“ လမ်းပေါ်မှာ လူတစ်ယောက် လဲနေသည် ”
(၁)
လမ်းထိပ်မှာ လူတစ်ယောက် လဲနေပါသည်။
(၂)
အဓိကလမ်းမကြီး မဟုတ်ပေမယ့် လမ်းသွယ်သုံးခုဆုံရာ လမ်းဆုံလမ်းခွမို့ လူသွားလူလာက အမြဲတမ်း မပြတ်ပါ။ ဒီလိုဆိုတော့….လူသွားနေကျလမ်း၌ လူတစ်ယောက်လဲနေသည့် ကိစ္စမျိုးကလည်း ဖြစ်နေကျကိစ္စမဟုတ်လျှင်တောင် အနီးအပါးဝန်းကျင်အတွက် အင်မတန်မှ ထူးဆန်းအံ့သြဖွယ်ရာ မြင်ကွင်းတစ်ခုဖြင့်လည်း မဟုတ်တာ သေချာပါသည်။
သိပ်မကြာသေးခင် ကာလတစ်ခုကပဲ ဤလမ်းဆုံလမ်းခွအနီး ယခုလိုမြင်ကွင်းမျိုးကို အနီးဝန်းကျင်မှလူတွေ ကြုံခဲ့ကြရသေးသည်။ ပထမတစ်ကြိမ်က နံပါတ်နှစ်လမ်းသွယ်အတွင်းရှိ ကြွယ်ဝချမ်းသာသော မိသားတစ်စုအိမ်မှ ဧည့်သည်အဘိုးကြီးတစ်ယောက် ဖြစ်လေသည်။
“ လမ်းခွနားက အမှိုက်ကန်ဘေးမှာ လူကြီးတစ်ယောက် လဲနေတယ် ”
မြို့ကလေး၏ နှင်းကွဲဆောင်း နံနက်ခင်းအချိန်မှာ သူတို့ လမ်းသွယ်သုံးခုအတွင်း ပျံ့လာသည့်သတင်းဖြစ်သည်။ “ ဒီအချိန်ကြီး ဘယ်သူလာလဲနေတာလဲ ” ဟူသော အတွေးတို့ဖြင့် အနီးအပါးမှ လူတွေ ခဏချင်းစုဝေးရောက်ရှိကုန်ကြသည်။ လဲနေသည်က အသက်ခြောက်ဆယ်ကျော်ခန့် လူကြီးတစ်ယောက်ဖြစ်သည်။ အ၀တ်အစားက ဈေးကြီးသည့် လောင်းကုတ်ရှည်ဖြစ်ပြီး ဦးထုပ်၊ မာဖလာ၊ ကျွန်းသား တုတ်ကောက်နှင့် ပြောင်လက်နေသော ရှူးဖိနပ်တို့ကို ၀တ်ဆင်ထားတာ ကြည့်ရခြင်းအားဖြင့် နုံချာသူမဟုတ်ကြောင်း သိနိုင်ကြပါသည်။ ဇဝေဇ၀ါသူတစ်ဦးက လဲနေသူမျက်နှာကို သေချာအောင် ငုံ့ကြည့်သည်။
“ ဟုတ်တယ်….ဟုတ်တယ်…..ဒါ နံပါတ်နှစ်လမ်းသွယ်ထဲက ကို….တို့အိမ်က ဧည့်သည်ဗျ ”
အားလုံးပျာပျာယာယာနှင့် အားကောင်းမောင်းသန်လူငယ်တွေစုပြီး လဲနေသူလူကြီးကို ပွေ့ချီပြီး သူ့တည်းခိုအိမ်သို့ ၀ိုင်းဝန်းကူညီပို့ပေးလိုက်ကြသည်။ လူကြီး၏လက်မှ လွတ်ကျကျန်ခဲ့သည့် တုတ်ကောက်ကို ကောက်ပေးသူက ကောက်ပေး၊ မာဖလာကိုကောက်ပေးသူက ကောက်ပေး၊ ဆရာဝန်ပြေးပင့်သူက ပင့်ပေးနှင့်။ လူကြီးက ဆီးချိုသမားဟု သိကြရသည်။ နံနက်စောစော လမ်းထလျှောက်စဉ်မှာ ဆီးချိုတက်လာ၍ မူးမေ့လဲကျသွားတာပင်။ အားလုံးတတ်နိုင်သမျှ ကူညီစောင့်ရှောက်ပေးလိုက်ကြတာပေမယ့် နောက်တစ်ရက်၌ လူကြီးဆုံးရှာပါသည်။
