Mar 22, 2017

သက်တူရွယ်တူ

သက်တူရွယ်တူ
▪▪▪▪▪▪
(တာရာမင်းဝေ)

တစ်ခါက ဟေမာဝန်တောတန်းကြီးရဲ့ ညောင်ပင်ကြီးတစ်ပင်အောက်မှာ ဆင်ကြီးတစ်ကောင်နေတယ်။ သစ်ကိုင်းပေါ်မှာ မျောက်၊ သစ်ပင်ထိပ်ဖျားမှာ ခါတို့နေကြတယ်။
အဲ့သစ်ပင်ကြီးကို အမှီပြုပြီး အတူတကွ နေထိုင်ကြပေမယ့် သူတို့ချင်း မသင့်မြတ်ကြဘူး။ ပြောရရင်တော့ မတည့်အတူနေ တွေပေါ့။ တစ်နေ့မှာ သူတို့ရဲ့ သစ်ပင်ကြီးအောက်ဆီကို အလွန်လှပမွှေးမြတဲ့ သစ်သီးတစ်လုံး ပြုတ်ကျလာတယ်။ ပိုင်ဆိုင်မှုဟာ အပြိုင်ဖြစ်နေတယ်။။ အဲ့တော့ မျောက်ကပြောတယ် . . .

ဒါဆိုရင်လည်း ငါတို့ထဲက အသက်အကြီးဆုံးသူကို ဦးစားပေးမယ်ကွာ။ သူအရင်စားပြီးမှ သူ့ထက်ငယ်သူစား။ နောက်ဆုံးကျမှ အငယ်ဆုံးက စားပေါ့ကွာ။

ဒါဖြင့် အသက်ကို တွက်ကြည့်ကြရအောင်။

ရိုးအလှတဲ့ ဆင်ကြီးက အရင်စပြောတယ်။
ငါ ဆင်ပေါက် ငယ်ငယ်လေးကတည်းက ဒီညောင်ပင်ဟာ ငါ့ဗိုက်အောက်ကိုတောင် မထိသေးဘူး။

မျောက်က ပြောတယ်။
  ငါထိုင်တက်စအရွယ်မှာပဲ ဒီညောင်ပင်ရဲ့ အညွှန့်တွေကို လှမ်းဆွဲကစားခဲ့တာ။

ခါက ပြောတယ်။
ဒီညောင်ပင်က ငါမစင်စွန့်လို့ ပေါက်တဲ့ ညောင်ပင်ကွ၊ အစက ဒီမှာတောင်မရှိဘူး။

အဲ့ဒီတော့ ခါက သူတို့သုံးယောက်ထဲမှာ အသက်အကြီးဆုံး ဖြစ်သွားတော့တာပေါ့။ မျောက်က အလတ်၊ ဆင်က အငယ်ဆုံး။ အဲ့ဒါ အဆုံးအဖြတ်ပဲ။

ဆင်က အငယ်ဆုံးဖြစ်နေတော့ သက်ပြင်းချရင်း ပြောတယ်။

အဲ့ဒါဆိုရင်လည်း ဒီသစ်သီးကို အစ်ကိုကြီးခါ အရင်စားပါ။ ပြီး အစ်ကိုလတ်ဖြစ်တဲ့ မျောက်က ဆက်စားပေါ့။ ခင်ဗျားတို့စားပြီး ကျန်တာကိုမှ အငယ်ဆုံးဖြစ်တဲ့ ကျွန်တော်က စားပါ့မယ်။

ခါက တဟားဟားရယ်တယ်။ မျောက်ကလည်း လိုက်ရယ်တယ်။ ဆင်ကြီးမှာတော့ မျက်နှာငယ်လေးနဲ့။ ရယ်လို့အားရတဲ့ အဆုံးမှာ ခါက သစ်သီးကို စ,စားတယ်။

"ဂစ်"

တစ်ချက်နှစ်ချက်ပဲ မြိုချရသေးတယ်။ ခါဟာ တစ်ကိုယ်လုံးပြာနှမ်းပြီး သေဆုံးသွားတယ်။ အသက်ကြီးတယ်ဆိုပြီး ဦးဦးဖျားဖျား စားချင်တဲ့ခါကတော့ (အရပ်စကားနဲ့ပြောရရင်) ကြွသွားပါပြီ။ မျောက်မှာ ထိုင်ရမလို ထရမလိုဖြစ်ပြီး

ဒါ . . . ဒါ အဆိပ်သီးကွ

အင်း . . .

ဒါဖြင့်လည်း လွင့်ပစ်လိုက်ကြရအောင်ကွာနော်၊ ဘာဖြစ်လို့ စားနေတော့မှာလဲ။ မင်းနဲ့ငါ ကြားမှာလည်း အကြီးအငယ် မခွဲခြားပါနဲ့တော့။ သက်တူရွယ်တူတွေလိုပဲ သဘောထားကြတာပေါ့ကွာ . . နော် . . . နော် . . . နော်.

သစ်ကိုင်းတွေကို လေတိုးသံက ရှဲခနဲ မြည်သွားပါတော့တယ်။

                       ■■■■

တာရာမင်းဝေ
ဘယ်ဘက်လက်ထဲမှာ ဝှက်ထားတဲ့ပုံပြင် စာအုပ်မှ

No comments:

Post a Comment