Mar 22, 2017

အလှရိုက် ဓာတ်ပုံတစ်ပုံ

“ အလှရိုက် ဓာတ်ပုံတစ်ပုံ ”

နောက်ဆုံးနှစ် စာမေးပွဲပြီးလို့ အိမ်ကိုပြန်လာတာနဲ့ အစ်မတွေကရော၊ ဆွေမျိုးသားချင်း ညီမ၀မ်းကွဲတွေကရော ၀ိုင်းပြောကြသည်။
“ ပြစမ်းပါဟယ်…နင့် ဓာတ်ပုံတွေ ”
ကျွန်မ စာအုပ်ကြို စာအုပ်ကြားတွေထဲမှာ လျှောက်ညှပ်ထားတဲ့ ဓာတ်ပုံကလေးတွေ ရှာဖွေပြီး သူတို့ကို ထုတ်ပြရသည်။ တက္ကသိုလ်ကျောင်းသူ ဘ၀ရဲ့ ကြည်နူးသာယာပုံလေးတွေ ထင်ဟပ်နေတဲ့ ဓာတ်ပုံတွေကို သူတို့အငမ်းမရ ကြည့်ချင်နေကြတာကိုး။ သူတို့တွေက ဆယ်တန်း မအောင်ကြသေးတော့ အမျိုးထဲမှာ ရှားရှားပါးပါး တက္ကသိုလ် ရောက်ခဲ့တဲ့ ကျွန်မရဲ့ဓာတ်ပုံကလေးတွေကို အားကျ ဂုဏ်ယူစွာနဲ့ ကြည့်ချင်ကြတာ မဆန်းပါဘူး။ ဒါပေမဲ့ ကျွန်မမှာက ပြစရာဆိုလို့ သူငယ်ချင်းတွေနဲ့ စုရိုက်ထားတဲ့ ပုံကလေး ၄၊၅၊၆ ပုံကလွဲလို့ မရှိ။ သည်တော့ သူတို့က အထင်သေးတဲ့အကြည့်နဲ့ ‘ ဟင် ’ ခနဲမြည်တမ်းကြသည်။ ကျွန်မကိုလည်း တော်တော်ထုံထိုင်းတဲ့ အ တဲ့ န တဲ့ မိန်းကလေးပါလားလို့ သူတို့ တွေးမိသွားကြပုံပါပဲ။ ကျွန်မကျောကို ဖြန်းခနဲ ပုတ်ပြီး အစ်မတွေက -
“ နင့်နှယ်ဟယ် အလှပုံကလေး ဘာလေးတွေ ရိုက်ခဲ့ရောပေါ့ ”
ကျွန်မကလည်း ကိုယ့်အကြောင်းနဲ့ကိုယ် မချိပြုံး ပြုံးပြလိုက်သည်။ သူတို့ပြောတဲ့ အလှပုံဆိုတာက လှိုင်းတွေ ပြေးဆော့နေတဲ့ အင်းလျားရေစပ်မှာ ဖြစ်ဖြစ်၊ ရွက်လွှင့်နေတဲ့ လှေကလေးတွေ နောက်ခံထားတဲ့ ဘုတ်ကလပ်မှာဖြစ်ဖြစ်၊ ခံ့ညားထည်ဝါတဲ့ ဘွဲ့နှင်းသဘင်အရိပ်မှာဖြစ်ဖြစ် မြူးလို့ ရွှင်လို့ တက္ကသိုလ်ကျောင်းသူတစ်ယောက်ရဲ့ ဟန်ပန်မူရာအပြည့်နဲ့ သားသားနားနား ရိုက်စေချင်တာလို့ တွေးမိရဲ့။ တကယ်တော့ အလှပုံဆိုတဲ့ အရာဟာ သူတို့ရဲ့ ညီမ၊ သူတို့ရဲ့အစ်မ ကျွန်မနဲ့ ဟပ်စပ်ပါ့မလား ဆိုတာတော့ တွေးမှ တွေးမိပါလေမလား မသိ။
သူတို့ပြန်သွားတော့ သနပ်ခါးစက်တွေ ပေကျံနေတဲ့ မှန်ကလေးကို အ၀တ်နဲ့ ပွတ်သပ်ပြီး ကျွန်မမျက်နှာကို ကျွန်မ ပြန်ကြည့်မိသည်။
ရှယ်သွယ်သွယ် မျက်နှာကျပုံက မဆိုးလှပေမဲ့ ရှေ့ကိုခုံးထွက်နေတဲ့ သွားဖုံးတွေက ကျွန်မစိတ်ကို နှောင့်ယှက်လို့နေသည်။ ပြုံးကြည့်လိုက်ပြန်တော့ သွားတွေက အပေါ်နှုတ်ခမ်းအောက်က ဖုံးမရ ဖိမရ ရှေ့ကို ခေါထွက်လာကြသည်။ ခပ်တည်တည်နေလိုက်ပြန်တော့ အလိုမကျလို့ နှုတ်ခမ်းစူထားသလို ချွန်ထွက်နေပြန်ရော။ သည်တော့ မှန်ကလေးကို စိတ်ပျက်လက်ပျက် ပစ်ချလိုက်မိသည်။
