မောင်ဝါဝါနှင့် မြန်မာဗုတ်ဒေါ
.
မြန်မာပြည်တလွှား သီချင်းဆိုပြိုင်ပွဲများ အလွန်ခေတ်စားသော အချိန်ကာလ ဖြစ်လေသည်။ ၄င်းပြိုင်ပွဲများတွင် အနိုင်ယူပြီး ဆုရရှိသည့် အဆိုတော်များလည်း လူကြိုက်များ ရေပန်းစားသည်။ ထုံးစံအတိုင်း မောင်ဝါဝါ ရောဂါတက်ပြီပေါ့။ အဆိုပြိုင်ပွဲ ဝင်ပြိုင်ပြီး ဆုရရှိလျှင် ပရိသတ်တွေ အများကြီးရမည်။ ဒါဆို အခွေထုတ်လျှင် ပရိသတ်ရှိပြီးသား ဖြစ်သဖြင့် အလွယ်လေးနှင့် နာမည်ကျော် အဆိုတော်ကြီးဖြစ်ပြီး အခွေတွေ အများကြီး ရောင်းရမည်။ ဘယ်ပွဲ ဝင်ပြိုင်ရမလဲ စုံစမ်းတော့ တွေ့ပါပြီ။ လူကြိုက်များသော ပြိုင်ပွဲတွေထဲကမှ လူကြိုက်အများဆုံးပြိုင်ပွဲ။ “မြန်မာဗုတ်ဒေါ” တဲ့။ ဘယ်လို နာမည်ကြီးပါလိမ့်ဟု အစကတော့ စဉ်းစားမရ။ နောက်မှ လူပြောသူပြောနှင့် သိရသည်။ သီချင်းဆို ကောင်းရုံနဲ့မပြီး၊ ပရိသတ်များက သူတို့အားပေးကြောင်း ပြသည့်အနေနှင့် “ဗုတ်”ဟူသည့် မဲများပေးတော့မှ မြန်မာ တစ်မျိုးသားလုံး၏ “အိုင်ဒေါ”ဟု အဓိပ္ပါယ်ရသည့် စံပြပုဂ္ဂိုလ် ဖြစ်မှာမို့လို့ “မြန်မာဗုတ်ဒေါ” ဟု ခေါ်သတဲ့။
.
ပထမဆုံး တီးလုံးမပါ ဘာမပါနှင့် အလွတ်ဆိုရသည့် အဆင့်မှာပင် မောင်ဝါဝါ အလွယ်ဆုံး သီချင်းကို ရွေးသည်။ စွပ်ကျယ် အစုတ်ကလေးဝတ်၊ ပုဆိုးကွင်းသိုင်းပြီး တစ်ကိုယ်လုံး ရွှဲနေအောင် ရေလောင်းကာ “မိုးရွာရင် မိုးရေကျိုးမယ်၊ မေမေလာရင် နို့ကျို့မယ်၊ ဖေဖေလာရင် အုန်းတီးခွဲကျား မယ်” ဟု ကလေးသံဖြင့် မပီကလာ ပီကလာ ညောင်နာနာ ဆိုပြလိုက်သည်။ သီချင်းဆို ဘယ်လောက် ကောင်းသလဲ မမေးနဲ့။ စဆိုကတည်းက ဒိုင်သုံးယောက်လုံး အိပ်ငိုက်ကုန်တဲ့အထိပဲ။ ဒိုင်ဖြစ်သည့် အန်တီနှစ်ဦး နိုးလည်းလာရော သီချင်းဆိုတာ မကြားလိုက်သော်လည်း မောင်ဝါဝါ့ပုံကြည့်ပြီး ပါဖောင်းမန့်ကို သဘောအကျကြီးကျကာ “ရက်စ်”ဟု အကျယ်ကြီး ထအော်တော့မှ နောက်ထပ် ဒိုင်တစ်ဦး ဖြစ်သည့် ဦးလေးကြီး ငိုက်ရာမှ လန့်နိုးလာသည်။ ထိုဦးလေးကြီးက မောင်ဝါဝါ့ကို သိပ်မကြိုက်ပေမယ့် တခြားဒိုင်နှစ်ဦးဆီက “ရက်စ်”တွေ ရပြီးသားမို့ ငြင်းမရဘဲ ခွင့်ပြုလိုက်ရသည်။
.
