Mar 21, 2017

သူခိုး

#သူခိုး               

                                                                    #ရဲသျှမ်း

ညဥ့်နက်သန်းခေါင် အားလုံး အိပ်မောကျနေချိန်မှာ သူခိုးနှင့် ပက်ပင်း တိုးဖူးပါသလား။

ကျွန်တော်ကတော့ ပက်ပင်း တိုးခဲ့ဖူးပါသည်။

လွန်ခဲ့သော နှစ် (၂၅) ခန့်ကပဲ ဖြစ်သည်။

* * *

လွန်ခဲ့သော နှစ် (၂၀) ခန့်က ကျွန်တော်တို့ ဝန်ထမ်းတွေအတွက် ဝန်ထမ်းဆန် တစ်လတစ်ကြိမ် ထုတ်ရတာ ရှိခဲ့သေးသည်။ ပြင်ပမှာ ဆန်တစ်ပြည် ၃၅ ကျပ်ခန့် ဖြစ်ချိန်မှာ ဝန်ထမ်းဆန်က ၁၂ ကျပ်နှင့် ထုတ်ရသည် ဆိုတော့ ဆန်ထုတ်ချိန်ကို ဝန်ထမ်းတိုင်း မျှော်စောင့် ကြရလေသည်။ ထုတ်ဆန်လေးကို ပြန်ရောင်း၊ ဒါမှမဟုတ် ဆန်ကောင်းလေးတွေ ဖြစ်သည့် ငကျွဲ၊ ဧည့်မထ၊ ပေါ်ဆန်းတို့နှင့် ရောချက်၊ ဒါကလည်း ဝန်ထမ်းဆန်ကို ဆန်ကွဲ၊ စပါးလုံး သန့်စင်ပြီး ရောမှ အဆင်ပြေမည်။ နို့မဟုတ် ဆန်ကောင်းလေးပါ အဟောသိကံ ဖြစ်သွားနိုင်သည်။

ကျွန်တော့်ဇနီး ကတော့ ဝန်ထမ်းဆန်ကို အဆင်ပြေအောင် မချက်တတ်။ မပျော့အောင် ချက်တော့ မနပ်၊ နပ်အောင်ချက်တော့ တူး။ ပျော့ တူး မနပ် အေးရင် မာခဲ။ သည်တော့ နည်းပညာ အသစ်ကို ရှာမတွေ့ခိုက်မှာ ထုတ်ဆန် ပြန်ရောင်းလိုက်သည့် နည်းကိုပဲ အသုံးချ ဖြစ်တော့သည်။ ဆန် ၁၂ ပြည်အတွက် အမြတ်အစွန်း ၂၀၀ ကျော်လေးက လစာတစ်ထောင် မပြည့်တတ်သေးသော ကျွန်တော်တို့တွေ အတွက် အတော့်ကို အထောက်အပံ့ ပေးသော ပဏာမမို့ လစဉ် ဆန်ထုတ်ချိန်ကို မျှော်လင့်တတ်မြဲ ဖြစ်ပါသည်။

အဲဒီတုန်းက ကျွန်တော်က ဒုတိယရုံပိုင် အဆင့်ပေမယ့် နှစ်ဆင့်မြင့်ရာထူး ဖြစ်သော အထူးတန်းရုံပိုင် တာဝန်ကို လုပ်ငန်း လိုအပ်ချက်အရ ထမ်းဆောင်ရသည်မို့ လမ်းဆုံဘူတာကြီးတွင် တာဝန်ထမ်းဆောင် ရသည့်အပြင် ဝင်းနှင့် ခြံနှင့် တသီးတသန့် နေထိုင်ရသော မီးရထားအခေါ် ဂျီတိုက်(ပ်)အိမ်တွင် နေခဲ့ရပါသည်။ အိမ်အကျယ်ကြီးမှာ ကျွန်တော်တို့ ဇနီးမောင်နှံသာ ရှိကြသည်မို့ လမ်းဆုံဘူတာကြီး နယ်မြေအတွင်းရှိ ဘူတာငယ်လေးများမှ ဝန်ထမ်းများ ညအိပ်ညနေ လာရောက် ဆန်ထုတ်ရသည့်အခါ ကျွန်တော့်အိမ်က တည်းခိုခန်းနေရာ ဖြစ်သွားတတ်သည်။

တောင်ပေါ်လမ်းပိုင်း ထွန်းထိုးဘူတာလေးမှ ဒုရုံပိုင် ကိုကျော်ဝင်းလှက ကျွန်တော်နှင့် ရုံပိုင်တစ်ပတ်စဉ်တည်း ဖြစ်သည့်အပြင် ညီအရင်း တစ်ယောက်လို ချစ်ခင်ရသည့်အတွက် မိသားစုလိုက် ရင်းနှီးပါသည်။ သူ့ဇနီး မစန္ဒာ၊ သားလေး ဘိုဘိုတို့ကလည်း ကျွန်တော့်နှမ၊ တူသားသဖွယ် ဖြစ်လေသည်။

သည်တုန်းက ဘိုဘိုလေး နှစ်နှစ်သားခန့် ရှိပါဦးမည်။ ကျွန်တော်တို့ လမ်းဆုံဘူတာကြီးသို့ စန္ဒာတို့ သားအမိ ဆန်လာထုတ်စဉ်ကပဲ ဖြစ်ပါသည်။ သူတို့သားအမိ ညနေရထားဖြင့် ရောက်၊ ဆန်ထုတ်ပြီး ဆန် ၁၂ ပြည် အိတ်လေး နောက်တစ်နေ့ မနက် ၅ နာရီထွက်နှင့် ပြန်ယူသွားဖို့ ဘူတာမှာထား၊ သားအမိနှစ်ယောက် အိမ်မှာ ညအိပ် တည်းခိုခဲ့သည်။ ကျွန်တော့်ဇနီးနှင့် မစန္ဒာတို့ သူငယ်ချင်း ညီအစ်မနှစ်ယောက် ည ၁၀ နာရီထိ စကားမပြတ်ကြသေးတာကြောင့် ကျွန်တော်က တားယူ အိပ်ခိုင်းရသည်။ ကျွန်တော်ကလည်း စကားတွေ ပြောနေချင်သေးပေမယ့် ညဂျူတီထွက်နေ့မို့ နှစ်ညပေါင်း တစ်ည အိပ်ရသည့် အနေအထားဖြစ်၍ ငိုက်နေတော့သည်။

မစန္ဒာတို့ သားအမိအတွက် အိမ်ရှေ့ဘုရားခန်းမှာ ပြင်ဆင်ပေးပြီး ကျွန်တော်တို့ ဇနီးမောင်နှံက အိပ်ခန်းအတွင်းမှာ အိပ်စက်ပါသည်။ အိပ်ခန်းတံခါးများကို ညစဉ် စေ့စပ်သေချာစွာ စစ်ဆေးပိတ်တတ်သော ဇနီးသည် သည်ညမှာတော့ ဧည့်သည်နှင့် စကားအမျှင်မပြတ် အာရုံပျက်ပြီး အိမ်တံခါးတွေကို မစစ်ဆေးခဲ့လေသလား။ သူခိုးကတော့ ဝင်လာခဲ့ပါပြီ။

* * *

ချိုးချိုးချွတ်ချွတ် အသံ ကြားလိုက်ရသော်လည်း နှစ်ညပေါင်း အိပ်နေသော ကျွန်တော့် မျက်လုံးများက ဖွင့်မရ။ စန္ဒာတို့ သားအမိ မနက်ရထား စီးမှာမို့ ကိုယ်လက်သုတ်သင်ပြီး အိပ်ခန်းတွင်းရှိ သနပ်ခါးကျောက်ပျဉ်မှာ သနပ်ခါး လိမ်းဖို့ လုပ်နေတာပဲ ဖြစ်မည်ဟု အတွေးများက ထင်ယောင်ဝိုးဝါး ဖြစ်နေသည်။


စန္ဒာလား ... စောသေးတယ် ထင်တယ်”

မျက်လုံး မဖွင့်ပေမယ့် နားကတော့ စွင့်နေမိသည်။ ပြန်ဖြေသံ မကြား။ အားယူ မျက်လုံး ဖွင့်ကြည့်လိုက်တော့ -


မြတ်စွာဘုရား”

နှုတ်မှ ရေရွတ်မိမတတ် တုန်လှုပ်ချောက်ချား သွားပါသည်။ ကာတွန်းတွေထဲကလို အထိတ်တလန့် တစ်ခုကို တွေ့လိုက်ရသည့်အခါ ဆံပင်တွေ ထောင်သွားသလိုမျိုး ကျွန်တော့်ဆံပင်တွေ ထောင်သွားသည်ဟု ထင်သည်။ ဆံပင် ကောက်တိကောက်ကွေးနှင့် ကုလားတစ်ယောက်။ ၅ ဝပ်မီး အလင်းရောင် အောက်မှာ သူက ကျွန်တော့်ကို ကြည့်လျက်။ ကျွန်တော့်ဇနီးကတော့ ဘာမျှ မသိ၊ အိပ်မောကျလျက်။

သူခိုး တစ်ယောက်နှင့် တွေ့လျှင် ဘာလုပ်လိုက်မည်၊ ညာလုပ်လိုက်မည်ဟု ကျွန်တော် ကြိုတင် ပြင်ဆင်ခဲ့ဖူးခြင်းလည်း မရှိ။ ဝုန်းခနဲ သူခိုးကို ဝင်လုံး၊ ရုပ်ရှင်တွေထဲကလို ပယ်ပယ်နယ်နယ် ထိုးရမလား။ ဟာ ... မဟုတ်သေးဘူ။ သူ့မှာ လက်နက်တွေ ဘာတွေ ပါနေၕင် ဘယ်လို လုပ်မလဲ။ ဓားမြှောင်၊ ဒါမှမဟုတ် စကေဘာလိုမျိုး အချွန်နဲ့ ထိုးချလိုက်ရင် အူအထွေးလိုက် ထွက်ကျသွားနိုင်တယ်။ ကျွန်တော် ကြက်သီးထသွားသည် ထင်သည်။


သူခိုး ... သူခိုး” လို့ အသံကုန် အော်လိုက်ရင်ကော ရပ်ကွက်ထဲက ဝိုင်းလိုက်တာနဲ့ မိမလား။ သူခိုးက ကြောက်ပြီး သူနဲ့ အနီးဆုံးမှာ ရှိနေသည့် အိပ်မောကျနေသော ကျွန်တော့်ဇနီးကို ဓားနဲ့ ဆောင့်ထိုးသွားရင် ပိုပြီး ဒုက္ခရောက်သွားမည်။

ကျွန်တော် စက္ကန့်ပိုင်း အတွင်း စဉ်းစားမိသော အကြောင်းခြင်းရာများပင် ဖြစ်ပါသည်။ နောက်ဆုံးတော့ သူခိုးကို ချောင်ပိတ်ထားပြီး မရှိသည့် လက်နက်ဖြင့် ခြိမ်းခြောက် လက်ရဖမ်းဖို့ စိတ်ကူးလိုက်သည်။


ဟာ ... သူခိုး ... သူခိုး၊ ပေးစမ်း မိန်းမ၊ မင်းဘေးက ငှက်ကြီးတောင်ဓား ပေးစမ်း”

ကျွန်တော် အော်တော့ သူခိုးက လှစ်ခနဲ ပြေးထွက်သွားသည်။ ကျွန်တော်လည်း ခုတင်ပေါ်ကနေ ဝုန်းခနဲ ထ၊ ခေါင်းရင်းမှာ ထောင်ထားသော ဝါးရင်းတုတ်ကို ဆွဲပြီး အိမ်ရှေ့ဝင်ပေါက်ဆီ ပြေးပိတ်လိုက်သည်။ သူခိုးက အိမ်နောက်ဖေးဘက် ပြေးသည်။ သင်း ပိတ်မိပြီပေါ့။ ကမူးရှူးဖိုး ကြောက်လန့်တကြား ဝင်ပေါက် ပြန်ပြေးလာတဲ့အခါ အပေါက်ဝကနေ ပိုင်ပိုင်နိုင်နိုင် စောင့်နေသော ကျွန်တော့် ဝါးရင်းတုတ်စာ မိတော့ပေမည်။ တစ်ချက်တည်းနဲ့ အမှောက် နှုပ်ကွပ်လိုက်ရုံပါပဲ။

