပြီး မကြာခင်မြေခရတော့မှာ ဖြစ်သည်။ရွက်ဟောင်းအတော်များ ညှာကြွေပြီး မြေပြင်ပေါ်မှာ မွစာ
ကျဲနေပြီ။သစ်ရွက်တွေဟာ ဟောင်းနွမ်းသွားရင် ကြွေပြီး မြေခရသည်။မြေခပြီးရင် ဘယ်ရောက်သွားသလဲ။လေနှင်ရာလွင့်ရမှာပေါ့နော်။ခုံတန်းလေးမှာ ထိုင်
ပြီး ရွဲ ညနေခင်းလေးကို ငေးနေမိသည်။
ရွဲ မြင်ကွင်းထဲမှာ စုံတွဲအချို့လည်းဝင်လာသည်။ကျေးငှက်သံလေးတွေလည်း မကြာမကြာကြားနေရသည်။အရင်တုန်းကတော့ ဒီခုံတန်းလေးမှာ
ရွဲနှင့်သူအတူထိုင်နေကြဖြစ်သည်။ရင်ထဲမှာ နွမ်းမောလာ၍ ပင်အိုထက်ဆီအကြည့်လွှဲပစ်မိသည်။
ထိုစဉ်နွေလေရူးက အရပ်မျက်နှာမမှန်ဘဲ တိုက်ခတ်လိုက်ရာ သစ်ရွက်လက်ကျန်လေးတွေ ကြွေလွင့်လာရပြန်သည်။သစ်ရွက်ဝါလေးရဲ့အဖြစ်ကို
ငေကာ ရွဲနာကျင်စွာပြုံးမိသည်။မင်းတို့လည်း ရွဲဘ၀လိုပါပဲနော်။အစကတော့ သစ်ပင်ကြီးထက်မှာ ငွါးငွါးစွင့်စွင့်ဖူးသစ်ခွင့် ရတာကို ကျေနပ်ဂုဏ်ယူမဆုံးဖြစ်
ခဲ့သည်။သစ်ပင်ကြီးရဲ့ရင်ခွင်မှာ ကိုယ်သာလျှင် သခင်မအထင်နှင့်ပေါ့။ကာလအပိုင်းအခြားတစ်ခုမှာ သဘာဝကရွက်နုသစ်ကလေးကို ၀ါဖန့်ဟောင်းနွမ်းစေ
ခဲ့သည်။နွေဦးပေါက်ချိန်လေရူးနှောက်တော့ ရွက်နုကလေးကြွေကျရပြီလေ။ဘာမှကြိုတင်ပြင်ဆင်ချိန်မရှိလိုက်ဘဲ သစ်ပင်ကြီးရဲ့ရင်ခွင်မှသည်မြေပြင်ပေါ်
သက်ဆင်းခဲ့ရသည်။
ပြောင်းလဲသွားလိုက်ပုံက အိပ်မက်တစ်ခုလိုပါပဲ။ထိတ်တလန့်နဲ့ သစ်ပင်ကြီးကို အားကိုးတကြီးမော့ ကြည့်တော့ အို..သစ်ပင်ကြီးမှာ ရွက်နုတွေ
ဝေလို့ပါလား။ရွဲသည်လည်း သစ်ရွက်တစ်ရွက်ဖြစ်ခဲ့သည်။နွေလေရူးလိုပဲ အရပ်မျက်နှာမမှန်သော လူတစ်ယောက်ကို အချစ်မူးမိခဲ့ချိန်မှာ ကြွေလွင့်ခဲ့ရခြင်း
ဖြစ်သည်။ချစ်သူကတော့ သစ်ပင်ကြီးပေါ့ကွယ်။သစ်ရွက်တွေကြွေတွေဟာ အဟောင်းတွေကိုငြီးငွေ့အသစ်တွေနဲ့ပျော်မွေ့ချင်တဲ့ သစ်ပင်ရဲ့ဆန္ဒဆိုရင်လည်း
ရွဲက နားလည်ကျေနပ်ပေးမှာပါ။ဒါပေမဲ့ သူညာခဲ့သည်။ရွဲအချစ်တွေကို လှည့်စားပြီးယူခဲ့သည်။ပြီးတော့ ပက်ပက်စက်စက်နင်းချေပြီး ရက်ရက်စက်စက်စွန့်
ပစ်ခဲ့သည်။