ဓာတ်ပုံရိုက်ရင် သည်နှုတ်ခမ်းအစုံက ဒုက္ခပေးစမြဲမို့ ကျွန်မ အမြဲရှောင်ခဲ့တာ ပြန်သတိရမိသည်။ မြို့နယ်သင်းနဲ့ စုဝေးရိုက်တာတို့၊ မေဂျာအလိုက် ရိုက်တာတို့ မပါမနေရပုံတွေက လွဲလို့ မရိုက်ဖြစ်ခဲ့။ အလှပုံဆိုတာတော့ ဝေးလာဝေး။ သူတို့ပြောမှ ပြောစေတော့၊ သူငယ်ချင်းတွေကြားမှာ ဓာတ်ပုံရိုက်ဖို့ခေါ်တိုင်း အတန်တန်ငြင်းဆန်ခဲ့တာတွေ ပြန်တွေးရင်း သက်ပြင်း ချလိုက်မိသည်။ သည်တုန်းကတည်းက ကိုယ့်ပုံပါရင် ပုံမကျ ပန်းမကျ သွင်ပြင်ကြောင့် ကောင်းကောင်းမွန်မွန် အချိုးတကျနေတတ်ကြတဲ့ သူတို့တစ်တွေပုံပါ ပျက်စီးမှာစိုးလို့ ရှောင်ဖယ်ခဲ့တာကို သူငယ်ချင်းတွေက နားမလည်။
“ လေးသီက သိပ်ကပ်စေးနှဲတာပဲ၊ ဓာတ်ပုံဖိုး ငါတို့ ပေးပါ့မယ်ဟ ”
သည်တော့လည်း သူတို့ စိတ်ကောက်မှာစိုးလို့ အားနာပါးနာ ၀င်ရိုက်ခဲ့ရပြန်သည်။ နှုတ်ခမ်းစူလို့ တစ်မျိုး၊ ယုန်ကလေးလို ရှေ့ထွက်နေတဲ့ သွားတွေနဲ့တစ်သွယ်။ ဘယ်ပုံကိုမှ စိတ်တိုင်းမကျခဲ့။ သည်တော့ ဓာတ်ပုံနဲ့ ကျွန်မ သဟဇာတမဖြစ်တိုင်း အားငယ်ရွံ့ထိတ်ကာ ဓာတ်ပုံဆိုလျှင် ဝေးဝေးကပင် ရှောင်ကြဉ်တတ်ခဲ့သည်။
ဘွဲ့နှင်းသဘင် ကျင်းပပြီးသည်အထိ ကျွန်မ ဓာတ်ပုံမရိုက်ဖြစ်ခဲ့သေးပေ။ သတင်းစာထဲက လှပ၀င့်ကြွားနေသော ဘွဲ့ဝတ်စုံနှင့် ပုံတွေကိုကြည့်ရင်း အဖေနှင့် အမေရော ဆွေမျိုးသားချင်းတွေကပါ ရောဂါတစ်မျိုး တက်လာကြပြန်သည်။
“ လေးသီ ၊ ဘွဲ့ဝတ်စုံနဲ့ ဘာနဲ့ ဓာတ်ပုံရိုက်ထားပါလားအေ ”
ဒါက အမေ့စကား။ ကျွန်မအထက် အစ်မနှစ်ယောက်ကလည်း -
“ ဟဲ့ ခင်လေးသီ…ဒီမှာ ညည်းသူငယ်ချင်း မြင့်မြင့်မေ ပုံပါလား၊ လှလိုက်တာနော်၊ ညည်း ဘွဲ့သွားမယူဖြစ်တာ အတူတူ၊ ဓာတ်ပုံတော့ ရိုက်ထားမှပေါ့ ”
သတင်းစာကို တဖြန့်ဖြန့်နှင့် ကျွန်မမျက်နှာနားထိမတက် တိုးကပ်ရင်း တိုက်တွန်းကြပြန်သည်။ ကျွန်မက သတင်းစာထဲက မြင့်မြင့်မေ ဓာတ်ပုံကို ၀မ်းသာအားကျစွာ ငေးမောမိသည်။ မြင့်မြင့်မေက ပထမနှစ်ကစပြီး ကျွန်မနှင့်တွဲလာသည့် သူငယ်ချင်း။
သူ့အလှက ဓာတ်ပုံထဲမှာရော အပြင်မှာပါ တောက်ပ၀ံ့ကြွားလှသည်။ သူ့မိဘတွေကလည်း အရာရှိကြီးတွေဆိုတော့ ဘွဲ့တက်ယူဖို့ ဘာမှ ပြဿနာမရှိ။ ကျွန်မမှာတော့ ရန်ကုန်နှင့် မိုင်ပေါင်း လေးရာကျော် ဝေးကွာသော ကမ္ဘာငယ်ကလေးတစ်ခုက တစ်လစာ တစ်လ တိုင်းထွာ စားသောက်ရသော မိသားစုထဲမှာ လူဖြစ်လာရသူပီပီ အဝေးရောက်ဘွဲ့ကိုသာ အလွယ်တကူ ယူဖြစ်ခဲ့သည်။
