" ကျွန်ုပ်နှင့် သောကြာသိုက်ကို ဝယ်ယူခြင်း "
========================
#နီကိုရဲ
ကျွန်တော့်အမေသည် ၁၃၀၆-ခုနှစ်တွင် မွေးသော ဗုဒ္ဓဟူးသမီး ဘင်္ဂဖွားတစ်ဦးဖြစ်ပါသည်။ မဟာဘုတ်တိုင်ထူကြည့်လျှင် ဗေဒင်အလိုအရ ကျွန်တော့်အမေသည် မွေးဇာတာကံညံ့သည်ဟု ဆိုနိုင်သည်။ မွေးဋ္ဌာနေဘင်္ဂ လွန်ပြန်တော့လည်း ဗေဒင်ဆရာများက မကောင်းဆုံးဟု ယူဆလေ့ရှိသော အောက်တန်းဋ္ဌာနများဖြစ်သည့် ပုတိ၊ ဘင်္ဂ၊ မရဏတို့၌သာ ဂြိုလ်သက်များက တစ်လှည့်စီကျနေပြန်သည်။ အမေ့ဇာတာအရ မွေးနံ ဗုဒ္ဓဟူးဂြိုလ်သက် ၁၇-နှစ်က ဘင်္ဂ၊ စနေဂြိုလ် ၁၀-နှစ်က မရဏ၊ ကြာသပတေးဂြိုဟ် ၁၉-နှစ်က ပုတိ၊ ရာဟုဂြိုလ် ၁၂-နှစ်က ဘင်္ဂတို့တွင် တလှည့်စီကျကာ အားလုံးပေါင်း ၅၈-နှစ်တိတိ မကောင်းသော၊ ညံ့သော ဋ္ဌာနေအိမ်များတွင်သာ နေခဲ့ရပြီး ၅၈-နှစ်ကျော်မှ အေးချမ်းသောနိမိတ်လက္ခဏာကိုဖော်ပြသော သောကြာဂြိုလ်သိုက်ဋ္ဌာနထဲသို့ ရောက်မည်ဖြစ်ပါသည်။
ကျွန်တော်ငယ်စဉ်က အမေသည် စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး တစ်ခုခုအဆင်မပြေတိုင်း ဗေဒင်သွားမေးသည့်အခါ ဆရာတိုင်းက ရှေ့နှစ်မွေးလလွန်လျှင် အားလုံးကောင်းပြီဟု ဟောတတ်ကြသည်။ ယတြာကိုလည်း ပေးတတ်ကြ၏။ ဗေဒင်ဆရာများကို ကျွန်တော် တစ်ခုတော့ ကျေးဇူးတင်ရပါသည်။ ၅၈-နှစ်ရောက်မှ ကံကောင်းမည်ဟုယူဆရသော အမေ့ဇာတာကို တစ်နှစ်စီ မျှော်လင့်ချက်နှင့် ရင်ဆိုင်စေခဲ့သောကြောင့်ဖြစ်၏။ အမေ့အသက် ၃၅-နှစ်အရွယ်က ဗေဒင်မေးသည့်အခါမျိုးတွင် နောင်၂၃-နှစ်ကျမှ ကံကောင်းမည်ဟုဟောခဲ့လျှင် အမေသည် ဝေးလွန်းလှသောမျှော်လင့်ချက်ထဲတွင် ပုံလျက်လဲသွားနိုင်သည်။ အခုတော့ သူတို့က ပါးနပ်စွာ အမေ့ကို တစ်နှစ်ချင်း ရင်ဆိုင်စေခဲ့သည်။
ထိုစဉ်က အမေ့တွင် ဒီနှစ် မွေးလလွန်လျှင်ဆိုသော မျှော်လင့်ချက်ကို အားတင်းရင်း ဆိုးရွားနေသော စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးကို ခုခံတိုက်ခိုက်နေခဲ့သည်ကို ကျွန်တော် ကြိမ်ဖန်များစွာ မြင်တွေ့ခဲ့ရသည်။ ဗေဒင်ကို မျှော်လင့်ချက်တစ်ခုဖြင့် အမေ ဘယ်လောက်မေးခဲ့သလဲဆိုရင် နောက်ဆုံးတွင် အမေကိုယ်တိုင် ဗေဒင်တော်တော်တွက်တတ်သွား၏။ အမေက ဂြိုလ်သက်ကို သိ၏။ သက်ရောက်ကို သိ၏။ ဂြိုလ်သက်အလိုက်ဖြစ်တန်သော အဆိုးအကောင်းတွေကို သိသင့်သရွေ့ သိသွားသည်အထိဖြစ်သည်။
