“မိုးချုန်းသံများ”
လေရူးက သုတ်ခနဲ ဝှေ့လိုက်သည်။
မှန်ပြတင်းမှာ ဂျိန်းခနဲ ပိတ်သွားသည်။
အိပ်ရာထက်မှ ဒေါ်သင်းသင်း ထအော်သည်။
“ဟဲ့ မိအေး… မိအေးရင်၊ ဒီကောင်မလေး ပြတင်းပေါက် ပွင့်ပြန်ပြီ”
လေကြောင့် ပြတင်းပေါက်မှာ ပွင့်လိုက် ပိတ်လိုက် ရိုက်ရင်း တဂျိမ်းဂျိမ်း မြည်နေသည်။ စိမ်းပြာရောင် ခန်းဆီးစမှာ လေတွင် လွင့်နေသည်။ မှန်ပြတင်းတွေမှာ နှစ်ပရိစ္ဆေဒ ကြာပြီဖြစ်၍ ကြည်ကြည်လင်လင် မရှိ။ ခန်းဆီးစတွေကလည်း အရောင်လွင့်စ ပြုပြီ။ ဖွင့်လေ့ဖွင့်ထ မရှိသော ပြတင်းများမှာလည်း တံခါးဘောက်ချိတ်တို့ ပြုတ်ထွက်ကုန်ခဲ့သည်မှာ ကြာပြီ။ သူလည်း အိပ်ရာထဲမှာ ကာလအတော် ကြာလေပြီ။ လူမမာကြီး လုံးလုံး မဟုတ်သော်လည်း လူမမာတစ်ယောက်လိုပင် အိပ်ရာထဲမှာ သူနေခဲ့သည်။ ဘ၀တစ်လျှောက်လုံး မထချင်ဘဲ၊ မသွားချင်ဘဲ ထခဲ့ သွားခဲ့ လှုပ်ရှားခဲ့ရပြီ မဟုတ်ပါလား။ ကိုယ့်ခြေ ကိုယ့်လက် ကိုယ့်စိတ်နှင့် ကိုယ့်ကိုယ်ကိုယ် အလိုကျ နေခဲ့ရသည် ဆိုတာကတော့ ရှားပါးလှပါဘိ။ မချိသွားဖြဲရယ် ယောင်ထင် ဆိုသလို မငိုချင်ဘဲနှင့် ငို၊ မရယ်ချင်ဘဲနှင့် ရယ်ခဲ့ရသည့် ဘ၀တစ်လျှောက်လုံးမှာလေ။ ကိုယ့်ကိုယ်ကိုယ် ပိုင်စိုးလို့ နေမည်ပြင်တော့ ၉၆မျိုးသော ရောဂါဝေဒနာတွေက ခွန်အားချည့်နဲ့တဲ့ သည်ခန္ဓာကိုယ်ကြီးကို တွန်းတိုက်လဲပြိုစေခဲ့ပြီ။
ခြေနာ၊ ဒူးနာ၊ ခေါင်းနာ အနာပေါင်းများစွာ ဝေဒနာကြောင့် ဒေါသဖြစ်ရသည်။ ဒေါသဖြစ်ပြီးဆိုမှတော့ ကိုယ့်ကိုယ်ကိုယ် အစိုးမရတော့။ သည်လို ပစ္စုပ္ပန်မှာ ဝေဒနာတွေ၊ ဒေါမနဿတွေကြောင့် မိမိကိုယ်ကို မပိုင်စိုးလေသမျှ၊ အတိတ်ဘ၀တစ်လျှောက်လုံး ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် အလိုမပြည့်ရလေသမျှ အတိုးချခဲ့ပြီထင့်။ အိပ်ရာထဲကပင် အစစ လွှမ်းမိုးချင်သည်။ ကိုယ်ထိလက်ရောက် မလုပ်နိုင်လျှင်ပင် ၀စီကံရော၊ မနောကံဖြင့်ပါ ပိုးစိုးပက်စက် ရေရွတ်လိုက် ကျိန်ဆဲလိုက်ရမှ နေသာထိုင်သာ ရှိစမြဲ။ ဒါကြောင့်ပင် သူ့အနားမှာ မည်သူမျှ မနေချင်ကြ။ နေလည်း မနေကြသည်ကို သူ ရိပ်စားမိတန်သလောက် ရိပ်မိခဲ့ပါပြီ။ ဦးနှောက်မပြည့်ရှာလေသော ပေါချာချာ သားကြီးတောင်မှ သူ့ဒဏ်ကို မခံနိုင်ဘဲ မရီးတို့ အဆိုအဆဲဒဏ်ကို သူ့အသံထက် ချိုသာသည် ထင်မှတ်ကာ ခွဲခွာသွားခဲ့ပြီ မဟုတ်ပါလား။ ကလေးတစ်ယောက်လို ဖောသွပ်သွပ် မျက်နှာပြည့်ပြည့် အိုးတိုးအတ စကားထစ်အအနှင့် သားကြီး။ သည်သားကြီးပင် သူ့အနားမှာ မနေနိုင်ခဲ့။ ခုတော့ ဘ၀… ဘ၀က ၀ဋ်ကြွေးတွေ ဘယ်လောက်ပါခဲ့ရှာသည် မသိသော မိအေးရင် တစ်ယောက်သာ ချေးသုတ်သင်၊ သေးသုတ်သင် ဆိုသလို သူ့ကို အနီးကပ်ပြုစုရင်း ဆင်းရဲငြိုငြင်စွာ နေရရှာသည်။
ခုတော့ ဒေါသအားလုံးသည် မိအေးအပေါ် စုပုံကျခဲ့ပြီ။
မိုးသက်ရနံ့အေးသော လေအေး တစ်သုတ်။
