“ ရုံမတင်ဖြစ်လိုက်တဲ့ ရုပ်ရှင် ”
သွပ်မိုးထရံကာ နှစ်ခန်းပတ်လည်အိမ်ကလေးက ခပ်ကျဉ်းကျဉ်း။ ဧည့်ခန်းရယ်၊ မီးဖိုခန်းရယ်ဟု သီးခြားသတ်မှတ်ရလောက်အောင် မကျယ်လှတော့ တစ်ဝက်တစ်ပျက်ခင်းထားသည့် ကြမ်းပြင်ပေါ်မှဆင်းလျှင် မီးဖိုခန်း ဖြစ်သွားသည်။ မိသားစုထမင်းအိုးဖြစ်သော ကိုကျော်တိုး၏ ကျောက်သွေးခုံကိုပင် မီးဖိုခန်းမှာပင် ပြတင်းပေါက်နံဘေးကပ်လျက် နေရာချထားရသည်။ စုတ်ချာချာနှင့် မပြောင်ရောင်လှသော အိမ်မကြီးတစ်ခုလုံးထဲမှာ အဖိုးတန်ပစ္စည်းဟူ၍ တစ်ဝက်ခင်းကြမ်းပေါ် ကိုတိုးကျော်တို့လင်မယား အိပ်ခန်းထရံ၌ ကပ်လျက်ရှိသည့် သော့ခတ်ထားသော ဆေးရောင်မပြယ့်တပြယ် သစ်သားဗီရိုလေးသာ ရှိသည်။ ထိုဗီရိုထဲ၌ Philip တံဆိပ် တီဗွီဟောင်းလေးတစ်လုံးသည် ငြိမ်သက်စွာ အိပ်မောကျလျက်သား။ ပြန်တွေးမိတိုင်း နဖူးမှအမာရွတ်ကို ဖွဖွစမ်းမိသလို စမ်းမိလေတိုင်းလည်း ကိုကျော်တိုးတစ်ယောက် ခပ်ငိုင်ငိုင်နှင့် သက်ပြင်းချမိမြဲ ဖြစ်သည်။
×××××××××××××××××××
အဲ့ဒီတုန်းက သူ့လုပ်ရပ်ကို သူ့မိန်းမ မိရီက အဓိပ္ပါယ်မရှိဟု အမည်တပ်ပြီး သူဆိုသည့် ကိုကျော်တိုးကတော့ “ စေတနာ ” ဟု ကြွေးကြော်လေသည်။ ပြောရလျှင် နေကုန်နေခမ်း ၀မ်းရေးကိစ္စနှင့် ဂျင်ခြေလည်ကာ အပျော်အပါးများနှင့် မရင်းနှီးလှသော ကိုကျော်တိုးတို့၏ ပျံကျလမ်းကြားလေးကို ဂျွန်စော၊ အွန်စောတို့နှင့် စတင်မိတ်ဆက်ပေးခဲ့သော လမ်းဆုံးအိမ်မှ ကိုဘတုတ်တို့ လင်မယားကိုပဲ အဓိကတရားခံစာရင်း သွင်းရလိမ့်မည်ထင်သည်။
အရပ်ထဲမှာ ၀က်မွေးကာ အသင့်အတင့်ပြေလည်သော ကိုဘတုတ်တို့အိမ်မှ တီဗွီတစ်လုံးဝယ်လိုက်ပြီဟေ့ ဆိုကတည်းက တစ်လမ်းလုံး လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြသည်။ လက်သမား၊ ပန်းရန်၊ ခဲစာထုသမားမှ ခနွှဲဆေးသမားအဆုံး တစ်နေ့လုပ်တစ်နေ့စားသမားတွေနှင့် ဖွဲ့စည်းတည်ဆောက်ထားသော ခပ်မွဲမွဲလမ်းကြား ရပ်ကွက်လေးမှာ ပထမဆုံးရောက်လာသည့် တီဗွီကြီးမို့ဖြစ်သည်။ လက်ထဲရှိလျှင် ရှိသလို ဟိုဘက်ရပ်ကွက်မှ ဗီဒီယိုရုံများအထိ ခြေဆန့်လေ့ရှိသူများသာမက ကြည့်နေကျမဟုတ်သူများပါ အချိန်တန်လျှင် ကိုဘတုတ်တို့ တီဗွီရှေ့ ရောက်ကုန်ကြတော့သည်။ ကိုကျော်တိုး၏ သမီးလေးနှစ်ယောက်လည်း ရှေ့ဆုံးမှ။
