Mar 22, 2017

မျက်စိမျက်ဆန်နှင့် တူသော

မျက်စိမျက်ဆန်နှင့် တူသော
_______________________
#ဖူးသစ်မော်

တပ်မက်တွယ်တာမှု မရှိ၊ တရားအသိနှင့်သာ ရှင်သန်သည့် ဖြူစင်သော နှလုံးသားပိုင်ရှင်များအတွက် မျှော်လင့်နားခိုစရာ နိဗ္ဗာန်ရှိသည်။ တပ်မက်တွယ်တာမှုနှင့်အတူ နှလုံးသားတွင် အချစ်ရှိနေသည့် သံသရာ ခရီးသည်အတွက်မူ မျှော်လင့်နားခိုစရာ ရင်ခွင်တစ်ခုမှအပ အခြားသော နေရာဌာနရယ်လို့ ရေရေရာရာ ရှိနိုင်အံ့ မထင်ပါ။ ကျွန်မဘဝတွင် ခိုလှုံဖြတ်သန်းခဲ့ဖူးသည့် ယာယီရင်ခွင်ပေါင်းများစွာ ရှိခဲ့ပါသည်။ ထိုရင်ခွင်တွေကို စိတ်ဆန္ဒကုန်ဆုံးရာ တစ်နေရာအရောက်တွင် စွန့်ပစ်ကျောခိုင်းနိုင်ခဲ့သည်ချည်း ဖြစ်ပါသည်။ မည်သူ့ကိုမှ ကျွန်မ နှလုံးသားရင်ပြင်တွင် ထာဝရ ထင်ကျန်ခွင့်မပေးခဲ့သလို ပြန်လှည့်ကြည့်ရိုးလည်း မရှိခဲ့ပါ။ သို့သော် မထင်မှတ်ဘဲ ထင်ကျန်ရစ်ခဲ့သည့် ရင်ခွင်တစ်ခုကမူ...။

• • • • • • • • • • • • • • •

ကုန်လွန်ဖြတ်သန်းခဲ့ပြီးမှ ပြန်ပြောင်းစောင်းငဲ့ကြည့်မိသည့်အခါ ဆယ်စုနှစ်တစ်စုဟူသော အချိန်ကာလသည် ဘာမှ မကြာလိုက်။ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် ခဏမက်ခဲ့သည့် အိပ်မက်တစ်ခုလိုပါလားဟု အထိတ်တလန့် ခံစားမိလိုက်ပါသည်။ ဒါဆိုရင် ကျွန်မအသက် သုံးဆယ့်ငါးထဲ ဝင်ခဲ့ပြီ။ ခါးသီးလှစွာ ခံယူရန် ခက်ခဲလှသည့် ခန္ဓာသက်တမ်းကို မျက်စိမှိတ် ခေါင်းခါထုတ်ရင်း ပျားပန်းခတ်နေသော ဧည့်ပရိတ်သတ်တွေဆီ အာရုံလွှဲထားလိုက်ရသည်။

"မမ ဟိုမှာ"

ဧည့်ခံပွဲကို အတူလိုက်ပါလာသူ မေမွန်က လက်တို့ပြသည်။ "ကိုသက်အောင်"ဟု နာမည်ကိုပါ ဆက်တိုက်ရွတ်လိုက်သည်။ မေမွန်မပြမီကတည်းက သူ့ကို ကျွန်မ မြင်ခဲ့ပြီး စိတ်အလျဉ်တစ်ခုထဲမှာ စီးမျောနေခဲ့မိသည် မဟုတ်လား။ ဧည့်ပရိတ်သတ်တွေကြားတွင် ရုတ်တရက် လင်းလက်သွားသည့် အပြုံးတစ်ချက်။ ဘယ်သူ့အတွက် သူ့အပြုံးကို သုံးလိုက်ပါလိမ့်။ မီးတစ်ပွင့်လို တောက်ပသော သူ့အပြုံးက ကျွန်မ နှလုံးသားဆီအထိ ဝင်ရောက်တောက်လောင်သွားသလို ဆို့ကျပ်ပူလောင်သွားပါသည်။

"မင်းဟာ အရေပြားတစ်ထောက်စာ ရုပ်အလှတစ်ခုကလွဲလို့ ဘာမှမရှိတဲ့ မိန်းမ၊ ပွက်ပွက်ဆူ သားရဲစိတ်အပြည့်နဲ့ မိန်းမ"

နားကြည်းလောင်မြိုက်စွာ ပေါက်ကွဲထွက်လာသည့် သူ့ နောက်ဆုံးစကားလုံးတွေက ကျွန်မ နားစည်ထဲတွင် ခုန်ပေါက်ရိုက်ခတ်နေဆဲ။

"ခရစ်မတိုင်မီက ရောမစစ်သူကြီး ဖေဘီယယ်မက်ဇီမတ်ရဲ့ ချုံခိုတိုက်ခိုက်နည်းဟာ ခေတ်သစ်မှာလည်း သုံးတတ်ရင် အဖိုးတန်တယ်။ သမိုင်းကပေးတဲ့ နည်းဗျူဟာပေါ့" ဟု သူ ပြောခဲ့ဖူးသည့်အတိုင်း "စောင့်နေ၊ တိတ်တိတ်ကလေး ချောင်းနေ" နည်းဖြင့် လွတ်လပ်ပျော်ပါး စိတ်သွားရာ လုပ်တတ်သော ကျွန်မ၏ မှားကွက်ကို စောင့်စားဖမ်းယူနိုင်ခဲ့သူ မဟုတ်လား။ သူက ကျွန်မထက် ရှစ်နှစ် ပိုကြီးသူ။ ယခု သူရောက်ရှိနေမည့် အသက်အရွယ် အပိုင်းအခြားမျိုးကို ကျွန်မဘဝတွင် ဘယ်တုန်းကမှ ရင်မခုန်ခဲ့ဖူးပါ။ ခုတော့ ကျွန်မဘဝတစ်လျှောက်လုံး လိုရာမောင်းနှင်လာခဲ့သည့် နှလုံးသားအစုံက ကျွန်မကို ဆန့်ကျင်ပြောင်းလဲလိုက်ပြီ ထင်သည်။

