Mar 22, 2017

သမီးစိတ်ညစ်နေတယ်

“ သမီး စိတ်ညစ်နေတယ် ”

သမီးစိတ်ညစ်နေတယ်။ ထူးထူးကတော့ သမီး အဲ့ဒီလို ညည်းတာကြားတိုင်း “ နင်က လူကြီးစကား အမြဲပြောတာပဲနော် ” လို့ ပြောတတ်တယ်။ အဲဒီလိုပြောတာဟာ လူကြီးစကားလား ဘာလားဆိုတာတော့ သမီးလည်းမသိပါဘူး။ လူကြီးတွေ ပြောကြတဲ့ စကားဆိုတော့ လူကြီးတွေမှ စိတ်ညစ်တတ်ရမယ်လို့ ဆိုလိုချင်တာလား။ ကလေးတွေက စိတ်မညစ်ကြရတော့ဘူးလား။ ဒါဆို….. သမီးက လူကြီးမဖြစ်သေးဘဲနဲ့ စိတ်ညစ်နေရတာကျတော့ကော…..။
အဲဒီလို ပြန်မေးမိရင် ထူးထူးတစ်ယောက် “ မသိတော့ဘူးဟာ ” ဆိုပြီး ခေါင်းကုတ်နေတော့တာပဲ။
အင်းလေ…… သူဘယ်သိမှာလဲ။ သမီးမှာရှိတဲ့ စိတ်ညစ်စရာကိစ္စမျိုးတွေ သူမှ မကြုံဖူးတာ။ အချိန်တန်ရင် သူ့မေမေ ချက်ပြုတ်ကျွေးမွေးတဲ့ ထမင်းဟင်းကိုစား၊ မုန့်ဖိုးလက်ဖြန့်တောင်း၊ သူ့ဖေဖေက ဆိုင်ကယ်နဲ့ ကျောင်းကိုလာပို့။ ညနေပြန်လာကြို။ ဘယ်လောက် ပျော်စရာကောင်းသလဲ။ တစ်အိမ်လုံးအ၀တ်မပြောနဲ့ သူ့အ၀တ်သူတောင် လျှော်စရာမလိုဘူးတဲ့။ ဒီကြားထဲ သူပူဆာတာ ၀ယ်မပေးရင်၊ သူမကြိုက်တဲ့ဟင်းချက်တဲ့နေ့ဆိုရင် စိတ်ကောက်ပြီး ငိုသေးတာတဲ့။ အဲဒါကြောင့်လည်း သမီးရဲ့ ‘ စိတ်ညစ်တယ် ’ ဆိုတဲ့ စကားကို ထူးထူးက ကလေးစကားမဟုတ်ဘူးလို့ပြောတာ မဆန်းပါဘူးနော်။
ထူးထူးနဲ့သမီးက တစ်ခုံတည်း အတူထိုင်တဲ့ အခန်းဖော်တွေသာ ဖြစ်တာ အခြေအနေချင်းက တခြားစီရှင့်။ သူက သူ့အိမ်မှာ အငယ်ဆုံး…..။ သမီးက အိမ်မှာ သမီးအကြီးဆုံး။ ထူးထူးကတောင် သမီးထက် တစ်နှစ်ငယ်သေးတယ်။ ဟင့်အင်း….. ကျောင်းနေနောက်ကျလို့လည်း မဟုတ်ဘူး။ စာမေးပွဲ တစ်နှစ်ကျခဲ့လို့လည်း မဟုတ်ပါဘူး။ သမီးလေးတန်းဖြေပြီးတော့ အမေက မောင်လေး ဖိုးသေးကို မွေးတယ်လေ။ အဲဒါ ထိန်းမယ့်လူမရှိတာနဲ့ သမီးက ငါးတန်း တစ်ဝက်တစ်ပျက်နဲ့ နားလိုက်ရတယ်။
သမီးကတော့ ဘယ်နားချင်ပါ့မလဲ။ ဒါပေမဲ့….. အမေက သမီးတို့စားဖို့ ပိုက်ဆံထွက်ရှာရတော့ ကလေး ဘယ်သူထိန်းမလဲ။ မဟုတ်ဘူးလား။ ဟင်းသီးဟင်းရွက်ဗန်းကိုခေါင်းပေါ်ရွက်၊ ကြိမ်ခြင်းကြီးကို လက်တစ်ဖက်နဲ့ဆွဲ၊ ကလေးတစ်ဖက်နဲ့ အမေအဆင်မပြေတာ သမီးသိတာပေါ့။ ကျောပေါ် ပုဆိုးစနဲ့ ပိုးသွားပြန်တော့လည်း ဖိုးသေးက နုနုငယ်ငယ်လေးဆိုတော့ နေပူဒဏ်၊ လေဒဏ်တွေ ဘယ်ခံနိုင်ရည်ရှိပါ့မလဲ။ အပူရှပ်ပြီး ဖျားရတာနဲ့ ဘာနဲ့။ ဖျားတော့ အမေပဲ ဆေးဖိုးဝါးခ ကုန်ရော။ နဂိုကမှ အမေ့ဈေးဗန်းက သမီးတို့ အိမ်စရိတ် ကာမိရုံတင်ပါဆို……။ သြော်…… ဘယ်လိုသိရမှာလဲ။ အမေ ပေးတဲ့ ပိုက်ဆံကို သမီးပဲ နေ့တိုင်း ဆန်ဝယ်ပေး၊ ဆီဝယ်ပေးနေရတဲ့ဥစ္စာ။ ဆန်တစ်ပြည် ဘယ်လောက်၊ ဆီတစ်ဆယ်သား ဘယ်လောက်၊ ကြက်ဥတစ်လုံးကို ဘယ်လောက်၊ ဆပ်ပြာတစ်တောင့်ကအစ သမီးသိတယ်။ ထားပါ….. အဲဒီကိစ္စ၊ စောစောက စကားကို ပြန်ဆက်ရရင် ကလေးနေမကောင်းတိုင်း သမီးပဲ ခွင့်ယူရတာပေါ့။ သမီးနဲ့ ဖိုးသေးကြားမှာ ပြာလောင်နဲ့ ဖိုးရှုပ်ဆိုတဲ့ မောင်လေးနှစ်ယောက်ရှိပေမယ့် အားမကိုးရပါဘူး။ ကလေးခဏကြည့်ထားဆိုပြီး ခိုင်းကြည့်လိုက်၊ ပြန်လာရင် အစအနတောင် မြင်ရတာမဟုတ်ဘူး။ လမ်းထဲက ကလေး ကစားဝိုင်းတွေကြား ရောက်နေပြီသာမှတ်။ အဲဒီလိုစိတ်ချရတာ။
ပြီးတော့….. သူတို့က ကလေးငိုရင် ဘာဖြစ်လို့ငိုမှန်းသိတတ်တာ မဟုတ်ဘူး….။ ဥပမာ….. ဗိုက်နာလို့ ငိုတာလား။ မုန်ညင်းဆီ လူးပေးရမလား။ နို့ဆာလို့ ငိုတာလား။ ပုရွက်ဆိတ် ဘာညာပိုးမွှားကောင် တစ်ကောင်ကောင်ကိုက်နေလို့ ငိုတာလား။ အပြင်ထွက်လည်ချင်လို့  ငိုတာလား။ သမီးက သူတို့နှစ်ယောက်ကို ထိန်းရင်း ကြီးလာရတာဆိုတော့ ဖိုးသေးလောက်များတော့ အကြောင်းကောင်းကောင်း သိနေပြီ။ တစ်ခါတစ်လေကျတော့လည်း အမေ့ကို မကျေမနပ်နဲ့ မေးချင်လာတယ်။ သမီးကို ဘာဖြစ်လို့ ပြာလောင်နဲ့ လေးနှစ်ကွာအောင် မွေးခဲ့တာလဲ။ ဒါမှမဟုတ်….. အငယ်ဆုံးဖြစ်အောင် မွေးခဲ့ပါလားလို့ပေါ့။ ဟုတ်တယ်လေ….. အမေမွေးလာသမျှ သမီးချည်းပဲ ဒိုင်ခံထိန်းနေရတာကိုး။ ဖိုးသေးမွေးလာတော့ ပိုဆိုးတယ်။ ကလေးကချူချာ။ သမီးက ခဏခဏခွင့်ယူ။ စာက လိုက်မမီ။ လပတ်စာမေးပွဲ ခဏခဏကျ။ ဆရာမကလည်း “ ကျောင်းခေါ်ချိန်မပြည့်ရင် မဖြေဘဲနေရမယ်နော် ” လို့ ခေါ်ခေါ်သတိပေး။
အဲဒီလိုနဲ့ပဲ…… ကျောင်းတစ်နှစ် နားလိုက်ရရော…..။
အမေကပြောတယ်။ နောင်နှစ်ဆို ဖိုးသေးကို မူကြိုထားမယ်။ အဲ့ဒီအချိန်မှ ညည်း ငါးတန်းပြန်တက်လိုက်တဲ့။  စာညံ့လို့မဟုတ်ဘဲ သူငယ်ချင်းတွေထက် တစ်တန်းနောက်ကျခံလိုက်ရတာ သမီးဖြင့် ၀မ်းနည်းမဆုံးဘူး။ အခု သမီး ခြောက်တန်းရောက်နေပါပြီ။ ဒါပေမဲ့…… တစ်ခါတစ်လေ ဖိုးသေးကိုထိန်းဖို့ သမီး ခွင့်ယူနေတုန်းပဲ။ ပုံမှန်အားဖြင့်တော့ အမေက ဈေးရောင်းထွက်ရာ လက်ဆွဲခေါ်သွားပါတယ်။ ဖျားနာရင်သာ သမီးကို ခွင့်ယူခိုင်းပြီး အိမ်မှာထားခဲ့တာလေ။ မူကြိုကလည်း မထားနိုင်ပါဘူး။ သမီးတို့အကြီးသုံးယောက်ကိုလည်း ဒီလိုပဲ ပါးစပ်က “ ထားမယ်…..ထားမယ် ” ပြောရင်း ကြီးလာတာပဲ။ တစ်ယောက်မှ မူကြိုမနေခဲ့ရပေါင်။