လေတိုက်ခြင်းကို သူ မုန်းသည်။ လေ၏ တ၀ှီဝှီ မြည်သံ၊ ဖွင့်လိုက် ပိတ်လိုက် ဖြစ်သွားသော တံခါးပတ္တာများ၏ တကျွီကျွီ မြည်သံ၊ တဂျိမ်းဂျိမ်း ထိခိုက်သံတွေကို သူ မုန်းသည်။ လေက အခန်းထဲသို့ ဒလဟော စီးမျောဝင်လာခိုက် ခန်းဆီးစတွေ လှုပ်ရှားသွားခြင်းကို ချောက်ချားသည်။ တံခါးတွေ ပိတ်ကာ ခန်းဆီးစတွေ အလုံကာခဲ့သည်မှာ ကြာပါပြီလေ။ လေအေးတစ်သုတ်ကြောင့် ကြက်သီးမွေးညင်း ထသွားသည်။
“ဟဲ့ ချမ်းလို့ သေတော့မှာပဲ၊ မိအေး မိအေး”
“ရှင် လာပါပြီး ကြီးကြီး”
“ရှင် ထားခဲ့၊ လူလာခဲ့ မြန်မြန်၊ ခွေးကောင်မ တံခါးပြန်ပိတ်စမ်း၊ ကျုပ် နမိုးနီးယားဝင် သေတော့မယ်”
မိအေးကလည်း ကြီးကြီးမမြင်အောင် ပါးစပ်က ပွစိပွစိ လုပ်ရင်း တံခါးကို ဂျုန်းခနဲ ပြန်ပိတ်လိုက်သည်။ တံခါးပေါင်တွေမှာ သုတ်ထားသော ကွဲအက်စ ဆေးတချို့ ကွာကျသည်။
“ဟဲ့ ဖြည်းဖြည်းလုပ်ပါ၊ တကတဲ ကိုယ့်ပစ္စည်း မဟုတ်တိုင်း။ ငါ့ဖို့ မြူစွမ်ပြုတ်ပြီးပြီလား”
“ပြီးပြီ”
“ဘာ”
“ဘာပြောတယ်၊ ပြန်ပြောစမ်း၊ ပြီးပါပြီ ကြီးကြီးလို့”
မိအေးက ဆောင့်ကြီးအောင့်ကြီး လေသံဖြင့်-
“ပြီးပါပြီ ကြီးကြီး”
“ပါးချခံရမယ်၊ သွား မြန်မြန်ယူခဲ့”
မိအေးက နှာခေါင်းကို ရှုံ့ပွရှုံ့ပွ လုပ်ကာ တံခါးကွယ်မှာ မျက်ရည်သုတ်သွားသည်။ သူက အမှတ်တမဲ့ မြင်လိုက်တော့ ကျိတ်ပြုံးသည်။
“အင်း၊ မိသင်းကို အိပ်ရာထဲက အဘွားကြီးဆိုပြီး လာစမ်းလို့ ရမလား၊ ငါ့ထမင်း စားနေရတာပါ မိအေးရဲ့၊ ဟင်း”
ပြတင်းပေါက်မှ ၀င်လာသော မိုးသက်လေညင်းကို တားဆီးလိုက်ပြီးနောက် ဒေါ်သင်းသင်းက မြူစွမ်သောက်ရင်း စဉ်းစားမိသည်။ မိုးများ ရွာဦးမလားပဲ။ အခန်းထဲမှာတော့ မှောင်ရီစ ပြုလေပြီ။ မိုးရိပ် လေရိပ်ကြောင့်ပင် စောစီးစွာ မှောင်လေသလား မပြောတတ်။
ညည မိုးရွာလျှင်တော့ သူ စိတ်ချောက်ချားရလေသည်။ မိအေးကို အနားလာအိပ်ဖို့ ခေါ်ထားရသည်။ မိအေးခမျာ ဖျာကလေးတစ်ချပ်နှင့် သူ့ခုတင်အောက်မှာ အေးအေးဆေးဆေး မအိပ်ရရှာ။ အဘွားကြီး၏ ဆေးနံ့၊ တေဇောဘမ်း၊ ပရုတ်ဆီနံ့၊ နံ့သာဖြူ နီ ရနံ့တွေ မွမ်းထုံလှိုင်ဝေနေသော အိပ်ရာထဲမှာ စိတ်ကျဉ်းကျပ်စွာ အိပ်ရရှာလေသည်။ အပြင် တပိုတပါးသွားဖို့ အိပ်ရာထဲက ထလျှင်ပင်-
“ဟဲ့ ဒါက ဘယ်လဲ”
ဝမ်းခေါင်းသံကြီးနှင့် မေးလေသည်။ အပြင်မှာ ကြာလျှင်လည်း ချွေးစေးတို့ ပြန်ကာ အေးစက်နေသော လက်ကြီးများဖြင့် အတင်းဆုပ်ကိုင်လှုပ်ကာ -
“ညည်းကလည်း ကြာလိုက်တာအေ”
အင်မတန် ကြောက်ရွံ့ရှာ၍ လေသံသဲ့သဲ့ဖြင့် ပြောသည်။ မိအေးက ကြင်နာစိတ် ၀င်ကာ-
“မကြောက်ပါနဲ့ ကြီးကြီးရဲ့၊ ကျွန်မ အနားမှာ ရှိပါတယ်”
တဆတ်ဆတ် တုန်ယင်သော လက်များဖြင့် ပုတီးကို ဆက်စိပ်နေတတ်သည်။ သည်အမေကြီး ကိုယ့်စိတ်ကိုယ် အစိုးမရလေသမျှ မိအေးပါ ရောယောင်ကြောက်လန့်တတ်လာသည်။ အထူးသဖြင့် မိုးရွာသည့် ညတွေ။
မိုးညတွေမှာ အဘွားကြီး၏ ကိုယ်ငွေ့လှုံ၍ သူ မအိပ်ချင်ပါ။
“ဘုရား သိကြား မ လို့ မိုးမရွာပါစေနဲ့ တော်”
မိအေးရော ဒေါ်သင်းသင်းပါ ကိုယ်စီ ဆုတောင်းမိကြရှာလေသည်။
@@@@@
မိုးမရွာလျှင် ရှိစေ။
အိပ်မပျော် ညတွေကတော့ ကြာခဲ့ပါပြီ။