ဒါတောင် မောင်ဝါဝါ့ကို လက်ညှိုးတထောင်ထောင်ဖြင့် ပြောသေး။ “အန်ကယ် အိပ်နေလို့ မင်း ကံကောင်း သွားတယ်မှတ်၊ နောက်တစ်ခါတော့ အန်ကယ့်ကို နှိုးကြနော်.. အဲလေ၊ အန်ကယ်က နိုးပြီနော်.. ဟင်းဟင်း” တဲ့။ နောက်တစ်ဆင့် ကျတော့ ပိုခက်လာ၏။ “ဘလိုင်းအော်ဒစ်ရှင်” ဆိုတော့ မျက်လုံးမှိတ် ဆိုရမယ်ထင်ပြီး စင်ပေါ်ကို မျက်လုံးစုံမှိတ်ကာ မမြင်မစမ်း တက်သွားမိသဖြင့် လှေကားမှ ချော်ကျပြီး မောင်ဝါဝါ ဒူးပြဲလေသည်။ သို့သော် “ဖိုင်နယ်လစ်” ဆယ်ယောက်ထဲ မောင်ဝါဝါ ပါသွား၏။ သီချင်းဆို ကောင်းလို့တော့ မဟုတ်၊ အူတက်အောင် ရယ်ရလို့တဲ့။ ဒိုင်တွေ ပြောပုံလည်း ကြည့်ဦး။ “သားလို အခွက်ပြောင်လေး တစ်ကောင်ပါတော့ ပရိသတ်တွေလည်း ရယ်ရ တာပေါ့” တဲ့။ ကဲ.. လွဲပုံ၊ သီချင်းဆို လာပြိုင်ပါတယ်ဆို ရယ်စရာကောင်းလို့ အရွေးခံရသတဲ့။ အို.. ဘာဖြစ်ဖြစ် ဆက်ပြိုင်ရဖို့ အရေးကြီးတာပဲဟု သဘောထားလိုက်သည်။
.
“ဖိုင်နယ်လစ်” ဆိုတာ သိပ်သဘောမပေါက်လို့ မောင်ဝါဝါ မေးကြည့်တော့ “ဖိုင်နယ်” အဆင့် ရောက်မှ တစ်ပတ်ပြီး တစ်ပတ်၊ တစ်ယောက်ပြီး တစ်ယောက် “လစ်” သွားရလို့ “ဖိုင်နယ်လစ်” တဲ့။ နောက်ဆုံးအဆင့် ပွဲတွေကို စပြိုင်ရပြီ။ ပြိုင်ပွဲအထာကို မသိသေးတော့ မောင်ဝါဝါ ထင်ရာလုပ်သည်။ ပထမဆုံး ရွေးတာ စိုင်းထီးဆိုင်သီချင်း။ “အစကတည်းကမှ အဆင်မပြေတဲ့ ကိုယ်တို့ဘဝပါ အချစ် ရယ်” ဆိုသည့် သီချင်း။ ဘယ်လိုမှ နိမိတ်မကောင်း။ ဒိုင်များကတော့ အားပေးရှာသည်။ “အားမငယ် ပါနဲ့ သားရယ်၊ စကတည်း က အဆင်မပြေပေမယ့် နောက်ဆို ပိုအကျိုးနည်းသွားမှာပါ” တဲ့။ သို့သော် မောင်ဝါဝါ ကံကောင်းသည်။ ဒီကောင်လေး သိပ်အဆင်မပြေရှာဘူးဆိုကာ ပရိသတ်များ ဝက်ဝက်ကွဲ ဗုတ်ကြသဖြင့် ပြိုင်ပွဲမှ မထွက်လိုက်ရ။ နောက်တစ်ပတ်ကျ မောင်ဝါဝါ အလွမ်းအဆွေး သီချင်းလေး ရွေးဆိုသည်။
.