အဖေလား……။ အဖေက အိမ်ကနေ လှမ်းမြင်နေရတဲ့ ဟိုး….တောင်ပေါ်က ဖက်စပ်ကျောက်တွင်းမှာ အလုပ်လုပ်တယ်။ ဆယ့်ငါးရက်တစ်ခါ လပြည့် လကွယ်မှ အိမ်မှာ ပြန်လာအိပ်တာ။ ဒါတောင်….. တချို့ရက်တွေဆို အဖေ ပြန်မလာဘူး။ အဖေ့အလုပ်က ပိုက်ဆံမှန်မှန်မရပါဘူး။ ‘ ကံအလုပ် ’ လို့ အဖေက အမြဲပြောတတ်တယ်။ အမေကတော့ အဖေပြန်မလာရင် ၀မ်းသာနေတတ်တယ်။
“ ဟိုမှာသွားနေတော့ အိမ်က ကျွေးရသက်သာ နည်းသလား….ဒီမှာ နေရင် ငွေတစ်ပြားမှမ၀င်တဲ့အပြင် သူ့အရက်ဖိုးပါ ဆက်သနေရသေးတယ် ” တဲ့။ ဟုတ်တယ်…. အဖေက အရက်သိပ်သောက်တာ။ ဖက်စပ်မှာတော့ သောက်ခွင့်မပြုဘူးလို့ ပြောတာပဲ။ ဒါပေမဲ့….အဖေ့ကြည့်ရတာ ခိုးသောက်မယ့်ပုံကြီးပါ။ ဆယ့်ငါးရက်တစ်ခါ အိမ်ပြန်လာတာတောင် အရက် အမြဲတမ်းမူးထောင်နေတဲ့ဥစ္စာ။ မူးလာရင် အဖေက အသံဝါကြီးနဲ့ သီချင်းအကျယ်ကြီး အော်ဆိုလို့ဆို၊ ဒါမှမဟုတ် အမေ့ကို ရန်လုပ်တော့တာပဲ။ အချိန်မတော် အချိန်တော်ဆိုတော့ သမီးတို့လည်း ဘေးပတ်ဝန်းကျင်ကို အားနာရတာပေါ့။ အိပ်ရေးလည်း ပျက်တယ်။ ကြာတော့…. အဖေ့ကို လွမ်းပေမယ့် အဖေ ပြန်မလာရင်လည်း တစ်မျိုးတော့ စိတ်ချမ်းသာသလို ဖြစ်လာတယ်။
အမေဆို ပိုဆိုးတာပေါ့။ အဖေပြန်လာမယ့်ရက်ဆို အမေက ဈေးရောင်းရာကအပြန် ဟိုဟိုဒီဒီ ၀င်လို့မရတော့ဘူးကိုး…..။ ဟိုတစ်ခါက ရောက်ချိန်တန်လို့ ရောက်မလာတော့ အမေရှိတဲ့ ဖဲဝိုင်းအထိ အဖေ လိုက်သောင်းကျန်းပစ်လိုက်ကတည်းက အမေ လန့်သွားတာ။
ဟုတ်တယ်… သမီးတို့မိသားစု စားလို့မလောက်တာ အမေ့ရဲ့ ဒီဝါသနာနဲ့လည်း အများကြီးဆိုင်တယ်။ နေ့လည်ဆို တစ်နေကုန် ဈေးဗန်းခေါင်းရွက်လည်ရောင်း။ ညဆို သမီးကို ဆန်နို့ဆီဘူးလေးလုံးဖိုး ပိုက်ဆံလာပေးပြီး ဖဲဝိုင်းကိုပြေးတော့တာပဲ။ တစ်ခါတစ်လေများဆို ဆန်ဖိုးကော ဈေးဗန်းပါ ရောက်မလာနိုင်တော့တာ ညဆယ့်နှစ်နာရီလောက်မှ ပြန်လာတယ်။  သမီးမှာ အမေအိမ်ပြန်မလာနိုင်တဲ့အဆုံး ဈေးထဲက ယူနေကျဆိုင်မှာ အကြွေးနဲ့ ဆန်ပြေးဝယ်ပြီး ကလေးတွေကို ချက်ပြုတ်ကျွေးထားနှင့်ရတာပေါ့။ ချက်တတ်လား….ဟုတ်လား။ အံမလေး…..ဘယ့်နှယ့် မေးလိုက်ပါလိမ့်။ ခြေဖမိုးပေါ်က ထမင်းရည်ပူလောင်ထားတဲ့ အနာရွတ်ကိုပဲ ကြည့်တော့။ သမီးသုံးတန်းလောက်ကတည်းက ထမင်းချက် တတ်နေပြီ။ ကြက်ဥကြော်တတ်နေပြီရှင့်….။ အသားငါးကတော့ အကြာကြီးနေလို့မှ တစ်ခါစားဖြစ်ဖို့တောင် အနိုင်နိုင်ဆိုတော့ သမီး မချက်တတ်ဘူး။ ကလေးတွေကတော့ သမီးလက်ရာကို ကောင်းတယ်၊ မကောင်းဘူး မပြောကြပါဘူး။ သမီးချက်ကျွေးတာ မစားရင်လည်း သူတို့ငတ်ရုံပဲရှိတော့တာကိုး။ ဗိုက်ပြည့်ရင် ပြီးရောလို့ တွက်ကြတာနေမှာပေါ့။
