အပေါ်သွေး အောက်သွေး (မင်းလူ)
-----------------------------------
ဆွေဆွေက နားကြပ်ကိုဖြုတ်ပြီး စားပွဲပုကလေးပေါ် တင်သည်။ ဒေါ်နုနု၏ လက်မောင်းမှာ ပတ်ထားသော သွေးဖိအားတိုင်းကိရိယာမှ လက်ပတ်ကို တစ်ပတ်ချင်းခွာရင်း ...
“ကောင်းပါတယ် ဒေါ်လေးရဲ့၊ ဘာမှ မဖြစ်ပါဘူး၊ ဘာလဲ ... ဒေါ်လေးက သွေးတိုးနေတယ် ထင်လို့လား”
ဟု မေးလိုက်သည်။
ဒေါ်နုနုက ...
“ထင်တယ်တော့ မဟုတ်ပါဘူးလေ၊ အသက်ကလည်း နည်းနည်းရလာပြီ မဟုတ်လား၊ ပြီးတော့ ခုတလော ဒေါ်လေး နည်းနည်းဝလာသလားလို့”
ဆွေဆွေက သွေးပေါင်ချိန်တိုင်းကိရိယာကို သိမ်းဆည်းနေသဖြင့် ချက်ချင်း စကားမပြန်နိုင်သေး။ ပြီးမှ ...
“အသက်လေးဆယ်ကျော်ရင် သွေးသားပြောင်းလဲမှုဖြစ်လို့ ဝလာတတ်ကြတာပဲ၊ ဒေါ်လေးက တရားလွန် မဝသေးပါဘူး၊ ကြည့်ကောင်းရုံပဲ ရှိပါသေးတယ်၊ ဘာလဲ ... ဦးဦးက ဒေါ်လေးကို ဝလာရင် သဘောမကျမှာ စိုးလို့လား”
“အမယ်လေး ... နင်တို့ဦးဦးကိုတော့ ဒီဘက်မှာ စိတ်ချပြီးသားပါ”
“ဒါတော့ ဖြစ်ရမယ်လေ၊ ဒေါ်လေးက အသက်လေးဆယ့်သုံးနှစ်သာ ဆိုတယ်၊ သုံးဆယ့်ငါးထက် ကျော်မယ်လို့ မထင်ရဘူး၊ အသားအရည်ကလည်း သုံးဆယ်အောက်တွေထက်တောင် စိုပြည်နေသေး”
ဆွေဆွေသည် ဒေါ်နုနု၏ တူမလည်းဖြစ်၊ မိသားစုဆရာဝန်လည်း ဖြစ်သည်။ ကျန်းမာရေးကိစ္စ ရှိရှိမရှိရှိ တစ်ပတ်တစ်ခါလောက်တော့ ရောက်ဖြစ်နေတတ်သည်။ ဒီနေ့လည်း ဆေးရုံမသွားရသဖြင့် ဒေါ်နုနုဆီ လာလည်ခြင်းဖြစ်သည်။ ဒေါ်နုနုက သူ့မှာ သွေးတိုးရှိ၊ မရှိ ကြည့်ပေးစမ်းပါဦး ဆိုသဖြင့် စမ်းသပ်နေခြင်းပင်။
“ဒေါ်လေး ... နေလို့ထိုင်လို့တော့ ကောင်းတယ်မဟုတ်လား”
ဆွေဆွေက ထပ်မေးသဖြင့် ဒေါ်နုနု ခေါင်းညိတ်ပြသည်။
“ကိုယ်တွေလက်တွေ ထုံပြီး မလှုပ်ရှားချင်တာတို့၊ ချွေးတွေ အလွန်အကျွံ ထွက်တာတို့၊ ခေါင်းတွေ အုံနေတာတို့၊ မျက်ခွံတွေလေးပြီး အိပ်ချင်နေတာတို့များ ဖြစ်သလားဟင်”
ဒေါ်နုနုက ခေါင်းခါပြပြီး ...
