" ကဲရီးအွန် ရင်ရင် "
==========
#မိုးမိုး (အင်းလျား)
မောင်နှမ အားလုံးက သူ့ကို ဂြိုဟ်ကောင်ဟု သတ်မှတ်သည်။ သူမို့လို့ ရောက်လာပြီ ဆိုလျှင် ပြဿနာက အစဉ်ပါလာ တတ်သည်။ ဖေဖေကတော့ သူ့ကို သိုးမည်း တစ်ကောင်သာ ဖြစ်ချေသည်ဟု မကြာခဏ ဆိုလေသည်။
"ရင်ရင် ... ငါ့ကို ငွေငါးဆယ် ခဏ ချေးဦးဟာ ..."
"ဟင် ... ငါ့ကို အရင်လက တစ်ဆယ် ကျန်တာလည်း ပြန်မပေးသေးဘူး ..."
"ပေးမှာပေါ့ဟာ ... အားလုံး လကုန်ရင် ပြန်ပေးမယ်။ ငါ ... အရေးကြီးလို့ ..."
"နင့် ပြောလိုက်ရင် ဒီလိုချည်းပဲ။ တို့လည်း လောက်ငတာ မဟုတ်ဘူး ..."
"နင် လောက်ပါတယ်ဟာ။ နင့်မှာ ဘာ ကုန်စရာ ရှိလို့လဲ"
"အမယ် ပြောမှ ပြောရက်တယ်ဟယ်။ နင်တောင် ငါ့ထက် လခများပြီး မလောက်တဲ့သူကများ ..."
"ကဲပါဟာ ... ပေးစမ်းပါ။ ငါ ဆက်ဆက် ပြန်ပေးပါ့မယ်"
နောက်ဆုံးတော့ ထုံးစံအတိုင်း ပေးလိုက်ရသည်သာ ဖြစ်၏။ ရင်ရင်က အစိတ်တန် အသစ်နှစ်ရွက်ကို မပေးရက်ရက်နှင့် ပေးလိုက်ရသည်။ ယခင်က သီတင်းကျွတ်ရက်နှင့် ကြုံသဖြင့် ဖေဖေ မေမေတို့ကို ငွေတစ်ရာ ကန်တော့သည်။ ဖေဖေတို့နှင့် အတူနေသော ဦးကြီးကိုလည်း မုန့်လေး ပဲလေး ဝယ်ကန်တော့ရသည်။ ပြီးတော့ ရင်ရင်တို့ကို ငယ်စဉ်က ထိန်းကျောင်းခဲ့သော အထိန်းတော် ကြီးဒေါ်ငွေကိုလည်း အင်္ကျီစတစ်ထည် ဝယ်ကန်တော့ လိုက်ရသည်။ အလျဉ်းသင့်သလို လစဉ် ထောက်ပံ့မြဲလည်း ဖြစ်သည်။ ငယ်စဉ်က အားလုံးကို အနွံအတာခံကာ ပြုစုယုယခဲ့သော ဒေါ်ငွေမှာ ရင်ရင့်ကို အချစ်ဆုံး ဖြစ်၏။ ယခုတော့ ဒေါ်ငွေသည်လည်း ဇရာထောင်းကာ ဆင်းရဲနွမ်းပါး၍ နေပြီ။ ဖေဖေ၊ မေမေတို့ကလည်း မထောက်ပံ့နိုင်တော့။ ဖိုးသူတော် လဲတော့ တောင်ဝှေး မထူနိုင်ပြီ။
"နင့်ပိုက်ဆံ ပြန်ရမှာပါဟာ။ ဒီလောက်လည်း ငိုင်မနေပါနဲ့။ ဘာဟင်း ချက်လဲ။ ဗိုက်ဆာလိုက်တာ ..."