ရတနာမျိုးစုံဖြင့် တောက်ပ ထိန်လင်းနေမည့်၊ နံ့သာမွှေးမြ ထုံသင်းကာ ယမင်းရုပ်ကလေးတွေ လှုပ်ရှားနေကြမည့် ခန်းမထဲမှာ ပါမောက္ခချုပ်လက်က ဘွဲ့လက်မှက်ကို တက်ရောက်ယူခွင့် မရသဖြင့် ၀မ်းနည်းခြင်း မဖြစ်မိသော်လည်း ကိုယ့်သူငယ်ချင်းတွေပုံ ပါလာပြန်တော့လည်း ရင်ခုန် လှုပ်ရှားလာမိပြန်သည်။ ၀မ်းသာကြည်နူးစွာဖြင့် သတင်းဓာတ်ပုံကို စိုက်ကြည့်ရင်း ကိုယ်တွေ့မကြုံခဲ့ရသည့်အဖြစ်ကို တ သ သယောင် ခံစားလာမိရင်း အားငယ်လာမိသလိုလို။
သည်လိုနှင့် တစ်ပတ်ကျော်ကျော် ကြာသွားတော့ အမေ့ဆွေမျိုးသားချင်းတွေ အလည် ရောက်လာကြပြန်သည်။  ညီမ၀မ်းကွဲ ကလေးတွေက ကျွန်မစာအုပ်ဟောင်းတွေကို မွှေနှောက်ရင်း-
“ မမလေး…ဘွဲ့ဓာတ်ပုံ ရိုက်ပြီးပြီလား၊ သင်းတို့ ၀င်းတို့ကို တစ်ပုံစီပေးရမှာနော် ”
ဦးကြီးတွေ၊ ဒေါ်လေးတွေကပါ သည်စကားမျိုး ဆိုလာကြပြန်သည်။ ကျွန်မတို့ ဆွေမျိုးတစ်စုမှာက ကျွန်မထက်အကြီး အစ်ကို၊ အစ်မတွေရော ၀မ်းကွဲညီမတွေပါ ဆယ်တန်းမှာပဲ ၀ဲလှည့်နေကြမြဲ။ တချို့လည်း အလုပ်အကိုင်နှင့် အိမ်ထောင်ရက်သားသာ ကျကုန်ကြသည်၊ ဘွဲ့ရဖူးသူလို့ တစ်ယောက်မှ မရှိ။ သည်တော့ သူတို့ပြောသလိုဖြင့် ပေါက်ပေါက်ရောက်ရောက် တက္ကသိုလ်ရောက်ပြီး ဘွဲ့ကြီးတစ်ခုတောင် ရယူခဲ့တဲ့ ကျွန်မက ဘာလို့ ဘွဲ့ဝတ်စုံနဲ့ ဓာတ်ပုံမရိုက်ချင်ရတာလဲ၊ သူတို့ နားမလည်နိုင်ကြ။ သူတို့က ဒီဓာတ်ပုံကိုပြပြီး ဒါ ငါတို့ တူမပေါ့၊ နှမပေါ့၊ အစ်မပေါ့၊ ညီမပေါ့ စသည်ဖြင့် ဂုဏ်ယူချင်ကြသည်။
“ အင်းပါ…ရိုက်မှာပေါ့၊ ပေးတာပေါ့ ”
အလိုက်သင့်ပြောရင်း ရက်တွေ နေ့တွေ ကုန်လာပြန်သည်။ မှန်ပေါင်ဖြင့် ခံ့ထည် ၀င့်ဝါနေမည့် ဘွဲ့ဝတ်စုံနှင့် ဓာတ်ပုံကို ဧည့်ခန်းမှာ မတွေ့ရသေးလျှင် မေးလို့မြန်းလို့ ဆုံးကြတော့မှာ မဟုတ်။ သည်တော့ စကားနည်းပြီး ဘာသိဘာသာ နေတတ်သော အဖေကပင် -
“ လေးသီမ…သမီး ဓာတ်ပုံကလေး ဘာလေး ရိုက်ထားပါတော့လား ”
အဖေ ပြောတဲ့ ဓာတ်ပုံကလေး ဘာလေးဆိုတာ ဘယ်လိုပုံမျိုးဟု မေးနေစရာ မလိုပေ။ သည်တော့ ကျွန်မက သွားကလေး ဖြဲကာ -
“ ဓာတ်ပုံရိုက်ရင် လေးငါးဆယ်ကုန်မှာ အဖေရ၊ နှမြောစရာကြီး ”
“ အံမယ်….အဖေ ပေးပါ့မယ် သမီးရယ်၊ လဆန်းရင် ပြော၊ တစ်သက်မှ တစ်ခါ ရိုက်ရမယ့်ပုံပဲဟာ၊ ပေးရမှာပေါ့ ”
အဖေက အားတက်သရော ပြောလာတော့ အမေကလည်း အဖေ့စကားကို အပြုံးတွေနဲ့ ထောက်ခံနေလေရဲ့။ အဖေ့ ကွယ်ရာရောက်မှ အမေ့ကို ဆိုးနွဲ့ကာ-
“ အမေက ဘာသိလို့လဲဗျ။  ကျွန်တော်က ရုပ်ဆိုးပန်းဆိုးနဲ့ မရိုက်ချင်ပါဘူး ”
“ အံမယ်လေးဟဲ့ လေးသီမရယ်၊ ဆိုင်ပါဘူးအေ၊ ကိုယ် ပညာတတ်ထားတာပဲ၊ ဘယ်သူ့ ရှက်ရမလဲ၊ ညည်းအစ်မ အကြူတို့များဆို ရိုက်ချင်လျက်နဲ့ ရိုက်ရတာ မဟုတ်ဘူး ”
အမေ ပြောသလိုဖြင့် အဟုတ်သား။ အားတက်လာတော့သလိုလို။ ဒါပေမဲ့ အထွန့်တက်တတ်သည့် ထုံးစံအတိုင်း -