ငါ မင်းကို ဘယ်တုန်းကမှ မလိုအပ်ခဲ့ဘူး ရွဲ..မင်းလိုအပ်မယ်ထင်တာတွေကို ဖြည့်ဆည်းပေးခဲ့တာပဲ ရှိတယ်”
ဟင့်အင်း။မဖြစ်နိုင်ဘူး။သူရွဲကို မချစ်ခဲ့ဘူးဆိုတာကို ခုထိလက်မခံနိုင်သေးဘူးလေ။အတိတ်ကန့်လန်ကာကို ဖွင့်ကြည့်လိုက်တော့ အရှုံးတွေအလွမ်း
တွေနဲ့ အရောင်ရင့်နေတဲ့ ရွက်ကြွေပန်းချီကားတစ်ချပ်လိုပါပဲ။
********
တောင်ငူတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသူဘ၀မှာ သူနှင့်ရွဲ စသိခဲ့ခြင်းဖြစ်သည်။ကိုယ့်ဒေသမဂ္ဂဇင်းလေးတွေမှာ ရွဲစာမူလေးတွေ စတင်ဖော်ပြ
ခံလာရတော့ ရန်ကုန်မဂ္ဂဇင်းတွေမှာ ၀င်ဆံ့နိုင်ဖို့ စာပေတွေဖတ်ရှုလေ့လာနေချိန်ပေါ့။သူကစာပေသမားတော့မဟုတ်ပါဘူး။သူက စာပေရေးသားသူမဟုတ်
ပါဘူး။တောင်ငူမြို့ထဲကလုပ်ငန်းရှင်တစ်ယောက်ဖြစ်သည်။စာပေဟောပြောပွဲတွေ၊စာစောင်တွေထုတ်ဖို့ အတွက် အားကိုးရသူတစ်ယောက်ပါ။ရွဲတို့စာပေလေ့
လာသူတွေစာစောင်ထုတ်ဖို့ အစည်းအဝေးလုပ်ချိန်မှာ သူနှင့်စတင်သိကျွမ်းခဲ့ခြင်းဖြစ်သည်။
နောက်ပိုင်းမှာလည်း သူကရွဲကျောင်းကို လာလည်သည်။ရွဲအတွက်လိုအပ်သော စာစောင်တွေစာအုပ်တွေရှာဖွေစုဆောင်းပေးသည်မိသားစုနှင့်
သူငယ်ချင်းတွေကအားမပေးခဲ့သော ကိုယ့်ရဲ့ဝါသနာကို သူကအားပေးခဲ့သည်။

ဘယ်သူတွေအထင်သေးပါစေ မင်းရဲ့ဝါသနာကို ကိုယ်အားပေးတယ် ရွဲ..ကိုယ်မဖန်တီးနိုင်တာကို ဖန်တီးနိုင်လို့ ဂုဏ်ယူတယ်..မိသားစုနဲ့သူငယ်
ချင်းတွေဝေဖန်ကဲ့ရဲ့လည်း မကြောက်နဲ့..အနုပညာသမားဆိုတာ ဝေဖန်ခံရ၊နှိမ်ချခံထားဖူးမှ မခံချင်စိတ်နဲ့အောင်မြင်တာ..မင်းသာအောင်မြင်အောင်ကြိုးစား
ပါ..လိုအပ်တာ ကိုယ်ကူညီမယ်”
အတန်းထဲကသူငယ်ချင်းတွေ ဂေါက်တေးလို့စတိုင်း၊မိသားစုက ဆူတိုင်းရွဲ့စိတ်အားငယ်ခဲ့သမျှ ရွဲသူ့ကိုရင်ဖွင့်မိသည်။သူကအားပေးစကားတွေပြောပေးခဲ့သည်။သူ့နာမည်က မာန်ထက်ဖြစ်သည်။ရွဲထက်ဆယ်နှစ်လောက်ကြီးပြီး ထက်မြက်သည်။တိုးတက်လာသော နည်းပညာ
နှင့်အညီ တောင်ငူမြို့ထဲမှာ Mobile Sales & Service ဆိုင်ကြီးဖွင့်ထားသည်။အပြောလည်းကောင်းသည်။ညှို့ငင်တတ်ပြီး ကြင်နာတတ်တဲ့မျက်ဝန်းတစ်စုံကို
လည်း ပိုင်ဆိုင်ထားသည်လေ။ရွဲ့ရဲ့မွေးနေ့မှာ သူငယ်ချင်းတွေနဲ့အတူ Master Coffee မှာ ဧည့်ခံကျွေးမွေးသည်။သူ့ဆီကယူထားသော အကြွေးတွေများနေ
ပြီမို့ ရွဲပြန်ကျွေးခြင်းဖြစ်သည်။
သူကအရင်ရောက်နှင့်နေပြီး စားစရာတွေမှာထားသည်။မွေးနေ့ကိတ်တွေရော စီမံထားသည်ရွဲရင်ထဲစိုးထိတ်သွားသည်ကိုယ်ကသူ့လိုသူဌေးမဟုတ်
ဘူးလေ။ဒါတွေအကုန်ရှင်းရရင်တော့ စုထားတဲ့မုန့်ဖိုး ကုန်ပါပြီ။သူကတော့ ပြုံးစစနဲ့စိတ်ကြိုက်မှာစားနေလေရဲ့။သူငယ်ချင်းတွေကလည်း သူ့ကြည့်လိုက်
ရွဲကြည့်လိုက်နဲ့ အားမနာတမ်းမှာစားနေကြသည်။အားလုံး ရွဲကို ကြုံတုန်းနှိပ်စက်မည့်ပုံတွေဖြစ်နေသည်။