မိအေးကို လုံးဝဥဿုံ မယုံနိုင်သေးသည်မို့ ညတိုင်း ညစဉ် သူ့အခန်းထဲ ခေါ်သိပ်ဖို့ရာ မဖြစ်နိုင်ပါလေ။
သည်တော့ ကြောက်လေ၊ ကြောက်ပေဦးတော့။
ခေါင်းအုံးပေါ်မှာ ဘယ်ပြောင်း ညာလှည့်ရင်း မျက်လုံးကြီးတွေ မှိတ်ကာ အိပ်မရရှာလေတိုင်း စိတ်ကူးတွေက လှိုင်းလို တရိပ်ရိပ် တလိပ်လိပ် မောက်မို့အုံကြွလာကာ ချောက်ချားစိတ်ကို ပိုလို့ တိုးစေဦးမည်။
ညတိုင်းရောက်လျှင် သံစုံမြည်သည့် နာရီအိုကြီးကို ကြောက်သည်။ လသာညတွေမှာ လမင်းကို ကြည့်ကာ ဆွဲဆွဲငင်ငင် အူလေ့ရှိသည့် ခွေးအူသံတွေကို ကြောက်သည်။
ထုပ်တန်းပေါ်က ကြွက်လျှောက်သံ၊ မျက်နှာကြက် အမိုးကြားက ကြွက်တိုးသံတွေ ကြားလျှင် ကျောဖျားက စိမ့်လာတတ်သည်။
“ဘုရား ဘုရား၊ မကောင်းဆိုးဝါးပဲလား၊ ဓားပြ သူခိုးပဲလား”
ပူပန်စိတ်ကြောင့် စိပ်ပုတီးပင် ဖြောင့်ဖြောင့် မစိမ့်နိုင်။ ပုတီးစိပ်နေသည့်ကြားက ချောက်ချားလိုက်သည့် စိတ်တွေ။
ညတိုင်လျှင် မီးရောင်အောက်မှာ အလင်းပြန်တတ်သည့် မှန်ပြတင်းပေါက်တွေကိုလည်း ကြောက်သည်။ ညတိုင်ဆိုလျှင် မှန်ထဲမှ ကိုယ့်အရိပ်ကိုပင် ရှည်မျောမျောကြီး ဖြစ်လာသလိုလို၊ တစ္ဆေလိုလို ဘာလိုလို ထင်မြဲ မဟုတ်ပါလား ဒါကြောင့်ပင် စိမ်းပြာမွဲမွဲ ခန်းဆီးစတွေဖြင့် မှန်ပြတင်းအပြည့် ကာထားရသည်။ ပြတင်းမှန်ပေါက်တွေကို လုံအောင် ဖုံးရ အုပ်ရသည်မှာ ညမအိပ်ခင် မိအေးအလုပ်။
မိအေးကိုလည်း သိပ်အရောမ၀င်ရဲပေ။
လူယုံသတ်လို့သေ ဆိုသည်ကို သူ ယုံသည်။ မိအေးက ဘယ်လိုကောင်မလဲ။ သိတန်သရွေ့တော့ သိပြီးပြီ။ သို့သော် မသိတာတွေလည်း ရှိချင် ရှိနေမည်။ အပျိုပေါက်ကလေး ဖြစ်နေသည့် မိအေးမှာ ရည်းစားသနာ ရှိချင်လည်း ရှိမည်။ ဒါမှမဟုတ်လည်း မနူးမနပ် မိအေးကို မေတ္တာဖြင့် ဖြားယောင်းကာ သူ့အိမ်ကို ဖောက်ထွင်းခိုးယူဖို့ လက်ထောက်ချခိုင်းသူ ကြမ်းပိုး သူခိုးတွေနှင့်လည်း ကြုံနိုင်သည် မဟုတ်ပါလား။ ဒါကြောင့် မိအေးကိုလည်း စိတ်က မချ။
မိအေး ဈေးဝယ်ထွက်တာ ကြာလျှင်-
“ညည်း ဘယ်လင်နဲ့ စကားပြောနေတာလဲ”
ပေါင်တွင်းကြော လိမ်ဆွဲပြီး မေးရသည်။
မိအေးက “ကြောက်ပါပြီ ကြီးကြီးရဲ့၊ ဘယ်လင်မှ မရှိပါဘူး ကြီးကြီးရဲ့”
မျက်ရည်ပေါက်ပေါက်ကျမှ လွှတ်သည်။
“ကြောက်ပါပြီ” ဆိုသည့် စကားက ချိုမြိန်လှသည်။
ဗြဟ္မစိုရ်တရား မရှိဘူး ဆိုချင်ဆို၊ ကြောက်ကို ကြောက်ရမည်။ မိသင်းကို အိပ်ရာထဲက အိုနာရွတ်တွ အထုံ အအကြီး မှတ်လို့။ သင်း လှည့်သလို ခံမယ် ထင်မှာစိုးလို့။ ညည်းတို့လို ကောင်မတွေပေါ့အေ။ ငါ့လင်ကို ကြောင်တောင်နှိုက်ခဲ့တာလေ။ ခုတော့ ငါ့လင်လည်း သေပါပြီ။ သွားလေသူကိုလည်း အပြစ်မပြောချင်ပါဘူး။ သူက ငါ သ၀န်ကြောင်သတဲ့။ မသိဟန် ဆောင်နေမှပေါ့တဲ့။ ဟင်း ဟင်း မိသင်းကို အထုံ အအ မှတ်နေတာ မပြောချင်လို့။ ပြောရင် အကျယ် အကျယ် မငြိမ်းဖွယ်တွေ ဖြစ်လာမှာစိုးလို့ သင်းဂုဏ် ငါ့ဂုဏ်ပျက်မှာ ကြောက်လို့၊ အဲဒီတုန်းကလည်း ငါ့ဘက်က မှန်ပေမဲ့ ငါ ကြောက်ခဲ့ရတယ်။ မှန်တာတွေ မှားတာတွေ ဆိုတာကတော ဘာလဲ။ ဒီသံသယစိတ်တွေက ငါ့ဘ၀တစ်ခုလုံးကို မွှေနှောက်နေခဲ့ပါလား။ ဘုရား ဘုရား၊ မိအေး မိအေး၊ ဒင်းငိုအောင် လုပ်မိတာရော ငါ မှားသွားသလား၊ မမှားဘူး၊ မမှားဘူး၊ ငါ့အမှား မဟုတ်ဘူး၊ သင်းအပြစ် သင်းအမှား၊ သင်းတို့က မျက်နှာသာပေးရင် ငါ့ခေါင်းပေါ် တက်ကုန်ကြမှာ။