“ ဦးလေးဘတုတ်တို့အိမ်ကလာတဲ့ ဇာတ်လမ်းတွဲတွေက အရမ်းကောင်းတာ အဖေရ ” ဟု ဆိုသည်။ သို့သော် ညနေခြောက်နာရီခွဲခါနီးလျှင် ကိုဘတုတ်တို့ အိမ်ဘက်သို့ အလျှိုလျှို ချီတက်သွားလေ့ရှိသော လူအုပ်ကြီးက တစ်နေ့ထက်တစ်နေ့ ကျဲပါးလာခဲ့သည်။ တစ်ညမှာ ဇာတ်လမ်း တွဲကြည့်ဖို့ထွက်သွားပြီး ချက်ချင်း မျက်နှာငယ်လေးတွေနှင့် ပြန်ရောက်လာသည့် သမီးနှစ်ယောက်ကြောင့် ကိုကျော်တိုးက အံ့သြသွားသည်။ “ ဘာလို့ မကြည့်ခဲ့တာလဲ ” ဟု မေးတော့ “ အတွင်းကနေ တံခါးချက်ချ ပိတ်ထားလို့ အဖေ ” ဟု ငိုမဲ့မဲ့ ဖြေသည်။
ကိုကျော်တိုးစိတ်ထဲ တစ်မျိုးကြီးဖြစ်သွားခဲ့ရသည်။
“ သမီးတို့နှစ်ယောက်ထဲကိုပဲ ပေးမ၀င်တာလား ” ဆိုတော့ “ အားလုံးကိုပေးမ၀င်တာ ” တဲ့။ အဲ့ဒီညက ကိုကျော်တိုးရင်ထဲ တနုံ့နုံ့နှင့် အိပ်မပျော်။ မိရီကလည်း ကိုဘတုတ်အိမ်မှ တီဗွီကြည့်ပရိသတ်တွေထံမှ ကြားရသည့်အသံတွေကို ပြန်ပြောပြသည်။
“ ကလေးတွေကို ခြေထောက်ဆေးပြီးမှ အိမ်ထဲအ၀င်ခံသတဲ့ ”
“ ခြောက်နာရီခွဲခါနီးရင် ကိုဘတုတ်က တံခါးပိတ်ထားလိုက်တော့တာပဲတဲ့တော်၊ ကြီးတော်ပုကတော့ ဇာတ်လမ်းတွဲ တအားစွဲနေပြီဆိုတော့ ရှေ့မျက်နှာနောက်ထားပြီး ပိတ်ထားတဲ့တံခါး သွားခေါက်တယ်၊ ကလေးတွေကလည်း ကြီးတော်ပုနောက်က ကပ်လိုက်ဝင်ကြတာပေါ့၊ လူကြီးမို့ မကောင်းတတ်လို့သာ တံခါးထဖွင့်ပေးတာ၊ တစ်အိမ်သားလုံး မျက်နှာပုပ်ကြီးတွေနဲ့ တဲ့ ”
ကြားရသမျှ ကိုကျော်တိုးရင်ထဲ ကျလိကျလိဖြစ်ရသည်။ ဘယ့်နှယ် ဘ၀တူလူတန်းစားအချင်းချင်းအပေါ် သူတို့လုပ်ပုံကြီး၊ တစ်ဆိတ်တော့ အရုပ်ဆိုးလွန်းလှသည် ထင်သည်။ သူသူကိုယ်ကိုယ် ပိုက်ဆံသာရှိလျှင် ကိုယ့်အိမ်မှ တီဗွီရှေ့မှာပဲ ဇိမ်ကျကျ ကြည့်ချင်ကြသူတွေချည်းပဲပေါ့။ မလွှဲသာ၍ သူများတီဗွီရှေ့ မျက်နှာငယ်ခံပြီး သွားကြည့်ရတာ။ အဲဒီလို ၀ိုင်းကြည့်ကြ၍ကော (သင်း)တို့ တီဗွီကြီး ပဲ့ပါသွားသတဲ့လား။ ညနေခြောက်နာရီခွဲမှ ရှစ်နာရီအထိ တစ်နာရီခွဲသာသာမျှကို စိတ်ကောင်းမမွေးနိုင်ကြတာ။ တွေးလိုက်တိုင်း အရပ်ထဲမှ လူတွေဘက်မှ နာမိသည်။ မိဘက “ အဲဒီအိမ်သွားရဲရင် သွားကြည့်၊ တုတ်ကျိုးအောင် ရိုက်မှာနော် ” ဟု ဟန့်တား၍သာ ငြိမ်နေရပေမယ့် အချိန်တန်လျှင် လမ်းဘက်တမျှော်မျှော် လုပ်နေကြရှာသော သမီးနှစ်ယောက်ကို မြင်တော့လည်း မိဘတို့ဝတ္တရားရှိသည့်အတိုင်း ပြည့်စုံအောင် ဖြည့်ဆည်းမပေးနိုင်မှုအပေါ် စိတ်မချမ်းမသာ ဖြစ်ရသည်။ သို့နှင့် ကိုကျော်တိုး ဆုံးဖြတ်ချက် ချလိုက်သည်။
