#ငှက်စုန်း
#နေ၀င်းမြင့်
သည်ရွာကလေးကို လူတွေက လက်ပဒေါလို့ ခေါ်တယ်။ တကယ် စာနဲ့ ပေနဲ့ ရေးရင်တော့
လက်ပံတော ဖြစ်ရမှာပေါ့လေ။ ဖိတ်စာတွေ ဘာတွေမှာ လက်ပံတောရွာနေ အဘ ဦးဖိုးဂေါင်ကို
အမှူးထား၍ ဘာညာစသဖြင့် ရိုက်ရင်တော့လက်ပံတောလို့ ရိုက်ကြတာပေမယ့် လူတွေ
ပါးစပ်ကတော့ လက်ပဒေါ ခေါ်တာပါပဲ။ လက်ပဒေါဆိုရင်လည်း သည်ရွာကို ညွှန်းမှန်း သိတယ်။
ခက်တာက ရွာကိုသာသိတာပါ၊ သွားတာတော့ ဘယ်သူမှ မသွားချင်ဘူး။ သွားရတာကလည်း
လွယ်တာ မဟုတ်ဘူး။ ဆည်မြောင်း လက်တံမြောင်းကို ကန့်လန့်ဖြတ်ရတာလည်း ရှိတယ်။
လက်တံမြောင်းကြီးကလည်း တစ်ခါတစ်ခါ ပဲချိန်၊ နှမ်းချိန် ရေလွှတ်ထားရင် လူ့ခါးစောင်းလောက်
ရေရှိတာဆိုတော့ တော်ရုံလူက တော်ရုံ ကိစ္စနဲ့ မဖြတ်ကြဘူး။ တော်တော်ဝေးတဲ့ နေရာမှာတော့
မြောင်းကူး အုတ်တံတားဟောင်းကြီး ရှိပေမယ့် ဘယ်သူက အဲသည့် သွားကူးနေမှာတုံး။ ဝေးသမှ
တော်တော့်ကိုဝေးတာ။ ကူးပါပြီတဲ့။ တစ်ဖက်ကမ်းရောက်လို့ ပြီးသေးတာမဟုတ်ဘူး။ ပြောင်းတော
ကြီးကိုဖြတ်ရသေးတာ။ ပြောင်းတော့ထဲ မရောက်ခင် ပပ်ကြားအပ်နေတဲ့ လယ်တော့ခြောက်ခြောက်
ကြီးထဲကို တော်တော်လေးဆင်းရသေးတယ်။ ပြီးမှ ပြောင်းခင်းထဲရောက်တယ်။ ပြောင်းခင်းကို
ဖြတ်ပြီးရင် လက်ပဒေါရွာစပ်ကို ရောက်ပြီ။ ယာခင်းမြေနီစပ်က ကိုလုံး ထန်းရွက်တဲဟာ
လက်ပဒေါရဲ့ ရွာဦးဆိုင်းဘုတ်ပဲ။
ဒါပေမဲ့ ပါးစပ်က ပြောရတာသာ လွယ်တာကလား။ တကယ်သွားတော့ သည်လောက်လွယ်တာ
မဟုတ်ဘူး။ ဒါဖြင့်ရင် စက်ဘီးနဲ့ သွားပါလား ဆိုတော့လည်း စက်ဘီးစီးစရာကိုပဲ လမ်းမရှိတာ။
မြင်းလှည်းတော့လည်း ဖျစ်ဖျစ်မြည်သွားရင် ရပေမယ့် အုတ်တံတားရှိတဲ့ နေရာထိက ဝေးတော့
မြင်းလှည်းက လက်ပဒေါဆိုတာနဲ့ 'အားပေါင်ဗျာ' လုပ်တော့တာ။ ဒါက လက်ပဒေါကို သွားဖို့
ကိုယ့်ဘက်က စဉ်းစားတာ။ လက်ပဒေါဘက်ကတော့ စဉ်းစားနေတာ မဟုတ်ဘူး။ မြောင်းလက်တံ
ကြီးကျော်ပြီး ကမ်းပေါ်တက်လိုက်မှ မြစ်လောင်းဧရိယာထဲရောက်တာဆိုတော့ လာရတာပဲ၊ ကူးရ
တာပဲ။ ကျားတံဆိပ်မီးခြစ်တစ်ဖာနဲ့လည်း မြောင်းရေထဲကူးရတာပဲ။ ဘီအိုစီဖယောင်းတိုင် လေး
တစ်တိုင်နဲ့လည်း ပြောင်းခင်းထဲ မြွေမကြောက်၊ ကင်းမကြောက် ကူးရတာပဲ။ လင်က ကွင်းကြု
ကွင်းကြားထဲက ထွက်လာတဲ့ ကြွက်ကို ခုတ်ထစ်ပြီး ရင်နှစ်ခြမ်းခွဲ၊ မီးရဲရဲမှာ ကပ်ပြီးရင် ကင်ထားတဲ့တုတ်တံမည်းမည်းနဲ့ပဲ ထဘီ ရင်လျားကြီးနဲ့ မြစ်လောင်းကို ပြေးရောင်းရတာကလည်း ကြွက်ရရင်ရသလိုကိုး။ မီးခြစ်တစ်ဖာ၊ ဖယောင်းတိုင်တစ်တိုင်နဲ့ မြစ်လောင်းသွားရလို့ လက်ပဒေါမှာ အိမ်ဆိုင်မရှိတော့ဘူးလား ဆိုတော့လည်း မရှိဘူး။ အိမ်ဆိုင်နေနေသာသာ ဖျားလို့ နာလို့ ဆေးခန်း၊ ဆေးရုံ
မရှိတာထား။ ကျားခေါင်းလေး၊ ချမ်းအေးလေးတစ်ထုပ်လောက်ဝယ်ချင်လို့တောင် ကိုယ်ခွဲမရှိ ရင်
အဖျားတက်ကြီး နဲ့ ပြေးရတဲ့ရွာကိုး။ လက်ပဒေါရဲ့ နာမည်ကျော် ရောင်းကုန်ကတော့ လယ်ကြွက်၊
ကွင်းကြွက်ကို တုတ်နှစ်ချောင်းထိပ်ဆိုင်ချည်ပြီး ကင်ထားတဲ့ကြွက်ကင်ပဲ။ ကြွက်ကင် သွားရောင်း၊
ရောင်းရတဲ့ ပိုက်ဆံနဲ့ဆန် နို့ဆီဘူးနှစ်ဘူးသုံးဘူးဝယ်ပြီး ပြန်လာတာဟာ မြစ်လောင်းနဲ့ လက်ပဒေါရဲ့
ကုန်ကြမ်းပေး ကုန်ချောယူ ဆက်ဆံရေးပဲ။ မြစ်လောင်းကလူတွေကလည်း လက်ပဒေါ ကြွက်ကင်
များတော့ ကြိုက်တယ်။ ကြိုက်တဲ့အချိန်ယူသာလာခဲ့။ နောက်ဆုံး လူတွေအိပ်ချိန်ဆိုရင်တောင်
ဘုံဆိုင်ကိုသာ နှိုး၊ ယူတယ်။ ပိုက်ဆံမယူချင်ပါဘူးဆိုရင် ဆန်နှစ်ဘူး ချင်ပေးတယ်။ လက်ပ ဒေါမှာ
ကြွက်ကင်ဟာ ပိုက်ဆံပဲ။ လက်ပဒေါမှာ ကြွက်တွင်းရှာတာဟာ ပိုက်ဆံရှာတာပဲ။ မြစ်လောင်း
ဆိုတာကတော့ သည်နားတကြောမှာ တိုက်နယ်ကြီးရွာဆိုတော့ ဂါတ်တဲရှိတယ်။ စာသင်ကျောင်း
ရှိတယ်။ တူတူတန်တန်ဈေးကလေး ရှိတယ်။ ဆန်စက်တောင် တစ်လုံးလား၊ နှစ်လုံးလား ရှိတယ်။
ထားပါတော့။ သောင်သာတယ်ဆိုတော့ကာ မြစ်လောင်းသူ မြစ်လောင်းသားက ဈေးထဲမှာ
ယောက်ျား၊ မိန်းမ အရောင်မွဲမွဲတွေ့ရင် ဒါ လက်ပဒေါက ဆိုတာ သိတော့ သူတို့အချင်းချင်း
စကားပြောရင်တောင် 'လူကိုယ်က လက်ပဒေါကာလာနဲ့' လို့ ပြောတက်ကြတာတွေလည်း ရှိတယ်။
လက်ပဒေါကလူတွေ ဆင်းရဲကြတာကို ပြောချင်တာပါ။ ဆင်းရဲပေမယ့် လက်ပဒေါသားတွေဟာ
ရိုးသားကြတယ်။ မြစ်လောင်းဂါတ်တဲက လက်ပဒေါကို တရားခံ သွားဖမ်းရတယ်ဆိုတာ တခါမှ
မရှိခဲ့ဘူး။ လက်ပဒေါက တဲကလေးတွေဟာ ဘာတံခါးမှ မရှိတာတောင်မှ သစ်သားယောက်မတစ်
ချောင်း မပျောက်ဖူးဘူး။ ရွာသားအားလုံးကတော့ ကြွက်ထိုးစားတာမဟုတ်ဘူး။ သည်ဆည်မြောင်း
လက်တံကြီးကို ဖာဖို့၊ ထေးဖို့၊ ပြုပြင်ဖို့ ရာသီအလိုက် ခန့်ထားတဲ့ အလုပ်သမားတွေလည်း ရှိတယ်။
သူတို့ကိုသည်အရပ်က ''မြောင်းလျှောက်'' လို့ခေါ်တယ်။ မြောင်းကြီးတစ်လျှောက် လမ်းလျှောက်
ရင်းက မြောင်းကျိုးတာ၊ မြောင်းပဲ့တာ လိုက်ဖာရတဲ့သူတွေဆိုတော့ မြောင်းလျှောက်လို့ ခေါ်တာ
လည်း မမှားဘူး။ ခက်တာက သည်အလုပ်က မိုးတွင်းမှာမှ ခဏကလေး ခန့်တာ။ နွေမှာ အလုပ်မရှိ
ဘူး။ ကိုယ့်ဟာကို ရှာလုပ်ပဲ၊ ရှာစား၊ ရှာသောက်ပဲ။ လက်ပဒေါကို ခရီးကြုံမှာရင်လည်း ရတယ်။
''လက်ပဒေါက မြောက်ဆောက် ဗုံတီးကို ပြောလိုက်စမ်းပါကွာ။ နက်ဖျင်ညှ
အဆေ့ကျောင်းကို လာပါလို့။ မြစ်လောင်းက စံထွန်းအလှူမတိုင်ခင် မြေညှိချင်လို့လို့..နှော''
လို့မှာလိုက်ရုံပဲ။ မြောင်းဆောက်ဆိုတာ မြောင်းလျှောက် ကိုဗုံတီးက ပေါက်တူးကိုင်ပြီး
မြစ်လောင်းကို သုံးလေးရက် ကူးသွားတာပါပဲ။ ပြောချင်တာက လက်ပဒေါက လူတွေဟာ အဲသလို
လူတွေ။ လက်ပဒေါဟာ အဲလို ရွာကလေး။ လက်ပဒေါဟာ ရှိလှရင် အိမ်ခြေ နှစ်ဆယ်ကျော်ပဲ။
လက်ပံပင်ကြီးတစ်ပင်တည်း ရွာထိပ်ရှိနေတာကို ဘယ်သူက လက်ပံတော လုပ်ထားတာလဲ
ဘယ်သူမှ မသိဘူး။ ဒါက အကြောင်းလည်း မဟုတ်ပါဘူး။ နာမည်ရှိနေတာပဲတော်လှပြီ။ နောက်