မင်းတို့ရော စာမရေးကြဘူးလား..သူငယ်ချင်းက စာရေးဆရာမဆိုတော့လေ”

အမလေး ကျောင်းမှာ လက်ချာလိုက်ရတာတောင် ပျင်းလွန်းလို့ပါရှင်..ရွဲရေးနေတာမြင်တာကိုက ပျင်းနေတာ..စာဖတ်လည်းအသေပျင်းတာ”
မေဇော့်အပြောကို အားလုံးကသဘောကျကာ ရယ်နေကြသည်။ရွဲမှာတော့ စားသောက်ပြီးလျှင် ရှင်းဖို့ ရင်တထိတ်ထိတ်နဲ့ ၀ိတ်တာ ကိုခေါ်ရသည်။

အားလုံးရှင်းပြီးသွားပြီအစ်မ..ဒီအစ်ကိုရှင်းခဲ့တာ”
ဝိတ်တာလေးစကားကြောင့် ရွဲအံ့သြသွားသည်။သူငယ်ချင်းတွေကလည်း အံ့အားသင့်ပြီး ၀ိုင်းကြည့်နေကြသည်။

မွေးနေ့ရှင်အစား ကုသိုလ်ယူချင်လို့ပါကွာ..ကဲသွားကြမယ်..ရွဲကိုယ့်ဆိုင်ကယ်နောက်ကလိုက်ခဲ့လေ ကိုယ်ပြန်ပို့ပေးမယ်”
သူ့စကားကြောင့် သူငယ်ချင်းတွေသည် ဘယ်လိုသဘောနဲ့ပြုံးသွားကြမှန်းမသိဘဲ ရွဲကို သူနှင့်စိတ်ချစွာထားခဲ့သည်။ရွဲသည် သူ့ဆိုင်ကယ်နောက်
ကတစ်ခါမှ မလိုက်ဖူးသေးပါ။ငြင်းဆန်းဖို့လည်း မတတ်သာခဲ့။အာနားပြီးရင်း အာနာစရာတွေဖြစ်လာခဲ့သည်။

ကိုမာန်ထက်ကလည်း ရွဲကအကြွေးတွေများလို့ အားနာနေတာ..ထပ်အားနာရအောင်လုပ်တယ်..အကြွေးတွေများနေပြီ”

ဟုတ်လား မှတ်ထားလေ..နောက်မှအတိုးနဲ့ပေါင်းတောင်းမယ်”
သူက အိမ်ကိုတန်းမပြန်ပို့ပါ။လောကုတ္တရာဘုရားဘက်ကို ဆိုင်ကယ်မောင်လာသည်။ရွဲသည် နောက်မှထိုင်ရင်း အနည်းငယ်စိုးထိတ်လာခဲ့သည်။

ဘယ်ကို သွားမှာလဲဟင်..ကိုမာန်ထက်”

လောကုတ္တရာဘုရားကို သွားချင်လို့..ခဏလေးပါနော် ရွဲ”
သူကခွင့်တောင်းသလို ဆိုပြီး ဘုရာခြေရင်းမှာ ဆိုင်ကယ်ရပ်သည်။နောက်ရွဲတို့ ဘုရားပေါ်တက်ခဲ့ကြသည်။ဘုရားဦးချပြီးလျှင် သူကအုတ်ခုံလှေ
ခါးထစ်လေးမှာ သွားထိုင်သည်။

ဒီဘုရားကအရမ်းအေးချမ်းတယ်..ကိုယ်မကြာမကြာရောက်လေ့ရှိတယ်..ရွဲရော ရောက်ဖြစ်လား”

အင်း ရောက်ဖြစ်ပါတယ်..ရွဲ့ကကျောင်းအားလပ်ချိန်ဆို စက်ဘီးတစ်စီးနဲ့လျှောက်သွားပြီး ကုန်ကြမ်းလိုက်ရှာနေတာလေ..သူငယ်ချင်းတွေကချစ်သူတွေရသွားတော့ ရွဲနဲ့အတူမရှိတာကများတယ်လေ..ကိုယ်ကတော့ စာပေခရီးကြိုးစားချင်တာရယ်
အချစ်ဆိုတာကို မသိရှိမခံစားဖူးသေးတာရယ်ကြောင့် တစ်ယောက်တည်းလျှောက်သွားနေတုန်း”
သူကရွဲကို မျက်ဝန်းညိုများဖြင့် လေးနက်မိန်းမောစွာကြည့်နေသည်။သူ့အကြည့်တွေသည် ညှို့ဓါတ်တွေအပြည့်ပါနေ၍ ရွဲအနေခက်လာသည်။

