“ မဟောင်းသော ပုံပြင် ”
(၁)
လရောင်သည် သန့်သန့်စင်စင် သာနေသည်။ မန်ကျည်းကိုင်းတို့သည် လရိပ်တွင် ငွေရည်ဖိတ်လက်လျက် အိမ်ဝရန်တာပေါ်သို့ ကွေးညွှတ်ကျနေ၏။ ဆီးဖြူသီးများကား လရောင်တွင် ရွှမ်းစိုပြောင်လက်လျက် တွဲရရွဲ သီးနေကြသည်။ ဆီးဖြူရွက်များမှာ ကျဲကျဲပါးပါးနှင့် အမြွှာမြွှာ ဖြာကျနေသည်။
သစ်ရွက်ကလေးတွေ အိပ်စက်သော်လည်း တိုးတိုး မအိပ်သေး။ ကရမက်နံ့သင်းသည့် အဘွားဘေးနားမှာ ခွေကာ သစ်ခက်တို့ကြားမှ ပြည့်ဝန်းလု လမင်းကို ငေးကြည့်နေသည်။
“ လရောင်ဟာ လွမ်းသူကို ပိုလို့ ဆွေးစေသတဲ့။ ပျော်ရွှင်သူတွေအတွက်တော့ လ အရိပ်ဟာ စိတ်ကြည်နူးစရာ တစ်ခုပါပဲ ”
တိုးတိုးက အစ်ကို့စာထဲမှ ကဗျာဆန်ဆန် စကားလုံးများကို သွား သတိရလိုက်သည်။
“ ကိုယ်တော့ လရောင်လွှမ်းပြီး မရန်းငွေ့ သမ်းနေတဲ့ တောင်တန်းကြီးတွေကို ကြည့်ရင်း တိုးကို ပိုလို့ လွမ်းမိတယ်။ သည်အချိန်မှာ တိုးသာ ရှိရင်တော့ ကြည်နူးချမ်းမြေ့စရာ မြင်ကွင်းတစ်ခု ဖြစ်လာမှာပဲ။ ညငှက်ကလေးတစ်ကောင် ဖြတ်သန်းသွားတာ မြင်တော့ သူ့ရဲ့တောင်ပံတွေကို ခဏ ငှားလိုက်ချင်တယ်။ တိုး ရှိရာကို ပြန်လာချင်လို့။ ကိုယ်တို့ လက်ထပ်ဖို့ကို ဘာကြောင့် ရွှေ့ဆိုင်းနေတာလဲလို့ ကိုယ်တိုင် လာမေးချင်တယ်။ နားမလည်ဘူးကွာ။ တစ်ခါတလေ တိုးရဲ့စိတ်ကို တွေးလို့မရဘူး။ တိုးဟာ ကိုယ့်ကို အရင်ကလောက် မချစ်တော့လို့များလား ထင်မိတယ်။ ဒါပေမဲ့ ဒီလိုလည်း မတွေးရဲပြန်ဘူး ”
တိုးတိုးယဉ်က ချစ်သူ့စာထဲမှ စကားလုံးများကို ပြန်အောက်မေ့ရင်း မျက်ရည်ဝဲမိသည်။ သစ်ရွက်တို့ အမှောင်ရိပ်ကြားတွင် မျက်နှာဝှက်ကာ ကျိတ်ရှိုက်မိသည်။
ဦးလေးထွေး၏ ပတ္တလားသံသည် အိမ်ထဲမှ ကြည်ကြည်လင်လင် ပျံ့လွင့်လာသည်။ အဘွားက အိမ်ရှေ့မှာ မီးရောင်လက်လက်နှင့် ဖြတ်မောင်းသွားကြသော မြင်းလှည်းသံ ကြားတိုင်း ချောင်းဟန့်သည်။
“ မော်တော်ဆိုက်သံ မကြားသေးပါဘူး ဘွားရယ် ”
ရှိုက်ရာမှ ဘွားဘွားကို ညည်းညည်းညူညူ ပြောမိသည်။ မနက်က အဘိုး ချောက်သို့ သွားသည်။ ကျပင်း ဆရာဖီး၏ တိမ်မြုပ်ပျောက်ကွယ်လုတေးများကို ပြန်လည် ဖော်ထုတ်ရေး ဆွေးနွေးပွဲဆိုလား၊ တိုးကတော့ နားမလည်ပေ။ အဘွားကိုပါ ဖိတ်ခေါ်ကြသော်လည်း ကျန်းမာရေး မကောင်းသော အဘွားက မလိုက်နိုင်။ ညဥ့်ဦးတိုင် ပြန်မရောက်သေးသဖြင့် အဘွား တမျှော်မျှော် ဖြစ်လှပြီ။ ရေငြိမ် မိုးငြိမ် တော်သလင်းလမို့ တော်တော့သည်။ နို့မို့ဖြင့် “ ရေလမ်းခရီး စိတ်မချပါဘူး တော် ” ဟု အဘွား တဖွဖွ ပြောလို့ဆုံးမှာ မဟုတ်။