"ဪ ငါ့ကို သူများတွေက လခ လေးရာကို တစ်ယောက်တည်း သုံးရတာ ဆိုပြီး အထင်ကြီး ကြတာကို တွေးမိလို့ပါ"
ရင်ရင်က ပြောပြောဆိုဆို ထမင်းအိုးဆီသို့ လျှောက်သွားပြီး ဖြစ်လေသည်။ သူတို့ သူငယ်ချင်း အားလုံး ကိုယ့်အိုးကိုယ့်ခွက်လေးဖြင့် ချက်စားကြသည်။ ဘဝကို တစ်ယောက်တည်း ရုန်းကန်နေရသူများ ပီပီ အရာရာကို လက်တွေ့ရင်ဆိုင် ဖြေရှင်းကြရသည်။ အလုပ်မှ ပြန်လာလျှင် အနားမယူနိုင်သေး။ မောမောပန်းပန်းဖြင့်ပင် ဈေးသို့ဝင်ကာ ဟင်းချက်စရာ ဝယ်ရသည်။ တကြုတ်ကြုတ် မြည်အောင် ဆာသည့်ကြားက ညစာကို အပြေးအလွှား ချက်ကာ စားကြရသည်။ နံနက်မိုးသောက်လျှင် စက်ရုံမှ တစ်ပုံစံတည်း ထုတ်လုပ်လိုက်သော အရုပ်များလို အသီးသီး လှုပ်ရှားကြလေတော့၏။ သည်ကြားထဲက ပြည့်စုံမှုကို ရှာမတွေ့။
"ပုစွန်လေး ကြော်ထားတာ ရှိတယ်။ အရည်တော့ မပါဘူး။ နင် စားနိုင်ပါ့မလား"
"ငါးပိကြော်လေး ဘာလေး မရှိတော့ဘူးလားဟာ ..."
ရင်ရင်က ငါးခူငါးပိကောင်ကြော် ပုလင်းကပ်လေးနှင့် သရက်သီးသနပ်ထုပ် အသစ်ကို ချပေးသည်။ ထမင်းနှင့်ဟင်း ကိုတော့ ပန်းကန်ပြားထဲမှာ ပုံပေးလိုက်၏။ မနက်စာ ညစာ တစ်ခါတည်း ချက်ထားသော ထမင်းဖြစ်သဖြင့် အနည်းငယ် မာနေသည်။ မတ်ခွက် တစ်ခွက်တွင် လက်ဘက်ခြောက် နည်းနည်း ဖြူးကာ ဓာတ်ဘူးထဲမှ ရေနွေးကို လောင်းထည့် ပေးလိုက်၏။ ကျော်ကျော်သည် လက်မဆေးပဲ ဇွန်းဖြင့် ကော်ကာ စားလေ၏။
"နေဦး ... ငါ ခင်မြင့်ဝင်းဆီမှာ ဆီနည်းနည်း သွားတောင်းလိုက်ဦးမယ်။ ရုံးက ဆီပေးတော့မှာမို့ ဝယ်မထားဘူး"
ပလတ်စတစ် အိတ်ကို ထိပ်မှ ဖောက်ကာ သရက်သီး သနပ်ကို ဖြစ်သလို ကော်စားနေသော မောင်ဖြစ်သူကို မကြည့်ရက်သဖြင့် ခင်မြင့်ဝင်းဆီမှ ဆီနည်းနည်း သွားပြေးယူရသည်။ ပုလင်းလွတ် တစ်လုံးထဲသို့ သရက်သီး သနပ်များ ဖောက်ထည့်ကာ အပေါ်မှ ဆီလောင်းပြီး ဇွန်းတစ်ချောင်း တပ်ပေးလိုက်သည်။ သူတို့အတွက် သည်မျှ ဆိုလျှင်ပင် အလွန် ပြည့်စုံသော ထမင်းပွဲ ဖြစ်တော့သည်။
"နင့်ဆီကို အောင်အောင် လာသေးလား"
"အခုတလော မရောက်ပြန်ဘူး။ ဒီကောင်လေး ဘယ်လျှောက် လိမ့်နေတယ် မသိ။ နင်နဲ့ကော တွေ့သေးလား"
"တစ်ခါ တွေ့တယ်လေ။ စုတ်ပြတ်နေတာပဲ။ သူနဲ့ပေါင်းတဲ့ ကောင်လေးတွေလည်း ငါ ကြည့်မရဘူး။ ဖေဖေတို့နဲ့ သွားနေပါ ဆိုတာလည်း ပြောလို့ မရဘူး"
