Mar 22, 2017

မောင်ကြီးကို တစ္ဆေကိုက်လိမ့်မယ်

“ မောင်ကြီးကို တစ္ဆေကိုက်လိမ့်မယ် ”

(၁)

နေ့ခင်းက တင်အောင့် အသုဘသို့ သွားခဲ့သည်။ အသုဘပို့ပြန်လာလျှင် အိမ်ရှေ့ရောက်သည်နှင့် မြေကို ဖနောင့်နှင့် ပေါက်၍ -
“ ဖွ ဖွ…. ထွီ ထွမ် ” လုပ်ရသည်။
ယပ်တောင်တွင် ကပ်ထားသည့် ‘ ဦးတင်အောင်၊ အသက် (၅၃) နှစ် ’ ဆိုသည့် စာရွက်တွင် အပမှီကာ လိုက်လာတော့မည့်အလား လမ်းမှာတင် ခွာထားပစ်ခဲ့သည်။ တစ္ဆေနှင့် သေခြင်းတရားတို့ သူ့နောက်ကို အရိပ်လို ပါလာမှာကြောက်သည်။ ထိုည အိပ်မရတော့။
တစ်လမ်းလုံး ယိမ်းထိုးလှုပ်ရှား ကစားချင်တိုင်း ကစားခဲ့သော ပြာသာဒ်ကို မြင်ယောင်သည်။ ကျက်သရေဆိုးလှသော ဗုံရှည်သံနှင့် လင်းကွင်းသံ။ ပြာသာဒ် လှုပ်ရှားတိုင်း ခေါင်းထဲမှ တင်အောင်လည်း အငြိမ်နေရမည်မဟုတ်။ အင်း…ခုတော့ တင်အောင် မဟုတ်တော့။ ရုပ်အလောင်း၊ သေးသေးကွေးကွေး ခြောက်သွေ့တင်းမာနေသည့် သက်မဲ့ခန္ဓာ။ သူ့သူငယ်ချင်း တင်အောင်မှာ သေကောင်ပေါင်းလဲ မဖြစ်ခင်က ၀၀ဖီးဖီး၊ ထောင်ထောင်မောင်းမောင်း။ စကားပြောလျှင် အားရပါးရ အော်ကျယ်ဟစ်ကျယ်နှင့်။ သေခါနီးတော့ အရိုးပေါ်အရေတင်လျက်။ ကြုံလှီသောလက်များဖြင့် လူမမာမေးလာသော သူငယ်ချင်းလက်များကို အားကိုးတကြီး ဆုပ်ကိုင်ခဲ့သည်။ လေသံယဲ့ယဲ့ဖြင့် -
“ သူငယ်ချင်း ငါ မသေပါဘူးကွနော် ”
“ ဘာလို့ သေရမှာလဲကွ ”
အားပေးသူအသံက ချောက်ချောက်ချားချား။ သေခြင်းတရား၏ အရိပ်လက္ခဏာများကို လူမမာ၏လက်မှ ကိုယ်ငွေ့၊ အသားရောင်နှင့် မျက်လုံးများတွင်တွေ့နေရပြီ။ သည့်နောက် မသွားတော့။ လေးငါးရက်ကြာလျှင် တင်အောင် ဆုံးသည်။
သူနှင့် တင်အောင်နှင့်က တစ်ခုတည်းဖွား။ ဆရာတော်ဦးဝီရိယ တစ်ကျောင်းတည်း ထွက်တွေ။ သည်မြို့ကလေးသို့ မရောက်ကြခင် ရွာမှာနေစဉ်က ရွာရိုးတစ်လျှောက် စီတန်းနေသည့် ဥယျာဉ်တွေထဲ လျှောက်သွားကာ လေးခွတစ်ချောင်းစီနှင့် ငှက်ပစ်ဖက်၊ ပုတတ်ထုဖက်။ တင်အောင်က ပုတတ် ပေါလှသည့် ရှားစောင်းနှင့် နာနတ်ရိုင်းတို့ ၀ိုင်းရံရာ သင်္ချိုင်းသို့ခေါ်လေတိုင်း သူ မလိုက်ရဲ။
“ ကြောက်တယ်ကွ၊ တစ္ဆေခြောက်လိမ့်မယ် ”
ခုတော့ တင်အောင်တစ္ဆေက သူ့ကို ခြောက်ပြီ။
အရိပ်ပြ အယောင်ထင်၍ အကောင်အထည်နှင့် လာပြီး ခြောက်လှန့်ခြင်းတော့ မဟုတ်။ တွေးတိုင်း တစိမ့်စိမ့်အသည်းအေး၍ သွေးခဲမတတ် ချောက်ချားခြင်းတည်း။
ရေက ငတ်လှပြီ။ ထ မသောက်ရဲ။
ရေအိုးစင်ထောင့်က စောင့်နေမှာ ကြောက်သည်။
ခြေထောက်များကိုပင် မယုံသလို ပုဆိုးဖြင့်ထုပ်ကာ ကွေးထားမိသည်။
သူ့ဘေးမှာ တဂူးဂူး ဟောက်လျက် အိပ်ပျော်နေသော သူ့မိန်းမ မထားကို အဘိဇ္ဇာပွားသည်။