“ မိရီ…..ဒီနေ့ကစပြီး ငါ့ဝင်ငွေထဲက သုံးပုံတစ်ပုံကို မဖြစ်မနေ မှန်မှန်ဖဲ့စုကြရအောင်၊ တို့မိသားစု အသုံးစရိတ်ကိုတော့ အတတ်နိုင်ဆုံး ချွေတာလိုက်ကြတာပေါ့ ”
“ ဘာလုပ်ဖို့တုံး ”
“ တီဗွီတစ်လုံး အမြန်ဆုံးဝယ်နိုင်ဖို့ပေါ့ ”
“ ဘုရားရေ…… ”
သူ့ရည်ရွယ်ချက်က လေးလမျှကြာတော့ ကံကောင်းထောက်မစွာ အထမြောက်သွားသည်။ တီဗွီတစ်လုံးဖိုး ငွေကြေးကို အောင်မြင်စွာ စုဆောင်းလိုက်နိုင်၍တော့ မဟုတ်ပါ။ သူ့ကို ကျောက်သွေးအလုပ်အပ်နေကျ ဖောက်သည်တစ်ဦးက သူ့အိမ်ရှိ တီဗွီအဟောင်းကို ထုတ်ရောင်းကာ တီဗွီအသစ် ပြန်ဝယ်၍ ဈေးသက်သက်သာသာနှင့် ရလိုက်တာကြောင့် ဖြစ်သည်။ ကိုကျော်တိုးကတော့ စေတနာမှန်၍ မြန်မြန်အထမြောက်သည်ဟု ယူဆကာ ကြည်နူးပီတိဖြစ်မဆုံး၊ ကိုဘတုတ်အိမ်မှ တံခါးပိတ်လိုက်ကတည်းက ဆန့်တငင်ငင် ဖြစ်ကျန်ခဲ့ရှာသည့် လမ်းထဲမှ ကလေး၊ လူကြီးတွေက မျှော်လင့်ထား သည့်အတိုင်း ကိုကျော်တိုးတို့အိမ်ကလေးပေါ် တစ်ပြုံတစ်မကြီး ရောက်လာကြတော့သည်။ ကိုကျော်တိုးက တပြုံးပြုံး။ ဇနီးနှင့်သမီးနှစ်ယောက်ကိုလည်း အသေအချာ မှာထားသည်။
“ ဘာပဲဖြစ်ဖြစ် မငြူစူကြရဘူးနော်၊ တို့တွေကြည့်ချင်သလို သူတို့တွေလည်း ကြည့်ချင်ရှာမှာပဲ၊ ဘ၀တူချင်း သနားတတ်ရမယ်၊ ဒီတီဗွီဝယ်ရတဲ့ အဓိကရည်ရွယ်ချက်က အဲ့ဒါပဲ ”
ထိုတစ်လောအတွင်း ကိုဘတုတ်တို့လင်မယားနှင့် လမ်းမှာဆုံလျှင် ကိုကျော်တိုးက ပြုံးပြုံးချိုချိုနှင့် နှုတ်ဆက်သည်။ “ ကျုပ်တို့အိမ်ကတော့ အားလုံးအတွက် တံခါးအမြဲ ဖွင့်ထားပေးတယ်ဗျာ ” ဟူသည့် အဓိပ္ပါယ်မှန်း သိသာစေမည့် အပြုံးမျိုးနှင့်။ ဒါကို ကိုဘတုတ်တို့လင်မယားကလည်း ရိပ်မိပုံ ပေါ်ပါသည်။ ဘာမျှတော့မပြော။ မပြုံးချင်သလို ပြုံးချင်သလို တစ်မျိုးသော မျက်နှာထားများနှင့် ပြန်နှုတ်ဆက်သွားတတ်ကြသည်။ ကိုကျော်တိုးကတော့ တစ်ရက်တခြား စည်ကားလှုပ်ရှားလာသည့် တီဗွီကြည့်ပရိသတ်ကို ကြည့်ပြီး မုဒိတာပွားမဆုံးဖြစ်ရသည်။ ပြောရလျှင် ကိုယ့်အနေနှင့် တက်နိုင်လွန်း၍ တီဗွီဝယ်ပြတာမဟုတ်။ မီတာမ၀ယ်နိုင်သေးသဖြင့် စက်မီးပေးသည့် အိမ်ကနေ တီဗွီကြည့်ရန်နှင့် အိမ်မကြီးအတွက် နှစ်ပေမီးချောင်းအတွက် တစ်လရှစ်ထောင် ပေးထားရတာ။ ထို့အတွက် နဂိုမချောင်လည်လှသည့် မိသားစုအနေနှင့် အတော်လေး ကသီလင်တဖြစ်သွားရတာတော့ အမှန်ပင်။ ခါတိုင်း တစ်ပတ်၌ တစ်ရက် အသားငါးဟင်းတစ်မျိုးမျိုးစားဖြစ်ပေမယ့် တီဗွီဝယ်ပြီးနောက်ပိုင်း ဆယ်ရက်တစ်ကြိမ်ပင် အလျဉ်မမီဖြစ်လာသည်။ တစ်ပြည်ခြောက်ရာတန်ဆန်မှ တစ်ပြည်လေးရာတန်ဆန်ကြမ်းနှင့် မိတ်ဆက်လိုက်ရသလို အလုပ်ချိန်တော့ မနက်တစ်နာရီစော၍ အလုပ်သိမ်းချိန် တစ်နာရီနောက်ဆုတ်။ ခါတိုင်း တစ်ရက်တလေ အလုပ်ပြတ်လျှင် မမှုဘဲနေနိုင်ပေမယ့် ယခုတော့ မနေနိုင်။ လကုန်ခါနီး အလုပ်ပြတ်လျှင် ပိုဆိုးသေးသည်။ မျောက်မီးခဲကိုင်မိသလို နေမထိ ထိုင်မသာ။ သို့သော် စေတနာသက်သက် အရင်းခံ၍ စိတ်အားထက်သန်စွာ ကြိုးစားအကောင်အထည် ဖော်ယူခဲ့ရသည့်ကိစ္စမို့ စိတ်တော့ မပျက်မိ။
“ ကြည့်စမ်းပါဦး ကိုကျော်တိုးရယ်။ ကလေး ဘုစုခရုတွေနဲ့အပြိုင် ရှေ့ဆုံးမှာ တိုးဝှေ့ထိုင်ပြီး သွားကျိုးငုတ်တုတ်နဲ့ တီဗွီထဲ ဈာန်ဝင်စားနေတဲ့ အဘွားမေရဲ့ပုံက ရယ်စရာကြီး ”
“ ဒီနေ့ ခြံနောက်က ကန်စွန်းပင်တွေ ရှင်းလိုက်တာ ကန်စွန်းဥတစ်ပိဿာလောက် ထွက်တယ်။ ညကျရင် တီဗွီလာကြည့်မယ့်လူတွေကို ကျွေးလိုက်ကြတာပေါ့ ”
“ ဟ….တို့တောင် ထမင်းမစားရသေးဘူး။ ပရိသတ်တွေက ပြည့်နေပြီပါလား ”
နှစ်ကြိမ်၊ သုံးကြိမ်အထိတော့ တော်ရာချောင်ထဲထိုင်၍ ထမင်းပန်းကန်ထဲ ဟင်းတစ်ခါတည်းပုံ၍ စားလိုက်သည်။ မတတ်နိုင်။ ကိုယ်အလုပ်သိမ်းချိန် နောက်ကျသွား၍ အိမ်ထဲမှာ ထမင်းဝိုင်းချစရာနေရာလွတ်မှ မရှိတော့ပဲလေ။ သိသည့်အတိုင်း ကိုရီးယားဇာတ်လမ်းတွဲ ပရိသတ်ဆိုတော့ အမျိုးသမီးကြီးငယ်တွေ ခပ်များများ။ ယောက်ျားတစ်ယောက်တလေသာ ရံဖန်ရံခါ အပျင်းပြေ သဘောလာကြည့်တာမျိုး ရှိသည်။ အမျိုးသမီးတွေချည်းဆိုတော့ ကလေးတွေက တန်းလန်း။ မုန့်ထုပ်တွေသယ်သူက သယ်လာ။ ကွမ်းဝါးပြီး ဖျာလှန်ကာ ကြမ်းပေါက်ကြားထဲတွင် တံတွေးထည့်သူကထည့်။ ဆေးလိပ်တိုတွေလည်း ပစ်စလက်ခတ် ပစ်ချထားခဲ့ကြသည်။ ကိုကျော်တိုးတို့က ဧည့်လာမှ ခင်းရအောင် တရိုတသေ သုံးစွဲလာခဲ့သည့် သင်ဖြူးဖျာလေးခမျာ တီဗွီဝယ်ပြီး တစ်လပင်မကြာ ဘ၀ပျက်ရတော့သည်။ ဆေးလိပ်ပေါက်ရာတွေက အစီအရီ။ အားလုံးပြန်ကုန်လျှင် ဖျာသိမ်း၍ တံမြက်စည်း ဒိုင်ခံလှဲရသူ အလယ်တန်း ကျောင်းသူသမီးကြီးထံမှ ကြာတော့ ညည်းသံထွက်လာသည်။
“ ကောင်းကောင်းမွန်မွန် မေတ္တာရပ်ခံလည်း တစ်ရက်၊ နှစ်ရက်ပဲ ဆင်ခြင်တယ်၊ ပြီးတော့ ပြန်ပြီး စည်းကမ်းမဲ့ကြတာပဲနော်၊ မနက်တိုင်း ကြမ်းတိုက်ရတာ လက်မောင်းတောင် အကြီးကြီးဖြစ်လာပြီ၊ ဒီတစ်ခါဆိုရင် ကလေးတွေကို ခြေထောက်ဆေးခဲ့ခိုင်း ”
