မောင်ဝါဝါနှင့် တစ်သက်တာ အကယ်ဒမီ
.
အကယ်ဒမီပေးပွဲ နီးလာပြီ။ ပြီးခဲ့သည့် နှစ်တွေတုန်းက အကယ်ဒမီနှင့် ပတ်သက်ပြီး မောင်ဝါဝါ သရော်စာ အရေးကောင်းလိုက်တာ အတော်အောင်မြင်သွားသည်။ ဘယ်လောက်အထိ အောင်မြင်သလဲဆို ခါတိုင်း ခေါ်သရုပ်ဆောင်ခိုင်းနေကျ ဒါရိုက်တာတွေလည်း မဆက်သွယ်တော့၊ ဇာတ်ညွှန်းအပ်နေကျ လူတွေလည်း ဘယ်ရောက်ကုန်မှန်းမသိ။ သူတို့အပြစ်တော့လည်း မဟုတ်ပါဘူးလေ။ မောင်ဝါဝါကလည်း ရုပ်ရှင်အစား ဗီဒီယိုကို အကယ်ဒမီ ပြောင်းပေးဖို့တို့၊ ပေးနေကျ ဆုတွေအပြင် ထပ်တိုးပေးလို့ရမည့် ဆုတို့ကို အကြံပြုလိုက်မိတာကိုး။
.
အခုလည်း အကယ်ဒမီပေးပွဲ နီးလာပြန်ပြီ။ မောင်ဝါဝါ ရင်ခုန်နေ၏။ ဒီနှစ်တော့ အကယ်ဒမီ ဆန်ကာတင် စာရင်းထဲမှာ မောင်ဝါဝါ သရုပ်ဆောင် ထားတဲ့ကားလည်း ပါတာကိုး။ စိုင်းစိုင်းခမ်းလှိုင်တို့၊ ခင်ဝင့်ဝါတို့နှင့် ရိုက်ထားသော သင်္ကြန်ပြတိုက် ဖြစ်သည်။ မောင်ဝါဝါက ဇာတ်လမ်းထဲမှာ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ စိုင်းစိုင်းနှင့် သူငယ်ချင်း။ ဒီတော့ ဇာတ်ပို့ဆု မှန်းလို့ရပြီ။ ကိုယ့်ဟာကိုယ် စိတ်ကူးယဉ်ပြီး နံကြားထောက် ရွေးကြည့်တော့ အကယ်ဒမီရနိုင်သည်ဟု အဖြေထွက်သည်။ မြန်မာအိုင်ဒေါလို ဗုတ်စနစ်နှင့် အကယ်ဒမီ ပေးမယ်ဆိုရင် ပိုတောင်ရနိုင်သေး။ ဘာလို့ဆို မောင်ဝါဝါလည်း ဖေ့စ်ဘုတ်ပေါ်မှာ စိုင်းစိုင်းလောက်နီးနီး ပရိသတ်ရှိတယ်လေ။ ရှိဆို ကိုယ်ကလည်း သူနဲ့ နင်လားငါလား ချောတယ်လို့ လာ, လာ ပြောကြတာကိုး။ အမျိုးတွေ ပြောပါတယ်။
.
ဘာပဲဖြစ်ဖြစ် အကယ်ဒမီပွဲ တက်ရမည် ဆိုလျှင်တော့ မောင်ဝါဝါ အဝတ်အစားကိစ္စ စဉ်းစား ရတော့မည်။ ဒါပေမဲ့ ကိုယ်က နာမည်ကြီး မင်းသား မဟုတ်တော့ သူတို့လို အင်္ကျီအစ၊ ဖိနပ်အဆုံး အတုံးအရုံး စပွန်ဆာ ပေးမည့်သူမရှိ။ သို့သော် စပွန်ဆာ မပါဘဲနှင့်တော့ ပွဲမတက်နိုင်။ ကိုယ်လည်း အင်တာဗျူးဖြေရင် သူတို့လို ကြွားချင်သည်။ စံပြဈေးနားက ဘေထုပ်ဆိုင်တွေ၊ ဖိနပ်ဟောင်း ရောင်းတဲ့ ဆိုင်တွေ လိုက်စနည်းနာပြီး စပွန်ဆာ ပေးမလား လိုက်မေးဖို့ အကြံရသည်။ သွားမေးတော့ စပွန်ဆာရဖို့ မပြောနဲ့၊ ကိုယ့် ဘယ်သူမှတောင် မြင်ဖူးတာမဟုတ်။ “သင်္ကြန်ပြတိုက် ရုပ်ရှင်ထဲမှာ သရုပ်ဆောင်တာလေ” ဟု ပြောဖို့ ကြံသော်လည်း သင်္ကြန်.. လို့ စကားစလိုက်တာနဲ့တင် အနာပေါ်တုတ်ကျသလို ဆတ်ဆတ်ခါ နာကြကာ မောင်းအထုတ် ခံရသည်။ ဘာလို့မှန်းတော့ မောင်ဝါဝါ တကယ်မသိ။
.