ဒါက လမ်းထိပ်၌ ပထမအကြိမ် လဲနေသူတစ်ဦးနှင့် ပတ်သက်သည့် ဖြစ်ရပ်ဖြစ်ပါသည်။ ဒုတိယအကြိမ်မှာတော့ လဲနေသူလူရွယ်တစ်ယောက်ဟု ဆိုရမည်။ သုံးဆယ်ကျော်ရုံ ၀န်းကျင်ပေါ့ သူလဲနေသည့်အချိန်ကတော့ နံနက်အချိန်ကို ကျော်လွန်၍ နေ့ခင်းဘက် ရောက်လုဆဲဆဲအချိန် ဖြစ်လေသည်။ ထုံးစံအတိုင်း ကိုယ်တွေလမ်းထိပ်၌ လူတစ်ယောက်လဲနေသံကြား၍ သွားရောက်လေ့လာကြသူတွေခမျာ “ ဒီလူဘာဖြစ်လို့ လဲနေပါလိမ့် ” ဟု အချင်းချင်း လက်တို့နေစရာမလို။ လမ်းပေါ်၌ခွေခွေလေးလဲနေသူအနှီ လူရွယ်ထံမှ စူးစူးရှရှထွက်ပေါ်ကြိုင်လှိုင်နေသည့် ချဉ်စုတ်စုတ်အနံ့က အားလုံး နှာခေါင်းရှုံ့ မိရလောက်အောင် အဖြေတစ်ခုကို ညွှန်ပြနေသည် မဟုတ်ပါလား။ လဲနေသည့်နေရာကလည်း နေမပူရသော မြေပြင်ပေါ်ဆိုတော့ သူ့ခမျာကွေး၍ နေရှာလေသည်။ ဖြတ်သွားဖြတ်လာ အနီးအပါးဝန်းကျင်ကလည်း စောင်းငဲ့ကြည့်သူကြည့်ကြပေမယ့် တော်တော်များများကတော့ နှာခေါင်းရှုံ့လျက် နည်းနည်းလှမ်းရာဘက် ရှောင်ကွင်းသွားကြသည်။ သို့ပေမယ့် လဲနေသူကဖြင့် ထူမည့် မမည့်သူမရှိလျှင် ဘယ်နည်းနှင့်မျှ ဤနေ့အဖို့ ဤနေရာမှ ခွာနိုင်မည့်ဟန်မရှိရာ မနေနိုင်သူတွေ တဖြည်းဖြည်း စုလာရတော့သည်။
“ ဘယ်ကတုံး…ဘယ်သူ့ သားသမီးလဲဆိုတာ ကြည့်ကြပါဦး ”
မတော်၍ ခုလိုပစ်ထားရင်း တစ်ခုခုဖြစ်သွားလျှင် ကိုယ်တွေလမ်းအတွက်လည်း မကောင်းဘူးမဟုတ်လား….သို့နှင့်….လဲနေသူက တိုင်းရင်းသားလူမျိုးတစ်ယောက်ဖြစ်သည်။ အနီးဝန်းကျင်၌ နေထိုင်ရာ သူတို့လူမျိုးတွေစုပြီး လာကြည့်ကြသည်။ တစ်ယောက်တစ်ပေါက်နှင့် ပြောရင်းက အဖြေထွက်လာပါသည်။
“ ဒါ ‘ ……. ’ ရပ်ကွက်သားပဲ ”
“ ဒါဆို သူ့မိသားစုရှိမှာပေါ့ ”
“ သူ့မိန်းမနဲ့ ကလေးတွေရှိတယ် ”
“ သွားအကြောင်းကြားလိုက်ကြလေ ”
ဆိုင်ကယ်တက္ကစီသမားတစ်ယောက်ကို အကျိုးအကြောင်းပြောပြပြီး လိပ်စာပေးကာ လွှတ်လိုက်ကြပါသည်။ ရပ်ကွက်က နည်းနည်းဝေးသည်မို့ တစ်နာရီဝန်းကျင်သာသာမှ ကာယကံရှင်၏ဇနီးနှင့် ကလေးတစ်ယောက် ဆိုင်ကယ်နှင့် ပြန်လာပါသည်။ နေလောင်ထားသော အသားအရေညိုညိုညစ်ညစ် မျက်ကွင်းဟောက်ပက်နှင့် ခပ်ပိန်ပိန်အမျိုးသမီး၏ ပုံပန်းသဏ္ဍာန်က လောကဓံရိုက်ပုတ်မှုကို အလူးအလဲခံထားရရှာသူမှန်း မပြောဘဲနှင့် သိလိုက်နိုင်ကြပါသည်။ အမျိုးသမီးက သူ့ချွေးခံအိတ်ထဲမှ ငွေလိပ်ကလေးထုတ်ကာ ရှိစုမဲ့စုငွေအကုန်လုံး တက္ကစီခရှင်းလိုက်တာ တွေ့ကြရသည်။ မအေနည်းတူ ထူးပြီးမပြောင်ရောင်လှသည့် ဆယ်နှစ်ဝန်းကျင်အရွယ် ပေစုတ်စုတ်ကလေးငယ်က ဖခင်မူးလဲနေရာနံဘေး ငုတ်တုတ်ထိုင်ငေးနေလေသည်။ အမျိုးသမီးက သူ့ခင်ပွန်းနာမည်ကို လှုပ်ခေါ်နှိုးကြည့်နေသည်။ ထိုအခါမှပင် သိကြရသည်။ အမျိုးသမီးက ပင်ကိုပဲလား။ သွက်ချာပါဒလိုက်ဖူးသည်လား မသိ။ ပြောထွက်လာသည့်စကားသံက လေလုံးမကွဲပေ။ သူတို့ကို အားလုံး ၀ိုင်းရပ်ကြည့်နေကြသည်။ ထိုဗလုံးဗထွေး အသံနှင့်ပင် အမျိုးသမီးက သူ့ခင်ပွန်းသည်ကို လှုပ်ခါနှိုးနေသည်ကမှ အကြာကြီး။ သတိထားမိလာသူတွေက လူရွယ် စတင်လဲနေချိန်မှတွက်လျှင် ယခုချိန်ထိက ကြာမြင့်လှပြီ။ အချိန်မနှောင်းသင့်တာ မနှောင်းရအောင် ဆေးရုံဆေးခန်းတစ်ခုခု၊ ဒါမှမဟုတ် နေထိုင်ရာအိမ်သို့ အမြန်ဆုံးသယ်ဆောင် ပြုစုသင့်ပြီဖြစ်ကြောင်း သတိပေးကြသည်။ အမျိုးသမီးက “ ကူကယ်ကြပါဦး ” ဟူသော အကြည့်ဖြင့် နံဘေး၌ ၀ိုင်းနေသူတွေထံ အားကိုးတကြီး မော့ကြည့်သည်။ ၀ိုင်းနေသည့် လူတစ်စုလည်း အတန်ငယ်မျှ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြလေသည်။
“ ကားလေးဘာလေးငှားဖို့ စီစဉ်ကြလေဗျာ ”
ကားသော့ယမ်းမှ တစ်ယောက်က အကြံပြုသည်။ လမ်းသွယ်အတွင်းရှိ ဆန်ဆိုင်ကြီးတစ်ဆိုင်တွင် ဆန်အိတ်ပို့သည့် လုပ်သားလူကြီးက သူ့အိတ်ကပ်ပိန်လေးကို ယောင်ယမ်းစမ်းမိသည်။ အကယ်၍ အနီးအပါးမှ လူတွေစုပေါင်းပါဝင်ပြီး ကားငှားပေးကြမည်ဆိုလျှင် သူ့အနေနှင့်လည်း ဘယ်မျှပါဝင်နိုင်မည်နည်းဟု မိမိနိုင်ရာ အတိုင်းအတာကို တွက်ချင့်မိလိုက်ခြင်း ဖြစ်သည်။ တကယ်တမ်း ကြုံလာလျှင် ထည့်ဝင်နိုင်မည့် အခြေအနေမရှိမှန်းလည်း ဘာသာသိသည်။
ကျန်းမာရေးဝန်ထမ်းအဖွဲ့ဝင်ဖြစ်သည့် လူကတော့ လဲနေသူကို ခပ်မဲ့မဲ့ဖြင့် ကြည့်သည်။ ကြည့်ရုံမျှဖြင့် အားမရဘဲ နှုတ်မှလွှတ်ခနဲ ပြောလေသည်။
“ အဲဒီလောက်အထိ မလိုပါဘူးဗျာ….မူးလဲနေတာကို….အမူးပြေသွားရင် သူ့ဟာသူ ထပြန်လိမ့်မပေါ့ ”
ထိုအခါ အမှိုက်ကန်နှင့် ကပ်လျက်အိမ်မှ လူက ချက်ချင်းပြန်ပြောသည်။
“ ဒါဆိုလောလောဆယ် သူထမပြန်နိုင်မချင်း ခင်ဗျားအိမ်ရှေ့ ရွှေ့ထားလိုက်ပေါ့ ”
ခါး၌ ဟန်းဖုန်းချိတ်ထားသည့် လူတစ်ယောက်က ထိုငြိနေသည့် လူနှစ်ယောက်ကို “ အရေးထဲမှာကွာ ” ဟူသည့် အကြည့်ဖြင့် တစ်ချက်ကြည့်ကာ ချောင်းဟန့်သည်။
“ နာရေးကူညီမှုကားကို ဖုန်းလှမ်းဆက်ကြဗျာ…..ဒါဆို အပြင်ကားငှားစရာလည်း မလိုတော့ဘူး….မူးပြီးလဲနေတာဆိုပေမယ့် သူလဲနေတာကြာလှပြီ…လှုပ်လည်း မလှုပ်ဘူး…ဆေးရုံဆေးခန်း တင်စရာရှိလည်း တစ်ခါတည်းတင်လို့ရတာပေါ့ ”
သူ့စကားကို တစ်ယောက်က ၀င်ထောက်ခံသည်။
“ ဟုတ်တယ်….အဲဒီဖုန်းနံပါတ်ကို ကျုပ်သိတယ် ”
ဟန်းဖုန်းသမားက….