ရွဲ..ကိုယ်ကလေ မင်းအတွက်ဆိုရင် သစ်ပင်တစ်ပင်ဖြစ်ချင်တယ်..မင်းရှေ့ကနေ လေဒဏ်မိုးဒဏ်ကြံ့ကြံ့ခံပြီး ကာကွယ်ပေးချင်တယ်..ရွဲအပေါ်
မှာတွယ်တာမှုတွေက သစ်ပင်ရဲ့အမြစ်တွေလိုပဲ ခိုင်မာနေတယ်..ရွဲ့ကကိုယ့်ဘ၀ရဲ့အစိတ်အပိုင်းတစ်ခု..အသက်သွေးကြောတစ်ခုပဲ..သစ်ပင်ကြီးရဲ့သစ်ရွက်
ကလေးလိုပေါ့..မင်းစိမ်းစိုရှင်သန်အောင်အာဟာရဖြည့်တင်းပေးသူ ဖြစ်ချင်တာ”
စာရေးဆရာမဟုတ်ပေမဲ့ သူအတော်အပြောကောင်းပါသည်။အကောင်းပြောတာလား မသိပေမဲ့ မိန်းကလေးဆိုတော့လည်း အပြောကောင်းတော့
ကြွေသည်ပေါ့။သူ့မျက်ဝန်းကချစ်ခြင်းတွေကို ရွဲကရောသတိမထားမိဘဲနေမလာနော်။ဒါပေမဲ့ ရွဲမှာ ရည်မှန်းချက်ရှိသည်။အောင်မြင်အောင်ကြိုးစားကြည့်ချင်
သည်။အပျော်ရည်းစားတွေမထားဘဲ နှလုံးသားထဲကမြတ်မြတ်နိုးနိုးချစ်ရသူတစ်ယောက်ကိုပဲ ရွေးပြီး ဘ၀အတွက် လက်တွဲချင်သည်။ဒါကြောင့် သူငယ်ချင်း
တွေ ပထမနှစ်ကတည်းက ရည်းစားထားကြ၊ပြတ်စဲကျဖြစ်နေပေမဲ့လည်း ရွဲမှာ ရည်းစားတစ်ယောက်မှ မထားခဲ့ဖူးပါချေ။
ခုလည်း သူ့ကိုအပြည့်အ၀မယုံကြည်ရဲသေးပါ။သူက ရွဲမျက်နှာကို စူးလက်သောမျက်ဝန်းများဖြင့် ငုံ့ကြည့်သည်။

ဘယ်လိုလဲ ရွဲ..ကိုယ့်ရဲ့သစ်ရွက်ကလေး လုပ်မယ်မဟုတ်လား ဟင်”

အင်း ဘယ်လိုပြောရမလဲ..ကိုမာန်ထက်ရဲ့သွေးကြောတစ်ခုဖြစ်ခွင့်ရတာကိုတော့ ပျော်ပါတယ်..ဒါပေမဲ့ရွဲသစ်ရွက်တော့မဖြစ်ချင်ဘူး”

ဘာဖြစ်လို့လဲ ရွဲရဲ့..ကိုယ်ကသစ်ပင်ဖြစ်ရင် ရွဲကသစ်ရွက်လေးပဲ ဖြစ်ရမှာပေါ့”

သစ်ရွက်ဆိုတာ ဟောင်းနွမ်းသွားရင် မြေပေါ်ကြွေဆင်းရစမြဲလေ..သစ်ပင်ကြီးက ရွက်သစ်လေးတွေနဲ့ပျော်နေချိန်မှာ ရွက်ဟောင်းလေးကတော့
လေနှင်ရာလွင့်နေရမှာ..ရွဲ သစ်ရွက်မဖြစ်ချင်ပါဘူး”

ဟား ဟား..စာရေးဆရာမလို့မပြောရဘူး..ကတ်ကတ်သတ်သတ်လိုက်တွေးနေတယ်ရွဲရယ်..စိတ်ချကိုယ်ဘယ်တော့မှ မပြောင်းလဲပါဘူး”
တကယ်ဆို ရွဲသည် အချစ်ဆိုတာကို မလိုအပ်သေးပါဘူး။ဒါပေမဲ့လည်း အချစ်ဆိုတာခန့်မှန်းရခက်သည်။ကြိုတင်ပြင်ဆင်မှုမရှိဘဲ ရောက်လာတတ်
သည်။ရွဲသည်လည်း ခံစားတတ်သောနှလုံးသားရှိသည်ပဲလေ။သူ့အချစ်၊ဂရုစိုက်မှုများကို တစ်နှစ်လောက်လေ့လာပြီးချိန် ရွဲကျောင်းပြီးတော့ သူနဲ့ချစ်သူတွေ
ဖြစ်ခဲ့သည်။သူဟာ ရွဲရဲ့အချစ်ဦးဖြစ်သည်။အရမ်းလည်းချစ်ခဲ့သည်။နောက်ပြီး သူဟာရွဲဘ၀ရဲ့ကောင်းကင်ပါ။ရွဲကြည့်လေရာတိုင်းမှာ သူရှိနေသည်လေ။ရွဲဘဝ
ရဲ့လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့သည်။ကျောင်းပြီးလို့ အလုပ်ရှာတော့လည်း သူက အကြံဥာဏ်ကောင်းတွေပေးခဲ့သည်။