ကိုယ့်အမျိုးထဲက လုပ်ငန်းရှင်တွေဆီ စပွန်ဆာတောင်းမည် ဆိုပြန်တော့လည်း ကြည့်ဦး။ ဦးလေး ဖြစ်သူက သဘောင်္ဆေးဆိုင် ဖွင့်သည်။ အစ်ကိုဝမ်းကွဲက လျှပ်စစ်ပစ္စည်းဆိုင်၊ အမဝမ်းကွဲကျတော့ မိန်းကလေး အဝတ်အထည်။ ကိုင်း.. သူတို့ဆီကသာ စပွန်ဆာ ယူလို့ကတော့ မောင်ဝါဝါ ဂါဝန်ကြီးဝတ်၊ မီးကြိုးတွေ လည်ပင်းပတ်ပြီး သဘောင်္ဆေးပုံးကြီး ခေါင်းစွပ်သွားရမည့်ပုံ။ ဘာဖြစ်ဖြစ် စတိုင်တစ်မျိုး ထူးတာပေါ့ဟု တွေးမိသော်လည်း အကယ်ဒမီပေးပွဲ ကျင်းပသည့် နေရာကို မရောက်ခင် စိတ်ကျန်းမာရေး ဆေးရုံကို အခမဲ့ ဆွဲလွဲပို့မည့် သူများနှင့် ကြုံသွားနိုင်သဖြင့် အဲဒီအကြံကိုလည်း လက်လျှော့ လိုက်ရသည်။ အဲဒီကြားထဲ ကြောက်စရာ သတင်းတစ်ခု ထွက်လာသေးသည်။
.
အအုပ်ခံရမည့် ကိစ္စ။ မလုံမခြုံဝတ်ပြီး အကယ်ဒမီပွဲ တက်လာသည့် အနုပညာရှင်တွေကို ပဝါဖြင့် လှမ်းအုပ်ပစ်မည်ဟု ပွဲစီစဉ်သူ ဦးလေးကြီးတစ်ဦး ပြောသည့် ကိစ္စပေါ့။ အဲဒီမှာတင် မောင်ဝါဝါ အကယ်ဒမီ ပေးပွဲကို ဘာဝတ်သွား ရမလဲဆိုတာ အကြံရသွားတော့တာပဲ။ ဟုတ်တယ်လေ.. သူအုပ်တာတော့ မခံနိုင်ဘူး။ ကိုယ့်ဟာကိုယ် အုပ်သွားမှာပေါ့။ ကိုယ့်မှာ ပွဲတက်အင်္ကျီလည်း မရှိတဲ့အတူတူ၊ စပွန်ဆာ ပေးမယ့်သူလည်း မရှိတဲ့အတူတူ၊ တစ်ကိုယ်လုံး ခေါင်းမြီးခြုံ စောင်ပတ်ပြီး ပွဲတက်တော့မည်။ စောင်ဆိုတော့ အဝေးကြီးလည်း ရှာနေစရာ မလိုတော့ဘူးလေ၊ မောင်ဝါဝါ့အမေဆီကနေ သူသိမ်းထားတဲ့ စောင်အသစ်တစ်ထည် တောင်းလိုက်ရုံပဲ။ အဝတ်အစား အတွက်တော့ တစ်ပူငြိမ်းပြီ။ သို့သော် ဒီလောက်နဲ့တော့ မလုံလောက်သေး။ အကယ်ဒမီပွဲ မတိုင်ခင်မှာ လူတွေ ကိုယ့်ကို အာရုံစိုက်မိအောင် လုပ်ရမည်။ ဒါမှ အကယ်ဒမီ တစ်ကြို စာရင်းတွေထဲ ကိုယ့်စတိုင် ထူးခြားမှုကို သတိပြုမိပြီး ထည့်တွက်ချင် ထည့်တွက်ကြမှာ။
.