“ ကျွန်တော်က အလုပ်မှ မရသေးတာ အမေကလဲ၊ ဒီပုံကြီးမြင်ရင် ဘွဲ့ရအလုပ်လက်မဲ့ဘ၀ကို သတိရပြီး စိတ်မချမ်းမသာ ဖြစ်နေရမှာ ”
အမေက နှုတ်ခမ်းမဲ့ကာ ခေါင်းကို ညင်သာစွာထုပြီး ‘ တန်စမ်းပါအေ ’ ဟု ဆိုကာ လှည့်ထွက်သွားသည်။ သည်တော့ ကျွန်မ သိလိုက်ပြီ။ ရင်ထဲမှာ ပုန်းကွယ်ခိုအောင်းနေသည့် ဓာတ်ပုံရောဂါကလေးမှာ ဘေးပတ်ဝန်းကျင်က တွန်းထိုးစကားတွေကြောင့် ဘွားခနဲ လှုပ်ရှားလာကာ ကျွန်မစိတ်ကို တကျည်ကျည် တလောင်လောင် ပူလောင်စ ပြုလာပြီ။ မှန်ပေါင်နဲ့ ဘာနဲ့ဆိုတော့ ဘယ်လောက်ခံ့ညားမလဲ။ ကိုယ့်ကိုယ်ကို အားပေးမိလိုက်ပြီ။
××××××××××××××××××

ဆိုင်ထဲက ဓာတ်ပုံတွေက ကျွန်မတို့ ညီအစ်မနှစ်ယောက်ကို ပတ်ချာလည်ဝန်းရံနေကြသည်။ ရုပ်ရှင်မင်းသမီးတွေရှုံးအောင် လှမျိုးစုံ ယှက်ဖြာနေတဲ့ မိန်းမလှတွေရဲ့ ကမ္ဘာလေးတစ်ခုလို့ ဆိုရမလားပဲ။ စောင်းငဲ့လို့ တစ်မျိုး၊ မခို့တရို့တစ်သွယ် ရိုက်ထားကြတဲ့ ဓာတ်ပုံတွေက ကျွန်မကို လှောင်ပြောင်နေကြသည့်အလား။ လက်ဖျား ခြေဖျားတွေ အေးစက်စ ပြုချိန်မှာ ဆိုင်ထဲက မျက်စိမှေးမှေးနဲ့ တရုတ်သွေးပါတဲ့ မိန်းမရွယ်တစ်ယောက် ထွက်လာပြီး ပြုံးချိုဖော်ရွေစွာနဲ့ -
“ ဓာတ်ပုံ ရိုက်မလို့လား၊ ကြည့်ဦးလေ၊ ဘယ်ပုံမျိုး ရိုက်ချင်သလဲ၊ အလှရိုက်လား၊ လိုင်စင်ပုံလား ”
အစ်မကြူက အိုးတိုးအတ ကျွန်မကို လက်ညှိုးညွှန်ပြပြီး -
“ ဒီက ညီမလေး ရိုက်မှာပါ၊ ဘွဲ့ဝတ်စုံနဲ့ ဓာတ်ပုံလေ။ ၀တ်စုံတွေ ရှိတယ်မဟုတ်လား၊ အလျင်တစ်ခါ ကြူ့သူငယ်ချင်းတစ်ယောက် ရိုက်သလိုပေါ့ ”
“ သြော်….သြော်…ညီမလေးက ဘွဲ့ရပြီးသားလား၊ ဘာလို့ အခုမှ ရိုက်ရသလဲ၊ သူများတွေဆို အစောကတည်းက ရိုက်ပြီးကြပြီ။ ခဏနော် ကျွန်မ ယူပြမယ် ”
အခန်းကလေးထဲကို ခဏ၀င်သွားပြီး ပြန်ထွက်လာသည်။ ဘွဲ့ဝတ်စုံတွေနဲ့ ရိုက်ထားကြတဲ့ အယ်လဘန် အသေးကလေး တစ်ခု ချပေးသည်။ ပုံကြီးချဲ့ထားတဲ့ ခေါင်းရင်းနံရံက ပုံတွေလည်း ညွှန်ပြရင်း တတွတ်တွတ်နဲ့ ဘယ်လိုပုံမျိုးကြိုက်သလဲ မေးရတာ အမော။ ကျွန်မက မမကြူကို အားကိုးတကြီး ကြည့်လိုက်တော့ မမကြူက ပါးနပ်တဲ့ မိန်းမကြီး ပုံစံနဲ့ -
“ လေးသီက မေးရိုးသွယ်တော့ တစောင်းရိုက်ရင် လှမှာ မဟုတ်ဘူး၊ တည့်တည့်ရိုက်ပေါ့၊ ကဲ….ဈေးလည်း ပြောပါဦး ”
ဈေးစကား ဆိုကြပြီးတဲ့နောက် ကျဉ်းမြောင်း မှောင်မည်းနေတဲ့အခန်းကျဉ်းကလေးထဲ ၀င်သွားကြသည်။ လှောင်ပိတ်နေလို့ အနံ့အသက်တွေကလည်း အောက်သိုးသိုးနဲ့၊ အပေါစား ရေမွှေးနံ့ ပေါင်ဒါနံ့ တချို့ထွက်နေသည်။ မှန်တင်ခုံကြီးကြီးတစ်ခုရှေ့မှာ ကျွန်မကို ထိုင်ခိုင်းလိုက်သည်။ မီးတွေ ဖျတ်ခနဲလင်းလာသည်။