ကျွန်မအကြည့်တွေကို သူ့ဆီမှ လွှဲဖယ်မရခဲ့ပါ။ သူကတော့ ကျွန်မကို ခုထိ မမြင်သေး။ ကျွန်မကို မြင်လိုက်ရလျှင် သူ မည်သို့ခံစားရမည်နည်း။ ကျွန်မ သိချင်နေမိသည်။ သူသည် ယခုအချိန်အထိ တည်ငြိမ်မှုနှင့် နုပျိုလန်းဆန်းမှုကို ဟန်ချက်ညီစွာ ထိန်းမတ်ထားနိုင်စွမ်း ရှိနေဆဲ။ ဆယ်နှစ်တာ အချိန်ယန္တရားသည် သူ့ရုပ်ခန္ဓာကို ဘာတစ်ခုမှ တိုက်စားနိုင်စွမ်း ရှိဟန်မတူပါ။ သည်လို နေရာဌာနမျိုး၊ အခမ်းအနားမျိုးတွေကို ကျွန်မ မလွတ်တမ်း တက်ရောက်တတ်တာ သူ မမေ့လောက်သေးဘူး ထင်ပါသည်။ သူ့အဇ္ဈတ္တ တစ်နေရာတွင် ကျွန်မနှင့် ဆုံဆည်းရကောင်းစေ ဟူသည့် မျှော်လင့်မှုတစ်ချို့ ရှိနိုင်လောက်သည်ဟုပင် စိတ်ကူးယဉ်လိုက်မိသည်။ တခုတ်တရ သွားရောက်နှုတ်ဆက်ခြင်းဖြင့် ပြန်ဆုံရပုံမျိုး ကျွန်မ မလိုချင်ပါ။ မမျှော်လင့်သော တိုက်ဆိုက်ကြုံကြိုက်ရပုံမျိုးကိုသာ ဖန်တီးယူချင်ပါသည်။ ကျွန်မအဖို့ သူသည် ပိုကြီးသည့် လွတ်တဲ့ ငါးတစ်ကောင် ဖြစ်နေပြီလား။

ကျွန်မ သူ့ကို ထာဝရ အဆုံးရှုံးမခံနိုင်ပါ။ သူ့အရည်အသွေး အားလုံးကို အခုအချိန်ကျမှ တစ်ထိုင်တည်း သိမှတ်ဆင်ခြင်ရခြင်းမှာ ဆင်တစ်ကောင်လုံးကို တစ်လုတ်တည်း မျိုချရသလို ဖြစ်နေပါလိမ့်မည်။ ဘာပဲဖြစ်ဖြစ် အခွင့်အရေးဆိုတာ နှစ်ကြိမ်ရဖို့ ခက်ခဲတတ်သည် မဟုတ်လား။ ဘယ်လောက်ဝေးကွာသည့် အတိတ်ကာလတုန်းကပဲ ဖြစ်ပါစေ၊ သူ့ဘဝ၏ အချက်အချာ တစ်နေရာတွင် ကျွန်မ ရှိခဲ့ဖူးတာပဲ။ ကျွန်မ အကြံထုတ်နေစဉ် စားပွဲဝိုင်းမှာ သူတစ်ယောက်တည်း ရှိနေတာ တွေ့လိုက်ရသည်။ သူ့အဖော်တွေက တခြားစားပွဲတစ်ခုမှာ စကားပြောနေကြသည်။ ကျွန်မ ရုတ်ခြည်း ထရပ်လိုက်ပြီး သူ့စားပွဲရှေ့ ဖြတ်လျှောက်ရန်အလာ-

"ဟယ် ဦးတစ်ယောက်တည်းလား"

ကြားဖြတ်ဝင်သွားသည့် မော်ဒယ်မလေးတစ်ယောက်။ ကျွန်မ ခြေလှမ်းတုံ့သွားပါသည်။ သူ့အနားမှာ တစ်ယောက်ယောက် ရှိနေလျှင် ကျွန်မအကြံအစည်တွေ အထမမြောက်နိုင်ပါ။ အသိတစ်ယောက်ရှိရာ စားပွဲသို့ သွားရောက်နှုတ်ဆက် စကားပြောရင်း အကဲခတ်ရသည်။ သိပ်မကြာပါ။ မော်လ်ဒယ်မလေးကို သူ့အုပ်စုက လာ,မသွားကြပါသည်။ အချိန်ဆွဲနေလို့ မဖြစ်။ သူ့လူတွေ ပြန်ကူးလာကြလျှင် ခရီးအဝေးကြီးသို့ ပြန်ရောက်သွားနိုင်သည်။ မထူးတော့။ တည့်တည့်ရင်ဆိုင်လိုက်တာပဲ ကောင်းလိမ့်မည်။

"ဟိုင်း ကိုအောင် တစ်ယောက်တည်းလာတာလား"

တစ်ချက်ကြည့်မိရုံနှင့် ကျောက်ရုပ်ဖြစ်သွားသည်ဆိုသော ဂရိဒဏ္ဍာရီလာ မဒူဆာ၏ မျက်လုံးတွေလိုမဟုတ်တောင် ကျွန်မ မျက်ဝန်းတို့၏ ဆွဲဆောင်လောင်ကျွမ်းနိုင်စွမ်းကိုတော့ ယုံကြည်နေဆဲ ရှိပါသည်။ သိမ့်တုန်လှိုက်ဖိုသွားနိုင်သော ကြေကွဲမျက်ဝန်းအစုံကို သူ သေသေချာချာ ဖတ်တတ်ပါသည်။ သူသည် ရုတ်တရက်တော့ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသည်။ သို့သော် တစ်ဒင်္ဂလေးမျှသာ။

"သော်ဇင် မပါဘူးလား၊ သူ နေကောင်းရဲ့လား"

"ဟင်"