"ဖေဖေတို့နဲ့ နေရင်လည်း ဖေဖေတို့ စိတ်ဆင်းရဲမှာပဲ။ သူက အသုံးမကျပေမယ့် မာနတော့ ရှိတယ်ဟဲ့။ သူများအိမ် ကပ်နေချင်တာ မဟုတ်ဘူး။ နင့်ဆီ ခေါ်ထားလိုက်ပါလား"
"မဖြစ်ပါဘူး။ ဒီကောင် လာနေရင် ဖွတ်တက်သလို နေမှာ၊ ငါ့ဟာ ငါတောင် မလောက်င ရတဲ့ အထဲ"
ရင်ရင်က သက်ပြင်းကို အသာချမိသည်။ မောင်နှမတွေ အပေါ် ရင်ရင့်လောက် မည်သူမျှ သည်းညည်း မခံကြပေ။ တစ်နည်းအားဖြင့် မည်သူကမျှ အကျင့်လုပ်ပြီး ပူတောင့်ပန်းပင် မပြုကြ။
"စားကောင်းတယ်ဟာ။ တော်ပြီ။ နင့်ဖို့ မကျန်မှာစိုးလို့"
"အမယ် စားပြီးမှတော့ မထူးပါဘူး။ ငါ့မှာ ပေါင်မုန့် ရှိပါသေးတယ်"
"တော်ပြီ။ ပြန်ဦးမယ်။ သူငယ်ချင်း တစ်ယောက်နဲ့ ချိန်းထားလို့"
ရင်ရင်က ထမင်းပန်းကန်များကို သိမ်းလိုက်၏။ ကျော်ကျော်သည် လက်သုတ်ပုဝါဖြင့် ပါးစပ်သုတ်ကာ ပြန်ဖို့ ပြင်လေသည်။
"နင် လကုန်ရင် ခြောက်ဆယ်လုံး ပြန်ပေးနော်။ ရှေ့လထဲ မီးမီး မွေးနေ့ ရှိတယ်။ ဘာမှ မပေးရင် ကျေနပ်မှာ မဟုတ်ဘူး"
မီးမီး ဆိုသည်မှာ အစ်မကြီး၏ သမီး အကြီးဆုံး ဖြစ်၏။
"သူဌေးတွေကို ကြေးပံ့ မနေပါနဲ့ဟာ။ သူတို့တွေကို ပေးမယ့်လူတွေ ပုံလို့"
"ဒါပေမယ့် ကောင်မက သိပ်စကားတတ်တာဟဲ့။ မပေးရင် ပြောလို့ဆုံးမှာ မဟုတ်ဘူး။ မမကြီးကလည်း သူ့ကလေးတွေကို ပေးမှ ကြိုက်တယ်"
"အေးပါ။ ငါ သွားတော့မယ်"
"ကြွ ... ကြွ"
ကျော်ကျော် ပြန်သွား၏။ ရင်ရင်သည် ထမင်းစားပွဲလေး ဘေးတွင် ထိုင်ကာ တကွဲတပြားစီ ဖြစ်နေကြသော သူတို့ မောင်နှမတွေ အကြောင်းကို တွေးနေမိသည်။
* * *
"သမီး ရှေ့အပတ်ထဲမှာ လူကြုံရှိတယ်။ သမီး အစ်ကိုကြီးဆီ စားစရာလေး ဘာလေး ဝယ်ပေးလိုက်ဦး"
"ဟုတ်ကဲ့ မေမေ"
သည်တစ်ခါ အစ်ကိုကြီးတို့ သွားသည်မှာ နှစ်အတန်ကြာကြာ နေကြမည် ဖြစ်သည်။ မိန်းမနှင့် ကလေးအငယ် တစ်ယောက်ပါ ပါသွား၏။ နိုင်ငံခြားသို့ လူကြုံရှိတိုင်း အစ်ကိုကြီး ကြိုက်တတ်သော မြန်မာ အစားအစာများနှင့် ယောက်မအတွက် ကောင်းနိုးရာရာများကို ပို့ပေးရသည်။ တစ်ခါတစ်ရံတော့လည်း အနွေးထည်လေး အစ ပိုက်ဆံအိတ်လေး အစ အပြန်အလှန် ရတတ်ပါသည်။ သို့သော် လကုန်ရက်နှင့် ကြုံတိုင်း လူကြုံကလည်း ဆုံတတ်သည်။ မေမေကလည်း သူကိုယ်တိုင် မတတ်နိုင်တော့ သားသမီးများကိုပင် တိုက်တွန်းရ၏။ ရင့်ရင့်မှာတော့ ညာတကာနဉ္စ သင်္ဂဟော ကိစ္စတွေက များလှသည်။ မေမေကလည်း ကျန်သားသမီးများကို အပူကပ်၍ မဖြစ်တိုင်း ရင့်ရင့်ကိုသာ အားကိုးတတ်၏။