ဒီတော့ အကယ်ဒမီ ဆုပေးပွဲ မတိုင်ခင် နှစ်ပတ်အလိုလောက် ကတည်းက မောင်ဝါဝါ အကယ်ဒမီပွဲတက်မည့် စောင်ကြီးကို ခေါင်းမြီးခြုံပြီး နေရာအနှံ့ လျှောက်သွားသည်။ မောင်ဝါဝါ့ ရည်မှန်းချက် အောင်မြင်တယ်လို့ ပြောရမည်။ ဘယ်သွားသွား လူတွေ စိတ်ဝင်တစား လိုက်ကြည့်တာကို ခံရရုံတင်မက ခွေးတွေပါ အာရုံစိုက်မိပြီး မျက်စိနောက်နောက်နဲ့ လိုက်ဆွဲလို့ ပြေးရတာတင် လေးကြိမ်။ ဖေ့စ်ဘုတ်ထဲမှာလည်း မောင်ဝါဝါ၏ အကယ်ဒမီ ပွဲတက်ဝတ်စုံဆိုပြီး ဓာတ်ပုံရိုက်တင်လိုက်သေး။ ထင်ထားတာထက် ပိုအောင်မြင်သည်။ “ဘယ်က ငကြောင်လဲကွ” ဆိုပြီး ဝိုင်းဆဲကြတာ ဝက်ဝက်ကွဲ။ အို.. ဒီနေ့ခေတ်မှာ အောင်မြင်တယ်ဆိုတာ ဖေ့စ်ဘုတ်ပေါ် အဲသလို ဝက်ဝက်ကွဲ အဆဲခံရတာက စတာပဲဆိုတော့ မောင်ဝါဝါက ကျေနပ်သည်။
.
အကယ်ဒမီ ပေးမည့်ရက်ကျတော့ မနက်ကတည်းက ဖေ့စ်ဘုတ်မှာ ကြေညာထားလိုက်၏။ ညနေ မောင်ဝါဝါ အကယ်ဒမီပေးပွဲ ထူးထူးခြားခြား တက်မည်၊ မောင်ဝါဝါ၏ အကယ်ဒမီပွဲတက် ပုံရိပ်များကို ဖေ့စ်ဘုတ်မှ တိုက်ရိုက်လွှင့်မည် ဟူ၍။ ညနေကျတော့ အကယ်ဒမီပေးပွဲ ကျင်းပရာ နေရာသို့ သာသနာ့အလံ ထောင်ထားသည့် ဆိုက်ကားပေါ် ထိုင်ကာ တစ်ကိုယ်လုံး စောင်ခေါင်းမြီးခြုံ ဖက်ရှင်နှင့် ခန့်ခန့်ကြီး လိုက်ပါလာသော မောင်ဝါဝါကို ရင်သပ်ရှုမောဖွယ်ရာ တွေ့ကြရပြီ။ အပြင်မှ လူများ သာမက၊ ဖေ့စ်ဘုတ်ပေါ်မှ မောင်ဝါဝါ၏ အကယ်ဒမီ Live လွှင့်မှုကို ကြည့်ကြသူအားလုံး အံ့သြဘနန်း ဖြစ်ကုန်သည်။ ဒီလိုပဲ ဖြစ်ကုန်ကြမယ် ဆိုတာ မောင်ဝါဝါ ကြိုတွက်ထားပြီးသား။ ဆိုက်ကားနှင့် ဆိုက်ကားဆရာကြီးတွေဆိုတာ အောင်မြင်ပြီးသား နိုင်ငံရေးပြယုဂ်၊ သာသနာ့အလံကတော့ အားလုံးသိပြီး ဖြစ်သည့်အတိုင်း ဘာသာရေး ကိုယ်စားပြုပုံရိပ် မဟုတ်လား။ လူအများ စိတ်ဝင်စားအောင် ဘာတွေကို ဘယ်နေရာမှာ ဘယ်လို အံဝင်ခွင်ကျ အသုံးချရမယ်ဆိုတာ မောင်ဝါဝါ သိနေတယ်လေ။
.