အဖေပြန်လာရင်တော့ ဒီကိစ္စတွေ ပြန်အသိ မခံရဲကြဘူး။ အဖေက အမေ့ကို ရိုက်တတ်လို့လေ…..။ အမေကလည်း ကိုယ်မှားနေလို့များ ငြိမ်ခံနေမယ် မအောက်မေ့နဲ့ ပြန်လုပ်တာပဲ……။
တစ်ယောက်က ‘ အရက်သမား ’ ဆိုရင် တစ်ယောက်က ‘ ဖဲသမား ’ တဲ့။ ဘယ်ဟာကမှ နားထောင်လို့မကောင်းတော့ သမီးဖြင့် သိပ်ရှက်တာပဲ။ အဖေက အိုးခွက်ပန်းကန်တွေ လမ်းပေါ်ကို ကောက်လွှင့်ပစ်။ အမေ့ကို ထိုးကြိတ်ကန်ကျောက်။ ပြန်ရိုက်လို့ မနိုင်တော့ အမေကလည်း ရှိသမျှ အယုတ္တ အနတ္တအကုန် ကိုးအိမ်ကြား ဆယ်အိမ်ကြား အော်ဆဲ….။
အဲ့ဒီလို အဖေနဲ့ အမေ ရန်ဖြစ်ရင် သမီးတို့မောင်နှမ ဘယ်နားသွားနေရမှန်း မသိဘူး။ ဘေးအိမ်တွေကလည်း အမြဲကြုံနေကျမို့ အထူးအဆန်းလုပ်ပြီး လာမဖျန်ဖြေပေးကြတော့ဘူးလေ….။ အိမ်က ခြံစည်းရိုးတွေလည်း အဖေချိုးပြီး အမေ့ကို ရိုက်လွန်းလို့ ခြံတောင်မလုံတော့ဘူး။ ဟိုကကျိုး၊ ဒီကပဲ့နဲ့…..။ တံခါးရွက်ကလွဲရင် အကျိုးချည်းပဲ။ အိမ်ကလည်း သိပ်မလုံတော့ပါဘူး။ အောက်နားပတ်လည် ထရံတွေက ဆွေးချင်နေပြီ။ ကုန်စုံဆိုင်မှာ စက္ကူကတ်တွေတောင်းပြီး ဖာထားရတယ်။
အိမ်မလုံတော့ တစ်ခါတလေ အမေအိမ်ပြန်ညဥ့်နက်ရင် သမီး စိတ်ချလက်ချ မအိပ်ရဲဘူး။ ခွေးလေခွေးလွင့်တွေ ၀င်တိုးသံကြားရင် ဘာသံလဲဆိုပြီး ကြောက်နေရော….။ အဖေနဲ့ အမေကတော့ “ ဒီတစ်ခါ ပိုက်ဆံရရင် ခြံလေးဝင်းလေးခတ်ဖို့ စဉ်းစားဦးမှ ” လို့သာ ခဏခဏပြောနေတာ ဒီလိုပဲပြောပြီး ပျောက်တာပါပဲ။ အဖေတို့ ဖက်စပ်တွင်းက တစ်ခါတစ်ခါ ကျောက်ဖြတ်ရင် သောင်းငွေလောက်တော့ အဖေကိုင်ရတာပဲ…..။ ဒါပေမဲ့ ဖက်စပ်ကကျွေးတဲ့ဟင်းချည်းမစားနိုင်လို့ ဖက်စပ်နားတစ်ဝိုက်က ဆိုင်တွေဆီမှာ ယူစားထားတဲ့ အကြွေးတွေလိုက်ဆပ်၊ ဆယ့်ငါးရက်တစ်ခါ ပြန်လာသောက်ထားတဲ့ အရက်ကြွေးတွေ လိုက်ဆပ်ပြီးရင် အမေ့လက်ထဲ ဘယ်လောက်ထည့်ပေးနိုင်ဦးမှာတုံး။ ထုံးစံအတိုင်း နောင်ဂျိန်ချကြတာပေါ့……။
အခုတစ်ခေါက် အဖေတို့ကျောက်အစုဖြတ်တော့ တွင်းသားတစ်ယောက်ကို ရှစ်သောင်းသုံးရတယ်လို့ အမေပြောတယ်။ ခုနကပြောခဲ့တဲ့ ဘာကြွေးညာကြွေးတွေနုတ်ပြီး အိမ်ပြန်လာတော့ ခြောက်သောင်း ပါလာတယ်။ အရက်ဆိုင်က ပြန်လာတော့ သူများတွဲပို့ရတယ်လေ။ အိပ်ရာကလည်း နိုးလာရော အဖေ ပျာယာခတ်တော့တာပဲ။ အိတ်ကပ်ထဲက ငါးသောင်းကျော် တစ်ပြားမှမရှိတော့ဘူး။ ဘယ်ကောင်နှိုက်သွားသလဲမသိဘူးတဲ့။ အမေက “ ကောင်းတာပေါ့…. အဲ့ဒီအရည် များများသာသောက် ” လို့ တစ်ခွန်းပဲပြောတယ်။ နောက်တစ်နေ့မနက် အဖေ တွင်းပြန်တက်သွားတော့ အမေ့ထဘီပုံအောက်ကနေ အဖေပျောက်သွားတဲ့ ပိုက်ဆံအထပ်လိုက် ထွက်လာပါရောလား။ သမီးတို့ကိုလည်း “ ပြန်ပြောတဲ့ကလေး ဗိုက်ကြောအပြတ်ပဲနော်…. ဒီလိုမှ နှိုက်မထားရင် အိမ်ကို ပိုက်ဆံတစ်ဝက် ရောက်ဖို့ရာတောင် မသေချာဘူး…..