"မမကြီးကကော ဘာပေးလိုက်ဦး မတဲ့လဲ"
ရင်ရင်က သိလို၍ မေးဖြစ်အောင် မေးကြည့်လိုက်သေးသည်။
"ပုန်းရည်ကြီးလေး သုံးထုပ် ဆိုလား။ သမီးအစ်ကိုကြီးက သရက်သီးသနပ် သိပ်ကြိုက်တာ။ သရက်သီးဆီစိမ် တစ်ပုလင်းလောက် ပေးလိုက်ပါဦးလေ"
သရက်သီးသနပ် ဟောလစ် ပုလင်းကြီးနှင့် တစ်လုံးဆိုလျှင် တန်ဖိုးက မနည်း။ ကောင်းကောင်းဝယ်လျှင် တစ်ဆယ်သားကို ငါးကျပ်။ ငါးဆယ်သား ဝယ်ထည့်လို့မှ ပုလင်းပြည့်ပါ့မလား မသိ။ သည်လ ရုံးမှ အရေးပေါ် ချေးငွေ တစ်ရာကို ယူမှဖြစ်တော့မည်။
"အစ်ကိုကြီး ပို့လိုက်တယ် ဆိုတဲ့ ပစ္စည်းတွေကော ရပြီလား မေမေ"
"အေး ... သမီးအစ်မကြီး သွားရွေးတယ်။ ဂျူတီ တစ်ရာဖိုးလောက် ဆောင်လိုက်ရတယ်တဲ့"
အစ်ကိုကြီး ပို့ပေးသော ပစ္စည်းများကို အစ်မကြီးက ဒိုင်ခံရွေးပေးသည်။ ပြီးလျှင် သူက ငွေစိုက် ရွေးပေးရသည် ဆိုကာ ကောင်းပေ့ ဆိုသည်များကို ရွေးယူသည်။ ဆွေဆွေကလည်း အငယ်မို့ ဆိုကာ သူကြိုက်တာကို ဗိုလ်ကျပြီး ယူသွားတတ်သည်။ ရင်ရင်တို့ အလှည့်ကျတော့ ဒိုင်ယာရီလေး၊ ဘောပင်လေးပင် အနိုင်နိုင်။
"ထမင်း စားသွားဦးမလား မေမေ။ ဝက်သားပြုတ်ကြော် လုပ်ထားတာ ရှိတယ်"
"နေပါစေတော့ ... ဒါထက် သမီးမှာ ငွေပိုရင် နောက်လအတွက် မေမေ့ကို ကြိုပေးထားစမ်းပါ။ သမီးဖေဖေအတွက် ဆေးဝယ်စရာ ရှိလို့"
ရင်ရင်သည် ဆွေဆွေ ဆေးကျောင်း တက်နေစဉ်က တစ်လ ခုနှစ်ဆယ့်ငါးကျပ် ထောက်ပံ့၏။ ယခု ဆွေဆွေ ကျောင်းဆင်း သွားပြီမို့ ဖေဖေ မေမေတို့ကို တစ်လ ငါးဆယ် ကန်တော့၏။
"လကုန်ကာနီးမှ ရုံးးက ချေးငွေရမယ် မေမေ။ အဲဒီကျမှ ယူပေါ့"
"ကောင်းပြီ သမီး။ မေမေ သွားတော့မယ်။ သမီးဖေဖေက ကောင်းကောင်း နေကောင်းတာ မဟုတ်ဘူး"
မေမေ ပြန်သွား၏။ ရင်ရင်သည် အသက်ကြီးမှ သားသမီးတွေ အပေါ် မမှီခိုနိုင်ပဲ အမျိုးတွေဆီ ပြန်နေရသည့် မိဘတွေ အကြောင်းကို တွေးကာ စိတ်မကောင်း ဖြစ်မိပြန်လေ၏။
* * *
"အောင်အောင်"
သူ့ကို မြင်လိုက်ကတည်းက ပြဿနာ တစ်ခုခု ပါလာလေပြီဟု အတတ်သိ၏။ လူက စုတ်တိစုတ်ဖွား၊ အဝတ်အစားက မသေသပ်။ စိတ်ဓာတ်က အလွန်အမင်း ကျဆင်းနေသည့်ပုံ။ ရောက်ကတည်းက အိမ်ရှေ့စားပွဲမှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်၏။