ရှေ့လဆိုလျှင် သီတင်းကျွတ်တော့မည်။ သီတင်းတွေ အခါခါ ကျွတ်သော်လည်း တိုးတိုးတို့ လက်ထပ်ဖို့မှာ ဝေးမြဲ ဝေးနေပေဦးမည်။ ဘိုးဘိုးနှင့် ဘွားဘွားအတွက် အသက်အစိတ် ရှိပြီဖြစ်သော မြေးကလေး တိုးတိုးမှာ ဥမမည် စာမမြောက်သည့် ကလေးငယ် တစ်ယောက်ပဲ ဖြစ်နေဦးမည်။ မေမေ ဆုံးပြီးကတည်းက ဘွားဘွား ရင်ခွင်မှာ ကြီးပြင်းခဲ့ရသည်။ ဦးလေးထွေး လက်မောင်းပေါ်မှာ ဆော့ကစားခဲ့ရသည်။ ဘိုးဘိုး ဆိုပြသည့် သီချင်းတွေနှင့် ယဉ်ပါးခဲ့ရသည်။ မာနကြီးပြီး စိတ်ဆတ်သော ဘွားဘွားလက်မှာ ကစားဖော်မရှိဘဲ အထီးကျန်ကြီးပြင်းခဲ့ရသည်။
ဘွားဘွား၏ ကစားစရာ အရုပ်ကလေး တိုးတိုးက ဘွားအေဘေးမှာ လဲလျောင်းရင်း အဘိုးတွေ၊ အဘွားတွေ မပါဝင်သည့် သီးခြားကမ္ဘာလေးတစ်ခုဖန်ဆင်း အိပ်မက်နေကြောင်း ဘွားဘွားသာ သိခဲ့လျှင်….။
“ မိုက်တဲ့ အတိုး ” လို့ မာန်မဲလေမလား။
“ အတောင်စုံတော့ ပျံချင်မပေါ့ ” လို့ ထေ့ငေါ့လေမလား။
“ ငယ်ပါသေးတယ် တိုးလေးရယ် ” လို့ ချော့မော့လေမလား။ မိမိ ဘ၀ကို အားငယ်ခြင်း၊ ချစ်သူကို ကြင်နာခြင်း၊ အဘိုးနှင့်အဘွား၊ ဦးလေးထွေးတို့နှင့် ဖွဲ့စည်းသည့် သူ၏ ကမ္ဘာလေးကို တွယ်တာခြင်းဖြင့် ဝေခွဲမရသော တိုး၏ ပါးပြင်မှာ မျက်ရည်စတို့ သွယ်ဖြာလေသည်။
ဘွားဘွားက စိပ်ပုတီးကို လက်ပြောင်းကိုင်ကာ တိုးတိုး ကိုယ်ပေါ်မှာ ခြင်ယမ်းပေးရင်း မျက်ရည်စတို့ စိုနေသော ပါးပြင်ကို စမ်းသပ်မိသည်။
“ တိုး သမီးလေး အိပ်ချင်ပြီလား။ အို….ဟဲ့ မျက်ရည်တွေနဲ့။ ဘွားကို စိတ်ကောက်လို့ ငိုရော့သလား ”
ဘွား စကားများက စိတ်ကို ပိုလို့ နူးညံ့ နာကျင်စေသည်။ ဘွားက ချော့မော့လေ တိုးက ငိုရှိုက်လေနှင့် ငိုရှိုက်ရင်းကပင် ချစ်မိသော တိုး၏ လွမ်းပုံပြင်ကို ပြောပြဖြစ်သည်။
လရိပ်သည် မန်ကျည်းကိုင်းတို့ကြား နားခိုနေသည်။ ဇာတ်လမ်းဆုံးသည်နှင့် ဘွားဘွားက သက်ပြင်း ရှည်လျားစွာ ချသည်။ တိုးမှာ မျက်ရည်များကြားမှပင် ဘွားဘွား မျက်နှာကို ကြည့်ချင်သည်။ သို့သော် မမြင်ရပါ။ ကလေးဘ၀မှစ၍ တစ်ပိုင်းတစ်စ တချို့တစ်ဝက်မျှသာ အဆက်အစပ်မဲ့ ကြားဖူးခဲ့သော ပုံပြင်ဟောင်းကိုမူ အဘွားက ဇာတ်ကြောင်းလှန်လေသည်။ အဘွား လေသံမှာ တုန်ယင်လျက်။
ဦးလေးထွေး၏ ပတ္တလားသံမှာ ဆိတ်ငြိမ်သော ညကို နက်ရှိုင်းဆွဲငင်သော သံစဉ်လှိုင်း အရိပ်မှာ လူးလွန့်စေသည်။
(၂)
