Mar 25, 2017

ငမိုးနဲ့ အိုး

" ငမိုးနဲ့ အိုး "

=======

                                      #နုနုရည်  အင်းဝ

အလို... ရွာလမ်းမကြီးတစ်ခုလုံး တယ်လည်း စည်ကားနေလိုက်ပါလား အရပ်ကတို့။ကြည့်စမ်းပါဦး။ ရေပက်တဲ့ကလေး လူကြီးကလည်း ရွာရှိလူအကုန်လား အောက်မေ့ရတယ်။ ဒီနေ့က အတက်နေ့။ နောက်ဆုံးနေ့ဆိုတော့ ဗွက်ကြမ်းအောင် ပက်ကြမှပေါ့လေ။ ဟော... ဥပုသ်သည်တွေကလည်း ၀တ်ကောင်းစားလှတွေနဲ့ ထမင်းချိုင့်တွေနဲ့ ဘုန်းကြီးကျောင်းသွားကြဖို့ ရွာလမ်းမပေါ်မှာ ဘယ်သူရေ ဘယ်သူဝါ တကြော်ကြော်ခေါ်ကြလို့။ 

အဲ့ဒီလူတွေကြားထဲမှာ ပိုက်ကွန်စုတ်ကို ပခုံးတင်ပြီး ကားရားကားရားနဲ့ သွားနေတဲ့ငမိုးကို အားလုံးက မျက်စောင်းထိုးကြည့်နေကြတယ်။ လည်ပင်းပေါ်မှာ စိပ်ပုတီးအကြီးကြီး တယမ်းယမ်းနဲ့ ဒေါ်ဖူးညိုကြီးကဆို မနေနိုင်မထိုင်နိုင် ရေပက်နေတဲ့ကလေးတွေဆီ လှမ်းပြီး "ဟဲ့ကောင်လေးတွေ အခါကြီးရက်ကြီးနော်။ ကောင်းကောင်းနေကြ "လို့ စောင်းပြောလိုက်သေးတယ်။

သူတို့ဟာသူတို့ ကြည့်ကြည့် စောင်းစောင်း ငမိုးတို့ကတော့ ဂရုမစိုက်ပေါင်ဗျာ၊ အရေးမဟုတ်ပေါင်ဗျာ။ ဘယ်နှယ့် ဗိုက်ဆာတာက အရေးဗျ။ ဟင်းမရှိတာက အရေးဗျ။ မာကြမ်းကြမ်းထမင်းနဲ့ ခရမ်းချဉ်သီးချက်ရေလုံပြုတ်ကို သုံးရက်ဆက်တိုက် ဘယ်သူတွေ စားနိုင်တုံး။ ပြောကြ။ ကွယ်ရာမှာ သူခိုးငမိုးလို့ နာမည်ပျက်ပြီးသားပီပီ ပါးစပ်ကလဲ ပျက်နေပြီလေ။ ဆူဖြိုးတဲ့အချိန်မှာ ဆူဖြိုးသလို ၀က်တစ်လဲ ၊ အမဲတစ်လဲ၊ ငမိုးတို့ တုတ်ခဲ့ဖူးသကိုး။ အင်း ... ၀က်မရခင်စပ်ကြား ငါးလေးနဲ့ပဲ ပေါင်းကွပ်ထားရသေးတာပေါ့လေ။

မြစ်ဆိပ်ကမ်းစပ်မှာ ငမိုးရဲ့ပိုက်စုတ် ဘုတ်ခနဲကျသံ ကြားတော့ အထက်နားကရေထဲမှာ ရေချိုးနေတဲ့ ဘသာတင့်က လှမ်းကြည့်သည်။

" အောင်မယ် ငမိုးတို့ကတော့ကွာ၊ အလုပ်ကောင်းအကိုင်ကောင်း လုပ်တော့မယ်နဲ့တူတယ်။ အောက်နား သွားသွား။ ငါ ဒီမှာ ရေသတ္တ၀ါတွေအတွက် မေတ္တာပို့နေတယ်။ အခါကြီးရက်ကြီးကွာ။ မင်းနှယ် "