အိပ်မပျော်လေတိုင်း အတွေးတွေ ပင်လယ်ဝေနေခိုက် သံစုံနာရီကြီးက ရုတ်တရက် တီးခတ် မြည်ဟည်းလိုက်သည်။ နာရီသံမှာ အခန်းနံရံများဆီသို့ ရိုက်ခတ်ကာ အခန်းထဲမှာ ပဲ့တင်ထပ်လျက် အတန်ကြာမျှ မြည်နေ တီးနေသည်။ ဧရာမ အသံစုံများဖြင့် ဒေါင်ဒေါင်ဒင်ဒင် တီးခတ်ပြီး အသံလှိုင်းကလေးများ အမြွှာအမြွှာ ခွဲထွက်သွားကာ ဆက်လက်မြည်ဟည်းနေသော နာရီသံ။ သံသေး သံမွှား သံမ သံစူးစူးရှရှမကျန် ဒေါ်သင်းသင်း၏ နှလုံးအိမ်ထဲ နက်နက်ရှိုင်းရှိုင်း စူးဝင်သွားလေသည်။ ည၏ တိတ်ဆိတ်မှုကို ဖောက်ခွဲ၍ ဆင့်ကဲ ဆင့်ကဲ သံမြွှားများစွာဖြင့် ရုတ်တရက်တီးခတ်လိုက်သော နာရီသံကြောင့် အသည်းတုန် အူတုန် တုန်လှုပ်သွားသည်။ တဒိန်းဒိန်းနှင့် နှလုံးခုန်သံ ကြားရပြန်သည်။
နာရီကလည်း ဒီလောက်တောင် မြည်လိုက်တာ။ ငါငယ်ငယ်တုန်းကတော့ ဒီလောက်ကြီး မြည်လှ ဟည်းလှတယ် မထင်မိပါဘူး။ ညညဆို ဘာသံမှ မကြားဘူး။ အိပ်ပျော်သွားတာပဲ။ ခုတော့လည်း ဒီနာရီသံကြောင့် ညညအိပ်လို့မရဘူး ဆိုတော့ အငယ်ကောင်က ရယ်တယ်။ အသံမမြည်တဲ့ ဓာတ်ခဲနာရီတစ်လုံး ၀ယ်ပေးပါ ဆိုတော့ ပါးစပ်နဲ့ပဲ ၀ယ်ပေးနေတာ ဘယ်နှနှစ်ကြာပြီလဲ။ သင်းမိန်းမ ထဘီတစ်ထည်ဖိုးတောင် မရှိပါဘူး။ သားတွေကလည်း မိန်းမကြောက်ရ၊ မြေးတွေကလည်း တစ်ယောက်မှ အသုံးမကျဘူး။ ငါ့အနားများ ရောက်လာပလား ဆိုမှဖြင့် ၀တ်ကျေဝတ်ကုံ နှုတ်ဆက်ပြီး ထထ ပြေးတာပဲ။ အေး သူတို့ကလည်း ငါ စေတနာနဲ့ ပြောတာ ဆိုတာကို နားပူနေကြမှာပေါ့လေ။ ဘွားဘွားက သိပ်လျှာရှည်တာပဲတဲ့။ အလတ်ကောင် သားက ပြောတယ်။ ရိုင်းကုန်ကြပါပြီ။ ကလေးတွေ သင်းတို့လက်ထက်ကျ နာနီတွေလည်း မထားနိုင်ဘူး။ မိဘတွေကလည်း စနစ်တကျ သင်မပေးကြဘူး။ ပိုက်ဆံကို ကုန်းရှာနေကြတာကိုး။ သင်းတို့မှာ အိပ်ရာထဲလဲနေတဲ့ မအေအိုကြီး ရှိတာတောင် မေ့နေကြပြီ။ ဘယ်လိုလုပ် ကောင်းစားတော့မှာလဲ။
ဟဲ့ အငယ်ကောင်၊ မိုးသည်းတဲ့ ညတွေဆို ငါ ကြောက်တယ် ဆိုတော့ သင်းက ပြုံးတယ်လေ။ မင်းအဖေခြေသံလည်း ကြားရတယ် ဆိုတော့ အမေရူးနေပြီတဲ့၊ နောက်တီး နောက်တောက် လုပ်တယ်။ အေး ငါးမရူးဘူး၊ နင်သာ အရူး။
“အမေကလည်း တွေ့ကရာတွေ မပြောစမ်းပါနဲ့၊ တရားစာဖတ် တရားဖတ်နေပေါ့၊ ရိပ်သာသွားပါ ဆိုတော့လည်း အိမ်ဇောက ကပ်နေတာကိုး”
ကောင်းကြရောလား၊ မအေကို ရိပ်သာပို့ပြီး သင်းတို့က အမွေခွဲစားချင်နေကြတာ။ ငါ သိပါတယ်လေ။ ငါ့ကို ထုံထုံအအ သင်းတို့ လှည့်တိုင်း ရမယ် ထင်နေကြတာ။ သင်းတို့သာ သင်းတို့မယားတွေ လှည့်တိုင်း ခံနေကြရတဲ့ နွားတွေ။ အား… ကျွတ် ကျွတ်၊ ကျောရိုးထဲက အောင့်လိုက်တာ၊ ဒေါက်တာကျော်ညွန့်လာရင် ပြောပြရဦးမယ်၊ ဆေးကပ်တွေ စားလိုက်ရတာလည်း ဆေးကြောင့်ပဲ ရောဂါတွေ ရသလား မသိ။ ဟော… မိုးက ရွာလာပြီ။