သူ့စကားက ကျွန်မ အရိုက်ကို ပြင်းထန်စွာ ဝင်ဆောင့်လိုက်သလို မူးမိုက်ယိမ်းထိုးသွားပါသည်။ အတိတ်တစ်ချိန်က သူ့ကို ဥပေက္ခာပြု၍ ရူးရူးမိုက်မိုက် အစားထိုးပျော်ပိုက်မိသူကို ဆွဲထုတ်ပြလိုက်သည့် စကား။ သော်ဇင်ဟူသော နာမည်သည် ကျွန်မ၏ အကြီးဆုံး ပျော့ကွက်တစ်ခု ဖြစ်နေပြီလား။ သော်ဇင်နှင့်ကျွန်မ ဇာတ်လမ်းက ဆံချည်တစ်ထောက်စာမျှပင် အရာမထင် ပြီးပြတ်ခဲ့တာ သူ တကယ်မသိခဲတာလား။ သော်ဇင့်နောက်မှာတောင် ကျွန်မကြောင့် စွဲစွဲလမ်းလမ်း အသည်းကျွမ်းခဲ့သူတွေ များခဲ့လေပြီ။ ခုတော့ ကျွန်မကိုယ်တိုင် ကံကြမ္မာတစ်ပတ် လည်ခဲ့ပြီ ထင်သည်။ ဘာကြောင့်များ ရူးမူးထူးဆန်းလှစွာ သူ့ကို ပြန်လည်တောင့်တ ပိုက်ဆိုင်ချင်ရပြန်ပါလိမ့်။ တစ်ခဏအတွင်းမှာပင် စွတ်စိုညိုမှောင်လာသော ကျွန်မမျက်လုံးတွေကို သူ တွေ့မြင်လိုက်ဟန် တူသည်။

"ဒါ ဝေဒနာပြပွဲ မဟုတ်ဘူးလေ၊ သတိထားမှပေါ့"

"လှိုင်လေ ကိုအောင့်ကို လွမ်းတယ်၊ စကားတွေ အများကြီး ပြောချင်တယ်၊ Chinatown က ဖက်ထုပ်ဆိုင်ကလေးကိုတောင် ကိုအောင့်ကို သတိရတိုင်း အမြဲရောက်တယ်။ ကိုအောင့်ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့တာ ကြာပြီ။ ကိုအောင့်သဘောထားကို မသိလို့ မျိုသိပ်နေခဲ့ရတာ။ ကိုအောင်ကလည်း မဆက်သွယ်ဘူးနော်။ နေစိမ့်လိုက်တာ ကိုအောင်ရယ်။ ကိုအောင် ခွင့်ပြုရင် မနက်ဖြန်ဖြစ်ဖြစ်"

"တို့ကြားမှာ မနက်ဖြန်ဆိုတာ ရှိသေးလို့လား"

ပြောပြောဆိုဆို ထရပ်လိုက်ပြီး သူ့အဖော်တွေဆီ ခြေလှမ်းပြင်ပါသည်။ အခြေအနေအရ တားခွင့်မသာပါ။ ဆောင့်တက်လာသော ကြေကွဲစိတ်ကို ဇွတ်မှိတ်မျိုချ၍ သူ့ လက်မောင်းတစ်ဖက်ကို လှစ်ခနဲ ဆွဲကိုင်ကာ- "ကိုအောင် မသွားပါနဲ့။ လှိုင်ပဲ သွားပါ့မယ်။ ကိုအောင့်ဆီ ဖုန်းဆက်မယ်နော်" ဟု အမိအရ ပြောလိုက်ပြီး လှည့်ထွက်ခဲ့ပါသည်။ စားပွဲဆီ ပြန်ရောက်တော့ မေမွန်က နားမလည်နိုင်သလို ကြည့်သည်။

"မမကတော့ ပြဿနာရှာပြန်ပြီ။ အန်ကယ်ထွန်းသိရင် မလွယ်ဘူး"

ကျွန်မ စကားမပြန်မိပါ။ စိတ်ကူးထဲတွင် သူနှင့် တွေ့ဆုံခွင့် ရဖို့သာ နည်းလမ်းရှာနေမိသည်။ ဘာပဲဖြစ်ဖြစ် ကျွန်မအပေါ် နားလည်စာနာစိတ်ဖြင့် သူ တွေ့ဆုံနိုင်လိမ့်မည် ထင်ပါသည်။ ကြိုးစားအားထုတ်နေသူ တစ်ယောက်အပေါ် အခွင့်အရေးတစ်ကြိမ် ပိုပေးတတ်တာ သူ့သဘာဝပဲ။ တစ်ချိန်က သူနှင့် ကျွန်မတို့၏ အကြင်လင်မယား ဘဝတွင် တစ်ယောက်ယောက်က မှားခဲတာ သေချာလျှင် ကျွန်မသာ ဖြစ်ပါလိမ့်မည်။ အရာရာကို ဝယ်ယူနိုင်သော ဘဝနှင့် အလှအပတွေက ကျွန်မ၏ စိတ်ဆန္ဒတိုင်းအတွက် တွန်းအားဖြစ်စေခဲ့ပါသည်။ စိတ်ထဲထင်ရာ လုပ်တတ်သူပီပီ ကျွန်မသာ အမြဲ မှားနေတတ်သူ မဟုတ်လား။ အမှားဟူသည့် စကားလုံးကို ဖွင့်ဆိုကြရာမှာတောင် ကျွန်မက တစ်ဘာသာ ဖြစ်နေပါလိမ့်မည်။ တကယ်တော့ အမှားဆိုတာ လူတွေရဲ့ အတွေ့အကြုံကို အမည်ပေးထားတဲ့ ဒုတိယနာမ်စား တစ်ခုပဲ ဖြစ်ပါသည်။