ကျွန်မက မျက်တောင် ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း နားဝေတိမ်တောင် ငေးနေမိဆဲ ဖလင်ဆေးခန်းထဲက တရုတ်လူရွယ်တစ်ယောက် ထွက်လာပြီး ကျွန်မတို့ကို စောင်းငဲ့ကြည့်ပြီး ပြန်ဝင်အသွား သွက်လက် ဖျတ်လတ်တဲ့ အမျိုးသမီးက ဘူးတစ်ခုနဲ့ သပ်သပ်ရပ်ရပ်ထည့်ထားတဲ့ ဆံထုံးပုံကလေး သုံးခု ယူလာသည်။ မုန့်ကြိုးလိမ်လို ခွေလိမ်ချွန်တက်နေတဲ့ ဆံထုံးတစ်ခုနဲ့ ကျစ်ဆံမြီး အသွယ်သွယ်ဘေးအနားက ကပ်ထားတဲ့ ခပ်ပြားပြား ဆံထုံးတစ်ခု၊ ပြီးတော့ ဘီးဆံထုံးလိုပုံက တစ်မျိုး။ နာမည်တွေကိုတော့ ကျွန်မ မခေါ်တတ်။ ဘယ်ဆံထုံးကို ကြိုက်သလဲ မေးတော့လည်း ကျွန်မ မဖြေတတ်။ မမကြူက ကျွန်မမျက်နှာကို စောင်းငဲ့ကြည့်ပြီး ပြုံးရင်း-
“ မျက်နှာကို အလျင်ပြင်ကြည့်ကြတာပေါ့၊ ပြီးမှ ဆံပင်တပ်ရင် ကောင်းမယ် ”
ဆိုင်ရှင်အမျိုးသမီးက ကျွန်မဆံပင်တွေကို ရှင်းပေးပြီးတော့ မျက်နှာ အသစ်ခိုင်းသည်။ ပြီးတော့ ပါးပေါ်မှာ မိတ်ကပ်နီနီတွေ အောက်ခံလိမ်းတော့သည်။ ခဏကြာသွားပြီးတဲ့နောက် မှန်ထဲမှာ ကျွန်မနဲ့ မတူတဲ့ မိတ်ကပ်တွေ ပိန်းပိန်းထူနေတဲ့ မိန်းကလေးတစ်ယောက်ပုံရိပ် ထင်လို့လာသည်။ မည်းနက်ရှည်လျားတဲ့ မျက်တောင်ကော့ကြီးတွေကြောင့် မျက်လုံးဟာ နဂိုကထက် ပြူးကျယ်ဝိုင်းစက်လို့နေသည်။ အံ့သြစရာပါပဲ၊ နီရဲတဲ့ နှုတ်ခမ်းတွေဟာ ပြုံးရတော့မလို မဲ့ရတော့မလို။ အပြင်မှာဆို ဒီနှုတ်ခမ်းဆိုးဆေး အရောင်တွေက စူးစူးရဲရဲရှိလှပေမဲ့ ဓာတ်ပုံထဲမှာမို့ ရှိစေတော့။ ဘာမှ ပြန်မပြောမိ။
ပြီးတော့ ဆံထုံး ထုံးဖို့ ကျွန်မဆံပင်တွေကို ထိပ်မှာစုပြီး တင်းတင်းချည်နှောင်လိုက်တဲ့အခါ ဦးရေတွေတောင် နာကျင်လို့လာသည်။ နဂိုဆံပင်ကလေးတွေကို ခေါင်းထိပ်မှာ ခွေဖျောက်ပြီး အပေါ်က ဆံထုံးပုံကိုတပ်၊ ဘေးနားမှာ ခွေခွေလိပ်လိပ် ဆံပင် တစ်ဖက် တစ်စစီ ကျအောင်ပြင်ပေးသည်။ ဆံထုံးပုံအမျိုးမျိုးကို စမ်းကပ်ကြည့်ပြီးမှ နောက်ဆုံး သည်ပုံစံကို ပြင်ဖြစ်ခြင်းဖြစ်သည်။ ဆံညှပ်တွေထိုးလို့ ခေါင်းမှာ နာကျင်နေပြီ။ မိတ်ကပ်ကြောင့် ပါးပြင်လည်း တင်းနေပြီ။