ပြတင်းတံခါးရွက်ကို မိုးစက်မှန်သံ ကြားရသည်။ ခေါင်မိုးပေါ်မှာလည်း တဖြောင်းဖြောင်း ရွာချစပြုပြီ။ မိုးရော လေပါ ပါလာသည်။ အခန်းနံရံ ထောင့်ကြိုထောင့်ကြားတွေကနေ စိမ့်အေးလာသည်။ ကတ္တီပါ စောင်အို ညိုပွပွကြီးကို ဆွဲ၍ ရင်ခေါင်းလုံအောင် ဖုံးလိုက်သည်။ ရင်ဘတ်ပေါ်က စိပ်ပုတီးကို ကောက်ကိုင်သည်။
“ဟိုကောင်မ အိုးတွေ ခွက်တွေ ဆေးတာကလည်း ကြာလိုက်တာ”
မိုး၏ အော်သံ ကြားရသည်။ သစ်ကိုင်းများက မှန်ပြတင်းကို တကျွီကျွီ တိုးတိုက်နေကြသည်။ ခန်းဆီးစ ပြာစိမ်းစိမ်းမှာ လျှော်ဖွပ်လွန်း၍ ရှုံ့တွကာ မှန်စအားလုံးကို ဖုံးမိပုံ မရ။ အပြင်ဘက်မှ လျှပ်စီးတ၀င်းဝင်း မြင်ရသည်။
“ဘုရား ဘုရား”
လျှပ်စီးရောင် ၀င်းခနဲ ဖြစ်သွားသည်။ မျက်လုံးအစုံကို ပိတ်လိုက်သည်။ ရင်ထဲမှာ တလှပ်လှပ် တုန်လာသည်။ နားအစုံကို လက်နှစ်ဖက်ဖြင့် ပိတ်လိုက်သည်။ မိုးထစ်ချုန်းကြီး ကြားလိုက်ရသည်။ အသည်းနှလုံးကို ဆုပ်ယူခြေမွှလိုက်သလို ကြောက်စရာ အသံကြီး။
လေသံတ၀ှီးဝှီး မြည်နေပြန်သည်။
မိုးသံနှင့် လေသံ ရောနှောကာ တဝေါဝေါ တရွှီးရွှီး အော်မြည်နေသည်။
အပြင်ဘက်မှာ မိုးသံ လေသံဖြင့် ဗြောင်းဆန်အောင် ပွက်လောညံဟည်းနေသည်။ ငလျင်တော်လဲသံလို ဧရာမ အသံကြီး ကြားရပြန်သည်။ နှလုံးသွေးတွေ ရပ်ကုန်ပြီလား အောက်မေ့လိုက်ရသည်။
“မိအေ မိအေး၊ ဟဲ့ ကောင်မ”
အသံ ပြာနှမ်းနှမ်းဖြင့် အော်သည်။ အော်ရင်း မောလာသည်။
“ဘုရား ဘုရား ဘုရား၊ ကယ်တော်မူပါ၊ တပည့်တော်မအား သနားသဖြင့် ကယ်တော်မူပါ၊ မောလိုက်တာ မောလိုက်တာ”
အနားမှ ရေတကောင်းဆီသို့ လက်လှမ်းသည်။ ၀ုန်းခနဲ တစ်စုံတစ်ခု လဲပြိုသံ ကြားလိုက်ရသည်။
စာကြည့်ခန်းထဲက အသံ။
“ဘုရား ဘုရား၊ သူ သူ ငါ့ဆီ လာတော့မှာလား၊ အို ငါက ဘုရား တရားနဲ့ လူ၊ ဟော ခြေသံ ခြေသံ”
“မိအေးရေ၊ ဟေး… မိအေး၊ ဘယ်ယောက်ျားနဲ့ သွားသေပြန်ပြီလဲ”
အခန်းထဲမှ အောက်သိုးသိုး အနံ့အသက်များဖြင့် ထုံထိုင်းနေသည်။ လှောင်၍ ပူနေကာ ကြမ်းကြား နံရံကြားငယ စိမ့်လာသည် မိုးသက်လေ ရတော့ အေးသွားပြန်သည်။ မိုးကြောင့် အနံ့တွေပင် နူးပွကာ အုံကြွလာသည် ထင်ရသည်။ ရင်ထဲမှာ တဒုတ်ဒုတ် ခုန်လာသည်။
“ဟော ဆေးပုလင်းက ဘယ်နားမှာပါလိမ့်၊ ဗီရိုကလေးပေါ်မှာ၊ ဗီရိုကလေးပေါ်မှာ၊ အို ငါ မထနိုင်ဘူး၊ ငါ့ခန္ဓာကိုယ်ကို ငါမထူနိုင်ဘူး၊ ဒုက္ခ ဒုက္ခ မောလိုက်တာ”
ရေးစီးကျသံတွေ ကြားရသည်။ အိပ်ခန်းနံရံကို စိမ့်၍ ၀င်လာသော မိုးရေတွေက ကြမ်းပြင်ပေါ်မှ အိုင်စ ပြုလာပြီ။ ပြတင်းတံခါးရွက် နှစ်ခုကြားမှ စီးကျသော ရေသံ ကြားရသည်။
“သေနာမ တံခါးကို ကောင်းကောင်း မပိတ်ပြန်ဘူး”
စောစောက ခြေသံကို မေ့သွားသည်။ မိအေးတစ်ယောက် မီးဖိုထဲမှာ ရှိနေသည် ဆိုခြင်းက နည်းနည်းတော့ စိတ်အေး နွေးထွေးစေသည်။ သို့သော် မောဆဲ ဝေဒနာကြောင့် ရင်ထဲမှာ တလှပ်လှပ်။
ထပ်အော်လျှင် မောဦးမှာမို့ မခေါ်ဘဲ၊ မအော်ဘဲ ရပ်ထားလိုက်သည်။