ကျွန်တော် တွက်ကိန်းမှား သွားပြီ။ နောက်ဖေး၊ ဝင်းထရံဆီက ဝုန်းခနဲ အသံ ကြားလိုက်ရတော့ သူခိုး နောက်ပေါက်ကနေ လစ်ထွက်သွားပြီကို သတိထားမိသွားသည်။ ကျွန်တော် နောက်ဖေးဘက် ပြေးထွက်သွားတော့ တံခါးက ပွင့်လျက်။ သည်လိုဆိုတော့ သူခိုးက နောက်ဘက်က ဝင်လာပြီး နောက်ဘက်ကနေပဲ ပြန်ထွက်သွားတာလား။ အိမ်ရှေ့တံခါးကလည်း ပွင့်လျက်ပဲလေ။ အိမ်ရှေ့ ခွေးကတက်မှာတောင် သူကောင်းသား ဖိနပ် ရှိနေသေးသည်။ သည်လိုဆိုတော့ သူခိုးက အိမ်ရှေ့ဘက်က ဝင်လာပြီး နောက်ဘက်ကနေ ထွက်သွားတာပဲ ဖြစ်မည်။ သူခိုးဆိုတဲ့ ကောင်တွေက ပြေးပေါက်ကို အစကတည်းက ရှာထားပြီးသား ဆိုတာ ကျွန်တော် တွေးမိဖို့ ကောင်းသည်။ အခုတော့ သူခိုးက ပြေးပြီ။ ကျွန်တော် ထိုးကွင်း မထနိုင်သေးပါ။ ရှိမဲ့၊ စုမဲ့ ပစ္စည်းလေးတွေကို စစ်ဆေးဖို့ အိမ်ခန်းထဲ ပြန်ဝင်တော့ ဇနီးသည်က မီးတွေ အကုန် ဖွင့်ထားပြီးပြီ။ စန္ဒာလည်း အိပ်ရာနိုးပြီး အထိတ်တလန့် ဖြစ်၊ သူ့ပစ္စည်းလေးတွေ ပြန်စစ်နေသည်။ ဘိုဘိုလေးကတော့ အိပ်နေဆဲ။


ဟား ... သူခိုးက ကောင်းမယ် ထင်တာလေးတွေ နှိုက်ထားတာကွ”

ဂျင်းသား ဟင်း(န်)ဘက် အိတ်လေးထဲမှာ ကျွန်တော့်ရဲ့ အကောင်းဆုံးလို့ ပြောနိုင်သည့် ချိုင်းပြတ် ဆွယ်တာစိမ်းလေး၊ ပုဆိုးလတ်လတ် နှစ်ထည်၊ စပို့ရှပ် တစ်ထည်၊ ဇနီးသည်၏ လုံချည်လေး တစ်ထည်နှင့် ပဝါ ပန်းနုရောင်လေးတို့ကို ထည့်ထားပြီးပြီ။ ကျွန်တော်တို့ကလည်း' လင်မယား နှစ်ယောက် ပေါင်းမှ သံသေတ္တာ တစ်လုံးသာ ရှိသည်။ ကျန်သည့် ထင်းရှူးသေတ္တာ နှစ်လုံးမှာက စာအုပ်တွေပဲ ရှိသည်။ သည်တော့ သူခိုးက သံသေတ္တာကိုပဲ မွှေနှောက်ဟန် တူသည်။ သူခိုးက တစ်အိမ်လုံးမှာမှ တန်ဖိုးအကြီးဆုံး ဖြစ်သည့် ဆိတ်ငါးကောင် စက်ဘီး အနီလေးကို မက်မောနေဟန် ရှိသည်။ စက်ဘီးကို အိမ်ခန်းထဲ ထည့်၊ သော့ပါ ခတ်ထားလိုက်တာ ကံကောင်းသွားသလား မသိ။ သည်သူခိုး စက်ဘီးသော့ လိုက်ရှာနေတာနှင့် ကြန့်ကြာသွားပုံ ရသည်။


အဲ ... အစ်ကို ခေါင်းရင်းမှာ ချိတ်ထားတဲ့ အစ်ကို့အိတ်လေး မရှိတော့ဘူး”

ဇနီးသည် အလန့်တကြား ပြောတော့ ခုတင်ခေါင်းရင်း မီးခလုတ်ဘေး သံငုတ်မှာ ချိတ်ထားသော သားရေတု အိတ်အညိုလေးကား မရှိတော့။


သွားပါပြီကွာ၊ သင်တန်းကျောင်းကနေ ပို့ထားတဲ့ နက်ခ်တိုင်ဖိုးတွေ အဲသည် အိတ်ထဲ ထည့်ထားတာ လေးထောင်တောင်မှ”

မိတ္ထီလာ ဗဟို ပို့ဆောင် ဆက်သွယ်ရေးကျောင်း ရထားသင်တန်းရဲံ ရုံပိုင်လေး သင်တန်းသားတွေ မှာတဲ့ နက်ခ်တိုင်တွေ လူကြုံဝယ်ပေးဖို့ ကျွန်တော့်ကို ပေးထားတဲ့ ပိုက်ဆံလေးထောင် သူခိုးနောက် ပါသွားလေပြီ။ ကျွန်တော့် ၄ လစာ ပမာဏ။ ကျွန်တော် တော်တော့်ကို တုန်လှုပ်သွားပါတော့သည်။

စောစောပိုင်းက ဘာမှ ပါမသွားဘူး အထင်ဖြင့် သွေးအေးနေရာက ပူထူသွားပြီ။


ကျွန်မ ပိုက်ဆံအိတ်လေးလည်း မရှိတော့ဘူး”

စန္ဒာလည်း ပျာပျာသလဲ ဖြစ်သွားရှာပြီ။


ဟုတ်လား၊ ပိုက်ဆံ များလား”

သုံးရာလောက်တော့ ရှိမယ်၊ ဒုက္ခပါပဲ၊ အခုမှ လဝက်ပဲ ရှိသေးတာ၊ လကုန်ထိ ဘာနဲ့ သွားသုံးရမလဲ”

ငိုမဲ့မဲ့ ဖြစ်နေသော စန္ဒာ့ကိုပဲ ဖျောင်းဖျရမလား၊ တရှိပ်ရှိပ် ငိုနေသော ဇနီးသည်ကိုပဲ နှစ်သိမ့်ရမလား၊ ကျွန်တော်လည်းပဲ ဆောက်တည်ရာမဲ့ စိတ်ညစ်နောက်ကျိ သွားပါသည်။


ကဲ ... စိတ်မကောင်း မဖြစ်ကြနဲ့။ မီးရထား ရဲစခန်း သွားပြီး တိုင်ချက် ဖွင့်မယ်။ စန္ဒာလည်း ဘူတာ မလိုက်နဲ့ဦး၊ ခု သုံးနာရီတောင် မထိုးသေးဘူး။ မီးတွေ ဖွင့်ထား၊ တံခါးတွေ သေသေချာချာ ပြန်ပိတ်”

အိမ်ရှေ့  ကပြင်ရှိ တံဆိပ်ပင် မခွါရသေးသော ကျီးငါးကောင် သားရေဖိနပ်လေးကို ကြွပ်ကြွပ်အိတ်ထဲ ထည့်ပြီး ဘူတာစင်္ကြံရှိ ရဲစခန်းတွင် တိုင်ချက်ဖွင့်ရန် သွားခဲ့သည်။

မီးရထား ရဲစခန်းက အိမ်မှာဖြစ်တာ သူတို့နဲ့ မဆိုင်၊ ဘူတာမှာ ဖြစ်မှသာ သူတို့နှင့် ဆိုင်သည်။ ဒါကြောင့် မြို့နယ်စခန်းမှာ တိုင်ကြားပါဟု ဆိုသည်။ ကျွန်တော် ဖိနပ်အိတ်လေး ဆွဲလျက် အိမ်သို့သာ ပြန်လာခဲ့ရတော့သည်။

* * *

မိုးစင်စင်လင်းပြီး နံနက် ၈ နာဂီလောက်မှာတော့ ကံကောင်းထောက်မစွာ ကျန်ရစ်ခဲ့သည့် စက်ဘီးကလေး၏ ရှေ့ခြင်းထဲ ဖိနပ်အိတ်ကလေး ထည့်လျက် ရဲစခန်းဆီ နင်းသွားခဲ့သည်။ တိုင်ချက် လက်ခံပေးမည့် ဂါတ်စာရေးကြီး လက်ဖက်ရည်ဆိုင် သွားသည် ဆို၍ လက်ဖက်ရည်ဆိုင် လိုက်ရပြန်သည်။