အာခေါင်တွေ ခြောက်လာ၊ ရင်တွေ ပူလာသည်။
သည်ကြားထဲ ဆီးသွားချင်လာပြန်ပြီ။ ဒုက္ခ….။
တင်အောင်၏ အသုဘမျက်နှာကိုမြင်လာလျှင် နှစ်ဆယ့်လေးပစ္စည်း အမြီးအမောက်မတည့် ရွတ်သည်။ ရွတ်ရင်း တင်အောင်က ပဉ္စင်းပင် နှစ်ဝါရခဲ့ကြောင်း သတိရကာ… “ ဗုဒ္ဓေါ သူက ငါ့ကို ကမ္မ၀ါ ပြန်ဖတ်တော့မှာပါလား ” နားထင် နားရင်းတွေ ပူကာ ချောက်ချားသွားသည်။ ဆီးသွားချင်စိတ်က အောင့်မရတော့။
“ ထားခင်…ထားခင်၊ ဟဲ့ မထား ”
ငှက်ပျောတုံး၊ လက်ပံတုံးလို ကုလားသေ ကုလားမော အိပ်နေသော သူ့မိန်းမကို နှိုးသည်။
“ ဟဲ့ မထား ”
အတင်းလှုပ်နှိုးမှ အင်ခနဲနိုးကာ တစ်ဖက်သို့ စောင်းသည်။ နောက်ထပ်လှုပ်မှ ငုတ်တုတ် ထ ထိုင်သည်။
“ ဘယ့်နှယ့် ဖြစ်နေတာတုံး၊ အိပ်ကောင်းခြင်း မအိပ်ရ ”
“ ငါ ငါ သေးပေါက်ချင်လို့ဟ ”
“ ပေါက်ပေါ့တော်၊ အောက်မှာ အင်တုံရှိတယ်၊ တကတဲမှပဲ အိပ်ချင်ရတဲ့အထဲ ”
“ ဘယ်နားမလဲ နင့်အင်တုံ ”
“ ဟောဒီ ခုတင်အောက်မယ် တော်ရေ့၊ သံခုတင်အောက်မယ် ”
မထားခင်က ကွေးကွေးကလေး ပြန်အိပ်သွားသည်။ သူက ခေါင်းရင်းမှ မီးခြစ်စမ်း၍ မီးအိမ်ထွန်းသည်။ ဇောချွေးများ ပြန်လျက် လက်တွေ တုန်တုန်နှင့် မီးထွန်းစဉ် လင်းလာသော အလင်းအောက်မှာ ခြင်ထောင်ပါးပါးထဲမှ ဆံပင်ဖိုးရိုးဖားရား၊ လုံချည်အင်္ကျီ ကပိုကရိုနှင့် ထားခင်သည်ပင် အစိမ်းသရဲမ တစ်ကောင်အလား။ မီးစာကို ကမန်းကတန်း မြှင့်လိုက်မှ မထားခင်ရုပ်က ကြည်လင်လာသည်။ မျက်လုံးဖွင့်ကာ-
“ အမလေး၊ မီးရောင်စူးလိုက်တာတော် ”
သူ့မိန်းမ အသံကြောင့် အားရှိလာသည်။ ခုတင်အောက်မှ စဥ့်အင်တုံကိုရွှေ့၍ အပေါ့စွန့်သည်။
“ ထားခင် ”
“ တော် ”
“ နင်…နင် မအိပ်နဲ့ဦးနော်၊ ခြင်ထောင်ပြင်ဘက် ထွက်ခဲ့ပါဦးဟ၊ ငါ ရေသောက်မလို့ ”
“ ရော် ”
မထားခင် ‘ ရော် ’ သံက စိတ်မရှည်သံ။ အိမ်ထောင်သက် အနှစ်နှစ်ဆယ်အတွင်း သူ့ယောက်ျား သူရဲကောင်း၏ သတ္တိခြင်းရာကို သိ၍သာ မနည်းမနော သည်းခံရရှာသည်။ ခြင်ထောင်ပြင်ဘက် ခေါင်းပြု၍ -
“ ကဲ ကဲ၊ သောက် သောက် ”
ရေကို ဂလုခနဲ သောက်သည်။ ကျောဘက်မှ မီးအိမ်ကြောင့် သူ့အရိပ်ရှည်မျောမျောကြီးမှာ နံရံတွင် ထင်နေသည်။ အရပ်ကြီး ကိုးရိုးကားရား၊ ကလန်ကလား။ သူက ရေမှုတ်ရိုးကို လက်လွှဲလျက် နံရံထောင့်ကို ရေကျန် ပက်လိုက်သည်။ အရိပ်ကြီး၏ ရှည်လျားကြီးမားသော လက်များ လှုပ်ရှားလာသည်။ ဆွဲကိုင် ဖမ်းလိုက်တော့မည့်အလား။
ခေါင်းနားပန်း ကြီးသွားသည်။
“ ဟဲ့ ထားခင်….ထားခင်၊ ဣတိပိသော…. ”
မီးအိမ်ကလေကြောင့် တလှုပ်လှုပ် ယမ်းနေစဉ် ခုတင်ပေါ်သို့တက်ကာ ပြေးလေသည်။