အချိန်တော်တော်လေး ကြာသွားသည်။ ဖြီးလိမ်းပြင်ဆင်ပြီးတော့ ၀တ်စားဆင်ယင်ဖို့ ရွေးရပြန်သည်။ အမေပေးလိုက်တဲ့ ဘရိုကိတ် လုံချည်က ပြောင်ပြောင်ရောင်ရောင် ရှိလှပေမဲ့ ခေတ်တိမ်သွားပြီ။ အစ်မ၀မ်းကွဲ တစ်ယောက်ဆီက ငှားလာတဲ့ ရောင်စုံချိတ်ထဘီကတော့ မဆိုးလှ။ အချိတ်စင်းစင်းသေးသေးကလေးတွေနဲ့မို့ မမကြူက လိုက်ရန်ကောလို့ ဆိုသည်။ ဆိုင်က အမျိုးသမီးက ထောက်ခံပြီး သည်လုံချည်ကို ၀တ်ဖို့ အတည်ပြုလိုက်ကြသည်။ ကျွန်မမှာ လက်ဖျားထိ ရှည်တဲ့ လက်ရှည်မရှိတော့ ပွပွဖားဖား မမကြူ အင်္ကျီကို ကမန်းကတန်း သီချုပ်ချုပ်လာတဲ့ နံ့သာရောင် ဖော့ရှန် အင်္ကျီကို ၀တ်ရသည်။ ပြီးတော့ မနေ့ကမှ တစ်ဈေးလုံး အနှံ့ရှာပြီး ၀ယ်လာရတဲ့ ခုံမြင့်မြင့် ဖိနပ်တစ်ရန်။ ညိုမည်းမည်း ခြေထောက်တွေကို ငုံ့ကြည့်ပြီး ခြေက တစ်မျိုး၊ ခေါင်းက တစ်ဖုံဖြစ်နေတဲ့ ကိုယ့်ကိုယ်ကို ပြုံးမိသည်။ အားလုံးပြီးတော့ ပြောင်ပြောင်လက်လက် အဆင်တန်ဆာတွေ ဆင်ရပြန်သည်။
ပြီးတော့ ခေါက်ရိုးရာတွေ ထင်နေတဲ့ ဘွဲ့ဝတ်စုံတစ်ခု ထုတ်လာသည်။ ဖြန့်ကြည့်လိုက်တော့ -
“ ဟင်…ဒါက ၀ိဇ္ဇာဘွဲ့တွေ ၀တ်ရတာမျိုးပဲ၊ ကျွန်တော် ၀တ်လို့ ဖြစ်ပါ့မလား ”
မမကြူက မရှည်နဲ့လို့ မျက်ရိပ်ပြကာ -
“ အို…နင်ကလည်း ဘယ်သူ မြင်တာလိုက်လို့၊ ဓာတ်ပုံထဲမှာ မပေါ်ပါဘူး ”
“ ဟုတ်ပါတယ် ညီမရဲ့၊ ကဲ…ကဲ…၀တ်ကြည့်ပါဦး ”
ပန်းရောင်အစင်းတွေနဲ့ မည်းနက်တဲ့ ၀တ်ရုံရှည်အောက်က ကျွန်မ။
“ အံမယ်…ဒီလိုဆိုတော့ ငါ့ညီမက ဘယ်ခေမလဲ ”
မမကြူက အားရပါးရ မှတ်ချက်ချလိုက်ပြီး ဘယ်က ဆွဲလာမှန်းမသိတဲ့ စက္ကူဖြူစာရွက်ကို ခွေလိပ်လို့ လက်မှာကိုင်ဖို့ ပေးသည်။
အမေသာမြင်ရင် ဘယ်လောက် ကောင်းမလဲ။ မှန်ထဲက ပုံရိပ်က ကျွန်မကိုယ် ကျွန်မ သွေးကြီးချင်စရာ။
စူးရှတဲ့ မီးလုံးတွေရှေ့မှာ ချွေးစေးတွေ ပြန်လာသည်။ လင်းလက်စူးရှတဲ့ မီးရောင်တွေကြောင့် မျက်တောင်တဖျပ်ဖျပ် ခတ်မိသည်။ ချွေးတွေက ၀တ်စုံအောက်မှာ ရွှဲရွှဲစိုနေပြီး နဖူးဆီကလည်း စီးကျလာလုမတက်။
မျက်လုံးတွေက မည်းနက်နက် ကင်မရာဆီကိုကြည့်ရင်း ကြောက်ရွံ့ထိတ်လန့်လာပြီ။ နှုတ်ခမ်းတွေကို စေ့ထားရမလို ပြုံးနေရမလို။
သူတို့က ဘေးကနေပြီး -
“ ပြုံးပြုံးကလေး….ပြုံးပြုံးကလေး ”
အားပေးနေကြသည်။ တရုတ်လူရွယ်က ဓာတ်ပုံရိုက်ဖို့ စ ပြင်သည်။ သက်ပြင်းတစ်ချက် တိတ်တခိုး ရှိုက်လိုက်မိသည်။ မီးရောင်ကြောင့် မျက်တောင်တွေ လေးလာသည်။ ကြီးမားတဲ့ ဆံထုံးကြောင့် လည်ပင်းတွေ နာလာပြီ။
“ ကဲ…ရိုက်မယ်၊ ငြိမ်ငြိမ်နေ၊ မျက်တောင် မခတ်နဲ့ ”
ယင်ကောင်တစ်ကောင်က ရှည်လျားတဲ့ မျက်တောင်တွန့်ပေါ်မှာ ဖြုန်းခနဲဝဲပျံရောက်အလာ ကမန်းကတန်း မျက်တောင်အခတ် ချပ်ခနဲ ဓာတ်ပုံအရိုက်နဲ့ သွားတိုးတာကြောင့် တစ်ပုံ ပျက်သွားရသည်။