"ဘာတွေ ဖြစ်လာတာလဲ။ ပြောစမ်းပါဦး အောင်အောင်ရယ်"
ပြဿနာ တစ်စုံတစ်ခု ဖြစ်လာပြီ ဆိုလျှင် အောင်အောင်သည် ရင်ရင့် ဆီသို့သာ ဦးစွာ ပြေးလာစမြဲ။ ဖေဖေ မေမေတို့ဆီကို စိတ်ဆင်းရဲမှာ ဆိုပြီး မသွား။ ကျန် မောင်နှမများကတော့ သူ့ကို ဝိုင်းဝန်းဆူပူကြမှာ သေချာသည်မို့ သူ မသွားရဲပေ။ ရင်ရင်က ဆူသင့်သလောက် ဆူသော်လည်း တတ်နိုင်သမျှ ကူညီပေးစမြဲ ဖြစ်၏။
"ငါ အလုပ်က ဆပ်စပင်းရှင်း ခြောက်လ ထိတယ်"
အောင်အောင်သည် ဆံပင်များကို လက်ဖြင့် ထိုးဖွရင်း ပြောသည်။
"အင်း ... ငါ ထင်တော့ ထင်သားပဲ။ နင်က အလုပ်သာ ကောင်းကောင်း မလုပ်ချင်တာ။ လူကြီးတွေနဲ့ ကျတော့လည်း အဆင်ပြေအောင် မဆက်ဆံဘူး။ ထိတာတောင် နည်းသေး"
ပြောနေရင်းမှ ခြောက်လလုံးလုံး ဝင်ငွေမဲ့ကာ ကလေကချေ ဖြစ်တော့မည့် အရေးကို တွေးပြီး ရင်လေးသွားသည်။ သည်အပူသည် သူ့ဆီသို့သာ ရောက်လာမည်မှာ မလွဲ။
"လောလောဆယ် ငါတော့ ထမင်းငတ်တော့မှာပဲ။ မေမေတို့ကို သွားမပြောပါနဲ့ဟာ။ နောက် ပြီးသွားမှ ပြောချင် ပြော"
အောင်အောင်သည် ရင်ရင့်လိုပင် ယောက်ျားလေး ဘော်ဒါဆောင် တစ်ခုတွင် နေသည်။ ဖေဖေ ပင်စင်ယူပြီး ရန်ကုန် ပြောင်းလာ ကတည်းက မိသားစု စီးပွားရေးက ယိမ်းယိုင်ခဲ့သည်။ မေမေ မျှော်လင့်သလို သားသမီးတွေ တစ်ပြုံကြီးနှင့် သိုက်သိုက်ဝန်းဝန်း နေဖို့ အစီအစဉ်သည်လည်း စိတ်ကူးယဉ် အိပ်မက်မျှသာ ဖြစ်ခဲ့၏။ ဖေဖေ၊ မေမေတို့၏ စည်းစိမ်ဥစ္စာသည်လည်း သားသမီးတွေ၏ ပညာရေးတွင်သာ မြုပ်နှံစတေး ရခြင်းဖြင့် ကုန်ဆုံးသွားလေသည်။ အမှုထမ်း လောကမှ ကုန်သည် လောကသို့ ကူးပြောင်းရန် ကြိုးစားခဲ့သော်လည်း ကျွမ်းကျင်မှု မရှိတော့ မလွယ်။
"နင် မေမေတို့ကို မပြောပေမယ့် မမကြီးတို့ ဆွေဆွေတို့ကိုတော့ ပြောပြလိုက်ဦး။ ခြောက်လလုံးလုံး နင် ဘာနဲ့ သွားသုံးမလဲ။ ထမင်းတော့ ငါ့ဆီ လာစား"
ရင်ရင်သည် သူ့နှုတ်မှ အလွယ်တကူပင် ထမင်ကျွေးဖို့ ကတိပေးလိုက် မိသည်ကို အံ့ဩ နေမိသည်။ တကယ်တော့ သူသည် မောင်နှမ အားလုံးထဲမှာ အနိမ့်ဆုံး၊ လစာဝင်ငွေ အနည်းဆုံးဖြင့် ဖြစ်သလို ရုန်းကန် နေရသူ။ သို့သော် သူကလွဲလျှင် မည်သူကမျှ အောင်အောင့်ကို အလွယ်တကူ လက်ခံမည် မဟုတ်သည်ကို သိသောကြောင့် ပြောလိုက်မိခြင်းလည်း ဖြစ်သည်။
"နင် မနက် ရုံးကို အစောကြီးသွားရမှာ ... ဖြစ်ပါ့မလား ..."
အောင်အောင်က အစ်မ ဖြစ်သူကို အားနာဟန်ဖြင့် ပြောသေး၏။ သို့သော် လုံးလုံးလျားလျား ငြင်းဆန်သည် မဟုတ်။ သူ လာကတည်းကိုက သည်ရည်ရွယ်ချက်နှင့်ပင် မဟုတ်လား။
"ဖြစ်ပါတယ်ဟာ။ မနက် ငါ ရုံးထည့်ဖို့ ချက်ရင်း ပိုချက်လိုက်မယ်။ ထမင်းဘူးနဲ့ ထည့်ထားမယ်။ ညနေကျတော့ ငါနဲ့အတူ လာစား"
သို့ဖြင့် ရင်ရင်သည် ထိုနေ့မှစကာ ထမင်းကို နှစ်ယောက်စာ အပြေးအလွှား ချက်ရသည်။ တစ်ခါတစ်ရံ ပင်ပန်းလွန်း၍ ဈေးမဝင်ပဲ နေချင်သော်လည်း မနေရ။ သူငယ်ချင်းများနှင့် လွတ်လွတ်လပ်လပ် လည်ချင် ပတ်ချင်သော်လည်း မလည်နိုင်။ အဆောင်သို့ အချိန်မီပြန်ကာ မောင်လေး အလိမ္မာတုံးအတွက် ထမင်းကို ချက်ဖြစ်အောင် ပြန်ချက်ရသည်။ တစ်ခါတစ်ရံ အလည်လွန်သော မောင်ကို စောင့်ကာ ကျွေးရ၏။ ရင်ရင်တို့ နေသည့် အဆောင်တွင် ရင်ရင်သည် လုပ်သက်နှင့်ပေါင်းကာ လခလေးရာခန့် ရသဖြင့် ဝင်ငွေအကောင်းဆုံး အထောဆုံး ဖြစ်၏။ သို့သော် မည်သူမျှ ရင်ရင့်လောက် ကိစ္စမများကြ။ ရင်ရင့်ကို ကြည့်လိုက်ရလျှင် အမြဲတမ်း အပြေးအလွှား အမောတကော။ သူ့ထံတွင် တာဝန်ဝတ္တရား ဟူသမျှသည် လာရောက် စုစည်းနေကြသည် သို့သာ ရှိတော့သည်။
* * *
"ဆွေဆွေက လက်ထပ်တော့မယ် တဲ့လေ။ နင် သိပြီးပြီလား။ သူ့မှာ ဆေးခန်းက စုထားတဲ့ငွေကလည်း နည်းနေလို့ အိမ်ထောင်ပစ္စည်း ဝယ်ဖို့တောင် မလောက်ဘူးတဲ့။ သူ့ကောင်လေးလည်း လခက နည်းပါတယ်။ ငါကတော့ တစ်ရာပဲ တတ်နိုင်တယ်လို့ ပြောလိုက်တယ်။ နင့်ဆီကော ရောက်ပြီလား"
"မရောက်သေးဘူး ..."