(၂)

ကိုစံသောင်း၏ အကြောက်အစွဲကို မဟာဝိသုတာရာမတိုက်မှ ဆရာတော်လည်း ကမ္မ၀ါ၊ ပရိတ်ရွတ်၍ ချွတ်ပြီးပြီ။ သို့သော် မကျွတ်။ အသုဘရှုရမှာကို ကြောက်သည်။ တစ္ဆေကို ကြောက်သည်။ ထို့ထက်ပို၍မူ သေခြင်းကို ကြောက်သည်။ ကြောက်သည့်အကြောက်မှာ အစွဲဖြစ်လျက် ရိုးတွင်းခြင်ဆီကို လိုက်ခဲ့ပြီ။ အသက်က ငါးဆယ်ကျော်၊ ဆံပင်ဖြူလွလွတွေနှင့် ပါးရိုးနားရိုး ချောင်စ၊ ခါးကုန်းစ။ သည်အရွယ်မှ မကျွတ်လျှင် မကျွတ်တော့။ တစ္ဆေကို ကြောက်သည်မှာ သေခြင်း၏ ဟိုမှာဘက်တွင် ၀ိညာဉ်လောက ရှိသည်ကို ယုံကြည်၍။ သေခြင်းကိုကြောက်သည်မှာ အရွယ်မရောက်သေးသော သူ့သားသမီးများကို ခွဲချန်ထားရစ်ရမည်စိုးရွံ့၍။
ထိုသို့ ကြံဖန် ကြောက်တတ်သည့် ကိုစံသောင်းတို့ အိမ်ခေါင်မိုးတွင် မန်ကျည်းပင်အိုကြီး တစ်ပင်က အရိပ်ထိုးနေသည်။ သည်မန်ကျည်းပင်ကြီးက သူ့ဇနီး မထားခင်၏ အဘိုး အဘွားများ လက်ထက်ကတည်းက အသိုက်လုပ်နေကြသည့် ကျီးကန်းတွေကလည်း တဆူဆူ၊ တအာအာ။ အိမ်ရှေ့အဖီ သွပ်တန်းတွင် တင်သည့် မန်းကျည်းရွက်မှိုတွေက တစ်လတစ်ခါ လှည်းရသည်။ လေတိုက်လျှင် မန်ကျည်းသီးတွေက တဖြုတ်ဖြုတ် ကြွေကျသည်။ ကိုင်းခြောက်များကလည်း ကျိုးကြေ၍ အိမ်ခေါင်တွင် တင်လှပြီ။
ကလေးများက ကျောင်းသွားဆဲ။ မထားခင်က ဈေးရောင်းသွားဆဲ။ စိုက်ချိန် ပျိုးချိန် မတိုင်ခင် ယာယီအလုပ်လက်မဲ့ဖြစ်နေသော ကိုစံသောင်းမှာ မန်ကျည်းပင်အိုကြီးကိုကြည့်ကာ အနိစ္စ ကမ္မဋ္ဌာန်း စီးဖြန်းနေမိရှာသည်။ မန်ကျည်းကိုင်းတွေကလည်း သူ့အိမ်ခေါင်မိုးကို တယောထိုးသလို တကျွီကျွီတိုးကြ တိုက်ကြသည် မဟုတ်ပါလား။
“ မိုးဦးကျ လေဦးကျ သစ်ကိုင်းတွေ ကျိုးရင်တော့ ငါတို့အိမ်ပြားသွားမှာပဲ၊ ငါ့သားသမီးတွေ အိပ်တဲ့နေရာကလည်း ထုပ်တန်းနဲ့တည့်တည့် ”
အိမ်နားမှ အစ်ကိုဝမ်းကွဲ ကိုလှရှိန်ကို ခေါ်ကာ-
“ အစ်ကိုလှ၊ သည်အပင်ကြီးက မဟန်ဘူး ထင်သဗျ ”
“ အေးကွ၊ မင့်အိမ်တော့ မလွယ်ဘူး၊ မိုးမကျခင် ခုတ်ကွာ၊ ထင်းလည်းရတာပေါ့ ”
“ ကျုပ်လည်း စိတ်ကူးနေတာပဲ။ ဒါပေမဲ့ သစ်ပင်ကြီး ၀ါးပင်ကြီး မခုတ်ကောင်းဘူး ဆိုကြလို့ ”
ကိုလှရှိန်က ညိုညို ပုပု၀၀။ ၀မ်းဗိုက်က အိုးစရည်းလို ရှေ့သို့ စူထွက်လျက်။ မန်ကျည်းပင်အိုကြီးကို မော့ကြည့်သည်။