ဘသာတင့်ကို ဘာမှပြန်ပြောမနေပဲ အောက်ဘက်ကို ငမိုး သုတ်သုတ်နဲ့ လျှောက်လာခဲ့တယ်။ ဒီအဘိုးကြီးနဲ့မှ တွေ့တတ်တယ်။ ရွာသက်ကြီးဝါကြီးဆိုပြီး တစ်အိမ်တက်ဆင်း သြဇာလိုက်ပေးနေတဲ့အဘိုးကြီး။ တစ်နေကုန်မူးနေတဲ့ သူ့သားငမူးကိုသာ သူမနိုင်တာ။

ပုဆိုးကို ခါးတောင်းကျိုက်ပြီး ရေထဲကို ငမိုးဆင်းခဲ့တယ်။ ခါးလောက်နက်တဲ့အခါကျ အသာရပ်ပြီး ပိုက်စုတ်ကို ဖြန့်ပစ်လိုက်တယ်။ ခဏနေပြီးတော့ ပိုက်ကို ဖြည်းဖြည်းချင်း ဆွဲယူရင်း စိတ်ဓါတ်က ကျချင်နေတယ်။ ငါးပါဖို့ မလွယ်လောက်ဖူးဆိုတာ ငမိုးသိနေတယ်လေ။ ရေနက်ပိုင်းလဲမဟုတ် ပိုက်ကလဲ ဖြစ်ကတတ်ဆန်း။ ငမိုးကိုယ်တိုင်ကလဲ ဒီအလုပ်ကို ကျွမ်းကျင်တာမဟုတ်။ မြစ်နားကမ်းနားသားမို့သာ ဒီလောက်လုပ်တတ်တာ။ မသေ၀ံ့လို့ စွန့်ရတာ၊ စားချင်လွန်းလို့ စွန့်ရတာ။

" ကုသိုလ်ရေးမို့ ကြိုးစားပါ၊ တို့များသူငါ ချွေးတလုံးလုံး "

ငါးမရပါဘူးဆိုမှ အရေးထဲ မြစ်လယ်ခေါင်ဘုတ်ချပ်မော်တော်ပေါ်က ကောင်နာလေးတွေက သံချပ်ထိုးသွားကြသေးတယ်။ သုံးခါပစ်ပြီးမှ ဘာမှမရတော့ လက်ကြောမတင်းတဲ့ငမိုး ထုံးစံအတိုင်း လက်လျှော့ချင်လာတယ်။ ပါးစပ်ကလဲ စိတ်တိုတိုနဲ့ မြစ်ထဲကငါးတွေကို မအေတွေ ငါတွေနဲ့ကုန်အောင် ကိုင်တုတ်ပြီးပြီ။ နောက်တစ်ချက်ပိုက်ပစ်အပြီးမှာ စိတ်မရှည်ရတဲ့အထဲ ငမိုးခြေထောက် ရေထဲမှာ စူးခနဲဖြစ်သွားတယ်။ 

" သောက်ကျိုးနည်း ပုလင်းကွဲများလားဟ။ ငါးမရဘဲ အနာရအောင် "

ငမိုး သူ့ခြေထောက်ကို ကပျာကယာ ရွေ့လိုက်တော့ ခြေထောက်က လုံးတုံးတုံးတစ်ခုကို သွားတိုက်မိပြန်တယ်။

" ဘာလဲဟ။ လိပ်လား ... မြွေလား ... "

ကြောက်စိတ်နဲ့ ကမ်းပေါ်တက်ပြေးဖို့ ငမိုး ကြံတုန်းမှာပဲ ဖျပ်ဆို သတိရသွားတယ်။ နေဦးလေငမိုးရဲ့။ ထစ်ခနဲဆို ပြေးပေါက်ရှာတဲ့ အကျင့်လေးကို ခဏထားဦး။ ဒီနားတစ်ဝိုက် မြစ်ဆိပ်တစ်လျှောက်ဟာ ကမ်းပါးတွေပြို အိမ်တွေပါပြီးကတည်းက ရေချိုးတဲ့လူတွေ လက်စွပ်တွေ့၊ လက်ကောက်တွေ့၊ ဆွဲကြိုးပြတ် တွေ့နဲ့။ ဟိုတစ်လောကဆို တံငါတစ်ယောက် လှေလေးတစ်စင်းနဲ့ ကမ်းစပ်ကပ်နေတုန်း အိုးလေးတစ်လုံးတွေ့တယ်လေ။ ငွေပြားတွေ အိုးနဲ့အပြည့် ရပါရောလား။ ဒီနေရာ

မှာ ရှေးက ချမ်းသာတဲ့သူတွေ နေတာတဲ့။ ငွေအိုးအပြင် ရွှေအိုးတွေလဲ ဒီနေရာမှာ .....။

ငမိုးခြေထောက်က လုံးတုံးတုံးအရာကို အတင်းတွယ်ကပ်ထားရင်း ရေထဲကို စုပ်ခနဲ အမြန်ငုပ်ချလိုက်တော့တယ်။ လက်ထဲကပိုက်စုတ် သွားပေရော့။ ငါးကြီးအာနန္နာဝင်နေလဲ ငမိုး မမှုတော့ဘူးဟေ့။ ရေထဲကလုံးတုံးတုံးကို ငမိုး လက်တစ်ဖက်နဲ့ အသာမပြီး ရေပေါ်မြှောက်လိုက်တယ်။ ဟာ ... အိုးပဲဟ။ အိုးလေးတစ်လုံးပဲ။ ထန်းရည်မြူအိုးလေးလိုပဲ အဖုံးမပါဘူး။ ရေတွေနဲ့ပြည့်နေတဲ့ အိုးကလေး ....။ ငမိုး ရင်တွေတုန်လာတယ်။

" အိုးကွ။ အိုး .... ရွှေအိုးကွ ..... "

အသံတုန်ကြီးနဲ့အော်ရင်း ငမိုး ကမ်းပေါ်ကို ပြေးတက်လာပြီး အိုးထဲကအရာတွေကို သွန်ချလိုက်တာနဲ့ အရင်ဆုံးရောက်လာတာက ဘသာတင့်၊ ပြီးတော့ ကမ်းပါးပေါ်ကဖြတ်သွားရင်း ကြားလိုက်တဲ့ ကောင်လေးနှစ်ယောက်။

" ဟ ငမိုး ဘယ်မှာလဲကွ ရွှေတွေ။ သောက်အဓိပ္ပာယ်မရှိ၊ မင်းဥစ္စာ အိုးခြမ်းကွဲတွေ "

" ဟာဗျာ " 

ငမိုးမျက်လုံးတွေ ၀ါးနေတယ်။ တစ်ကိုယ်လုံးလဲ အားမရှိတော့သလိုပဲ။ ဆိုးလိုက်တဲ့ကံ။ ခေလိုက်တဲ့ကံ။ အိုးတော့ ရပါရဲ့။ ကြည့်ပါဦးဗျာ၊ သူများလို ငွေဒင်္ဂါးလည်းမဟုတ်၊ ရွှေဒင်္ဂါးလဲမဟုတ်၊ မညီမညာ မည်းမည်းသည်းသည်းနဲ့ အိုးခြမ်းကွဲတွေ။

" အဲ့ဒါ လူပေါ်မူတည်တာပေါ့ကွာ၊ ကြားဖူးတယ်မဟုတ်လား။ ကိုယ်နဲ့မထိုက်ရင် ရွှေအိုးကနေ အိုးခြမ်းကွဲတွေ၊ မီးသွေးတွေ ဖြစ်သွားတတ်တယ် ဆိုတာလေ "

ငမိုး ဘသာတင့်ကို ဘာမှ ခွန်းတုံ့မပြန်နိုင်ဘူး။ ငုတ်ထိုင်ထိုင်ပြီး အိုးခြမ်းကွဲတွေကိုပဲ ကြည့်နေမိတယ်။ ဟိုသောက်ကောင်လေးနှစ်ယောက်ကလဲ ဘာမှ နားလည်တာမဟုတ်ဘဲနဲ့ တီးလိုတီးကြည့်။ ခေါက်လိုခေါက်ကြည့်နဲ့။

" ကိုငမိုး ခင်ဗျားဥစ္စာတွေက လေးတယ်ဗျ၊ အိုးခြမ်းကွဲတော့ မဟုတ်ဘူးထင်တယ်။ လာခဲ့စမ်း။ စမ်းကြည့်လိုက်မယ်။ ယား ....... "

" ဟာ မကွဲဘူးဗျ "

ဟိုကောင် လက်ဝါးစောင်းနဲ့တောင် မကွဲဘူးဆိုတော့ ဘာတွေပါလိမ့်ဆိုတဲ့ အတွေးနဲ့ ငမိုး စိတ်တက်ကြွလာတုန်းမှာပဲ " ဟာ ရှေးအိုးတွေက အထူကြီးတွေကွ။ မာတယ် "

တော်ပါပြီ။ ဘာပဲဖြစ်ဖြစ် ဘသာတင့်နားကနေ ငမိုးသွားမှ တော်မယ်။ အိုးလေးထဲကို ဘာမှန်းမသိတဲ့ အကွဲတွေ မြန်မြန်ပြန်ထည့်ပြီး ငမိုး လှည့်ထွက်လိုက်တယ်။

" ကိုသာတင့် တော်ရေနစ်နေပြီ အောက်မေ့လို့ ၊ ကျုပ်မယ် ထမင်းပွဲကြီးနဲ့ တစောင့်စောင့်၊ တော်ဟာလေ "

" လာပါပြီဟ။ ဒီမှာ ဟိုကောင်ငမိုး ရွှေအိုးရတယ်ဆိုလို့ "

" ရွှေအိုး ဟုတ်လား "

" မဟုတ်ပါဘူး။ အိုးပေတဲ့ အထဲမှာ အိုးခြမ်းကွဲတွေပါဟာ "

" ဟယ် ဟုတ်ရဲ့လား။ ဟဲ့ငမိုး ပြစမ်း။ ငါ့ပြစမ်း "

နတ်ဖတ်တဲ့ ဒီအဘိုးကြီးအဘွားကြီးလင်မယားကို ငမိုး ရှောင်မရတော့ဘူး။ အဘွားကြီးက အချပ်တစ်ချပ်ကို ယူတဲ့ပြီး မေးကုပ်ကြည့်ရင်း " အိုးကွဲလိုလို စဥ့်ကွဲလိုလို မာတာတာနဲ့ ရွှေငွေတော့မဟုတ်ဘူးဟဲ့။ ငါ့ကို တစ်ချပ်ပေးခဲ့စမ်း။ ငါ့မြေးတွေ

ထွေပစ်ရအောင်လို့ "

" ယူဗျာ .... ယူ "

မြန်မြန်နားအေးဖို့ အရေးကြီးတယ်။ ဟုတ်တယ်။ ဒါနဲ့ပဲ ငမိုး အိမ်ရောက်မှာ မဟုတ်တော့ဘူး။ ငမိုး မြန်မြန်လျှောက်ခဲ့တယ်။ ဒါပေမဲ့ အိမ်ကို တော်တော်နဲ့မရောက်ဘူး။ ငမိုး အိုးတစ်လုံးရလို့ဆိုတဲ့ သတင်းဟာ ရွာလမ်းမမှာ ပျံ့နှံ့နေပြီလေ။ အိုးထဲက မာတာတာအရာတွေကို ယူကြည့်ကြ၊ ပွတ်လိုက်ကြနဲ့ တစ်ချို့ကလဲ ဗဟုသုတအဖြစ် ကြည့်ရအောင် တစ်ချပ်လောက် တောင်းတယ်။ ထွေပစ်ချင်တဲ့ ကောင်လေးတွေကလဲ ကိုငမိုး ကျွန်တော့်တစ်ချပ်လောက်၊ တစ်ချပ်လောက်နဲ့၊ တောင်းတဲ့

သူတွေကို ငမိုးဆွဲပစ်ပေးလိုက်တာ ဆယ်ချပ်လောက်တော့ရှိမယ်။ ဒါတောင် အိုးထဲမှာ အများကြီးရှိသေးတယ်။

အိမ်ရှေ့ရောက်တာနဲ့ အဆင်သင့်စောင့်နေတဲ့ မိန်းမက ကုလားရွှေ ခွေးနင်းမေးတာကို ငမိုး ငေါက်ပစ်လိုက်ပြီး အိုးချပေးခဲ့တယ်။ ပြီးတော့ အိမ်ရှေ့ကြမ်းပြင်မှာ ရေစိုကြီးနဲ့ လှဲအိပ်နေလိုက်ရော။ မိန်းမနဲ့ သူ့အမျိုးတွေအသံ ကြွက်စီကြွက်စီတော့ နားကလောစရာ ကြားနေရတယ်။ ဒါပေမဲ့ ငမိုးစိတ်တိုနေရတာ တစ်နာရီလောက်ပဲ ကြာမယ်။ ဟုတ်တယ် တစ်နာရီလောက်ပဲ။

" ငွေမုဆိုး " ရောက်လာတယ်လေ။ ငမိုးတို့လို လူတွေအခေါ်ငွေမုဆိုး။ ငွေဒင်္ဂါးတွေ ငွေတိုငွေစတွေလိုက်ဝယ်တဲ့ ငွေကုန်သည်၊ သတင်းကြားနဲ့ အနံ့ခံပြီး လိုက်လာတာပေါ့။ ငမိုးရဲ့ဘာမှန်းမသိတဲ့ အကွဲတွေကို စမ်းသပ်စစ်ဆေးပြီး ငွေမုဆိုးက ပြောတယ်။ 

ငမိုးရဲ့အကွဲတွေဟာ ရှေးတုန်းက ငွေအစစ်တွေတဲ့။ ဒီခေတ်ပေါက်ဈေးနဲ့ ငမိုး ငွေငါးသောင်းလောက် ရနိုင်တယ်တဲ့လေ။ ငါးသောင်း .... ငွေငါးသောင်းတဲ့။

" ခင်ဗျားဥစ္စာ သုံးပိသာနဲ့ ရှစ်ဆယ်သားရှိတယ်ဗျ "

" ဟာ အိုးသေးပေမဲ့ အချိန်တော်တော်စီးတယ်နော် "

" ဟာ .... စီးတာပေါ့။ တစ်ချပ်တစ်ချပ်ကို ခင်ဗျားဟာ တစ်ဆယ်သားလောက်ချည်းပဲဥစ္စာ၊ အချပ်သေးဆိုရင် ငါးကျပ်သားသာသာရှိတယ် "

" ဟုတ်လား "

" အဲ ဈေးကတော့ ခင်ဗျား ကျေနပ်တယ်နော်၊ တစ်ကျပ်သား တစ်ရာ့ငါးဆယ်ဆိုတာ ကျွန်တော်လဲ အစွမ်းကုန်ပေးထားတာပါ "

" ကျေနပ်ပါတယ် ... ကျေနပ်ပါတယ် "

" ကဲ ဒီလိုဆို ငွေချေရအောင် "

ငွေတွေ ငွေတွေ .... ကြည်စမ်းပါ။ ငမိုးတစ်သက်မှာ မမြင်ဖူးခဲ့တဲ့ငွေတွေ၊ ငမိုး အော်လိုက်ချင်တယ်။

***************************

ဝူးဝူးဝါးဝါးသံ ဗလုံးဗထွေးနဲ့အတူ ငမိုး အိပ်ရာက လန့်နိုးလာတယ်။ လူးလဲပြီး ထထိုင်လိုက်တယ်။ 

ငါ ငွေတွေရတာ တစ်ကယ်လား။ အိမ်မက်လား။ ဟား ဟား .... မဟုတ်ဘူးကွာ၊ အိမ်မက်မဟုတ်ဘူး ......။

မိုးလင်းကာစ အလင်းရောင်လေးတွေအောက်မှာ အနီရောင်တလက်လက်ပြေးနေတဲ့ ငမိုးရဲ့ရေဒီယိုကက်ဆက်ကြီးက အကောင်အထည်ကြီးနဲ့ သက်သေခံလို့နေပါပကော။ ငွေမုဆိုးဆီက ငါးထောင်နဲ့ဝယ်ချလာခဲ့တဲ့ ကက်ဆက်ကြီးပေါ့။ အနီရောင်ကက်ဆက်ကြီးကို ငမိုး တယုတယပွေ့ထားလိုက်တယ်။ အို ဒီနေ့ နှစ်ဆန်းတစ်ရက်ပါလား၊ မင်္ဂလာရှိလှတဲ့ နှစ်ဆန်းတစ်ရက်ပါခင်ဗျာ။ မင်္ဂလာရှိတဲ့အချိန်မှာ နံနက်ချိန်ခါ တေးသံသာလေးတွေကို ငမိုးရဲ့ရေဒီယိုကနေ တစ်ရွာလုံးကြားအောင် 

လွှင့်ထုတ်လိုက်စမ်းမယ်။

ငွေမုဆိုးပြတဲ့ လိုင်းဖမ်းနည်းအတိုင်း ဖမ်းပေမဲ့ ခုနှစ်နာရီမထိုးသေးတဲ့အတွက် ငမိုးရေဒီယိုက ကွီကွီကွာကွာတွေပဲ မြည်လာတယ်။ မဖြစ်သေးပါဘူးဆိုပြီး ငမိုး ရေဒီယိုခလုတ်ကို ဒုတ်ခနဲပိတ်လိုက်တော့မှပဲ နံနက်ချိန်ခါတေးသံသာက လာတော့တယ်။ ဒါပေမဲ့ ငမိုးရေဒီယိုက မဟုတ်ဘူး။ အိမ်ခေါင်းရင်းကနေ လာတာ။

" အမေ မတရားမလုပ်နဲ့နော်။ လူကြီးဖြစ်ပြီး စိတ်ရင်းမယုတ်နဲ့။ ပေး ကျွန်မငွေပြားကို ခု ပြန်ပေး "

" အောင်မယ် ငါမွေးထုတ်လိုက်တဲ့ ကောင်မကများ၊ ငါ့ကို စော်ကားလိုက်တာ၊ ဟဲ့...မပေးဘူး။ မပေးဘူး။ မပေးတော့ နင်က ဘာလုပ်ချင်လဲဟေ့  .... လာခဲ့။ လာခဲ့ပါကောင်မရဲ့။ ရှေ့တိုးခဲ့စမ်းပါ "

" မတိုးရဲဘူးမထင်နဲ့ ဒေါ်ဟိုဒင်းကြီးရေ၊ မအေမို့ မအေမို့လို့နားလည်လား၊ ဘယ်နှယ့်တော် မတရားသဖြင့် သူယူတာက အကြီးကြီးနှစ်ပြားတောင်။ ဒီက တစ်ပြားပဲပြန်တောင်းတာပါ။ ဒါကို ဒေါ်လောဘကြီးက ပြန်မပေးဘူးတဲ့။ အရပ်ကတို့ရဲ့ ကြည့်မနေပါနဲ့ "

" ဟဲ့ကောင်မ နင့်သောက်ပြားကို ငါယူတာ ငွေမှန်းသိလို့ ယူတာလား၊ လေလန်ရင် ဖိရအောင်လို့ ကြီးတာ လေးတာဆိုပြီး ငါယူတာ၊ အဲ့တုန်းက နင်ဘာပြောလဲ ဟဲ့ကောင်မ ဟင်၊ ဘာပြားတွေမှန်း မသိဘူးဆိုပြီး နင့်လင် အကုန် ဝေဖန်တိက လုပ်လာတာကျတော့ရော နင်လိုက်တောင်းပါလား "

" တောင်းမှာ ...  တောင်းမှာ ...  စိတ်ချ အကုန်တောင်းမှာ။ ဘာမှနားမလည်တဲ့ ငမိုးကိုလဲ သတ်ချင်တယ်၊ ဝေခြမ်းရေးကောင်းကြီးလေ၊ ဟင်း ... ငါ့ငွေပြားတွေ အကုန်ပြန်ပေးရင် ပေး၊ မပေးလို့ကတော့ အကုန် ရဲတိုင်မယ်။ မအေလည်း မရှောင်ဘူးမှတ်ပါ "

မိန်းမနဲ့ယောက္ခမနဲ့ နံနက်ချိန်ခါ တေးသံသာကို ငမိုးပါးစပ်ကြီးဟပြီး နားထောင်နေမိတယ်။ သြော် ... ညက မအိပ်နိုင်ပဲ ငွေထုပ်ကြီးပိုက်ပြီး ဒီမိန်းမ ငမိုးပေးခဲ့တဲ့ ငွေပြားစာရင်းကောက်နေတာ ဒါကြောင့်ကိုး။

" အရီးဖူးညို လည်ပင်းမှာ စိတ်ပုတီးကြီးနဲ့ မညာနဲ့၊ ကိုယ့်မြေးကိုယ်မေး၊ သံချောင်းတောင်းလို့ တစ်ချပ်ပေးခဲ့တယ်တဲ့၊ ပေးပါ ကျွန်မငွေပြား"

" အို ခုမှ သောက်ဇယား လာမရှုပ်နဲ့။ ညည်းလင်က ပေးတုန်းက ပေးပြီးတော့ "

" ငွေပြားမှန်းမသိလို့ ပေးတာပေါ့၊ သိရင် ဘယ်သူက ပေးမှာတုန်း၊ တစ်ကျပ်သား တစ်ရာ့ငါးဆယ်တောင် တန်တာ၊ ဘယ်သူမှ မပေးနိုင်ဘူး၊ ကိုယ်နဲ့ထိုက်လို့ ကိုယ်ရတာ၊ ကြားက အချောင်မကြိတ်ချင်နဲ့ဟေ့ "

ဒေါ်ဖူးညိုနဲ့ ငမိုးမိန်းမရဲ့ တစ်ပြိုင်နက်အော်ဟစ်သံတွေဟာ ရွာလမ်းမပေါ်မှာ ပွက်ပွက်ညံသွားတယ်။

" ကျွန်တော်များ နှစ်ဆန်းတစ်ရက် အန္တရာယ်ကင်းပရိတ်တရားနာရန် ပရိတ်အိုးများ ယူဆောင်ပြီး ရွာထိပ်ကို ကြွကြပါဗျို့ "

ကာလသားခေါင်းရဲ့ ဗျို့ဟစ်သံက ရန်ဖြစ်ပွဲကို မထွင်းဖောက်နိုင်ဘဲရှိနေတုန်း ရွာအနောက်ဘက်ကနေ ဘုန်းကြီးတွေလဲ စီတန်းကြွလာခဲ့ကြပြီ။ 

" စားနိုင်ကြပါစေတော်၊ မျိုနိုင်ကြပါစေတော်၊ သူများမသတာရေစာကို စားနိုင်ကြပါစေ။ တစ်ချပ်ကို ထောင်ကျော်ရတော့ ဟန်ကိုကျလို့ပေါ့၊ တစ်သက်လုံး တစ်ထောင်မကိုင်နိုင်တဲ့ ဟာတွေ၊ ကိုင်ကြပါစေ။ ကိုင်နိုင်ကြပါစေတော် "

" ဟဲ့ကောင်မ သောက်ကြီးသောက်ကျယ်နဲ့ ညည်းက ဘယ်ဘ၀ကလာတာမို့လို့တုန်းဟေ။ လူကြီးတန်မဲ့ ငါပြောလိုက်ရ "

" အမယ်လေး ဒီလိုဆိုလည်း ဘွားတဆုပ်လက်နဲ့ယူလိုက်တဲ့ ကျွန်မငွေပြား ပြန်ပေးပေါ့၊ ငါ့မြေးကစားဖို့ ဆိုပြီးလေ "

" ဟဲ့ငါယူတာ အိုးခြမ်းကွဲမှတ်လို့ဟဲ့ "

" ဟဲ့ စကားရှည်တယ်ကွာ၊ ပြန်ပေးလိုက်စမ်း မိတစ်ဆုပ်၊ လူကြီးသူမတွေကို လာစော်ကားနေတယ်။ ငါချီးတဲ့မှ ငွေပြားတစ်ပြား သောက်ဖိုးထိုက်လွန်းလို့ "

" အလို ကိုသာတင့်၊ ဘုရားတကာကြီးရဲ့၊ ထိုက်တယ်တော့ ထိုက်တယ်၊ သောက်ဖိုးထိုက်တယ်၊ တော်သိရဲ့လား။ တော်သာ အားအားရှိ ရေထဲသွားပြီး ရေသတ္တ၀ါတွေ မေတ္တာပို့၊ တစ်ပို့ထဲပို့၊ ရေထဲရပ်နေတုန်း တော်ခြေထောက်တွေက ဘာလုပ်နေလဲဟင်၊ ဟိုထိုး ဒီထိုး ထိုးကြည့်ပါတော့လား ...  စမ်းကြည့်ပါတော့လား "

" နင့်မေကလွှားထဲမှကွာ၊ အသာနေစမ်း၊ ဘယ်နှယ့်ဗျာ ကံတရားများကလဲ အခါကြီးရက်ကြီး သတ္တ၀ါသတ်မလို့ ကြံတဲ့ကောင်ဘက် လိုက်တယ်။ သတ္တ၀ါမေတ္တာပို့နေတဲ့လူဘက်ကျတော့ ငါ့ချီးထဲမှ "

ဒေါနဲ့မောနဲ့ လက်ထဲကပရိတ်အိုးကို ဘသာတင့် ဆောင့်ချလိုက်တယ်။ ကွဲသွားတဲ့ ပရိတ်အိုး၊ အိုးခြမ်းကွဲအစစ်တွေက မြေကြီးပေါ်မှာ ဖွေးခနဲ။

" လောဘ မောဟဆိုတာ လောင်မီးကိလေသာ... တဟုန်းဟုန်းတောက်လို့သာ .... တစ်ဖြုန်းဖြုန်း မောက်မို့ရွာ...... "

ဟော ဘာပါလိမ့်လို့ ငမိုးပါလား။ ကြည့်ကြစမ်းပါ အရပ်ကတို့။ သူ့ကက်ဆက်အနီကြီးကို ပွေ့လို့။ ရွာလယ်လမ်းမှာ ပြုံးးဖြီးဖြီးကြီး လျှောက်လာနေပုံများ။ ရွာထိပ် ရေဆိပ်မြစ်ကမ်းမှာ ငမိုး ရပ်လိုက်တယ်။ ဟောဗျာ.... ရေထဲမှာ ငမိုးအိုးရတဲ့နားတစ်ဝိုက်က ရေထဲမှာ ငုပ်လိုက် ဖော်လိုက်နဲ့ ရွာထဲက ယောက်ျားဘသားတွေ။ မျက်လုံးအပြူးသားနဲ့ ငမိုး ကြောင်ကြည့်နေမိတယ်။ ငမိုးရင်ခွင်ထဲက ကက်ဆက်နီရဲ့ နံနက်ချိန်ခါ တေးသံသာကတော့ မြစ်ကမ်းပါးတစ်ခိုမှာ ပျံ့လွင့်နေဆဲ၊ ဘာတဲ့။

" လောဘ မောဟဆိုတာ လောင်မီးကိလေသာ... " တဲ့။

                                နုနုရည် အင်းဝ

                     ၁၉၉၃ ခုနှစ်၊ မတ်လ၊ ဓနမဂ္ဂဇင်း။

No comments:

Post a Comment