• • • • • • • • • • • • • • •

အလယ်တန်းကျောင်းသူ ဘဝကတည်းက မိတဆိုးဖြစ်ခဲ့ရသော ကျွန်မအပေါ် ဖေဖေက အချစ်လွန် အလိုလိုက်ခဲ့ပါသည်။ နောက်အိမ်ထောင်ပင် မပြုတော့ဘဲ စီးပွားရေးလုပ်ငန်းတွေ အပေါ်သာ စိတ်နှစ်ထားခဲ့သည်။ သို့သော် ကြမ္မာဆိုးက ကျွန်မတို့ မိသားစုအပေါ် အဖော်အပေါင်းဖွဲ့၍ ရောက်လာဟန်တူပါသည်။ ကျွန်မ ကျောင်းပြီးရန် တစ်နှစ်အလိုတွင် ကား Accident ဖြင့် ဖေဖေကွယ်လွန်ခဲ့ရပြန်သည်။ ဖေဖေ့လုပ်ငန်းတွေကို ကျွန်မဦးလေး(ဖေဖေ့ညီ)က ဆက်လက် ဦးဆောင်လည်ပတ်ခဲ့ရသည်။ အိမ်ထောင်မရှိ လူပျိုကြီးဖြစ်သည့် ဦးလေးကလည်း ကျွန်မအပေါ် ဖေဖေ့နည်းတူ အလိုလိုက်ခဲ့သူ ဖြစ်ပါသည်။ သို့သော် ဦးလေးသည် လွတ်လပ်ပျော်ရွှင် စိတ်ထင်သလို နေတတ်သော ကျွန်မကို ကျောင်းပြီးချိန်မှစ၍ အာရုံလွှဲပြောင်းပေးနိုင်ရန် ကြိုးစားခဲ့ရှာသည်။ လုပ်ငန်းခွင်နှင့် ပတ်သက်သည့် သင်တန်းတွေ တက်ခိုင်းသည်။ ကုမ္ပဏီရုံးခွဲရှိသည့် နယ်တွေဆီ လွှတ်သည်။ လူ့အရင်းအမြစ်တွေကို အတင်းညှစ်ထုတ်ပြီး အလုပ်လုပ်နေသည့် ဦးလေးခမျာ စိတ်သွားတိုင်းကိုယ်ပါ အကျင့်ရှိသော ကျွန်မကို မျက်ခြည်မပြတ် စောင့်ကြည့်နိုင်စွမ်း မရှိခဲ့ပါ။

စိတ်ထင်ရာ စိုင်းနေခဲ့သည့် ကျွန်မသည် ရုံးခွဲတစ်ခုအတွက် နောက်ဆုံးခေါ်ယူ ခန့်အပ်ခဲ့သော ဝန်ထမ်းအသုတ်ကို General Worker အဆင့်လို့သာ ထင်မှတ်ထားခဲ့မိပါသည်။ တစ်နေ့ ကွန်ပျူတာခန်းရှိ အစ်မကြီး မကြည်ထွေးဆီ အမှတ်မထင် ဝင်လိုက်မိရာမှ သူ့ကို သတိပြုမိခဲ့ခြင်း ဖြစ်သည်။

"လှိုင့်ဦးလေး အန်ကယ်လ်ထွန်းကိုယ်တိုင် လာပို့ထားတာလေ။ သူက Plot လေးနဲ့။ သူ့အဖေရဲ့ ပညာစုံ၊ ကြင်ရာစုံ စီမံကိန်းကို ဆန့်ကျင်ရင်း ကတောက်ကဆတ်ဖြစ်ပြီး ဒီကခေါ်တဲ့ ဝန်ထမ်းစာရင်းထဲ ဝင်လာတာ။ သူ့အဖေက အန်ကယ်လ်ထွန်းမိတ်ဆွေ၊ လှိုင့်ဖေဖေနဲ့ကျ ကျောင်းနေဖက် သူငယ်ချင်းတွေတဲ့။ ကုမ္ပဏီပိုင်ရှင် တစ်ယောက်ပဲ။ ဒီမှာ အလုပ်ဝင်မှန်းသိတော့ သူ့အဖေက အန်ကယ်လ်ထွန်းဆီ ဖုန်းဆက်ပြီး အပ်တော့တာ၊ ပြန်မခေါ်သေးဘူး"

"သူ့အဆင့်က"

"အီးမေဂျာနဲ့ ကွန်ပျူတာ ဒီပလိုမာဘွဲ့ နှစ်ခုတောင်နော်။ လူငယ်သလောက် ခေါင်းကြီးတယ်။ CAD Computer Aided Design နဲ့ အမြင်မှာတော့ ဘယ်သူမှ လိုက်မမီဘူး။ အန်ကယ်လ်ထွန်းက သိပ်သဘောကျနေတာ။ မကြာခင် အကြီးတန်း တစ်ဝင်မှာ သေချာတယ်"

ထုံးစံအတိုင်းပါပဲ။ သူ့ကို မြင်မြင်ချင်း ကျွန်မ စိတ်လှုပ်ရှား မိန်းမူးသွားမိပါသည်။ ကျွန်မဘဝ၏ စိတ်ကူးအနာဂတ်နှင့် သူ့ အရည်အသွေးတွေက တစ်ထပ်တည်းကျနေသည် မဟုတ်လား။ ကျွန်မ အချိန်မဆိုင်းခဲ့ပါ။ သူနှင့် အနီးဆုံးသို့ ရောက်အောင် နည်းမျိုးစုံသုံး၍ ချည်းကပ်ခဲ့သည်။ အများက ငွေကြေးနှင့် သိက္ခာအတွက် စွန့်လွှတ်စွန့်စားနေကြချိန်တွင် ကျွန်မက ဘဝနှင့် အချစ်အတွက် စွန့်စားခဲ့ခြင်း ဖြစ်သည်။

"လှိုင်ရယ် တို့မင်းသားလေးကိုတော့ ချမ်းသာပေးပါကွယ်"

မကြည်ထွေးနှင့် မေမွန်တို့ အုပ်စုကပင် မထိတထိ လှောင်ပြောင် ကျီစယ်ခဲ့ရသည်အထိ ကျွန်မ ဂရုမစိုက်ခဲ့ပါ။ ကျွန်မ၏ Characterကို အတွင်းသိအစင်းသိဖြစ်သူ ဦးလေးကိုယ်တိုင်ကပင် သူ့ဘက်မှဝင်၍ တလွဲ ပူနေခဲ့ပါသေးသည်။

"မောင်သက်အောင်ကိုတော့ ငါ့တူမက အပျော်ကြံသွားမှာပဲ စိုးတယ်။ အတည်ဆိုရင်တော့ မင်္ဂလာတစ်ပါးဖြစ်တာပေါ့"

