Mar 24, 2017

ကမ္ဘာနှစ်ခြမ်းကွဲကြီးနှင့် ဂြိုဟ်သားမောင်ဝါဝါ

ကမ္ဘာနှစ်ခြမ်းကွဲကြီးနှင့် ဂြိုဟ်သားမောင်ဝါဝါ
.
ကမ္ဘာကြီး နှစ်ခြမ်းကွဲပြီး နောက်တစ်နေ့..
အမျိုးအမည်မသိ ဂြိုဟ်တစ်လုံးပေါ်သို့ မောင်ဝါဝါ ရောက်နေသည်။ ဂြိုဟ်နာမည် တစ်ခုတော့ ရှိမှကောင်းမည်ဟု တွေးကာ YBS ဂြိုဟ်ဟု ကိုယ့်သဘောနှင့်ကိုယ် အမည်ပေး ထားလိုက်သည်။ ဂြိုဟ်အသစ်ကြီးပေါ်တွင် မောင်ဝါဝါနှင့်အတူ လူအနည်းငယ်သာရှိသည်။ ငြိမ်းချမ်းပေစွ။ ဘယ်က ဘယ်လို ကမ္ဘာကြီး နှစ်ခြမ်းကွဲပြီး၊ မောင်ဝါဝါရော ဂြိုဟ်ပေါ် ဘယ်လိုရောက်လာသလဲ ဆိုတော့..
.
ကမ္ဘာကြီး နှစ်ခြမ်းမကွဲခင် တစ်ပတ်အလို..
စာရေးဆရာ တစ်ဦး၏ ကဗျာတစ်ပုဒ်ထဲက စာသားတစ်ခုထဲမှာ ကမ္ဘာကြီး နှစ်ခြမ်းကွဲရင် ချစ်သူရှိသည့် အခြမ်းမှာ နေချင်သည်ဟု ရေးထားသည်ကို ဖေ့စ်ဘုတ်ပေါ် တစ်ယောက်ယောက်က တင်လိုက်ရာက စသည့် ဇာတ်လမ်း ဖြစ်သည်။ အဲဒီစာသားနှင့် သံတူကြောင်းကွဲ ပုံစံတွေ လိုက်ရေး လာကြသည်။ ကမ္ဘာနှစ်ခြမ်း ကွဲသွားရင် ဘယ်သူရှိတဲ့ဖက်မှာ နေချင်တယ်၊ ဘာတွေ မရှိတဲ့ဖက်မှာ မနေချင်ဘူး စသဖြင့်ပေါ့။ မောင်ဝါဝါတောင် ယောင်တောင်ပေါင်တောင်ဖြင့် ကမ္ဘာနှစ်ခြမ်း ကွဲသွားရင် ရုံးမတက်ရတဲ့ အခြမ်းမှာ နေချင်တယ်ဟု တွေးမိသေး၏။ ဟုတ်တယ်လေ.. ရုံးမတက်ရဘူးဆိုရင် မနက်တိုင်းလည်း ဘတ်စ်ကား တိုးစီးစရာ မလိုတော့ဘူးပေါ့။
.
အဲဒီနှစ်ခြမ်းကွဲ ကိစ္စနှင့်ပင် မောင်ဝါဝါ ဒုက္ခရောက်ရသေးသည်။ ဇနီးဖြစ်သူက “ကမ္ဘာနှစ်ခြမ်း ကွဲသွားလို့ သူတစ်ခြမ်း ကလေးတွေတစ်ခြမ်း ဖြစ်နေမယ်ဆိုရင် ရှင်ဘာလုပ်မလဲ” ဟု ယောက်ျား ဖြစ်သူအား မေးသည့်စာကို မောင်ဝါဝါ့ ရည်းစားက လာပြသည်။ ထိုအထဲတွင် ယောက်ျားက “ဒီလိုဆို မိန်းမနဲ့ သားသမီးတွေ ပြန်ဆုံနိုင်အောင် ကမ္ဘာနှစ်ခြမ်းကြားထဲ သူ့ခန္ဓာကိုယ်ကို တံတားထိုးပေး လိုက်မယ်” ဟု ပြန်ဖြေသည်။ “ရှင်.. ဆိုရင်ရော ဘယ်လိုလုပ်မလဲ မောင်ဝါဝါ” ဟု ရည်းစားက မေးတော့ စိတ်ထဲရှိသည့်အတိုင်း ပြန်ပြောမိသည်။ “အို.. သူ့မိန်းမနဲ့ ကလေးတွေ ဖြတ်ပြီးရင် သူ့ ခဏ စောင့်ခိုင်းပြီး ငါမင်းရှိတဲ့အခြမ်းကို သူ့အပေါ်က ဖြတ်လာမှာပေါ့ကွ” ဟု ပြောလိုက်တော့ မောင်ဝါဝါ့ ကို စိတ်ကောက်သွားသည်။ ရှိစုမဲ့စု ပိုက်ဆံလေးတွေ အခြမ်းခြမ်းခွဲပြီး မုန့်ဝယ်ကျွေးလိုက်တော့မှ စိတ်ပြေ၏။
.
