Mar 22, 2017

ဘဝကန့်လန့်ကာရဲ့နောက်ကွယ်မှာ

ဘဝကန့်လန့်ကာရဲ့နောက်ကွယ်မှာ
==========
#ဟမ်စိုင်း (ဆေး-မန်း)

         သူ့နာမည်က မောင်ကောင်းကင်။သူဟာ မွေးကတည်းက လမ်းဘေးအမှိုက်ပုံနားမှာ စွန့်ပစ်ခြင်းခံခဲ့ရတဲ့ ကလေးငယ်တစ်ဦး။ သူ့ကို လမ်းဘေးက အမှိုက်ပုံနားမှာ လူတချို့က တွေ့ခဲ့ကြတယ်။ အဲဒီ လူတွေကတစ်ဆင့် ကလေးပြုစုရေးကျောင်းကို သူရောက်ခဲ့ရတယ်။ ကံကောင်းစွာပဲ သူ့အသက်ငါးနှစ်အရွယ်မှာ သူ့ကို မွေးစားမယ့် မွေးစားမိဘတွေ ပေါ်လာခဲ့တယ်။ သူ့ရဲ့ရုပ်ရည်က ဖြူဖြူ သန့်သန့်လေးမို့ မိဘမဲ့ကလေးတွေကြား ထင်ပေါ်နေလို့ သူ့ရဲ့မွေးစားမိဘတွေက မွေးစားခဲ့ကြတာ။မောင်ကောင်းကင်ဆိုတာ သူ့ရဲ့မွေးစားမိဘတွေ ပေးထားတဲ့နာမည်။သူ့ရဲ့ဘဝကို မြင့်မြင့်မားမား ဖြစ်စေချင်တဲ့ ဆန္ဒနဲ့ပေါ့။သူရဲ့ မွေးစားမိဘတွေက ကုမ္ပဏီ ပိုင်ရှင် သူဋ္ဌေးကြီးတွေ။လက်ထပ်ပြီး ငါးနှစ်ကြာတဲ့အထိ အမျိုးမျိုးကြိုးစားပေမယ့် ကလေး မရခဲ့လို့ သူ့ကိုမွေးစားခဲ့ကြတာ။
           သူ့ရဲ့ မွေးစားမိဘတွေက သူ့ကို သားအရင်းတစ်ယောက်လို ပြုစုစောင့်ရှောက်ခဲ့ကြပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကံဆိုးခြင်းနေ့ရက်တွေက သူ ပထမတန်းကို စတက်ပြီး တစ်လအကြာမှာပဲ စတင်ခဲ့တယ်။ သူရဲ့မွေးစားမိဘတွေ အထပ်ထပ်အခါခါ ကြိုးစားခဲ့ကြတဲ့ ဖန်ပြွန်သန္ဓေက သူရဲ့မွေးစားမိခင် ဗိုက်ထဲကို အောင်မြင်စွာ ထည့်နိုင်ခဲ့ပြီး ကိုယ်ဝန်ပျက်မကျဘဲ တည်မြဲနေခဲ့တယ်။သူ့ရဲ့မွေးစားမိခင်က သူ့ကို မမွေးစားခင် ဖန်ပြွန်သန္ဓေသား ချည်း နှစ်ခါ ကိုယ်ဝန်ဆောင်ဖူးတယ်။သားအိမ်ထဲ ထည့်ပြီး မကြာခင် မှာပဲ ပျက်ကျ ခဲ့လို့ သူ့ကို မွေးစားခဲ့ကြတာ။သူရဲ့မွေးစားမိဘတွေကသူ့ကို မွေးစားထားပေမယ့်  သွေးသားရင်းကိုသာ
တောင့်တနေခဲ့ကြလို့ ထိုင်းနိုင်ငံ ထိ သွားပြီး ကလေးရအောင် လုပ်ခဲ့ကြတယ်။ အဲဒီကလေးကို မွေးပြီး သိပ်မကြာခင်မှာ သူ့ရဲ့ မွေးစားမိဘတွေက သူ့ကို ကျောင်းဆက် မထားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။သားအရင်းကိုသာ အမွေအားလုံးပေးချင်ကြလို့ သူ့ရဲ့ မွေးစားမိဘတွေက မွေးစားဥပဒေကို ချိုးဖောက် ခဲ့ကြတယ်။သူသာ ပညာတွေတတ်ခဲ့ရင် အစီအစဉ် တွေ ပျက်သွားမှာကို စိုးရိမ်ကြတယ်။သူ့ကို ရန်ကုန် မန္တလေး ကားလမ်းမတစ်နေရာရာမှာ စွန့်ပစ်ဖို့ထိ တွေးခဲ့ကြပေမယ့်
ကလေးပြုစုရေး ကျောင်းက  ကလေးကြီးကြပ်ရေးမှူးတွေ လာစစ်တဲ့အခါ ပြဿနာတတ်မှာ စိုးတာရယ်၊ကလေးပြုစုရေးကျောင်းကို တစ်နှစ်တစ်ခါ သတင်းပို့ရဦးမှာရယ် တွေကြောင့် သူ့ကို အိမ်မှာပဲ ဆက်ထားခဲ့ကြတယ်။အဲဒီအချိန်ကစလို့ သူ့ရဲ့ မွေးစားမိဘတွေကို အဖေနဲ့အမေအစား ဦးလေးနဲ့ အဒေါ်လို့ပဲ ခေါ်ရတော့တယ်။သူ့ရဲ့  အစွမ်းအစတွေ ပျောက်ကွယ်သွားပြီး ရုပ်သေးရုပ်တစ်ရုပ် ဖြစ်အောင် သူ့ရဲ့မွေးစားမိဘတွေက စီစဉ်ခဲ့ကြတယ်။
              ကျောင်းမတက်ရတော့တဲ့အခါ ကလေးသဘာဝမို့ သူက ပျော်နေသေးတော့..။သူက သူ ဝါသနာပါတဲ့ အရုပ်ပုံလေးတွေ ဆွဲတယ်။ သူ့ကို ချစ်တဲ့ အိမ်အကူဒေါ်လုံးကို ဟင်းသီးဟင်းရွက်တွေ သင်ကူတယ်။ဒေါ်လုံးပြောပြတဲ့ ပုံပြင်တွေ နားထောင်တယ်။ပန်းခြံထဲက ပန်းပင်တွေကို ရေလောင်းတယ်။သူ့ရဲ့ မွေးစားမိဘတွေ အလုပ်သွားတဲ့အခါ ကလေးထိန်းနဲ့အတူတူ သူ့ရဲ့ညီလေးကို ထိန်းတယ်။ သူ့ညီလေးနဲ့ အတူတူ ကစားတယ်။ မောင်ကောင်းကင် စကားပြောတဲ့အခါ သူ့ကိုယ်သူ `အကောင်းကလေ ´`အကောင်းကလေ´ လို့ ပြောတတ်တယ်။
###############
          နေမင်းကြီးက အရှေ့ကနေ ထွက်ပေါ်လာလိုက် သြကာသလောကကြီးကို အလင်းပေးလိုက် တောင်စွယ်မှာ ပျောက်ကွယ်သွားလိုက်နဲ့ ဥတုအလီလီ ကူးပြောင်းခဲ့ပြီး သူ့ အသက် နှစ်ဆယ့်လေးနှစ် အရွယ်မှာ ဒေါ်လုံးက လူကြီးရောဂါနဲ့ ကွယ်လွန်သွားတယ်။ အဲဒီအခါ သူက ခြံစောင့်တာဝန်အပြင် ဒီအိမ်ကြီးရဲ့ မီးဖိုချောင် တာဝန်ကို ယူရတဲ့လူ ဖြစ်လာရော။ အရင်ကတည်းကဒေါ်လုံးကို  ထမင်းဟင်းချက် ကူနေတဲ့သူမို့ သူ့အတွက် အခက်အခဲ မရှိခဲ့ပါဘူး။
           သူက အနေအထိုင် သိမ်မွေ့တယ်။ အချက်အပြုတ် ဝါသနာပါတယ်။ စကားပြော ညင်သာတယ်။ အဲဒီလို အေးအေးဆေးဆေးနေတတ်တဲ့သူ့ကို သူ့ရဲ့ ညီလေး "နက္ခတ်"က အမြဲတမ်း အနိုင်ယူတယ်။ အနိုင်ယူတယ်ဆိုတာထက် သူက အမြဲတမ်း အလျော့ပေးထားတာ။ သူ့ရဲ့ဘဝက နက္ခတ်လို့ သူက ခံယူထားတာ။
"အကောင်း..ကော်ဖီက အေးသွားပြီ။ ပြန်ဖျော်ပေးဦး"
          တစ်အိမ်လုံးအတွက် မနက်စာ ပြင်ပေးပြီး သူ့ရဲ့မွေးစားမိဘတွေ အတွက် နေ့လည်စာ ထမင်းချိုင့် ပြင်ပေးနေတုန်း နက္ခတ် ရဲ့ အသံကို ကြားလိုက်ရတယ်။
"ဟုတ်ပါရဲ့။ အကောင်း သတိမေ့သွားတာ ။အခု ချက်ချင်း ပြန်ဖျော်ပေးမယ်နော်။ခဏစောင့်"
        နက္ခတ်အတွက်ကော်ဖီ မြန်မြန်ပြန်ဖျော်တော့ သူ့လက်ကို အပူလောင်သွားတယ်။ဘေစင်အောက် လက်ကို အအေးခံနေတုန်း"အကောင်းရေ။ကြာတယ်ဟ"ဆိုတဲ့ နက္ခတ် ရဲ့ အသံကြားရလို့ ကော်ဖီခွကိကို အမြန် သွားချပေးရတယ်။  သူ့ရဲ့မွေးစားမိဘတွေကတော့ သူ့သားကို ဂရုတစိုက်ရှိလို့ ခေါင်းတညိတ်ညိတ်နဲ့ ပြုံးနေလေရဲ့။ သူရဲ့ မွေးစားမိဘရယ် နက္ခတ် အတွက်ရယ် ထမင်းချိုင့် ပြင်ပေးပြီးတော့ မနက်စာကို အမြန်စားလိုက်တယ်။
"ဒေါ်ဒေါ်..။အကောင်း ဈေးသွားလိုက်ဦးမယ်နော်"
"အေးအေး။ ပိုက်ဆံ လာယူဦး"
"အကောင်းဆီမှာ ရှိသေးတယ် အဒေါ်။ နောက်နေ့မှ ယူတော့မယ်"
        ဈေးခြင်းတောင်းလေး လက်ကဆွဲပြီး ရပ်ကွက်ထိပ်က ဈေးကို သူ ထွက်လာခဲ့တယ်။ လက်ဖက်ရည်ဆိုင်ထဲက ကာလသားတွေက သူ့ကို မြင်တော့ မထိခလုတ် ထိခလုတ် စနောက်ကြတယ်။
"အသည်းလေး တစ်ယောက်တည်းလား"
"ကိုယ် လာကူရမလား"
         ဈေးဝယ်ခါစက ဒီလို အစခံရရင် ကြောက်ဒူးတုန်ခဲ့ပေမယ့် အခုချိန်မှာတော့ ဒီလိုစကားတွေက သူ့အတွက် ရိုးအီနေပါပြီ။ ကြီးတော်လုံး ဆုံးသွားကတည်းက သူကိုယ်တိုင် ဈေးဝယ်ထွက်နေရတာမို့လား။ သူကလည်း သူပဲ စကားပြောတာ လမ်းလျှောက် တာကအစ ကနွဲ့ကလျ နိုင်လွန်းတော့ ဈေးသည်တွေကအစ သူ့ကို ဝိုင်းစကြတာ။
         ဈေးကအပြန် သူတို့ လမ်းထိပ် မှာ သိပ်မကြာခင်ကမှ လာဖွင့်ထားတဲ့ အလှပြင်ဆိုင်ကြီးကို သူ စိတ်ဝင်စားစွာ ကြည့်နေမိတယ်။ သူ့ရဲ့ မွေးရာပါ ဗီဇလို့ပြောရမလားပဲ။ အလှပြင်ဆိုင်ကြီးကိုမြင်ကတည်းက ဆိုင်ထဲကို သွားချင်နေတာ။ အလှပြင်ဆိုင်ကြီးကို တွေ့စကတည်းက့ သွားရမလား မသွားရဘူးလား ချီတုံချတုံဖြစ်နေခဲ့တာ။ဒီနေ့တော့ သွားဖြစ်အောင် သွားမယ်လို သူဆုံးဖြတ်ခဲ့ပြီးသား။
         စိတ်နှလုံးကို ဒုံးဒုံးချပြီး "မိုးနတ်မယ်"အလှပြင်ဆိုင်ကြီးထဲကို သူ ဝင်သွားမိတယ်။သူရဲ့ မြင့်မားတဲ့ အရပ်အမောင်း၊ ချောမောတဲ့ ရုပ်ရည်တွေကြောင့် အလှဖန်တီးရှင်တွေက ပျာပျာသလဲ ကြိုဆိုကြတယ်။ဆိုင်ပိုင်ရှင် မာမီအောင်က ကိုယ်တိုင်ထလာပြီး
"လာ မောင်လေး။ ဆံပင်ညှပ် မှာလား။ မျက်နှာပေါင်းတင်မှာလား"
သူက ခေါင်းကို ခါယမ်းပြီး
"ဟိုလေ...ဟိုလေ..ဟို.."
"ပြောလေ...သားလေး။ ဘာလုပ်မှာလဲ"
"ဟိုလေ...။အကောင်းကလေ။ အလှပြင် သင်ချင်လို့ပါ"
        သူ့ရဲ့ စကားအဆုံးမှာ အလှဖန်တီးရှင်တွေက သူနားမလည်တဲ့ စကားတွေ ပြောပြီး ဝိုင်းရယ်ကြတယ်။ ဒါပေမယ့် သူ့ကို နွေးထွေးစွာပဲ ကြိုဆိုခဲ့ကြတယ်။
"မာမီဆိုင်မှာ လူလိုနေတဲ့နဲ့အတော်ပဲ အကောင်းရေ။အကောင်းလာမယ်ဆို နေစရာလည်း စီစဉ်ပေးမယ်"
         မာမီအောင်ဆီက အဲဒီစကား ကြားရတာ သူ့ဘဝမှာ ဝမ်းသာရဆုံး အခိုက်အတန့်  ပါပဲ။ သူ့ရဲ့မွေးစားမိဘတွေက သူ့ကို အလှပြင်သင်ချင်ရင် အိမ်ကထွက်လို့ ပြောခဲ့ရင်တောင် သူ့မှာ နားခိုစရာ နေရာ ရသွားပြီမို့ သူ့ဘဝမှာ မရှိခဲ့ဖူးတဲ့ အားအင်တွေ ပြည့်လာခဲ့တယ်။
           သူ့ရဲ့မွေးစားမိဘတွေက သူ အလှပြင်သင်တန်း တက်တော့မယ်ဆိုတော့ အပြင်းအထန် ကန့်ကွက်ကြတယ်။ဒါပေမယ့် သူက မဖြစ်မနေ သင်တော့မယ်ဆိုတာ သိနေတော့ သူ့ရဲ မွေးစားမိဘတွေက လိုက်လျော ခဲ့ကြတယ်။ဒီခေတ်ကြီးမှာ ထမင်းကျွေးထားရုံနဲ့  ကျွန်ခံပြီး စိတ်ချရတဲ့ အိမ်အကူ လူယုံတစ်ယောက်ရဖို့ ခက်ခဲမှန်း သူ့ရဲ့မွေးစားမိဘတွေက တွေးမိကြတယ်။ဒါပေမယ့် သူ အလှပြင် သင်တန်း တက်ဖို့လို့ သူ့ရဲ့မွေးစားမိဘတွေချမှထားတဲ့ အိမ်လုပ်ငန်းအားလုံးလုပ်ပြီးမှ သင်တန်းကို သွားရမယ်၊ မိန်းကလေးလို မဝတ်ရဘူးဆိုတဲ့ စည်းကမ်းနှစ်ချက်ကိုတော့ သူ လိုက်နာခဲ့ရတယ်။
            ပါရမီဆိုတာက ဖျောက်ဖျက်လို့ မရလို့လား။ သူကိုယ်တိုင်က ကြိုးစားလို့လား။အဲဒီနှစ်ခု ပေါင်းဆုံသွားလို့လားပဲ။ သူက အလှပြင်တဲ့နေရာမှာ အချိန်တို အတွင်း သူ မတူအောင် ထူးချွန်ခဲ့တယ်။ သင်လွယ် တတ်လွယ်ပြီး ထူးချွန်လွန်းလို့ ဆိုင်ပိုင်ရှင် မာမီကြီးရဲ့ အရေးပေးခံရဆုံးသူ ဖြစ်လာခဲ့တယ်။ Customers တွေကြားထဲ "အကောင်း၊ အကောင်း"ပဲ ဖြစ်လာခဲ့တယ်။ နာမည်တက်စ မင်းသမီးတစ်ယောက်က သူ့ကို ပင်တိုင်မိတ်ကပ်သမားအဖြစ် လာငှါးတာကို ငြင်းပယ်လိုက်တယ်။ မာမီကြီးကို ကျေးဇူး ဆပ်ရဦးမယ်လို့ သူ့စိတ်ထဲမှာ ခံယူထားတယ်။
#######*########
          
"အကောင်းရေ..။ကျွန်တော့်ဆံပင်ကို ဂျယ်လာလိမ်းပေးဦး"
          နက္ခတ် ရဲ့ စကားမှ မဆုံးသေးဘူး။ သူက နက္ခတ် ဘေး ရောက်နေပြီ။
နက္ခတ်ရဲ့ ဆံပင်ပျော့ပျော့လေးတွေကို ဂျယ်နဲ့ လိုသလိုပုံသွင်းပေးလိုက်တယ်။ နက္ခတ် ကို ဒီလို လုပ်ပေးရတာ သူ သိပ်ပျော်တာပဲ။ နက္ခတ် အပေါ် သူ့ရဲ့ တွယ်တာမှုက ညီလေးအဆင့်ထက်ပိုနေခဲ့တယ်။နက္ခတ်ကို ဘယ်ချိန်ကစပြီး ချစ်သူတစ်ယောက်လို ချစ်မိသွားလဲဆိုတာ သူ့ကိုယ်တိုင်တောင် မသိလိုက်ဘူး။
"အကောင်း။ မျက်နှာကို တိုနာလိမ်းပြီးမှ ခရင်မ်လိမ်းနော်"
"အမလေး။ဖအေထက် သားတစ်လ ကြီး မနေနဲ့။ ငါ ခေါက်လိုက်ရ"
           ခေါက်လိုက်ရလို့သာ ပြောတာ။ နက္ခတ်ကို နာကျင်အောင် သူ တစ်ခါမှ မလုပ်ဖူးဘူး။ နက္ခတ် က ပထမနှစ်နည်းပညာတက္ကသိုလ်ကို စတက်နေပြီ။ နက္ခတ် က ရုပ်ရည်ကလည်း ချောတဲ့အပြင် ပိုက်ဆံ သုံးနိုင်သူမို့ ရည်းစားတွေကို ထည်လဲတွဲ တယ်။
"အကောင်း။ ကျွန်တော့်ကို ပိုက်ဆံပေးဦး"
"မနေ့ကမှ အဒေါ်က ပေးထားတယ်မို့လား"
နက္ခတ်က နှာခေါင်းရှုံ့ ရင်း သူ့ကို ဖက်ကာ
"ကုန်သွားပြီး အကောင်းရဲ့။ ပြော ပေးမှာလား။ မပေးဘူးလား"
နက္ခတ်က သွေးရိုးသားရိုး ဖက်ပေမယ့် သူ့ရင်ထဲမှာ ရထားဆယ်ဆင်း ခုတ်မောင်းသွား သလိုပါပဲ။
"အေးပါဟယ်။ စာလည်းကြိုးစားဦး။ ပိုက်ဆံချည်း သုံးမနေနဲ့"
        သူရှာသမျှ ပိုက်ဆံ အားလုံးက နက္ခတ် အတွက်ပဲ ဖြစ်ခဲ့ရတယ်။
အဲဒီလို ပေးနေရတာကိုက သူ့အတွက် အားဆေးတစ်ခွက် ဖြစ်နေခဲ့တယ်။နက္ခတ်သည်သာ သူ့ရဲ့ နှလုံးအိမ်၊နက္ခတ်သည်သာ သူ့ရဲ့ ဘဝဖြစ်ခဲ့ရတယ်။သူ့ရဲ့ သူငယ်ချင်း တွေက သူ့ကို
ယောက်မလို့ ခေါ်ရင်တောင်
"နင်တို့လို ဟာမတွေနဲ့ သဘောမတူပါဘူးနော်"လို့ နှုတ်ခမ်းစူပြီး ရန်တွေ့ပြစ်ခဲ့တာ။
##############
          သူ့ရဲ့ မွေးစားမိဘတွေက နယ်ကို အလုပ်ကိစ္စနဲ့ မကြာခဏ ညအိပ် ခရီးသွားရတယ်။ သူရဲ့မွေးစားမိဘတွေ နယ်ကို အလုပ်ကိစ္စနဲ့ သွားနေတဲ့ ညတစ်ညကပေါ့...။ညပိုင်းမှာ နက္ခတ် နဲ့ နက္ခတ် ရဲ့ သူငယ်ချင်း နှစ်ယောက် အိမ်ကို ရောက်လာကြတယ်။ အရက်ဝိုင်းဖွဲ့ပြီး သောက်ကြတယ်။ ဒီလို အရက်ဝိုင်းဖွဲ့ပြီး သောက်တာ မိဘတွေ နယ်ထွက်တဲ့အခါတိုင်းပဲ ။အဖြစ်အပျက်တချို့ကို သူ့ရဲ့ မွေးစားမိဘတွေကို တိုင်ချင်ပေမယ့်"အဖေနဲ့အမေသာ ပြန်တိုင်ကြည့်။ အကောင်းကို သေခန်းဖြတ်ပစ်မယ်"ဆိုတဲ့ နက္ခတ် ရဲ့ စကားကြောင့် ရေငုံနှုတ်ပိတ်နေခဲ့ရတာ။
"အကောင်းရေ။ အမြည်းလုပ်ပေးပါဦး"
      နက္ခတ်ရဲ့ စကားအဆုံးမှာ မီးဖိုချောင် ထဲဝင်ပြီး အမြည်း
လုပ်ပေးရတယ်။ အမြည်းပန်းကန်တွေကို သွားချတော့ နက္ခတ်တို့်က နည်းနည်းထွေနေကြပြီ။ နက္ခတ် က သူ့လက်ကိုဆွဲပြီး
"အကောင်း။ရော့ တစ်ခွက်တော့သောက်ဦး"
"ဟင်...တော်ပါပြီ။ အကောင်းမှ မသောက်တတ်တာ။"
"မရဘူးဗျာ။ သောက်ရမယ်"
"ဟုတ်တယ်။ ကျွန်တော်တို့ကို ခင်ရင် သောက်ရမယ်"
         နက္ခတ်နဲ့ နက္ခတ်ရဲ့သူငယ်ချင်းနှစ်ယောက်က ဇွတ်တိုက်လို့
အရက်တစ်ခွက်ကို သူ သောက်ခဲ့ရတယ်။မီးစတစ်စ သူ့လည်ချောင်းထဲ လောင်မြိုက်သွားသလိုပါပဲ။ သူ့နားထဲ မိန်းမတစ်ယောက်ရဲ့ အော်သံကြားလို့ ကျီးကန်းတောင်းမှောက်လိုက်ကြည့်မိတော့ ၃၂လက်မ တီဗွီဆီကဖြစ်နေတယ်။ နက္ခတ် နဲ့ သူငယ်ချင်း နှစ်ယောက်က အပြာကားတွေ ကြည့်နေကြတာ။နက္ခတ်တို့သူငယ်ချင်းတစ်စုရဲ့ မျက်နှာမှာ အရက်ရှိန်အပြင် တဏှာခိုးတွေ ပြည့်နှက်လို့။
"ဟယ်လို ဧကရီလား။ ကိုယ့်အိမ်ကို အခုလာခဲ့"
"-----------"
"ဘာ မအားဘူးဟုတ်လား။တောက်..."