“ သိရင် ဆက်လိုက်လေ…ဒီနားတစ်ဝိုက်မှာ ပီစီအိုဖုန်းဆိုင်ရှိလားဗျ ”
သူတို့တွေပြောနေကြဆဲမှာ ထော်လာဂျီတစ်စီး လာရပ်သည်။ လူတွေစုရုံးနေသဖြင့် လူ့သဘာဝအရ “ ဘာပါလိမ့် ” ဟု စူးစူးစမ်းစမ်း လာရပ်ကြည့်တာဖြစ်သည်။ အကျိုးအကြောင်းသိတော့ စပယ်ယာချာတိတ်နှင့် ထော်လဂျီဆရာ ခဏမျှခေါင်းချင်းဆိုင် တွတ်ထိုးနေသည်။ ထို့နောက်…..
“ ဒါဖြင့် သူတို့ရပ်ကွက်က ကျုပ်တို့ပြန်မယ့်နေရာနဲ့ လမ်းသင့်တယ်…ကျုပ်တို့က အုတ်ဖုတ်သမားတွေပါ….ဒီလမ်းဘက်က အုတ်ခဲတွေမှာလို့ လာပို့ပေးတာ….ပြန်ရင်အလွတ်ပဲ….တင်သွားပေးလိုက်မယ် ”
“ ကောင်းတာပေါ့ကွာ…..ဒုက္ခရောက်နေသူကို ကူညီတာ ကုသိုလ်ရပါတယ်…မောင်မင်းကြီးသားတွေ ကျန်းမာချမ်းသာကြပါစေဗျာ ”
ဆန်အိတ်ထမ်းပို့၍ ၀မ်းကျောင်းရသူ လူကြီးက ၀မ်းသာအားရဖြင့် သာဓုခေါ်သည်။ သို့နှင့်….အမူးသမားကို ၀ိုင်းဝန်းပွေ့ချီကာ ထော်လာဂျီပေါ် တင်ပေးလိုက်ကြသည်။ မျက်နှာငယ်လေးနှင့် ဇနီးမယား၊ ပြူတူးကြောင်တောင် မျက်လုံးလေးတွေနှင့် သားကိုဘယ်ညာခြံရံပြီး အမူးသမားကတော့ အလယ်၌ ဆန့်ဆန့်ကြီးလှဲကာ ထော်လာဂျီပေါ်ပါသွားလေပြီ။ ကိစ္စပြီးပြီမို့ ကိုယ့်လမ်းသူ့လမ်း လူစုကွဲသွားကြပေမယ့် လူနှစ်ယောက်တော့ ကျန်နေသည်။ ဆန်အိတ်ထမ်းသမားနှင့် အငြိမ်းစား ကျောင်းဆရာအဘိုးကြီး ဖြစ်သည်။ အထမ်းသမားက ထော်လာဂျီကို မျက်စိတစ်ဆုံး ငေးကျန်ရစ်ရာမှ မအောင့်နိုင်သလို ပြောထွက်လာသည်။
“ အရင်တစ်ခေါက်က လဲနေတဲ့ အဘိုးကြီးကိုကျတော့ ပျာပျာသလဲ အလုအယက် ၀ိုင်းကူကြတာဗျာ….ဒီလူကျတော့ ဘောလုံးလို ၀ိုင်းပုတ်ထုတ်နေကြတယ်…..သူတို့တွေ အတူတူပဲမဟုတ်လား…..ဘာလို့ ခွဲခြားကူညီချင်ကြရတာလဲ မသိဘူး ”
အငြိမ်းစားအဘိုးအိုကလည်း ထော်လာဂျီသွားရာလမ်းဘက် ငေးမိနေရာမှ အထမ်းသမားဘက် ဆတ်ခနဲ လှည့်ကြည့်သည်။ အထမ်းသမားမျက်နှာ၌ တစ်စုံတစ်ခုအပေါ် သရော်လှောင်ပြောင်လိုရိပ်နှင့် ခံပြင်းနာကျင်ရိပ်သဲ့သဲ့ကို မြင်ရပါသည်။