လိုချင်တာကို ရအောင်လုပ်တာ လူတစ်ယောက်ရဲ့ ဘဝပဲ မဟုတ်ပါလား။ ဦးလေးနှင့် သူ့ဖေဖေတို့၏ ကျွမ်းဝင်မှုအပြင် သွားလေသူ ဖေဖေ့အရှိန်အဝါတွေပါ ထောက်ကူပြီး ကျွန်မ ခရီးရောက်ခဲ့ပါသည်။ နောက်ဆုံးတွင် နှစ်ဖက်အသိုက်အဝန်းအားနှင့် ကြီးမားခမ်းနားလှသည့် မင်္ဂလာပွဲကြီးကို ဝှဲချီးကျင်းပနိုင်ခဲ့သည်အထိ အောင်မြင်ခဲ့ပါသည်။ ကျွန်မနှင့် အိမ်ထောင်သက် တစ်နှစ်အတွင်းမှာပင် သူသည် ဦးလေး၏ ယုံကြည်အားထားရဆုံး လက်ရုံတစ်ဖက်သာ ဖြစ်လာသည်။ အရေးပေါ် ဆက်သွယ်လှုပ်ရှားရမည့် နိုင်ငံခြားခရီးစဉ်တွေကအစ သူ့ခြေသူ့လက်။ ကုမ္ပဏီ၏ အဓိက မောင်းနှင်အားတွေ သူ့ပုခုံးပေါ် ပိနေချိန်တွင် ကျွန်မဘက်မှ စတင်ဗွေဖောက်ခဲ့ခြင်း ဖြစ်သည်။ အသစ်အသစ်သော အတွဲတွေနှင့် ဒိတ်လုပ်၍ သွားလာပျော်ပါးရခြင်းအပေါ် ကျွန်မ မဆင်ခြင်နိုင်ခဲ့ပါ။

သော်ဇင်နှင့် ဇာတ်လမ်းအစပိုင်းကတည်းက ဦးလေးဖြစ်သူကိုယ်တိုင် ကျွန်မကို အကြိမ်ကြိမ် သတိပေး ဆုံးမခဲ့ပါသည်။ သို့သော် ကျွန်မ၏ နမော်နမဲ့ တစ်ဇွတ်ထိုးစိတ်နှင့် သူ၏ စနစ်ကျသည့် ဖော်ထုတ်မှုကြောင့် စောစီးစွာပင် ညောင်ညိုပင်စခန်းသို့ ဆိုက်ရောက်ခဲ့ကြသည်။ သူသည် ကျွန်မနှင့်တကွသော အသိုက်အဝန်းတစ်ခုလုံးကို စွန့်လွှတ်ကာ သူ့ဖေဖေ၏ လုပ်ငန်းခွင်တွေထဲသို့ ပြန်ဝင်သွားခဲ့လေသည်။ ကျန်ရစ်သူ ကျွန်မမှာမူ အားလုံး၏ အပြစ်စကား အမုန်းမြားတို့အောက်တွင် တစ်ယောက်တည်း လူးလူးလိမ့်လိမ့်။

• • • • • • • • • • • • • • •

ဧည့်ခံပွဲတွင် သူနှင့် ပြန်ဆုံလိုက်ရသည့်အဖြစ်က ဝေဒနာသစ်တွေကို ပေါက်ဖွားစေခဲ့သည်လားမသိ။ ရုံးခန်းတွင် အချိန်ပြည့်ရှိနေတတ်သော သူ့ဆီ တစ်နေကုန် ဖုန်းခေါ်နေမိသည်။ ကျွန်မခေါ်သမျှ ပြန်မထူးခဲ့ပါ။ သို့သော် ကျွန်မ၏ မလျှော့သော လုံ့လကြောင့် အခွင့်အရေးတစ်ခုတော့ ရလိုက်ပါသည်။

"ကဲ မင်းပြောချင်တာ ပြောစမ်းကွာ။ ဒီတစ်ကြိမ်ဟာ မင်းတစ်ဘဝလုံးအတွက် နောက်ဆုံးအကြိမ်လို့သာ သတ်မှတ်ပြီး ပြောပေတော့"

ဝမ်းသာအရ ကရားရေလွှတ် တတွတ်တွတ် ပြောလိုက်မိသည်မှာ ကိုယ့်စကားကိုယ်ပင် ပြန်မမှတ်မိနိုင်အောင် ဖြစ်ပါသည်။ သေချာတာက ကျွန်မ၏ နောင်တတွေကို ဝန်ချရင်း သူ့အပေါ် ယနေ့ထက်တိုင် မမေ့နိုင်အောင် ချစ်ခဲ့ ချစ်ဆဲ ချစ်နေမြဲ ဟူသည့် ကျွန်မ၏ ချစ်ခြင်းတရားတွေချည်း။ ထိုနေရာတွင် ကျွန်မ တစ်ကြိမ်တစ်ခါမှ မကြားဖူးခဲ့သော သူ့ရယ်သံတစ်မျိုးကို ကြားဖြတ် ကြားလိုက်ရပါသည်။ ထိုရယ်သံတစ်မျိုးက ကျွန်မကို လှောင်ပြောင်သရော်လိုက်သလို မလုံမလဲ ခံစားလိုက်ရသည်။

"လှိုင့်စကားထဲမှာ ရယ်စရာတွေ ထည့်မထားပါဘူး ကိုအောင်"

"ကိုယ် ကျောင်းသားဘဝက ဖတ်ခဲ့ဖူးတဲ့ အင်္ဂလိပ်ကဗျာလေးတစ်ခုကို သတိရမိလို့ပါ။ ကဗျာရဲ့ အကြောင်းအရာလေးကို အခုထိ မှတ်မိနေတယ်။ ဒီလိုလေ၊ ချစ်သူနှစ်ယောက် တိတ်တိတ်ကလေး တွေ့ဆုံကြတဲ့အခါ တစ်ယောက်က သိပ်ချစ်တယ်လို့ ပြောတယ်။ တစ်ယောက်ကလည်း သိပ်ချစ်တာပဲကွယ်လို့ ပြန်ပြောလိုက်တယ်။ ဒီအချိန်လေးမှာ ခဏလောက် ရပ်ပြီး စဉ်းစားပါဦး။ မင်းတို့နှစ်ယောက်ထဲမှာ တစ်ယောက်ယောက်ကတော့ ညာနေပြီတဲ့"