မဆီမဆိုင် ကိုဘတုတ်တို့ လင်မယား မျက်နှာကို ကွက်ခနဲ လှမ်းမြင်ကာ မလုံမလဲဖြစ်ရသူက ကိုကျော်တိုး။
“ တစ်ခါတစ်ခါ တံမြက်စည်းလှဲရင် ခြေစာမှုန့်တွေချည်းပဲ တစ်ပိဿာလောက် ရတယ်၊ နေကြာစေ့အခွံတွေကို ကြမ်းကြိုကြမ်းကြားအထိ လိုက်နှိုက်ထုတ်ရတာ ဘာညာ မပါသေးဘူး၊ ကြည့်ရတာလည်း အသက်ရှူကို မ၀ဘူး၊ ကမ်းကုန်အောင်ဆော့ပြီး ရေမချိုး၊ ဘာမချိုး၊ ချွေးသံတရွှဲရွှဲနဲ့ အိမ်ထဲလာကြတာ အနံ့ကို ဟောင်နေတာပဲ ”
စိတ်ကြည်သာချိန်၌ ကြည်ဖြူနိုင်ပေမယ့် တစ်ခါတစ်ရံ စိတ်အခန့်မသင့်ချိန်နှင့်ကြုံလျှင် စေတနာက ဝေဒနာအသွင် ပြောင်းချင်လာသဖြင့် ကိုယ့်ကိုကိုယ် ဆုံးမရပြန်သည်။
“ ဟဲ့….သောက်ကောင်မ ငွေရှာပြီး မောမောပန်းပန်းပြန်လာတဲ့ လင်ကိုတော့ ကောင်းကောင်းမွန်မွန် ပြင်ဆင်ကျွေးမွေးမယ် စိတ်မကူးဘူး၊ အဲ့ဒီ ကိုရီးယားမင်းသားက နင့်လင်ငယ်မို့ အချိန်တန်ရင် သွားဖူးမြော်ရတာလား ”
အပြင်မှ ဆဲဆိုရန်လုပ်သူက လုပ်နေပေမယ့် နားမပါသလို တီဗွီအကြည့်မပျက် ကြည့်သူကလည်း ကြည့်နိုင်ကြသည်။
“ ဟဲ့…..မိသေး….အပြင်မှာ ညည်းလင် အော်နေတာ မကြားဘူးလား၊ သွားလိုက်ဦးလေ ”
“ အော်ပါစေ…..အလကားငမူး ငရူး၊ စောစောပြန်လာစားဆိုတော့ ဘယ်ချောင်ထဲတိုးနေမှန်း မသိ၊ ဇာတ်ကားပြီးမှ (သင်း)နဲ့ တွေ့မယ် ”
ဇာတ်ကားမပြီးခင် ပြတင်းပေါက်ကနေ ခဲပျံ၊ အုတ်ခဲပျံတွေ ၀င်လာမလား ရင်တထိတ်ထိတ်ဖြစ်ရသည်က ကိုယ်။ ဒါမျိုးကလည်း ခဏခဏ။ ကလေးအများစုကလည်း လူကြီးတွေက ကိုရီးယားဆို၍သာ လိုက်ယားကြတာ။ စာ လည်လည်ဝယ်ဝယ် မဖတ်တတ်ကြသေးသဖြင့် တီဗွီဇာတ်လမ်းကို ကောင်းကောင်းစိတ်မ၀င်စား။ လူတရုန်းရုန်းနှင့်မို့ ပျော်နေကြပုံရသည်။ သားရေကွင်းနှင့် ပစ်ဆော့ သူကဆော့၊ ရန်ဖြစ်သူကဖြစ်၊ စကားပြောသူက ပြော။ ကြော်ငြာသီချင်းလာလျှင် သံပြိုင်လိုက်ဆိုသူတွေကဆိုကြ။ ငြိမ်ငြိမ်မနေ။ အပြင်ထွက်၍ ရေသောက်လိုက်၊ အပေါ့သွားလိုက်၊ မုန့်ထွက်ဝယ်လိုက်၊ ကုန်းကုန်းကွကွနှင့် တီဗွီရှေ့မှ ကွယ်လိုက်နှင့်ဆိုတော့ ကြည့်ရတာ အရသာကိုမရှိ။ ထိုကိစ္စနှင့်ပတ်သက်၍ ပြဿနာ တစ်ခါကြုံရသည်။ အဲ့ဒီ့နေ့က ထုံးစံအတိုင်း လှုပ်လှုပ်ရွရွနှင့် အငြိမ်မနေသည့် ကလေးတစ်ယောက်ကို မိရိက လွှတ်ခနဲပြောလိုက်မိသည်။
“ မကြည့်ချင်တဲ့လူ ပြန်ဟေ့….၊ တကတဲ ရှုပ်ယှက်ကို ခတ်နေတာပဲ ”