သူပြောလိုက်ပုံကလည်း ဘေးလူတစ်ဦးတစ်ယောက်ကို ပြောချင်တာထက် သူ့ဘာသာတစ်ယောက်တည်း မခံချိမခံသာ ပြောလိုက်မိပုံမျိုးဖြစ်သည်။ အငြိမ်းစားအဘိုးကြီးက ငွေ့ငွေ့မျှပြုံးလိုက်ရင်းမှ ပြန်ပြောပါသည်။
“ ကျုပ်ကတော့ ဒီလိုမတွေးဘူးဗျ….အရင်တစ်ခေါက်တုန်းက လဲနေသူကို ထူပေးကြတာကို ကျုပ်လည်းမြင်ပါတယ်….ကျုပ်အနေနဲ့ သံဝေဂယူလိုက်မိတာကတော့ ‘ လဲနေသူ’ တိုင်းလည်း ထူပေးသင့် ထူပေးထိုက်သူဖြစ်မှ လူတွေက လိုလိုလားလား ထူပေးချင်ကြတာပါလား….’ မထူပေးသင့်….မထူပေးထိုက်ဘူး’ လို့ သူတို့တွေးထင်သတ်မှတ်တဲ့ လူမျိုးကို ဘယ်သူကမှ စေတနာပါပါ အချိန်ကုန်ခံပြီး မကူညီချင်ကြဘူး….အဲဒီလို မထူပေးချင်စရာ လူစားမျိုးဘ၀က ဘယ်လောက်ကြောက်ဖို့ကောင်းသလဲ…ထိတ်လန့်နာကျင်ဖို့ကောင်းသလဲ….ကျုပ်က အဲ့ဒါလေးတွေးမိတော့ တော်တော်ကို ကြက်သီးထသွားတယ်ဗျ ”
အထမ်းသမား ချက်ချင်းပါးစပ်ပိတ်လျက် အငြိမ်းစားအဘိုးကြီးကို ပြန်ငေးနေသည်။
(၃)
ယခုလည်း လမ်းထိပ်၌ လူတစ်ယောက်လဲနေသည်။ ဟန်းဖုန်းခါး၌ချိတ်ကာ ဖုန်းဆက်ရန် ညွှန်ကြားနေသူများ မလို။ ကားသော့ယမ်းကာ အချိန်မနှောင်းခင် ကားတစ်စီးအမြန်ငှားဖို့ရာ အကြံပြုသူများ မလို။ ကူညီလုပ်ကိုင်ပေးနိုင်သည့် ‘ နေရာ ’ ၌ ရှိနေပါလျက် ‘ ဒီလိုလူမျိုးများကွာ ’ ဟု ခွဲခြား ဥပက္ခာပြုနိုင်စွမ်းသူများ မလို။ လူမျိုးတူပါလျက် ‘ ငါ့အမျိုး…ငါ့အိမ်နီးချင်းမှ မဟုတ်တာ ’ ဟု နေနိုင်စိမ့်သူများ မလို။ ပြီးတော့….လူတွေထူမပေးချင်စရာ စေတနာအရိပ်အောက်၌ ရှိသင့်သည့် သန့်ရှင်းသော လဲပြိုမှုမျိုးဖြစ်ဖို့ရာတော့ လိုလိမ့်မည်။ လောလောဆယ်မှာဖြင့် လမ်းထိပ်တွင် လူတစ်ယောက် လဲကျနေပါသည်။
ငွေဇင်ယော်ဦး(မိုးကုတ်)
ရတီမဂ္ဂဇင်း၊ မေလ၊ ၂၀၁၂
No comments:
Post a Comment