"ကိုအောင်၊ လှိုင့်ကို မယုံကြည်တော့ဘူးနော်"

"တစ်ခါက မင်းကို ချစ်ခဲ့မိတာ ကိုယ့်နှလုံးသားနဲ့ပဲ ဆိုင်တယ်လေ။ ယုံကြည်မှုနဲ့ မဆိုင်ဘူး။ အခုကျတော့ တွေ့ချင်တဲ့အခါမှာ ရှာပြီး မေ့ချင်တဲ့အခါ ညာတတ်တဲ့ ပရိယာယ်မာယာတွေအကြောင်း လေ့လာဖို့ အချိန်မပေးနိုင်တော့လို့ပါ"

"ကိုအောင် ယုံကြည်တဲ့အထိ လှိုင် သက်သေပြနိုင်ပါတယ်။ ကိုအောင် မှတ်မိသေးလားဟင်။ ဖက်ထုပ်ကြော်မွှေးမွှေးလေးနဲ့ ကော်ပြန့်စိမ်း ဆိုင်ကလေးလေ။ အရင်တုန်းကလို ကိုအောင်နဲ့ အတူတူ စားချင်လိုက်တာ ကိုအောင်ရယ်။ ညနေ ၅ နာရီလောက်ကျ အဲဒီဆိုင်ကလေးမှာ လှိုင် စောင့်နေမယ်။ ကိုအောင် ခဏလေးဖြစ်ဖြစ် လာခဲ့ပါနော်။ လှိုင် သေသေချာချာ စောင့်နေမယ်နော်"

သူ့ အငြင်းစကားကို နားမထောင်တော့ဘဲ ဖုန်းပိတ်လိုက်ပါသည်။ တစ်ချိန်တစ်ခါက ကျွန်မနှင့် ပတ်သက်ပြီး သူ့နှလုံးသားတစ်နေရာတွင် ဒဏ်ရာအနာတရတစ်ခု ရကောင်းရသွားနိုင်ပါသည်။ ထိုဒဏ်ရာကို ကုစားနိုင်ရန် သူ့ဘေးတွင် ဝိုင်းဝိုင်းလည်နေကြသည့် အလှအပ အနုအရွလေးတွေ တစ်စုံတစ်ယောက်ကိုမျှ အစားမထိုးခဲ့ခြင်းသည် ကျွန်မအတွက် မျှော့်လင့်ချက်တစ်ခုပင် မဟုတ်ပါလား။

၅ နာရီ မထိုးမီကတည်းက ချိန်းထားသောနေရာသို့ ကျွန်မတစ်ယောက်တည်း ကြိုရောက်နေခဲ့ပါသည်။ ပလက်ဖောင်းဆိုင်ကလေးတွေပင် အကုန် မခင်းကြသေးပါ။

တစ်ခါတုန်းကတော့ ညနေ ၅ နာရီ ထိုးပြီးသည်နှင့် သည်လမ်းထဲသို့ သူ ရောက်နေမြဲ ဖြစ်ပါသည်။ သူ စားချင်တာလေးတွေ လှောက်စားပြီးမှ သွားလိုရာကို ဆက်သွားတတ်သည်။ ရံဖန်ရံခါ သူ့သူငယ်ချင်း အပေါင်းအသင်းတွေနှင့်ပေါ့။ ကော်ပြန့်စိမ်းနှင့် ဖက်ထုပ်ကြော်ကို သူ အလွန်နှစ်သက်ကြောင်း ကျွန်မ မှတ်မိနေပါသည်။ မပြောင်းမလဲ ကျင့်သုံးတတ်သော သူ့အကျင့်စရိုက်လေးတွေကို ပြန်စဉ်းစားတိုင်း ကျွန်မ ရင်မောနေမိပါသည်။ သူ လာမှ လာပါ့မလား။

ထိုအခိုက်အတန့်ကလေးမှာပင် ထိတ်လန့်ချောက်ချားစရာ ပြဿနာတစ်ခု ဆိုက်ရောက်လာပါသည်။ မျှော်လင့်နေမိခါမှ မမျှော်လင့်သောသူနှင့် ဗြုန်းစားကြီး ရင်ဆိုင်လိုက်ရသည့် အဖြစ်။ ခြေရာလက်ရာ အစအနတွေကို ဖျောက်ဖျက်ရှင်းလင်းထားဖို့ အချိန်မယူခဲ့မိတာ ကျွန်မ မှားသွားပြီလား။

"ဟာ- မမဖြူ"

သူသည် အပြေးတစ်ပိုင်း ရောက်လာပြီး မျက်နှာချင်းဆိုင် ခုံပုလေးမှာ ဝင်ထိုင်လိုက်သည်။ ရုတ်တရက် အေးစက်တုန်ရီလာသည့် ကျွန်မလက်တစ်ဖက်ကို ဝမ်းသာအားရ ဆွဲကိုင်ဖျစ်ညှစ်လိုက်ပါသည်။

"မောင် မောင်မျိုး မင်း မင်း"

"ဟုတ်ပါတယ် မမဖြူရဲ့။ ကျွန်တော် မျိုးနိုင်ပါ။ ဒီမှာ မမဖြူတစ်ယောက်တည်း ဘာလုပ်နေတာလဲ ဟင် ဖက်ထုပ်စားဖို့လား"

"ဟို မမ သူငယ်ချင်းတစ်ယောက်ကို စောင့်နေတာ၊ မင်းကရော"

"မျက်စိတော့ လည်စရာပဲ။ ကျွန်တော့်ဆရာကလည်း ဒီဆိုင်ကလေးဆီ လွှတ်လိုက်တာ။ မဖြူဖြူလှိုင်ဆိုတဲ့ အမျိုးသမီးတစ်ယောက်က ချိန်းထားတာရှိတယ်။ သူ မလာနိုင်လို့ ကျွန်တော့်ကို လွှတ်လိုက်တာ။ ကျွန်တော်က မမဖြူလို့ မထင်မိဘူး။ နာမည်တူ တစ်ယောက်လို့ ထင်ထားတာ"

"မင်းဆရာဆိုတာက"