ထိုစဉ် သူက ချောင်းတဟွပ်ဟွပ်ဆိုးကာ လမ်းဘေး ဖုန်တောထဲသို့ တံတွေး ထွေးပစ်သည်။
“ မင်း နေမကောင်းဘူးလား ”
“ နည်းနည်းပါးပါးပါ ”
“ ကျန်းမာရေးတော့ ဂရုစိုက်ဟေ့၊ ဆေးလိပ်လည်း ဖြည်းဖြည်းဖြတ်ကွ၊ ချောင်းဆိုးနဲ့ ဆေးလိပ်ကတော့ကွာ…. ငါ့လို ကွမ်းစားပါလား ”
“ ကွမ်းအစ် ဆောင်ရတာ ဒုက္ခများပါတယ် အစ်ကိုရာ၊ ဟော ဆေးလိပ်တို လက်ကြားညှပ်လို့ကတော့ ဘယ်အရပ်သွားသွား ”
“ အေးလေကွာ၊ ဒါဆိုလည်း မင်း လျက်ဆားလေး ဘာလေး လျက်ဦး၊ ကွမ်းရွက်ပြုတ်ရည်လေး ဘာလေး လုပ်သောက်။ အပူချောင်း နေမှာကွ။ မင်း သစ်ပင်ချိုင်ချင်ရင် ငါ ထွန်းကြိုင် ခေါ်ပေးမယ်၊ အပင်ကြီးဆို တစ်ရာ့ငါးဆယ်ပြောတာပဲ၊ ကြည့်ရှု လျှော့ခိုင်း။ အိမ်နဲ့ လွတ်အောင်လည်း ဂရုစိုက်လုပ်ခိုင်း၊ နေပါစေကွာ နေပါစေကွာ၊ ဒီကောင် လာတော့ ငါ ကြည့်ပြောမယ်၊ ငါ့တော့ ထင်းနည်းနည်း မျှဦး ”
“ ပြောမနေရပါဘူး အစ်ကိုရာ။ အဟွပ် အဟွပ်၊ အစ်ကို သင့်သလို အဟွပ် အဟွပ်…စီမံပါ ”
“ အေး အေး….ကွမ်းရွက်ပြုတ်ရည်လေး သောက်လိုက်ဦး၊ ကြားလား၊ မင့်နားနေရတာ ငါတောင် လည်ချောင်း ယားလာပြီ ”
အစ်ကိုလှ ပြန်သွားလျှင် ဈေးမှပြန်လာသော မထားခင်နှင့် အချီအချပြောရသည်။ မထားခင်က သစ်ပင်ကြီး ၀ါးပင်ကြီး မခုတ်စေချင်။ ခိုက်တတ်သည်ဟု တားသည်။
“ ခိုက်တတ်တာက နောက်ကွ၊ မင့် အပင်ကြီးက အရင်ပြုတ်ကျလာမှာ အဟွပ်ဟွပ်…အဟမ်း ”
“ တောင်းပန်ပြီး ခုတ်ပေါ့တော်၊ သစ်ပင်ကြီးရင် ရုက္ခစိုး စောင့်သတဲ့ ”
သူက တဟွပ်ဟွပ် ချောင်းဆိုးရင်း ဟုတ်မှာပဲဟု တွေးနေသည်။ ညဥ့်ဦးမှာ ဖယောင်းတိုင်ထွန်းကာ တောင်းပန်သည်။ ကလေးတွေက သစ်ပင်ကို အရိပ်ရ၍ မခုတ်စေချင်ကြ။ နွေမှာ သည်အပင်ကြီးကြောင့် အေးမြလှသည်။ သို့သော် ချောင်းတဟွပ်ဟွပ်ကြားမှ သူတို့အဖေက ရှင်းပြသည်။
“ အဟွပ်…ဟွပ်၊ သည်မှာ သမီးတို့ရဲ့၊ သစ်ပင်ကြီးက အိုလှပြီကွ၊ မိုးဦးကျလို့ တို့အိမ်ပေါ် ပိကျလာရင် အေးရှင်တို့တဲ ညောင်ပင်ပိတာထက် ဆိုးမယ် ”
သူတို့ရပ်ကွက်ထဲက မုန့်လက်ဆောင်းရောင်းသည့် မအေးရှင်တို့တဲကို မနှစ် မိုးဦး လေဦးမှာ ညောင်ပင်ကြီး အမြစ်ကျွတ်၍ ပိသည်။ လူတွေ မရှိခိုက်မို့ အိမ်ကလေးသာ စိစိညက်ညက် ကြေသွားသည်။ မျက်မြင်ဒိဋ္ဌမို့ ကလေးတွေ မကန့်ကွက်ကြတော့။

