ကျွန်တော်မပိုင်သောကြယ်၏ ကျွန်တော်ပိုင်ဆိုင်သောအမည်နာမ
- သူရဿဝါ -
.
ကျွန်တော်မပိုင်သော ကျွန်တော်၏ ကြယ်များဆီ ငေးမည်။ ဘယ်တော့မှ.. ဟု အစချီသော စကားစုများကို ကျွန်တော် ဘယ်တော့မှ ရေးသားဖြစ်တော့မည် မဟုတ်ပါ။
.
အဲဒီတုန်းက ကျွန်တော် ရယ်မောခဲ့ဖူးသည်။ သူ၏ ကလေးဆန်မှုနှင့် အပြစ်ကင်းစင်သော ပျော်ရွှင်ရယ်မောမှုတို့ကို ကျွန်တော် ပိုင်ဆိုင်ခဲ့ဖူးသည်။ ကျွန်တော်က သူဖြစ်ပြီး သူက ကျွန်တော်ဖြစ်နေသော ကာလများ။ လူကြပ်ကြပ် ဘတ်စ်ကားပေါ်တွင် လွတ်လပ်ရယ်မောရင်း တစ်ယောက်နှင့်တစ်ယောက် ပခုံးချင်းတွန်းထိုး နေခဲ့ဖူးသော လူငယ်ဆန်မှုမျိုး၊ ဘာဆိုဘာမှ ပြောင်းလဲမပေးနိုင်သော ငါးမိနစ်စာ အချိန်းအချက် လွဲချော်ခြင်းအတွက် အပြန်အလှန် မပြောနိုင် မဆိုနိုင်ဖြစ်ကြရသည့် ကလေးဆန်မှုမျိုး၊ အစားထိုးမရနိုင်သော သူတချို့ကို တစ်ဘဝစာဆုံးရှုံးရခြင်းအတွက် နီရဲမို့အစ်နေသည့် မျက်လုံးအစုံဖြင့်သာ ဖော်ကျူးခွင့်ရသော သူ့ကို ပွေ့ဖက်နှစ်သိမ့် ပေးခဲ့ရသည့် သနားစာနာမှုမျိုး။
.
အဲဒါတွေအပြင် ခေါင်းစဉ်တပ်ဖော်ပြ၍ မရသော နှစ်ဦးသားပိုင် အခိုက်အတန့်ပေါင်း မြောက်မြားစွာ။ အခုတော့ အဲဒါတွေက ကျွန်တော်မပိုင်တော့သော ကြယ်တွေဖြစ်နေခဲ့ပြီ။ ကျွန်တော် ငေးကြည့်ရုံသာ တတ်နိုင်တော့သည်။ သို့သော်.. သမာရိုးကျ နေ့ရက်ပေါင်းများစွာအနက်မှ သမာရိုးကျထက်ပင် ပို၍မှုန်မှိုင်းသော ပြဿဒါးတစ်ရက်တွင် ထိုအခိုက်အတန့် ကြယ်များဆီ ငေးကြည့်နေခွင့်တို့ ပျောက်ဆုံးသွားခြင်းကိုပါ သမာရိုးကျဆန်စွာ ကျွန်တော် လက်ခံခဲ့ရသည်။
.
ထိုနေ့၏ နောက်ပိုင်း နေ့ရက်များမှစပြီး ကျွန်တော် အသက်မရှင်ဘဲ အသက်ရှင်နေခဲ့သည်။ ကျွန်တော် မရယ်မပြုံးဘဲ ရယ်ပြုံးနေခဲ့သည်။ ကျွန်တော် စကားမပြောဘဲ စကားတွေပြောခဲ့သည်။ သမာရိုးကျ လောကကြီးတစ်ခုထဲတွင် သမာရိုးကျလူတစ်ဦးအဖြစ်ကို အနည်းငယ်လောက်မှ မငြင်းဆန်ဘဲ ကျွန်တော် လက်ခံဖြတ်သန်း နေဖြစ်ခဲ့သည်။ နေရောင်ခြည်ကို မမြင်ရသော၊ မိုးစက်မိုးပေါက်များနှင့် မထိတွေ့ရသော၊ ဆောင်းဦးအငွေ့အသက်များကို မခံစားရသော ပုံရိပ်သက်သက် အတုအယောင် ကမ္ဘာကြီးထဲ တိတ်ဆိတ်မှောင်မိုက်စွာ၊ တီးတိုးကျဉ်းကြပ်စွာ ကျွန်တော် ငြိမ်သက်အရှုံးပေးခဲ့သည်။
.