“ဒေါ်လေး ညညကျရင် နည်းနည်း လန့်ချင်သလိုပဲကွယ်”
“အို ... အရင်ကတည်းက ဒေါ်လေးက သတ္တိမှ မကောင်းတာ၊ ဆွေဆွေတို့ငယ်ငယ်က ဒေါ်လေး အိမ်လာရင် ညည အိမ်သာထမသွားရဲလို့ ဆွေဆွေ့ကို အမြဲနှိုးရတယ် မဟုတ်လား၊ ပြီးတော့ ဒေါ်လေးက သွေးဆုံးနေတဲ့အချိန်မို့ စိတ်နည်းနည်း အပြောင်းအလဲ ဖြစ်တာနေမှာပါ ဒါ သဘာဝပဲ၊ အရေးမကြီးပါဘူး၊ ခု ဆွေဆွေလည်း အပတ်တိုင်း ရောက်နေတာပဲဟာ၊ မပူပါနဲ့၊ ဘာမှ မဖြစ်ပါဘူး၊ ညဘက် လန့်သလိုဖြစ်ရင် စိပ်ပုတီးလေး ဘာလေးစိပ်၊ ဒါမှမဟုတ်လည်း ဦးဦးကို အတင်းဖက်ထားပေါ့ ဒေါ်လေးရဲ့”
ဒေါ်နုနုက ရှက်ပြုံးပြုံးလိုက်သည်။
* * *
ဒေါ်နုနုဘဝသည် အေးချမ်းသာယာသည်ဟု ဆိုရမည်ဖြစ်သည်။ ချမ်းသာကြွယ်ဝသော မျိုးရိုးမှ ဆင်းသက်ပေါက်ဖွားလာခဲ့သည်။
အချိန်တန် အရွယ်ရောက်လာလို့ လူလားမြောက်လာတော့လည်း သူတို့လောက် မချမ်းသာတောင် သူတို့နီးပါး ချမ်းသာသော ကိုကိုဦးအောင်မြတ်ထွန်းနှင့် လက်ဆက်ခဲ့သည်။
ကိုကိုနှင့်သူသည် လူကြီးများ မစီစဉ်ခင်ကတည်းက တစ်ဦးနှင့်တစ်ဦး သိကျွမ်းခင်မင်ခဲ့ကာ သံယောဇဉ် တွယ်တာမိပြီး ဖြစ်သည်။ ထို့ကြောင့် သူတို့၏ အိမ်ထောင်ရေးက သာယာခဲ့သည်။
သမီးတစ်ယောက်နှင့် သားတစ်ယောက် ထွန်းကားသည်။ အိမ်ထောင်သက် နှစ်ပေါင်းနှစ်ဆယ်ကျော်လာသည်အထိ ပြဿနာ တစ်စုံတစ်ရာ မပေါ်ပေါက်ခဲ့။ ကိုကိုနှင့် သူတို့သည် ခုထိတိုင် တစ်ဦးအပေါ်တစ်ဦး ကြင်နာကြဆဲ။
* * *
သူတို့သည် တစ်ခုသော ဆိတ်ငြိမ်ချမ်းသာရပ်ကွက်အတွင်းရှိ အသင့်အတင့် ကျယ်ဝန်းသော ခြံထဲတွင် နှစ်ထပ်တိုက်ကလေးတစ်လုံးဖြင့် နေထိုင်သည်။ ခြံနီးနားချင်းများမှာလည်း သဘောကောင်းသူများသာ ဖြစ်သည်။ ပြီးတော့ ဒီရပ်ကွက်ထဲ နေသူများမှာ အခြေအနေ အဆင့်အတန်းချင်း ညီသူများသာဖြစ်သည်။
ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက် ကျောချင်လို့မရ။ ဂုဏ်တုဂုဏ်ပြိုင် လုပ်စရာမလို။ လုပ်ရင်လည်း “သရေပွဲ” သာ ဖြစ်ပေလိမ့်မည်။ ကိုယ်လုပ်နိုင်သလောက်တော့ သူများတွေလည်း လုပ်နေနိုင်တာကိုး။ အားလုံးက တတ်နိုင်ကြသူတွေချည်းဖြစ်သည်။
ယောက်ျားချင်း ပြိုင်လို့လည်း မဖြစ်ချေ။ ယောက်ျားတွေအားလုံးက ရာထူးကြီးကြီးရှိသူ ဖြစ်ချင်ဖြစ်၊ သို့မဟုတ် လုပ်ငန်းရှင်တွေ ဖြစ်ကြသည်။ ဒီတော့ ပြိုင်ဖို့နေနေသာသာ တစ်ယောက်အကူအညီကို တစ်ယောက်ယူရသည့် အခါမျိုးပင်ရှိသည်။ ညှိပြီးလုပ်ကြရတာမျိုး ရှိသည်။