မေခလာ၏ “အချိန်တန်ပြီဆိုရင် ပြန်ကြရမှာပါ” ဘာညာပေါ့။ ဒိုင်တွေကြည့်တော့ မျက်နှာ သိပ်မကောင်း။ အချိန်တန် မတန် ပရိသတ်များ ချင့်ချိန်ကြရသဖြင့် နောက်နေ့ကျတော့ မောင်ဝါဝါ ဗုတ်သိပ်မရ။ “ဘော်တွန်သရီး” ထိုင်ရသည်။ ဒီကြားထဲ “ပလယ်စင်တာ” ဆိုသည့် ကောင်လေး ကိုလည်း မောင်ဝါဝါ သိပ်ကြည့်မရ။ အကျီစားသန်လွန်းသည်။ မောင်ဝါဝါ့ကို ကြည့်၍ “ခဏနေပြန်” ဆိုပြီး ဘာမှဆက်မပြောသဖြင့် စင်ထောင့်မှ အဝတ်ထုတ်လေးပြေးယူကာ ပြန်မည်လုပ်တော့မှ ကျန်တဲ့စကားကို ပြုံးစိစိ ဆက်ပြောသည်။ “လာခဲ့ပါ့မယ်..” တဲ့။ ကြော်ငြာဝင်ဖို့အရေး “ခဏနေ ပြန်လာခဲ့ပါ့မယ်” ဆိုတာကို တဆက်တည်းပြောတော့ သူ့မြွေထပေါက်မှာစိုးလို့လား.. ကဲ။ သို့သော် မောင်ဝါဝါ ထပ်ကံကောင်းပြန်သည်။ ချင့်ချိန်သည့် ပရိသတ်များ အမြင်မှောက်မှားသဖြင့် မောင်ဝါဝါ ဗုတ်အနည်းဆုံး ဖြစ်မသွား။ ဒါလည်း မောင်ဝါဝါ အထာမသိသေး။
.
နောက်တစ်ပတ်ကျ မောင်ဝါဝါ အလွန်ကြိုက်သော အဆိုတော်ကြီး ထူးအိမ်သင်၏ သီချင်းကို ဆိုသည်။ “အိမ်ပြန်ချင်တယ်.. ဟူး.. ဟူး.. အနွေးထွေးဆုံး အမေ့အိမ်”။ သီချင်းဆိုပြီးသွားတော့ ဒိုင်ဦးလေးကြီး ဒီအတိုင်း ဆက်မနေနိုင်။ မောင်ဝါဝါ့ကို မျက်ထောင့်နီကြီးနှင့်ကြည့်ပြီး ပြောတော့ သည်။ “ဒီမယ် မောင်ရင်၊ အန်ကယ်တို့ကို လာများရွဲ့နေသလားကွဲ့.. ဟေ” တဲ့။ မောင်ဝါဝါ သွားလေး အဖြဲသား နေလိုက်ရသည်။ ပရိသတ်တွေကလည်း မောင်ဝါဝါ့ကို သနားသွားကြသည်။ ဒီကောင်လေး တကယ် အိမ်ပြန်ချင်လို့ ထင်တယ်ဆိုပြီး ဘာဗုတ်မှ မပေးကြတော့။ မောင်ဝါဝါ ပြိုင်ပွဲမှ ထွက်ရလေပြီ။ ပရိသတ်ကို နှုတ်ဆက်စကား ပြောတော့ “ကျွန်တော်..” တစ်လုံးပဲ ပြောနိုင်ကာ ဝမ်းအနည်းလွန်ပြီး နှာနှပ်ယူရသဖြင့် ဒိုင်လူကြီးများ သနားကာ မောင်ဝါဝါ့ကို “ဆေ့ဗ်” ရလေ၏။
.