ဒီခေတ်ကြီးမှာ ဘွဲ့ရလည်းအလုပ်တစ်ခုရဖို့ ခက်တယ်ဆိုပြီး ခေတ်ကိုပုံမချပါနဲ့ကွာ..အလုပ်လုပ်ချင်စိတ်ရှိရင် အလုပ်တစ်ခုကမခဲယဉ်းပါဘူး..ရွဲ
ဘယ်အလုပ်ကိုစိတ်ဝင်စားလဲ..စဉ်းစားဆုံးဖြတ်ကြည့်လေ”

အမှန်တိုင်းပြောရရင် ရွဲကစာရေးတာကလွဲပြီး ဘာမှမလုပ်ချင်ဘူး ကိုကို..ဒါပေမဲ့ဘ၀ရပ်တည်ဖို့အတွက်အလုပ်တစ်ခုတော့ ရှိရမယ်လေ..ကုမ္မဏီ
တွေ၊အရောင်းဆိုင်တွေမှာလည်း မလုပ်ချင်ဘူး..အဒေါ်တွေလွှတ်တဲ့ပြည်ပလည်းမသွားချင်ဘူး..စာရေးခြင်းအတွက်လည်း အသုံးဝင်တဲ့ တိုးရစ်ဂိုက်တော့
ဝါသနာပါတယ်..ရွဲကလည်း အင်္ဂလိပ်စာမေဂျာယူထားတော့လေ..စပီကင်တွေတက်ပြီး ဖြစ်နိုင်ရင်တိုးရစ်ဂိုက်လုပ်ချင်တာ”

အင်း..မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး..ရွဲ စပီကင်နဲ့သင်တန်းထပ်တက်ပေါ့..အရင်ဆုံးဒီတောင်ငူသမိုင်းကိုသေသေချာချာသိအောင်လေ့လာ..မြန်မာပြည်အကြောင်း၊မြို့တွေအကြောင်းသိဖို့စာတွေ
ဖတ်ရမယ်..ဘာသာစကားနှစ်မျိုးလောက်နဲ့ရှင်းပြနိုင်အောင်ကြိုးစားသင်ယူပေါ့..ဒီတောင်ငူကဟိုတယ်တွေရော၊ရန်ကုန်ကမိတ်ဆွေတွေနဲ့ရော ကိုယ်လှမ်း
မိတ်ဆက်ပေးပါ့မယ်”

တကယ်လား..ကိုကို..၀မ်းသာလိုက်တာ”
သူက ရွဲဘ၀ကို အလင်းရောင်တွေလည်းပေးဖူးခဲ့ပါသည်။သူ့အကူအညီနဲ့တောင်ငူကနာမည်ကြီး ဟိုတယ်တစ်ခုမကစမ်းသပ်ပြီး အလုပ်ခန့်သည်။
ဧည့်သည်ရောက်လာရင်ဧည့်လမ်းညွှန်လုပ်ပေးရသည်။ရွဲ ရဲ့ကြိုးစားမှုနဲ့အလုပ်အပေါ်စေတနာထားမှုကြောင့် အလုပ်ရှင်တွေကလည်းသဘောကျလာသည်။
ရန်ကုန်ကိုလည်း စပီကင်နဲ့သင်တန်းတွေထပ်သွားတက်ရသည်။ဧည့်လမ်းညွှန်သင်တန်းတွေလည်းထပ်တက်ခွင့်ရသည်။နောက် ရန်ကုန်ကချိတ်ဆက်ပေးမှု
နဲ့မန္တလေး၊ပြင်ဦးလွင်တို့အထိ ခရီးထွက်လမ်းညွှန်လုပ်ပေးလာနိုင်ခဲ့သည်။အားလုံးဟာ ကိုကိုကျေးဇူးတွေကြောင့်ဖြစ်သည်။ရွဲအလုပ်ကိုအကောင်းဆုံးလုပ်သည်။သူ့အပေါ်သစ္စာစောင့်သိပြီး သူတစ်ယောက်တည်းကိုသာ ကိုးကွယ်ခဲ့သည်။
ရန်ကုန်မှာ ဟိုတယ်နှင့်ခရီးသွားလာရေးကဦးဆောင်ဖွင့်လှစ်သောသင်တန်းတစ်ခုတက်နေစဉ် ကိုကိုရန်ကုန်ရောက်လာသည်။သင်တန်းပြီးလျှင်
ရွဲနှင့်မြို့ထဲလျှောက်လည်ကြသည်။ဘုရားသွားကြသည်။အားလုံးကပကတိအခြေအနေပါပဲ။ညနေစောင်းလမ်းခွဲခါနီးမှာ ကိုကိုက ရွဲကိုစကားတစ်ခွန်းပြော
သည်။