(၃)

တောင်းတောင်းပန်ပန် တစ်ရာ့အစိတ်နှင့် ဈေးတည့်သွားသည်။ သစ်ပင် ခုတ်ရသည်မှာ အသက်အန္တရာယ်က ကြီးမားလှပါဘိ။ ထင်းတွေက တစ်မိုးတွင်းမက တစ်နှစ်ပတ်လုံး သုံးရော့။ အိမ်နောက်ဖေးမှာ စုပုံနေကြပြီ။ အိမ်ရှေ့မှာ နေရောင်အတော်ရလာပြီ။ အရင်ကလောက် မအေးမြတော့။
ရာသီနာဟု ထင်ခဲ့သော ချောင်းဆိုးမှာ မသက်သာဘဲ အသံပါ ပျောက်သွားသည်။ မကြာမီမှာပင် ရင်ဘတ်တစ်ခုလုံး အောင့်လျက် အိပ်ရာထဲ လဲတော့သည်။
နေပူထဲ ဦးထုပ် မပါ၊ ထီး မပါ သွားလေ့ရှိသဖြင့် အပူရှပ်ကာ သာမန်ကာ လျှံကာ ချောင်းဆိုးထင်ခဲ့ပြီး ကွမ်းရွက်ပြုတ်ရည်နှင့် လျက်ဆားပဲ အားကိုးခဲ့သည်။ ခုဆို လဲပြီဆိုမှ မထားခင်ခမျာ ခြေမကိုင်မိ လက်မကိုင်မိ။ သို့သော် လင်သည်က ဆေးထိုးရမည်ကို သေမလောက် ကြောက်သည်မို့ ကောင်းနိုးရာရာ မြန်မာဆေးများဖြင့် ကုသည်။ မသက်သာ။ ရောဂါမှာ နာတာရှည်လာပြီး အမောဖောက်လာသည်။
အရပ်ထဲက သတင်းမေး လာကြ၊ ကြည့်ကြလျှင်-
“ သစ်ပင်ကြီး ၀ါးပင်ကြီး ခုတ်လို့ နေမှာပေါ့တော်၊ ရုက္ခစိုး ဖမ်းစားတာလားမှ မသိတာ ”
မထားခင်က အဖော်ဈေးသည်များ စကားကို ယုံကာ မန်ကျည်းပင်ငုတ်တိုကို ပန်းဆီမီးနှင့် ပူဇော်တောင်းပန်သည်။
ခရီးလွန်နေသော အစ်ကိုလှရှိန်က ခရီးမှ ပြန်ရောက်ရောက်ချင်း လူမမာလာကြည့်ပြီး ဆူသည်။
“ နင်တို့ ဆရာဝန် ပြကြမှပေါ့ ”
“ တော့်လူက ဆေးထိုးရမှာ ကြောက်တယ် အစ်ကိုလှရဲ့၊ ကိုတင်အောင်ကြီး ဆေးရုံမှာ ဆုံးသွားတာ သူက စွဲနေတာ၊ သူ စိတ်မချမ်းသာမှာလည်း မလုပ်ရဲဘူး ”
“ ကဲ ကဲ ညနေကျ ငါ မြင်းလှည်း ခေါ်ခဲ့မယ်၊ ဆေးတိုက် ပို့ရအောင် ”
လေသံသဲ့သဲ့ဖြင့် လက်ဝါးကာပြနေသော လူမမာကို ကရုဏာဒေါသောဖြင့် ကြည့်ကာ-
“ မင်းကလည်းကွာ ကျန်းမာဖို့ ပြောနေတာ၊ ခုနေ ခေါက်ခနဲ မင်း သေသွားရင် ထားခင်နဲ့ ကလေးတွေ ဘယ်လိုနေမလဲ ”
ပိုးစိုးပက်စက် ပြောမှ ငြိမ်ကျသွားသည်။ လည်ချောင်းကြီးများ ထောင်အောင် ဖျစ်ညှစ်ကာ အားယူပြောနေသော လူမမာမှာ ရှောက်ရည် လျက်သော်လည်း ထွက်မလာသော အသံယဲ့ယဲ့ဖြင့်ပင် စောဒက မတက်ရဲတော့။ အနီးမှ ယပ်ခတ်ပေးနေသော ချစ်စဖွယ် အပျိုဖော်ဝင်စ သမီးငယ်ကို ကြည့်သည်။ ဇောချွေးပြန်ကာ ခြေဖျားလက်ဖျားများ အေးသွားသည်။ သေခြင်းကို ကြောက်သောအကြောက်က သူ့နှလုံးအိမ်ထဲ ထိုးဖောက်စိမ့်ဆင်းကာ မျက်လုံးများကို စိုစွတ်စေသည်။
သို့ဖြင့် အပြင်ဆေးခန်းမှာ တစ်လကျော် ကြာခဲ့သည်။