“ဟိုတလောက မိုးရွာတဲ့ညက တကယ့်ကို ခြေသံ ကြားရတာပဲ၊ နားနဲ့ ဆတ်ဆတ်”
ဟောဒီ အစိမ်းရောင် ခန်းဆီးစတွေကို တွန်းပြီး အပြင် အမှောင်ထဲကနေ မှန်တံခါးပေါက်က ချောင်းကြည့်နေတဲ့ မျက်နှာမည်းကြီးကိုလည်း ငါ တကယ် တွေ့လိုက်ရတာပါ။ သူခိုးလား၊ သရဲလား ငါလည်း တက်ပြီး မေ့မြောသွားတာပဲ။ ကံကောင်းလို့ သေမလို့၊ မိအေး ဆရာဝန်ဆီ ဖုန်းဆက်တာ မြန်ပေလို့။ သည်ကတည်းက စားလိုက်ရတဲ့ စိတ်ငြိမ်ဆေးတွေ…။
သည်ကတည်းက မိုးသံလေသံ ကြားရင်း ငါ့စိတ်တွေ ချောက်ချားတော့တာပဲ။
သယ် ဒီကောင်မ ငါ ကြောက်ပါတယ်ဆိုမှ၊ စိပ်ပုတီး စိပ်လည်း စိတ်ထဲက ကြောက်တာ ကြောက်တာပဲလေ။ အိပ်ရာပေါ်က ငါ့ကို လည်ပင်း ဖျစ်သတ်ရင် တစ်ချက်တည်းပဲ။ ငါးနားက နားကပ်ကို မသေမရှင်မှာ ဓားနဲ့ ဆွဲဖြတ်ရင်တော့လား၊ ဘုရား ဘုရား…။
နားကပ်… နားကပ် ဆိုမှ သတိရတယ်။ ငါ ငယ်ငယ်က မြနားဆွဲလေးလေ။ မန်းစက်တော်ရာမှာ ရေချိုးရင်း ပျောက်သွားတာ။ အမေ့ကို မပြောရဲတော့ “မေမေ မေမေ သင်း ခေါင်းလျှော်မလို့ ယွမ်းအစ်ထဲ ချွတ်ပြီး ထည့်ထားတာ သနပ်ခါး သွေးပေးတဲ့ မမိ ခိုးသလား မသိဘူး” လို့ ပြောလိုက်ပါရော။ မေမေ… မေမေ ဆိုတာလေ၊ ဒေါသကြောင့် ဆွေ့ဆွေ့ခုန်နေတာပဲ။ ကြောက်လွန်းလို့ တဆတ်ဆတ်တုန်နေတဲ့ မမိကို ဆံပင်ဆွဲဆွဲပြီး “ဟဲ့ ငမိ ပြောစမ်း၊ နင် ဆေးဖယောင်းတိုင် ထွန်းခံချင်လို့လား၊ သွေးပွက်ပွက်အန်သေမယ့် ကောင်မ” တဲ့။ မမိ ကြောက်လိုက်တာလေ မျက်ရည်တွေလည်း ကျလို့။ ငါဖြင့် သူတို့ကို ကြည့်ရင်း အသားတွေ တဆတ်ဆတ် တုန်လာရော၊ မမိကို သနားလိုက်တာ။ ဒါပေမဲ့ ဒီအကြောင်းတွေ ဖေဖေ သိသွားတော့ ငါ အမှန်အတိုင်း မပြောရဲလိုက်ပြန်ဘူး။ ငါ ညာတာ သိရင် ဖေဖေက သူ့ခါးပတ်နဲ့ ချွတ်ရိုက်မှာ။ မမိကျောမှာ အရှိုးရာတွေ ခြင်းခြင်းနီရဲလို့၊ မေမေက ပြောတယ်။ “ငါတို့ တရားစွဲရင် ဒင်း ထောင်တောင် ကျမယ် သိရဲ့လား။ ခံရတာ နည်းသေးတယ်” တဲ့။ မေမေ့ကိုလည်း ငါကြောက်တာပဲလေ။ တစ်ခါ တစ်ခါ မေမေ ဒေါသဖြစ်ရင် ဖေဖေတောင် ဘာမှ ပြန်ပြောရဲတာ မဟုတ်ဘဲ။ သည်ကတည်းက ငါ ကြောက်တတ်လာခဲ့တာလား။ အို မမိ မျက်လုံးတွေကို ငါ မကြည့်ရဲခဲ့ဘူး။
“ညည်း မညာပါနဲ့ သင်းသင်းရယ်၊ ဒေါ်လေးမိ သမီးဟာ မယူပါဘူး။ ကစားရင်း ပျောက်တာ မဟုတ်လား”
မမိက ငိုပြီး ပြောတယ်။
“မဟုတ်ဘူး မဟုတ်ဘူး၊ ဒေါ်လေးမိ ညာတာ ညာတာ”
ငါ အဖျားကြီး ဖျားတော့ မေမေက ငါ့ကို သနားလိုက်တာတဲ့။
“ဘုရား ဘုရား ကျောထဲက အောင့်လိုက်တာ၊ ခြေတွေ လက်တွေလည်း ကိုက်လှပါပြီ။ ဗိုက်ထဲမှာလည်း သံချွန်နဲ့ ထိုးသလိုပဲ။ မျက်လုံးတွေလည်း ပြာလာပြီ။ ရင်ထဲကလည်း တလှပ်လှပ်နဲ့ ရဟတ်စီးနေရသလိုပဲ။ ဟိုကောင်မ ဟိုကောင်မလည်း ပေါ်မလာသေးဘူး”
“မိအေး… အေး”
အသံက ခြောက်ကပ် ၀င်သွားသည်။ လက်ဖျားခြေဖျားတွေ အေးစက်ကုန်သည်။ တရှပ်ရှပ် ခြေသံ ကြားရပြန်ပြီ။ လေအေးတစ်ချက် ဟပ်သွားသည်။ စာကြည့်ခန်းထဲမှာ စာဖတ်ရင်း လေဖြတ်သေဆုံးသွားတဲ့ အစ်ကိုကြီးပဲလား။ ခန်းဆီးစတွေနောက် မျက်နှာမည်းကြီးနဲ့ ချောင်းကြည့်တတ်တဲ့ သူလား၊ ဘယ်သူများပါလိမ့်၊ ဘုရား… ဘုရား၊ ငါက ဘုရား တရားနဲ့လူ။