ဒီက ကောင်မကတော့ ရှာကျွေးရတာ လျှာတောင်ထွက်တော့မယ် ” လို့ အမေက ပြောတယ်။ တကယ်ဆို….. အဖေရှာတဲ့ပိုက်ဆံနဲ့ အမေရှာတဲ့ပိုက်ဆံ အတူတူပဲဥစ္စာ ဘာဖြစ်လို့ ခိုးထားရတာလဲလို့ အမေ့ကို ပြန်မေးချင်ပေမယ့် ခေါင်းခေါက်ခံရမှာစိုးလို့ သမီး တိတ်တိတ်ကလေးပဲ နေလိုက်ပါတယ်။
ပိုက်ဆံမြင်တော့ မောင်လေးတွေက သူ့ကိုလည်း အင်္ကျီဝယ်ပေး၊ ငါ့ကိုလည်း ဖိနပ်ဝယ်ပေးနဲ့ ၀ိုင်းပူဆာကြရော။ ဟုတ်တယ်လေ…. တစ်ယောက်အကျအဟောင်း တစ်ယောက်ဝတ်လာတာကြာတော့ အကောင်းရယ်လို့ လက်ညှိုးထိုးပြစရာ သမီးတို့မောင်နှမတွေမှာ မရှိတော့ဘူး မဟုတ်လား။
ဒါပေမဲ့ သမီးကတော့ အ၀တ်သစ် မမက်ပါဘူး။ သမီးတို့ကို ထမင်းရယ် ဟင်းရယ်လို့ အမေ ကောင်းကောင်းကန်းကန်း ချက်မကျွေးတာ ကြာပြီမို့ “ အမေ….ဒီနေ့ ဟင်းကောင်းကောင်းချက်ကျွေးနော် ” လို့ပဲ တောင်းဆိုမိတယ်။ ပိုက်ဆံတစ်ထပ်ကြီး လက်ထဲကိုင်ထားရလို့လား မသိဘူး။  အမေက သဘောအရမ်းကောင်းနေတယ် သိလား။ “ အေး…. ညနေပြန်လာရင် ချက်ကျွေးမယ်….၊ အခု အပြင်ခဏသွားဦးမယ် ” ဆိုပြီး ထွက်သွားလိုက်တာ သမီးတို့ နေ့လယ် ကျောင်းဆင်းချိန် ပြန်လာတဲ့အထိ အမေ့ဈေးဗန်းလေးက ကြမ်းပြင်ပေါ်မှာ ပက်လက်ကလေး အရာမယွင်းရှိနေတုန်း။
တစ်နေကုန် ဈေးမထွက်ဘဲ အမေ ဘယ်သွားနေပါလိမ့်လို့ တွေးမိတော့ သမီး ရင်ပူလာတယ်။ အဲ့ဒီမှာပဲ နို့ညှာကောင် ဖိုးရှုပ်က “ မကြီး…. သား ဘာဖြစ်တာလဲမသိဘူး….ခေါင်းမူးသလိုလို ဗိုက်နာသလိုလိုကြီး  ” ဆိုပြီး သမီးလက်ကို လာကိုင်တော့ သမီးဖြင့် လန့်သွားတာပဲ။ သူ့လက်က မီးခဲလို ပူကျစ်နေတယ်။ နဖူးကိုစမ်းကြည့်တော့လည်း အဲဒီအတိုင်းပဲ။ ဒါနဲ့ သမီးလည်း ဖိုးရှုပ်ကို နင် ခဏ နေဦးဆိုပြီး အမေတို့ ဖဲဝိုင်း လုပ်နေကျအိမ်ကို လိုက်သွားရှာတော့ အမေ့ကိုတွေ့တယ်။ ဖဲရိုက်နေတာလေ။ သမီးက “ အမေ…ဖိုးရှုပ် ကိုယ်တွေတအားပူနေတယ် ” ဆိုတော့ အမေက ခဏလှည့်ကြည့်လာပြီး သမီးကို သူ့ရှေ့ချထားတဲ့ ပိုက်ဆံအပုံထဲက ရာတန်တစ်ရွက်ကောက်ပြီး ပစ်ပေးတယ်။ “ အခိုးပွင့်ဆေးတစ်ထုပ်ဝယ်ပြီး ရေနွေးပူနဲ့တိုက်ပြီး စောင်ထူထူ ခြုံထားပေးလိုက် ကြားလား ” လို့ ပြောပြီး ဖဲဝိုင်းဘက် ပြန်လှည့်သွားတယ်။