သားသမီးချင်း ပြိုင်လို့လည်း အပိုပါပဲ။ အားလုံး ကျူရှင်ယူကြသည်။ သူတို့ချင်းစုပြီး နာမည်အကြီးဆုံး ဆရာတွေကို လခထောင်ချီပေးကာ “ဝိုင်း” ကျူရှင် လုပ်ပေးထားနိုင်သည်။ သားသမီးထဲမှာ ဆရာဝန်၊ အင်ဂျင်နီယာ မပါလို့လည်း အရေးမကြီး။ ဆယ်တန်းမအောင်လို့လည်း ပြဿနာမရှိ၊ သင်္ဘောလိုက်လို့ ရသည်။
သည်တော့ကာ ဘာတွေများ ပြိုင်စရာ ရှိပါတော့သနည်း။
“ကိုယ်ဖြင့် သေသာ သေလိုက်ချင်တာပဲကွယ်”
ဟု တစ်ယောက်ကပြောရာ အကြောင်းသိတွေချင်း ဖြစ်သောကြောင့် အခြားတစ်ယောက်က ...
“ဘာလဲ ... ဖောက်လာပြန်ပြီလား” ဟု စကားထောက်ပေးသည်။ သူတို့ “ကတော်” တစ်စု ဒေါ်နုနုတို့အိမ်မှာ ဆုံမိပြီး စကားပြောနေကြခြင်း ဖြစ်၏။
“အင်းပေါ့ ... ဟိုတလောက အာတပ္ပဆရာဉာဏ် ပေးတဲ့ ဆေးပြာမှုန့်ကို လိမ္မော်ရည်ထဲ ဖျော်တိုက်လိုက်တာ နှစ်ပတ်လောက် ခြေငြိမ်သွားသေးတယ်၊ ခု ပြန်ပြီး ဗွေဖောက်လာပြန်ပြီ၊ သောကြာ၊ စနေဆို အိမ်ပြန်မအိပ်တော့ဘူး”
“အင်း ... ဒါမျိုးက ပြောရခက်သားပဲ၊ ကိုယ့်တုန်းကလည်း ဒီလိုပါပဲ၊ အိမ်ကလူကတောင် နည်းနည်း ပိုဆိုးမလားပဲ၊ ဘာလို့ဆို သူက လူကိုပါ ရန်ရှာချင်တာကိုး၊ ခုတော့ ကိုယ်လည်း ထုံသွားပါပြီ၊ ဘယ်တော့ ကိုယ့်ဆီ စိတ်ပြန်လည်လာမလဲလို့ မျှော်လင့်ရင်း လွှတ်ပေးထားရတော့တာပဲ”
“အစ်ကိုကြီးကတော့ ဒါမျိုးတွေ မရှိပါဘူး၊ ဒါပေမယ့် ညတိုင်း သောက်သောက်လာပြီး ဂျီတိုက်တာက ခက်တယ်”
တစ်ယောက်က ဝင်ပြောရာ အခြားတစ်ယောက်ကလည်း အားကျမခံ။
“အမယ်လေး ... ယူတို့ချည်း ပြဿနာရှိတယ် မှတ်နေ၊ ကိုယ့်မှာဖြင့် ခေါင်းမီးတောက်နေပြီ”
“ဟယ် ... အငယ်ကောင် ဘာဖြစ်ပြန်ပြီလဲ”
“ဟုတ်တယ် ... သားအငယ်ကောင်ပဲပေါ့၊ ဟိုနေ့က အံဆွဲထဲက ပိုက်ဆံတစ်ထောင် ယူသွားတယ်”
“ဂျင်တွေဘာတွေများ ထိုးနေလို့လား”
“ကစားပစ်တာတို့၊ သုံးပစ်တာတို့ဆို အရေးမကြီးပါဘူး၊ ဖိုးတို့၊ တက်ဘလက်တို့ လုပ်မှာပဲ ကြောက်တာ”
“အို ... တော်ကြပါတော့ကွယ်၊ ကြားရတာ စိတ်မချမ်းသာစရာချည်းပဲ၊ မြိုင် ရင်တုန်လွန်းလို့ပါ”
နှလုံးရောဂါရှိသည်ဆိုသော တစ်ယောက်က ရင်ဘတ်ကို လက်ဖြင့်ဖိပြီး ကတုန်ကယင် ပြောလိုက်သည်။
စပတ်ကလင်လီမွန်ကို တစ်ငုံ ငုံချလိုက်ပြီးမှ ...