စာကြည့်ခန်း ဗီရိုကြီးတွေနောက်မှာ ငယ်ငယ်က ငါတို့နှစ်ယောက် တူပုန်းတမ်း ကစားခဲ့ကြတာလေ။ သူ့လက်နွေးနွေးတွေနဲ့ ငါ့မျက်နှာကို ပိတ်ပြီး “အဟီး သင်းသင်းကို မိပြီ” ဆိုတော့ ငါ လန့်ပြီး အော်လိုက်တာ ဖေဖေ ကြားသွားပါလေရော။ ကလေးတွေဟာ ဒီလိုချောင်တွေ နောက်တွေမှာ မကစားရဘူးတဲ့။ ဒါနဲ့ သူက သရဲခြောက်တတ်တယ် ဆိုတဲ့ ဘုရားကျောင်းဝိုင်းထဲက အုတ်တိုက်ပျက်ကြီးတွေဆီ ခေါ်သွားတယ်။ ကြောင်လိမ်လှေကား ကွေ့ကွေ့ကောက်ကောက်တွေပေါ် ငါတို့ တက်ကြတယ်။ မြက်ခင်းပေါ်က နွားတွေကို ကြည့်ကြတယ်။ သူက သူဝှက်ထားတဲ့ မြွေစိမ်းမြီးခြောက် အသေကောင်ကို ပြတယ်။ အမယ်လေး ငါ လန့်လိုက်တာ၊ မကြည့်ရဲလို့ မျက်စိမှိတ်ထားတော့ အုတ်ခဲနဲ့ ထုသတ်ထားတာတဲ့။ “အသေကြီးပါ၊ မကြောက်ပါနဲ့” တဲ့။ ဘုရား ဘုရား နှစ်တွေကြာလာတော့လည်း အမှတ်သညာတွေ နည်းသွားသလားပဲ။ သူ ထောင်ထဲက လွတ်လာတော့ ငါ့ဆီ ရောက်လာသေးတယ်လေ။
“နင် ရက်စက်လိုက်တာဟာ၊ ငါတို့ ငယ်ငယ်လေးကတည်းက ချစ်လာခဲ့တာပါ” တဲ့။
ပန်းချုံတွေနားမှာ ငါငိုတော့ သူက ငါ့ပခုံးကို ဆွဲပြီး နှစ်သိမ့်တယ်။
“နင့်မေမေတို့က အတင်းအကျပ် ပေးစားတော့တာလား” တဲ့။
“အင်း” လို့ ငါဖြေလိုက်တယ်။
ငါ မေမေတို့ကို ကြောက်တယ်။ အဲဒီလို ကြောက်တာထက် အရှက်တကွဲဖြစ်မှာကို ပိုကြောက်တယ်လို့ မပြောလိုက်ရဘူး။ ငါ့ပါးစပ်ထဲမှာ အာစေးထည့်ထားသလိုပဲ။ သူ လာတာကို ငါ့ယောက်ျား သိမှာလည်း ကြောက်တယ်လေ။ အစ်ကိုကြီးသိရင် မိုးမီးလောင်မှာပဲ။ သူ့ကို ငါ့ကြောင့် ဖေဖေတို့က အမှုဆင်ပြီး ထောင်ထဲရောက်အောင် လုပ်လိုက်တယ် ဆိုတာလည်း ငါ သိတယ်။ အို ငါ ဘာမှ မသိခဲ့ရင် ကောင်းမှာ။ ငါ… ငါ သူ့ကို မပြောရဲဘူး။ လူတွေကိုလည်း ရင်မဆိုင်ရဲဘူးလေ။ သားကြီးရဲ့ မျက်နှာကို ငါ မကြည့်ရဲဘူး။ ငါ့ယောက်ျားက သားကြီးကို ဖက်ဖက်နမ်းတော့ ငါ ၀မ်းနည်းလိုက်တာ။ တလောက ကြားတယ်။ သူ သေသွားပြီတဲ့။ သူ ကားတိုက်လို့ သေပြီတဲ့။ အဲဒီနောက်မှာ မှန်ပြတင်းပေါက်က ချောင်းချောင်း ကြည့်တတ်တဲ့ မျက်နှာမည်းမည်းကြီးကို ငါ တွေ့တော့တာပဲ။ ငါ ပြောတာကို ဘယ်သူမှ မယုံကြဘူး။ ငါ့သားတွေကလည်း ဒီအိမ်မှာ သရဲ မရှိပါဘူးတဲ့။ သရဲ မရှိတာ ငါ သိတာပေါ့။ ဒါပေမဲ့ ငါ့ကိုတော့ သူတို့ လာလာခြောက်ကြတယ်။ ငါ ကြောက်တာကို သင်းတို့ မသိကြဘူး။ ငါ့သားတွေ၊ ၁၄-၅ နှစ် သားလောက်ထိ ဟောဒီ အိမ်ကြီးပေါ်ကနေ မြေကြီးပေါ် ခြေမချရအောင် အထိန်းအချီ အယုအယတွေနဲ့ ငါ ထားခဲ့တဲ့ ငါ့သားတွေ၊ ခုတော့ သင်းတို့က ငါ့ကို မခင်တွယ်ကြတော့ဘူး။ သားကြီး… သားကြီး.. ဘုရား… ဘုရား… သားကြီးကို ငါကိုယ်တိုင် ထိန်းခဲ့တော့ ငါ အလိုလိုက်ခဲ့လို့ ထုံအအ ဖြစ်ရသတဲ့၊ ငါ ရိုက်ခဲ့ နှက်ခဲ့လွန်းလို့ ကြောက်လန့်ပြီး ဦးနှောက် ကျပ်မပြည့် ဖြစ်သွားရတာတဲ့။ ငါ့သားကြီး ဘ၀မှာ အရိပ်မည်းတွေ စွန်းမှာစိုးလို့ ငါ့မျက်စိအောက်က အပျောက်မခံခဲ့တာနဲ့ပဲ ဒီလို ဖြစ်ရရောလား။ မင်း နှိပ်စက်လို့ ဖြစ်ရတာတဲ့၊ အစ်ကိုကြီးက ပြောတယ်။