အတောင်ပံမပါသော ငှက်များ၊ ဝါကျင်ပြီးရွံရှာစရာ ကောင်းကင်ပြင်၊ မီးလျှံကဲ့သို့ ပူပြင်းထိန်ငြီးသည့် လရောင်၊ စသည်တို့ကိုသာ ကျွန်တော့် စိတ်အာရုံထဲတွင် စွဲထင်လက်ခံခဲ့သည်။ ထို့အတွက် ကျွန်တော် ဆုံးရှုံးမှုကိုရော နောင်တကိုပါ မခံစားခဲ့ရပါ။ ကျွန်တော့်အတွက် ထပ်မံဆုံးရှုံးစရာ မရှိလောက်သော ဆုံးရှုံးမှုနှင့် ထပ်မံစွဲကပ်စရာမရှိလောက်သော နောင်တတို့ကို ကျွန်တော် ရရှိခဲ့ပြီးပြီ မဟုတ်လား။ သမာရိုးကျ နေ့ရက်ပေါင်းများစွာအနက်မှ သမာရိုးကျထက် ပိုမိုစိတ်လှုပ်ရှားဖွယ်ရာကောင်းသော ရွှေအိုရောင်သမာရိုးကျ နေ့တစ်နေ့တွင် သူနှင့် ကျွန်တော် ခရီးသွားဟန်လွဲဆန်ဆန် ပြန်လည်တွေ့ဆုံခဲ့သည်။ ကျွန်တော်တို့၏ နှစ်ဦးပိုင်နေ့ရက်ဟောင်းများအပေါ် တွယ်ငြိမှုကင်းသော နှုတ်ခမ်းများဖြင့် ကျွန်တော့်ကို သူ ရိုးသားစွာ စကားအချို့ပြောသည်။
.
"ငါ အဲဒီအချိန်တွေကို အခုထိ သတိရနေတုန်းပဲ"
"ငါလည်း သတိရပါတယ်၊ ဒါပေမဲ့ အဲဒီအဖြစ်အပျက်တွေကို ငာ ပြန်သတိမရချင်ဘူး"
"ဘာဖြစ်လို့လဲဟာ.. ငါတို့ ဒီလောက်ပျော်ဖို့ ကောင်းခဲ့တာကို.."
ကျွန်တော့်ရင်ထဲ လှိုက်ခနဲ ဖြစ်သွားသည်။ နောင်တ၏ ပူဆွေးရမှုက ကျွန်တော့်ထံ ပြန်ဝင်ရောက်လာခဲ့သည်။ ခေါင်းကိုငုံ့လျက် တိုးဖျော့နာကျင်စွာ ကျွန်တော် ပြန်ပြောမိသည်။
.