“ခုတလောက ပိုတောင်ဆိုးလာသလိုပဲ၊ နည်းနည်းလေးမှ စိတ်လှုပ်ရှားလို့ မရဘူး” ဟု လေသံပျော့ပျော့ဖြင့် ပြောသည်။ ပထမဆုံး စပြောသော တစ်ယောက်က ...
“အေးကွယ် ... ဆောရီးပဲ၊ ခုလို ကြုံတုန်းဆုံတုန်းကျမှ ကိုယ့်ဒုက္ခကိုယ် ပြောကြရတာကလား၊ တို့တွေထဲမှာ နုနုကတော့ အေးတယ်၊ ဘာပြဿနာမှ မရှိဘူး၊ ကျန်းမာရေးကလည်း ဒေါင်ဒေါင်မြည်လို့၊ နုနု သိပ်ကံကောင်းတာပဲ”
တစ်ချိန်လုံး ဘာမျှဝင်မပြောဘဲ ငြိမ်နေသော ဒေါ်နုနုသည် ပြုံးရုံသာ ပြုံးနေလိုက်ရသည်။ သူ့မှာကလည်း သူတို့လို ပြောစရာစကားမှ မရှိဘဲ။
သူက ကံကောင်းတယ်တဲ့။ ဟုတ်ကော ဟုတ်ရဲ့လား ...
* * *
ဟုတ်သည်။
ကိုကိုဦးအောင်မြတ်ထွန်းသည် လခထောင်ကျော်စား အရာရှိကြီးတစ်ဦး ဖြစ်သည်။ ငွေတစ်ထောင်ဆိုသည်မှာ သူတို့အဖို့ တစ်ပတ်စာ အိမ်သုံးစရိတ်ပဲရှိသည်။ သို့ရာတွင် ငွေက ကိစ္စမရှိ။ သူတို့မှာ ပြည့်စုံပြီးသား။ နောက်ပြီး မိဘတွေ လက်ထက်ကတည်းက ရင်းနှီးမြှုပ်နှံခဲ့သော လုပ်ငန်းတစ်ခုမှ အချိုးကျ အမြတ်ငွေကလည်း ရနေသေးသည်။
ကိုကိုသည် အလုပ်ကြိုးစားသူ ဖြစ်သည်။ လာဘ်မစားတတ်၊ ကူညီသင့်သူကို ရိုးရိုးသားသား ကူညီသည်။ လုပ်ငန်းခွင်တွင် ကိုကို့ကို အထက်ကကော၊ အောက်ကပါ ချစ်ခင်လေးစားကြသည်။ ကိုကို၏ ရှေ့တက်လမ်းက ဖြောင့်ဖြောင့်ဖြူးဖြူး။
အရက်မသောက်တတ်။ လောင်းကစား ဝါသနာမပါ။ အသက်လေးဆယ်ကျော် ယောက်ျားတို့ ဖြစ်တတ်သော နံပါတ်တူး ပြဿနာမျိုးလည်း မရှိ။ ခုထိ ဒေါ်နုနုအပေါ် အချစ်မလျော့သေး။ သားသမီးတွေကို သံယောဇဉ်ကြီးနေဆဲ။
သားသမီးတွေကျတော့ကော ... သမီးကြီးက ရန်ကုန်တက္ကသိုလ်မှာ ဂုဏ်ထူးတန်း၊ သားငယ်က စက်မှုတက္ကသိုလ်ကျောင်းသား။ နှစ်ယောက်စလုံး လိမ္မာသည်။ မိဘစကား နားထောင်သည်။ သားငယ်သည် ဆေးလိပ်မသောက်တတ်။
ဒေါ်နုနုက အိမ်ထောင်မှုကို နိုင်နင်းသည်။ ထမင်းချက် မိန်းမကြီးတစ်ယောက်၊ တောက်တိုမယ်ရခိုင်းဖို့ ကောင်မလေးနှစ်ယောက်၊ မာလီတစ်ယောက်၊ ဒရိုင်ဘာတစ်ယောက်တို့ဖြင့် အိမ်၏ ကိစ္စအဝဝကို ကောင်းစွာ စီမံအုပ်ချုပ်နိုင်သည်။
ကဲ ... ဘာများလိုသေးပါသလဲ။
* * *
လာနေကျအတိုင်း စနေနေ့ညနေဘက်တွင် ဆွေဆွေ ရောက်ရှိလာသည်။ ခရီးရောက်မဆိုက်ပင် ...
“ဒေါ်လေးတို့များ ... ကိုယ့်တူမစကားကို အယုံအကြည် မရှိဘဲကိုး၊ ဆွေဆွေက အထူးကုဆရာဝန်ကြီး မဟုတ်လို့လားဟင်”
ဟု ခနဲ့သည်။ ပြီးတော့ လွန်ခဲ့သော နှစ်ရက်လောက်က ဆရာကြီး သွေးတိုးဦးသန်းမောင် အခန်းထဲက ဒေါ်နုနုထွက်လာသည်ကို မြင်လိုက်သည်ဟု ပြောသည်။
“ဟယ် ... အဲဒါက ဒေါ်လေးသူငယ်ချင်းတစ်ယောက်နဲ့ အဖော်လိုက်သွားတာပါ”
“အဖော်လိုက်သွားရင်းနဲ့ ဒေါ်လေးပါ ဝင်ပြီး စမ်းသပ်ခဲ့တယ် ဆိုပါတော့”
“ဒေါ်နုနုက ရယ်လျက်သာ နေသည်။
“ဘာမှမဖြစ်ဘူးလို့ ဆရာဦးသန်းမောင်က ပြောလိုက်တယ် မဟုတ်လား”
ဒေါ်နုနုက ခေါင်းညိတ်ပြသည်။
“ဒေါ်လေးစိတ်ထဲမှာ မရှင်းသေးရင်လည်း ဆွေဆွေတို့ ဆရာကြီးဆီ ခေါ်သွားပေးမယ် ... ဟုတ်လား၊ တစ်ခုတော့ရှိတယ် ဒေါ်လေးရဲ့၊ ကိုယ့်ကိုယ်ကိုယ် သွေးတိုးများ ရှိနေသလား၊ နှလုံးရောဂါများ ရှိနေသလားလို့ စိတ်ထင်ပြီး စွဲလမ်းနေရင် မကောင်းဘူး၊ အဲဒါဆိုရင် ကားဒစ်နယူရိုဆစ်လို့ ခေါ်တဲ့ စိတ္တဇ နှလုံးရောဂါသည် ဖြစ်သွားလိမ့်မယ်”
“စိတ္တဇ နှလုံးရောဂါသည် ... ဟုတ်လား”
“ဟုတ်တယ် ဒေါ်လေး၊ ဘာရောဂါမှ မဖြစ်ဘဲနဲ့ မူးသလိုလို မောသလိုလို ဖြစ်နေတာမျိုးပေါ့၊ ကြားဖူးနားဝရှိတဲ့လူဆို ပိုဆိုးတယ်၊ နှလုံးရောဂါ လက္ခဏာထဲက ဟိုစပ်စပ် ဒီစပ်စပ် သိထားသမျှ ဖြစ်တယ်လို့ ထင်လာရော၊ ဆွေဆွေတို့ဆီကို အဲဒီလူနာတွေ မကြာခဏ ရောက်လာတတ်တယ်၊ သူတို့က နှလုံးရောဂါ ဆကယ်ဖြစ်တဲ့သူထက် ကုသရတာ ပိုခက်တယ်၊ ဘာမှမဖြစ်ဘဲကိုး၊ ဒီတော့ ဘာမှမဖြစ်ဘူး ... ကောင်းပါတယ်လို့ အာပေါက်အောင် ရှင်းပြလည်း မရဘူး၊ တချို့ဆို ဆေးရုံတက်ပါရစေလို့ ဇွတ်ပြောတဲ့လူက ရှိသေးတယ်၊ ဒီလိုနဲ့ ဟိုဆရာဝန်ကြီး သွားပြ၊ တိုင်းရင်းဆေးသမားတော်ဆီ သွားလိုသွားနဲ့ ငွေကုန်တာပဲ အဖတ်တင်ကြတာပေါ့”