မိရီကတော့ ဘယ်သူ ဘယ်ဝါ့ကလေးရယ်လို့ သိပြီး ပြောမိတာမဟုတ်။ ကလေးအမေဖြစ်သည့် မိလှအေးက သူ့ကလေးလက်ကို ဆောင့်ဆွဲကာ ချက်ချင်း ထထွက်သွားမှ သူ့ကလေးမှန်း သိရသည်။ ရွှေပြည်အေးသမား ကိုကျော်တိုးက ကိုယ့်မိန်းမကိုယ် ကွယ်ရာမှာ ဖျောင်းဖျရသည်။
“ မင်းကလည်းကွာ ဇွတ်ပြောတာပဲ၊ စိတ်ဆိုးသွားပြီလား မသိဘူး ”
“ ဆိုးဆိုးပေါ့၊ မပြောဘဲနေလေ ကမ်းတက်လာကြလေပဲ၊ တစ်ယောက် စိတ်ဆိုးပြီးမလာတော့ တစ်ယောက်အေးရော ”
လူတွေကလည်း အခက်သား။ အကျိုးလို၍ ညောင်ရေလောင်းခဲ့တာမဟုတ်တာမို့ ကိုယ့်စေတနာကို အသိအမှတ်ပြု မခံရတာ ဘယ်လိုမှ မနေပေမယ့် နည်းနည်းပါးပါးတော့ သိတတ်စေချင်တာ အမှန်။
“ ဘယ်သူဘာထင်ထင် တံခါးသာ ပိတ်ထားလိုက်ချင်တော့တာပဲ ”
“ သမီးလည်း အဲ့ဒီလိုပဲအမေ၊ မိသားစု အပန်းပြေရအောင် တီဗွီဝယ်ထားတာ၊ ၀ယ်ကတည်းက အခုချိန်ထိ ကောင်းကောင်းကို မကြည့်ရသေးဘူး၊ အသံပေါင်းစုံ၊ အနံ့ပေါင်းစုံ၊ ကိုယ်က ကြည့်ပါစေတော့ဆိုတဲ့ စေတနာနဲ့ တံခါးမရှိ ဓားမရှိ ၀င်ထွက် ကြည့်ရှုခွင့်ပေးထားလို့ အလိုက်သိကြ မလားဆိုတော့လည်း နည်းနည်းမှ အလိုက်ကန်းဆိုး မသိကြဘူး၊ အမှိုက်တွေ စည်းမရှိ ကမ်းမရှိ ပစ်ချကြ၊ တီဗွီပြီးရင် ဖုတ်ဖက်ခါပြီး အလျှိုလျှို ထပြန်သွားကြပြီ၊ တံမြက်စည်းတစ်ချက် လှည်းပေးခဲ့မယ့်သူ၊ ဖျာတစ်ချပ် ၀ိုင်းကူသိမ်း ပေးခဲ့မယ့်သူ ဝေလာဝေး၊ ပြောရင်လည်း သမီးတို့ကို မောက်မာတယ်တဲ့၊ အမေပြောသလို တံခါးပိတ်လိုက်တာ အကောင်းဆုံးပဲ အဖေ၊ ကြည့်ချင်ရင် ရုံမှာ ပိုက်ဆံပေးပြီး သွားကြည့်ကြပါစေပေါ့ ”
ကိုဘတုတ်တို့အိမ်က ဘာကြောင့်များ တံခါးပိတ်ခဲ့မှန်း ကိုယ်တွေ့ကြုံဖူးမှ ကိုကျော်တိုးတစ်ယောက် စာနာ နားလည်မိခဲ့ရပြီ။ သို့သော်
“ ငါတို့ အလှည့်ကျရင် တီဗွီလာကြည့်သမားတွေကို ပေးမကြည့်ချင်လို့ တံခါးပိတ်ထား တယ်ဆိုတာမျိုး ဘယ်တော့မှ မဖြစ်စေရဘူး ” ဟူသည့် ပြောခဲ့ဖူးသော ကြွေးကြော်စကားကိုတော့ ကိုယ့်ကိုယ်စောင့်နတ်ကို မျက်နှာပူကာ အလွယ်တကူ မရုပ်သိမ်းချင်ပြန်။
“ နောက်တစ်ခါ အဲ့ဒီစကားမျိုး လုံးဝထပ်မပြောကြနဲ့၊ ကိုယ့်အိမ်ကတီဗွီ သူများလာမကြည့်စေချင်လို့ တံခါးပိတ်ထားတာ ဘယ်လောက် ရှက်ဖို့ကောင်းသလဲ၊ ကိုယ့်စိတ် အဆင့်အတန်း၊ ဘယ်လိုမျိုးဆိုတာ လူသိအောင်ကြေညာလိုက်တာနဲ့ အတူတူပဲ ”