ရွဲနဲ့ကိုကို တိုင်ပင်စရာရှိတယ်..ကိုယ့်အသက်လည်းမငယ်တော့ဘူး..ရွဲလည်းအလုပ်ရနေပြီပဲ..ကိုယ်တို့လက်ထပ်ဖို့ဆွေးနွေးချင်တယ်..ကိုယ့်
တိုက်ခန်းကို ခဏလိုက်ခဲ့နော်”
တကယ်ဆို ရွဲ တစ်နေရာမှာပဲ စကားပြောချင်ပါသည်။ဒီအချိန်မှာ ချစ်သူနှစ်ယောက်သည် ဆိတ်ကွယ်ရာမှာ အတူရှိမနေသင့်ဘူးမဟုတ်လား။
ရွဲသည် လိမ္မာပါးနပ်စွာနဲ့ဆိုင်တစ်ခုမှာ ဆွေးနွေးဖို့ ပြောလိုက်သည်။

ဘာလဲ ရွဲက ကိုယ့်ကိုယ်မယုံဘူးလားဟင်..အထင်သေးတာလား”

မဟုတ်ပါဘူးကိုကို..ရွဲလိုက်ခဲ့ပါမယ်”
ရွဲအပေါ်ကို အစစကောင်းခဲ့သူကို ရွဲယုံကြည်သင့်သည် ထင်လို့ သူ့နောက်ကိုရွဲလိုက်ခဲ့ပါသည်။ချစ်သူရဲ့ငြိုငြင်မှုကို ရွဲခံနိုင်ရည်မရှိဘူးလေ။ဒါဟာ
မိုက်မဲမှု၊ဥာဏ်နည်းပါးမှုပဲဖြစ်ပါသည်။ချစ်သူကိုမလွန်ဆန်နိုင်တာရော၊ပုံချစ်မိလိုက်တာတွေကြောင့်ရော ရွဲဘ၀မြောင်းထဲထိုးကျခဲ့သည်။မိမိကိုယ်ကိုလည်း
အရမ်းတန်ဖိုးထားထိန်းသိမ်းခဲ့ပါလျက် ခြေလှမ်းတစ်ချက်မှားခဲ့သည်။ရွဲကျရှုံးခဲ့ပါသည်။အံ့သြစရာကောင်းက ချစ်သူဟာဒီအခြေအနေကိုမဆန်းတော့သည့်
အလား အေးဆေးတည်ငြိမ်လွန်းနေသည်။သူ့မျက်နှာကသွေးအေးခြင်းတွေသည် မကြာခင် ရက်စက်တော့မည့်အသွင်တွေလည်း ဖော်ဆောင်နေပါသည်။
ရွဲကိုချစ်မြတ်နိုးခြင်းထက် သူ့ရဲ့သွေးဆာလောင်မှုကြောင့် ဖြေသိမ့်လိုက်တာများလား။ရွဲမှားပြီလားဟုနောင်တရချင်လာစဉ်မှာပင် ကြားသင့်သော လက်
ထပ်မယ်ဆိုသော စကားမဟုတ်ခဲ့ပါ။
“မကြောက်ပါနဲ့ ..ရွဲရယ် မင်းဘာမှမဖြစ်အောင် ကိုယ်ကာကွယ်ပေးပါမယ်”
တဲ့။ဘုရားရေ။သူပြောရမှာ ဒီစကားမဟုတ်ဘူး ထင်သည်။ရွဲ ရင်ထဲတဆစ်ဆစ်နာလာသည်။လက်ထပ်မှာလားလို့လည်း မမေးဖြစ်ခဲ့ဘူး။အံ့သြစရာ
ကောင်းစွာ ရွဲတို့ဘာမှမဖြစ်ခဲ့သလို ပုံမှန်ရပ်တည်နေရပြန်သည်။သူ ရွဲကိုတော့အရင်လိုကြင်နာမြဲ၊ဂရုစိုက်မြဲပါ။လူမလာနိုင်လည်း ရောက်တဲ့နေရာကဖုန်း
တော့အချိန်မှန်ဆက်ပေးသည်။သူနဲ့ဆုံတိုင်း လက်ထပ်ဖို့ဆွေးနွေးတိုင်ပင်ဖြစ်သည်။
“ရွဲဘယ်မှာနေချင်လဲ ပြောလေ..သီးသန့်အိမ်ခွဲနေချင်လည်း ကိုယ်ကရွဲစိတ်ချမ်းသာအောင် ထားမှာပါ”
သူ့စကားအချို့ကြောင့်တော့ ရွဲစိတ်ချမ်းသာရပါသည်။အစကသူသည် ရွဲဘ၀ရဲ့ကောင်းကင်ဖြစ်သည်။အခုတော့ ရွဲဘ၀ရဲ့ကမ္ဘာမြေကြီးဖြစ်လာ
သည်။သူမရှိဘဲ ရွဲဘယ်လိုမှရပ်တည်နိုင်တော့မှာမဟုတ်ပါဘူး။ရွဲ ခရီးထွက်တဲ့အခါတိုင်းမှာ သူနဲ့ကင်းကွာနေတတ်ပါသည်။ဒါပေမဲ့ ရွဲသူ့ကိုနည်းနည်းမှ စိတ်
မချမဖြစ်ဘူး။သူ့အချစ်ကို မြူတစ်မှုန်တောင်သံသယမ၀င်ဖူးခဲ့ဘူး။ဒါပေမဲ့ သူသည်ရွဲဘယ်လိုမှမထင်ထားသော လက်နက်နှင့်တိုက်ခိုက်သည်။ရွဲ့ရဲ့နောက်မှာ
အသစ်အသစ်သောကောင်မလေးများစွာရှိနေခဲ့သည်။ရွဲအံ့သြသည်။ယူကျုံးမရဖြစ်မိသည်။သူငယ်ချင်းတွေအပြောမဟုတ် ကိုယ်တိုင်သိမြင်ခဲ့ရသည်။
“ကိုကို ရက်စက်လိုက်တာ..ရွဲတို့ချစ်ခဲ့တာ လက်ထပ်ဖို့ထိမဟုတ်ဘူးလား..နောက်ထပ်ချစ်သူတွေဘာလို့ထားခဲ့တာလဲဟင်”
“ချစ်တြတိုင်းဟာ လက်ထပ်ဖို့မှမဟုတ်ဘဲ ရွဲရယ်..ချစ်တိုင်းသာလက်ထပ်ရရင် မင်းရှေ့မှာ ကိုယ်မိန်းမဆယ်ယောက်မကရနေပြီ..ကိုယ်မင်းကို
ဘယ်တုန်းကမှအလိုမရှိခဲ့ပါဘူး..မင်းလိုမယ်ထင်တာတွေကို ဖြည့်ဆည်းပေးခဲ့ရုံပါ”
ရွဲ ထိတ်လန့်စွာ သူ့မျက်နှာကိုမော့ကြည့်မိသည်။သူ့မျက်နှာမှာ ဘာအရပ်မှရှိမနေပါ။ချစ်လို့လား။မုန်းလို့လား။ဘာရည်ရွယ်ချက်မှမရှိဘဲ ရွဲဘ၀ကို
တဖြည်းဖြည်းသိမ်းယူဖျက်ဆီးခဲ့တာဖြစ်မည်။ပြောလိုက်စမ်းပါ ကိုကိုရယ်။မင်းကိုတကယ်ချစ်ခဲ့တာပါ၊အကြောင်းရှိလို့လက်မထပ်နိုင်တာပါဆိုရင်တောင် ရွဲ
လက်ခံနိုင်မှာပါ။ခုတော့ ဘယ်လိုမှချစ်ခြင်းမေတ္တာမပါဘဲ သူရဲ့ဗီဇအရ ရွဲကိုဖျက်ဆီးခဲ့ခြင်းပေါ့နော်။ရွဲဘ၀သည် လေကြမ်းတစ်ချက်အဝေ့မှာ ကြွေလွင့်ခဲ့ရ
တဲ့ပန်းတစ်ပွင့်ဖြစ်ခဲ့သည်။ရင်ဘတ်ထဲမှာအရမ်းနာကျင်သည်။ဒါပေမဲ့မလိုချင်လို့ထားခဲ့သူကို ရွဲအယူခံမ၀င်ခဲ့ပါဘူး။
*********
ဇာတ်လမ်းရဲ့အဆုံးမှာတော့ ရွဲသည် အရှုံးတွေ၊အလွမ်းတွေတစ်ပွေ့တစ်ပိုက်နဲ့ကျန်နေခဲ့ရသူဖြစ်သည်။ခုတော့လည်း သစ်ပင်ဖြစ်ချင်သူကသစ်ပင်
ဖြစ်ခဲ့ပါသည်။ရွက်ဟောင်းတွေကြွေသွားပေမဲ့ ရွက်သစ်တွေနဲ့ဝေဆာလန်းဆန်းနေမြဲလေ။သစ်ရွက်မဖြစ်ချင်ပေမဲ့ မြလည်ရွဲသည် သစ်ရွက်တစ်ရွက်ဖြစ်ခဲ့ရပါ
သည်။ဝါဖန့်ဟောင်းနွမ်းလာတော့ သစ်ပင်ပေါ်ကသက်ဆင်းကြွေကျပေးခဲ့ရသည်လေ။မြေပေါ်မှာ လေနှင်လိုက်တိုင်း ဟိုဒီလွင့်နေလေရဲ့ရွဲရဲ့စိတ်တို့လွင့်
ထွက်သွားတာ ဘယ်လောက်ကြာခဲ့ပြီလဲ။ကိုယ့်ဘ၀ကိုတန်ဖိုးထားထိန်းသိမ်းပြီး နေခဲ့ကာမှ အဖြစ်ဆိုးနဲ့ကြုံခဲ့တာကိုတွေးမိတိုင်း ခြောက်ခြားသည်။
ခုဆိုမြို့ကလေးထဲမှာပင် အများကြီးတိုးတက်ပြောင်းလဲနေပါပြီ။ရွဲကတော့ ရပ်တည်ဖို့အတွက်အလုပ်လုပ်နေသည်။ခံစားချက်ဝင်လာရင် စာရေး