နောက်တစ်ပုံထပ်ရိုက်ဖို့ စောင့်ရင်း စိတ်ကောလူကော တင်းကျပ်မောဟိုက်လာသည်။ ထွက်ပြေးချင်လာပြီ။ အလှဆုံး နေလိုက်မယ်ဆိုတဲ့ အတွေးတွေလည်း ဘယ်ဆီ လွင့်သွားပြီမသိ။ ညွှတ်ကွေးလာတဲ့ ဒူးတွေကို တောင့်မတ်ဖို့ ပြင်ဆဲမှာပဲ ဓာတ်ပုံရိုက်လို့ ပြီးသွားသည်။
×××××××××××××××××××

“ အမေ မွေးကတည်းကပင် စိန်ပါတီ ရုပ်ရည်မလှသရှင်…ပုဗ္ဗေစ ကတပုညာတင်…စံပယ်တင် ယဉ်ပါသော်ကော မောင့်သဘောက….. ”
ရေဒီယိုက ခေတ်ဟောင်းတေးသံက စူးရှရှ ကျယ်ကျယ်လောင်လောင်။ အစ်မတွေ၊ ညီမတွေက ပူပူနွေးနွေးရလာတဲ့ ဓာတ်ပုံကို ၀ိုင်းကြည့်နေကြသည်။ သည်တစ်ခါတော့ ငါ့ကို တစ်ပုံပေးပါလို့ ဘယ်သူမှ မဆိုကြတော့။
ကော့ညွှတ်ကွေးတဲ့ မျက်တောင်တု တစ်ဖက်က အောက်သို့ စင်းကျကာ ခပ်ဟဟ နှုတ်ခမ်းအစုံက ရှေ့သွားတွေ ထွက်ပြူနေတဲ့ ကျွန်မ ဓာတ်ပုံ၊ ကြောက်ရွံ့အားငယ်စိတ်ကို ဖော်ပြနေကြတဲ့ မျက်လုံးတွေနဲ့။
ကျွန်မက မမကြူလက်က လုကာ ဆွဲဆုတ်ပစ်ဖို့ ကြိုးစားသည်။ မမကြူက ပျာပျာသလဲ ရှောင်တိမ်းရင်း -
“ အို…ဟဲ့…မလုပ်ပါနဲ့၊ ငါးဆယ်တောင် အကုန်ခံထားရတာ ”
အမေက စာကြည့်မျက်မှန်ကလေးကိုတပ်ကာ အသေအချာ စူးစိုက်ပြီး -
“ လေးသီက မကောင်းဘူး ထင်လို့သာ၊ အမေ့ မျက်စိထဲဖြင့် အလှသား၊ အိုအေ…ဘယ်သူ မကောင်းဘူးပြောပြော အမေ သဘောကျရင် ပြီးတာပဲ၊ ပုံကြီးချဲ့ပြီး မှန်ပေါင်သွင်းရမယ် ”
သည်လိုနှင့် သုံးနှစ်ကြာသွား၏။ ဧည့်ခန်းမှာ ချိတ်ဆွဲထားသော ဓာတ်ပုံကြီးကို အမေ တစ်ယောက်သာ တယုတယနှင့် ဂရုစိုက်ကြည့်မယ့်သူ ရှိတော့သည်။ ပင့်ကူမျှင် မတန်းအောင် ဖုန်ခါတတ်သည်။ ကြာတော့လည်း ဘွဲ့တစ်ခုရခြင်းမှာ ဂုဏ်ယူစရာ မပြောပလောက်ဘဲ ထိုဘွဲ့နှင့်ပင် အလုပ်လက်မဲ့ဖြစ်နေသော ဘ၀ကိုသာ လက်ညှိုးထိုးပြစရာ ဖြစ်လာတော့သည်။ ကျွန်မမှာ မလှပသော ထိုဓာတ်ပုံအတွက် အားငယ်စိတ် မရှိတော့။ ဘွဲ့ဝတ်စုံနှင့် ပုံကြီးကြီးချိတ်ကာ ဆွေမျိုးတွေကြားမှာ ကြွားပြချင်တတ်သေးသော အဖေနှင့် အမေ့ကိုသာ သနားလာသည်။
ထိုပုံကိုမြင်တိုင်း စိတ်နာနာနှင့် မျက်နှာလွှဲတတ်မြဲ။ ၀ါစက်မှာ တစ်နေ့ခြောက်ကျပ်ခွဲနှင့် နေ့စား အလုပ်သမတစ်ယောက်အဖြစ်ကို မရောင့်ရဲနိုင် မဖြစ်မိသော်လည်း လေးနှစ်တာလုံးလုံး ခြိုးခြံစုဆောင်းပြီး ကျောင်းပို့ခဲ့ရသဖြင့် လုံးပါးခဲ့ရသော အိမ်စီးပွားရေးကို ဖြည့်ဆည်းမပေးနိုင်သဖြင့် စိတ်မကောင်း။ အဖေလည်း ပင်စင်ယူလိုက်ပြီ။ တစ်အိမ်လုံး စာရေးမလုပ်နေသည့် မမမူ၏ ပုံမှန်လစာကိုသာ အားထားနေသည်။ ကျွန်မအလုပ်က တစ်နေ့ရွှေ တစ်နေ့ငွေမို့ ကံသေကံမ တွက်မရ။ သည်တော့ အမေပြောသလို ထူးချွန် ထွန်းပေါက်ကာ ပညာတတ်မြောက်ခဲ့ခြင်း၏ အမှတ်အသားတစ်ခုဖြစ်သော သည်ဓာတ်ပုံကပင် ခြောက်အိပ်မက်တစ်ခုလို အစဉ် ခြောက်လှန့်စရာ အမေးပုစ္ဆာတစ်ခု ဖြစ်လာသည်။
မလှမပ မွေးလာတဲ့ အမေ့ကိုလား၊ ဘွဲ့တစ်ခု ရလာတဲ့ သမီးကို အကြံအဖန်တွေနဲ့ အလုပ်ရှာမပေးတတ်တဲ့ အဖေ့ကိုလား၊ ကျီးတစ်အုပ်လို ၀ိုင်းပြီးဝေဖန်တတ်တဲ့ ဆွေမျိုးသားချင်းတွေကိုပဲလား၊ အမြဲအားငယ် ကြောက်ရွံ့တတ်တဲ့ ကိုယ့်ကိုယ်ကိုပဲလား။ ဘယ်သူ့ကို အပြစ်တင်ရမှန်း မသိ။ ရင်ထဲမှာ စူးရှနာကျင်လို့လာသည်။ အလုပ်စာမေးပွဲတွေကလည်း ဖြေလိုက်၊ ကျလိုက်၊ မျောက်သစ်ကိုင်းလွတ်သလိုပါပဲ။ စာမေးပွဲဖြေဖို့ စရိတ်ဆိုတာလည်း ဘွဲ့တစ်ခု ရထားလို့သာ ရနိုးနိုး သွားသွား ဖြေနေရသည်။ ကြွေးက ထပ်ထပ် တင်လာသည်။
ဓာတ်ပုံက ကျွန်မကို ခြောက်လှန့်ဆဲ။ အံကိုတင်းတင်းကြိတ်ရင်း ချာခနဲတစ်ဖက်လှည့် ကျောပေးသွားတဲ့ ကျွန်မ ကျောပြင်ကို အမြဲကြောက်ရွံ့အားငယ်နေတတ်တဲ့ မျက်လုံးတွေနဲ့ မှန်ပေါင်ထဲက ဓာတ်ပုံက စူးစိုက်ကြည့်နေလိမ့်မည်။ သည်ပုံထဲက ကျွန်မ အမြဲအားငယ်လို့ နေမည်။ ကြောက်ရွံ့လို့ နေမည်။ ဘာမှ မသိနားမလည်တဲ့ ပုံသဏ္ဍာန်နဲ့ အေးစက်တဲ့ မှန်ပေါင်ထဲက အသေလို ငြိမ်သက်လို့နေမည်။
ကျွန်မ ပြန်လှည့်လာသည်။ ဒေါသနှင့် လက်တွေကို စုံမြှောက်ပြီး မှန်ကို ရိုက်လို့ ခွဲပစ်လိုက်သည်။ ရုတ်တရတ် ကွဲမသွား။ ဆိုင်းထားတဲ့ ကြိုးတွေက လျော့ပြေလာသည်။ အတင်း အားစိုက်ပြီး ရိုက်ချလိုက်သည်။ စိုက်ကျလာသည့် ဓာတ်ပုံက ကျွန်မ ချိုစောင်းကို ခပ်ပြင်းပြင်း ရိုက်ခတ်ပြီး စားပွဲစွန်းနှင့် ဆောင့်ကာအောက်ကို ပြုတ်ကျသွားလျက် ချွင်ခနဲ အသံနဲ့ မှန်ကွဲတွေ လွင့်စဉ်လာသည်။ ခေါင်းဆီက ပူခနဲဖြစ်ပြီး ဆံစတွေကြားက သွေးတွေ စိမ့်ယိုလို့လာသည်။ အမှတ်မဲ့ စမ်းလို်က်တဲ့ ကျွန်မ လက်တွေမှာ သွေးစနဲ့ ခြင်းခြင်းနီရဲလို့။
မီးဖိုထဲက အမေက ပျာပျာသလဲ ပြေးထွက်လာပြီး သမီး အဖြစ်ကို တအံ့တသြ ကြည့်သည်။ အဖြစ်ဆိုးရှာတဲ့ ဓာတ်ပုံကလေးကတော့ စိစိညက်ညက်ကြေမွနေတဲ့ မှန်စတွေရဲ့ အလယ်မှာ ၀မ်းနည်းပက်လက် မျက်နှာငယ်လေးနဲ့ ကြည့်နေဆဲ။
နီရဲလတ်ဆက်ပြီး ပူနွေးတဲ့ သွေးတွေ စွန်းပေနေတဲ့ လက်တွေကိုပြန်ကြည့်ပြီး ကျွန်မ ပြုံးသည်။ အလျင်က တစ်ခါမှ မပြုံးခဲ့ဖူးတဲ့ အားတက်တဲ့အပြုံး၊ တောက်ပတဲ့ အပြုံး။
သည်သွေးတွေက ခြောက်လှန့်တတ်တဲ့ အမေးပုစ္ဆာတွေကို အဖြေရှာလို့ပေးလိမ့်မည်။ ပြီးတော့ ကျွန်မဘ၀ကို အသစ်ပြန်လည်လို့ မွေးဖွားစေလိမ့်မည်။

ခင်မြဇင်
သာရမဂ္ဂဇင်း၊ ဇူလိုင်လ၊ ၁၉၈၈

No comments:

Post a Comment