"ကိုသက်အောင်တဲ့။ ကျွန်တော့်ဘိုးတော်က လုပ်ငန်းခွင့် အတွေ့အကြုံရအောင်ဆိုပြီး ကိုသက်အောင်ဆီ အပ်ထားတာ။ အခုလည်း သူ လွှတ်လို့သာ လာရတယ်။ လုပ်ငန်းကိစ္စတွေ ကျွန်တော်မှ သိပ်နားမလည်သေးတာ။ သူ့ရုံးခန်းမှာ လာပြီး ဆွေးနွေးလိုက်ရင် ပြီးတာကို မမဖြူရယ်"

မောင်မျိုးနိုင် မျက်နှာကို ကြည့်ရင်း ကျွန်မ ဒူးတွေပင် တဆတ်ဆတ် တုန်လာသည်။ ရင်ထဲမှာလည်း  မီးရှို့ထားသော သစ်တုံးကြီးတစ်တုံး ရောက်နေသလို ပူလောင်ဆို့ကျပ်နေသည်။

"မဟုတ်ဘူး။ မမဖြူ မဟုတ်ဘူး။ မမဖြူရဲ့ သူငယ်ချင်းလေ။ သူ့နာမည်က မမဖြူနဲ့ သုံးလုံးတူတယ်။ ဖြူဖြူလှိုင်မြင့်တဲ့။ သူ လူတစ်ယောက်နဲ့ ချိန်းထားတာရှိလို့ ဆိုပြီး ဒီဘက် ဝင်လာကြတာ။ အဲဒါ ဒီရောက်မှ သူ့အိမ်က အရေးတကြီး ဖုန်းဆက်ခေါ်လို့ မမဖြူကို ခဏစောင့်ခိုင်းထားတာ။ နောက်တစ်နေ့ကျမှပဲ ရုံးခန်းကိုလာပြီး ဆွေးနွေးတော့မယ်လို့ ပြောပေးပါတဲ့"

"ဒါဆိုရင်လည်း ကိစ္စတစ်ခု အေးသွားတာပေါ့။ ဒါက အရေးမကြီးသေးဘူး။ အရေးကြီးတာက မမဖြူနဲ့ ဒိတ်ထားတဲ့ နေ့ပဲ။ လာမယ့် Sundayနော် မမဖြူ"

"အေး အေးပါ"

"မမဖြူ နေမကောင်းဘူး ထင်တယ်"

"အေးကွာ ရုတ်တရက်ကြီး ခေါင်းကိုက်လာလို့"

"မမဖြူ တစ်ယောက်တည်း ဖြစ်ပါ့မလား။ ကျွန်တော် လိုက်ပို့ပေးရမလား"

"ရပါတယ်၊ မမဖြူက တစ်ခါလေ ဒီလိုဖြစ်တတ်တယ်။ ခဏပါ။ မမဖြူ သူငယ်ချင်းကို စောင့်ရဦးမှာလေ။ ကားလည်းပါပါတယ်"

"သူလာတဲ့အထိ ကျွန်တော် စောင့်ပေးမယ်လေ။ မမဖြူ တစ်ယောက်တည်း ထားခဲ့ရမှာ စိတ်မချပါဘူး။ မမဖြူ မျက်နှာလေးကို ကြာကြာကြည့်ခွင့်ရတာပေါ့"

ကယောင်ချောက်ချားနှင့် ခေါင်းကိုသာ တဆတ်ဆတ် ညိတ်ပြနေမိပါသည်။ သူက တစ်ချိန်လုံး ဆုပ်ကိုင်ထားသည့် လက်ကို ဖွဖွလေးညှစ်ရင်း "မမဖြူကို သိပ်ချစ်တယ်"ဟု တီးတိုးလေး ကပ်ပြောသည်။ တိုးညင်းသော စကားသံသည် ကျွန်မ၏ နားစည်ထဲတွင် ကျယ်ကျယ်လောင်လောင် လှိုင်းထပ်မြည်ဟည်းသွားသလို ခံစားလိုက်ရသည်။ အခြေအနေတွေကို ကျွန်မ နားမလည်နိုင်တော့ပါ။ မောင်မျိုးနိုင်နှင့်သူ ပတ်သက်ဆက်နွှယ်နေတာ ကျွန်မ မသိခဲ့။ ကျွန်မနှင့် မောင်မျိုးနိုင် ဇာတ်လမ်းကို သူ သိနေလို့များ လက်ရီအခြေအနေမျိုး တမင် ဖန်တီးလွှတ်လိုက်သည် များလား။ တိုက်ဆိုင်ကြုံကြိုက်မှုတော့ လုံးဝ မဖြစ်နိုင်တာ သေချာသည်။ ကျွန်မ သူနှင့် တွေ့ဖို့ ချိန်းဆိုရသည့် အကြောင်းရင်းကို သူ ကောင်းကောင်းသိပါသည်။ မောင်မျိုးနိုင်ကို လွှတ်လိုက်ခြင်းဖြင့် ကျွန်မ၏ ဖောက်ပြားဝေဝါးတတ်သည့် အမှားတစ်ခုကို သူ သိထားကြောင်း ထင်ရှားစေချင်လို့လား။ ဘယ်လို အခြေအနေမျိုးနှင့် ကျွန်မ ရင်ဆိုင်နေရပြီလဲ။ တစ်ချိန်တစ်ခါက သူ့ကို တရားဝင်ပိုင်ဆိုင်ခွင့် ရထားခဲ့ပြီးမှ ကျွန်မ၏ အမှားတစ်ခုကြောင့် လက်လွှတ်ဆုံးရှုံးခဲ့ရဖူးသည်။ ယခု ပစ္စက္ခအချိန်မှာရော သူ့ကို ထပ်မံ အဆုံးရှုံးခံရဖို့ ကျွန်မအမှားတွေ ထင်ရှားပေါ်လွင်နေခဲ့ပြီလား။ အမှားတွေနှင့်သာ လက်ပွန်းတတီး နေတတ်ခဲ့သည့် ကျွန်မကိုယ် ကျွန်မသာ အပြစ်တင်နေမိပါသည်။ ဘာပဲဖြစ်ဖြစ် တစ်ခုခုကိုတော့ သေသေချာချာ သိရမှ ဖြစ်မည်။ ဒါမှသာ လမ်ဆုံတစ်ခုသို့ ရောက်ရှိနေသည့် ကျွန်မအတွက် အခွင့်သာမည့် လမ်းတစ်ခုကို အချိန်မီ ရွေးချယ်နိုင်မှာ မဟုတ်လား။ ကျွန်မ လက်ကိုင်ဖုန်းကို ထုတ်ယူပြီး ထရပ်လိုက်သည်။