ရွာအနောက်ဘက်မှာ သင်္ချိုင်းကလေးရှိတယ်။ သည်သင်္ချိုင်းရာကလေးက လက်ပဒေါသင်္ချိုင်းသက်
သက်တော့ မဟုတ်ဘူး။ လက်ပဒေါနောက် ဝေးဝေးက ကြက်ဆူပင်၊ မိုးနံကုန်း၊ ပျဉ်းမကုန်း ရွာတွေ
ကလည်း လူမှ သေရင်သည်သင်္ချိုင်း လာတာ ပဲ။ သင်္ချိုင်းစပ်မှာ ညောင်ပင်အိုကြီးတစ်ပင်ရှိတယ်။
တစ်ခြမ်းကခြောက်တောင်နေပါပြီ။ တစ်ခြမ်းက ခြောက်လို့၊ တစ်ခြမ်းကစိမ်းလို့၊ ထားပါတော့။ အပင်
ကလည်း ကြီးကြီးဆိုလို့ လက်ပဒေါမှာ သည်လက်ပံပင်နဲ့ သည်ညောင်ခြောက်ပင် နှစ်ပင်ပဲ ရှိတယ်။
တစ်နေ့တော့ လူဦးရေ တစ်ရာကျော်လောက်နဲ့ ဆင်းဆင်းရဲရဲနေရတဲ့ သစ်ပင်ကြီး နှစ်ပင်နဲ့
လက်ပဒေါမှာ လူသေမှုစဖြစ်တယ်။ လူသေမှုကို ပြောတာနော်၊ လူသတ်မှု မဟုတ်ဘူး။ သူ့ဟာသူ
နေရင်းထိုင်ရင်း သေတာကို ပြောချင်တာ။ ဟာ...လူနေတဲ့ရွာပဲ၊ လူသေတာ ပြောစရာလားလို့
မေးချင်ရင်လည်း မေးဖို့ပဲ။ ဒါပေသိ လက်ပဒေါမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၊ အစိတ်ကတည်းက
ကနေ့ထိ တစ်ခါမှ လူသေဖူးတာ မဟုတ်ဘူး။ နာမည်ကသာ လက်ပဒေါသင်္ချိုင်း။ လက်ပဒေါသား
လက်ပဒေါသူ တစ်ယောက်မှ မြေကျဖူးတာ မဟုတ်ဘူး။ နှစ်အစိတ် ဟိုဘက်မှာတော့ ရှိချင်လည်း
ရှိမယ်။ ဒါတော့ ဘယ်သူမှ မပြောနိုင်ဘူး။ မှတ်မိသလောက်တော့ သည်နှစ်ပေါင်း အစိတ်
သုံးဆယ်လောက်ထဲမှာတော့ သေဖူးတယ်။ ဒါတော့ သေချာတယ်။
တစ်ညတော့ လက်ပဒေါရွာကို ကန့်လန့်ဖြတ် ပျံသွားတဲ့ ငှက်တစ်ကောင်က စူးစူးကြီး အော်ရင်း
လက်ပဒေါညကို ခပ်ပြင်းပြင်း ပုတ်နိုးလိုက်တယ်။ သည်ငှက် အော်သံမျိုး လက်ပဒေါက အင်မတန်
ဆင်းရဲတဲ့ လူတွေမကြားဖူးတာကြာပြီ။ သည်ရွာက လူတွေကလည်း ဟိုကတစ်တဲ၊ သည်ကတစ်အိမ်၊
လက်ပဒေါ လာစုရင်းက နေကြရတာဆိုတော့ ကိုယ်ဖြတ်သန်းကြီးပြင်းခဲ့ရာ ငယ်ဘ၀တုန်းကတော့
ကြားဖူးကြတာချည်းပေါ့။ ဒါဟာ ငှက်စုန်းတစ်ကောင်ရဲ့ အော်သံဆိုတာ လောက်တော့ သိတာပေါ့။
သည်ကောင်မှ အပေါ်က ဖြတ်အော်ရင်၊ ဒါမှမဟုတ် လူမမာ အိမ်ခေါင်က ဖြတ်အော်ရင် ဒါဟာ
မင်္ဂလာမရှိဘူး ဆိုတာလောက်တော့ သိတာပေါ့။ အဲသည်ညက သိခြင်းနဲ့ ကြောက်ခြင်းဟာ
တစ်ချိန်တည်း ဖြစ်တယ်။ အဲသည်မှာတင် တစ်ရွာလုံးက ငှက်စုန်းသံကြားတာနဲ့ အိပ်ရာထဲ
လှဲနေရာက ထကြတယ်။ ပါးစပ်ကလည်း ''ဖွဟဲ့...နင့်ဒဏ် နင်ခံ၊ နင့်ဒဏ် နင်ခံ '' ရေရွတ်ကြတယ်။
ပြီးတော့ မိသားစုတွေဟာ မီးတိုင်ခွက်ရောင် နီကြင်ကြင်၊ မှုန်တိမှုန်ဝါးထဲမှာ တစ်ယောက်မျက်နှာ
တစ်ယောက် လိုက်ကြည့်နေကြတယ်။ မိန်းမကလည်း ယောက်ျားကို''တော် နေကောင်းပါတယ်
နော်'' ဆိုတဲ့ မျက်နှာနဲ့ ကြည့်တာ။ ယောက်ျားကလည်း ''နင် နေရထိုင်ရတာ ကောင်းရဲ့လား
မိသေးရာ'' ဆိုတဲ့ မျက်နှာနဲ့ ကြည့်တာ။ ယောက်ျားကလည်း ''နင် နေရထိုင်ရတာ ကောင်းရဲ့လား
မိသေးရာ'' ဆိုတဲ့ မျက်နှာနဲ့ ကြည့်နေတာ။ နီးစပ်ရာ ကိုယ့်ကလေးတွေရဲ့ နဖူးတွေကိုလည်း
မှတ်မှတ်ရရကြီး စမ်းလိုက်ကြတာလည်း လက်ပဒေါက တဲကလေးတွေထဲမှာ အားလုံးတူတူလောက်
နေမှာပါ။ အင်းလေ။ ညဘက်ထွက်တဲ့ ညငှက်တစ်ကောင်က သူ့ဟာသူ သူ့ငှက်လမ်းကြောင်းပေါ်မှာ
ပျံသန်းရင်း အော်ဟစ်လိုက်တဲ့အသံဟာ လူတွေအားလုံး ငုတ်တုတ်ထထိုင်ကြရတယ်။ ပါးစပ်က
လည်း ပြိုင်တူတစ်စုံတစ်ရာရေရွတ်လိုက်တယ်။ သည်ငှက်သံကပဲသေခြင်းတရားကို ကိုက်ချီပြီး
ရွာကလေးပေါ် ပစ်ချထားခဲ့တာမျိုးလို မျက်နှာထားတွေဖြစ်သွားကြရတယ်ဆိုတာကလည်း စဉ်းစား
ကြည့်ရင် ရီတော့လည်း ရီစရာကြီးပေါ့လေ။ ဒါပေမယ့် ဒါဟာ ရီစရာမဟုတ်ပါဘူး။ လက်ပဒေါမှာ
နှစ်တော်တော်ကြာကြာပျောက်ကွယ်နေတဲ့ သေခြင်းတရား ရုတ်တရက်ရောက်လာ တာဟာ
ရယ်မောစရာကိစ္စမဟုတ်ပါဘူး။ လူသေတာဟာ နှစ်သက်စရာ မဟုတ်ဘူး။ ဒါပေသိ လက်ပဒေါမှာ
လူက တကယ့်ကို အဲသည်ညကသေတယ်။ သေတဲ့သူက လှတင်လို့ ခေါ်တယ်။ မြောင်းလျှောက်
ပါပဲ။ လက်ပဒေါကို ငှက်စုန်းဖြတ်သွားပြီး လူတွေအားလုံးလောက် အိပ်မောကျ နေချိန်မှာ
လှတင်ကြွက်ထိုးတဲ့ မှိန်းကို ထောက်ရင်း သူ့တဲကို ပြန်ရောက်လာတယ်။
မြမေ...ထစမ်း၊ ငါ့ကို အကောင်ကိုက်လိုက်လို့”
ဒါပဲ ပြောနိုင်တယ်။ တဲဝမှာ ၀ုန်းခနဲ လဲသွားတယ်။ သူ့မိန်းမမြမေက နိုင်သလောက်ပွေ့ပြီး တဲအတွင်း
ဘက်ကိုသွင်းတယ်။ အကောင်ကိုက်လိုက်တယ်ဆိုတဲ့ နေရာတွေကိုရှာကြည့်တယ်။ လယ်ထဲ
ကွင်းထဲ ကြွက်သွားထိုးတဲ့လူ အကောင်ကိုက်တာ ခြေဖျားလောက် ဖြစ်ရမှာပေါ့လို့ တွက်ရင်း
ကြည့်လိုက် တော့ ဆေးလိပ်မီးနဲ့ ထိုးထားလို့ အသားစတွေ လန်နေတဲ့ ညာဘက် ခြေဖခုံဟာ
မောက်မောက်ကြီးရောင်ကိုင်းနေတယ်။
ကိုလှတင်..ကိုလှတင်"
မရဘူး၊ ခေါ်လို့မရတော့ဘူး။ တော်တော့်ကို ဝေးတဲ့နေရာလောက်က ငှက်စုန်းထိုးသံကြီး တစ်ချက်
ကြားပြီး ဘာကြာတုံး၊ လှတင် သေရော။ မမြမေ ငိုသံကငှက်စုန်းထက်ကျယ်တော့ အားလုံးနိုး
ကုန်ကြရော။ မမြမေတို့ တဲကလေး ရှေ့ကို စုစုဝေးဝေး ရောက်လာကြတယ်။ မိုးမလင်းတလင်း
ညကြီးသန်းလွဲမှာ လက်ပဒေါက လူတွေဟာ သေသူရဲ့ ခြေထောက်က ဒဏ်ရာကို မကြည့်ဘူး။
မည်းနက်နေတဲ့ ကောင်းကင်ကို မေ့ကြည့်နေကြတယ်။ ငှက်တစ်ကောင်ကို ရှာနေကြတာထင်ပါရဲ့။
မနက် မြစ်လောင်းက ဘုန်းကြီးပင့်ဖို့ စီစဉ်ကွာ”
တစ်ယောက်က အကြံပေးတယ်။ လက်ပဒေါမှာ သရဏဂုံ တင်စရာ ဘုန်းကြီးမှ မရှိတာကိုး။
လက်ပဒေါမှာ ငှက်စုန်းကြီး အော်လို့ ငါးရက်တောင်မပြည့်သေးဘူး။ လက်ပဒေါမှာပဲ နောက်တစ်
ယောက်သေပြန်ရော။ သေတဲ့သူက ကျင်စိန်တဲ့။ အရက်သမားပါ။ လက်ပဒေါမှာ လူကောင်း
သူကောင်းချည်း ရိုးရိုးသားသားနေတယ်ဆိုပေမယ့် အရက်ကလေးတမြမြနဲ့သူလည်း ရှိတာ
ပေါ့လေ။ ပြီးတော့ ရွာမှာ ဘုန်းကြီးကျောင်းသာ မရှိတယ်။ ဘုံဆိုင်ကလေးတော့ ရှိတယ်။ ကျင်စိန်
သေတာကလည်း ဆန်းတယ်။ အဲသည် ညဦးက ကျင်စိန် အရက်ကလေးထွေထွေနဲ့ သီချင်း
တွေဆိုရင်းကတဲရှေ့ ကွပ်ပျစ်ကလေးမှာသေနေတယ်။ မနက်ခင်းကျင်စိန်နဲ့ သိုးကျောင်း သွားနေ
ကျ ထွန်းပေါ်လာနိုးတော့ နှိုးမရတော့ဘူး။ စမ်းကြည့်တော့ မာတောင့်နေပြီ။
ကျင်စိန်တော့ သေပြန်ပြီ။ အင်း ငါထင်တယ်။ ညက ငှက်စုန်းထိုးကတည်းက တခုခုတော့
ဖြစ်တော့မှာပဲ ဆိုတာ”
ဟာ ဘကြီးက ဘယ်တုန်းက ထိုးလိုတုံး၊ ညက မထိုးပါဘူး”
ထိုးပါသော်ကော မောင်ရာ၊ ညက လေတွေ တ၀ူးဝူး အော်တိုက်နေတာ အကြာကြီး။
လေလေးလည်း ငြိမ်ရော ငှက်စုန်းထိုးလိုက်တာ သံပြာကြီးနဲ့”
ကျင်စိန်အလောင်းရှေ့ရောက်နေတဲ့ လက်ပဒေါသားတွေ အားလုံးငိုင်သွားကြတယ်။ အင်မတန်
ကြမ်းတမ်းခက်ခဲတဲ့ သည်နေရာကလေးကို၊ အင်မတန်ဆင်းရဲ ကျပ်တည်းကြတဲ့ သည်နေရာ
လေးကို သေမင်းကဘယ်လိုရှာတွေ့ သွားရတာတဲ့လဲ။ သည်ငှက်စုန်းကကော ဘယ်သူက လွှတ်
လိုက်တာလဲ။ နှစ်ပေါင်းများစွာ တစ်ခါမှတောင် မကြားဖူးတဲ့ ငှက်အော်သံကြီးဟာ ဘယ်က ဘယ်လို
ရောက်လာတာတဲ့လဲ မသိဘူး။ သူတို့ဘာကိုမှ မသိတာပါ။ သူတို့ ဘယ်လိုမှ ဉာဏ်မမီနိုင်တာကိုပဲ
တွေးနေကြတာ အကြာကြီး။ ပြီးတော့ ကိုယ့်တဲကလေးတွေဆီ ကိုယ်ပြန်ကြတယ်။ လက်ပဒေါသား
တွေ ကြွက်ကောင်းကောင်းမထိုးနိုင်ဘူး။ မြောင်းကောင်းကောင်း မလျှောက်နိုင်ကြဘူး။ သည်ည
ကော ငှက်စုန်းလာဦးမှာလား၊ လာရင်ကော အော်ဦးမှာလား၊ အော်ရင်ကော သေဦး မှာလား၊
သေရင်ကော ဘယ်သူလဲ။
ကျင်စိန်သေလို့ တစ်လကျော်ကျော်ကြာတော့ လူတွေဟာငှက်စုန်းကို မေ့သွားကြတယ်။ လက်ပဒေါ
မှာ လူသေတာဟာပြောစရာတော့ ဖြစ်သွားတာပေါ့လေ။ လက်ပဒေါသားတွေဟာ သည်အကြောင်း
ကို အခုတွေးရင် အခု ကြောက်ကြတယ်။ ငှက်စုန်းကလည်း မလာပြန်ဘူး။ တချို့ညတွေတော့လည်း
ရွာစပ်ကဖြတ်သွားရင်း ခပ်ဝေးဝေးကအော်သံလောက်နဲ့ ပြီးသွားတာမျိုးပဲရှိတယ်။ သည်အတော
အတွင်း လက်ပဒေါက ကလေးတွေ အားလုံးရဲ့ လည်ပင်းမှာ ကနုကမာအခွံလိုလို လက်မလောက်
ယောက်သွားခွံကလေးတွေ တပ်ကြလို့။ သည်လိုနဲ့နေလာကြရာက တစ်ညတော့ အားလုံးက
မေ့နေကြတဲ့ ငှက်စုန်းဟာ လက်ပဒေါရွာပေါ်က တည့်တည့်ကြီး အော်သွားပြန်ရော။ အော်တာမှ
စူးစူးရဲရဲကြီး။ ဂီးခနဲ အော်သံဟာ တော်ရုံ လူမမာရဲ့ အသက်ဝိဉာဉ်ကို ကိုင်ညစ်ပြီး သူ့နှုတ်သီးကြီးနဲ့
တပေါက်ပေါက် ထိုးဆိတ်လိုက်သလို အော်သွားတာမျိုး။
ဖွဟဲ့... နင့်ဒဏ်နင်ခံ... နင့်ဒဏ် နင်ခံ”
နင့်ဒဏ် နင်ခံတာ ပြောတာ။ ငှက်စုန်းခံဖို့သာ လက်ပဒေါသားတွေက တဖွဖွရွတ်နေတာ။ တကယ်
ခံနေတာ သူတို့ပဲ။ အဲသည်ညက လက လက်သည်းခြစ်ရာလောက်ကလေးနဲ့ည။ ပြောင်းခင်းဘက်
က ကွင်းလေကတသွေးသွေးနဲ့ည။ ဆည်မြောင်းလက်တံကြီးထဲမှာ ရေမရှိချိန်ဆိုတော့ ကလေးတွေ
တောင် ပြောင်းခင်းကြီးကိုကျော်ပြီး မြောင်းခြောက်ထဲကစားနေတဲ့ည။ ငှက်စုန်းထိုးသံကြီးဟာ
လက်တံမြောင်းထဲက ကလေးတွေပေါ်ကို ဗုံးကြဲလိုက်သလို၊ မိုးကြိုးများ ပစ်ချလိုက်သလို ကျလာ
တော့ ကလေးတွေအားလုံးဟာ လက်တံမြောင်းနှုတ်ခမ်းပေါ် ပြေးတက်ရင်း၊ ပြောင်းခင်းကို ညမှောင်
မှောင်ထဲမှာ ကျော်ဖြတ်ရင်းတဲစုကလေးတွေရှိရာကို ပြေးလာကြတယ်။ မိဘများကလည်း ပြောင်းခင်း
စပ်က ကြိုရင်း ပြေးလာတဲ့ ကလေးတွေရဲ့ ရင်ဘတ်က ကမာခွံကို အရင် စမ်းကြည့်ကြတယ်။
ဟဲ့ ငကွန်း...ဘယ်မှာလဲ...နင့်”
မအေလုပ်သူတွေထဲက အော်လိုက်သံဟာ လက်ပဒေါ ညထဲမှာ တုန်ခါနေတယ်။
ဘယ်မလဲ...ငါမေးနေတယ်လေ....ဘယ်မလဲ”
ငကွန်းကမျက်လုံးတွေ ကြောင်နေပြီး မအေလုပ်သူကိုကြည့်နေတာကလွဲရင် သူ့လည်ပင်းကို သူစမ်း
နေတာပဲ ရှိတယ်။ ဘာမှမပြောဘူး၊ ဘာမှမပြောနိုင်ဘူး။ သည်လိုနဲ့ လက်ပဒေါဟာ ခဏကလေး
ငြိမ်သက်သွားတယ်။ အဲသည်ညက ကိုယ်တွေ ချစ်ချစ်တောက်ပူပြီး ငကွန်းကလေး သေတယ်။
သည်တစ်ခါတော့ လက်ပဒေါဟာ ချောက်ချားသွားခဲ့တယ်။ ထိတ်လန့်ကြောက်ရွံ့နေကြတယ်။ ည
မှောင်ပြီဆိုတာနဲ့ လက်ပဒေါမိုးကောင်းကင်ပေါ်က ဖြတ်သန်းသွားမယ့် ငှက်တိရစ္ဆာန် တစ်ကောင်ကို
ဘာမဟုတ်ညာမဟုတ် ကြောက်နေကြတယ်။ သည်ငှက်ကပဲလက်ပဒေါကို သေခြင်းလက်ဆောင်
တွေ ကောင်းကင်က ချ ချ ပေးနေတာကိုး။ ပထမ လှတင် သေတယ်။ နောက် ကျင်စိန် သေတယ်။
ခုတစ်ခါ ငကွန်းကလေး သေပြန်ပြီ။ နောက်ဘယ်သူသေဦးမှာလဲ။ လက်ပဒေါသင်္ချိုင်းက နောက်
ဘယ်သူ့ကို မျက်စပစ်နေပြန်ပြီလဲ။ ဘယ်သူ မှ မပြောနိုင်ဘူး။ သည်ငှက်စုန်းကြီး အော်သရွေ့
လက်ပဒေါသူ လက်ပဒေါသားတွေဟာ နေ့လား ညလား၊ သူလား ငါလား ဘယ်သူမှ မပြောနိုင်ဘူး။
တစ်ရွာလုံးမှာ အသက်အကြီးဆုံးဖြစ်တဲ့ ဘကြီးသောင်က ပရိတ်တွေ ရွတ်တယ်။ မေတ္တာတွေ
ပို့တယ်။ မျက်စိမမြင် ဘာမမြင်နဲ့ ရွာကို တက်သမျှ မှတ်သမျှ စည်းချပေးတယ်။ လက်ပဒေါသူ
လက်ပဒေါသားတွေကလည်း ကွင်းကြို ကွင်းကြား ကြွက်ထိုးနေရလို့ မေ့နေတဲ့ ဘုရားရှိခိုး
အမျိုးမျိုးကို ရတက်သမျှ ရွတ်ကြတယ်။ သည်လိုနဲ့ တစ်နေ့တော့ ဘကြီးသောင်က လက်ပဒေါသား
တွေကို စုတယ်။ သူ့သဘောထားကို ပြောတယ်။
ဘကြီးတော့ အိမ်မက်တွေလည်း မကောင်းဘူး။ အတိတ်နိမိတ်များလည်း မကောင်းဘူး။
သည်တော့ ဘကြီးတက်သမျှ မှတ်သမျှ စည်းတော့ ချပြီးပြီ။ ဒါပေမဲ့ ငှက်တွေ ရောက်မလာဘူးလို့
ဘယ်သူမှ မပြောနိုင်ဘူး။ သည်တော့ ငါတို့ ဘာလုပ်ကြမလဲ”
မြောင်းလျှောက်သမား ကိုခင်ကလည်း သူ့သဘောထားကို ပြောတယ်။
ငှက်အော်လို့ သေတာမဟုတ်ပါဘူး ဘကြီးရာ။ လူသေတာ သေနေ့စေ့သေတာပါပဲ။ ငှက်
က လူ့ဝိဉာဉ်ကိုမနှုတ်နိုင်ပါဘူး။ ဒါ ဘကြီးတို့က ဥပါဒါန်စွဲနေတာ။ ဒါကြောင့် ဥပါဒ် ပြန်ဖြစ်နေတာ”
ဆိုတော့ လာစုမိတဲ့ လက်ပဒေါသူ လက်ပဒေါသားတွေက ကိုခင့်ကို ဒေါကန်ကြတယ်။ အရေးထဲမှာ
ရွာလာပြီး ကန့်လန့်တိုက်နေတဲ့ကောင်ပါလားဆိုတဲ့မျက်နှာနဲ့ ကိုခင့်ကိုဝိုင်းကြည့်ကြတယ်။ ကိုခင်က
တော့ ဂရုမစိုက်ပါဘူး။ဆင်နှစ်ကောင်ဆေးလိပ်တောင် တထောင်းထောင်း ဖွာနေလိုက်သေးတယ်။
သူ့လေးထောင့် မျက်နှာကြီးထဲက မျက်ပေါက်ကျဉ်းကျဉ်းကလေးတွေနဲ့ လူတွေကိုတောင် ပြန်ကြည့်
နေလိုက်သေးတယ်။
ခက်တာက ဘကြီးသောင်ကသာ ဘာလုပ်မလဲ မေးနေတာ။ ဘယ်သူက ဘာလုပ်တက်မှာတုံး။
ငှက်စုန်းဘယ်နားနေမှန်း သိရင်လည်း ကောင်းသားကလား။ ညှိလို့နှိုင်းလို့ရရင်လည်း ကောင်းသား
ကလား။ တောင်းပန်လို့ ရရင်တော့လည်းကောင်းသား။ ဒါပေမယ့် ဒါက လူလူချင်းမဟုတ်ဘူး။ ငှက်နဲ့
လူတွေရဲ့ နားမလည်နိုင်တဲ့ကိစ္စ။ ဒါက မြစ်လောင်းဂါတ်တဲနဲ့လည်းမဆိုင်ဘူး။ မြစ်လောင်း သူကြီး
နဲ့လည်း မပက်သက်ဘူး။ မြေကြွင်းထဲက ကြွက်ကိုသာ မှိန်းနဲ့ ထိုးတက်ကြတဲ့ လက်ပဒေါသား
တွေဟာ ကောင်းကင်က ငှက်ကို ဘာလုပ်ရမှန်းမသိဘူး။
သည်လို လုပ်ချင်တယ်”
တစ်ကိုယ်လုံးပွေးတွေနဲ့ အကွက်လည်နေတဲ့ စံမြက စကားစတယ်။ အားလုံးက စံမြကို အာရုံရောက်
သွားတယ်။ စံမြက လက်ဖျံပေါ်က ပွေးဒင်္ဂါးတွေကို လက်သည်းနဲ့ ကုတ်ဖဲ့နေရင်းက ပြောတယ်။
ကျုပ်တို့ရွာမှာ ငှက်ခိုလို့ရတာ သစ်ပင်ကြီးနှစ်ပင်ပဲ ရှိတယ်။ ရွာထိပ်က လက်ပံပင်နဲ့
သင်္ချိုင်းစပ်က ညောင်ပင်။ သည်နှစ်ပင် မရှိရင် ငှက်မနေနိုင်ဘူး။ ငှက်စုန်းဟာ ညောင်ပင်မှာ ရှိရင်ရှိ၊
မရှိရင် လက်ပံပင်မှာ ရှိမယ်။ သည်တော့....”
စံမြက စကားတွေကို ရပ်ထားတယ်။ သည်တော့ ဘာဖြစ်လဲ။ လက်ပဒေါသားတွေက စံမြကိုပဲ
ငေးနေကြတယ်။
သည်တော့ သည်နှစ်ပင်ကို လှဲချင်တယ်”
ဒါပါပဲ။ စံမြက ဒါပဲ ပြောပြီး ပွေးစတွေကို တောက်ထုတ်နေတယ်။ လူတွေအားလုံးဟာ ဘာမှ မပြော
နိုင်တော့ဘူး။ စံမြလောက်တောင် ငါတို့ ဘာဖြစ်လို့ မတွေးမိရတာလဲ။
ကောင်းတယ်ကွာ၊ စံမြ မင်းတာဝန်ယူနိုင်မလား”
ယူနိုင်ပါတယ်၊ ဒါက သုံးလေးယောက် ၀ိုင်းလိုက်ရင် ပြီးတဲ့ ကိစ္စပဲ။ ဒါပေမယ့်...”
လူတွေကတော့ နားမလည်ဘူး။ ခုတ်လိုက်ရင်ပြီးမယ့် ကိစ္စပဲ။ ဘာ ဒါပေမယ့်လဲ။ ဘာလဲ၊ မလုပ်ချင်
တာလား။ မလုပ်ချင်ရင် ဘေးဖယ်နေ၊ ငါတို့ လုပ်စမ်းမယ်။ သစ်ခေါင်းထဲ တွေ့မယ့် ငှက်စုန်းတော့
လား၊ မြစ်လောင်းအရက်နဲ့ တော့ပြီပေါ့။လူတွေက ဒေါသနဲ့တွေးနေကြတယ်။
ဒါပေမယ့် ညောင်ပင်ကို ဘယ်သူ ခုတ်ရဲလို့လဲ။ ကျွန်တော် မခုတ်ရဲဘူး။ ညောင်ပင်မှာ
တစ်ရွာလုံးက ကိုးကွယ်ထားတဲ့ နတ်ကွန်းတွေ ပြည့်နေတာ။ ကျုပ်မလုပ်ရဲဘူး”
ဟာ ဒါလည်း ဟုတ်သားပါလား။ လူတွေအားလုံးငိုင်သွားကြတာ တော်တော့်ကို ကြာတယ်။
သည်ညောင်ပင်ကလည်း တစ်ခြမ်းသာ ခြောက်နေတာ။ တစ်ရွာလုံးက စင်ကလေးတွေ နေရာလပ်
မကျန်အောင် ရိုက်ထားပြီး ကိုယ့်အစွဲနဲ့ကိုယ် ကိုးကွယ်နေကြရတဲ့ညောင်ပင်။ ညနေမှောင်ပြီဆို
တာနဲ့ မီးကလေးတစ်လက်လက်နဲ့ ရှိနေတက်တဲ့ညောင်ပင်။ တစ်နှစ်တစ်ခါ ကိုယ်တက်နိုင်သ
လောက် နဲ့ မိသားစု ၀တ်မပျက်ပူဇော်ပသနေရတဲ့ ညောင်ပင်။
ဒါကိုခုတ်ရမယ်လို့ ဖြစ်လာတော့ ခုတ်ဖို့ နေနေသာသာ ဘယ်သူမှစိတ်တောင် မကူးရဲဘူး။
သည်ညောင်ခေါင်းထဲမှာ ငှက်စုန်း ရှိမယ် မရှိမယ်ကလည်း သေချာတာ မဟုတ်ဘူး။ ညောင်ပင်က
ရွာကို မီးနဲ့တိုက်မှာက အရင်ကိုး။ သည်လိုနဲ့ လက်ပဒေါသူ လက်ပဒေါသားတွေဟာ ငှက်စုန်းရှာ
မလား၊ ညောင်ပင်ခုတ်မလားဆိုတဲ့ ပြဿနာကြီးကို တွေ့နေကြတယ်။
ကျုပ်ခုတ်မယ်၊ ညောင်ပင်ကို ကျုပ် ခုတ်မယ်
ကိုခင်... သူ့ လေးထောင့်မျက်နှာကြီးနဲ့ မျက်ပေါက်ကျဉ်းကျဉ်းကို မှေးထားရင်းက တစ်ခွန်းတည်း
ထအော်တယ်။ လူတွေအားလုံးဟာ ညောင်ပင်ခုတ်မယ့် ကိစ္စ၊ ကိုယ်က ခုတ်ဖို့နေနေသာသာ၊ ဟာ
ခုတ်ကွာလို့တောင် မပြောရဲတဲ့ လူတွေကိုး။ ကိုခင်က ခုတ်မယ်ဆိုတော့ ၀မ်းထဲက ကျေနပ်ကြပေ
မယ့် ပါးစပ်က မပြောရဲဘူး။
ကျုပ် ဒါတွေ ယုံတာ မဟုတ်ဘူး။ ငှက်အော်လို့ လူသေတာလည်း ကျုပ်မယုံဘူး။ ဒါပေမဲ့
ခင်ဗျားတို့ ယုံတယ် မဟုတ်လား။ ယုံတော့လည်း ငှက်နေတယ်လို့ ထင်ရတဲ့ ညောင်ပင်ကျတော့
ခင်ဗျားတို့ မခုတ်ရဲကြပြန်ဘူး။ ဘာတွေလဲ ခင်ဗျားတို့။ ကျုပ်ခုတ်ပေးမယ်။ အိုဗျာ ကျုပ်က ခုတ်နေမှာ
မဟုတ်ဘူး။ ခင်ဗျားတို့ တခုပဲ ပြောမယ်။ ခင်ဗျားတို့ ကိုးကွယ်ထားတဲ့ နတ်ကွန်းစင်တွေ ကနေ့
ညနေစောင်း အပြီးဖြုတ်ထား။ မနက်ဖြန် မနက် ကျုပ်က ညောင်ပင် ခေါင်းထဲ ရေနံထည့်ပြီး မီးရှို့မှာ။
ကန်တော့ချင်တဲ့လူ ကနေ့ အပြီး ကန်တော့ထား။
လက်ပဒေါမှာ မနက်ဖြန် ညောင်ပင်လည်း မရှိစေရဘူး။ ညောင်ခေါင်းထဲ ငှက်စုန်း
နေတယ်ဆိုရင် ငှက်စုန်းလည်း မသာပေါ်ပြီသာမှတ်
အဲသည်တုန်းက တကယ်လည်း လက်ပဒေါသားတွေက လက်ပံပင်ကို ခုတ်တယ်။ ကိုခင်က
ညောင်ပင်ကို မီးရှို့တယ်။ လက်ပံပင်ကတော့ ငုတ်တိုတောင်မကျန်တော့ဘူး။ ထင်းဖဲ့စိုက် လိုက်ကြ
တာနဲ့ကို နောက်ခတ်ကလေးတွေက ကြည့်ချင်လို့တောင် မရှိတော့ပါဘူး။ ညောင်ပင်ကတော့
ဘယ်လိုပြောရမလဲ။ ကိုခင်ကလည်း ညောင်ခေါင်းထဲ ရေနံထည့်ပြီး မီးရှို့ခဲ့တာပါပဲ။ ညောင်ပင်တ
ပင်လုံး မည်းချိတ်ပြီး နာလန်မထူဘဲ သေသလိုလို ဖြစ်သွားခဲ့တာပါပဲ။ ဘာငှက်တစ်ကောင်
မမြီးမှလည်း မတွေ့ခဲ့ဖူးလို့ ပြောကြတာပါပဲ။ အခုတော့ ကိုခင်တောင် လက်ပဒေါမှာ ဘကြီးခင်ဖြစ်
နေပြီ။ နှစ်ပေါင်းကလည်း သုံးဆယ်သီသီကျော်ခဲ့ကိုး။ နှစ်ကလည်း နည်းတော့တာမှ မဟုတ်ဘဲလေ။
ဒါပေမဲ့ အဲသည်ညောင်ပင်က မသေဘူး။ အငုတ်က ပြန်တက်လာတဲ့ အကိုင်းလေးကနေ စ
လိုက်တာ အခုတော့ရွက်အုပ်ဖားဖားနဲ့ ဝေေ၀ဆာဆာကြီးဖြစ်လို့။ ထုံးစံအတိုင်းပါပဲ၊ နတ်ကွန်း
ကျောင်းဆောင်ကလေးတွေလည်း ပြန်ရောက်လာပြီ။ ညဘက် မီးကလေး တလက်လက်နဲ့လည်း
ဘယ်သူ့ကိုမှန်းတော့ မသိဘူး။ ပူဇော်တဲ့သူက ပူဇော်လို့။
အင်းလေ။ လက်ပဒေါကလည်း အရင်က လက်ပဒေါမှ မဟုတ်တော့တာ။ ဗီဒီယိုတွေ ဘာတွေနဲ့
လက်ပဒေါ ဖြစ်သွားခဲ့ပြီကိုး။ နှစ်ပေါင်း သုံးဆယ်အတွင်းမှာ လက်ပဒေါလည်း ဘာသားမလို့တုံး။
မနေ့တနေ့ကတော့ လက်ပဒေါမှာ ဘကြီးခင် သေတယ်။ လူတွေက ဘကြီးခင် သေတာ လူကြီးပဲ၊
လူကြီးရောဂါပေါ့လေ။ ဘယ်သူမှ သိပ်လည်း ခံစားမနေပါဘူး။ ဒါပေမယ့် သတိထားမိတဲ့သူတွေ
ပြောတာက ဘကြီးခင် သေတဲ့ညက ငှက်စုန်းထိုးသေးသတဲ့။ ငှက်စုန်းကလည်း ညောင်ခေါင်း
ကလေးထဲက ထွက်လာတာတဲ့။
သေတော့ မသေချာပါဘူး။ လက်ပဒေါက နောက်ပေါက်တွေက အဲသည်ညက ဗီဒီယိုရုံထဲ
ရောက်နေကြတာကိုး။။
#နေ၀င်းမြင့်
No comments:
Post a Comment