“ မအေးကြွယ် ထီပေါက်ခြင်း ”
“ မအေးကြွယ်တို့ လင်မယား ထီသိန်းတစ်ရာ ပေါက်လို့တဲ့ ”
လောလောဆယ် ဟောဒီရေပြာအိုင်ရပ်ကွက်လေးထဲမှာ ရေပန်းအစားဆုံး သတင်းပေါ့။ ဟိုနားစုစုဆိုလည်း ဒီအကြောင်း၊ ဒီနားစုစုဆိုလည်း ဒီအကြောင်းပဲ။ အဲဒီလို စိတ်ဝင်စားကြသူတွေထဲမှာ တခြားသူတွေထက် ပိုတာက မမေစီနဲ့ တင်တင်မာပဲ။ ပိုဆို မအေးကြွယ်ဆိုတာကလည်း သူတို့နှစ်အိမ်အတွက် အ၀တ်လျှော်သည်အဖြစ်ငှားထားတဲ့ အမျိုးသမီးကိုး။ ပြောရရင် ဒီရပ်ကွက်က လက်လုပ်လက်စား လူတန်းစားတွေများတဲ့အတွက် သိန်းတစ်ရာဆိုတဲ့ ပမာဏက စိတ်ကူးယဉ်ချင်စရာ ဖြစ်နေတာတော့ အမှန်ပဲ။ ယောက်ျားတွေက ကျောက်ပွဲစားတွေ လုပ်မယ်။ ဖက်စပ်တွင်းသား ၀င်လုပ်ကြတာတွေရှိမယ်။ ဈေးသည်တွေရှိမယ်။ တချို့က ဆိုင်ကယ်တက္ကစီမောင်းတယ်။ မိန်းမတွေကတော့ ကျောက်အရောင်းအ၀ယ် လုပ်တတ်တဲ့သူလုပ်။ အိမ်ဆိုင်လေးဖွင့်သူကဖွင့်။ ယောက်ျားလုပ်စာကို ထိုင်စားပြီး အိမ်ရှင်မ သက်သက်ဘ၀နဲ့ နေသူလည်းနေပေါ့။
စောစောကပြောတဲ့ မမေစီနဲ့ တင်တင်မာတို့ကတော့ နောက်ဆုံးအုပ်စုထဲမှာ ပါတယ်ပြောရမယ်။
မမေစီယောက်ျား ကိုသိန်းက လောလောဆယ်မှာ ဆိုင်ကယ်တက္ကစီမောင်းသမား။ ၀င်ငွေမဆိုးလှပေမယ့် ကလေးကငါးယောက်တောင်ဆိုတော့ ဒီလိုပဲ လုံးလည်ချာလည်ပေါ့။ မမေစီကတော့ ကလေးတစ်ယောက်မွေးပြီးရင် သူ့ယောက်ျားကို ငွေရင်း နည်းနည်းပါးပါးရှာခိုင်းပြီး ကျောက်အရောင်းအ၀ယ်လေး ထလုပ်ကြည့်လိုက်။ ထီးဖြူဖိနပ်မပါးခင် ရှိတဲ့အရင်းလေး ပြုတ်သွားလိုက်။ ကျောက်လောကဆိုတာမျိုးက အခြေအနေက အချိန်နဲ့အမျှ ပြောင်းလဲနေတာ။ ဒီတော့ ကိုယ်က အမြဲဝင်ဆံ့ချင်ရင် အမြဲမျက်ခြည်မပြတ် စောင့်ကြည့်လေ့လာနိုင်လွန်းမှ တော်ကာကျတာ။ သူက တစ်နှစ်လောက်ထွက်လိုက်၊ ကလေးကိုယ်ဝန်ရင့်လာချိန်နဲ့ မီးဖွားချိန် ပြန်နားနေလိုက်၊ ကလေးမူကြိုပို့နိုင်တဲ့အရွယ်မှ တစ်ခေါက်ပြန်ထွက်တော့ ကျောက်ဈေးကွက်က သူနဲ့ ဝေးသွားပြီ။ အသားကျအောင် ပြန်လေ့လာနေရတုန်း နောက်တစ်ဗိုက်က ရောက်လာပြန်ရော။ “ အခုလို ခေတ်အခါကြီးမှာကလေး ဘာလို့ အများကြီးယူကြတာတုံး ” လို့ ယောင်လို့များ သွားမပြောမိစေနဲ့။ “ ကိုယ့်ဟာကိုယ် ကျွေးနိုင်မွေးနိုင်လို့မွေးတာ….ခင်ဗျားတို့ခေါင်းပေါ် တင်ထားရလို့လား ” လို့ လင်မယားနှစ်ယောက် တက်ညီ လက်ညီ ဘုတောလွှတ်တာခံရပြီသာမှတ်။ ဒီတော့ ဆယ့်နှစ်ရာသီကလေးတစ်သိုက်နဲ့ အလုပ်ရှုပ်နေတဲ့ မမေစီက အ၀တ်လျှော်ဖို့ရာ မအေးကြွယ်ကို လခပေးပြီး ခေါ်ထားရတယ်။
တင်တင်မာကျတော့ မမေစီလို ကလေးတစ်သိုက်နဲ့ ကလီလင်တဖြစ်လို့ အ၀တ်လျှော်သည်ကို ငှားထားတာမဟုတ်ဘူး။ သူက ပင်ကိုက သူဌေးသမီး။ တချို့ကလည်း အထည်ကြီးပျက်လို့ ကွယ်ရာမှာ ပြောကြတယ်။ ခေတ်အခါကောင်းစဉ်ကာလက သူ့အဖေက ကျောက်သွေးဆရာလောကမှာ နာမည်ကြီး ဆရာတစ်ဆူပေါ့။ တစ်မြို့လုံးမှာရှိတဲ့ သွေးစရာ ကျောက်ကြီးကျောက်ကောင်း အတော်များများ တင်တင်မာ့အဖေဆီ ရောက်လာတတ်တယ်။ ဒီတော့ ကားမစီးနိုင်တာကလွဲလို့ သူတို့မိသားစု အိုးအိမ်ကောင်းကောင်းနဲ့ နေနိုင်စားနိုင် သုံးဖြုန်းနိုင်ခဲ့တာပေါ့။ ကိုကျော်တိုးက တင်တင်မာ့ အဖေရဲ့ တပည့်တပန်းများစွာထဲက တစ်ယောက်ပေါ့။ အဲဒီမှာ အိုးချင်းထားအိုးချင်းထိပြီး၊ ကြိုးချင်းထား ကြိုးချင်းငြိကုန်တော့တာပဲ။ ကိုကျော်တိုးတို့က သအမိနှစ်ယောက်တည်း။ မုဆိုးမသားအမိဆိုတော့ ဒီလိုပဲ ရရစားစားပေါ့ အဲဒီအချိန်မှာ တင်တင်မာက ဆယ်တန်း နှစ်ခါကျပြီး စာမေးပွဲ ထပ်ဖြေရနိုး၊ ကျောက်ပညာပဲ သင်ရနိုးနဲ့ ယောင်ချာချာဖြစ်နေတာ။ သူတို့ခိုးပြေးပြီးလို့ အတော်ကြာတဲ့အထိ တင်တင်မာ့ မိဘတွေဘက်က အသိအမှတ်မပြုဘူး။ ကိုကျော်တိုးတစ်ယောက်က ယောက်ျားမာနရှိတယ်။ သူနဲ့မတူမတန်ဘူး အပြောခံရတာ နာတယ်။ ဒီတော့ သူများထက် ပိုကြိုးစားတယ်။ နေ့ခင်းဘက်မှာ အလုပ်အပ်တဲ့ သူရှိရင် ရှိသလို ကျေက်သွေး။ မရှိရင် ကျောက်ပွဲစားလေးဘာလေးလုပ်။ တောင်ပေါ်တက်ပြီး ခဲစာထုတဲ့အလုပ် ၀င်လုပ်ရင်လုပ်တာပဲ။ တင်တင်မာကိုလည်း အိမ်မှုကိစ္စကလွဲပြီး ဘာမှမလုပ်စေရဘူး။ အိမ်မှုကိစ္စတောင် သူရှိရင် သူ့ဘာသာ ၀င်လုပ်သေးတာ။ သဘောကတော့ “ သူများသားသမီးကို ယူထားပြီး ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် ထားနိုင်တယ် ” ဆိုတာ ပြချင်တာပေါ့။ နောက်တော့ သူ့အမေဆုံးတယ်။ ဆုံးပြီး သိပ်မကြာဘူး သူတို့အိမ်ပုလေးကို နှစ်ထပ်မြှင့်ဆောက်လိုက်တယ်။ ဆိုင်ကယ်တစ်ပတ်ရစ်လေးတစ်စီး အချောင်ဈေးနဲ့ ရလိုက်တယ်။ သူကတော့ “ အမေမဆုံးခင် အမေ အိုစာမင်းစာထားထားတဲ့ အတွင်းပစ္စည်း နည်းနည်းပါးပါး ကျန်ခဲ့တာ ” လို့ ပြောပေမယ့် သူနဲ့ တောင်ပေါ်မှာ ခဲစာအတူလိုက်ထုတဲ့ အဖော်တွေကတော့ ကွယ်ရာမှာ လက်ခါပြကြတယ်။ “ ဘေးက စောင့်ကြည့်နေတဲ့ အင်ချပ်တွေအလစ်မှာ ကျောက်ကိုပါးစပ်ထဲ ကောင်ငုံလိုက်တာနေမှာ ” လို့ပြောကြပေမယ့် ဘယ်သူမှတော့ အတိအကျ မသိတာ အမှန်ပါပဲ။ ဘယ်လိုနည်းနဲ့ပဲ ရလာရလာ သူတို့လင်မယား အိမ်တစ်ဆောင်မီးတစ်ပြောင်လေးနဲ့ နေနိုင်လာတာတော့ အားလုံး မြင်နေကြရတယ်။ တင်တင်မာက အ၀တ်လျှော်ဖို့ မအေးကြွယ်ကို ငှားထားလိုက်တယ်။ ပြောရရင် ဒီတစ်လမ်းလုံးမှာ ငွေထွက်ရှာစရာ မလိုဘဲ ယောက်ျားလုပ်စာကို ဇိမ်နဲ့ ထိုင်စားနေနိုင်တဲ့အပြင် အ၀တ်လျှော်သည်ကိုပါ ခေါ်ထားနိုင်တာဆိုလို့ သူတို့နှစ်အိမ်ပဲရှိတော့ သူတော်ချင်းချင်း သတင်းလွေ့ဆိုသလို မမေစီနဲ့ တင်တင်မာက အဖွဲ့ကျတယ်။ အိမ်ချင်းသုံးအိမ်ကျော်လောက် ခြားနေပေမယ့် နေ့ခင်းနေ့လည်ပျင်းရင် သူ့အိမ်ဘက်ကိုယ်ကူးသွားလိုက် ကိုယ့်အိမ်ဘက် သူကူးလာလိုက်။ ရုပ်ရှင်သွားလည်း အတူ၊ ဈေးသွားလည်း အတူတူ။ အရွယ်ချင်းကလည်း မတိမ်းမယိမ်း၊ ယောက်ျားတွေရဲ့ ၀င်ငွေချင်းကလည်း သူမသာကိုယ်မသာဆိုတော့ သူပိုသုံးနုင်တယ်၊ ကိုယ် ပိုဖြုန်းနိုင်တယ် ဆိုတာမျိုးလည်း မရှိဘူးလေ။ တစ်ယောက်နဲ့တစ်ယောက် ခေါ်တာတောင်မှ ‘ မာရေ၊ စီရေ ’ တဲ့။ အရေးရယ်အကြောင်းရယ်ဆို နေ့လည်နေ့ခင်း သူတို့နှစ်ယောက်ပဲ အိမ်ကပ်သူရှိလို့ အဖော်ရတာလည်း ပါတာပေါ့။
သူတို့ခေါ်ထားတဲ့ မအေးကြွယ်ဆိုတာကလည်း အ၀တ်လျှော်စားတဲ့သူ လုံးလုံးတော့မဟုတ်ပါဘူး။ အရပ်ထဲ သာရေးနာရေးရှိရင် ကြုံရင် ကြုံသလို အိုးခွက်ပန်းကန်ဆေး အငှားလိုက်တယ်။ ခင်မင်ရင်းနှီးတဲ့ ဈေးသည်တချို့ အောက်အရပ်ကနေ ငါးပိ ငါးခြောက်တွေ သယ်လာရင် သူက ဖောက်သည်ဈေးနဲ့ယူပြီး ခြင်းတောင်းဆွဲပြီး တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်ရောင်းတော့တာပဲ။ ကိုက်တဲ့အခါလည်း ကိုက်၊ အကြွေးကျပြီး မကိုက်တဲ့အခါလည်း မကိုက်ဘူးပေါ့။ တစ်ခါတစ်လေလည်း ရပ်ကွက်ထဲက အ၀တ်ဟောင်းအ၀တ်ကျတွေ ခေတ်မစားတော့တဲ့အင်္ကျီတွေ ဈေးပေါပေါနဲ့ ၀ယ်သွားပြီး မြို့ကလေးအနီးအနားက တောရွာငယ်လေးတွေမှာ လက်ဖက်ခြောက်နဲ့ သွားလဲ။ လက်ဖက်ခြောက်ကို မြို့ကလေးမှာ ပြန်လာရောင်း၊ အလုပ်ကတော့ အတော်စုံတယ်။ အလုပ်စုံတိုင်းသာ ချမ်းသာမယ်ဆိုရင် မအေးကြွယ်တို့ ချမ်းသာရောပေါ့။ သူ့ယောက်ျားကတော့ တောင်ပေါ်ဖက်စပ်မှာပဲတွင်းသား ၀င်လုပ်နေတာ များတယ်။ လပြည့်လကွယ် ဆယ့်ငါးရက်တစ်ကြိမ်လောက်ပဲ အိမ်ပြန်အိပ်နိုင်တယ်။ သားလေးနှစ်ယောက်မွေးထားတယ်။ အကြီးကောင်က ငါးတန်း၊ အငယ်ကောင်က သုံးတန်း။ အလုပ်လုပ်နိုင်သလောက် ပြေလည်သလားဆိုတော့လည်း ကြည့်လိုက်တိုင်း ဟိုချေး ဒီငှားနဲက အမြဲတမ်း ဖတ်သီဖတ်သီ မောနေရှာတာချည်းပဲ။ တင်တင်မာနဲ့ မမေစီကလည်း မအေးကြွယ်ကို တတ်နိုင်သမျှတော့ ပေးကြကမ်းကြရှာပါတယ်။ မအေးကြွယ်ကလည်း အလိုက်သိလွန်းတာကိုး။ ငှားထားတာက အ၀တ်လျှော်ဆိုပေမယ့် စားပြီးသားပန်းကန်တွေ ပုံနေတာတွေ့ရင်လည်း တွက်ကတ်မနေဘဲ တစ်လက်စတည်း ကောက်ဆေးပေးသွားလိုက်တာပဲ။ “ ဘုရားပန်းအိုး လဲပေးသွားပါဦး မအေးကြွယ် ” ဆိုလည်း မငြင်းဘူး။ အလုပ်မှာလည်း မခိုကတ်ဘူး။ အ၀တ်လျှော်တာများ ပြောင်စင်လွန်းလို့ အ၀တ်သိပ်သစ်တာတွေဆို မထည့်ရဲဘူး။ မြန်မြန်ဟောင်းလွယ်သွားလို့လေ။ အချိန်မှန်မှန်လာတယ်။ ပါးစပ်က “ အစ်မ ဘာလျှော်မလဲ ” မေးမနေဘူး။ ကြိုးတန်းပေါ်တင်ထားသမျှ အ၀တ်တွေ ဆွဲချပြီး အနံ့နမ်းကြည့်၊ ပေမပေအင်္ကျီကော်လံ မ,ထောင်ကြည့်ပြီး လျှော်စရာရှိတာ လျှော်၊ ခေါက်စရာရှိတာ ခေါက်သိမ်းပေးသွားတယ်။ ပေးရတဲ့လခကတောင် နည်းနေသေးတယ်။ တစ်ရက်မှ နှစ်ရာလောက်ကျတာလေ။ လျှော်ရတာက ကလေးချေးဝတ်ကနေ ထဘီအဆုံး နေပူမရှောင် မိုးရွာမရှောင် ချမ်းချမ်းအေးအေးလည်း လာပေးရတာပဲ။ မအေးကြွယ်ကလည်း “ သူများဆီက တစ်ကျပ်ရရင် ကျွန်မက နှစ်ကျပ်ဖိုး ပြန်လုပ်ပေးရမှ တာဝန်ကျေတယ် ထင်တာ ” ဆိုတဲ့ လူစားမျိုးဆိုတော့ ခမျာ ပိုပင်ပန်းတာပေါ့။ ဘာလုပ်လုပ် ကိုယ့်အလုပ်လို စေတနာရှေ့တန်းတင်ပြီး လုပ်ပေးတတ်တယ်။ အရပ်ထဲမှာ ကိစ္စ၀ိစ္စရှိလို့ အိုးခွက်ပန်းကန်ဆေး အငှားလိုက်ရရင်လည်း တာဝန်ကျေရုံ မဆေးဘူး။ ကူလုပ်ပေးနိုင်သမျှ ဆိုင်ဆိုင်မဆိုင်ဆိုင် ၀င်ကူပေးတန်ပေး၊ အားလုံးပြန်ပြီး နောက်ဆုံးမှ ပြန်တာ။ ခုတော့ ဒီစေတနာတွေက ခုဘ၀ ခုချက်ချင်း အကျိုးပေးပြီ ထင်ပါရဲ့။ ထီသိန်းတစ်ရာဆု ပေါက်တယ်တဲ့။ ဒါကလည်း သူကိုယ်တိုင် ဆိုင်အထိသွားပြီင်္း စိတ်လိုလက်ရ သွားထိုးတာ မဟုတ်ဘူး။ သူတို့လင်မယားနဲက ခင်နေတဲ့ လက်တွန်းလှည်းသမား ထီသည်ကောင်လေးက “ ဒီတစ်စောင်တည်း ကျန်တော့တာ….အစ်မ ယူလိုက်ပါလား ” ဆိုပြီး လမ်းကြုံလို့ ရောင်းပေးသွားတာကို လကုန်မှပေးမယ်ဆိုပြီး အားနာလို့ ယူထားလိုက်တာ။ ထီထိုးပြီးတော့လည်း မေ့မေ့ပျောက်ပျောက်ပါပဲ။ ဘာအက္ခရာနဲ့စပြီး ဘာနံပါတ်နဲ့ စမှန်းဆုံးမှန်းတောင် သေချာမှတ်မထားမိဘူးတဲ့။ ထီရောင်းတဲ့ ကောင်လေးက ၀မ်းသာအားရနဲ့ လာအသိပေးမှ ပေါက်မှန်းသိပြီး အံ့အားသင့်နေကြတာ။
အခုခေတ်မှာ သိန်းတစ်ရာဆိုတာ ရှုးချင်လောက်အောင်များလှတဲ့ငွေလို့ မဆိုသာပေမယ့် မနက်စာပြီးရင် ညစာအတွက်ပူပန်နေရတဲ့ သူတို့ဘ၀အတွက်တော့ တကယ့်ကို ဘုရားပေးတဲ့လက်ဆောင်ပါပဲ။ သတင်းကြားကြားချင်း လင်မယားနှစ်ယောက် ငိုကြတယ်တဲ့။ ဟုတ်တာပေါ့။ နေရတာက သူများခြံနောက်က တဲပုတ် တဲစုတ်။ လုပ်စားကိုင်စားရတာကလည်း ပင်ပန်းဆင်းရဲ။ ဒီအခြေအနေမျိုးအတွက် သိန်းတစ်ရာဆိုတာ တော်တော်ကြီးကျယ်တဲ့ အိပ်မက်တစ်ခုပဲ မဟုတ်လား။ လူတွေကလည်း တစ်ယောက်တစ်ပေါက်နဲ့ ၀ိုင်းဝန်းစိတ်ကူးပေးကြတယ်။ “ အိုးအိမ်လေးရအောင် ၀ယ်ထားသင့်တယ် ” လို့ ပြောသူက ပြော၊ “ ကံပေးတုန်း ရလာတဲ့ငွေလေးကို တိုးပွားမယ့် အလုပ်တစ်ခုခု အခြေချလုပ်ကြည့်သင့်တယ် ” လို့ အကြံပေးသူကပေးပေါ့။
ပြောမယ့်သာ ပြောနေကြတာ။
ကာယကံရှင် မအေးကြွယ်တို့ လင်မယားကတော့ ထီပေါက်သံကြားပြီးကတည်းက မျက်နှာတောင် မမြင်လိုက်ရဘူး။ သားနှစ်ယောက်ကို ရှင်ပြုပေးမယ်ဆိုပြီး ရွာပြန်သွားကြတာပဲ။ အရပ်ထဲမှာသာ အဲဒီသတင်းနဲ့ပတ်သက်ပြီး နောက်ဆက်တွဲ ဂယက်ထပြီး ကျန်ရစ်ခဲ့တာလေ။ တင်တင်မာနဲ့ မမေစီကြားက ဂယက်က သူများတွေထက် ပိုကြီးတယ်လို့ပြောရမယ်။ မအေးကြွယ်က အ၀တ်ပြန်လာလျှော်မယ်၊ မလျှော်ဘူး ဘာမှမပြောဘဲ သွားခဲ့တာ။ ကြိုတင်ထုတ်ယူထားတဲ့ မဖြစ်စလောက် လခလေး ဆုံးမှာပူလို့ မဟုတ်ပါဘူး။ ကိုယ်တွေအတွက်လည်း ထူးပြီး နစ်နာစရာမဟုတ်ပါဘူး။ ပေးရတဲ့လခထက်စာရင် မအေးကြွယ်ရဲ့ လုပ်အားက ပိုတောင် ပိုခဲ့ပါသေးတယ်။ ဂယက်က ဒီလိုပါ။ အမှန်အတိုင်းပြောရရင် မအေးကြွယ်ထီင်္ပေါက်တဲ့သတင်း ကြားကြားချင်းတော့ မမေစီကော တင်တင်မာပါ ရုတ်တရက် ၀မ်းသာပေးမိကြတာပါပဲ။ ဒါပေမယ့် နောက်တော့ တစ်မျိုးဖြစ်လာတယ်။ ပုထုဇဉ်သဘာဝပဲ ခေါ်မလား။ ကိုယ့်ထက်နိမ့်ပါးပြီး အထက်စီးကနေ တစ်လျှောက်လုံး ပေးဟယ်ကမ်းဟယ် ပြုစုစောင့်ရှောက်ဟယ် လုပ်လာရတဲ့သူက မထင်မှတ်ဘဲ နေ့ချင်းညချင်းကိုယ်က ပြန်မော့ကြည့်ရမယ့် အဆင့်ရောက်သွားတာ တစ်မျိုးတော့ တစ်မျိုးကြီးပါပဲ။ တစ်ခါတစ်လေဆို “ မရိုမသေ မအေးကြွယ်ရယ်…ကျွန်မ မအားလို့ ဒါလေးပါ တစ်လက်စတည်း လျှော်ပေးလိုက်တော့နော် ” ဆိုပြီး ထဘီတွေ ဘာတွေ လျှော်ခိုင်းတာမျိုးတွေအထိ ရှိခဲ့ကြတာကိုး။ အခကြေးငွေနဲ့ ခေါ်ထားလို့သာ ခိုင်းလိုက်တာ။ အလုပ်ရှင်အနေနဲ့ “ အစ်မ ” လို့သာည မအေးကြွယ်က ခေါ်တာ။ တကယ့် တကယ်ကျတော့ မအေးကြွယ်က သူတို့နှစ်ယောက်လုံးထက် နှစ်နှစ်၊ သုံးနှစ်လောက် ကြီးတာပါ။ ဆက်မစားချင်လို့ ပိုတဲ့စားကြွင်းစားကျန်တွေကို “ ရော့ မအေးကြွယ်တို့ သားအမိအတွက် ဟင်းတစ်နပ်ရတာပေါ့ ” ဆိုပြီး သိမ်းကျုံးစုထုပ်ထည့်ပေးဖူးတာလည်းခဏခဏပဲ။ တချို့ဟင်းတွေဆို သွန်ပစ်ရမှာ နှမြောလို့သာ။ နည်းနည်းသိုးချင်နေပြီ။ မအေးကြွယ်ကတော့ ကောင်း၏ဆိုး၏ မပြောရှာပါဘူး။ ရှေ့မှာမပြောသလို ကွယ်ရာမှာလည်း မပြောဘူး။ “ ကျေးဇူးပဲ အစ်မ ” ဆိုတာချည်းပဲ။ ကွယ်ရာရောက်မှ သွန်ပစ်ရင်တော့ မသိဘူးပေါ့လေ။အဲဒီစေတနာတွေက အခု ပြန်တွေးကြည့်တော့ မျက်နှာပူသလိုလိုဖြစ်ကြရတယ်။ ဘာပဲပြောပြော အခုအချိန်မှာ မအေးကြွယ်က ကိုယ်တွေထက် အခြေအနေမြင့်သွားပြီ။ ကိုယ်တွေရဲ့ လက်ရှိပိုင်ဆိုင်မှု အားလုံးပေါင်းရင်တောင် မအေးကြွယ်နဲ့ မနည်းယှဉ်ရမှာ။
ပြောရရင်တော့ ပြန်လာမယ့် မအေးကြွယ်ကို ဆက်ဆံပြောဆိုရမယ့်အပိုင်း နည်းနည်းခက်သလို ရှိနေတာပေါ့။
တင်တင်မာက အဖော်ရမလားဆိုပြီး အဲဒီလိုပြောမိတာကို မမေစီက “ ဟင် မာက အဲဒီလို လုပ်ဖူးလို့လား ” လို့ ပြန်မေးတော့ တင်တင်မာတောင် ရုတ်တရက် ကြောင်သွားတယ်။ သဘောက မမေစီကတော့ မအေးကြွယ်အပေါ်မှာ အဲဒီလို မဆက်ဆံခဲ့ဖူးဘူး ပေါ့လေ။ အကြောင်းသိချင်းကို အမှတ်ပိုယူချင်တဲ့ မမေစီကို တင်တင်မာ စိတ်ထဲ ချဉ်သွားတယ်။ နဂို ခပ်စွာစွာ တင်တင်မာလည်း ဘယ်ခေါင်းငုံ့ခံပါ့မလဲ။ “ ဒါပေမယ့် ဟင်းအသိုး…..ထမင်းအသိုးတွေပေးပြီး မတန်တဆခိုင်းတဲ့ အိမ်မျိုးထက်စာရင် ထဘီလျှော်ခိုင်းမိတာထက်စာရင် တော်သေးတာပေါ့ ” သာသာနဲ့ နာနာ ပြန်နှက်ပစ်လိုက်တော့ နဂို အသားဖြူတဲ့ မမေစီမျက်နှာကြီး ရဲခနဲပဲ။ သူက ကလေးများတော့ လျှော်စရာအ၀တ်တွေက သူများအိမ်ထက် နှစ်ဆလောက် ပိုများနေတတ်တယ်။ တခြားအိမ်တွေကို တစ်ရက်ခြားစီလျှော်ရင် အဆင်ပြေပေမယ့် မမေစီအိမ်ကျတော့ နေ့တိုင်း လျှော်ပေးနိုင်မှ တော်ကာကျတယ်။ ကလေးများတော့ အိမ်အလုပ်လည်း မနိုင်ဘူး။ ဒီတော့ “ မအေးကြွယ်ရေ…..ပန်းကန်လေးဆေးသွားပေးပါဦး….