ကမ္ဘာနှစ်ခြမ်း ကွဲမည် မကွဲဘူး ဆိုတာကို ဖေ့စ်ဘုတ်ပေါ်က ဆယ်လီတွေ ငြင်းရင်းခုံရင်း ရန်ဖြစ် လိုက်ကြတာ ကမ္ဘာနှစ်ခြမ်း မကွဲခင် ဆယ်လီတွေ နှစ်ခြမ်းကွဲကုန်သည်။ ဆယ်လီတွေ နှစ်ခြမ်း ကွဲကုန်တော့ သူတို့ ပရိသတ်တွေလည်း အလိုလို နှစ်ခြမ်းကွဲပြီးသား ဖြစ်ကုန်သည်။ ကိုယ့်အချင်းချင်း ရန်ဖြစ်တုန်းက သိပ်မဆိုးသေး၊ နောက်က မီးထိုးပေးမည့် ဟိုဖက်ဒီဖက် ဖော်လိုဝါတွေ ပါလာတော့မှ ပွဲက ပိုကြမ်းသွား၏။ တည့်စဉ်က အချင်းချင်း သိထားကြသည့် ငယ်ကျိုးငယ်နာတွေ ရန်ဖြစ်တော့မှ တလှည့်စီ ပြန်ဖော်ကြသည်။ အော်ကြ၊ ဆဲကြနှင့် အွန်လိုင်းပေါ် ပွက်လောရိုက်သည့် ကိစ္စက အပြင် မှာပါ ပျံ့သွားလိုက်တာ နိုင်ငံကျော် အဆိုတော်ကြီး တစ်ဦးက တီဗီအစီအစဉ် တစ်ခုမှတဆင့် “နိုင်ငံကြီးသား ပီသကြပါ”ဟု ပြောယူရသည့်အထိ ဖြစ်ကုန်တော့သည်။
.
မြန်မာပြည်မှ ဖေ့စ်ဘုတ် သုံးသူများ စလိုက်သည့် ကမ္ဘာကြီး နှစ်ခြမ်းကွဲ ကိစ္စက တစ်ကမ္ဘာလုံး အုံးအုံးကြွက်ကြွက် ဖြစ်သည်အထိ နာမည်ကြီးလာသည်။ မြန်မာပြည်မှ ဖေ့စ်ဘုတ် သုံးသူတွေ အကုန်လုံးနီးပါး ဒီကိစ္စကို အကြီးအကျယ် ငြင်းခုံကြ ရန်ဖြစ်ကြသည် ဆိုတော့ ကောလဟာလ သက်သက်တော့ မဖြစ်တန်ရာ။ ကမ္ဘာပေါ်ရှိ နိုင်ငံအတော်များများ ကမ္ဘာကြီး တကယ် နှစ်ခြမ်းကွဲ မကွဲ စတင်ပြီး သိချင်လာကြသည်။ နာမည်ကျော် အာကာသ အဖွဲ့အစည်း နာဆာလည်း အလုပ်တွေ ရှုပ်ကုန်သည်။ တကယ်လို့ ကမ္ဘာကြီး နှစ်ခြမ်းကွဲသွားရင် ပြောင်းရွှေ့ပြီး နေလို့ထိုင်လို့ရမယ့် ဂြိုဟ်များ ရှိနိုင်မလားဆိုပြီး အာကာသထဲ အပူတပြင်း ရှာလိုက်ကြတာ နှစ်ရက်မပြည့်ခင်မှာပင် ကမ္ဘာပေါ်မှာလို နေလို့ထိုင်လို့ ရနိုင်မည့်ဂြိုဟ် (၇)လုံးတိတိ တွေ့သွားသည်။
.
အဲဒီအချိန် တစ်ဖက်မှာတော့ တစ်ကမ္ဘာလုံး ရန်မီးရန်စွယ်တွေ ကြီးနေပြီ။ ကမ္ဘာကြီး နှစ်ခြမ်း ကွဲမကွဲ ကမ္ဘာနှင့်ချီပြီး ငြင်းကြ ခုံကြ ဖြစ်လာသည်။ ကမ္ဘာ့ အင်အာကြီး နိုင်ငံကြီးတွေပါ ဒီကိစ္စထဲ ပါလာသည်။ မြန်မာပြည်က ဖေ့စ်ဘုတ်ဆယ်လီတွေ အချင်းချင်း ရန်ဖြစ်ကြ၊ ငယ်ကျိုးငယ်နာ ဖော်ကြ သလိုမျိုး ကမ္ဘာ့နိုင်ငံတွေ အချင်းချင်းလည်း ကမ္ဘာနှစ်ခြမ်း ကွဲမကွဲ ငြင်းကြ ခုံကြရင်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ အခြား မကြည်သည့် ကိစ္စတွေပါ ဆွဲထည့်ရင်း တင်းမာလာကြသည်။ တွေ့ရာ လက်နက် ဆွဲကိုင်ကာ ဆော်ကုန် ချကုန် ကြသည်။ ကမ္ဘာပေါ်မှာလည်း လူအမျိုးအစား နှစ်မျိုးသာ ကျန်တော့၏။ ကမ္ဘာကြီး နှစ်ခြမ်းကွဲမည်ဟု ယုံသည့်ဖက်နှင့် မယုံသည့်ဖက်။
.
ဒီလို တစ်ကမ္ဘာလုံး ကသောင်းကနင်း ဖြစ်နေချိန်မှာပဲ မောင်ဝါဝါ တခြားဂြိုဟ်ပေါ် ရောက်သွားတော့သည်။ အာကာသ ယာဉ်နဲ့တော့ မဟုတ်။ အလုပ်အသွား YBS ကားကြီးစီးရင်း မောင်ဝါဝါ စီးလာသည့် ကားနှင့် နောက်တစ်စီး အပြိုင်အဆိုင် မောင်းကြရာက မောင်ဝါဝါ စီးလာသည့် ကားမှ ယာဉ်မောင်းကြီး အစွမ်းပြ၍ မိုးပျံအောင် မောင်းထည့်လိုက်တာ ဘယ်မှတ်တိုင်မှ မရပ်တော့ဘဲ နာဆာက သုတေသန လုပ်ထားသော ဂြိုဟ် (၇)လုံးထဲမှ တစ်လုံးသို့ အရောက်တွင် ဂိတ်ဆုံးလေသည် (မယုံရင် ပုံပြင်သာ မှတ်ကြပေရော့)။ သိပ္ပံပညာရှင်တွေတောင် သူတို့ရှာဖွေ တွေ့ရှိထားသော ဂြိုဟ်ပေါ်ကို အာကာသယာဉ်နှင့် ရောက်အောင် မလာနိုင်သေး၊ မောင်ဝါဝါက YBS ကြီးစီးပြီး ဒီအပေါ် အရင်ဆုံး ရောက်လာတယ်ဆိုတာ ဘယ်လောက် ဂုဏ်ယူစရာ ကောင်းသလဲ။
.