အခုတော့ မောင်ဝါဝါ အထာနပ်လေပြီ။ နိမိတ်ကောင်းအောင် စည်သူလွင်၏ “ဘယ်တော့မှ ငါ့ကိုမမေ့ပါနဲ့” တို့၊ Lလွန်းဝါ၏ “အိမ်မပြန်ချင်ဘူး” တို့၊ ပရိသတ်မေတ္တာ ချူသည့် အနေဖြင့် “စိတ်မဆိုးနဲ့နော် ခွင့်လွှတ်ပါကွယ် ကိုယ်ရိုင်းနေရင်” တို့ စသည့် သီချင်းတွေကို ရွေးဆိုတတ်ပြီ။ အိမ်သာထဲ သီချင်းတွေ အော်ဆိုတာကို ဖေ့စ်ဘုတ်မှာ “လိုက်ဖ်”လွှင့်ပြီး “ပရိသတ်ကြီးအတွက် အိမ်သာထဲတောင် မရှောင်ဘဲ သားသားလေး မောင်ဝါဝါ ကြိုးစားနေပါတယ်” ဆိုတာမျိုး လုပ်တတ် လာပြီ။ ကိုယ်နဲ့အတူတူ ပြိုင်နေတဲ့ ပြိုင်ပွဲဝင် တစ်ဦးဦး ထွက်ရပြီဆိုလျှင် ဟိုက ဘာမှမဖြစ်ရသေး၊ မောင်ဝါဝါ ကိုယ့်ကိုယ်ကို ပါးပိတ်ရိုက်၊ တိုင်ကို နဖူးဖြင့် ပြေးဆောင့်၊ မိုက်ကရိုဖုန်း ပြေးလုပြီး ဝမ်းပန်းတနည်း အသံပြဲဖြင့်အော်ငို၊ စသဖြင့် ပရိသတ်များ ကိုယ့်ကိုပါ သနားအောင် လုပ်တတ်လာ ပြီ။ သို့သော် နဂိုကမှ သီချင်းဆို မကောင်းရတဲ့ကြားထဲ ရုပ်ကလေးကပါ အမြင်ကတ်ချင်စရာ ဖြစ်နေ သော မောင်ဝါဝါ့ကို ဘယ်သူမှသိပ်မဗုတ်ချင်တော့။
.
မောင်ဝါဝါ တစ်မျိုးမဟန် တစ်မျိုးကြံရသည်။ ညီအစ်ကို မောင်နှမများ၊ ဆွေမျိုးသားချင်း များထံ အပူကပ်သည်။ ရပ်ကွက်ထဲ အိမ်ပေါက်စေ့လိုက်ပြီး မောင်ဝါဝါ့ကို အားမနာတမ်း ဗုတ်ကြရန် အကူအညီတောင်းရသည်။ ဒါလည်း ဘယ်သူမှ ဗုတ်မပေးချင်ကြ။ ဒီတော့ မောင်ဝါဝါ ညှိရသည်။ ကြိုက်သလောက်ဗုတ် ကျသလောက်ရှင်း စနစ်ဖြင့် ဗုတ်ဖိုးတွေ တစ်ပြားမကျန် ပြန်ပေးပါ့မည်ပေါ့။ အိမ်က အမေတို့ အဖေတို့ကို ဖုန်းငွေဖြည့်ကတ်တွေ အတွဲလိုက်ဝယ်ပေးထားပြီး ပွဲရှိသည့်နေ့တွေမှာ ထိုင်ရာမထ ဗုတ်ကြဖို့၊ ပျင်းပျင်းရှိ ဗုတ်ကြဖို့၊ ကဒီးကဒီး ဗုတ်ကြဖို့ မှာထားပြီး ဗုတ်တိုက်ပွဲကြီး ဆင်နွဲ နေရသည်။ ဘာဖြစ်သလဲဆိုတော့ မောင်ဝါဝါ့ ဗုတ်အရေအတွက်တွေ မတရားတက်လာသည်။ ဒိုင်တွေ မျက်လုံးပြူးကုန်သည်။ ချောင်းဆိုးတာတောင် ကီးမဝင်သည့် အကောင်ကို ကြည့်မရသော်လည်း ဗုတ်များနေသရွေ့ ဘယ်လိုမှ ဖြုတ်မရဆိုတော့ ဘာမှမတတ်နိုင် ဖြစ်ကုန်သည်။
.