“အို မဟုတ်ဘူး မဟုတ်ဘူး၊ သူ ဒီလို ဖြစ်ရတာ ရှင် ကမြင်းကြော ထလို့ပဲ” လို့ ပြန်ပက်လိုက်တယ်။ သူလည်း ဆက်မပြောတော့ဘူး။ ဘုရား ဘုရား သားကြီး သားကြီး ဒင်းကံကို ခေပါတယ်၊ ၀ဋ်ကြွေးရှိလို့ ဖြစ်လာတော့လည်း ငါ ဘာတတ်နိုင်မှာလဲ။ ဘယ်မိဘမဆို ကိုယ့်သားသမီးကို ခြေလက်အင်္ဂါ စုံစုံလင်လင်နဲ့ သန်သန်စွမ်းစွမ်း မြင်ချင်ကြတာပဲပေါ့။ မွေးတုန်းကတော့ အကောင်းပါ။ ငါ့ကြောင့်တဲ့။ ဟင်း ဟင်း မိသင်းကြောင့်တဲ့။ ရှိ-ရှိသမျှ အပြစ်တွေ မိသင်းအပေါ် ပုံကြ ပုံကြ ငါ့ခေါင်းပဲ။ ဘယ့်နှယ်တော် မွေးထားတဲ့ အမေပဲ မချစ်ဘဲ နေပါ့မလား။ သင်းကလည်း တစ်သက်လုံး ငါ့လက် ငါ့ခြေ ငါကျွေးတာစား၊ ငါ ထားသလို နေရာက အခု အသက် ၄၀ ပြည့်ခါမှ စိတ်ဗွေဖောက်ပြီး၊ “အမေ အမေ… ကျွန်တော်… ကျွန်တော် ညီညီတို့နဲ့ နေတော့မယ်” တဲ့။ ခြေစုံကန်ပြီး ထွက်သွားပြီလေ။ ကြည့်နေပါ သင်းညီတွေက သင်းလို ဒုက္ခိတ တစ်ယောက်ကို ဘယ်လောက်ကြာအောင် သဒ္ဓါကြမလဲ မဆိုတာ။ “အမေ… အမေ… အမေနဲ့နေရင်… ကျွန်…ကျွန်… ကျွန်တော် မြန်မြန် သေမှာပဲ” တဲ့။
ကိုယ့်ကို မွေးခဲ့တဲ့ မအေအရင်း ခေါက်ခေါက်ကြီးကို သင်း ဒီလို ပြောရက်တယ်။ အို ငါလည်း အကြင်နာ မနည်းခဲ့ပါဘူး သားရယ်။ သင့် ငါ့ကို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်အောင် နှိပ်စက်တယ်။ အမေလေ အမေ… ငါ့သားကြီးမျက်နှာကို မြင်တိုင်း…။
ရင်ထဲက လှိုက်လှိုက်လာသဖြင့် ဒေါ်သင်းသင်း ကျိတ်ရှိုက်သည်။ ရှိုက်ရာမှ ခေါင်းထောင်၍ နားစွင့်သည်။
ဟော… ခြေသံ ခြေသံ ပါလား။ ကြားရပြန်ပြီ။
“ဘုရား ဘုရား မိအေး မိအေး၊ ငါ့အနား လာပါ မိအေးရယ်”
ဇောချွေး ပြိုက်ပြိုက် ပြန်လာသည်။
လျှပ်စီးရောင် ၀င်းခနဲ လက်လိုက်သည်။
ရင်ထဲမှာ ဒိန်းခနဲ ခုန်သွားသည်။
ခြေသံ… ခြေသံ။
တဖြည်းဖြည်း နီး၍ နီး၍ လာနေသော လေးလေးမှန်မှန် ခြေသံ။
ရင်ထဲမှ အလုံးကြီးက လည်ချောင်းဝထိ ဆောင့်တိုးသည်။ အာစေးထည့်ထားသဖြင့် မအော်နိုင်။ အကြောတွေ ဆိုင်းလျက် ပါးစပ်ပင် ဖွင့်မရ။ ချွေးသီးချွေးပေါက် ကျလာသည်။
“ဘုရား… ဘုရား၊ မိအေး မိအေး…”
ရင်ထဲမှ အသံတွေက ရုန်းကန်တိုးထွက်ဖို့ ကြိုးစားသော်လည်း အသံထွက်မလာဘဲ မျက်လုံးအစုံသာ ထိတ်လန့်ကြီးစွာ ပြူးထွက်လာသည်။ တုန်ယင်နေသော လက်တွေက စိပ်ပုတီး လိုက်စမ်းသည်။ စိပ်ပုတီးကို ကိုင်လိုက်မိတော့ အားတက်သွားသည်။
“ဘုရား… ဘုရား… သွားပါ… သွားပါ”
ရန်အားလုံး ပယ်ရှင်းတော့မည် ထင်သည်။ ပုတီးဖြင့် ယမ်း၍ ဖယ်ရှားဖို့ ကြိုးစားသည်။
ထိုအခိုက် ကြောက်မက်ဖွယ်ရာ တစ်ခဲနက် မိုးချုန်းသံကြီး ကြားလိုက်ရသည်။ မိုးနှင့်လေ ဒလဟော ၀င်လာပြီ။ ပြတင်းပေါက် ၀ုန်းခနဲ ပွင့်သွားသည်။ ငယ်သံပါအောင် အော်လိုက်သံနှင့်အတူ လက်ထဲမှ စိပ်ပုတီး လျောကျသွားသည်။
ခင်မြဇင်
စံပယ်ဖြူမဂ္ဂဇင်း၊ ဇန်န၀ါရီလ၊ ၁၉၈၆
No comments:
Post a Comment