အခုတော့ ကမ္ဘာပေါ်မှာ ဘာတွေ ဖြစ်နေပြီလဲ ဆိုတာ မောင်ဝါဝါ မသိတော့။ မောင်ဝါဝါလည်း ဂြိုဟ်ပေါ်မှာ နေရသဖြင့် လူသားမဟုတ်ဘဲ ဂြိုဟ်သား အမည်ပေါက်နေပြီ။ သို့သော် အလွန်တရာ စိတ်ချမ်းသာသည်။ ဂြိုဟ်ပေါ်မှာ အင်တာနက် မရှိသဖြင့် ဖေ့စ်ဘုတ်လည်းမရှိ။ ဖေ့စ်ဘုတ် မရှိသဖြင့် ဖေ့စ်ဘုတ်ဆယ်လီ ဆိုတာလည်း မရှိ။ ဆယ်လီတွေ မရှိသဖြင့် ဖော်လိုဝါတွေလည်း မရှိ။ အဲဒီတော့ ဆယ်လီများနှင့် အပေါင်းအပါ ဖော်လိုဝါများ သူ့ဖက်ကိုယ့်ဖက် ငြင်းကြခုံကြ ရန်ဖြစ်ကြတာ တွေလည်း မမြင်ရ မကြားရတော့။ ကမ္ဘာ ပေါ်မှာတုန်းကလို တယ်လီဖုန်း အော်ပရေတာများထံမှ ငါးမိနစ် တစ်ကြိမ်ခန့် လက်ခံရရှိသော ပရိုမိုးရှင်း SMS တွေလည်း တဒေါင်ဒေါင် တဒင်ဒင် ဝင်မလာ တော့။ အိုင်ဒေါ သီချင်းဆို ပြိုင်ပွဲတွေကြည့်ပြီး အွန်လိုင်းပေါ်မှာ ဗုတ်ကိစ္စ ရန်ဖြစ်တာလည်း မတွေ့ရ မမြင်ရတော့။ ဘတ်စ်ကား ပြိုင်မောင်းတယ် ဆိုတာတွေလည်း မရှိတော့။ ဘယ်ရှိမလဲ၊ တစ်ဂြိုဟ်လုံး ပေါင်းမှ ဒီတစ်စီးပဲ ရှိတာကိုး။
.
သို့သော် လူသားတွေ ဒီဂြိုဟ်ပေါ်မှာ နေထိုင်လျက်ရှိပြီ ဆိုတော့ ဒီဂြိုဟ်ကြီးလည်း အနှေးနှင့်အမြန် အကျိုးနည်း လာပါလိမ့်မည်။ ဂြိုဟ်ပေါ်မှာ လူသားမျိုးဆက်တွေ ပျံ့ပွားပြီး ပြန်လည် များပြားလာလျှင် ဒီအတိုင်း အငြိမ်နေကြမည် မဟုတ်။ နည်းပညာတွေ ပြန်လည် ထွန်းကားလာမည်။ အင်တာနက် သုံး၍ရအောင် ပြန်လုပ်ကာ ဖေ့စ်ဘုတ်အစား ဂြိုဟ်ဘုတ် ဆိုတာမျိုး အသစ်တီထွင် သုံးလာနိုင်သည်။ တယ်လီဖုန်း အော်ပရေတာ ဆိုလျှင်လည်း ဂြိုဟ်ရီဒူး၊ ဂြိုဟ်လီနော၊ ဂြိုဟ်ပီတီ စသည့် နာမည်မျိုးတွေ ဖြစ်လာနိုင်သည်။ ဒါဖြင့် ဘတ်စ်ကားလိုင်းဆို ဂြိုဟ်ဘီအက်စ်ပေါ့။ အိုင်ဒေါ သီချင်းဆိုပြိုင်ပွဲ အစား ဂြိုဟ်ဒေါပြိုင်ပွဲ ဆိုသည့် နာမည်မျိုးနှင့်လည်း ကြည့်လာရနိုင်သည်။ မောင်ဝါဝါ အကြောက်ဆုံး ကတော့ ဂြိုဟ်ဘုတ်ကြီးပေါ်တွင် ဒီဂြိုဟ်ကြီး နှစ်ခြမ်းကွဲသွားရင် ဆိုသည့် ကောလဟာလမျိုး ထွက်ပေါ်လာပြီး နောက်ထပ် ဂြိုဟ်အသစ်တစ်လုံး ထပ်မံရှာဖွေ ပြောင်းရွှေ့ရမည့် အဖြစ်တွေ ထပ်မံ ကြုံတွေ့ လာမှာကို တွေးပူပြီး စိုးရိမ်နေရခြင်းပင် ဖြစ်လေတော့သည်။
.
သူရဿဝါ
၂၇ - ဖေဖော်ဝါရီ - ၂၀၁၇
NetGuide Journal, Volume (4), Issue (75)
(သရုပ်ဖော်ကာတွန်း ရေးဆွဲပေးတာ ကာတွန်းမျိုးမင်းမြတ် ဖြစ်ပါတယ်။)
#trtw_satire

No comments:

Post a Comment