“ ကောင်းပါပြီ ကိုသူတော်ကောင်းကြီးရယ်၊ ဒါဖြင့်ရင်လည်း ရှင် စေတနာရှိလို့ တံခါးဖွင့်ပြီး အိမ်ပေါ်ဖိတ်ခေါ်ထားတဲ့ လူတွေရဲ့ ဖွခဲ့သမျှ အမှိုက်၊ ကြမ်းတိုက်တဲ့ အလုပ်ကိုပါ ရှင်ပဲ တာဝန်ယူချေပေါ့ ”
တံခါးမပိတ်ဖို့ရာ ဗီတိုအာဏာနှင့် တားမြစ်နိုင်ပေမယ့် မိရီ၏ ရှစ်ခေါက်ချိုးမျက်နှာကိုတော့ ဘယ်လိုမှ ပြင်ခိုင်း၍မရ။ တီဗွီလာကြည့်သူတွေကို မေးထူးခေါ်ပြော ၀တ်ကျေတမ်းကျေရုံကလည်း သူတို့တတ်နိုင်သမျှနည်းနှင့် ဆန္ဒပြနေကြသည်။ တီဗွီကြည့်သည့် လူစု ထပြန်ကုန်လျှင် မိရီက ခပ်တည်တည်နှင့် အိပ်ခန်းထဲ တန်းဝင်သွားသလို သမီးနှစ်ယောက်ကလည်း စာကျက်မယောင်ဘာမယောင်နဲ့ စာအုပ်ကိုယ်စီကိုင်ကာ သူတို့အခန်းထဲ ၀င်သွားလိုက်ကြတာ ဖအေ့ကို တစ်ချက်ငဲ့ကြည့်ဖော်ပင် မရ။ ကိုယ့်စကားနှင့်ကိုယ် မိနေသည့် ကိုကျော်တိုးသာလျှင် ဖျာသိမ်း၊ ဖွသွားသမျှအမှိုက်တွေကို လှဲကျင်း၊ တချို့များဖြင့် ကလေးသေး ပေါက်ချသွားတာ ကြမ်းပြင်ပေါ်မှာ အနံ့တသင်းသင်းနှင့် အကွက်လိုက်။ တရားခံလည်း မသိ။ ကိုယ် လက်လျှော့ချင်လာတာကို မာနကြောင့် ၀န်မခံချင်ပေမယ့် ကိုကျော်တိုးရင်ထဲမှာတော့ စိတ်ကုန်လာမိပြီ ဖြစ်သည်။ တစ်ရက်မှာ မထင်မှတ်ထားဘဲ ပြဿနာတတ်သည်။ အခြားသူတွေ မဟုတ်။ မိရီအော်ငေါက်လွှတ်တာခံရ၍ စိတ်ဆိုးခဲ့ဖူးသည့် မိလှအေးနှင့် ဖြစ်တာ။ သူ့ကလေး နှပ်ချေးညှစ်ပေးတာကို အပြင်ကိုထွက်မပစ်။ နီးစပ်ရာထရံကို ဘတ်ခနဲ လှမ်းပစ်လိုက်သည်။ ဒါကို နောက်ဆုံးမှာ ထိုင်ကြည့်နေကြသည့် ကိုကျော်တိုးကော မိရီပါ မြင်လိုက်သည်။ သတိရရချင်း မိရီပါးစပ်ပေါက်ကို ပိတ်ဖို့ ပြင်လိုက်ပေမယ့် နောက်ကျသွားပြီ။
“ မိလှအေး ညည်းကလေးနှပ်ညှစ်တာများ အပြင်ထွက် ညှစ်မှပေါ့။ ဒါ…..လူနေတဲ့အိမ်နော်။ လုပ်ချင်တာလုပ်လို့ရတဲ့ သာလာယံဇရပ် မဟုတ်ဘူး။ လူကိုမလေးစားရင်တောင် ဘုရားစင်ကိုတော့ သတိရဦးမှပေါ့အေ။ အခုပြန်သုတ် ”
မိရီလေသံက မာဆတ်ဆတ်။ မိလှအေးက အနောက်ဘက်ကို ဆောင့်ခနဲလှည့်ကာ ခပ်စူးစူး ပြန်ကြည့်သည်။
“ ကောင်းကောင်းပြောလည်း ရပါတယ်၊ ညည်းလေသံက ရင့်လှချည်လား ”
“ ရင့်သင့်ရင် ရင့်ရမှာပဲ၊ လူနေတဲ့အိမ်ထရံမှာ ညစ်တီးညစ်ပတ် နှပ်ချေးသုတ်တဲ့ကိစ္စ၊ ကျုပ်က ရယ်ရယ်ပြုံးပြုံး ရှိခိုးဦးတင် ပြောရဦးမှာလား၊ ဒါ….မပြောဘဲ သိရမယ့်ကိစ္စ ”
“ အောင်မာ….ပြောစမ်း၊ ညည်းထရံတစ်ချပ်က ဘယ်လောက်တန်လို့လဲ ”