အစ်မကြီးသည် ရုံးအားရက်မို့ မိသားစုစားရန် အုန်းနို့ခေါက်ဆွဲ ချက်ရင်း ရင်ရင့်ဘက်လှည့်ကာ စကား ပြောနေသည်။ တကူးတက ခေါ်ထား၍သာ လာရသော်လည်း ကြာကြာ မနေချင်။ ကလေးတွေကို ချစ်သော်လည်း ပရမ်းပတာ ဖြစ်နေသော သူ့အိမ်ကြီးကို ကြည့်ကာ စိတ်မော၏။ အိမ်ထောင်ပစ္စည်းတွေက များလှပြီး အိမ်ဖော်ကလည်း မမြဲတော့ အကွက်မစေ့နိုင်ပေ။ ပစ္စည်းဟောင်းတွေသည် ဖုန်တသောသော ဖြစ်နေကြ၏။ သူများကိုလည်း မပေးရက်။ သူ့အိမ်မှာလည်း ထားစရာနေရာက မရှိ။
"နင်လည်း တတ်နိုင်သလောက် ပေးလိုက်ဦးပေါ့ဟာ။ သူ့ကောင်လေးက အလုပ်ဝင်စမို့ လခနည်းပေမယ့် မိဘတွေက ခပ်ကြီးကြီးထဲကပဲ"
"အင်း ... အင်း"
ရင်ရင်သည် အောင်အောင့် ကိစ္စကို မေးချင်သော်လည်း မမေးတော့ပေ။ အစ်မကြီးက အငယ်များထဲတွင် ဆွေဆွေ့ကိုသာ အလေးထားသည်မှာ ထင်ရှား၏။
"ငါ့မှာလည်း တစ်လတစ်လ မလောက်ပါဘူးအေ။ ကလေးတွေ စားရိတ်ကတင် နည်းတာ မဟုတ်ဘူး။ ကိုကို ကားအသစ် လဲတာကလည်း အဟောင်းမထွက်ခင် အသစ်ဝယ်လိုက်တော့ ငွေအိပ်သွားတာပေါ့။ အဟောင်းကလည်း ဈေးမရဘူး ဖြစ်နေတယ်"
"အရင်ကားက ကောင်းသားပဲ။ ဘာဖြစ်လို့လဲ ..."
ရင်ရင်က အလိုက်သင့် ပြန်ပြောနေရ၏။
"ဘာမှတော့ မဖြစ်ဘူးလေ။ ကလေးတွေက များလာတော့ ကျပ်တာပေါ့။ ဒတ်ဆန်းက အားလုံးဆန့်တယ်။ နောက်အားရင်လည်း တက္ကစီ ဆွဲခိုင်းလို့ ရတယ်"
"ငွေတွေ ထားစရာ ရှိပါဦးမလား မမကြီးရယ်"
"မထင်နဲ့ဟဲ့။ ငွေစုလက်မှတ် မဝယ်နိုင်တာတောင် နှစ်လလောက် ရှိပြီ။ အရင်လကလည်း ကိုကို့အမေကြီး ဆေးရုံတက်ရလို့ ဓာတ်စာ ဝယ်ပို့ရ၊ ဆေးဝယ်ပေးရနဲ့ တော်တော် ထိသွားတယ်"
"ဪ ... အင်း .... အင်း"
"ဒီကြားထဲ အောင်အောင်ကလည်း တစ်မှောင့်။ သူများတကာမှာ အလုပ်ကလေး တစ်ခုကို မနည်းရအောင် ရှာပြီး ကြိုးကြိုးစားစား ကုန်းလုပ် နေကြရတာ၊ သူကတော့ ရတဲ့ အလုပ်ကလေးကို လေးလေးစားစား မလုပ်ဘူး။ သူ အလုပ်ပြုတ်တာက အရေးမကြီးဘူး။ အားလုံးကို ဒုက္ခပေးတာက ခက်တယ်"
"မမကြီးဆီ လာသွားသေးလား ..."
"လာတာပေါ့။ ငွေတစ်ရာလောက် လိုချင်လို့တဲ့။ မပေးနိုင်ပါဘူး။ အစိတ် ပေးလိုက်တယ်။ တစ်ခါတည်းနဲ့လည်း ပြီးမှာမှ မဟုတ်တာ ..."
ရင်ရင် ဆိတ်ဆိတ်သာ နေလိုက်တော့၏။
"ဟုတ်တယ်လေ။ သူ ဒီလို လုပ်နေတိုင်း ဖြစ်မလား။ ဖေဖေတို့ မေမေတို့ကလည်း ရှိသေးတာ ..."
အစ်မကြီးသည် ဖေဖေ၊ မေမေတို့ကို တစ်လ မည်ရွေ့မည်မျှ သတ်မှတ်ကာ ပေးသည် မဟုတ်။ အလျဉ်းသင့်သလို ကန်တော့၏။ ရင်ရင့်လို လူလွတ် မဟုတ်သောကြောင့်ဟု ဆို၏။
"ဆွေဆွေဆီလည်း လာသွားသတဲ့။ ဆွေဆွေကလည်း ဘယ်ပေးနိုင်မလဲ။ သူတောင် ငွေလိုနေတာကို ..."
ကလေးများနှင့်အတူ စားသောက် နေရသော်လည်း ရင်ရင့်စိတ်က မဖြောင့်။ နာရီ တကြည့်ကြည့် ဖြစ်နေ၏။
"ရင်ရင် ပြန်တော့မယ် ... မမကြီး"
"ဟဲ့ ... ကလေးတွေနဲ့ တစ်ညတော့ အိပ်သွားပါဦး"
"ဟုတ်သားပဲ အန်တီ ရင်ရင်ကလဲ ... သမီးတို့က မုန့်ဝယ် မကျွေးခိုင်းပါဘူး"
"နင်တို့ အန်တီက ရသမျှလခ တစ်ယောက်တည်း သုံးနေတာ။ သူပဲ ကောင်းတယ်။ ဘာ အပူအပင်မှ မရှိဘူး"
ရင်ရင် ဘာမှပြန်မပြော။ နာရီကို ကြည့်ကာ ပြန်ဖို့ ကမန်းကတန်း ပြင်ဆင်သည်။
"ဘာဖြစ်လို့ ဒီလောက် လောနေတာလဲ။ အဆက်နဲ့ ချိန်းထားလို့လား"
"ဈေးဝင်ရဦးမှာမို့ ..."
"တစ်ယောက်တည်းများ ဟယ်။ ဒီမှာပဲ စားသွား"
"တစ်ယောက်တည်း မဟုတ်ဘူး မမကြီး။ အောင့်အောင့် အတွက်ပါ ချက်ကျွေး နေရတာ"
"ဟေ ... အောင်အောင်က နင့်ဆီ လာစားနေတယ်။ ဘယ်လောက် ကြာပြီလဲ"
"လခ မရတဲ့ လက စလို့"
"အမလေး ... လေး ..."
"သိပ်မလိုတော့ပါဘူး။ တစ်လ နှစ်လပဲ ကျန်ပါတော့တယ်။ မကျွေးလို့ကော သူ ဘယ်မှာ စားမလဲ။ သိရက်နဲ့ လက်ပိုက်ကြည့်နေလို့ ဖြစ်မလား ..."
ရင်ရင့်စကားက နည်းနည်းတော့ အဖျားခတ် သွားသည်။ ကြာလျှင် အစ်မကြီးနှင့် အတိုက်အခံ ဖြစ်နေရမည် စိုး၍ မြန်မြန် ပြန်ခဲ့ရ၏။ ကြီးမား ကျယ်ဝန်းသော မမကြီးတို့ ခြံဝန်းထဲမှ ထွက်လာတော့ ယာယီနံပါတ်ပြား တပ်ကာ အမိုးမထည့်ရသေးသည့် ဒတ်ဆန်းကားသစ် နီနီလေးကို တွေ့လိုက်ရလေသည်။
အောင်အောင်တစ်ယောက် ထမင်းဆာနေရော့မည်။
မိုးမိုး (အင်းလျား)
ဂီတပဒေသာ၊ နိုဝင်ဘာ၊ ၁၉၈၀။
No comments:
Post a Comment