“ သင်းထုံ ဆိုတာလည်း အငြိမ့်က မစားခဲ့လို့ လေဘာတီမြရင်တို့၊ ယူနီဘာစီတီတို့လို တစ်ပြည်လုံး ဟိုးဟိုးမကျော်ခဲ့ပေမဲ့ သူ့နယ်နဲ့သူတော့ တာစားသေးသာပဲကွယ့်။ သင်းထုံက အဆိုကောင်း၊ အငိုကောင်း၊ အပြောကောင်း။ သို့ပေတဲ့ အငြိမ့်သမတော့ မဟုတ်ဘူး၊ ဇာတ်သမ။ ဇာတ်အုပ် ဇာတ်စီး ကောင်းတဲ့ မင်းသမီး စံပယ်တင် သင်းထုံ ဇာတ်တဲ့ဟေ့ဆိုရင် မြေလတ် တစ်ခွင်မှာ ကြော်ငြာ မကပ်ရဘူး။ ပတ်မသံ ထီခနဲ ကြားတာနဲ့ လှည်းဝိုင်းကြီးကို ဟည်းနေတာပဲ။ ဇာတ်ဆရာ မင်းသားကြီးတွေ အုပ်စီးတဲ့ ဘယ်ဇာတ်နဲ့ပြိုင်ပြိုင် သင်းထုံက ပြိုင်ကရဲသယ် ”
အဘွားသည် လ ကို မော့ကြည့်ရင်း လေသံမာလာသည်။
“ ၀ိဇယ ဇာတ်တို့၊ ပဋာစာရီ ဇာတ်တို့များဆိုရင် မင်းသား လုပ်တဲ့လူကို အရုပ်ဖြစ်ရော။ ပရိသတ်ကဆို မိုးသာ စင်စင်လင်းရော တုတ်တုတ်မှ မလှုပ်လို့ ပတ်မတုတ်ပြီး ပွဲပြီးကြောင်း နှင်ယူရသယ်။ အဲသလောက် ဖမ်းစားနိုင်သာ ”
အဘွားသည် မီးသေနေသော ဆေးပေါ့လိပ်ကို အမှတ်မဲ့ ကောက်ဖွာသည်။
“ သင်းထုံက လှတော့ မလှဘူးအေ့။ ပိန်ပိန်သွယ်သွယ်ပဲ။ အသားလည်း အင်မတန် ညိုသယ်။ ဇာတ်စင်ပေါ်မှာတော့ သနပ်ခါးနဲ့ ပန်းနဲ့ မီးစားပြီး ဇာတ်ရုပ်နဲ့ လှသပေါ့ ”
အဘွားက ပြောရာမှ ချောင်းဟန့်သည်။ အိမ်ရှေ့လမ်းပေါ် နားစွင့်ပြန်သည်။
“ တန်ခိုးကြေညာ×××× ဒေ၀ါမင်း ဖန်ဆင်းကူလို့ သူမညီ ××××× ကျွန်းမလ္လာ ပင်လယ်ခြား ××××× သနားရန်ဖို့ ×××× လွမ်းတာကိုယ်စီ ×××× ဝေးကွာခဲ့ပြီ…×××× ”
ဦးလေးထွေး၏ ပတ္တလား တီးလုံးများသည် တိုး၏ သောတအာရုံသို့ ညင်သာလိမ့်လူးကာ စီးမျောလာသည်။ ဘွားက စကားဆက်သည်။
“ အသံကျတော့ တော်တော့ ပါရမီလားအေ…. အောင်လိုက်တဲ့ အသံ၊ မုန်းထဲ မန်းထဲများဆို သည်ဘက်ကမ်းက အော်လိုက်တဲ့အသံ ဟိုဘက်ကမ်းထိပ်ကတောင်မှ ကြားနိုင်သတဲ့။ ဓာတ်စက် မလိုဘူး။ သည်တုန်းက ဘာရှိတာလိုက်လို့။ ဒါနဲ့ သင်းထုံ ဇာတ်ကလို့ သုံးလေးနှစ်လောက် ရှိတော့ ကုန်းဘောင် ဘုန်းကြီးပျံမှာ ကရင်း ကုန်းဘောင်သူကြီးက မျက်စိကျပါလေရော။ သူကြီးဆို နှယ်နှယ်မှတ်လို့လား။ နှစ်လုံးပြူး သေနတ်နဲ့၊ ငွေဓားလွယ်နဲ့၊ ဓားပြ အဖမ်းကောင်းလို့ တံဆိပ်တော် ရထားသဲ့ သူကြီးအေ့။ သူကြီးက မုဆိုးဖိုကိုး။ သင်းထုံကို ယာတွေ ချောင်းတွေနဲ့ ရွှေဒင်္ဂါးတွေ တောင်းနဲ့ခြင်ပြီး တင်တောင်းတော့သာပဲ။ မသင်းထုံကို သင်း ရရင် ‘ ငိုစား ရယ်စား လုပ်ဖို့မလိုဘူး၊ ရွှေပေါ်မြတင် ဖူးဖူးမှုတ် ’ မတဲ့။ ဘာရမလဲ၊ သင်းထုံကလည်း အာဂမိန်းမပဲ။ သင်း ဆုချတဲ့ လက်ဝတ်လက်စားတွေ အကုန်ချွတ်၊ သင်း လှည်းပေါ် ပစ်တင်ပြီး “ ငတ်လို့ ဇာတ်သမ လုပ်စားနေသာ မဟုတ်ဘူး၊ မျိုးရိုးဗီဇနဲ့ ၀ါသနာကြောင့် က နေသာ…. ” လို့ ဓားကြိမ်း ကြိမ်းတော့သာပဲ။ သည်တုန်းက ငယ်ကလည်း ငယ်၊ စိတ်မာန်ကလည်း ထက်ထက်ကိုးအေ့။ ဒါပေမဲ့ ရှင်သင်းထုံလည်း မနေရဲပါဘူးအေ။ မိုးမချုပ်ခင် အဲသည်ရွာက ရုပ်ဖျက်ပြီး ပြေးရသာပဲ။ သင်းဇာတ်က လူပြက် ဖိုးရွှေလူနဲ့ သူတောင်းစား မောင်နှမ လုပ်ပြီး ပြေးလိုက်ကြတာ။ မြို့မှာ တစ်လလောက် ခိုနေရသယ်။ ဇာတ်ပစ္စည်းတွေလည်း ဆုံးသာပေါ့ ”
အဘွားက ရယ်လေသည်။
“ သည် သူကြီးမင်း စောင်မလို့ ရှင်သင်းထုံလည်း လင်မြန်မြန် ရသာပါပဲ။ တောနယ်မှာ မကရဲတော့ မြို့တက် ကရတယ်။ စလင်း အနောက်တံခါး မဟာဆုတောင်းပြည့် ဘုရားပွဲမှာပဲ ခုနှစ်ည ခုနှစ်ချီ ကပြီးရော၊ သူကောင်းသား ကိုထင်မှူးနဲ့လည်း ညားပါလေရော ”
အဘွားလေသံမှာ သရော်သံ တစ်ဝက်၊ နာကြည်းသံ တစ်ဝက် ရောစွက်နေသည်။
“ ဘယ့်နှယ်လဲ တိုးတိုး၊ အိပ်ပြီလား၊ အဘွားကို မီးခြစ် ကမ်းစမ်း ကလေးရယ် ”
အဘွားက ဆေးလိပ်မီးညှိကာ တစ်ရှိုက် နှစ်ရှိုက် ဖွာသည်။ လ သည် တိမ်သားထုကြား တိုးဝင်သွားသဖြင့် မြေးအဘွား နှစ်ယောက်စလုံး အမှောင်ထဲမှာ ရောက်နေသည်။ ဇီးကွက်မြည်သံ ကြားရသည်။ တိုးတိုးက စကားဆက်မည့် အဘွားအသံကို နားစွင့်သည်။
“ ကိုထင်မှူးက အင်္ဂလိပ်ကျောင်းသား။ လူချောအေ့…။ ပိုလိုကလေး လက်ကြားညှပ်လို့၊ စကားပြောရင် ပြုံးပြုံး ပြုံးပြုံးနဲ့ အင်မတန်လည်း သိမ်မွေ့တာကလား။ သူကောင်းမျိုးဆိုတော့ ဘုရားထူးခံတွေ ကလား….။ ရှေးဘုရင်များ လက်ထက်က သူကြွယ်တို့၊ သူကောင်းတို့ ဆိုသာပေါ့အေ။ ကိုထင်မှူးက မမသင်းထုံ မမသင်းထုံနဲ့ စကားပြောကလည်း ချိုလေတော့ ရှင်သင်းထုံလည်း တွေ့စကတည်းက သင်း ငါ့မောင်ဖားပဲ ဖြစ်လိုက်ပါတော့လို့ အောက်မေ့မိသတဲ့။ သင်းမိဘတွေကလည်း ဖျက်၊ ဇာတ်ထဲကလည်း ဖျက်ကြတဲ့ ကြားထဲက ညားကြရော ဆိုပါတော့။ ရှင်သင်းထုံ ဇာတ်လည်း ဇာတ်ခေါင်းကွဲတော့သာပါပဲ။ ”
“ နောက်တော့ ဖိုးရွှေလူက ဇာတ်ကို ပြန်အုပ်စီးပြီး ဒီည ဘယ်ဇာတ် က ရမှာမို့ ညည်း က လှည့်ပါနဲ့ အတန်တန် ခေါ်သာပဲ….။ ”
“ ဖိုးရွှေလူက မင်းသားရုပ် မဟုတ်လို့သာ လူပြက် လုပ်နေရသာ၊ ပညာက စုံသအေ့။ သင်းထုံ ကဖို့ ဇာတ်စာ ဇာတ်သီချင်း သင်းပဲ ရေးပေးသာပဲ။ ဘယ်ဇာတ်မှာ ဘယ်လို ဆိုကနဲ့။ သင်းထုံ စိတ်ဆတ်သာလည်း သိတော့ နှမကလေးလို အလိုက်အထိုက် သွန်သင်တတ်သယ်။ ဖိုးရွှေလူ အတန်တန်ခေါ်လည်း သင်းထုံ မလာနိုင်ပါဘူး၊ လင်နဲ့ သားနဲ့ ဖြစ်နေပြီကိုး။ ဆိုင်းသံကြားရင် နာကြည်းလွန်းလို့ စောင်ခြုံကြားမှာ ငိုရသတဲ့။ ပွဲကလည်း မကနိုင်၊ လုပ်ကိုင်လည်း မစားတတ်နဲ့ ကြာတော့ ငတ်လာပါလေရော။ ကိုထင်မှူးက စာရေး စာချီ လုပ်ရမှာလည်း တစ်ပါးကျွန် အလုပ်တဲ့။ ကုန်သည်ပွဲစား အလုပ် ကျပြန်တော့လည်း ရှက်သတဲ့။ သည်တော့ ရှင်သင်းထုံက မုန့်ဖက်ထုပ် ရောင်းကျွေးရသယ်။ မယားကတော့ မိုးလင်းက မိုးချုပ် မုန့်ကြိတ် မုန့်နယ် မုန့်ပေါင်းလို့။ လင်ကတော့ စိန်လက်စွပ်ပေါင်ပြီး ဗိုလ်ကတော် အရာကျတွေနဲ့ ဖဲထိုင်ရိုက်သလေ။ ကြာတော့ သူ့ကိုယ်သူလည်း စိတ်ပျက် ထင်ပါရဲ့၊ မိဘဆီ ပြန်လေရော။ ဂျပန်အ၀င် ဗုံးတွေ ချတော့ သင်းရော၊ သင်းမိဘတွေရော တိုက်ပိလို့ သေတယ်။ ဂျပန်ခေတ်မှာ သင်းထုံလည်း ကလေးတစ်ကောင်နဲ့ ဆင်းဆင်းရဲရဲ ငတ်ငတ်ပြတ်ပြတ်၊ စိတ်ကလည်း ကောင်းကောင်း မမှန်တော့ ဗုံးသံကြားရင် ကွေးအောင် က တော့သာပဲ….။ ”
“ ရှင်သင်းထုံ မိဘတွေကလည်း သင်းအတွက် ခက်ပြီဆိုပြီး စစ်ပြေးရင်း ကိုးရေယဉ် ဆရာတော်ဘုရားဆီမှ ဆေးကုရသယ်။ အတော်လေး ကျန်းမာသာနဲ့ ဂျပန်က ဟဲဟိုးတပ်တွေ ဖွဲ့တော့၊ ဖိုးရွှေလူ လာခေါ်လို့ ဟဲဟိုးတပ်သားတွေ ဖျော်ဖြေဖို့ ပွဲပြန်ကရသယ် ”
အဘွားက စကားပြောရာမှ နားသည်။ လရောင်တွင် အဘွား ပါးပြင်၌ ငွေမင်လက်လက် တွေ့ရသည်။ မျက်ရည်များလေလားလို့ တိုးက တွေးသည်။ သို့သော် အဘွား မငိုတတ်ပါ။
“ ဂျပန် ပြေးပြန်တော့ အမေရိကန် အတက်၊ အင်္ဂလိပ် အ၀င်မှာ ဟိုပြေးသည်ပြေးနဲ့ ဒုက္ခရောက်လွန်းလို့ မိဘတွေက ဖိုးရွှေလူနဲ့ ပေးစားကြသယ်။ ဖိုးရွှေလူကိုတော့ သင်းထုံက လင်ရယ် သားရယ်လို့ ဂရုမစိုက်လှဘူး။ ကိုထင်မှူးနဲ့ ရတဲ့ သားလည်း ကျောက်ကြီးပေါက်လို့ ဆုံးတော့ သူ့သားလေး မြေပုံရှိရာ ညနေတိုင်ရင် သွားသတဲ့။ မိုးချုပ်နေ၀င် ထင်သလို သွားနေလို့ လူကြီးတွေ တားကြလည်း နားမ၀င်ဘူးတဲ့။ “ ကျုပ်က သေလူ ” လို့ ပြန်ပြောတတ်သတဲ့။ ခေတ်ကလည်း ခေတ်ပျက်ကိုး။ ”
“ ဒါနဲ့ ပခန်းငယ်မှာ ဇာတ်ကရင်း ကလေး ပျက်ကျပြန်သယ်။ ဖိုးရွှေလူလည်း ငယ်ထိပ် မြွေပေါက်သလို ခြေမကိုင်မိ လက်မကိုင်မိနဲ့ ညတွင်းချင်း လှေတစ်စင်း ငှားပြီး ဆင်မကျွန်းဘက်ကမ်း သယ်ရသယ်။ နဂိုကလည်း အားနည်းတဲ့ အခံကြောင့် ရှင်သင်းထုံဆို မသေရုံ ဖျော့ဖျော့ကလေး ရှိတော့သာ။ ဖိုးရွှေလူခမျာမတော့ တစ်လမ်းလုံး သင်းထုံ လက်ကလေးကိုင်ပြီး “ သင်းထုံ သင်းထုံ ” နဲ့ တဖွဖွ ခေါ်နေတော့သာပဲ။ မြို့ပေါ်က ဆရာဝန်ကြီး မစ္စတာ ပီစီဆင်း လက်အပ်ပြီးတော့မှ စိတ်ချသတဲ့။ ”
“ သင်းထုံလည်း အလူးအလဲ ခံရသယ်။ သုံးလလောက် နာလန်မထူနိုင်ဘူး။ သင်းထုံ မကျန်းမာတုန်းမှာ ဖိုးရွှေလူလည်း အရက်ကို အလွန်အကျွံ သောက်တတ်လာသယ်။ ဖိုးရွှေလူခမျာ သင်းထုံ သူ့ကို မချစ်ဘူး ဆိုတာလည်း သိသယ်။ အသက်ရှင်နေသရွေ့ သူ့လက်ထဲမှာ ၀ဋ်ဒုက္ခ တစ်ခုလို သင်းထုံ ခံစားနေရမှာလည်း မကြည့်ရက်ဘူး။ ဒါပေမဲ့ သင်းထုံ သေသွားပြီး သူတစ်ယောက်တည်း အထီးကျန် နေရမှာလည်း သေမလောက် ကြောက်ပြန်သယ်။ဘယ်သူ့ကိုမှ မပြောပေမဲ့ သင်းထုံတူမ ငွေယဉ်ကတော့ ဖိုးရွှေလူ စိတ်ကို သိသယ်။ သူက သင်းထုံကို ပြုစုရင်း ဖိုးရွှေလူကိုလည်း မောင်ကြီးအရင်းလို ဂရုစိုက်သယ်။ ကြာတော့ ဘေးက ဖိုးရွှေလူနဲ့ ငွေယဉ်ကို သမုတ်ကြပြန်သယ်။ ကတုန်းကတိုက်နဲ့ သင်းထုံနား ရောက်အောင် သွားပြောကြသယ်။ သာနဲ့ သင်းထုံက သင်းတို့ကို ကျုပ်ကိုယ်တိုင် ပေးစားမယ်ဆိုတော့ ဖိုးရွှေလူခများ ရှက်လွန်း နာလွန်းလို့တဲ့။ ငွေယဉ်ကလည်း သူ့အရီးကို စိတ်အနာကြီး နာပြီး စကားတစ်လုံးမှ မပြောတော့ဘူး ။ ”
“ ဖိုးရွှေလူလည်း ရှက်စိတ်၊ နာစိတ်နဲ့ ထွက်သွားပြီး အထက်မှာ ဆန်ကုန်ကူးနေသယ်။ ဖိုးရွှေလူ မရှိတော့မှ သင်းထုံဟာ ဖိုးရွှေလူရဲ့ မေတ္တာ စေတနာကို နားလည်လာသယ်။ ဒါပေမဲ့ သူကလည်း မာနကြီးတော့ တောင်းပန်ဖို့ စိတ်မကူးဘူး။ ဖိုးရွှေလူကတော့ သင်းထုံ ဇာတ်ကသရွေ့ ငါ မကဘူးလို့ ကြေညာသွားသယ်။ ”
“ သင်းထုံလည်း မမာပြီးကတည်းက အသံကလည်း မရ၊ ရုပ်ကလည်း ကျလာသယ်။ ဟိုတုန်းကတော့ ဖိုးရွှေလူက ထိန်းပေး ထောက်ပေးတော့ သူ က နိုင်ခဲ့သယ်။ ခုတော့ ဇာတ်ကလည်း အရင်လူတွေ မဟုတ်တော့ဘူး။ စစ်ထဲမှာ သေသူသေ၊ ကွဲသူကွဲကြပြီ။ ဇာတ်ကလည်း ကြုံရာလောက် ဖွဲ့ထားရတဲ့ ဇာတ်။ မင်းသမီးကလည်း အိုနာရွတ်တွေ ဆိုတော့ တောပိုင်းတွေမှာ လွဲလို့ သိပ်မလိုက်ရတော့ဘူး ”
အဘွားအသံမှာ ပြောရင်း တုန်ယင်လာသည်။ တိုးတိုးက မျက်လုံးတွေကို မှိတ်ပြီး တွေးနေသည်။ ဦးလေးထွေး၏ ပတ္တလားသံကို ကြားနေရဆဲ။
“ ဒီလိုနဲ့ သုံးနှစ်လောက် ကြာသွားသယ် ကလေးရယ်။ ငွေယဉ်လည်း သင်းထုံတို့ ဆွေထဲ မျိုးထဲကပဲ သူငယ်တစ်ယောက်နဲ့ အိမ်ထောင်ကျသွားသယ်။ ”
“ အေးလေ၊ လူတွေများ ရှေးရေစက်ဆိုတာလည်း မှန်တာပဲ။ ဘ၀အကျိုးပေးပေါ့အေ။ ကံပေးတော့လည်း ကြံဖန် ပြန်ဆုံကြသယ်။ ”
“ တစ်နေ့တော့ သင်းထုံတို့ ဇာတ်က ကန်တော်ရွာမှာ ကရသယ်။ ဖိုးရွှေလူလည်း အထက်မှာ ကုန်ကူးရင်း ငှက်ဖျားမိလာလို့ သည်ရွာမှာ ဆေးလာကုနေသယ်။ ညနေတိုင်တာနဲ့ တုန်ပြီး တဟီးဟီး အဖျားတက်တော့သာပေါ့။ ဆိုင်းဆံ ဗုံသံ ကြာတော့ အိမ်ရှင် သူ့အရီးကို မေးသတဲ့။ “ အရီး ဒါ ဘယ်သူ့ဇာတ်လဲ လို့၊ ” “ ရော်…မောင့်မယား ရှင်သင်းထုံ ဇာတ်ကပဲ ” ဆိုသာနဲ့ တစ်ခါတည်း အဖျားတတ်လိုက်တာ စောင်ခြုံထဲကကို မထွက်တော့ဘူး တဲ့။ ”
“ ရှင်သင်းထုံကတော့ ဘယ်သိမလဲ။ ပွဲငတ်တုန်းအချိန်၊ သီးနှံပေါ်ချိန်၊ ယမ်းချိန် ဆိုတော့ ရွာနီးချုပ်စပ် ဆီးဖြူပင်၊ ဥသျှစ်ကုန်း၊ ရေလဲ၊ ထူးကြီး၊ မြေနု၊ တညောင်က လှည်းတွေ လှည်းတွေ မနည်းဘူးတဲ့။ တချို့လည်း ဓားပြကြောက်လို့ ပွဲခင်းထဲ လာနေကြသာပေါ့။ အင်မတန်မှ သူခိုး ဓားပြ ထူပြောသဲ့အချိန်။ ယောက်ျားကြီးတိုင်း ဆောင်ဓား ဖြစ်ဖြစ်၊ နှစ်ဖက်ချွန် ဖြစ်ဖြစ် ကိုင်ပြီးမှ လမ်းထွက်ရဲသဲ့ အခါကြီးအေ့။ လ ကလည်း ပြာသိုလကြီး ဆိုတော့ ချမ်းချမ်းစီးစီးနဲ့ လှည်းဝိုင်းကြီးတွေအောက်မှာ မီးဖိုကလေးတွေ ဖိုလို့။ ပရိသတ်ကလဲ အင်မတန် ဇွဲကောင်း။ ရှင်သင်းထုံကလည်း သူ ပိုင်တဲ့ ၀ိဇယဇာတ်ကို က လို့။ က ရင်း က ရင်း ဇာတ်ထဲမှာ ဈာန်ဝင်လာလိုက်တာ မယ်ကုဝဏ် လုပ်ရင်း ပြောလိုက် ဆိုလိုက် ငိုလိုက်သာလေ၊ ပရိသတ်ကို မျက်ရည်ပိုးပိုးပေါက်ပေါက် ကျရော။ ”
“ ရှင်သင်းထုံက က ရင်း ဖိုးရွှေလူကို သတိရသအေ့။ ဘယ်လို က၊ ဘယ်လို ဆိုလို့ ဖိုးရွှေလူက သင်ပေးခဲ့တော့ ငါ မှားလေခြင်းနဲ့ သတိရ၊ အရင်လင် ကိုထင်မှူးနဲ့ သူ့အဖြစ်က ၀ိဇယ မင်းသားနဲ့ ကုဝဏ် အဖြစ်နဲ့ တယ်တူသကိုး။ ၀ိဇယက နန်းသိမ်းပွဲခံပြီး ကုဝဏ်ကို ပြည်နှင်ဒဏ်လည်း ပေးပါလေရော၊ ရှင်သင်းထုံလည်း ကျွမ်းပစ်ပြီး မီးကုန် ယမ်းကုန် ငိုချင်း အကြီးအကျယ် ချတော့သာပဲ…။ ”
“ ပရိသတ်ဆိုတာ အသက်တောင် မရှူဘူး။ တုတ်တုတ်မှ မလှုပ်၊ ငြိမ်လို့။ သည်တွင် ဆိုင်းက ငိုချင်း အတီးကောင်းတုန်း သေနတ်သံတွေနဲ့ ၀ရုန်းသုန်းကား ဖြစ်ကုန်ကြပါလေရော။ ညာသံတွေ၊ ဆူသံတွေ၊ လူသံတွေနဲ့ ဓားပြဗိုလ် ဗိုလ်နက်ကျော် ၀င်စီးတော့သာပါပဲ။ ပွဲခင်းထဲမတော့ ကမ္ဘာပျက်တော့သာပဲပေါ့။ လူချမ်းသာတွေ ပါမှန်းသိတော့ ပွဲခင်းထဲ ၀င်မွှေတော့သာပဲ…။ ”
“ သေနတ်သံတွေ၊ လူသံတွေလည်း ကြားရော စောင်ခြုံထဲက အဖျားသည်လည်း လှစ်ခနဲ ပျောက်သွားပါရော။ ”
“ ဘယ်ကလာ ပုန်းနိုင်အားမှာလဲ။ တစ်ခါတည်း ပွဲခင်းဆီပြေးပြီး သင်းထုံကို လိုက်ရှာတော့သာပဲ။ တွေ့လည်းတွေ့ရော ပခုံးပေါ် စွေ့ခနဲတင်ပြီး အတင်း ထမ်းပြေးတော့သာပဲ။ ရှင်သင်းထုံကလည်း သူ့ကို ဓားပြ ဖမ်းပြီ မှတ်ပြီး ကျုံးအော်သာ။ ဗလာထဘီတွေ ဘာတွေနဲ့ဆိုတော့ လွတ်လွတ်ကျွတ်ကျွတ် မရုန်းနိုင်ဘူး။ ဖိုးရွှေလူက “ ဟဲ့ သင်းထုံ၊ ငါပါဟ ” ဆိုမှ “ ရှင် မောင်ကြီးလား ” ဆိုပြီး ကြောက်လန့်တကြားနဲ့ အတင်း ဖက်တော့သာပဲ။ သာနဲ့ ယာခင်းတွေဖြတ်ပြီး ရွာမြောက်ဘက်က သင်္ချိုင်းရိုးကြီးထဲ သွားပုန်းရကြသယ်။ တစ်ရွာလုံးလည်း ဓားပြတိုက်လို့ ပြောင်သာပဲ။ သင်းထုံတောင် ဓားပြဗိုလ်ကြီးက လိုက်ရှာသေးသတဲ့။ ကံကြီးပေလို့ ”
တိုးတိုးက ငြိမ်နေသည်။ အဘွား အသံမှာ အားတက်သရော မာကျောလာသည်။ တိုးတိုးက ငြိမ်နေရာမှ -
“ ဒါနဲ့ နောက်ဆုံးကျ ဘာဖြစ်သလဲ အဘွား ”
“ နောက်ဆုံး ဟုတ်လား၊ ဘာကလာ ဆုံးရဦးမှာလဲအေ့ ”
အဘွား ပြုံးနေသည်။
(၃)
ကလောင် ကလောင် အသံနှင့်အတူ အိမ်ရှေ့မှာ မြင်းလှည်းတစ်စီး ရပ်လာသည်။ အဘွားက ၀မ်းသာအားရ ထ ထိုင်သည်။
“ ကြားလား၊ ညည်းအဘိုး ပြန်လာပြီ ”
“ ဟေ့ အိပ်ကုန်ကြပြီလား ”
သြဇာကောင်းသော အဘိုး၏ အသံအောအောကြီးကို ကြားလိုက်ရသည်။ တိုးတိုးက အိမ်ပေါ်မှ ပြေးဆင်းသွားသည်။
“ ဟဲ့ မောင်ထွေး မောင်ထွေး၊ မင်း ပတ္တလားကို ရပ်ထားစမ်းပါ။ မင်းအဘ ပြန်လာပြီ ”
အဘွားက အိမ်ထဲသို့ လှမ်းပြောသည်။ သူကိုယ်တိုင် တုတ်တုတ်မျှမလှုပ်။ ဆေးပေါ့လိပ်ကို ဖွာနေသည်။
“ ဟေ့…အိပ်ပြီလား ”
“ မအိပ်သေးဘူး ဘိုးကို စောင့်နေတာ ”
တိုးတိုးက တခစ်ခစ်ရယ်ရင်း ဖြေသည်။ အဘွားက ပျာပျာသလဲ ဖြေရှင်းသည်။
“ အမယ် မဟုတ်ရပေါင်တော်။ နေ့လယ်က လက်ဖက်တစ်ရိုး စားမိလို့ မျက်စိကြောင်နေသာနဲ့ ဆေးလိပ်ဖွာနေသာ။ ဘယ့်နှယ် မောင်ကြီးတို့များ သူများထက် ထူးကိုတော့်၊ ၆ နာရီဆို ၁၀ နာရီမှ ရောက်သယ်။ သောကြာနေ့မို့ မသွားပါနဲ့ ပြောလည်း မရဘူး။ တကတဲမှပဲ ဆိုချင် ဟဲချင်နေလိုက်သာ၊ ဒီအရွယ်ကြီးရောက်နေပြီ ”
ဘိုးက ရယ်နေသည်။
“ တကယ် စိတ်ထက်သန်တဲ့ လူငယ်ကလေးတွေပဲကွယ်။ တစ်ပုဒ်ပြီးတစ်ပုဒ် ကက်ဆက်ကြီး တစ်လုံးနဲ့ အသံသွင်းထားလိုက်ကြသာ မမောနိုင်ဘူးကွ….။ ရှင်သင်းထုံ မလိုက်နိုင်သာပဲ စိတ်မကောင်းကြဘူးတဲ့ဗျား ”
“ အလိုတော် ကျုပ်တို့ခေတ်က ကုန်ခဲ့ပါပြီ။ တော်တို့ လူပျို ကာလသားလေးတွေပဲ ဆိုပါ က ပါတော့။ ကတဲတော် ဆိုင်းသံ ဗုံသံ ကြားရင် ဒူးမြှောက်ရသာနဲ့၊ လက်ဖျောက်တီးရသာနဲ့၊ ပုတီးကိုင်ဖို့အရွယ် ရောက်နေပြီတော့်၊ အဲသာလည်း သတိထားဦး ”
တိုးတိုးက ဘွားဘွားကို အသာ ထူရင်း-
“ ဆူမနေပါနဲ့ ဘွားဘွားရယ်။ ဘိုးဘိုးခမျာ မောလာတာပါ။ အေးအေးဆေးဆေး ထမင်းစားပါစေဦး။ ညနေက ဘွား ဟင်းနွှေးခိုင်းထားတာလေ ”
“ ဆူပါစေဗျာ၊ ဆူပါစေ။ တိုးတိုး ဘွားဘွားက နတ်ပြည်သွားရင် ဘိုးဘိုးက စိတ်ပုတီးကိုင်ရင်း သီချင်းဆို လိုက်မှာပါ။ ဟုတ်တယ် မဟုတ်လား ကလေးရဲ့ ”
တိုးတိုးက ဟက်ဟက်ပက်ပက် ရယ်ဆဲ။ ဘွားဘွားက -
“ သည် မြေးအဘိုးဟာလေ…. ”
ဦးလေးထွေး ယူလာသော ရေနံဆီ မီးခွက်၏ အလင်းတွင် အဘွား၏ ချီပင့်လိုက်သော မျက်စောင်းကို တွေ့ရသည်။ ၀ဲဘက် ပါးပြင်မှာမူ စံပယ်တင်မှဲ့ကြီးတစ်လုံးသည် ထင်းလျက်။
ခင်မြဇင်
ရှုမ၀မဂ္ဂဇင်း၊ ဧပြီလ၊ ၁၉၈၃
No comments:
Post a Comment