"ခဏလေးနော် ကိုမျိုး၊ သူငယ်ချင်းဆီ ဖုန်းဆက်ချင်လို့"

မောင်မျိုးနိုင် မကြားလောက်သည့် အကွာအဝေးရောက်မှ သူ့ရုံးခန်းသို့ ဆက်သွယ်လိုက်သည်။ တမင်စောင့်နေသည့်အလား သူကိုယ်တိုင် ချက်ချင်း ပြန်ထူးသည်။

"ကိုအောင်၊ ဘယ်လိုလုပ်လိုက်တာလဲဟင်"

"ဘာမှ မလုပ်ရပါလား။ အစကတည်းက ကိုယ်လာခဲ့မယ်လို့ ကတိမပေးခဲ့ဘူးလေ။ မင်းဘာသာ ပြောချင်ရာတွေ ဇွတ်ပြောပြီး ဖုန်းချသွားတာပဲ။ ဒါပေမဲ့ မင်းက ဇွတ်တရွတ်လုပ်တတ်တဲ့ အကျင့်ရှိတော့ တကယ်စောင့်နေခဲ့ရင် အားနာလို့ မောင်မျိုးနိုင်ကို လွှတ်လိုက်တာ။ မင်းပြောချင်တာတွေ အားလုံး သူ့ကို ပြောနိုင်ပါတယ်"

"ဒါက ဘာသဘောလဲ ကိုအောင်၊ လှိုင့်ရင်ထဲက စကားတွေကို အစီအရင်ခံစာတစ်ခုလို သဘောထားပြီး ကြားလူတစ်ယောက်ကတစ်ဆင့် တင်ပြရမယ်ပေါ့။ ရက်စက်လိုက်တာ ကိုအောင်ရယ်။ ကိုအောင့်မှာ စာနာတတ်တဲ့ နှလုံးသားမှ ရှိသေးရဲ့လား"

"မင်းစကားက ဘက်မှားနေပြီ ထင်တယ်။ အေးလေ ဒါမျိုးတွေက မင်းလုပ်နေကျမို့ သိပ်မဆန်းတော့ပါဘူး။ ကဲ နောက်ထပ် ဘာပြောချင်သေးလဲ ပြော။ ကိုယ်မနက်က ဖုန်းထဲမှာ ပြောခဲ့တာ မှတ်မိလား။ မင်းတစ်ဘဝလုံးအတွက် နောက်ဆုံးအကြိမ်အဖြစ် သတ်မှတ်ပြီး ပြောခွင့်ပေးခဲ့တာလေ။ ဒါပေမဲ့ တစ်ခုခုကို မဖြစ်မနေ ကြိုးစားအားထုတ်သူမှန်ရင် တစ်ကြိမ် အပိုပေးသင့်တယ်လို့ ကိုယ်ယုံကြည်တယ်။ ဒါ အပိုတစ်ကြိမ်အဖြစ် ပြောခွင့်ပေးတာ ပြောပေတော့"

"ကိုအောင့်လူက လှိုင်နဲ့ ကိုအောင့်အကြောင်း ဘယ်လောက်သိသလဲ"

"မင်း စိုးရိမ်နေတာ ဒါလား။ မောင်မျိုးနိုင်က ဒီအကြောင်းတွေ ဘာမှမသိဘူး ထင်တာပဲ။ သိရင်လည်း တခြားတစ်နေရာက ဖြစ်လိမ့်မယ်။ ကိုယ့်ဆီကတော့ မဟုတ်ဘူး။ ကိုယ်က မဆိုင်တာတွေ ပြောတတ်တဲ့အကျင့် မရှိဘူး။ အဲ- ကိုယ်ကတော့ သူနဲ့မင်းအကြောင်း သိထားတယ်လေ။ စိတ်ချပါ။ သူများကိုယ်ရေးကိုယ်တာ ကိစ္စတွေထဲ ကိုယ်ဝင်မပါတတ်ပါဘူး။ အခု မောင်မျိုးနိုင် မပြန်သေးဘူးမို့လား။ အေးအေးဆေးဆေးနေပါ။ ချက်ချင်း ပြန်လာစရာ မလိုပါဘူးလို့ ပြောလိုက်ပါ။ ဒါလည်း သူ ရသင့်တဲ့ အတွေ့အကြုံတစ်ခုပဲလေ။ မင်း..."

ကျွန်မ ဖုန်းကို အမြန်ပိတ်လိုက်ပါသည်။ သူ့စကားတွေကို ဆက်နားထောင်နိုင်ရန် ခွန်အားမရှိတော့။ သုတ်ခနဲ တိုက်ခတ်သွားသည့် လေပြည်လေညင်းကလေးထဲတွင် ကျွန်မခန္ဓာကိုယ်သာ မြူမှုန်လေးတစ်မှုန်အဖြစ် လွင့်ပါး ပျောက်ကွယ်သွားခဲ့လျှင် ဘယ်လောက် ကောင်းလိုက်လေမည်လဲ။

"ဖက်ထုပ်ကြော် စားတော့မလား မမဖြူ"

ကျောက်ရုပ်တစ်ရုပ်လို ရွှေ့လျားလာသည့် ကျွန်မကို မောင်မျိုးနိုင်က လှမ်းမေးနေသည်။ လမ်းထဲတွင် လူစည်ကားစပြုလေပြီ။ ။

__________________________

ဖူးသစ်မော်
(ရွှေအမြုတေရုပ်စုံမဂ္ဂဇင်း၊ အမှန် ၂၃၁၊ ဖေဖော်ဝါရီ၊ ၂ဝဝ၉)

No comments:

Post a Comment