" ငါက ၅၀-ကျော်မှ သောကြာသိုက်ထဲ ရောက်မှာဟဲ့။ သောကြာက အေးချမ်းတဲ့သဘော၊ ငြိမ်သက်တဲ့သဘော။ သိုက်က မြဲမြံတယ်။ ငွေအလုံးအရင်းနဲ့ ရတတ်တယ်။ ဒီလောက် အောက်တန်းမှာ နေခဲ့ရတဲ့မိန်းမ၊ သောကြာသိုက်ထဲရောက်မှ အေးအေးချမ်းချမ်း ဇိမ်နဲ့ နှပ်ရဦးမှာ။ နင်တို့ ငါ့ကို ဖားထားကြ "
ထိုစကားများသည် အသက် ၅၄-နှစ်တွင် အမေကြွေးကြော်သော စကားဖြစ်သည်။ ကျွန်တော်တို့က ပြုံးစစဖြင့် " အမေ့သိုက်က လေးနှစ်တောင် လိုသေးတာပဲ "ဟု ဆိုလျှင် အမေက " ဟဲ့ ၁၉-နှစ်ကြီးများတောင် ဒုက္ခခံလာရတာ။ ဒီလေးငါးနှစ်က ဘာမှုစရာလိုသလဲ။ နင် အခု ရှာလို့ဖွေလို့ အဆင်ပြေနေတာလဲ ငါ့သောကြာသိုက်နား နီးလာတဲ့ကံကြောင့်၊ သိရဲ့လား ရဲဝင်းရဲ့ "
အမေသည် သူ့သောကြာသိုက်မာနဖြင့် ဆင်းရဲစဉ်၊ မပြည့်စုံစဉ်က နှိမ်ခဲ့ကြသော၊ အရေးမစိုက်ခဲ့ကြသော ဆွေမျိုးဥာတိတွေကို လှမ်းကာကြိမ်းသည်။ တစ်ခါတရံ ရိုက်ကွင်းပြေးရ၊ ဝတ္ထုရေးရနှင့် ပင်ပန်းနေသော ကျွန်တော့်ကို ကားတစ်စီးနှင့် ဟန်းဖုန်းတစ်လုံး ဝယ်ကာပေးသည်။ အဝေးတွင်ရောက်နေသော သူ့သားငယ်နှင့် မြေးဦးကလေးအတွက် အိမ်တစ်လုံးကို ဆောက်ပေးသည်။ မြန်မာနိုင်ငံက တန်ခိုးကြီးဘုရားတွေအားလုံးကို ဖူးပစ်လိုက်၏။ ပူပြင်းလွန်းသောနွေရာသီကို ပြင်ဦးလွင်နှင့်ခုခံရန် စီစဉ်သည်။ သို့သော် အားလုံးက သောကြာသိုက်ထဲသို့ ရောက်မှသာဖြစ်သည်။
ဝန်ထမ်းဘဝကလည်း အနားယူ၊ စီးပွားရေးကလည်း ဘာမှမလုပ်တတ်သော အမေသည် သောကြာသိုက်ထဲသို့ရောက်လျှင် ဝင်လာမည့်ငွေအလုံးအရင်းကို တစ်နေရာတည်းကသာ မျှော်လင့်ပါသည်။ ထိုနေရာက ထီပင်ဖြစ်သည်။ သောကြာသိုက်ထဲသို့ရောက်လျှင် ထီပေါက်မည်ဆိုသော အယူအဆသည် အမေ့အတွက် မျှော်လင့်ချက်တစ်ခု မဟုတ်တော့။ ကျိန်းသေ မလွဲသည့် ယုံကြည်မှုတစ်ခုဖြစ်လာသည်။