အစက ဘယ်သူမှ မသိခဲ့သော မောင်ဝါဝါမှာ ဖေ့စ်ဘုတ်အားကိုးဖြင့် အခုတော့ အကယ်ဒမီ ဆုပေးပွဲ တစ်ခုလုံးမှာ လူအများ စိတ်ဝင်စားသော စတားဖြစ်နေပြီ။ အမြင်မတော်ရင် ပဝါနှင့် အုပ်ပစ်မည် ဆိုသည့် ဆရာကြီးလည်း မောင်ဝါဝါ့ကို မြင်တော့ အုပ်ဖို့ အခွင့်မသာ၊ ခေါင်းလေးကုတ်ပြီး ကျန်ခဲ့ရှာသည်။ တစ်ကိုယ်လုံး စောင်ကြီးအုပ်ထားတော့ အမြင်မတော် မဖြစ်ဘဲ အတော်မမြင် ဖြစ်သွားပုံရသည်။ မောင်ဝါဝါကတော့ ခပ်တည်တည်ပဲ။ ဒီလိုနှင့် အကယ်ဒမီပေးပွဲ စပြီ။ စင်ပေါ်မှ တစ်ဆုပြီးတစ်ဆု ကြေညာသည်။ မောင်ဝါဝါ ဖေ့စ်ဘုတ်မှ တောက်လျှောက် Live လွှင့်နေသဖြင့် အွန်လိုင်းက ပရိသတ်များလည်း ကြော်ငြာဝင်တာ စောင့်စရာ မလိုဘဲ အချိန်နှင့်တပြေးညီ သိနေကြပြီ။ မောင်ဝါဝါ မျှော်မှန်းသော ဇာတ်ပို့ဆုကို ကြေညာပြီ။ လူတိုင်း စိတ်ဝင်စားနေသော မောင်ဝါဝါ့ အနားမှာ ကင်မရာတွေ၊ မီးမောင်းတွေ၊ သတင်းထောက်တွေ စုပြုံရောက်နေကြပြီ။ မောင်ဝါဝါ ရင်တွေ တဒိန်းဒိန်း ခုန်နေလိုက်သည်မှာ နှိုင်းဖွယ်ရာမရှိ။
.
သို့သော် တကယ်ကြေညာတော့ မောင်ဝါဝါ ဆုမရ။ အခြားသူတစ်ဦး ရသွားသည်။ မောင်ဝါဝါ ဝမ်းလည်းနည်း၊ ရှက်လည်းရှက်ဖြင့် ခေါင်းမဖော်နိုင်တော့။ ကိုယ့်လည်း မျှော်မှန်းစရာ ဒီတစ်ဆုပဲ ရှိတာ ဆိုတော့ အကယ်ဒမီ မရတော့ဘူးဆိုတာ သေချာသွားပြီ။ နောက်ထပ် ချီးမြှင့်ဖို့ အထူးဆုဖြစ်သည့် တစ်သက်တာ အကယ်ဒမီဆု ဆိုလား ပြောနေတာကို ဝိုးတိုးဝါးတား ကြားရသည်။ ရှက်ရှက်နှင့်သာ ဟန်မပျက် ဆက်ထိုင်နေရသည်။ မောင်ဝါဝါ စိတ်မဝင်စားတော့။ ဟုတ်တယ်လေ.. ဇာတ်ပို့ဆုတောင် မရတာ၊ အထူး တစ်သက်တာ အကယ်ဒမီဆု ဆိုတာတော့ ဝေလာဝေးပေါ့။ အဲဒီအချိန်မှာပဲ ထိုဆုကို ရသွားတာ မောင်ဝါဝါ ဖြစ်သည်ဟု ကြေညာသံကို ကြားလိုက်ရလေသည်။ ပထမတော့ ကိုယ့်နားကိုယ် မယုံ၊ သို့သော် တကယ်ဖြစ်နေတာ။ ဖေ့စ်ဘုတ်မှ Live ကြည့်နေသူ အပေါင်းလည်း အံ့အားသင့်ကုန်ပြီ။ မောင်ဝါဝါ ဝမ်းသာအားရ စင်ပေါ်တက်သွားတော့ မောင်ဝါဝါ၏ အကယ်ဒမီ ရသွားသည့် အကွက်အကွင်းတွေကို ပြန်ပြ နေသည်။
.
သို့သော် ထူးဆန်းတာက ဇာတ်လမ်းထဲက ဇာတ်ဝင်ခန်းတွေ မဟုတ်။ အကယ်ဒမီပွဲ မတိုင်ခင် မောင်ဝါဝါ၏ ထူးဆန်းသော အဝတ်အဆင်၊ ပြုမူပြောဆိုပုံနှင့် အကယ်ဒမီပွဲ တက်လာသည့် ပုံရိပ်တွေ။ အို.. ဘာဖြစ်ဖြစ် ရတယ်ဆို ပြီးတာပဲ။ တစ်သက်တာ အထူးအကယ်ဒမီဆုဆိုတာ တခြားဆုတွေ ထက်တောင် ပိုမြင့်နေပြီ မဟုတ်လား။ ဝမ်းသာလုံးဆို့ပြီး မောင်ဝါဝါ ကျေးဇူးတင်စကား ပြောလိုက်တာ ငယ်ငယ်က မူကြိုမှာ စာသင်ပေးသည့် ဆရာမနာမည်ကစပြီး အကြွေးရှင်တွေ နာမည်အဆုံးပဲ။ တော်တော်နှင့် မပြီးနိုင်သဖြင့် အခမ်းအနားမှူးက မိုက်ကရိုဖုန်းကို အတင်းဝင်လုမှ မောင်ဝါဝါ ရပ်တော့သည်။ နောက်ခံ စကားပြောသူက ယခုလို ကြေညာသည်။
.
“ဒီဆုဟာ ဒီနှစ် အကယ်ဒမီပေးပွဲ မနက်မှ အကဲဖြတ် ဒိုင်လူကြီးတွေ အရေးပေါ် ထပ်တိုးပေး လိုက်ရတဲ့ ဆုဖြစ်ပါတယ်။ မောင်ဝါဝါဟာဆိုရင် အကယ်ဒမီပေးပွဲ မတိုင်ခင်မှာ တစ်ကြိမ်၊ အကယ်ဒမီ ပေးပွဲမှာ တစ်ကြိမ် လူအများ မျက်စိနောက်ပြီး အမြင်ကတ်လောက်အောင် အွန်လိုင်းပေါ်ကနေ အဆက်မပြတ် တင်ဆက်မှုတွေ ပြုလုပ်နိုင်ခဲ့တဲ့အတွက် အခုလို တစ်သက်တာ အထူးအကယ်ဒမီဆုကို ထိုက်ထိုက်တန်တန် ရရှိသွားတာ ဖြစ်ပါတယ်။ တစ်သက်စာ အကယ်ဒမီ ပေးပြီပြီ ဖြစ်တဲ့အတွက် နောက်နောင် ဘယ်တော့မှ အကယ်ဒမီပေးပွဲနဲ့ မောင်ဝါဝါနဲ့ သက်ဆိုင်ခြင်း မရှိတော့ပါကြောင်း ဝမ်းမြောက်ဂုဏ်ယူစွာ ပြောကြားလိုက်ရပါတယ် ခင်ဗျာ၊ နောက်နှစ်တွေ မှာလည်း အခုလို ဆုမျိုးနဲ့ ထိုက်တန်သူတွေ ရှိခဲ့တယ်ဆိုရင် အလျဉ်းသင့်သလို ချီးမြှင့်ပေးသွားမယ်လို့ တစ်ခါတည်း သတိပေး.. အဲလေ၊ သတင်းပေးလိုက်ရပါတယ် ခင်ဗျား”
.
ဟင်.. ဒါဆို.. ဒါဆို.. သွားပြီပေါ့။ အကယ်ဒမီ ပေးသလိုလိုနဲ့ မောင်ဝါဝါ့ကို ပင်စင်ပေးလိုက်တာပေါ့။ အကယ်ဒမီရုပ်ကလေး ပိုက်ရင်းက မောင်ဝါဝါ စင်ပေါ်ကနေ အရှက်ပြေ သွားဖြဲပြနေရသည်။ ဖေ့စ်ဘုတ်လေး ဖွင့်ကြည့်တော့ Live လွှင့်သည့် ဗီဒီယိုအောက်မှာ Comment ဆင်တူတွေ အများကြီး တွေ့ရသည်။ “Ha Ha ပဲရမယ်” တဲ့။ အင်းပေါ့လေ.. ကိုယ်ကလည်း တစ်နိုင်ငံလုံး မျက်စိစပါးမွှေးစူးအောင် လုပ်မိတာကိုး။ နောက်နှစ်များ ကျရင်တော့ ကိုယ့်လို တစ်သက်တာ အထူးအကယ်ဒမီဆု ဘယ်သူရပြီး တစ်သက်စာ ပင်စင်အပေးခံရမည် ဆိုတာကို ပရိသတ်များ ထိပ်ဆုံးထား စဉ်းစားကြတော့မှာ သေချာတယ်ဟု တွေးရင်း တစ်သက်တာ အထူးအကယ်ဒမီဆုရှင်ကြီး မောင်ဝါဝါ ယောင်ချာချာဖြင့် စဉ်းစားနေမိတော့လေသတည်း။
.
သူရဿဝါ
၁၃ - မာ့ခ်ျ - ၂၀၁၇
NetGuide Journal, Volume (4), Issue (78)
(သရုပ်ဖော်ကာတွန်း ရေးဆွဲပေးတာ ကာတွန်းမျိုးမင်းမြတ် ဖြစ်ပါတယ်။)
#trtw_satire
Mar 24, 2017
မောင်ဝါဝါနှင့် တစ်သက်တာ အကယ်ဒမီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment