“ အခွံပါးသော အသီးများ ”
“ ဒါ မြသိင်္ဂီနေရမယ့်အခန်းပဲ ”
အခန်းထဲ ၀င်လျှင်ဝင်ချင်း ခုတင်တွေပေါ်မှာ လှဲအိပ်နေသူက အိပ်၊ ခြေဆင်းထိုင်သူက ထိုင်နှင့် စုရုံးစုရုံး ဆူညံနေကြသော မိန်းကလေးအုပ်စု အသံတိတ်သွားကာ လှည့်ကြည့်လာကြလေသည်။ စုစုပေါင်း ခုနှစ်ယောက်ထက်မနည်း။
“ ကေသီ၊ နုနုနဲ့ယမင်း ဒါက အခု ညည်းတို့ အခန်းမှာ တစ်ယောက်စာလွတ်နေတဲ့အစား ပြောင်းလာတဲ့ အဆောင်သူအသစ် မြသိင်္ဂီတဲ့ ”
“ သြော်….ဟုတ်၊ အန်တီကြီး ”
ပြောပြောဆိုဆို သူတို့ခုတင်တွေဘက် ကူးသွားကြသည်။ ခဏကြာတော့ ခုနတုန်းကအတိုင်း တစ်ယောက်တစ်ပေါက် စကားသံတွေ ပြန်ဆူညံလာပြန်သည်။ ကျွန်မက ကိုယ်နေရမည့်နေရာကို တံမြက်စည်းလှည်း သန့်ရှင်းသည်။ ပစ္စည်းတွေ နေရာချသည်။ ခြင်ထောင်ချည်ဖို့ သံတွေရိုက်သည်။ သူတို့တွေက ကျွန်မကို အမြင်မတော်စွာ လာရောက်ကူညီပေးမည့်သူ တစ်ယောက်မှမပါပါ။ အားလုံးပြီးစီးသွားတော့ တစ်ယောက်က လှမ်းပြောသည်။
“ ရေချိုးခန်းနဲ့ အိမ်သာက အောက်ထပ် ညာဘက်အစွန်မှာ သီးသန့်ဖွဲ့ထားတယ်နော် ”
“ သြော်…အင်း ကျေးဇူးပါပဲ ”
ကျွန်မစိတ်ထဲမှာ သူတို့အုပ်စုကြီးကို ကြည့်၍ တစ်ယောက်တစ်ပေါက် ကြွက်ကြွက်ညံနေသော အတင်းစကားတွေကို အမှတ်တမဲ့ ကြားနေရင်းမှ ဤလေးယောက်ခန်း၌နေဖို့ ခေါင်းညိတ်လက်ခံခဲ့မိသည်ကို နောင်တရချင်သလို ဖြစ်မိသည်။ ကျွန်မက အေးအေးဆေးဆေးနှင့် တိတ်တိတ်ဆိတ်ဆိတ် နေရခြင်းကို နှစ်ခြိုက်သူမို့ ယခုလို စုရုံးစုရုံးနှင့်ဆိုလျှင် အဆင်ပြေပါ့မလားဟု စိတ်ထဲ ကြိုလေးနေမိသည်။ ကျွန်မ ရေမိုးချိုး၍ အခန်းထဲ ပြန်ဝင်လာသည်အထိ စကားဝိုင်းက ကောင်းနေဆဲဖြစ်သည်။ ရုံးပိတ်ရက်မို့ ဖြစ်မှာပါဟု ဖြေတွေးလိုက်သည်။ သို့သော် နောက်ရက်တွေ၌လည်း ထိုနည်းလည်းကောင်းပဲဆိုတာ ကျွန်မ သိလာခဲ့သည်။ ဤအဆောင်၌ အလုပ်ဝင်သူတွေက နည်းနည်း၊ ကျောင်းသူတွေ၊ သင်တန်းတက်ရင်း ငှားနေကြသူတွေက များများဖြစ်သည်။ ထို့အတွက် ကျွန်မကဲ့သို့ အချိန်ရှားပါးသူု သိပ်မရှိပါ။ သက်ဆိုင်ရာအတန်း၊ သင်တန်းချိန်ပြီးလျှင် ဤအခန်းထဲ၌ စုရုံးစုရုံးနှင့် အတင်းအုပ်ကြသည်။ အဆောင်ရှင်မှအစ အဆောင်၌ အ၀တ်တွေ လျှော်ဖွပ်၊ မီးပူတိုက်ပေးသည့် ဒိုဘီကုလားမပင်မကျန် အကုန် သူတို့အတင်းစက်ကွင်းမှ မလွတ်ကြ။
အခန်းဖော်တွေ ဖြစ်လာမှတော့ ကျွန်မအနေနှင့်လည်း မပတ်သက်ချင်၍ မရပေ။ ပြီးလျှင် ကျွန်မကလည်း မိန်းကလေးတစ်ယောက်ပီပီ အဖော်မင်ချင်တာတော့ အမှန်ပင်။ သို့သော် ကျွန်မလိုချင်တာက သွားလာဖော်၊ ရင်ဖွင့်ဖော်၊ တိုင်ပင်ဖော်တိုင်ပင်ဖက် မိတ်ဆွေသူငယ်ချင်းမျိုး။ သူတို့တွေက အတင်းပြောဖော်ပုံစံ ဖြစ်နေသည်က ခက်သည်။ ကျွန်မကိုယ်၌ကလည်း နဂိုကတည်းက သူများအတင်းလည်း ပြောလေ့ပြောထမရှိသလို သူများက ပြောတာကိုလည်း နားထောင်ဖို့ ၀ါသနာမပါသူ။ ထို့အတွက် ရောက်စကတော့ သူတို့ပြောသမျှ အားနာပါးနာနှင့် ၀င်နားထောင်မိသေးသည်။ ကြာတော့ ကျွန်မ ငြီးငွေ့ စိတ်ပျက်လာသည်။ သူတို့ပြောသည့် အကြောင်းအရာတွေကတော့ အလွန်စုံပါသည်။ အခန်းနှစ်က ကောင်မလေးနှင့် သူ့လက်ရှိအဆက် အန်ကယ်လ်ကြီးအကြောင်း၊ ကျွန်မတို့ ကပ်လျက်အခန်းမှ ကုမ္ပဏီတစ်ခုက ရုပ်လှသလောက် အနေအထိုင် ညစ်ပတ်ကာ ဖြစ်ကတတ်ဆန်း နေလေ့ရှိသော အတွင်းရေးမှူးမကလေးအကြောင်း၊ ယောက်ျားလေးမိတ်ဆွေ များလှသော ကွန်ပျူတာသင်တန်းတက်နေသူ ကောင်မလေးအကြောင်း စသဖြင့် တစ်နေ့တစ်မျိုး မရိုးရ။ သူတစ်ပါးအတွင်းရေးကို နှိုက်နှိုက်ချွတ်ချွတ် သိနိုင်လွန်းလှသော သူတို့အုပ်စုကို ကျွန်မ လက်ဖျားခါမိသည်။ အတင်းပြောခံရသူတွေခမျာ ပြင်ဆင်၍ အဆောင်မှထွက်ချိန်ဖြစ်စေ၊ ယောက်ျားလေးမိတ်ဆွေနှင့် အဆောင်ရှေ့၌ ရပ်စကားပြောနေသည်ဖြစ်စေ ပြတင်းပေါက်မှ ကွက်ကြည့်ကွက်ကြည့် လုပ်ခံရပြီသာမှတ်။ တစ်ခါတစ်ရံ ၀ိုင်းကြည့်နေကြဆဲ ကာယကံရှင် မော့အကြည့်နှင့် ပက်ပင်းတိုးလျှင် သူတို့တော့ မသိ။ ကျွန်မမှာဖြင့် နေရင်းထိုင်ရင်း နံဘေးမှ မျက်နှာပူမိတတ်သည်။ သူတို့အစား ကာယကံရှင်တွေကို ကျောမလုံချင်။
စိတ်ညစ်စရာကောင်းသည်က ကျွန်မလည်း ထိုအခန်း၌နေရသူဆိုတော့ သူတို့နှင့် တစ်ဖွဲ့တည်းဟု အထင်ခံနေရခြင်းပင်ဖြစ်သည်။ နေရင်းထိုင်ရင်း ဆွမ်းခံရင်း ငှက်သင့်ဆိုသလို ဖြစ်နေရလေသည်။ တစ်ခါကလည်း ရေချိုးခန်းထဲမှာ အောက်ထပ်ဆောင်မှ မြတ်မူမူဟူသော ကောင်မလေးနှင့် ရေချိုးဆုံသည်။ သူမကို ကျွန်မအခန်းဖော်တွေက ကြက်တူရွေးမလေးဟု နာမည်ပြောင်ပေးထားတာ ကျွန်မ ကြားနေရသည်။ နှုတ်ခမ်းထော်၍ဟု သူတို့ ပြန်ပြောပြ၍ သိခဲ့ရသည်။ ထိုကောင်မလေးက စားသောက်ဆိုင်၌ သီချင်းဆိုသူမို့ အမြဲလိုလို အပြန် ညဥ့်နက်တတ်တာကို အဆောင်ရှင်က နားလည်ခွင့်ပေးထားပေမယ့် ကျွန်မ အခန်းဖော်သုံးယောက်နှင့် သူတို့အဖွဲ့ဝင်အုပ်စုက ဘေးမှနေ၍ ကြည့်မရကြ။ ကျွန်မအနေနှင့်တော့ ကိုယ်နှင့်မသက်ဆိုင်ဟု ယူဆထား၍ စိတ်ထဲ ဘာမှရှိမနေပါ။ မျက်နှာချင်းဆိုင် ဆုံသည်မို့ အဆောင်သူအချင်းချင်း အသိအမှတ်ပြုသည့်အနေဖြင့် ပြုံးပြနှုတ်ဆက်ဟန်ပြင်ဆဲမှာပင် သူမက ဆပ်ပြာခွက်တွေကို ဆိုးဆိုးဆက်ဆက် ကောက်သိမ်း၍ မျက်နှာတည်တည်နှင့် ကျွန်မပခုံးကို စောင်းတိုက်ပြီး ထွက်သွားသည်။ ထင်မှတ်မထားသည်မို့ ကျွန်မမှာ အူကြောင်ကြောင်ပင် ဖြစ်သွားရသည်။ချက်ချင်း ကျွန်မ သိလိုက်ပါသည်။ ကျွန်မ အခန်းဖော်တွေနှင့်ရော၍ တစ်အုပ်စုတည်းဟု ရောယောင် မျက်မုန်းကျိုးနေခြင်းဆိုတာ။ ကျွန်မ အလွန် စိတ်မကောင်းဖြစ်သွားရသည်။ တစ်ဆက်တည်းမှာပင် အခန်းဖော်တွေနှင့် အနေအထိုင် အသွားအလာ ကန့်သတ်ဆင်ခြင်ဖို့လိုပြီဖြစ်ကြောင်း ကျွန်မ စဉ်းစားဖြစ်သည်။
ထိုကိစ္စဖြစ်ပြီးနောက်ပိုင်း ကျွန်မတစ်ယောက်တည်း သီးသန့်နေဖို့ ကြိုးစားရသည်။ အပြင်သွားသည်ဖြစ်စေ၊ ရေချိုးဆင်းသည်ဖြစ်စေ၊ ညည အောက်ထပ်ဧည့်ခန်းထဲ တီဗွီကြည့်သည်ဖြစ်စေ သူတို့အုပ်စုနှင့် လုံးလားထွေးလားပုံစံမျိုး မရောက်အောင် ဆင်ခြင်သည်။ သူတို့အတင်းပြောစကားတွေကိုလည်း လုံးဝ ၀င်နားမထောင်တော့။ သူတို့က ‘ သိလား မြသိင်္ဂီရဲ့ ’ ဟု အစချီသည်နှင့် ကျွန်မက ရှောင်ထွက်ဖို့ ထွက်ပေါက်ရှာပြီ ဖြစ်သည်။ တတ်နိုင်သမျှတော့ ရှောင်သည်။ သို့သော် တစ်ခန်းတည်းဆိုတော့ လုံးလုံးတော့ လွတ်ကင်းချင်၍မရ။ အဆောင်ရှင်ကို ထမင်းလခ ပေးစားတာချင်း တူနေတော့ ထမင်းစားချိန်တူသည်။ ထမင်းကျက်ပြီဆိုလျှင် လေးယောက်သား အညီအမျှစိုက်ပြီး ဟင်းထွက်ဝယ်ရသည်။ ဥပမာ - ကျွန်မနှင့်ကေသီက ဟင်းရန်ဝယ်လျှင် နုနုနဲ့ယမင်းက အသားဟင်းတစ်ခွက်ဝယ်။ အဲဒါက မနက်စာ၊ ညနေစာဆိုလျှင် ကျွန်မတို့က အသားဟင်း ပြောင်းဝယ်ရသည်။ ပေါင်းစားတော့ တစ်ယောက်တည်း စားရတာထက်လည်း သက်သာပါသည်။ ညည စာအုပ်ဆိုင်သွားလျှင် တစ်ယောက်တည်းသွား၍ မဖြစ်။ အဆောင်လမ်း ထောင့်ချိုးလမ်းကြားတစ်လျှောက်က မီးမှောင်၍ လူပြတ်နေချိန်များသည်။ ထို့အတွက် အုပ်စုနှင့် သွားကြသည်။ ထို့အတွက် အခြားအဆောင်သူတွေ အမြင်မှာ တပူးတွဲတွဲ ဖြစ်မနေအောင် ကျွန်မ အပြင် လုံးဝမထွက်ဖြစ်တော့။ ထမင်းစားချိန်မှအပ သူတို့နှင့် တတ်နိုင်သမျှ ကင်းအောင်နေလိုက်သည်။
ပြီးလျှင် ကျွန်မအတွက် စိတ်ညစ်ညူးစရာ ပြဿနာတစ်ခုကရှိသေးသည်။ ယင်းမှာ ကိုယ်က အလုပ်မှ စိတ်ပန်းလူပန်းနှင့်ပြန်လာကာ အခန်းထဲရောက်လျှင် ခြေပစ်လက်ပစ် နားအေးပါးအေး အနားယူချင်သည်။ ဒါပေမဲ့ ကျွန်မထက် အရင်ကြိုရောက်နေသော (ဘေးခန်းများ အဆောင်သူတွေအပါအ၀င် ) သူတို့အုပ်စုကြီးကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရသည်။ မကြားချင်လည်း ကြားနေရသည်။ နားမထောင်ချင်လည်း နားထောင်နေရသည်။ သူတို့စကားဝိုင်းထဲ ဆွဲသွင်းလျှင်လည်း အားနာပါးနာနှင့် ခေါင်းညိတ်၊ ခေါင်းခါ။ ညဆိုလျှင်လည်း စာအုပ်လေးဘာလေးဖတ်၍ စောစောစီးစီး အိပ်စက်အနားယူချင်သည်။ သို့သော် သူတို့အုပ်စုက အမြဲညဥ့်နက်သည်အထိ စကားဝိုင်း မသိမ်းတတ်ကြသေးတာမို့ ဘယ်လိုမှ အိပ်၍မရပါ။ တစ်ခါတစ်ရံလည်း သူတို့နည်းတူ ဘ၀ကို ပေါ့ပေါ့ပါးပါး ရင်ဆိုင်ဖြတ်ကျော်ချင်မိသည်။ သူတို့၌ ကျွန်မကဲ့သို့ အပူအပင်ရှိပုံမရ။ ကျွန်မမှာဖြင့် ရသမျှလခနှင့် ကိုယ့်နေထိုင်စားသောက်မှုစရိတ်၊ အိမ်သို့ ထောက်ပံ့စရိတ် အနည်းအကျဉ်း ပိုလျှံစုဆောင်းနိုင်အောင် တစ်လပြီးတစ်လ ရုန်းကန်ကြိုးစားနေရသည်။ ကိုယ့်အရေးနှင့်ကိုယ်မို့ ဘေးဘီဝဲယာအခန်း၊ အခြားအဆောင်သူတွေကို လိုက်ကြည့်ဝေဖန်မနေအား။ အခန်းဖော်များ၏ အတင်းအဖျင်းတွေကို နားထောင်ရလျှင်လည်း စကားဆယ်လုံးမကွဲမီမှာ အိပ်ချင်စိတ်နှင့် ကျွန်မ အာတ၀ါးဝါးသမ်းနေမိပြီ။ သူတို့ပြောသမျှ “ ဟိုတစ်ယောက်က လူကြည့်တော့ အပျံစား…သူစားရင် သွားကြည့်စမ်း….ချဉ်ပေါင်ကြော်တစ်ခွက်ကို မနက်ည နှစ်နှပ်ရအောင် စားတာ ” ဟူသော စကားမျိုးတွေ၊ “ လူက ပုတုတုနဲ့ ဖိနပ်က တစ်တောင်လောက် အမြင့်ကိုစီးထားတယ်…ကိုယ်နဲ့ လိုက်မှန်းမသိ မလိုက်မှန်းမသိ ” ဟူသော ကဲ့ရဲ့ဝေဖန်စကားတွေကို ကျွန်မ စိတ်မ၀င်စား။
သူတို့ပြောသမျှတွေက ကျွန်မနားထဲ မစွဲ။ နားလည်းမထောင်ချင်။ ထို့ကြောင့် တတ်နိုင်သမျှ ရှောင်ဖယ်မိသည်။ ရှောင်တာများလာတော့ သူတို့ကလည်း ရိပ်မိဟန်ဖြင့် သိပ်ဟက်ဟက်ပက်ပက် မရောကြတော့ပါ။ ကျွန်မအနေနှင့်လည်း သူတို့အဖွဲ့ထဲမှာ သူတို့အကျင့်တွေနှင့် ဘယ်လိုမှ နေသားမကျမှန်း ကိုယ့်ကိုယ်ကိုယ်အသိဆုံးမို့ မှန်တမ်းသာ ဆက်ဆံဖြစ်သည်။ အဲဒါကပင် သူတို့နှင့် ကျွန်မ ပိုမိုအစေးမကပ်တော့အောင် တွန်းပို့လိုက်သော အခြေအနေမျိုး ဖြစ်သွားစေသည်။ တစ်ရက်၌ ကျွန်မ အဆောင်ပြန်တော့ အခန်းဝမှာ ကျွန်မအကြောင်း ပြောနေကြသည်နှင့်ကြုံသည်။
“ အလကားပါ…ရုပ်ကိုက တစ်လောကလုံး သူ့လုပ်စာထိုင်စားနေရတဲ့ ရုပ်….နေရင်းထိုင်ရင်း အခြောက်တိုက် စိတ်ကြီးဝင် ဘ၀င်မြင့်နေတာလေ….တို့အုပ်စုကိုများ မတူမတန်သလို မရောချင်သလို အကျောကြီးနဲ့ ”
ထိုအချိန်အထိ ကျွန်မကို ပြောနေမှန်း မသိသေးပါ။
“ သူ့လခလေး တစ်ပဲခြောက်ပြားနဲ့ အမြဲလုံးချာလည်လိုက်နေလို့သာ တော်တော့တယ်….ဟွန်း ကိုယ့်အခန်းဖော်မို့ မပြောချင်လို့ကြည့်နေတာ ”
အဲဒါ ကျွန်မ အခန်းဖော်ထဲမှ တစ်ယောက်၏ အသံဖြစ်သည်။ ဘယ်သူ့ကို ရည်ရွယ်မှန်းသိလိုက်ပြီမို့ ကျွန်မစိတ်ထဲထောင်းခနဲဖြစ်သွားသည်။ သို့သော် “ သည်းခံ…သည်းခံ ” ဟု ကိုယ့်ကိုယ်ကိုယ် အသိပေးရင်း ဒေါသထိန်းကာ အဆောင်အောက်ထပ်ဧည့်ခန်းမှာ ဆင်းထိုင်နေလိုက်ရသည်။ သူတို့အုပ်စုက သူတို့အဖွဲ့ဝင် လုပ်လျှင်လုပ်၊ မလုပ်လျှင် ရန်သူဟူသော အနေအထားမျိုး။ သူတို့၏ တစ်ဖက်သတ်ဆန်သော အပြုအမူက ကျွန်မကို စိတ်ရှုပ်ဝမ်းနည်းစေပါသည်။ အဲဒီနောက်ပိုင်းတော့ ကျွန်မကို ကွယ်ရာ၌ အတင်းပြောကြသူတွေဟူသော အသိနှင့် စိတ်ထဲမျက်ကာ ခပ်တန်းတန်း ဖြစ်သွားသည်။ အရယ်အပြုံးလုပ်ဖို့ပင် စိတ်မပါတော့။ ထိုအခါ တစ်ဖွဲ့လုံးနှင့် တစ်ယောက်လို ကျွန်မစိတ်ထဲ ခံစားမိလာသည်။ ကျွန်မတစ်ယောက်တည်း အထီးကျန် ဘေးဖယ်ခံရနေရသလိုပင်။ သူတို့စိတ်ထဲမှာတော့ မသိ။ ကျွန်မကတော့ သူတို့ပြောသမျှ စကားများက ကျွန်မကို ရွဲ့စောင်းပြောနေကြည်သည်ဟုပဲ မြင်သည်။ အဆောင်၌ နေရချိန်သည် ကျွန်မ စိတ်အညစ်ရဆုံးအချိန်ပဲဖြစ်သည်။ ကြာတော့ ရုံးဆင်းရမှာ၊ ရုံးပိတ်ရက်ရောက်ရမှာကိုပင် ကြောက်နေမိသည်။ ကျွန်မ၌ မဟုတ်မခံစိတ်ရှိသော်လည်း ရန်ဖြစ်ဖို့ရာတော့ အလွန်ရှက်ပါသည်။ သူတစ်ပါးနှင့် အပြန်အလှန် ခွန်းကြီးခွန်းငယ် အော်ဟစ်ဆဲဆို ရန်ဖြစ်ဖို့ရာ ကျွန်မ ရှက်သည်။ တစ်သက်နှင့်တစ်ကိုယ်လည်း ဤသို့အရှက်မဲ့စွာ ရန်ဖြစ်ခဲ့ဖူးတာမဟုတ်။ အဆာင်ရှင် အန်တီကြီးကလည်း ကိုယ့်အပေါ် ဆွေမျိုးရင်းချာသဖွယ် ကောင်းလှသည်မို့ ကျွန်မမှာ တခြားအဆောင်သို့လည်း မပြောင်းချင်။
“ အန်တီ….ကျွန်မကို တစ်ယောက်ခန်းဖြစ်ဖြစ်….နှစ်ယောက်ခန်းဖြစ်ဖြစ် ရွှေ့ပေးလို့ မရဘူးလားဟင် ”
“ အခုလောလောဆယ်တော့ အခန်းတွေက သူ့လူနဲ့သူပြည့်ပြီးသားဆိုတော့ မရနိုင်ဘူး ”
အခန်းပြောင်းဖို့ကိစ္စကို ကျွန်မ လက်လျှော့လိုက်ရသည်။ သို့သော် တစ်ရက်ပြီးတစ်ရက် ကုန်လွန်လာသည်နှင့်အမျှ ကျွန်မ စိတ်လွတ်လပ်မှုမရတာ များလာပါသည်။ နောက်ဆုံး အဆောင်ပြောင်းရန် နည်းလမ်းမှလွဲ၍ အခြားမရှိတော့ပါ။ ပြောမယ့်သာပြောရသည်။ အဆောင်သစ်ရှာ၍ ပြောင်းဖို့ရွှေ့ဖို့ဆိုတာ လွယ်သည်မဟုတ်။ အခန်းဖော်အသစ်တွေနှင့် ထပ်မံတွေ့ဆုံ ဆက်ဆံရမည်။ အဆောင်ရှင်အသစ်ကလည်း ကောင်းဦးပါမှ။ ပစ္စည်းတွေပြောင်းရွှေ့ဖို့ရာလည်း အလုပ်ရှုပ်ဦးမည်။ ထို့အတွက် လမကုန်ခင်ရက်အတွင်း ကျွန်မ ဘာလုပ်ရင် ကောင်းမလဲဟု ဒွိဟဖြစ်နေခဲ့သည်။ ထိုအတောအတွင်း၌ တတ်နိုင်သမျှ နောက်ကျ၍ အဆောင်ပြန်သည်။ ရုံးပိတ်ရက်ဆိုလျှင်လည်း တစ်နေကုန်လျှောက်သွားရင်း အဆောင်မကပ်ဖြစ်။ အခန်းဖော်တွေနှင့်လည်း မေးထူးခေါ်ပြောဖို့ရာပင် အတတ်နိုင်ဆုံး ရှောင်ဖယ်ကာ ခပ်တန်းတန်းလုပ်နေခဲ့သည်။ သူတို့တွေကတော့ ကျွန်မဘက်မှ အခြေအနေကို သိသလား၊ မသိသလားတော့ မပြောတတ်ပါ။ အချိန်အားလျှင် ထုံးစံအတိုင်း ကျွန်မတို့အခန်းထဲမှာ တရုန်းရုန်းနှင့် အတင်းပြောကြမြဲ။ မုန့်ထုပ်တွေ ရှုပ်ပွထားကြမြဲ။ တစ်စတစ်စနှင့် ကျွန်မ ရပ်တည်ရသည့် ကမ္ဘာလေးက ကျဉ်းသထက် ကျဉ်းမြောင်လာသလို ခံစားရသည်။ တစ်ရက်မှာ စာအုပ်အဟောင်းဆိုင်တန်းဘက် လျှောက်သွားရင်း ကျွန်မနည်းတူ နယ်မှလာ၍ အဆောင်နေပြီး အလုပ်လာလုပ်နေသူ သူငယ်ချင်းတစ်ဦးနှင့် တွေ့သည်။ နယ်မှာနေတုန်းက သိပ်အကျွမ်းတ၀င်ကြီး မဟုတ်ကြပေမယ့် ယခုလို အဝေးမြေမှာ ကိုယ့်မြို့သူအချင်းချင်း ဆုံစည်းကြရတော့ ၀မ်းသာအားရ ဖြစ်ကြရပါသည်။
“ နင့်အဆောင်က ဘယ်မှာလဲ မြသိင်္ဂီ ”
အဆောင်လိပ်စာ အပြန်အလှန်ပြောရင်း အလုပ်အဆင်ပြေမပြေ မေးဖြစ်သည်။
“ ပြေပါတယ်…မြသိင်္ဂီရော ”
“ ပြေပါတယ် ဖြူရယ်…အဆင်မပြေတာက အဆောင် ”
“ အဆောင် ဘာဖြစ်လို့လဲ ”
“ဒီလိုဖြူရေ….” ဟု အစချီကာ ကျွန်မကြုံနေရသည့် အခက်အခဲကို အစအဆုံး ဖွင့်ပြောပြလိုက်သည်။
ကျွန်မစကားဆုံးတော့ ဖြူဖြူက ကျွန်မပခုံးကို လှမ်းပုတ်ရင်းရယ်သည်။
“ အံမယ်လေး….ဒါများ ပြဿနာမှ မဟုတ်တာ မြသိင်္ဂီရဲ့ ”
“ ဘယ်လို ”
ကျွန်မစိတ်ထဲက တစ်စက်ကလေးမျှ မရွှင်ပျနိုင်အောင်တနုံ့နုံ့ ခံစားနေရသည့်ကိစ္စကို ဖြူဖြူက ပြဿနာမဟုတ်ဟုဆို၍ ကျွန်မ အံ့သြသွားရသည်။ ဖြူဖြူက ကျွန်မကို ကလေးတစ်ယောက်ကို ကြည့်သလို ကြည့်၍ ပြုံးသည်။
“ ဒီမှာ မြသိင်္ဂီရဲ့….အဆောင်ဆိုတာ ကိုယ့်အိမ်ကိုယ့်ရာလောက်တော့ ဘယ်နေလို့ကောင်းပါ့မလဲ….အများနဲ့ ပေါင်းနေရတာလေ….အများစုနဲ့ ရောလို့ရရင်ရ၊ မရရင် ကိုယ့်ဟာကိုယ် သီးခြားနေတတ်မှ…သီးသန့်နေတိုင်းလည်း မဖြစ်သေးဘူး…စိတ်လည်းထားတတ်မှဖြစ်မယ်။ စဉ်းစားကြည့်လေ….မိသားစုတောင် လူများရင်များသလို အနည်းနဲ့အများ ကတောက်ကဆ ရှိကြတာပဲ….အခုဟာက ဘာမှသွေးသားမတော်စပ်တဲ့ သူစိမ်းတွေနဲ့ တစ်မိုးတည်းအတူနေနေကြရတာ…စိတ်အမျိုးမျိုး၊ အကျင့်စာရိတ္ထအမျိုးမျိုးနဲ့ တွေ့ကြုံဆက်ဆံရတာ….ဒီလိုပဲ သည်းခံစိတ် မွေးရတာပေါ့…ဒါပြဿနာ ကြီးကြီးမားမား မဟုတ်ပါဘူး ”
“ ဒါပေမယ့် ငါတော့ အရမ်းစိတ်ညစ်နေတယ် ဖြူရဲ့… အဆောင်ပြောင်းရ ကောင်းမလားလို့ ”
“ ငါလည်း အစတုန်းက နင့်လိုအတွေးနဲ့ ခဏခဏအဆောင်တွေ ပြောင်းနေခဲ့ဖူးတယ်…ဒါပေမဲ့ မထူးပါဘူးဟာ….အပေါက်ဆိုးတဲ့ အဆာင်ရှင်နဲ့ ကြုံရတာမျိုး၊ အဆာင်မှာ မသန့်တဲ့မိန်းကလေးတွေ လက်ခံထားလို့ ကိုယ်တို့ပါရောပြီး အထင်သေးခံရတာမျိုး၊ အလုပ် အချိန်ပိုဆင်းရလို့ မိုးချုပ်ရင် ငြူစူချင်တဲ့ နားလည်မှုမပေးတဲ့ အဆောင်ရှင်မျိုး၊ ဘာထားထား စိတ်မချရဘဲ ပစ္စည်းတွေ ခဏခဏပျောက်တာမျိုး၊ အို…စုံလို့။ တချို့ဆို အ၀တ်လုလှန်းရင်း ရန်ဖြစ်ရတာမျိုး….ပြဿနာတွေကတော့ သေချာလိုက်ခံစားနေမယ်ဆိုရင် သေးသေးဖွဲဖွဲကနေ ကြီးကြီးမားမားအထိ အဆောင်တိုင်းရှိတယ်…အစကတော့ တစ်ဆောင်ပြောင်းရင် ကောင်းနိုးနဲ့ ခဏ ခဏ ပြောင်းတယ်…အခုတော့ သိသွားပါပြီ….အဆောင်သူဘ၀ဆိုတာ ဒီလိုပါပဲ….အဓိကက ကိုယ်နေတတ်ဖို့ အရေးကြီးတာပါပဲ….နေတတ်ရင် ဘယ်အဆောင်နေနေ အဆင်ပြေမှာပါပဲ…အတင်းပြောခံရတာလည်း သေချာစဉ်းစားကြည့်ရင် ပြဿနာအားလုံးထဲမှာ မိုင်နာပါ….သူတို့အရှုပ်ထဲ ကိုယ်က ၀င်မရှုပ်ဘဲ ရှင်းအောင်နေပေါ့….သိပ်ကင်းကင်းပြတ်ပြတ်ကြီးတော့ မနေနဲ့ပေါ့…အလိုက်အထိုက်လေးနေတာ ကောင်းတယ်….နောက်ဆို အဆင်ပြေသွားမှာပါ ”
ဖြူဖြူနှင့် လမ်းခွဲပြီး အဆောင်ပြန်တော့ ကျွန်မစိတ်ထဲ အနည်းငယ်တော့ ဖြေသာရာရသွားသလိုပင်။ ဖြူဖြူပြောပုံအရဆိုလျှင် အဆောင်နေကြသူ အများစုသည် ကျွန်မနည်းတူ အခက်အခဲ တစ်ခုမဟုတ် ကြုံရသည်ပင်။ အဆောင်ပြောင်းဖို့ကိစ္စကို ကျွန်မ လက်လျှော့လိုက်ရသည်။ ထိုအတောအတွင်းမှာ မထင်မှတ်ထားသောကိစ္စတစ်ခု ကြုံရသည်။ ထိုနေ့က အချိန်ပိုဆင်းရ၍ ည ၇ နာရီကျော်မှ ကျွန်မ အဆောင်သို့ ပြန်ရောက်သည်။ အဆောင်ရောက်တော့ အဆောင်သူတွေ စုရုံးစုရုံးနှင့် လှုပ်လှုပ်ရှားရှား ဖြစ်နေသည်မို့ ကျွန်မက စပ်စုကြည့်တော့ မြတ်မူမူဟူသော ကောင်မလေး အူအတက်ပေါက်၍ ဆေးရုံဝိုင်းတင်ပေးလိုက်ကြောင်း သိရသည်။ တစ်ယောက်က ကျွန်မကို လှမ်းပြောသည်။
“ အစ်မတို့အခန်းက အုပ်စုရှိနေလို့ တော်သေးတယ်….ကျန်တဲ့လူတွေက အလုပ်က ပြန်မရောက်သေးတဲ့လူနဲ့၊ အပြင်သွားတဲ့လူနဲ့၊ သိတဲ့အတိုင်းပဲ….ဒီအဆောင်မှာက ယောက်ျားဆိုလို့ အဆောင်မှူးရဲ့အဖေ အိပ်ရာထဲလဲနေတဲ့ အဘိုးကလွဲပြီး အားကိုးအားထားပြုစရာ ရှိတာမဟုတ်ဘူး….သူတို့အဖွဲ့ပဲ အကုန်လုပ်သွားကြတာလေ….ကားထွက်ငှားသူ ငှား၊ လိုအပ်တဲ့ပစ္စည်းတွေ သိမ်းဆည်းထည့်သိုပေးတဲ့သူက ထည့်သိုပေးနဲ့ အဆင်ပြေသွားတယ် ”
ကျွန်မစိတ်ထဲ ‘ တော်ပါသေးရဲ့ ’ ဟု တွေးမိသွားသည်။ ညမိုးတော်တော်ချုပ်တော့ ကေသီနှင့် အခြားတစ်ယောက် ဆိုက်ကားဖြင့် အဆောင်ပြန်ရောက်လာသည်။ အားလုံးက “ ဘယ်လိုနေသေးလဲ ” ဟု ၀ိုင်းသတင်းမေးကြသည်။
“ ခွဲရမှာတဲ့….အဲဒါ သူ့အိမ် အကြောင်းကြားပေးမယ်ဆိုတော့ နယ်မှာ မိဘလည်း မရှိတော့ဘူး…သူ အရင်နေခဲ့ဖူးတဲ့ သူ့ဦးလေးမိသားစုကလည်း လိုက်လာဖို့ရာ စီးပွားရေးအဆင်ပြေတာ မဟုတ်ဘူးတဲ့…မတတ်နိုင်ဘူး…တို့တွေ တတ်နိုင်သမျှ ကူညီလိုက်ကြတာပေါ့။ ကဲ….တို့အဆောင်သူအချင်းချင်း ရိုင်းပင်းလိုက်ကြရအောင်….အဆောင်မှူးလည်း လိုအပ်သလောက် ကူညီမယ် ပြောတယ်….ပြီးတော့ သူ့အလုပ်ရှင်လည်း ပြန်ကြည့်မှာပါ….အခု ဖုန်းဆက်ထားတယ် ”
အဆောင်သူတွေ တစ်ထောင်တတ်နိုင်သူက တစ်ထောင်၊ သုံးထောင် တတ်နိုင်သူက သုံးထောင် စသဖြင့် ၀ိုင်းစုထားကြတော့မဆိုး။ ကျွန်မက ည ဘယ်သူ စောင့်အိပ်မှာလဲဟု မေးကြည့်သည်။
“ တို့တွေထဲက တစ်ယောက်ယောက် စောင့်အိပ်လိုက်မယ် ”
“ လိုရင် တို့ကိုလည်း ခေါ်ပါ….ဆေးရုံတော့ မနက်မှပဲဖြစ်ဖြစ် သွားကြည့်တော့မယ် ”
“ ရတယ်…ရတယ်…ဟိုမှာ သူ့လူနဲ့သူ လောက်ငှပါတယ် ”
ကျွန်မမှာ ရုံးကလည်း တစ်ဖက်မို့ ဆေးရုံသွားကြည့်ဖို့ရာ အချိန်လုံးဝမရ။ ညတော့ ကူစောင့်နိုင်ကြောင်းပြောတော့ ကေသီက “ ရတယ်…မင်းက ရုံးအလုပ်က ရှိသေးတယ်….အိပ်ရေးပျက်ခံလို့မဖြစ်ဘူး….ငါတို့တွေထဲမှာက ကိုယ်ဆိုင်ရာ သင်တန်းချိန်တွေပြီးရင် အချင်းချင်းညှိပြီး လဲစောင့်လို့ရတယ်….နေ့လယ်နေ့ခင်းလည်း အိပ်လို့ရတယ် ” ဟုဆိုသည်။ သို့နှင့် ရုံးပိတ်ရက်မှပင် ဆေးရုံသို့သွားရသည်။ ဆေးရုံခုတင်ပေါ်မှာ လူမမာဘေး၌ သူတို့တွေတစ်အုပ်စုကြီး စည်စည်ဝေေ၀ ၀ိုင်းရံလို့။ လူမမာကလည်း ပြုံးလို့။ ထိုနေ့ညက အဖြစ်တွေကို ပြန်ပြော၍ ပွဲကျနေကြသည်။
“ သိလား….နုနုလေ ကားငှားမယ်ဆိုပြီး သဉ္ဖာထွေးနဲ့ပျာယီးပျာယာ ပြေးထွက်သွားတာ အဆောင်လှေကားကလည်း ခပ်မတ်မတ်ဆိုတော့ ခြေချော်ပြီး တင်ပါးနဲ့ဆောင့်ပြီးကျတာ နှစ်ထစ်လား…သုံးထစ်လားတောင် မသိဘူး ”
“ ဟုတ်ပါ့ ”
နုနုက မြတ်မူမူကို ဆန်ပြုတ်ကျွေးနေရာမှ ခေါင်းသွက်သွက်ညိတ်သည်။
“ ဖြစ်စကတော့ သွေးပူနေလို့…ဇောနဲ့ဆိုတော့ နာလို့နာမှန်းကို မသိဘူး…လား လား…သွေးအေးသွားတော့ နာသလားမမေးနဲ့….အိပ်ရင် ပိုဆိုးတယ်…အခုထိ ကောင်းကောင်း မပျောက်ချင်သေးဘူး ”
မြတ်မူမူကလည်း ပြုံးရင်း ၀င်ပြောသည်။
“ သူငယ်ချင်းတို့ကို ကိုယ် တကယ်ကျေးဇူးတင်တယ် သိလား…ကိုယ့်အသက်ကို မင်းတို့တွေ ကယ်လိုက်တာပါပဲ….ဘယ်လို ကျေးဇူးဆပ်ရမှန်းတောင် မသိတော့ပါဘူး ”
“ ပြောစရာမလိုပါဘူး မြတ်မူမူရယ်…တို့တွေက တစ်မြို့တစ်နယ်စီက လာကြတဲ့ သွေးမတော်သားမစပ်သူတွေပေမယ့် အခု တစ်ဆောင်တည်းမှာနေရတော့ မိသားစုတွေလိုပါပဲ….မင်းနေရာမှာ တခြားတစ်ယောက်ဆိုရင်လည်း အားလုံး တတ်နိုင်သမျှ အခုလိုပဲ ၀ိုင်းကြ၀န်းကြဦးမှာပါပဲ….ငါဖြစ်ရင်လည်း မင်းတို့တွေ အဲဒီလို ၀ိုင်းဝန်းကြမှာပဲ မဟုတ်လား…အဲဒီတော့ ကျေးဇူးတင်စကား ပြောဖို့ မလိုပါဘူး ”
ကေသီ့စကားကို အားလုံးက ခေါင်းညိတ်ထောက်ခံကြသည်။ မြတ်မူမူကတော့ ကြည်နူးပြုံးနှင့် မျက်ရည်ဝဲနေခဲ့သည်။ ကျွန်မသည်လည်း ခံစားရသူ ကာယကံရှင် မဟုတ်ပေမယ့် ကာယကံရှင်နည်းတူ ကြည်နူးပီတိဖြစ်ခဲ့ရသည်။ ကျွန်မ အကျေနပ်ဆုံးကတော့ သူတို့ရဲ့ မနှစ်သက်ဖွယ် အပေါ်ယံ အခွံပါးအောက်မှ နှစ်သက်ဖွယ် စိတ်ရင်း စိတ်ဓာတ်ကောင်းလေးတွေကို နားလည်သိရှိလိုက်ရခြင်းကိုပင်ဖြစ်သည်။
××××××××××××××××××
ထိုကိစ္စဖြစ်ပြီး နောက်ပိုင်းတော့လည်း အဆောင်က ခါတိုင်းလိုပင် ပုံမှန်ပြန်ဖြစ်သွားပါသည်။ ကျွန်မအခန်းထဲမှာလည်း ခါတိုင်းလိုပင် စကားဝိုင်းတွေ မပြတ်။ ခါတိုင်းလိုပင် အဆောင်ရှင် အန်တီကြီးအကြောင်းမှစ၍ အ၀တ်လျှော် ကုလားမလေးအကြောင်း အဆုံး။ သူတို့အုပ်စုက လူမလျော့သည့်အပြင် မြတ်မူမူဟူသော ကောင်မလေးပင် ထပ်တိုးလာသေးသည်။ သူတို့ပြောသမျှ အတင်းတွေထဲမှာ ကျွန်မအကြောင်းလည်း ပါချင်ပါလိမ့်မည်။ သို့သော် ထို့အတွက် ကျွန်မ၌ တစ်စုံတစ်ရာ ခံစားချက်မရှိတော့။
ယခုဆိုလျှင် အဆောင်ပြန်ရောက်ချိန်တိုင်း အခန်းထဲ ၀ိုင်းဖွဲ့ဆူညံနေသော အတင်းပြောသည့် အုပ်စုကြီးကိုမြင်လျှင် စိတ်လက်ကြည်လင်စွာဖြင့် ကျွန်မ ပြုံးပြနှုတ်ဆက်နိုင်သွားပြီ ဖြစ်သည်။
ငွေဇင်ယော်ဦး(မိုးကုတ်)
ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်း၊ ဖေဖော်ဝါရီလ၊ ၂၀၀၆
No comments:
Post a Comment