"ပျော်စရာအချိန်တွေထက် ငါနင့်ကို နာကျင်အောင် လုပ်ခဲ့မိတဲ့ အချိန်တွေက ပိုများပါတယ်၊ အဲဒီအချိန်တွေကို ပြန်တွေးတိုင်း ငါနင့်ကို အနိုင်ကျင့်ခဲ့မိတာတွေ၊ ငါ မိုက်မဲခဲ့တာတွေ၊ နင်ဝမ်းနည်းအောင် လုပ်ခဲ့မိတာတွေ၊ ငါ့ကိုယ်ငါ ခွင့်မလွှတ်နိုင်လောက်တဲ့ အဖြစ်အပျက်တွေပဲ ငါ့မျက်လုံးထဲမှာ ပြန်ပေါ်လာတယ်၊ ငါ အမြဲလိုလို နောင်တရတယ်"
"ဟင့်အင်း.. ငါကတော့ အဲဒီလို မတွေးဘူး၊ နင်နဲ့အတူ ရှိခဲ့တဲ့ အချိန်တွေကို ပြန်တွေးတိုင်း အဲဒါတွေကိုဖယ်ပြီး ပျော်စရာကောင်းခဲ့တဲ့ အချိန်တွေကိုပဲ ရွေးပြီးတွေးတယ်၊ ငါတို့ရဲ့အချိန်တွေက သိပ်တိုတောင်းပါတယ်၊ အဲဒီအချိန်တိုလေးထဲမှာမှ နာကျင်စရာတွေအတွက် ငါတစ်ဝက်ဖဲ့မပေးနိုင်ဘူးလေ"
သူ၏စကားအဆုံး ကျွန်တော် အံ့သြသွားခဲ့သည်။ ကျွန်တော့်ကိုယ်ကျွန်တော် ထိန်းသိမ်းထားသည့်ကြားက အရင်လို ချစ်ခင်လှိုက်မောဖွယ်ရာ မျက်ဝန်းများဖြင့် သူ့ကိုကျွန်တော် ကြည့်လိုက်မိသည်။
.
တချိန်တည်းမှာပင် ရှေ့ဆက်ရမည့် သမာရိုးကျ လက်ကျန်နေ့ရက်များအတွက် ရိုးရှင်းပြီး ကျေနပ်စရာကောင်းသော အဖြေတစ်ခုကို ကျွန်တော် ပိုင်ဆိုင်တွေ့ရှိခဲ့သည်။ ကျွန်တော့်အတွက် အဓိပ္ပါယ်မမဲ့သော ရှင်သန်မှုပုံစံအသစ်ကို ပေးခဲ့သည့် သူ့အား ကျွန်တော်ပိုင်ဆိုင်သည့် စကားလုံးသုံးအနည်းငယ်ကို လက်ဆောင်အဖြစ် ပြန်ပေးခဲ့ပြီးနောက် ကျွန်တော် တည်ငြိမ်အေးဆေးစွာ နှုတ်ဆက်ထွက်ခွာလာခဲ့သည်။ သူ ပြုံးလျက်ကျန်ခဲ့သည်။ ရက်အနည်းငယ်မျှကြာသောအခါ လူမှုကွန်ယက်ပေါ်ရှိ ကလေးငယ်တစ်ဦး၏ ပုံနှင့်တွဲလျက် သူ၏ကလေးငယ်အား "အိမ့်ဆည်းလည်း"ဟု အမည်ပေးမည်ဖြစ်ကြောင်း ရေးသားထားသော သူ၏ စာသားအချို့ကို ကျွန်တော် တွေ့ရှိခဲ့ရသည်။
.
ကျွန်တော် မပိုင်တော့သော ကျွန်တော်၏ ကြယ်များဆီ ကျွန်တော် ညတိုင်းငေးမောနေမိဆဲ ဖြစ်သည်။ ဘယ်တော့မှ.. ဟူသော စကားစုများကို ဘယ်တော့မှ ကျွန်တော် ရေးသားမည်မဟုတ်ပါ။ ကျွန်တော်ပိုင်ဆိုင်သော အမည်နာမဖြင့် လင်းလက်နေသည့် ကျွန်တော်မပိုင်သော ကြယ်များဆီ နာကျင်ဝမ်းနည်းမှုမပါ၊ မှောင်မိုက်သောနောင်တမပါဘဲ ကြည်လင်ရှင်းသန့်စွာ
ကျွန်တော် ငေးကြည့်နေခွင့်ရခဲ့ပြီ ဖြစ်သလို ထိုကြယ်များကို ငေးမောကြည့်ရှုနေခွင့်လည်း ကျွန်တော့်ဆီမှ ထပ်မံ၍ ပျောက်ကွယ်သွားနိုင်တော့မည် မဟုတ်ပါ။
.
၀၃ - ၁၂ - ၂၀၁၆
#trtw_shortstory
Mar 24, 2017
ကျွန်တော်မပိုင်သောကြယ်၏ ကျွန်တော်ပိုင်ဆိုင်သောအမည်နာမ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment