ထောင်ချောက်
-----------------------
#မင်းည
၁။
ခန္ဓာကိုယ် တစ်ခုလုံး နာကျင်ကိုက်ခဲလို့ နေသည်။ ညက တစ်ညလုံး တစ်မှေးမှ မှေးစက်ခွင့် မရခဲ့တာမို့ မျက်လုံးတွေက ကျိန်းစပ်နေကာ ခေါင်းထဲက မူးနောက်နောက် ဖြစ်ချင်နေသည်။ ကိုယ့်ကိုယ်ကို အနားယူဖို့ လိုအပ်နေပြီမှန်း သိပေမဲ့ ‘ဒေါ်မေရီ’ အနားမယူနိုင်သေး။ ဟိုတစ်ချိန်တုန်းက အတူလက်တွဲ လုပ်ကိုင်ဖူးသည့် ပွဲစားတစ်ယောက်၏ ဆက်သွယ်ပေးမှုဖြင့် ဒီနေ့ တစ်နေ့တာလုံးအတွက် နောက်ထပ် အလုပ်တစ်ခုက လက်ခံထားပြီး ဖြစ်နေတာမို့ ရေမိုးချိုး အလှပြင်တာကိုပင် အပြေးအလွှား လုပ်ကိုင်နေရသည်။ လောဘကြီးတယ်လို့တော့ မဟုတ်ပေမဲ့ စည်းကမ်းကြီးသလောက် ဈေးလည်းကြီးလှသည့် တက္ကသိုလ် တက်နေရသည့် အချစ်ဆုံး သမီးလေး၏ အဆောင်လခ၊ အဝတ်အစားနှင့် အထွေထွေ အသုံးစရိတ်၊ ဒေါ်မေရီ ငှားရမ်းနေထိုင်ရာ အိမ်ကလေး၏ အိမ်လခ။ အထူးသဖြင့် သမီးကလေးကို သူ့အနီးအနားမှာ မရှိစေချင်။ သူကျင်လည်ရာ ပတ်ဝန်းကျင်နှင့် မထိတွေ့စေလိုသည့် စရိတ်စကများ အတွက် မိုးရွာတုန်းလေး ရေခံထားမှတော့ ဖြစ်မည်။ နောက်ပြီး ဒီနေ့လို ခေတ်ကြီးထဲမှာ ဒေါ်မေရီတို့လို အသက်အရွယ်နှင့်က အခုလို ရက်ဆက်ပြီး အလုပ်လုပ်ရဖို့ ဆိုတာ သိပ်လွယ်တောသေည့် ကိစ္စတစ်ခု မဟုတ်။ ပြီးတော့လည်း ပွဲစား၏ ပြောစကားအရ ဆိုလျှင် ဒေါ်မေရီ သွားတွေ့ရမည့် အလုပ်ရှင်က ဒေါ်မေရီ ပါးနပ်လျှင် ပါးနပ်သလို မြိုးမြို့းမြက်မြက်လေး ရနိုင်မည့် သူမျိုး ဆိုတော့ ဘယ်လိုနည်းနှင့်မျှ လက်လွတ်ခံလို့ မဖြစ်။
အလှပြင်ခြင်း အလုပ်ကို မြန်မြန်ဆန်ဆန်ပဲ လက်စသတ် လိုက်ပြီး လက်ကိုင်အိတ်ကလေးကို ဆွဲယူလိုက်စဉ် ခဏ ခေါင်းထဲက မိုက်ခနဲတစ်ချက် ဖြစ်သွားလိုက်သေးပေမဲ့ ဒါမျိုးကိစ္စတွေက ဒေါ်မေရီ အတွက်တော့ သိပ် ဆန်းလှသည့် ကိစ္စ မဟုတ်တော့။ ကလေးတွေ ပြောနေကြသလို ဘာမီတွန် သောက်ပျောက် မဟုတ်ပေမဲ့လည်း ညနေအလုပ်က ပြန်လာရင် လမ်းထိပ်က ဆေးခန်းမှာ အကြောဆေးလေး တစ်လုံးလောက် ဝင်ထိုးပြီး အိပ်ရေးဝ၀ အိပ်စက်လိုက်တာနှင့် ပျောက်သွား တတ်တာမျိုး မဟုတ်လား။
* * *
၂။
ဒေါ်မေရီ ငှားရမ်းနေထိုင်ရာ အိမ်ကလေးကနေ ကားမှတ်တိုင်ကို ရောက်ဖို့က ဆယ်မိနစ်လောက် လမ်းလျှောက်ရသေးသည်။ ဟိုအရင်တုန်းက ဆိုလျှင်တော့ ကိုသောင်း၏ ကားကလေးကို လပြတ်နှင့် ငှားထားတာမို့ ဘယ်အချိန် အရောက်လာခဲ့ဖို့ မှာထားလိုက်တာနှင့် ကားက အိမ်ရှေ့အထိ ရောက်လာ တတ်သလို၊ တစ်ခါ တစ်ခါမှာလည်း အလုပ်ရှင်တွေ ကိုယ်တိုင်ကိုက နောက်ဆုံးပေါ် ဆိုသည့် ကားတွေနှင့်ကို အိမ်အရောက် လာကြို တတ်တာမျိုး မဟုတ်လား။ ဒါပေမဲ့ အဲဒီ အချိန်တုန်းက မေရီဟာ အခု ဒေါ်မေရီလို အလုပ်ကလေးတစ်ခု လုပ်ရဖို့အတွက် ပညာကုန် ထုတ်သုံး နေရသည့် အသက် လေးဆယ်စွန်းစ အဘွားကြီး ပေါက်စလေးမှ မဟုတ်ဘဲ။ လှပသည့် ရုပ်ရည်၊ တောင့်တင်းသည့် ခန္ဓာကိုယ်နှင့် မျက်စတစ်ချက် ပစ်စရာ မလိုဘဲနှင့်ကို အလုပ်အပ်ချင်နေသည့် သူတွေက ဝိုင်းဝိုင်းလည်နေတာမို့ ငွေဆိုတာကလည်း လက်ဖျားမှာ သီးနေခဲ့ရတာမျိုး မဟုတ်လား။
“ဟ တို့အန်တီတော့ ပွဲဆက်နေပြီ ထင်တယ်ဟေ့။ အခြေအနေ ကောင်းနေရင်လည်း မုန့်ဖိုးလေး ဘာလေး ပေးဖို့ မမေ့နဲ့ဦးနော်”
ရွှေထီး ဆောင်းခဲ့ရသည့် အချိန်တွေကို တသ အောက်မေ့ရင်း လျှောက်လာမိစဉ် ဆိုက်ကားသမားလေး မောင်ပိန့် အသံကြောင့် အသိအမှတ်ပြုကြောင်း ခေါင်းညိတ်ပြကာ ပြန်လည် နှုတ်ဆက်လိုက်ရသည်။ ဟိုး အရင်တုန်းက ဆိုလျှင်တော့ မောင်ပိန့်လို သူမျိုးကို အရေးထား ပြန်လည်နှုတ်ဆက်မိမှာ မဟုတ်ပေမဲ့ အခုလို အချိန်မျိုးမှာက မောင်ပိန်တို့လို လည်လည်ဝယ်ဝယ် ဆိုက်ကားသမားတွေက ဒေါ်မေရီအတွက် မရှိမဖြစ် အလုပ်ပွဲစားလေးတွေ ဖြစ်နေခဲ့ကြသည် မဟုတ်လား။
* * *
၃။
ကားမှတ်တိုင်လေး ရောက်တော့ ဝယ်နေကျ ဆာမိ ကွမ်းယာဆိုင်လေးမှာပဲ တစ်ရှူးစက္ကူ တစ်ထုပ်နှင့် ဒေါ်မေရီတို့လို အလုပ်မျိုး လုပ်ကိုင်သည့် သူတွေအတွက် မရှိမဖြစ် အသုံးဝင်ပစ္စည်း အနည်းငယ် ဝယ်ယူလိုက်သည်။ ငယ်နုစဉ်တုန်း အခုလိုကိစ္စမျိုးတွေကို အရေးမထားမိပေမဲ့လည်း အခုလို အသက်ကလေး နည်းနည်းရလာသည့် အချိန်မှာတော့ ဟိုးတုန်းကထက် စဉ်းစားဆင်ခြင် တတ်လာသည်။ လိုအပ်တာလေးများကို မမေ့မလျော့ ဆောင်ထား တတ်လာသည်။ အလုပ်ရှင်တွေက မေ့လျော့နေခဲ့ကြလျှင်တောင် သုံးစွဲဖို့ သတိပေးတတ်လာခဲ့သည်။
ဒါ တောင်မှ တချို့ ငယ်ရွယ်သည့် အလုပ်ရှင်တွေက အသုံးပြုဖို့ ငြင်းဆန်နေချင် ကြသေးသည်။ ပြီးတော့ “ခင်ဗျားလိုလူကပဲ ပြောရသေးတယ်။ ခင်ဗျားလိုလူကပဲ ကြီးကျယ်နေရသေးတယ်” ဆိုသည့် အသုံးအနှုန်းတွေ၊ အကြည့်တွေ့နှင့် ပြောတတ်၊ ကြည့်တတ်ကြသေးသည်။
အမှန်အတိုင်း ဝန်ခံရလျှင် အဲဒီလို အသုံးအနှုန်း၊ အဲဒီလို အကြည့်မျိုး၊ အပြောမျိုးတွေကို ဒေါ်မေရီ မခံယူ လိုတော့ပါ။ ဒါပေမဲ့ ဒီအလုပ်ကို လုပ်နေသေးသရွေ့ကတော့ ဒီလို အကြည့်၊ ဒီလို အပြော၊ ဒီလို အပြုအမူမျိုးတွေကို သည်းခံနိုင်ဖို့ ကြိုးစားနေရဦးမည်သာ။
* * *
၎။
“အန်တီက ဘယ်မှာ ဆင်းမှာလဲ အန်တီ။ ခရီးဝေးရင် သမီး နေရာလေးမှာ ဝင်ထိုင်လိုက်ပါလား အန်တီ”
“ကျေးဇူးပါပဲ သမီးလေးရယ်။ အန်တီက (---) မှတ်တိုင်အထိ ရောက်အောင် စီးရမှာမို့လို့ပါ”
ကားပေါ်သို့ တက်မိတယ်ဆိုလျှင်ပဲ ဒေါ်မေရီ လက်ကလေးအား ဆွဲကာ ထို င်နေရာမှ ထ,လျက် နေရာပေးလာခဲ့ပြီး သမီးလေးအရွယ်ခန့် ရှိမည်ဟု ထင်ရသည့် ချစ်စဖွယ် ကလေးမလေးအား ကျေးဇူးတင်စကား ဆိုရင်း ဒေါ်မေရီ ထိုင်ခုံလေး၌ ဝင်ထိုင်လိုက်မိသည်။
“ကျေးဇူးတင်စရာ မလိုပါဘူး အန်တီရဲ့ သမီးက လူငယ်ပဲဟာ။ ဒီအချိန်ဆို ကားတွေမှာ ထိုင်စရာနေရာ တစ်နေရာရဖို့က လွယ်တာ မဟုတ်ဘူး။ မတ်တတ်ရပ် စီးဖို့ ဆိုတာကလည်း သွားရမယ့် ခရီးက ဝေးလို့ရှိရင် အန်တီတို့လို လူကြီးတွေ မပြောနဲ့ သမီးတို့လို လူငယ်တွေတောင်မှ တစ်ခါတစ်ခါ သိပ်မသက်သာလှဘူး”
ဒေါ်မေရီ ကျေးဇူးတင်စကား အဆုံး သွက်လက် ချက်ချာစွာ ရှင်းပြနေသည့် ချစ်စရာ ကလေးမလေးကို ခေါင်းညိတ် ပြုံးပြလိုက်မိရင်း စိတ်ထဲကလည်း အမှန်တကယ် ကျေးဇူးတင်နေမိသည်။ တကယ်လည်း ထိုကလေးမလေး ပြောသလိုပင် အခုလို အချိန်မျိုး၊ အခုလို လိုင်းကားတွေပေါ်မှာ ထိုင်စရာ နေရာလေးတစ်ခု ရဖို့က သိပ်လွယ်ကူသည့်အလုပ် မဟုတ်။ အထူးသဖြင့် ထို ကလေးမလေးလို ချစ်စရာ မိန်းမပျိုလေးများ အတွက်က ထိုင်စရာလေး တစ်နေရာ ရခဲ့လျှင် အကြောင်း မဟုတ်ပေမဲ့ မတ်တတ်ရပ်သာ စီးရမည် ဆိုပါက ပိုလို့ပင် မလွယ်ကူဘူး ဆိုတာ ဒေါ်မေရီ အသိဆုံးပင်။ အခုလည်းကြည့် ဒေါ်မေရီအတွေးပင် မဆုံးချင်သေး အန္တရာယ်က ဒေါ်မေရီအတွက် ထိုင်ဖို့ နေရာဖယ်ပေးခဲ့သည့် ထိုချစ်စရာ မိန်းမပျိုလေး အနီးသို့ လူကြီးလူကောင်း အယောင်ဆောင်ကာ ချဉ်းကပ်လာနေခဲ့ပြီ ဆိုတာကို ဒေါ်မေရီ အတွေ့အကြုံအရ စိတ်ထဲကနေ အလိုလိုပင် သိလိုက်မိသည်။ တိုက်တေနီယမ် ကိုင်းအမျိုးအစား အကောင်းစား ရွှေရောင်မျက်မှန်နောက်မှ အန္တရာယ်၏ မျက်ဝန်းများထဲတွင် ရမ္မက် အရိပ်အငွေ့အသက် အချို့ကို ဒေါ်မေရီ လုပ်ကိုင်နေခဲ့သည့် လုပ်ငန်း၏ အနှစ်နှစ်ဆယ်ကျော် အတွေ့အကြုံဖြင့် ဒေါ်မေရီ ကြိုတင် တွေ့မြင်သိနေခဲ့ရသည်။
ထိုအန္တရာယ်၏ အသက်အရွယ်သည် ဒေါ် မေရီအသက်ထက်ပင် ဆယ်နှစ်ခန့်မျှ ကြီးလိမ့်မည်ဟု ဒေါ်မေရီ ထင်သည်။ လည်ကတုံးအင်္ကျီ အဖြူပေါ်တွင် နံ့သာရောင် တိုက်ပုံကို ဝတ်ဆင်ထားလျက် လက်အတွင်း၌ တီဗွီတွင် မကြာခဏ တွေ့မြင်ရလေ့ရှိသည့် နာမည်ကြီး အမှတ်တံဆိပ် လက်ကိုင်အိတ် တစ်လုံးကို ကိုင်ဆွဲထားပါသော ထိုအန္တရာယ် ပုဂ္ဂိုလ်ကြီး၏ အပေါ်ယံ အသွင်အပြင် တစ်ခုတည်းကိုသာ ကြည့်မည်မိသလိုမျိုး မည်သူမျှ မတွေးထင် ရဲလောက်ကြအောင်ပင် ထိုအန္တရာယ် ပုဂ္ဂိုလ်ကြီး၏ အသွင်အပြင်က အရှိန်အဝါတွေ ရှိနေခဲ့သည်။ သို့ပေမဲ့လည်း ဒေါ်မေရီ အထင်မမှားဘူး ဆိုတာကိုတော့ ဒေါ်မေရီအား နေရာပေးခဲ့သူ ချစ်စရာ မိန်းမပျိုလေး၏ နောက်ကျောဘက်ဆီသို့ တရွေ့ရွေ့ သွားနေသော ခြေလှမ်းများနှင့် တဖြည်းဖြည်း အနေခက်လာဟန် အရိပ်အယောင်များ ဖြစ်ပေါ်လာသည့် ချစ်စရာ မိန်းမပျိုလေး၏ အမူအရာတို့က သက်သေခံနေကြသည်။
ထိုကဲ့သို့ နှမသားချင်း မစာနာစွာ အခွင့်အရေး ယူတတ်သူများကို ဒေါ်မေရီ မုန်းသည်။ အထူးသဖြင့် ယခု မြင်နေရသည့် အန္တရာယ် ပုဂ္ဂိုလ်ကြီးလို အသက်ကြီးကြီး ကြောင်သူတော်ကြီးများကို ဒေါ်မေရီ အလွန်ပင် မုန်းသည်။ ငယ်နုစဉ်ကဆို ထိုသို့သော သူမျိုးများနှင့် မလွှဲမရှောင် ကြုံဆုံမိခဲ့လျှင်တောင်မှ ဒေါ်မေရီ အတာတ်နိုင်ဆုံး ငြင်းဆန်ရှောင်ဖယ် နိုင်အောင် ကြိုးစားမိခဲ့သည် ချည်းသာ။ အခုလည်းစကားတွေ ဖောင်ဖွဲ့ ပြောဆိုနေရာမှာ အနေခက်စွာ ရှက်ကြောက် ငြိမ်သက်သွားသည့် မိန်းမပျိုလေးအား သားသမီးချင်း ကိုယ်ချင်းစာနေမိသည်။ နောက်ပြီး ဒီနေရာမှာ သမီးလေးသာ ဖြစ်လျှင်ဆိုသည့် အတွေးကြောင့် ထိုအန္တရာယ် ပုဂ္ဂိုလ်ကြီးအား တစ်စုံတစ်ခု ထ,ပြောလိုက်ဖို့အထိ ဒေါ် မေရီ စဉ်းစားလိုက်မိပေမဲ့ မိန်းကလေးဘက်ကို ငဲ့ရဦးမည်။ ဒေါ်မေရီတို့ မိန်းမသားတွေ ဆိုတာက အသက်ထက် အရှက်ကို ပိုတန်ဖိုးထားကြသူတွေ မဟုတ်လား။
ထို ကလေးမလေး၏ အခက်အခဲကို ဖြေရှင်းပေးဖို့ အတွက်ကလည်း အတက်သာရှိပြီး ဆင်းသူမရှိသည့် ပိုမိုကျပ်ညပ်လာသည့် လူတွေထဲမှာ ထိုင်စရာ နေရာတစ်ခုရမှ ဖြစ်နိုင်မည် ဖြစ်သည်။ ဘေးဘီဝဲယာအား စောင်းငဲ့ကြည့်ရှုမိလိုက်တော့ တစ်ဦးတစ်ယောက်မျှ ထိုင်နေရာမှ ထ,ကြမည့် အရိပ်အယောင်မျိုး မတွေ့ရသလို ကလေးမလေး၏ အခက်အခဲကိုလည်း တစ်ဦးတစ်ယောက်မျှ ရိပ်မိသိရှိကြဟန် မတူပေ။ မတတ်နိုင်။ သွားရမည့် ခရီး အကွာအဝေးက လိုအပ်နေသေးပေမဲ့လည်း ရှေ့ရောက်ရာ မှတ်တိုင်တွင်ပင် ဆင်းရန် ဒေါ်မေရီ ဆုံးဖြတ်လိုက်သည်။
“သမီးလေး လာ ဒီမှာ ပြန်လာထိုင်လိုက်တော့။ အန်တီ ရှေ့မှတ်တိုင်မှာပဲ ဆင်းလိုက်တော့မယ်”
“ဟင် အန်တီပြောတော့ (---) မှတ်တိုင် ရောက်မှ ဆင်းရမှာဆို”
“ဟုတ်တယ် သမီးရယ် အန်တီ ကိစ္စလေးတစ်ခု ရုတ်တရက် သတိရသွားလို့ပါ”
ရုတ်တရက် နေရာမှ ထ,ကာ အတင်း ဝင်ထိုင်ခိုင်းနေသည့် ဒေါ်မေရီ၏ အပြုအမူကြောင့် ကလေးမလေး၏ မျက်ဝန်းများမှာ ပထမတော့ အံ့ဩသွားသည့် အရိပ်အယောင်များ ဖြစ်ပေါ်သွားပေမဲ့ ခဏအကြာမှာတော့ တစ်စုံတစ်ခုအား နားလည် သွားသည့်အလား ဒေါ်မေရီအား ပြန်လည်ကာ ကျေးဇူးတင်နေသည့် အရိပ်အယောင်များ ယှက်သန်း လာကြတော့သည်။
“ကျေးဇူး အများကြီး တင်ပါတယ် အန်တီရယ်” ဟု တစ်စုံတစ်ခုသော အန္တရာယ်မှ လွတ်မြောက်လာခဲ့သူ တစ်ဦး၏ လေသံမျိုးဖြင့် ပြောလာခဲ့သည့် ကလေးမလေး၏ စကားအဆုံးမှာတော့ ဒေါ်မေရီ သူမကလေးအား ပြုံးပြလိုက်ရင်း ကားပေါ်က ဆင်းဖို့အရေးအတွက် တိုးဝှေ့ ထွက်လိုက်မိသည်။ ဘာပဲဖြစ်ဖြစ် ကားပေါ်ကနေ ဆင်းနေပေးခဲ့ရ ပေမဲ့လည်း တန်သည်ဟု ဒေါ်မေရီ ထင်သည်။
* * *
၅။
အလုပ်ရှင်နှင့် ချိန်းဆို ထားမိရာ မိုတယ်ရှေ့သို့ ဒေါ်မေရီ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ဟိုးတုန်းက ဆိုလျှင်တော့ ဒီလို ခပ်ညံ့ညံ့ မိုတယ်မျိုးလေးတွေမှာ တွေ့ဆုံဖို့အတွက်ကို ဒေါ်မေရီ ငြင်းဆန်လိုက်မိမှာ ဖြစ်ပေမဲ့ လက်ရှိ အနေအထားမှာတော့ နောက်ကျနေသည့် အချိန်များအတွင်းမှာ အလုပ်ရှင်နှင့်များ လွှဲချော်သွားလေမလား စိုးရိမ်စိတ်ဖြင့် မိုတယ်အတွင်းသို့ ခပ်သွက်သွက်လေး ဝင်မိခဲ့လိုက်ပြီး ဖြစ်သည်။ မိုတယ်ဝန်ထမ်း လူငယ်လေးတစ်ဦး လိုက်လံပို့ဆောင်ပေးခဲ့ရာ အလုပ်ရှင် စောင့်ဆိုင်းနေသည်ဆိုသော အခန်းငယ်လေး အရှေ့ကိုရောက်တော့ အနည်းငယ် တွန့်ကြေနေသည့် အဝတ်အစားတို့အား သေသပ်သွားအောင် ပြုပြင်လိုက်ရင်း အလုပ်ရှင်ရှိရာ အခန်းငယ်လေး အတွင်းသို့ ဝင်ရောက်နိုင်ဖို့အရေး တံခါးချပ်တို့အား လက်ခေါက်ကလေးများဖြင့် အချက်ပေး ခေါက်လိုက်မိသည်။ ဒေါ်မေရီ၏အချက်ပေး တံခါးခေါက်သံ ဆုံးသွားသည့်နှင့် တစ်ပြိုင်နက်တည်းမှာတော့ ဒေါ်မေရီ ၏ နောက်ကျောဘက်အခန်း၏ တံခါးချပ်များ ဖွင့်လိုက်သံကို ကြားလိုက်ရသည်မို့ ဘာရယ်မဟုတ်ပေမဲ့ ဒေါ်မေရီ လှည့်ကာ ကြည့်လိုက်မိသည်။ ထိုခဏမှာတော့ ဒေါ်မေရီ စိတ်ထဲ များစွာအံ့အားသင့် သွားခဲ့မိသည်။ ဒေါ်မေရီ နည်းတူပင် အခန်းအတွင်းမှ ထွက်ပေါ်လာခဲ့သူလေး၏ မျက်နှာပေါ်တွင်လည်း အံ့ဩရိပ်တို့က ဖုံးဖိမရစွာပင် အထင်းသား ပေါ်လွင်နေခဲ့သည်။ ထို့နောက်မှာတော့-
“ဝိုး လူသံတွေကြားလို့ သူငယ်ချင်းတွေများ ဖြစ်နေမလားလို့ အသာထွက်ပြီး ချောင်းကြည့်မိတာ၊ အန်တီ ဖြစ်နေပါလား။ ပြန်တွေ့ရတာ ဝမ်းသာလိုက်တာ အန်တီရယ်၊ အန်တီက သမီးတို့ထက် စီနီယာ ဖြစ်နေတာကိုး။ သမီးတို့က အဲဒီကားတွေပေါ်မှာပဲ အလုပ်ရှာနေကြလေ။ ဘာပဲဖြစ်ဖြစ် သမီး ဆင်လိုက်တဲ့ ထောင်ချောက် အတိုင်းဆို ဒီနေ့အဖို့ ဒီလောက် အရကြမ်းမှာ မဟုတ်ဘူး။ အခု အန်တီ မြှင့်ပေးသွားလို့ သိက္ခာတွေက အရမ်းကို တက်သွဦးရတာ။ Thanks, နောက်တွေ့ကြဦးမယ် ဆိုရင် အန်တီ့ကို မုန့်ကျွေးပါ့မယ်။ အခုတော့ ကြောင်အိုကြီးကို ချူဆီထည့်လိုက်ဦးမယ် အန်တီရေ bye”
တစ်စုံတစ်ဦး ကြားသွားမည် စိုးသလို သူ့က်သွက်လက်လက်နှင့် တိုးတိုးတိတ်တိတ် ပြောလာခဲ့သည့် ထိုချစ်စရာ ကလေးမလေး၏ စကားအဆုံး၌ ထိုအခန်းအတွင်း၌ မည်သူရှိနေခဲ့မည် ဆိုတာကို ဒေါ်မေရီ တပ်အပ် သေချာစွာ သိလိုက်ပြီ ဖြစ်သည်။
ထို့အတူ “စေတနာသည် လူတိုင်းနှင့် တန်၏” ဆိုသည့် ထိုမိန်းကလေးငယ် ဝင်သွားခဲ့ရာ အခန်းတံခါးပေါ်၌ တစ်စုံတစ်ဦးမှ အဓိပ္ပါယ် တစ်ခုကို ရည်ညွှန်းကာ လက်ဆော့ နောက်ပြောင်သွားခဲ့ဟန် စာတန်းမှိန်မှိန် တစ်ခုအားလည်း ဒေါ်မေရီ မျက်လုံးတို့က မြင်ဖြစ်အောင် မြင်လိုက်ကြသေးသည်။ တကယ်ဆို နှုတ်ခမ် ကွေးသွားအောင် ပြုံးလိုက်ဖို့ကိုတော့ ဒေါ်မေရီ တတ်နိုင်ခဲ့သေးသည်ပဲ။
---------------
မင်းည
ရွှေအမြုတေ၊ ဒီဇင်ဘာ၊ ၂၀၁၅။
No comments:
Post a Comment