အမေသည် တခြားသောစကားများကို သည်းခံတတ်သော်လည်း " သွားစမ်းပါဟာ၊ နင့်သောကြာသိုက်က "ဆိုသည့်စကားကို အဖေကပြောလျှင် ကက်ကက်လန်အောင် ရန်တွေ့တတ်သည်။ ပြင်းပြင်းထန်ထန် စိတ်ဆိုးတတ်သည်။ အသက် ၅၆-နှစ်လောက်ရောက်ကတည်းက အမေ ထီကို ဂရုတစိုက်ထိုးလာသည်။ တစ်စောင်နှစ်စောင်ထိုးခြင်းမဟုတ်။ အမြင့်ဆုံးဆုအတွက် အုပ်လိုက်၊ အတွဲလိုက် မင်္ဂလာစုံတွဲများ၊ နံပါတ်ကွဲအက္ခရာတူများ၊ အက္ခရာလွဲနံပါတ်တူများကိုသာ ထိုးသည်။ ထိုသို့ ထက်သန်သောယုံကြည်ချက်ဖြင့် အားသွန်ခွန်စိုက်ရှိလှသော အမေ့ယုံကြည်ချက်ကို ကျွန်တော်တို့ မတားရဲတော့။ မနောက်ပြောင်ရဲတော့။ နှစ်ပေါင်း ၂၃-နှစ်တိုင်တိုင် တစ်ရက်ချင်းစီလာခဲ့ရသော အမေ၏ တစ်နေ့တစ်လံမဟုတ်လား။
ဒီကြားထဲ ရွှေတစ်ပိဿာ၊ ကားနှစ်စီးဆိုသော ထီဆိုင်ကြော်ငြာကလည်း နေ့စဉ် တီဗီမှာလာနေသည်လေ။ ထီပေါက်သူကို မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေထဲမှာ ဆုပေးနေပုံတွေ ပါလိုက်သေးသည်။ အမေက သူ့မျှော်လင့်ချက်ကို ပတ်ဝန်းကျင်က ရင်းနှီးသူတွေကိုပင် ပြောပြတတ်သည်။
" ရဲဝင်း နင်က သိန်း - ၃၆၀ ဆို ကားတစ်စင်းပဲ ရမှာဆို၊ အခု ငွေရော ကားနှစ်စင်းရောတဲ့။ တစ်စင်းကို နင်ယူ၊ တစ်စင်းကိုတော့ ဘယ်သူ့မှ မပေးနိုင်ဘူး။ ကိုယ့်ကားနဲ့ကိုယ် ဘုရားတွေဖူးရဦးမယ်။ ပြီးတော့ အသက်ကြီးလာရင် ကားလေးတစ်စင်းတော့ ရှိမှ။ ငါက ဘတ်စ်စီးရင် အမြဲမူးတတ်တာ။ ငါထီပေါက်ရင် နင့်အဖေတော့ ခွကျပြီ ရဲဝင်း။ အသက်က ခြောက်ဆယ်ကျော်ဆိုတော့ ဘောင်းဘီတွေဘာတွေလည်း ဝတ်မရ။ ရွှေဆွဲကြိုးတွေဘာတွေလည်း ဝတ်မရ။ ရေမွှေးလည်း ဆွတ်မရနဲ့။ ငါကတော့ ရွှေဘီးဆံပတ်နဲ့ ခန့်ခန့်ကြီး။ စိန်ကိုတော့ နားကပ်ပဲဝတ်မယ်။ တော်ပြီ။ နင်တို့အဖေကလည်း အစားကောင်းကောင်းပဲ စားချင်တာပါ။ အဲဒီကျမှ စားစမ်း "
" အမေကလည်း အခုရော မကျွေးတာကျနေတာပဲ "
" ဟဲ့ အခုဟာက နင်တို့လုပ်စာနဲ့ စားရတာ။ ဟိုဟာက ငါ့ငွေနဲ့၊ စားစား လှူလှူ တူမလား။ နင့်ကိုလည်း ငါ အေးအေးဆေးဆေး စာရေးနိုင်၊ သွားနိုင်လာနိုင်အောင် လုပ်ပေးမှာပါ။ အကုန်တော့ မမျှော်နဲ့ဆရာ။ တို့အဘိုးကြီးအဘွားကြီးလင်မယား ကျန်းမာရေးအတွက် ဘဏ်မှာတော့ ခွဲအပ်ထားရဦးမှာ။ ဘဏ်တိုးကလေးနဲ့ စား၊ လှူချင်တာလှူ၊ ဒါတွေရှိမှ ဖြစ်မှာ "
ညစာ အေးအေးဆေးဆေး စားပြီးချိန် မိသားစုစကားဝိုင်းတွင် အမေက သူ့သောကြာသိုက်ကို ထိုသို့ စီမံကိန်းများချကာ အားရဝမ်းသာ ပြောတတ်သည်။ အိမ်သို့ ညအိပ်တစ်ရက် လာလည်သော ကျွန်တော့်မိတ်ဆွေကပင် " မင်းအမေ ထီပေါက်ထားလား နီကိုရဲ "ဟု ကြိတ်မေးခံလိုက်ရသေးသည်။ သို့သော် အမေထိုးသည့် ထီတွေကတော့ အက္ခရာအပါအဝင် နှစ်လုံးလောက်အထိသာ ဆုသေးကလေးတွေမှာ တိုက်တတ်သည်။ သို့သော် အမေကတော့ စိတ်မပျက်။ သိန်း-၅၀လောက်မှာ ပေါက်သွားမှာကို စိုးရိမ်နေသေးသည်။ ထိုသို့နှင့် အမေအသက်-၅၀ပြည့်ရန် တစ်လနှင့် ဆယ်ရက်သာ လိုတော့သောနေ့သို့ ရောက်ကာလာသည်။
ထိုနေ့က ဆောင်းဦးရက်ထဲ ကျွံကျကျန်ခဲ့သောမိုးနှောင်းက အခွင့်ကောင်းရကာ ညသန်းခေါင်လောက်မှာ ထရွာသည်။ မနက်လင်းတော့ ဆောင်းအအေး မိုးလေအစိမ့်နှင့် အိပ်ရာထဲတွင် တော်တော်လေး နှပ်လို့ ကောင်းနေခဲ့သည်။ ကောင်းကင်တွင် ခဲသားပါးပါးမိုးတိမ် ပြန့်ကာနေသဖြင့် ပတ်ဝန်းကျင်ကလည်း ထိုင်းမှိုင်းကာနေသည်မို့ ကျွန်တော်တို့မိသားစုတွေ ဘယ်သူမှ ဈေးမသွားကြ။ ရှိတာလေးကို ချက်ပြုတ်စားဖို့ အားလုံးက သဘောတူကြသည်။ နေ့လယ်၁၂-နာရီလောက်မှာ မိုးက တစ်ကြိမ် ခပ်သော့သော့ကလေး ရွာချသွားသေး၏။ ကျွန်တော် ဆရာဦးခင်မောင်ရင်၏ ပေါ်ဦးသက်အလည်လာခြင်း စာအုပ်ကို ပြန်ထုတ်ဖတ်ကာ ဆေးပေါ့လိပ်ကလေးနှင့် နှပ်ရင်း တရေးပြန်လည် အိပ်ပျော်ကာသွားသည်။ ဆောင်းနှင့်မိုးရောသော နေ့လည်ခင်းတွင် အိပ်ရသဖြင့် တစ်ခန်းရပ်အိပ်မက် အတိုကလေးတွေ ကျွန်တော် အများကြီးမက်နေတုန်း လက်မောင်းကို အတင်းလှုပ်ကာနှိုးတာ ခံလိုက်ရသည်။
" မောင် ... မောင် .. ထ .. ထစမ်းပါ ... မောင့်အမေ ထီပေါက်လို့တဲ့ ... ထီ .. ထီ .. "
ကျွန်တော် ရုတ်တရက် အူကြောင်ကြောင်ဖြစ်ကာ နေသေးသည်။ ဇဝေဇဝါ ဘာမှ မကွဲပြားလှ။
" ထီပေါက်လို့ပါဆို။ အိမ်ရှေ့မှာ .. "
လေဒီချပ်ပြားက ကြောင်နေသောကျွန်တော့်ကို အတင်းလှုပ်ကာ ပြောရင်း အိမ်ရှေ့သို့ ပြေးထွက်သွားသည်။ အိမ်ရှေ့မှာ ဝရုန်းသုန်းကား အသံတွေကိုလည်း ကြားရသည်။