ပဲပလာတာ၊ လက်ဖက်ရည်တို့နှင့် ငြိမ့်နေသော ဂါတ်စာရေးကြီးနားသွဦး ရိုကျုးစွာ ရှင်းပြတော့ ခေါင်းတညိတ်ညိတ်နှင့် နားထောင်သည်။ အသင့် ရေးယူလာသော တိုင်ချက်ကို ဖတ်သည်။ ဖိနပ်ကို ထုတ်ပြခိုင်းသည်။


ဖိနပ်က အသစ်ပဲဗျ။ ထားခဲ့ဗျာ၊ သူခိုးဖမ်းဖို့ သဲလွန်စပေါ့၊ ကိစ္စထူးရှိရင် အကြောင်းကြားလိုက်မယ်လေ။ ဟေ့ ... ဟေ့ ... နံပြားထောပတ်သုတ် သုံးပွဲနဲ့ လက်ဖက်ရည်ရှယ် နှစ်ခွက် ပါဆယ် လုပ်ကွာ”

ဂါတ်စာရေးကြီးက ကျွန်တော့်ကို ပြောရာကနေ စားပွဲထိုးလေးကို လှမ်းမှာသည်။ သဘောပေါက် ဆိုသည်ကို ကျွန်တော် သဘောပေါက်လိုက်ပါသည်။ လိုလိုမည်မည် ယူသွား ဆိုပြီး ဇနီးသည် ထည့်ပေးလိုက်သည့် ၅၀ ကျပ်တန်လေး လက်ဖက်ရည်ဆိုင် ကောင်တာဆီ ပို့လိုက်ရသည်။ ရွှေတစ်မတ်သား တန်ဖိုးရှိ ငွေလေးထောင်ကျပ် ပြန်ရဖို့ သည်လောက်တော့ ရင်းရမှာပေါ့လေဟု ကျွန်တော် ဖြေတွေး တွေးခဲ့မိပါသည်။

သူခိုးနောက် ပါသွားသော နက်ခ်တိုင်ဖိုး ငွေလေးထောင်ကျပ်ကို ကျွန်တော့် ပိုင်ဆိုင်မှုထဲမှာ အဖိုးတန်ဆုံး ဖြစ်သော (စာအုပ်များ မပါ) စက်ဘီးကလေး ရောင်းချခြင်းဖြင့် ဖြေရှင်းလိုက် နိုင်ပါသည်။

သူခိုးနှင့် ဆုံတွေ့ခဲ့ရသော အကြောင်းကို မိတ်ဆွေ၊ သူငယ်ချင်းများအား ပြောပြတော့ ကျွန်တော့် ဆုံးရှုံးမှုကို သူတို့ တွက်ပြကြသည်။

ငွေသား ၄၃၅၀ ကျပ် (မစန္ဒာ၏ ပိုက်ဆံ အပါအဝင်) ပစ္စည်းအားဖြင့် (၁) အိတ်အညို၊ (၂) ဖိနပ်အသစ် တစ်ရန်ဟု အခိုင်အမာ ဆိုနေပါတော့သည်။

* * *

ညဥ့်နက်သန်းခေါင် အားလုံး အိပ်မောကျချိန်မှာ သူခိုးနှင့် ပက်ပင်း တိုးဖူးပါသလား။

ကျွန်တော်ကတော့ ညဥ့်နက်မှာရော၊ နံနက် လင်းအားကြီးချိန်မှာရော ပင်ပင်း တိုးခဲ့ဖူးပါသည်။

လွန်ခဲ့သော ၂၅ နှစ်ခန့်ကပဲ ဖြစ်ပါသည်။

                                                                #ရဲသျှမ်း

မြင်းမိုရ်ပြိုချိန် ပင်လယ်ခန်းချိန် အလွမ်းရထား ဝတ္ထုတိုများ (၂၀၁၅)

No comments:

Post a Comment