“ဘာပဲဖြစ်ဖြစ်လေ၊ ကြိုတင်ကာကွယ်ထားတာ ကောင်းတာပေါ့”
“ဒါကတော့ ကောင်းပါတယ်၊ တစ်ခုရှိတာက သွေးမတိုးအောင် အငန်မစားဘဲနေတာတို့၊ ဘာတို့လောက် လုပ်စရာ မလိုသေးပါဘူး၊ တကယ်ဖြစ်လာမှသာ လျှော့စားသင့်တာပါ၊ သွေးတိုးတယ်ဆိုတာက အငန်ဓာတ်ကြောင့်လို့ တစ်ထစ်ချ ပြောလို့မရဘူး၊ တခြားအချက်အလက်တွေ ရှိသေးတယ်၊ တခြားရောဂါ တစ်ခုခု ... ဥပမာ ကျောက်ကပ်ရောဂါကြောင့်လည်း သွေးတိုးဖြစ်လာနိုင်တယ်၊ အဲ ... ဘာကြောင့်ဖြစ်ရတယ်ဆိုတာ အကြောင်းတရား ရှာမတွေ့တာမျိုးလည်း ရှိသေးတယ်”
“အကြောင်းတရား ရှာမတွေ့တာ ... ဟုတ်လား”
“ဟုတ်တယ် ... ဒေါ်လေးအနေနဲ့တော့ သိပ်ပူစရာ မရှိပါဘူး၊ ဒေါ်လေးရဲ့ ကိုယ်အလေးချိန် အစားအသောက် အနေအထိုင်က သင့်တင့်မျှတမှု ရှိပါတယ်၊ ပြီးတော့ ဒေါ်လေးက စိတ်လည်းချမ်းသာတယ် မဟုတ်လား”
ဒေါ်နုနုက ပြုံးပြီး တစ်စုံတစ်ရာကို စဉ်းစားနေသည်။
* * *
ညဘက် ရုပ်မြင်သံကြားအစီအစဉ် ပြီးပြီဆိုလျှင် အိမ်ရှေ့လသာဆောင်မှာ မိသားတစ်စု ဝိုင်းထိုင်ပြီး ထွေရာလေးပါး စကားပြောတတ်ကြသည်။ များသောအားဖြင့် လုပ်ငန်းခွင်အတွင်းမှာ၊ ကျောင်းမှာ တွေ့ကြုံခဲ့ရသော ရယ်စရာမောစရာ အကြောင်းများသာ ဖြစ်သည်။
စကားပြောရင်း စားစရာတစ်ခုခု စားကြပြီး ကိုယ်နှစ်သက်ရာ အရည်တစ်မျိုးမျိုး သောက်ကြသည်။ အရင်ကဆိုလျှင် ဒေါ်နုနုသည် သစ်သီးရည်တစ်မျိုးမျိုးကို သောက်လေ့ရှိသည်။ ခုနောက်ပိုင်း မယ်လ်ကိုဗာကို ပြောင်းသောက်နေသည်။
ဦးအောင်မြတ်ထွန်းက ဒေါ်နုနုကို စောင်းငဲ့ကြည့်ပြီး ...
“ခုတလော နည်းနည်းဝလာသလိုပဲ”
“ဟုတ်တယ်ကိုကို၊ ထမင်းလည်း ပိုပြီး စားလာနိုင်တယ်”
“မေမေက ဝလာပေမယ့် ပုံမပျက်သေးပါဘူး ဖေဖေရာ၊ လှတုန်းပါပဲနော်”
သမီးကြီးက ဝင်ပြောသည်။ သားငယ်ကလည်း ...
“ဟုတ်တယ်မေမေ၊ ဟိုတစ်ခါ သားကို ကျောင်းလာကြိုတော့ မေမေလည်း ပါလာတယ်လေ၊ မေမေ့ကို သူငယ်ချင်းတွေက မြင်သွားတော့ ဘာပြောတယ်မှတ်သလဲ၊ မင်းတို့အစ်မက တယ်လှပါလားတဲ့၊ မေမေ့ကို သားရဲ့အစ်မ မှတ်လို့တဲ့”
ရယ်ကြသည်။
မနေ့ညက ဗီဒီယိုသုံးကား ဆက်တိုက်ကြည့်ထားသဖြင့် အိပ်ရေးပျက်ခဲ့ကြသည်။ နေ့လည်ကလည်း မအိပ်ဖြစ်ခဲ့ကြ။ ထို့ကြောင့် စောစောအိပ်မည်ဟု စိတ်ကူးပြီး ကိုကိုနှင့် သားသမီးများကို နှုတ်ဆက်၍ စကားဝိုင်းမှ ထလိုက်သည်။
ခေါင်းထဲ မိုက်ခနဲ ဖြစ်သွား၏။ ကုလားထိုင်နောက်မှီကို ကိုင်၍ ထိန်းထားလိုက်ရ၏။
“ဘာ ... ဘာဖြစ်တာလဲ”
“နု ... ဘာဖြစ်တာလဲဟင်”
ကိုကိုက လက်မောင်းကို လာကိုင်၏။
“အိပ်ရေးပျက်လို့ ထင်ပါရဲ့၊ ခေါင်းနည်းနည်း မူးတာပါ၊ ဘာမှ မဖြစ်ပါဘူး”
“အို ... ဘယ်ဟုတ်မလဲ၊ အိပ်ရာပေါ် လှဲနေလိုက်၊ ကိုကို လိုက်ပို့မယ်၊ သမီးက ဆွေဆွေ့ဆီကို ဖုန်းဆက်စမ်း၊ သားက ကားယူပြီး သွားခေါ်ခဲ့”
* * *
ဆွေဆွေက ဒေါ်နုနုကို စမ်းသပ်သည်။ သွေးဖိအား တိုင်းကြည့်သည်။ မကျေနပ်သေးသဖြင့် နောက်တစ်ကြိမ် ထပ်တိုင်းသည်။ ပြီးတော့ ...
“ဆွေဆွေမရောက်တာ ဒီတစ်ပတ်ပဲ ရှိပါသေးတယ်၊ ဘယ်လို ဖြစ်သွားတာလဲ”
“မိုက်ခနဲ ဖြစ်သွားတာပါပဲကွယ်၊ အရင်က မဖြစ်ဖူးဘူး”
“သိပ်တော့ အရေးမကြီးပါဘူးလေ၊ နည်းနည်းပါးပါးပါ၊ စိုးရိမ်စရာ မရှိပါဘူး၊ ဆေးလေးဘာလေး သောက်လိုက်ရင် ကောင်းသွားမှာပါ”
ဦးအောင်မြတ်ထွန်းက ဘာဖြစ်တာလဲဟု စိုးရိမ်တကြီး ဝင်မေးသည်။ ဆွေဆွေက ...
“သွေးဖိအားက တစ်ရာ့ငါးဆယ် ကိုးဆယ်ဆိုတော့ သွေးနည်းနည်းတိုးတယ် ဆိုရမှာပဲ”
“သွေးတိုး ... ဟုတ်လား”
သွေးတိုးဟု ဒေါ်နုနု ခပ်တိုးတိုး ရေရွတ်သည်။ စိတ်ထဲကတော့ ကျိတ်၍ ဟင်းချလိုက်၏။ နောက်တစ်ကြိမ် သူတို့ မိန်းမချင်းဆုံကြလျှင် ကိုယ်ဖြင့် လန့်သွားတာပဲကွယ် ဟု အစချီကာ သူ့အဖို့ ပြောစရာ စကားတစ်ခု ရသွားပြီဖြစ်သည်။ သို့မဟုတ်လျှင် သူများတကာတွေ ကြားထဲမှာ မဝင်ဆံ့သလို ခံစားရသည်။
ကိုယ်က ချမ်းလည်းချမ်းသာသည့်အပြင် အရာရှိကတော်ကြီး တစ်ယောက်လုံးလုပ်နေပြီး သွေးတိုးကလေးမှ မရှိဘူးဆိုလျှင် ရှက်စရာကြီး မဟုတ်လား။
-----------
မင်းလူ
ချယ်ရီ၊ နိုဝင်ဘာ၊ ၁၉၈၄။
No comments:
Post a Comment