ဘေးနားက ဖိုးသေးလေးက ခွေခွေလေး အိပ်ပျော်နေတာ ယင်ကောင်တွေက နားလို့။ အမေကတော့ သမီးကို လုံးဝ ပြန်လှည့် ကြည့်မလာတော့ပါဘူး။ အမေ့မျက်နှာ နီရဲနေပြီး နဖူးမှာလည်း ချွေးတွေ သီးနေတယ်။ လေသံကလည်း မာဆက်ဆက်နဲ့….။ အမေ့ရှေ့က ပိုက်ဆံအပုံမှာတော့ အတန်ကြီးဆိုလို့ ထောင်တန်တစ်ရွက်နဲ့ ငါးရာတန်တစ်ရွက်လားပဲ တွေ့တော့တယ်….။
သမီးကတော့ လက်ထဲ ရောက်လာတဲ့ ရာတန်အနွမ်းလေး ကိုင်ပြီး မျက်ရည်တွေ တအားလည်လာမိတော့တာပဲ။ ရင်ထဲမှာ ဘယ်လိုဝမ်းနည်းမိမှန်း ပြောမပြတတ်ဘူး။ အမေ အပြန်ညဥ့်နက်လို့ ထမင်းတစ်နပ် ငတ်ခဲ့ချိန်ကတောင် ဒီလောက်ဝမ်းမနည်းခဲ့ဖူးဘူး။ အခုတော့….ဘယ်ကဘယ်လို ၀မ်းနည်းစိတ်တွေ ရောက်လာတယ်မသိဘူး။ ကိုယ့်ကိုယ်ကို ဘာလုပ်မိမှန်း မသိခင်မှာပဲ အင့်ခနဲရှိုက်ပြီး အမေတို့ဖဲဝိုင်းကနေ တအားပြေးထွက်ခဲ့မိတယ်။ တစ်လမ်းလုံးလည်း မျက်ရည်တွေ သုတ်လို့ကိုမနိုင်ဘူး။ ဆေးဆိုင်မှာ ဆေးဝင်ဝယ်တော့ ချူချာတဲ့ ဖိုးသေးကောင်းမှုနဲ့ ရင်းနှီးနေရတဲ့ ဆိုင်ရှင်အဒေါ်ကြီးက သမီးရဲ့ ငိုထားတဲ့မျက်နှာကိုကြည့်ပြီး “ ဘာဖြစ်လာတာလဲ ” လို့ မေးတယ်။ ရင်ထဲမှာ ဆို့နေလို့ “ ဖိုးရှုပ် ဖျားနေလို့ ” ဆိုပြီး တိုတိုတုတ်တုတ်ပဲ ပြန်ဖြေနိုင်တယ်။ “ အမေကကော…… ” ဆိုတော့ “ ဖဲဝိုင်းမှာ ” လို့ ဖြေရင်း မျက်ရည်တွေ ဒလဟော ပြိုကျလာပြန်ရော။ အဒေါ်ကြီးက စိတ်မချမ်းမသာ ဖြစ်သွားလို့နေမှာပေါ့။ “ ညည်းတို့မှာလည်း ဒီမအေမိဘနဲ့ ကြုံရတာ တစ်ဒုက္ခပါလားအေ….တိတ်တိတ် မငိုနဲ့….ဒေါ်ကြီး လိုက်ကြည့်ပေးမယ် ” ဆိုပြီး သမီးတို့အိမ်အထိလိုက်လာရော….။
မကြာပါဘူး ရှေ့ဆင့်နောက်ဆင့်ဆိုသလိုပဲ အမေလည်း ပျာယာပျာယာနဲ့ နောက်က လိုက်ချလာတယ်။ ဖိုးရှုပ်ကို အစာကျွေးဆေးတိုက် လုပ်ပေးနေတာမြင်တော့ အမေ အားနာသွားပုံရတယ်။ “ မိပု…. ကျောင်းမသွားသေးဘူးလား ” တဲ့။ သမီးက “ ကျောင်းတက်ခေါင်းလောင်းထိုးသွားတာဖြင့် ကြာလှပြီ ” လို့ ခပ်တည်တည်ပြောပြီး အိမ်ပြင်ထွက်လာခဲ့တော့ အဒေါ်ကြီးက အမေ့ကို တတွတ်တွတ်နဲ့ ဘာတွေပြောကျန်ခဲ့မှန်း မသိပါဘူး။ “ ကလေးတွေကို သနားပါဦး ” ဆိုတာရယ်၊ “ ကလေးဆိုတာ မိဘကို ရွေးချယ်ခွင့်ရှိတာမဟုတ်ဘူး ” ဆိုတာရယ်ကိုတော့ သမီး နားစွန်နားဖျား ကြားလိုက်မိတယ်။ ဒါပေမဲ့ အဒေါ်ကြီးလည်း ပြန်သွားရော အမေက သမီးကို အိမ်ထဲခေါ်ပြီး ကြိတ်ပြီး ဗိုက်ခေါက်ဆွဲလိမ်တော့တာပဲ။ “ နင်က အားကိုးရာ ရှာတာပေါ့လေ…. မအေကို အရှက်ခွဲတာပေါ့လေ ” ဆိုပြီးတော့ပေါ့။
အမေပြန်လာတာ မိုးချုပ်တဲ့အခါတိုင်း တခူးခူး အိပ်ပျော်နေတဲ့ မောင်တွေကြားမှာ သမီးတစ်ယောက်တည်း ဘယ်လောက် ကြောက်နေခဲ့ရသလဲဆိုတဲ့အကြောင်း၊ အမေဆန်ဖိုးလာမပေးလို့ ညစာတစ်နပ် ငတ်တဲ့အခါငတ်၊ လက်ကျန် ဆန်တစ်ဆုပ်လောက်နဲ့ ဆန်ပြုတ်ကျိုသောက်ခဲ့ရတဲ့အကြောင်းတွေ၊ သူများတွေ ဆော့နေကြတဲ့အချိန် သမီးမှာ ကလေးထိန်း၊ အ၀တ်လျှော်နေခဲ့ရတာတွေ၊ မောင်လေးတွေ ဖျားကြနာကြရင် သမီးပဲ စိတ်ပူပန်ခဲ့ရတာတွေ ပြီးတော့ အဖေ့ပိုက်ဆံကို အမေ ဖဲရိုက်ရှုံးပစ်လိုက်တယ်ဆိုတာတွေ….အို….အစုံပဲ။ သမီးကိုယ်သမီးတောင် ပါးစပ်က ဘာတွေထွက်လို့ထွက်ကုန်မှန်း မမှတ်မိတော့ပါဘူး။ အဲဒီအချိန်မှာ အမေ စိတ်ဆိုးပြီး ရိုက်မှာကိုလည်း မကြောက်တော့ဘူး။
အံ့သြစရာတော့ ကောင်းတယ်။
အမေလေ သမီးကို ရိုက်လည်းမရိုက်ဘူး။ ဆူလည်းမဆူဘူးသိလား။ ဒီအတိုင်းပဲ ငူငူကြီးရပ်ပြီး သမီးပြောသမျှ နားထောင်နေတယ်။ တစ်ခွန်းမှလည်း ပြန်မပြောဘူး။ သမီးကသာ ပြောချင်ရာတွေ စိတ်လိုက်မာန်ပါ ပြောပစ်လိုက်ပြီးမှ အမေ့ကို သနားသလို၊ ကြောက်သလိုလို ဖြစ်လာတယ်။ ငါဘာတွေပြောမိပါလိမ့် ဆိုပြီးလည်း စိတ်မကောင်းဘူး။ အမေ့မျက်နှာကိုလည်း ရဲရဲပြန်မကြည့်ဝံ့တော့ဘူး။
တကယ်တော့ အမေ့ကိုမုန်းလို့ ပြောလိုက်မိတာမှ မဟုတ်တာ။ သမီးလေ အမေ့ကိုလည်း ချစ်တယ်။ အဖေ့ကိုလည်း ချစ်တယ်။ သမီးကိုယ်တိုင် ချေးသုတ်သေးသုတ် ထိန်းကျောင်းပြုစုပြီး  သမီးလက်ပေါ်မှာပဲ ကြီးပြင်းလာရတဲ့ သမီးမောင်လေးတွေကိုလည်း သိပ်ချစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေကျရင် တခြားရွယ်တူကလေးတွေလို လွတ်လပ်မှုမရှိတဲ့ သမီးဘ၀ကို တွေးမိရင် ငြူစူသလိုဖြစ်မိတာတော့ ရှိတာပေါ့။ စဉ်းစားကြည့်လေ…. သူများတွေ စာကျက်နေကြတဲ့အချိန်မှာ သမီးက ကလေးထိန်းနေရတယ်။ အ၀တ်လျှော်နေရတယ်။ ထမင်းဟင်းချက်နေရတယ်။  ပင်ပန်းတာ ထားပါ။
အဖေက အရက်မသောက်တော့ဘဲ ရသမျှပိုက်ဆံ အမေ့လက်ထဲ ကြည်ကြည်ဖြူဖြူအပ်၊ အမေက ဖဲမရိုက်ဘဲ စုစုဆောင်းဆောင်းနဲ့ သမီးတို့မောင်နှမတစ်တွေကို ကောင်းကောင်းမွန်မွန် ချက်ပြုတ်ကျွေးမွေး….။ “ မင်းလည်း ဖဲရိုက်တာပဲ ” ၊ “ နင်လည်း အရက်သောက်တာပဲ ” လို့ အပြန်အလှန် လက်ညှိုးထိုးပြီး မဆုံးနိုင်တဲ့ရန်ပွဲတွေ ဖြစ်နေကြမယ့်အစား အဖေနဲ့ အမေ ရန်ဖြစ်တိုင်း ပြေးပုန်းစရာ ရှာနေရတဲ့ သမီးတို့မောင်နှမတစ်တွေရဲ့ မျက်နှာကိုငဲ့ပြီး မကောင်းဘူးထင်တဲ့ အကျင့်တွေ အတူတူစွန့်လွှတ်ပေးလိုက်ကြရင် သမီးလေ ဘယ်လောက်ပဲ အလုပ်ပင်ပန်းပါစေ မမှုပါဘူး။