       နက္ခတ်က ဒေါသတကြီး တက်ခေါက်ရင်း ဖုန်းကို ပိတ်လိုက်တယ်။
"ဟား..ဟား..။ကိုယ့်ဆော်ကိုတောင် မပိုင်တဲ့ ကောင်။ ငါ့တို့ ဆော်တွေက ခဏနေ လာတော့မယ်ကွ။ ဟား..ဟား"
  နက္ခတ်ရဲ့ သူငယ်ချင်း နှစ်ယောက်က ရယ်တော့ နက္ခတ်က မချိပြုံး ပြုံးတယ်။နက္ခတ်တို့က ဇာတ်ကား ကြည့်ရင်း အရက်ဆက်သောက်ကြတယ်။
သူ့ခေါင်းထဲ မူးနောက်နောက် ဖြစ်နေတာနဲ့ အရက်ဝိုင်းက ထပြီး ထွက်လာခဲ့တယ်။
        သူ ဘယ်အချိန်ထိ အိပ်ပျော် သွားလဲ မသိဘူး။ခပ်ပြင်းပြင်း ခြေသံတွေကြောင့်
သူ အိပ်ရာက လန့်နိုးလာတယ်။ နာရီကြည့်မိတော့ ဆယ့်တစ်နာရီ ထိုးနေပြီ။
"မင်းတို့ စုံတွဲနှစ်တွဲက အခန်းနှစ်ခန်း ယူတော့ ငါက ဘယ်မှာ သွားအိပ်ရမလဲ"
"သူငယ်ချင်း ကလည်း ကုသိုလ်ရပါတယ်။ အကောင်းဆီ သွားအိပ်ကွာ"
"ငါ့သူငယ်ချင်းက လိမ္မာပါတယ်။အေ့..."
မူးမူးရူးရူး စကားသံတွေရဲ့ အဆုံးမှာ နက္ခတ် က သူ့ရဲ့အခန်းထဲ ခြေလှမ်း ဒယီးဒယိုင် နဲ့ ဝင်လာတယ်။ သူလည်း အိပ်ချင်ယောင် ဆောင်နေလိုက်တယ်။ နက္ခတ် က သူ့ဘေးနား ဝင်လှဲရင်း သူ့ကို ဖက်အိပ်တယ်။ တဖြည်းဖြည်း သူ့ကိုဖက်ထားတဲ့ နက္ခတ် ရဲ့ လက်တွေက တင်းကြပ်လာပြီး
နက္ခတ်က"ဧကရီကို သိပ်ချစ်တယ် ။ဧကရီကို သိပ်ချစ်တယ် "လို့ တဖွဖွ ရွတ်ဆိုနေခဲ့တယ်။ သူတောင့်တခဲ့တာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ၊ နက္ခတ်ပေးနေတာ မှားယွင်းတဲ့ တဏှာရာဂ။
သူ ဘာလုပ်ရမလဲ။ ငြင်းဆန်ရမှာလား။သူချစ်တဲ့ နက္ခတ် စိတ်ကျေနပ်အောင် သူ လိုက်လျောသင့်ရဲ့လား။ဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာချလို့ ကဗျာဆန်မလို ဖြစ်ခဲ့တဲ့ ညတစ်ညကတော့ ကာရံမညီစွာဘဲ ကုန်ဆုံးသွားခဲ့တယ်။
##################
သူ့ရဲ့ မွေးစားမိဘနှစ်ပါးနဲ့ နက္ခတ် တို့ စင်ကာပူကနေ ပြန်လာတဲ့ တစ်ညနေမှာ ထင်မှတ်မထားတာတွေ ဖြစ်လာခဲ့တယ်။
"ဖြန်း"
       သူ့ရဲ့ပါးကို သူ့ရဲ့ အဒေါ်က ဘာလို့ ရိုက်မှန်း.သူ နားမလည်ပါဘူး။
"သားရေပေါ်အိပ်။သားရေနားစားတဲ့ အခြောက်မ။ ငါ့အိမ်ကနေ အခုထွက်"
သူ့ရဲ့ မွေးစားမိဘနှစ်ပါးရဲ့ မျက်ဝန်းတွေက ဒေါသခိုးတွေကြောင့် တဝင်းဝင်းတောက်ပနေတယ်။