" ထီပေါက်ပြီ အမေရေ ... အမေတော့ ပေါက်ပြီ "ဟု အော်သော လူစိမ်းတစ်ယောက်အသံကိုလည်း ကြားရသည်။ ကျွန်တော် ဝုန်းကနဲ အိပ်ရာထဲက ပြေးထွက်ခဲ့သည်။ အိမ်ရှေ့ရောက်တော့ အမေ့ကို အဖေက ဖေးမကာ ထား၏။ ကျွန်တော်မမြင်ဖူးသောယောက်ျားသုံးယောက်နှင့် မိန်းကလေးနှစ်ယောက်လည်း အိမ်ပေါ်မှာ ရောက်နေကြသည်။ ခုံမှာ ဝင်ထိုင်သူက ထိုင်နေသည်။
" ငါ ထီပေါက်ပြီ ဟုတ်လား "
" ဟုတ်တယ် အမေရေ .. ပေါက်ပြီ။ အတိတ်နဲ့နိမိတ်ပဲ အမေရာ။ သားတို့လာရင် ပေါက်ပြီပေါ့။ ဟောဒီမှာ .. "
" ပေါက်ပြီ ဟုတ်လား။ ဟဲ့ .. ရဲဝင်း .. ကိုပိန် .. ထီ.. ထီလက်မှတ် ... "
" ထီလက်မှတ်က ဟောဒီမှာအမေ... ဒီမှာ ... သားက အမေ့အိမ်ကိုပဲ ရွေးပြီးဝင်လာတော့ ဇမ္ဗူဒိပ်နိမိတ်ပဲအမေ။ အမေပေါက်ပြီပေါ့။ မင်္ဂလာစုံတွဲပဲ အမေ "
" ဘုရားစင်ပေါ်မှာ အန်တီ။ ဘုရားစင်ပေါ်မှာ ထားတာမဟုတ်လား "
" ယူမယ်မဟုတ်လား အမေ။ မင်္ဂလာစုံတွဲပဲ၊ ငါ့အမေတော့ ပေါက်ပြီကွ ... သိလား "
ဝရုန်းသုန်းကားဖြစ်နေသူတွေကို ကျွန်တော် ချက်ချင်းထိန်းရသည်။ ပထမဦးဆုံး အော်လို့ငေါက်လို့ရတာက ကျွန်တော့်လေဒီချပ်ပြားပင်ဖြစ်သည်။
" ဟေ့ .. မင်း ခဏနေစမ်း။ ခဏ .. ဘာဖြစ်နေတာလဲ .. ဒီမှာ ... ခင်ဗျား ဘာပြောတာလဲ "
" ဟာ အကိုရယ်၊ ကျွန်တော်တို့က အမေ့အတွက် ထီလက်မှတ်လာရောင်းတာပါ။ ပေါက်ပြီအကို၊ ဒီမှာ ဂဏန်းတွေလည်း ကောင်းတယ်။ ကျွန်တော်က အမေ့အိမ်တစ်အိမ်တည်းကိုပဲ ဝင်တာပါ။ ကိုးအစ ကိုးနှစ်လုံးပူး အကို၊ အလယ်ဂဏန်းတွေလည်း ကောင်းတယ် "
" ဟုတ်ပါတယ်ရှင်။ ၇အစ ၂အဆုံးလည်း ပါတယ်။ ညီမတို့က အိမ်တိုင်ရာရောက် ပေါက်ဂဏန်းလာပေးတာပါ အကို။ ကြည့်ဦးမလား "
ကျွန်တော် ဒေါသတော်တော်ဖြစ်သွားသည်။ ရောင်နည်းဝယ်နည်း မျိုးစုံရှိပါလျက်နှင့် ဒီလို အိမ်ပေါ်ကို အော်ကြီးဟစ်ကျယ်တက်လာကာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိသည့် ရောင်းဝယ်နည်းကို ဘာ့ကြောင့် ကျင့်သုံးရသနည်း။ သူတို့လုပ်ပုံက အမေသာ နှလုံးရောဂါရှိလျှင် ချက်ချင်းမေ့ကာ လဲသွားနိုင်သည်။ အခုတောင် အမေ့ပုံစံက ပုံမှန်မဟုတ်။ အူတူတူဖြင့် နေသည်။ ကျွန်တော့်အနီးက ကောင်မလေးက လှမ်းကာကမ်းပေးသော ထီအုပ်ကို ကျွန်တော်ယူကြည့်ကာ ထီဆိုင်အမည်ကို မှတ်ထားလိုက်သည်။
" ကြည့်ပါအကို။ အကိုက ဘာနေ့သားလဲ၊ နေ့နံအလိုက် ထိုးချင်ရင်လည်း ..."
" ကျုပ် ဘာမှမထိုးဘူး။ ခင်ဗျားတို့လုပ်ပုံက ရင့်သီးလွန်း စော်ကားလွန်းတယ်ဗျာ။ ခင်ဗျားတို့ထီဆိုင်နာမည်ကို ကြည့်တာ။ ခင်ဗျားတို့ ထွက်သွားတော့ဗျာ။ တစ်စောင်မှ မထိုးနိုင်ဘူး "
ကျွန်တော်၏ခပ်မာမာစကားကြောင့် တစ်ယာက်တစ်ပေါက် ဝိုင်းပြောနေသံတွေ တိတ်သွား၏။ အမေ့ကို လှမ်းကြည့်တော့ အခုထိ နားလည်သေးပုံမပေါ်ချေ။
" အမေ ဘာမှမဟုတ်ဘူး။ အမေ့ကို ထီလာရောင်းတာ "
" ထီလာရောင်းတာ၊ ဟင် .. ခုနက ထီပေါက်ပြီဆိုပြီး အော်တက်လာတာ "
" ဟုတ်ပါတယ် အမေရယ်။ သားတို့ လာဘ်ဦးဖွင့်တဲ့အနေနဲ့ အမေနဲ့ထိုက်တဲ့ထီကို လာပေးတာပါ။ သားတို့ ဒီတစ်လမ်းလုံး အမေ့အိမ်ပဲ ဝင်တာပါ။ အမေနဲ့ ကံစပ်တယ်။ အမေ တစ်ခုခုတော့ အားပေးပါဦး "
" အမလေး ...ငါ့နှယ်ဟယ် လန့်သွားတာပဲ။ နင်တို့လုပ်ပုံကလည်း အော်ကြီးဟစ်ကျယ်ဆိုတော့ ... ပြစမ်း ... ဘာဂဏန်းတွေ ... "
ခုနက ရွှန်းရွှန်းဝေအောင်ပြောသူက တိတ်ကာ နဘေးမှ ရပ်နေသူက ဝင်ပြောခြင်းဖြစ်သည်။ အမေက သဘောပေါက်သွားကာ ထီလက်မှတ်တစ်အုပ်ကို ယူကာကြည့်၏။ ကျွန်တော်ဒေါသနှင့် အမေ့လက်ထဲက ထီလက်မှတ်တစ်အုပ်ကို ဆွဲယူကာ ပြန်ပစ်ရင်း " ကဲ .. ခင်ဗျားတို့ သွားကြတော့ဗျာ။ အိမ်ထဲကို ပိုင်စိုးပိုင်နင်း ဝင်လာတာပဲ တရားလွန်လှပြီ။ တစ်စောင်မှ မထိုးဘူးဗျာ။ ထွက်သွားကြ ... "
" ဟဲ့ ... ရဲဝင်းရယ်၊ နေစမ်း "
" အမေရယ် သားတို့က နိမိတ်နဲ့လာတဲ့သူတွေပါ။ နိမိတ်ကို မဖယ်ကောင်းပါဘူး အကိုရယ်။ အမေကြည့်ချင်နေတာ ပြလိုက်ပါ "
ယောက်ျားတစ်ယောက်နှင့် မိန်းကလေးနှစ်ဦးက အမေ့နားသို့ ဝိုင်းကပ်ကာ ထီလက်မှတ်တွေ ပြကြသည်။ ကျွန်တော်ဒေါသထွက်လိုက်တာ ပြောဖွယ်ရာမရှိ။ အမေကိုယ်တိုင်က လိုလားစွာ ယူပြီးကြည့်နေသဖြင့် ကျွန်တော်ဘာမှ မပြောသာတော့။ နိုင်ငံတော်အစိုးရက တရားဝင်ထုတ်ကာ ရောင်းခွင့်ပြုထားသောထီကို ရိုးသားစွာရောင်းသူ၊ ကြော်ငြာနှင့်ရောင်းသူများကို ကျွန်တော် ဘာမှမပြောလို။ ပြောစရာလည်းမရှိပါ။ အခုလို ရောင်းနည်းကတော့ အတင့်ရဲခြင်း၊ လူလည်ကျခြင်း၊ သိက္ခာမဲ့ခြင်းတို့ ပါဝင်သည်ဟု ကျွန်တော်ထင်သည်။ မျက်နှာပြောင်လည်း တိုက်နိုင်ကြပါပေသည်။ ထီလက်မှတ်က တရားဝင်ဖြစ်ကာ စစ်မှန်သည်မှာမှန်သော်လည်း ရောင်းချနည်းက ရိုးသားမှုကို လုံးဝမရှိ။
သူတို့ တစ်ယောက်တစ်ပေါက် ဝိုင်းပြောနေသော နိမိတ်၊ ကံတူအကျိုးပေး၊ လာဘ်ဦး၊ အမေ့ကံကို ကျွန်တော်တို့သိတယ် စသည့်စကားများကို အမေ မလွန်ဆန်နိုင်ပါ။ အမေ ဆယ်စောင်တွဲတစ်အုပ် ထိုးလိုက်သည်။ ပိုက်ဆံယူပြီး ပြန်ဆင်းတော့ " အမေပေါက်ရင် သား ဒီလိုပဲအော်ပြီးတော့ လာခဲ့မယ်နော် အမေ "ဟုပင် မျက်နှာပြောင်တိုက်ကာ ပြောသွားသေးသည်။
ဘာတတ်နိုင်ပါဦးမည်နည်း။ ကျွန်တော်ဒေါသထွက်ကာ အမေ့ကို စကားမပြော။ မျက်နှာက တော်တော့်ကို မခံချိမခံသာ ဖြစ်နေလိမ့်မည်ထင်သည်။ ကျွန်တော့်ဒေါသမြှားဦးက ဘယ်သူ့ဆီမှာ ဘယ်ဘက်မှာဆိုတာကိုလည်း မသိတော့။
" အမေလည်း အိပ်နေရာကနေ လန့်နိုးသွားတာ သားရဲ့။ သူတို့က ပေါက်ပြီအမေရေ့၊ ပေါက်ပြီဆိုပြီး ပြေးတက်လာကြတာကိုး။ အမေကလည်း ထီထိုးထားတော့ တကယ်ပဲ ........။ နိမိတ်ဆိုတာလည်း မဖယ်ကောင်းဘူးသားရဲ့"
" တော်ပါတော့အမေရာ။ ဒါ သက်သက်လုပ်သွားတာပဲ။ ထိုးကို မထိုးသင့်ဘူး။ ထိုးချင်ရင် ရိုးရိုးသားသားရောင်းတဲ့ ဆိုင်တွေမှာ ထိုးပေါ့။ အခုဟာ လုံးဝအဓိပ္ပါယ်မရှိဘူး "
" ဟဲ့ အဲဒီထီ ပေါက်သွားတော့ ဘယ့်နှယ်လုပ်မတုံး "
" သွားစမ်းပါအမေရာ။ ဘယ်လိုမှ မပေါက်နိုင်ဘူး။ ဒါ လူလည်အကျခံရတာ၊ နေ့ခင်းဘက်အိပ်ရင် ဝင်းတံခါးကို ပိတ်ထားကြစမ်းကွာ "
" ဟုတ်တယ်။ ဘာတွေမှန်းလည်း မသိဘူး။ အော်ကြီးဟစ်ကျယ်နဲ့ လန့်တောင်လန့်တယ်။ ထီရောင်းချင်ရင်လည်း အေးအေးသက်သာပေါ့ "