သမီး စိတ်ရှိလက်ရှိ ပြန်အော်ပစ်လိုက်ပြီးတဲ့ နောက်ရက်စပြီး အမေ ငြိမ်သွားတော့ သမီးဖြင့် ဘယ်လောက်စိတ်ချမ်းသာရတယ်မှတ်သလဲ။ မနက်ခင်း ဈေးရောင်းရာက ပြန်လာတာနဲ့ အမေ အပြင်မထွက်တော့ဘူး။ ထမင်းဟင်းကို သမီးပဲ ထုံးစံအတိုင်း ချက်နေရတာမှန်ပေမယ့် သမီး မပင်ပန်းပါဘူး။ ပျော်တောင်ပျော်နေပါသေးတယ်။ အဖေမရှိရင်တောင် အမေပါနေတော့ သမီးတို့ထမင်းဝိုင်းလေးက ငပိရည်၊ တို့စရာလေးတွေနဲ့တင်ကို ထမင်းစားလို့ မြိန်လိုက်ကြတာ။ ပြာလောင်နဲ့ဖိုးရှုပ်ဆို “ ထမင်းထည့်ပေးဦး ” ဆိုပြီး လိုက်ပွဲ ခဏခဏတောင်းတယ်။ မြိန်မှာပေါ့ အမေ့မျက်နှာကြည့်ပြီး စားကြရတာကိုး။
ညဆိုလည်း သမီးတို့ဘေးနားမှာ အမေတစ်ယောက်လုံး ရှိနေတယ်ဆိုတဲ့အသိနဲ့ စိတ်ချလက်ချ အိပ်ပျော်တယ်။ အမေကတော့ကြည့်ရတာ ခါတိုင်းလို ရွှင်ရွှင်လန်းလန်း မရှိသလိုဘဲ။ သမီးပဲ စိတ်ထင်လို့လား မပြောတတ်ဘူး….။ အမေ့ပုံစံက မကျန်းမာနေသလိုမျိုး….။ ဒါပေမဲ့ အဓိကက အမေ အိမ်မြဲနေပြီ။ သမီးလိုချင်တဲ့ ဆုတောင်းပြည့်ပြီ မဟုတ်လား။ စိတ်ချမ်းသာနေလို့မှ မဆုံးသေးဘူး…။ အမေ ငူငိုင်နေရတဲ့အကြောင်းရင်းက ဘွားခနဲ ပေါ်လာတယ်။ တစ်ရက်….သမီး ကျောင်းဆင်းလာတော့ ဟိုဘက်လမ်းက အန်တီ၀၀ သမီးတို့အိမ်ထဲက ထွက်လာတာ မြင်လိုက်ရတယ်။ အငယ်ကောင် ဖိုးသေးကို အဲဒီအန်တီပဲ လာမွေးပေးတာပါ။ အမေကတော့ သူ့ကို ‘ ဆရာမ ’ လို့ ခေါ်တယ်။ သူ့ကို မြင်လိုက်လိုက်ချင်း သမီးခေါင်းထဲမှာ အတွေးတွေ ရှုပ်ရှက်ခတ်ကုန်တော့တာပဲ…..။ အဲဒီတော့မှ အလန့်တကြား ရင်ဘတ်ဖိမိတော့တယ်။
ဘုရား ဘုရား….ကြည့်စမ်း….သမီးမေ့နေလိုက်တာ။ ဖိုးသေးရယ်လို့ ဖြစ်လာမယ့်အချိန်လေး သိခါနီးတုန်းကလည်း အမေတစ်ယောက် အခုလိုပဲ ငူငူငိုင်ငိုင်နဲ့ လေးငါးဆယ်ရက်လောက် အိမ်မှာ ခြေငြိမ်နေခဲ့ဖူးတယ် မဟုတ်လား။ ဒါဖြင့် အခု ဆရာမ ပြန်ထွက်သွားပုံ ထောက်ရင်….။ သမီးရင်ထဲက တဒိန်းဒိန်းခုန်လာပြီး အမောတကောနဲ့ အိမ်ထဲလှမ်းဝင်လိုက်တော့ အမေရယ်လေ အိမ်ထရံကို ကျောမှီပြီး မျက်လုံးကြီးမှိတ်လို့……
အဲဒီတစ်ခဏအတွင်းမှာ သမီးဖြင့် ခေါင်း စုံလုံးကုတ်ပြီး တစ်လောကလုံးကြားအောင် အကျယ်ကြီး အော်ဟစ်ညည်းညူပြလိုက်ချင်စိတ် ပေါက်သွားတော့တာပဲ။
“ တကယ်ပြောတာပါ….. သမီးတော့ သိပ်စိတ်ညစ်တာပါပဲ ”

ငွေဇင်ယော်ဦး(မိုးကုတ်)
ကလျာမဂ္ဂဇင်း၊ ဇွန်လ ၊ ၂၀၀၈

No comments:

Post a Comment