"အကောင်း ဘာလုပ်မိလို့လဲ အဒေါ်။ အကောင်းမှာ ဘာအပြစ်ရှိလို့လဲ"
သူ့ရဲ့မွေစားမိခင်က နှာခေါင်းရှုံ့ တယ်။သူ့ရဲ့မွေးစားဖခင်က
"ခြေနှစ်ချောင်း မကယ်ကောင်းဘူးဆိုတာ မှန်တယ်မို့လား မိမိ။အခုတော့ ဒီကောင့်ကြောင့်ကွာ...တောက်"
"အကောင်း ဘာလုပ်မိလို့လဲ ဦးလေး။ အကောင်း ဘာလုပ်မိလို့လဲ"
"နက္ခတ် ။ အကောင်း ဘာလုပ်မိလို့လဲ ။ဟင် ပြောပါဦး နက္ခတ် ရဲ့"
       နက္ခတ် က သူ့ကို ရွံရှာသလို ကြည့်တယ်။
"အခြောက်မကြီး။ ခင်ဗျားကြောင့် ကျုပ်မှာ  HIVပိုး ရှိနေပြီဗျ။ ကျုပ်ရဲ့ ဘဝက သွားပြီ"
      သူ့ရဲ့ခြေထောက်တွေက ပျော့ခွေပြီး ကြမ်းပြင်ပေါ် ပုံလဲသွားတယ်။
"အခြောက်မကြီး။ ခင်ဗျား ကျုပ်ကို မြူဆွယ်လို့ဗျ"
"နင် လုပ်ရက်တယ် ကောင်းကင်။ နင့်ကို မိဘမဲ့ ကျောင်းကနေ ငါတို့မွေးစားခဲ့တဲ့ ကျေးဇူးကိုမှ မထောက်။ နင် အခု ငါတိုအိမ်ကထွက်သွားစမ်း"
        နက္ခတ် တို့မိသားစု စင်ကာပူကနေ Medical Check-Upလုပ်ပြီး ပြန်လာတော့ နက္ခတ် မှာ HIVပိုး ရှိနေတာ သိခဲ့ကြတယ်။ အကောင်းက မြူဆွယ်လို့ မှားယွင်းခဲ့တယ်လို့ နက္ခတ်က ဖြေရှင်းချက် ထုတ်ခဲ့တယ်။
######################
"ဟဲ့ကောင်မ။ညည်းဘက်က မှန်ရဲ့သားနဲ့ ဘာမှ မပြောဘဲ ဘာလို့ အိမ်က ဆင်းလာခဲ့တာလဲ"
"ကောင်မ။ သူတို့က ညည်းကို အမွေစား အမွေခံနဲ့ မွေးစားခဲ့တာပဲ။ သက်ဆိုင်ရာကနေ အမွေပြန်တောင်း"
"မြေနိမ့်ရာ လှံစိုက်လို့ ဘယ်ရမလဲအေ။ လာ အခုချက်ချင်း သွားဝုန်းမယ်"
         သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေ ပြောစကားကို
ခေါင်းတခါခါလုပ်ပြီး ငြင်းတယ်။ သူငယ်ငယ်လေးကတည်းက ကြီးတော်လုံး ပြောပြထားလို့ အမွေတွေတောင်းလို့ ရတယ်ဆိုတာကို သူသိသားပဲ။ အဲဒီအမွေတွေကို သူမှ မလိုချင်တာ။ သူ့ဘဝမှာ သူ့ပညာနဲ့ သူရပ်တည်နိုင်နေပြီလေ။ အမွေတွေက ဘာလုပ်ရမှာလဲ။  သူ့ဘက်က နက္ခတ်ကို တစ်ဖက်သတ် ချစ်နေပေမယ့် ဘယ်သောအခါကမှ နက္ခတ် ပြောခဲ့သလို မမြူဆွယ်ခဲ့ပါဘူး။ နက္ခတ်ငယ်စဉ်ကတည်းက သူ့ရဲ့ ညီအရင်းလို စောင့်ရှောက်ခဲ့တာပဲ။
ဒါပေမယ့်