ကျွန်တော့်လေဒီချပ်ပြားကလည်း မကျေမနပ်ပြောကာ ဆင်းသွားရင်း ခြံဝင်းတံခါးကို သွားပိတ်သည်။ အဖေကတော့ ထုံးစံအတိုင်း တစ်ခွန်းမှမပြောဘဲ ပြန်ကာမှေးသည်။
" အဲဒါ နင်တို့လူငယ်တွေခက်တာပဲ။ ကံဆိုတာ ပြောလို့ရမလား။ ငါက သောကြာသိုက်ထဲရောက်တော့မှာ၊ ထီဖွင့်ရက်ဆို ရောက်ပြီ။ ကိုယ့်ဆီလာတဲ့ လာဘ်နဲ့ကံကို ဖယ်ရမှာလား။ နင်ပဲ ပြောဖူးတယ်လေ။ ဟိုစာရေးဆရာ ချစ်ဦးညိုဆိုတာ လက်ဘက်ရည်ဆိုင်ထိုင်ရင်း လက်ပွေ့သည်က ဘေးကလူကိုရောင်းတာ၊ သူက သနားလို့ဝယ်ရင်း ထီပေါက်တယ်ဆို။ ကဲ အဲဒီလိုဖြစ်ရင် ဘယ်နှယ့်လုပ်မလဲ "
ကျွန်တော် ဘာတစ်ခွန်းမှ မပြောနိုင်တော့။ အိမ်ရှေ့ကဖြတ်သွားသူတွေနှင့် အိမ်နီးချင်းတွေက ခုနကအော်သံ၊ ကျွန်တော်တို့ ခြံတံခါးပိတ်ဟန်တို့ကြောင့် အိမ်ကို ထူးဆန်းစွာ ခိုးကာငေးကြည့်ကြသည်။ အတော်ရင်းနှီးသော အိမ်နီးနားချင်းတစ်ဦးက အရဲစွန့်ကာ လာမေးသဖြင့် ကျွန်တော့်လေဒီချပ်ပြားက နှုတ်ခမ်းကိုထော်နေအောင် ချွန်ရင်း ခါးကလေးထောက်ကာ ရှင်းပြနေသည်။ ဒါတောင် မယုံကြသူတွေက ကျွန်တော်တို့အိမ် ထီပေါက်လို့ဆိုသော တီးတိုးစကားများ ထွက်လာကြသေးသည်။ ရှင်းပြတာကို ယုံသူတွေကတော့ ပြုံးကြသည်။
ထီထွက်တော့ ထိုနံပါတ်က မပေါက်။ မပေါက်တာမှ ဆုကြီးထဲမှာ ရှေ့ဆုံးကအက္ခရာပင်မပါ။ အမေ့သောကြာသိုက်ကတော့ ထီလက်မှတ်များကို မှန်မှန်ဝယ်ယူနေဆဲပင်ဖြစ်သည်။ ကျွန်တော် တော်တော်လေး ကျေနပ်သွားပါသည်။ အတင်းအဓမ္မ အရောင်းခံလိုက်ရသော၊ ဝယ်လိုက်ရသော အမေ့ထီလက်မှတ် မပေါက်သောကြောင့်ဖြစ်ပါသည်။ အမေ့သောကြာသိုက်ထဲမှာ ထီပေါက်မည်ဆိုလျှင်တောင်မှ ရိုးသားစွာရောင်းဝယ်သော ထီဆိုင်မှာသာ ပေါက်စေချင်ပါသည်ခင်ဗျား။
နီကိုရဲ
No comments:
Post a Comment