တစ်လက်စတည်း ဈေးပြေးပြီး ကြက်သွန်နီ အစိတ်သားလောက်ဝယ်ပေးပါဦး ” နဲ့ အဆစ်ခိုင်းသန်မိခဲ့တာတွေ ရှိတယ်။ လူဆိုတာမျိုးကလည်း ကိုယ်လုပ်တာ မမှန်မှန်း သိရင်တောင် သူများက “ မှားတယ် ” လို့ ထောက်ပြလာရင် ကြည်ကြည်ဖြူဖြူ လက်ခံမိတာအရှားသား မဟုတ်လား။ သူလည်း ကိုယ်နဲ့ ဘာထူးလို့တုံး။ မအေးကြွယ် နိမ့်ပါးစဉ်က အတူတူ တက်ညီလက်ညီ ခိုင်းခဲ့ကြပြီး အခုမှ ကိုယ့်ထက်ကျောပြီး ခပ်တည်တည်နဲ့ သူတော်ကောင်းနေရာယူချင်လို့ ရမလား။ ပြန်ပြောရင်လည်း သူစွပ်စွဲတဲ့သူဟာ ကိုယ်ဖြစ်ကြောင်း ၀န်ခံလိုက်သလို ဖြစ်သွားမှာလေ အဲဒီနောက်တော့ နှစ်ယောက်သား ခပ်တန်းတန်း ဖြစ်သွားတယ်။ ဟက်ဟက်ပက်ပက် သိပ်မရှိကြတော့သလို တစ်အိမ်နဲ့တစ်အိမ်လည်း အကူးအသန်း မလုပ်ကြတော့ဘူး။ မမေစီက သူ့ယောက်ျား ‘ ကိုသိန်း ’ ကို ဒီကိစ္စနဲ့ပတ်သက်ပြီး အရင်ဦးအောင် တိုင်တယ်။ “ အရေးကြုံလာရင် လူတွေများ တကယ့်စိတ်ရင်းပေါ်လာတာပဲနော် ယောက်ျား….မအေးကြွယ် ထီပေါက်တာကို မုဒိတာပွားရမယ့်အစား တင်တင်မာက မနာလို မရှုဆိတ်နိုင်ဖြစ်နေတာ မေစီဖြင့် တရားကျလို့ မဆုံးဘူး ” တဲ့။ ယောက်ျားတွေကတော့ ကိုယ့်မိန်းမပြောတာပဲ ကိုယ်ယုံမှာပေါ့ မဟုတ်ဘူးလား။ ဘာမှတော့ ဝေဖန်ချက်မပေးပါဘူး။ နဂိုကလည်း ယောက်ျားတွေဆိုတာ မိန်းမတွေလောက် ဟိုအရှုပ်ထုပ်၊ ဒီအရှုပ်ထုပ်တွေ စိတ်ဝင်စားကြတာမှ မဟုတ်တာ။ သူများရှိရှိ မရှိရှိ ကိုယ်နဲ့ ဘာဆိုင်သလဲ။ ဘာရယ်မဟုတ် “ ဟုတ်လား….အင်း….ဒီလိုလား ” လို့တော့ မယားစကားကို ရောယောင် ခေါင်းညိတ်ရုံတော့ လုပ်လိုက်မိတယ်။ ဒီအတွက် ပြဿနာရှိမယ်လို့လည်း မထင်မိဘူးလေ။ ဖြစ်ချင်တော့ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို တင်တင်မာရဲ့ သမီးကြီး ငါးတန်းကျောင်းသူလေးက နှစ်ယောက်သား တည့်စဉ်က ငှားထားပြီး ပြန်ပို့ဖို့ မေ့နေတဲ့ “ သင်္ဘောခြစ် ” ကို ပြန်လာအပို့ မမေစီတို့ လင်မယားပြောနေတဲ့ စကားကိုကြားသွားပြီး သူ့အမေကို ပြန်သွားပြောတာ။ ဘာပြောကောင်းမလဲ။ နဂို အောင့်လုံးထပေါက်ပြီး တင်တင်မာတစ်ယောက် ထဘီစွန်တောင်ဆွဲပြီး မမေစီအိမ်ရှေ့ လာကလော်တုတ်ဆဲတော့တာလေ။ မမေစီကလည်း မခံဘူး။ သူခိုး လူမိသွားလို့ ရှက်ရမ်းရမ်းပြီး ပြန်ပြောလိုက်တာ ရှိသမျှ သူ့အထုပ် ကိုယ့်အထုပ် ပြေကရောပဲ။ ကိုသိန်းဆို ရှက်လွန်းလို့ မျက်နှာကြီးက ငိုတော့မလိုလို ညိုမည်းနေတော့တာ။ ရန်ပွဲလည်းပြီးရော မမေစီတို့ လင်မယား ခွန်းကြီးခွန်းငယ် စကားများပြီး ကိုသိန်း အိမ်ပေါ်က ဆင်းချသွားတယ်။ သတင်းကြားကြားချင်း ပြန်လာတဲ့ ကိုကျော်တိုးကလည်း ဘာမပြော ညာမပြောနဲ့ တစ်သက်လုံး ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် ထားခဲ့တဲ့ သူ့မိန်းမ တင်တင်မာကို အခန်းတံခါးပိတ်ပြီး လှိမ့်ရိုက်တာ သူ့ကလေးတွေတောင် ၀င်မဆွဲရဲဘူး။
ရိုက်ရင်းနဲ့ အံကြိတ်သံကြီးနဲ့ ခပ်အုပ်အုပ် ပြောလိုက်တဲ့ ကိုကျော်တိုးစကား တစ်ပိုင်းတစ်စကိုတော့ ဘေးအိမ်တွေထံ ကြားသူတွေ ကြားလိုက်ကြရလေရဲ့။
“ မင်းတို့မို့ မရှက်တယ်…..ကိုယ့်ဘာသာကိုယ် ကြားထဲက ငထွားခါးနာချင်ရင်လည်း တိုးတိုးတိတ်တိတ် နာကြပါလား….ခုတော့ တယ်လေ…ငါ့မျက်ခွက်တောင် ဘယ်နားသွားဖွက်ရမှန်း မသိဘူး ” တဲ့။
ဇာတ်ပေါင်းလိုက်တော့ ထီပေါက်သူ ကာယကံရှင် မအေးကြွယ်က “ ပြောတော့သာ သိန်းတစ်ရာ….တကယ်ကိုင်ပြီး သုံးကြည့်လိုက်တော့ ဘာအသုံးခံတာမှတ်လို့….ရွာပြန်ပြီး ကလေးနှစ်ယောက်ကို ရှင်ပြုပေး….မပြေလည်တဲ့ ယောက္ခမ မိဘနဲ့ ဆွေမျိုးအသိုင်းအ၀ိုင်းတွေကို ထိုက်သင့်သလောက် ပေးကမ်းထောက်ပံ့ပြီး ဒီပြန်တော့ နေဖို့ရာ အိမ်လေးတစ်လုံး အဖတ်တင်အောင် ၀ယ်ရတယ်….လက်ထဲရှိတဲ့ ငွေလေးနဲ့ နိုင်တဲ့ အိမ်မျိုးဝယ်ရတော့ စင်းလုံးချော မရဘူး….ကိုယ့်ဘာသာကိုယ် ရေလေးမီးလေး ၀ယ်ဖြည့်ရတယ်…အိမ်ကို လုံအောင် ခြုံအောင် နည်းနည်းပါးပါး ပြုပြင်မွမ်းမံရတယ်…..နည်းနည်းပါးပါးလို့သာ ပြောတာ…..နည်းနည်းတွေအတွက် စုပေါင်းကုန်ကျစရိတ်ကတော့ မနည်းဘူး……ပြီးတော့ အိမ်တက်ဆွမ်းကျွေးတော့လည်း အကျဉ်းချုံ့တာတောင် ကုန်တာပဲ……မရှိခင်တုန်းက ချေးငှားစားထားရတဲ့ အကြွေးတွေကိုလည်း မဆပ်မဖြစ်တော့ လိုက်ဆပ်ရတယ်…..ဒီကြားထဲ “ ထီပေါက်တယ်ဆို ” ဆိုပြီး လာတောင်းကြတဲ့ မကင်းရာ မကင်းကြောင်းတွေကိုလည်း မုန့်ဖိုးပဲဖိုးသဘောမျိုး ဝေရပြုရတာနဲ့ အခု စာရင်းချုပ်ကြည့်လိုက်တော့ နားကပ်တစ်ရန်နဲ့ အခုဆွဲထားတဲ့ ဆွဲကြိုးလေး တစ်ကျပ်သားလား ကျန်တယ် ” လို့ ပြောတယ်။ အဲဒီ တစ်ကျပ်သားနဲ့ အိမ်ဆိုင်လေးဖွင့်မယ်ဆိုလား ပြောသံတော့ ကြားပေမယ့် ခုထိ အကောင်အထည် မမြင်ရသေးပါဘူး။ တချို့ကလည်း “ ဒီတစ်ကျပ်သားလည်း ဘယ်လောက်ခံမှာလဲ ” ဆိုပြီး ပြောကြသူတွေလည်း အများသား။ မအေးကြွယ်ယောက်ျားကလည်း ခါတိုင်းလိုပဲ ဖက်စပ်တွင်းသား ၀င်လုပ်နေပြီလေ။ သူတို့ဘ၀က ပုံမှန်ပြန်ဖြစ်သွားပေမယ့် မမေစီနဲ့ တင်တင်မာကတော့ အဲဒီကတည်းက မခေါ်မပြောကြတော့တာ အခုချိန်ထိပါပဲ။
ငွေဇင်ယော်ဦး(မိုးကုတ်)
ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း ၊ သြဂုတ်လ၊ ၂၀၀၉
No comments:
Post a Comment