   "အခြောက်မကြီး။ ခင်ဗျားကြောင့် ကျုပ်မှာ  HIVပိုး ရှိနေပြီဗျ။ ကျုပ်ရဲ့ ဘဝက သွားပြီ"
ဆိုတဲ့ နက္ခတ် ရဲ့ စကားက တော့ သူ့ကို ကြိမ်ဖန်များစွာ သေဆုံးစေခဲ့တယ်။ သူ့ပါးပြင်ပေါ်ကို မျက်ရည်တွေ ကြိမ်ဖန်များစွာ  စီးကျစေခဲ့တယ်။HIVပိုးက သူ့ဆီကနေ နက္ခတ် ဆီ ကူးစက်တယ်ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပါ။ သူနဲ့ မှားယွင်းတယ်လို့ ထင်တဲ့ ညကလည်း နက္ခတ်က အရက်အရှိန်ကြောင့်  မူးနေခဲ့တာလေ။ သူ့ရဲ့ အိပ်မက် က နက္ခတ်ဆီက ချစ်ချင်းမေတ္တာရယူနိုင်ဖို့ပဲလေ။တဏှာရာဂကို ရယူဖို့မှ မဟုတ်တာ။ နက္ခတ်က မူးနေလို့ မှားယွင်း ချင်နေပေမယ့် သူ့ဘက်က အဆုံးစွန်ထိ မမှားယွင်းအောင် ထိန်းသိမ်းနိုင်ခဲ့တာပဲ။ အဲဒီညတုန်းကလည်း နက္ခတ် က အမူးလွန်ပြီး အိပ်ပျော် သွားခဲ့တာပဲ။ဘယ်လောက်ပဲမူးနေပါစေ သူနဲ့ အဆုံးစွန်ထိ မပတ်သတ်ဖြစ်ခဲ့တာကို  နက္ခတ်လည်း သိနေမှာပါ။နောက်ပြီး သူ့ဘဝမှာ ငယ်စဉ်ကနေ အခုချိန်ထိ ဘယ်သူနဲ့မှ လိင်ကိစ္စ မပတ်သတ်ဖူးဘူး။ ဝါသနာ အရ အလှပြင်ပေမယ့် ဘယ်သူနဲ့မှ မမှားယွင်းဖူးဘူး။သူ့ရဲ့ ဘဝထဲ ချဉ်းကပ်လာတဲ့ သူငယ်များစွာကို ရှောင်ရှားနေခဲ့တာ သူ့ပတ်ဝန်းကျင်က လူတွေအားလုံး အသိပါ။ သူ ချစ်မိတာ နက္ခတ် တစ်ယောက်တည်းပဲလေ။ နက္ခတ်သာ ရည်းစားတွေ ထည်လဲတွဲ ၊မိဘတွေ လစ်တဲ့အချိန် အိမ်အထိခေါ်လာပြီး အတူနေနေခဲ့တာမို့လား။ နက္ခတ်က ဘာကြောင့် အပြစ်တွေအားလုံးကို သူ့အပေါ် ပုံချရတာလဲ။သူအထင်ကြီး ချစ်ခင်မိတဲ့ ယောက်ျားတစ်ယောက်ဟာ ဒီလို လုပ်ရက်တယ်ဆိုတာ သူ့အနေနဲ့ အခုထိ မယုံကြည်နိုင်သေးဘူး။ ဒီအကြောင်းတွေကို သူ့ရဲ့မွေးစားမိဘတွေ သိအောင် မပြောပြလိုတော့ပါ။ ပြောပြတော့ရော သူလို အခြောက်မတစ်ယောက်ရဲ့ စကားကို အသိမှတ်ပြုကြမှာလား။ လောကကြီးကရော လူသားချင်းအတူတူကို သူလိုလူတွေကျတော့ အမြဲတမ်း နှိမ့်ချခွင့် ပြုထားသလား။အရာအားလုံးကို ဘာမှ မဖြေရှင်းဖို့ သူ ဆုံးဖြတ်လိုက်တော့ နက္ခတ်ကို တစ်သက်တာ ဆုံးရှုံးရပြီဆိုတဲ့ အသိကြောင့် သူ့နှလုံးသားရဲ့ အနက်ရိုင်းဆုံးနေရာက နာကျင်နေခဲ့တယ်။

..ဟမ်စိုင်း (ဆေး-မန်း)

No comments:

Post a Comment