သည်။ဘ၀မှာ ပျော်ရွှင်ခြင်းတို့၊လိုအင်ဆန္ဒတို့ပျောက်ကွယ်ခဲ့တာ ကြာပါပြီ။ဘယ်သူမမှ မသိလည်းဘဲ ရွဲလိပ်ပြာကအမြဲခြောက်လှန့်နေသည်။ပြီးတော့ အတိတ်မရှိ။ပစ္စုပ္ဌါန်မရှိ။အနာဂတ်မရှိတော့ပါ။ရွဲသည် ကိုယ့်ဘ၀ကိုယ်သစ်ရွက်တစ်ရွက်လို့ပဲသတ်မှတ်ထားသည်။လွင့်မည်။နောက်ထပ်အချစ်တွေအများကြီး
တိုးပွါးလာသည်။ကိုယ့်ကိုလာချစ်ကြသည်။စိတ်ဝင်စားလျှင်ပြန်တွဲသည်။စိတ်ကုန်လျှင် အဆက်ဖြတ်လိုက်သည်။
ဒါပေမဲ့ဘယ်ယောက်ျားမှ ရွဲလက်ကိုမကိုင်ဖူးပါ။ဆိတ်ကွယ်ရာမှာ မပြောနှင့် လူအများကြားမှာပင် သိပ်တွေ့ဆုံခြင်းမရှိတော့ပါ။ယောက်ျားတွေကို
မယုံကြည်သလို၊လက်ထပ်ဖို့လည်း တစ်ခါမှမတွေးဖူးတော့ပါချေ။လူတစ်ယောက်ကိုချစ်ရင်အရူံးကြီးရှုံးတတ်မှန်းသိတဲ့နှလုံးသားက နောက်ထပ်မချစ်ရဲတော့
ပါ။ချစ်မိတဲ့အချစ်ရော၊နာကျင်မှုတွေကိုရော မြေမြှုပ်ပစ်ခဲ့တာကြာပါပြီ။ချစ်သူကိုချစ်ခဲ့တဲ့အချိန်ကလည်းအကောင်းဆုံးချစ်ခဲ့သည်။သူလမ်းခွဲသွားချိန်မှာလည်း နှောက်ယှက်မှုမရှိဘဲ အကောင်းဆုံးလမ်းခွဲပေးလိုက်သည်။ရွဲရင်ထဲမှာတော့ နာကျင်နေဆဲပါ။
ရွဲတွေးနေစဉ် အမှတ်မထင်လေတစ်ချက်အဝေ့မှာ သစ်ရွက်လေးတွေကြွေကျလာပြန်သည်။အင်း မြေခရတော့မှာပါလား။မြေခပြီးရင် ဘာဖြစ်မလဲ။
လေနှင်ရာလွင့်ရမှာပေါ့။နေစမ်းပါအုံး။လေနှင်ရာပဲလွင့်ကြသလား။မြေဆီလွှာ ဖြစ်နိုင်တဲ့သစ်ရွက်ရော မရှိဘူးလား။သစ်ရွက်လည်း မြေဆီလွှာဖြစ်နိုင်သည်ပဲ
လေ။အနည်းဆုံးတော့ မြေဆီလွှာကိုကောင်းမွန်အောင် ပံ့ပိုးပေးနိုင်ကြပါသည်။
ရွဲသည်လည်း လေနှင်ရာကိုမလွင့် ချင်တော့ဘူး။မြေဆီလွှာ ဖြစ်အောင်ကြိုးစားကြည့်ချင်သည်။သစ္စာမရှိတဲ့ယောက်ျားအတွက် ရွဲဘ၀လွင့်ခဲ့တာ
ဘယ်လောက်ကြာပြီလဲ။ကြွေသွားတဲ့သစ်ရွက်တွေလည်း မြေဆီသြဇာဖြစ်နိုင်ပါသေးသည်။အနည်းဆုံးတော့ ရွဲရဲ့စာတွေကိုဖတ်ပြီး လူတွေ ခံစားမှုရသဖြစ်
ဖြစ်၊ဗဟုသုတဖြစ်ဖြစ်ရအောင် ရွဲမှာကြိုးစားခွင့်ရှိသည်။သစ်ရွက်ဆိုတာ ၀ါဖန့်ဟောင်းနွမ်းလာရင် မြေပေါ်သက်ဆင်းကြွေကျရတာမှန်တယ်။လေနှင်ရာလွင့်
တဲ့သစ်ရွက်တွေရှိသလို မြေဆီလွှာ ဖြစ်နိုင်တဲ့သစ်ရွက်တွေလည်း ရှိနိုင်ပါသေးသည်။

                                     ယွန်းမြတ်မွှန်းသျှန်

                  ရတုမြေမဂ္ဂဇင်း- 2013 ခုနှစ်၊ဒီဇင်ဘာလ။