အခြေအနေက ချက်ချင်း တင်းမာလာသည်။ ဗြုန်းစားကြီးမို့ လူတွေက ဘယ်သူ့ဘက် ပါရမည်မသိဘဲ ပါစပ်အဟောင်းသားနှင့် ငေးကြောင်ကြည့်နေကြသည်။ အားလုံးအာရုံက တီဗွီပေါ်မှာ မရှိတော့။ အိမ်နီးချင်းတွေနှင့် လှည့်ပတ်ရန်ဖြစ်နေကျဖြစ်သော မိလှအေးကတော့ ထမီတိုတိုပြင်ဝတ်နေပြီ။ အပျက်အပျက်နှင့် နှာခေါင်းသွေးထွက်မည်စိုး၍ ကိုကျော်တိုးက ဖြန်ဖြေရန်စဉ်းစားနေဆဲ မိလှအေးက စကားတစ်ခွန်း လှမ်းအော်သည်။
“ အရင်တုန်းက ထမင်းရည်လျက်ပြီး ကြီးလာရတဲ့ ဘ၀တူချင်း၊ တီဗွီလေးတစ်လုံး ၀ယ်နိုင်တာနဲ့ စိတ်ကြီးဝင် ဘ၀င်မြင့်လာတဲ့ကောင်မ ”
“ ဘာ….. ”
တစ်ခဏအတွင်း အော်သံ၊ ဟစ်သံ၊ ဆွဲလွဲဖြန်ဖြေသံ၊ ကလေးတွေအော်ငိုသံ၊ ပြေးဆင်းကြသူက ပြေးဆင်းနှင့် ကိုကျော်တိုးတို့အိမ်ကလေး ကမ္ဘာပျက်သလို ၀ုန်းဒိုင်းကြဲ ဆူညံသွားသည်။ ဇာတ်သိမ်းတော့ မိရီနှင့် မိလှအေးက ပွန်းရာ၊ ကုတ်ခြစ်ရာ အနည်းအကျဉ်းမျှလွဲ၍ ဘာဒဏ်ရာမှ ကြီးကြီးကျယ်ကျယ် မဖြစ်လိုက်။ ကြားထဲမှ ကိုကျော်တိုးသာ မဆီမဆိုင် နဖူးနှစ်ချက် ချုပ်လိုက်ရသည်။ လူတွေဝိုင်းဆွဲ၍ စိတ်ရှိလက်ရှိ ရန်ပွဲ မနွှဲလိုက်ရသည့် မိရီဒေါသက တီဗွီပေါ် ပုံကျသွားကာ “ သင်း(ဒင်း) ကိုခွဲပစ်မှ အေးရော ” ဟု သနပ်ခါးတုံးနှင့် လှမ်းပေါက်တာကို အလန့်တကြား ဆီးဖမ်းလိုက်သည့် ကိုကျော်တိုး၏ မဟာနဖူးကို တန်းခနဲမှန်သွား၍ ဖြစ်သည်။ ထိုညမှစ၍ တီဗွီကိုတော့ မိသားစုအားလုံး သဘောတူ သော့ခတ်သိမ်းဆည်း လိုက်ရပါသည်။
×××××××××××××××××××
သော့ခတ်ထားသည့် ဗီရိလေးကို ကြည့်မိတိုင်း နဖူးပေါ်မှ အမာရွတ်ကို လက်က အလိုလို ရောက်သွားတတ်သည်။ ကိုယ့်အခြေအနေနှင့် ပြန်ဝယ်ရန် မလွယ်လှသည့် တီဗွီကြီးကို ရောင်းရမှာလည်း စိတ်ထဲ နှမြောနေမိသည်။ ကိုဘတုတ်တို့လင်မယားနှင့် ဆုံလျှင်တော့ မသိမသာ မျက်နှာလွှဲမိရသည်။ လမ်းထဲမှလူတွေကတော့ ယခုအချိန်ထိ “ တီဗွီဘယ်တော့ ပြန်ဖွင့်မှာလဲ ” ဟု စိတ်ရှည်လက်ရှည် မေးနေကြတုန်း။ မိရီက “ ကိုကျော်တိုးကို မေးကြည့် ” ဟု ဖြေသလို၊ သမီးတွေကလည်း “ အဖေ့ကိုမေး ”ဟု ဖြေသည်တဲ့။
ကိုကျော်တိုးကတော့ မေးလာသမျှလူကို ခပ်ယဲ့ယဲ့သာ ပြန်ပြုံးပြမိသည်။ အကြောင်းမှာ သူကိုယ်တိုင်လည်း တီဗွီပြန်ဖွင့်မည့်ရက်ကို ယခုအချိန်ထိ မသိသေး၍ပင် ဖြစ်သည်။
ငွေဇင်ယော်ဦး(မိုးကုတ်)
ရွှေအမြုတေမဂ္ဂဇင်း၊ မေလ ၊ ၂၀၀၉
No comments:
Post a Comment