(၄)

ကလေးများမှာ ကျောင်းကပြန်လာလျှင် ခြင်ထောင်အိုဝါ၀ါကြီးထဲက ခေါင်းပြူထွက်နေသော ဖြူရော်ရော် မျက်တွင်းဟောက်ပက်မျက်နှာကို မြင်တိုင်း ရင်ဆို့သွားကြသည်။ မထားခင်ခမျာလည်း အလုပ်များလှသည့်ကြားမှ ခင်ပွန်းသည်စားဖို့ ဖွယ်ဖွယ်ရာရာ ချက်ကျွေးရှာပါသည်။ သို့သော် အာဟာရ မ၀င်လှ။ အစ်ကိုလှကပင် ကမကထပြုကာ တိုက်နယ်ဆေးရုံသို့ ပို့လိုက်ရသည်။ တိုက်နယ်ဆေးရုံမှ ရောဂါအမှန်ကိုသိရန် တိုင်းသို့သွား၍ ဓာတ်မှန်ရိုက်ပါဆိုသဖြင့် တိုင်းဆေးရုံသို့ ရောက်ရပြန်သည်။
တိုင်းကပြန်လာလျှင် ဓာတ်မှန်ရိုက်ထားသော ဖလင်ကော်ပြားကြီးတစ်ခု ပါလာသည်။ နံရိုးကြီးများနှင့် မည်းမည်းအရာများကို မြင်ရသည်။ ဘာမှန်းမသိ။ ဆရာဝန်က အစ်ကိုလှကို ခေါ်၍-
“ အဆုတ်ရေ၀င်နာပဲ၊ အဆုတ်တစ်ဖက်ကတော့ ပျက်စီးသွားပြီ ” အစ်ကိုလှမျက်နှာ မည်းသွားသည်။ ဆရာဝန်ကလည်း မျက်နှာမကောင်း။
“ ခင်ဗျားတို့က ဆေးကုနောက်ကျတာကိုးဗျာ ”
“ သည်လိုဆိုတော့ သက်သာနိုင်ဦးမလား ဆရာ ” မျှော်လင့်ချက် ရှိလိုရှိငြား မေးသည်။ ဆရာဝန်က ငြိမ်၍ တွေးသည်။ ပြီးမှ-
“ မြို့နယ် ဆရာဝန်ကြီးကတော့ လုပ်ပေးမှာပဲ၊ အဆုတ်ထဲက ရေကိုစုပ်ထုတ်တာလေ၊ တချို့လည်း လုံးလုံး သက်သာသွားကြတယ် ”
မျှော်လင့်ချက်ရောင်ခြည်များ ယှက်သန်းသွားပြီး မြို့နယ်ဆေးရုံသို့ ပို့လိုက်ကြသည်။

(၅)

အဆုတ်ထဲမှ ရေကို ပထမဆုံးအကြိမ် စုပ်ထုတ်ပြီးနောက် အမောသက်သာသွားပြန်သည်။ ထူထူထောင်ထောင် လန်းဆန်းလာကာ ချိုချဉ်လေး၊ လက်ဖက်ရည်လေး တောင့်တလာသည်။ သို့သော် လူနာစောင့်တဲထဲမှာ အနေဆင်းရဲစွာဖြင့် ပင်ပန်းတကြီး ချက်ပြုတ်လာရသော မထားခင်၏ ထမင်းလုတ်ကို မျိုမကျ။ တောင်းပန်ကြည့်ဖြင့် ကြည့်သည်။
“ ဆန်ပြုတ် သောက်မလား၊ စားမကောင်းရင် ”
သူက လက်ကာပြသည်။ ရောဂါ သက်သာချင်လှပြီ။ မြန်မြန်ပျောက်ပါမှ။ သူ့မိန်းမ ဈေးရောင်းပျက်လှပြီ။ ၉ တန်းကျောင်းသားငယ်လည်း ညစောင့်အိပ်ရသည်နှင့် ကျောင်းပျက်လှပြီ။ ပြီးတော့ သူ့မျက်စိရှေ့မှာတင် လူတွေသေတာမြင်တော့ ရင်ထဲ မချိလှပေ။
“ ငါ ဆင်းချင်ပြီ ”
“ ဆင်းရတော့မှာပါ၊ ရှင် ကောင်းကောင်းပျောက်အောင် စောင့်လိုက်ပါဦး ”
မထားခင်က မျက်ရည်ဝဲလျက် ဖြေသည်။ တင်ပါးတွေမှာ အပ်ချက်က တစ်ရာလောက် ရှိပြီ။ ရေနွေးပုလင်းဖြင့် လှိမ့်ရသည်ပင် ဒဏ်တွေက မကြေချင်။
မထားခင်က မြန်မြန် သက်သာစေချင်လှပါပြီ။ လောလောဆယ် ၀င်ငွေမရှိသည့်ကြားထဲ ဟိုပေးရ သည်ကမ်းရနှင့် ကုန်သည်။
ပြီးတော့ ဝေဒနာခံစားနေရသည့် လင်သည်၏ ကြောက်ရွံ့အားငယ်သော မျက်နှာကြောင့် ပိုလို့စိုးနှောင့်ပူပင်ရသည်။
တတိယအကြိမ် အဆုတ်ထဲက ဂလူးကို့ပုလင်း သုံးပုံတစ်ပုံလောက် အရည်မည်းမည်းတွေ ထုတ်ပြီးသော်လည်း မသက်သာလှ။ မောမြဲ မောလျက်။ အဖေ အမောဖောက်လာတိုင်း ထ ထူကာ ဆေးတိုက်ရသော သားခမျာလည်း ည ည မအိပ်ရ။
ခန္ဓာကိုယ်မှာ အရိုးပေါ် အရေတင်လျက်၊ နဂိုက ပိန်ရသည့်အထဲ ရိုးကြီးဂေါက်ဂက်၊ မျက်တွင်းဟောက်ပက်နှင့် အသက်နှစ်ဆယ်လောက် ပို အိုစာသွားသည်။ သည်တစ်ခါ ဆေးရုံက ဆင်းချင်သည်ဆိုတော့ ဆရာဝန်ကြီးကလည်း မတားတော့။ မထားခင်ခမျာ ခင်ပွန်းသည်ကို စေ့စေ့ကြည့်ရင်း ဖြူဝါ၀ါအသားအရေနှင့် ပိန်ကြုံလှီလျက် ကမ္မဋ္ဌာန်းရုပ်ပေါက်နေခြင်းကြောင့် ကြက်သီးဖြန်းဖြန်း ထ သွားသည်။ လူနာက မောနေသည်။
“ ဘုရား ဘုရား…သည်တောင်က ကျော်နိုင်ပါ့ဦးမလား ”
သူ့ချစ်လင် အလွန်တရာ ကြောက်ရွံ့ခဲ့သော သေခြင်း၏ နိမိတ်တို့ကို ကတုန်ကယင်နှင့် သိမြင်လာသူ မထားခင်မှာ ပင်လယ်ပြင်ကြီးထဲတွင် ကူကယ်ရာမဲ့မျောနေသော ရေနစ်သူပမာ ဘေးမှ လူနာစောင့်များကို ကြည့်သည်။

(၆)

ဆေးရုံမှ ဆင်းလာစက အားတက်ရွှင်ပြပုံ ရသည်။
“ ကြက်စွပ်ပြုတ်ကလေး သောက်လိုက်နော်၊ ဒါမှ ဖေဖေ မြန်မြန်ဝလာမှာ ”
“ ပေး ပေး ”
သူက သမီးကြီး စိတ်အားတက်လာအောင် သောက်ပြဖို့ ကြိုးစားသည်။ သို့သော် လက်က ဇွန်းကို မကိုင်နိုင်တော့။ ပန်းကန်ထဲသို့ လွတ်ကျသွားသည်။ ကလေးမက ထိတ်လန့်ကာ-
“ ဖေဖေ ဖေဖေ ”
အဖေ အသက်ရှူမ၀။ မောနေသည်။ ပါးစပ်မှာ ငါးပါးဟက်လို ဟစိဟစိ။ လည်ချောင်းထဲမှ ချွဲသလိပ်သံတွေ ကြားရသည်။ ချိုးငှက်ရင်အုပ်လို ရင်အုပ်ချွန်ချွန်ကလေးက ဖိုလှိုက် ဖိုလှိုက်။
သမီးက အဖေ့အင်္ကျီ ကြယ်သီးများကိုဖြုတ်ကာ ရင်ဘတ်ကို လက်တစ်ဖက်က ဖိရင်း လက်တစ်ဖက်က ယပ်ခတ်ပေးသည်။ အနားမှာ တစ်ယောက်မှမရှိ။ အငယ်တွေက ကျောင်းသွားကြပြီ။ အမေလည်း သည်နေ့မှ ဈေး စ ထွက်သည်။
“ ရေသောက်မလား ဖေဖေ ”
ခေါင်းခါပြသည်။ မျက်လုံးများကို မှိတ်ထားသည်။ လက်ဖျား ခြေဖျားတွေက အေးစက် စေးထန်းလာသည်။ ကလေးမက အဖေ့ပခုံးကို ခေါင်းအုံးဖြင့် မှီပေးသည်။ အဖေက ခဲယဉ်းစွာ အသက်ရှူနေရာမှ ကုန်းထလိုက်ပြီး -
“ ဆရာဝန်…ဆရာ….ဆေးထိုးမယ်….ဆေးထိုးမယ် ” ဗလုံးဗထွေး ၀မ်းခေါင်းသံကြီးဖြင့် အော်သည်။
“ ခေါ်ပေးမယ် ဖေဖေ၊ သမီး ခေါ်ပေးမယ် ”
ငြိမ်ကျသွားသည်။ တဂူးဂူး အသက်ရှူဆဲ။ ရင်အုပ်က ဖိုလှိုက် ဖိုလှိုက် ဖြစ်ဆဲ။ သမီးက ဖေဖေ့ကို ထားသွားရမှာ ကြောက်ရွံ့ပြန်သည်။ သူ မရှိခိုက် သူအဖေ ထာဝရ ပျောက်ဆုံးသွားမှာ ကြောက်သည်။ သို့သော် မောတုန်း ခဏပါဟု စိတ်ဖြေကာ ညင်သာစွာသိပ်ပြီး ဦးကြီးလှထံသို့ ပြေးရပြန်သည်။
ခြံစည်းရိုးခတ်နေသော ဦးကြီးလှက လုပ်လက်စ အလုပ်ကိုချကာ ကပျာကယာ ထ လိုက်လာသည်။ သူ ရောက်တော့ လူမမာ၏ အသားအရောင် မမှန်တော့။ ပြာနှမ်း အေးစက်စ ပြုပြီ။ သို့သော် အသက်ရှူဆဲ။ တဂူးဂူးအသံဖြင့် ညံနေသည်။
“ ဖေဖေ ဖေဖေ သေမှာလားဟင် ”
ကလေးမက တီးတိုး မေးသည်။ ဦးကြီးလှက စိတ်မကောင်းခြင်းကြီးစွာဖြင့် မျက်နှာလွှဲလျက် ညီ၏ ခြေထောက်များကို ဆုပ်နယ်ပေးသည်။ အေးစက်စေးထန်းသော အတွေ့ကြောင့် ဆတ်ခနဲ လက်ရုပ်မိသည်။
“ သွား…နင့်အမေ သွားခေါ်ချည် ”
ကလေးက ဈေးသို့ စက်ဘီးဖြင့် ပြေးဆဲ၊ အစ်ကိုလှက ညီဖြစ်သူ၏ ခြောက်ခန်း ဆုတ်ယုက်သော မျက်နှာကို စိတ်မသက်သာစွာ ကြည့်သည်။
အသက်ရှူသံမှာ ပို၍ ပို၍ ပြင်းထန်လာသည်။
လူနာ၏ အသိစိတ်ထဲသို့ အမှောင်ရိပ်များ တစ်စတစ်စ လွှမ်းမိုးကျဆင်း လာသည်။ အလင်းကွက်ထဲ၌ သချုင်္ိင်းမှတ်တိုင်များ လှုပ်ရှား ယိမ်းထိုးလာကြသည်။ ကြောက်ရွံ့ကြီးစွာဖြင့် ဇောချွေးပြန်လျက် ပါးစပ်ကို ဟ ကာ အော်ဖို့ကြိုးစားသည်။ အသံ မထွက်။
ဘ၀ကို ခင်တွယ်ခြင်းဖြင့် ကောက်ရိုးမျှင် တစ်စကို ဆွဲဆုပ်ဖို့ မျက်လုံးဖွင့်ကာ အနီးမှ သမီးကို ကြည့်သည်။ မရှိ။
မျက်နှာတစ်ခုက အရိပ်လိုမိုးကာ သူ့လက်များကို အေးစက်စက်လက်များဖြင့် ချုပ်ကိုင်လာသည် ထင်မိသည်။ မျက်နှာက တစ်စတစ်စ နီးကပ်လာသည်။ လက်များက အပေါ်သို့ မြောက်တက်သွားသည်။ ရင်ထဲမှာ ဟာလျက်။ တစ်စုံတစ်ရာကို တားဆီးဖို့ ကြိုးစားသည်။ မရ။ ရုန်းကန်သည်။ အရိုးပြိုင်းပြိုင်းလက်များ လှုပ်ရှားလျက်။
“ ငါ မလိုက်ဘူး၊ သွား သွား ”
“ သချုင်္ိင်းကုန်းမှာ ပုတတ် လာတယ်ကွ၊ ပုတတ် ထုရအောင် ”
“ မလိုက်ဘူး၊ မလိုက်ဘူး ”
အေးစက်သောလက်များ ပြုတ်ကျသွားသည်။
အစ်ကိုလှက လက်များကို ယှက်၍ ရင်ဘတ်ပေါ်တွင် တင်ပေးလိုက်သည်။ ပါးစပ်ဟလျက် အသက်ရှူရပ်သွားသော ညီငယ်၏ မျက်လုံးများကို ပိတ်ပေးလိုက်သည်။
တစ္ဆေသည် သူ့ညီကို ဘယ်ခါမှ ခြောက်တော့မည် မဟုတ်တော့။

ခင်မြဇင်
ရုပ်ရှင်မျက်မှန်၊ အောက်တိုဘာ၊ ၁၉၈၄

No comments:

Post a Comment