မောင်ဝါဝါလည်း ပြိုင်သည့်နေ့သာ သီချင်းဆိုပြီး ကျန်သည့်တစ်ပတ်လုံး အကြွေးစာရင်း ထိုင်တွက်ရတာနှင့်ပင် အချိန်ကုန်သည်။ ဗုတ်ကြွေးတွေလည်း လည်ပင်းနစ်နေပြီ။ ပြိုင်ပွဲကလည်း ပြီးခါနီးပြီဆိုတော့ နောင်ခါလာ နောင်ခါဈေး သဘောထားပြီး ဆက်ပြိုင်ရသည်။ နောက်ဆုံး ဆိုရသည့်နေ့မှာ ဝိုင်ဝိုင်း၏ “ဝဋ်ကြွေး” သီချင်းကို ဆိုသည်။ စိတ်ထိခိုက်လွန်းသဖြင့် အဆုံးသတ် စာသားကို “ဝဋ်ကြွေး” ဟု ဆိုရမည့်အစား ယောင်ပြီး “ဗုတ်ကြွေး” ဟု ဆွဲဆွဲငင်ငင် ဆိုမိတဲ့အထိပဲ။ သီချင်း ဆုံးသော်လည်း ဆို့နစ်သော ခံစားချက်က မဆုံးနိုင်။ ရှိုက်ကြီးတငင် ငိုမိသည်။ ဒိုင်တွေကအစ မောင်ဝါဝါ့ကို ချီးကျူးကြရသည်။ “သား တစ်သက်နဲ့တစ်ကိုယ် ဆိုသမျှထဲမှာ ဒီတစ်ခေါက် အသက် အပါဆုံးပဲ သိလား” တဲ့။ ပါမှာပေါ့၊ ဘဝနဲ့ ရင်းထားရတာကိုး။ “အန်ကယ်ကတော့ ရက်စ်ပါကွယ်” တဲ့၊ အင်းလေ.. ဗုတ်ကြွေးတွေက အန်ကယ် စိုက်ပေးမှာမှမဟုတ်တာ၊ ဘယ်ကိုယ်ချင်းစာမလဲ၊ ရက်စ် ပေါ့။ “မင်းကံကောင်းပါစေ” တဲ့၊ ကံမကောင်းတာမှ ကြံအချောင်းလို ညှစ်ချစရာတောင် မကျန်တော့ လောက်အောင်ပါပဲ အန်တီရယ်..။
.
စာရင်းချုပ်တော့ မောင်ဝါဝါ “မြန်မာဗုတ်ဒေါ” ပြိုင်ပွဲမှာ ဗုတ်အများဆုံးရပြီး “ဝင်နာ” ဖြစ်သွားသည်။ ပရိသတ်ကြီးကို ကျေးဇူးတင်စကား ပြောခါနီး မိုက်ကရိုဖုန်း ကိုင်လျက်နှင့်ပင် ရသည့်ဗုတ် စုစုပေါင်းနှင့် ဗုတ်ဖိုး ကို စိတ်ထဲတွက်ကြည့်မိသည်။ ဒူးတွေ တုန်လာသည်။ မြန်မာ တစ်ပြည်လုံးရှိ ပရိသတ်များက “မြန်မာဗုတ်ဒေါ”ဆုရှင် မောင်ဝါဝါ ဘာစကား ပြောမလဲ သိချင်နေ ကြသည်။ မောင်ဝါဝါ ဇောချွေးတွေ ပြန်နေပြီ။ ဒိုင်တွေလည်း စောင့်မျှော်နေကြပြီ။ ခန်းမထဲ ဝေ့ ကြည့်တော့ ဝိုင်းပြီး ဗုတ်ထားကြသည့် အကြွေးရှင်တွေချည်းပဲ။ မောင်ဝါဝါ အသက်ရှူမဝ ဖြစ်လာပြီ။ ပေးရမည့် အကြွေးက ရမည့် ဆုငွေ၏ သုံးဆလောက် ရှိသည်ဟု မောင်ဝါဝါ တွက်လိုက်မိသည်နှင့် တပြိုင်နက် မိုက်ကရိုဖုန်းထဲမှ ကတုန်ကယင် ထွက်ပေါ်လာသော “ဗုဒ္ဓေါ..”ဟူသည့် ဘုရားတသံကြီး အဆုံးတွင် “မြန်မာဗုတ်ဒေါ”ဆုရှင် မောင်ဝါဝါခမျာ နှလုံးလေဟပ်ကာ သတိလစ်လဲကျသွားလေရာ ရုတ်ရုတ်သဲသဲ ဖြစ်ပြီး ထမ်းစင်ဖြင့် ချက်ချင်းလက်ငင်း ဆေးရုံပို့ရသည့်အဖြစ်ကိုပါ နိုင်ငံအဝှမ်းရှိ ပရိသတ်များ တိုက်ရိုက်လိုက်ဖ် တွေ့မြင်ရှုစားကြရလေတော့သတည်း။
.
သူရဿဝါ
၁၉ - ဖေဖော်ဝါရီ - ၂၀၁၇
NetGuide Journal, Volume (4), Issue (75)
(သရုပ်ဖော်ပုံကို ရေးဆွဲပေးထားတာ ကာတွန်းမျိုးမင်းမြတ် ဖြစ်ပါတယ်)
#trtw_satire
Credit : @ ThuRa Tha Wah
No comments:
Post a Comment