Mar 24, 2017

မောင်ဝါဝါနှင့် ဖေ့စ်ဘုတ်ရွာတည် မြန်မာပြည်

မောင်ဝါဝါနှင့် ဖေ့စ်ဘုတ်ရွာတည် မြန်မာပြည်
.
“ဖေ့စ်ဘုတ်က ဘဝမဟုတ်ပါဘူး”ဟု အမြဲပြောလေ့ရှိသော မောင်ဝါဝါ တစ်ယောက် အခုတော့ အဲဒီလိုတွေ မပြောနိုင်တော့။ ဘာလို့ဆို အဲဒီ ဖေ့စ်ဘုတ်ကြီးပေါ်မှာပဲ မနားမနေ အလုပ်ရှုပ်နေ သောကြောင့် ဖြစ်သည်။ အရင်က သုံးခဲ့ဖူးသော လူမှုကွန်ယက် ဝက်ဘ်ဆိုက်တွေလို ဖေ့စ်ဘုတ်လည်း သိပ်ကြာကြာမခံ၊ အချိန်တန်ရင် ဂျောင်းမှာပဲဟု ယုံကြည်ခဲ့သော်လည်း အခုထိတော့ သူက ပန်းပန် လျက်ပဲ။ မောင်ဝါဝါသာ ခံယူချက်တွေ ပြောင်းသွားသည်။
.
အခုကျတော့လည်း ဖေ့စ်ဘုတ်ကလွဲရင် မောင်ဝါဝါ ဘာကိုမှ မယုံကြည်တော့ပြီ။ ဟိုတလော ကပဲ ကြည့်လေ။ ငလျှင်လှုပ်သည်။ လှုပ်တာမှ သုံးကြိမ်ဆက်တိုက်။ ပြင်းသလား မပြင်းသလား မမေးနဲ့၊ တိုက်ကြီးဖက်မှာဆို အိမ်တွေပြိုသည်၊ လူတွေ ဒဏ်ရာ ရသည်။ ဒီလောက် လှုပ်တာတောင် မောင်ဝါဝါ ဘာမှမသိလိုက်။ လှုပ်တယ်ဟုလည်း မခံစားရ။ တိုက်ခန်း (၄)လွှာပေါ်မှာ စာထိုင်ရေး နေခဲ့သည်။ သူငယ်ချင်းတွေ စိတ်ပူလို့ ဖုန်းဆက်တော့ မောင်ဝါဝါက မယုံ။ ဒီလောက် အပြင်းအထန် လှုပ်တာတောင် မသိလိုက်ဘူး ဆိုတော့ ဘယ်လိုမှ မဖြစ်နိုင်ဟုပဲ ထင်သည်။ ဖေ့စ်ဘုတ် ဖွင့်ကြည့်တော့ လူတိုင်းနီးပါး အဲဒီအကြောင်း ရေးထားတာ တွေ့သည်။ အဲဒီကျမှ ယုံပြီး မောင်ဝါဝါ ကြောက်ဖျား ဖျားသွားတာ နှစ်ရက်။
.
အကယ်ဒမီ ပေးပွဲလည်း ဒီလိုပဲ။ သူငယ်ချင်းများနှင့် အတူတူထိုင်ကြည့်သည်။ ဆုတစ်ခု ကြေညာတိုင်း မောင်ဝါဝါ မျက်မှောင်ကြုတ်သည်။ ဖေ့စ်ဘုတ် ဖွင့်ကြည့်သည်။ ပြီးမှ ခေါင်းညိတ်ကာ ထောက်ခံသည်။ ပထမတော့ မသိသာသေး။ နှစ်ဆုကနေ သုံးဆု ဖြစ်လာတော့ သူငယ်ချင်းတွေက မေးသည်။ ဘာလုပ်တာလဲတဲ့။ ဘယ်သူ ဘာဆုရသွားလဲ တက်ကြည့်တာ ဆိုတော့ အားလုံး ကြောင် ကုန်သည်။ အခုပဲ သူတို့နဲ့ အတူတူ တီဗီမှာ ထိုင်ကြည့်နေတာ။ ဘယ်သူ ဘာဆုရတယ် ဆိုတာကို မောင်ဝါဝါ ကိုယ်တိုင် မျက်လုံးကြီးနဲ့ မြင်ပြီး နားရွက်ကြီးနဲ့ ကြားနေတဲ့ ကြားထဲက ဘာလို့များ ဖေ့စ်ဘုတ်ထဲ ဝင်ကြည့်ရသလဲပေါ့။ “တကယ်ဟုတ်မဟုတ် သေချာအောင် တရားဝင် အတည်ပြုတာ” ဟု မောင်ဝါဝါ ခပ်တည်တည် ပြန်ဖြေတော့ အားလုံးလက်လန်ကုန်သည်။
.
တကယ်တော့ အဲဒါက မောင်ဝါဝါ တစ်ယောက်တည်း ဖြစ်နေသည့် ပြဿနာမဟုတ်။ လူတိုင်း နီးပါး အဲဒီလို ဖြစ်ကုန်တာ။ ဖေ့စ်ဘုတ်က လူတိုင်း၏ ဘဝ ဖြစ်ကုန်တာ။ မောင်ဝါဝါတို့ ဖေ့စ်ဘုတ် ပေါ်မှာ လူမှုဆက်ဆံရေး လုပ်ကြသည်။ ပရဟိတ လုပ်ကြသည်။ စီးပွားရေး လုပ်ကြသည်။ ဘောလုံးပွဲ ကြည့်သည်။ အော်စကာ ဆုပေးပွဲကြည့်သည်။ အဆိုတော်တွေ ဆိုရင်လည်း သူတို့အခွေကို အပြင်မှာ မရောင်းခင် ကတည်းက ဖေ့စ်ဘုတ်ပေါ်မှာ ပရိုမိုးရှင်း ဆင်းကြသည်။ နိုင်ငံကျော် ဆယ်လီဘရစ်တီတို့ လက်ရှိ ဘာလုပ်နေတယ် ဆိုတာကို ဖေ့စ်ဘုတ်ပေါ် စဉ်ဆက်မပြတ်တင်ပြီး ပရိသတ်ကို အသိပေး ကြသည်။ ပရိသတ်တွေကလည်း အဲဒါကို စောင့်ကြည့်ပြီး ဝေဖန်တာ၊ အကဲဖြတ်တာ လုပ်ကြသည်။ ကိုယ့်မှာ ရှိသမျှ ကိုယ်စွမ်း ဉာဏ်စွမ်း ဗဟုသုတ အစရှိတာတွေကို ဖေ့စ်ဘုတ်ပေါ်မှာ အစွမ်းကုန် အသုံးချကုန်ကြသည်။
.
မောင်ဝါဝါ့ကိုပဲကြည့်။ နာမည်ကျော် အဆိုပြိုင်ပွဲ တစ်ခုမှ နာမည်ကျော် ပြိုင်ပွဲဝင် အဆိုတော် ကောင်မလေး တစ်ယောက်ကို သိပ်ကြည့်မရသည်နှင့် “ရုပ်မြင်တာနဲ့ စိတ်ပုပ်မှန်း သိသားပဲ” ဟု ရေးမိတော့ “ဆရာက အင်္ဂဝိဇ္ဇာ ဆရာလား” ဆိုပြီး ဗေဒင်မေးချင်လို့ လာစုံစမ်းကြတာ အယောက် သုံးဆယ်လောက် ရှိသည်။ နောက်တစ်နေ့ ကိုယ့်ဓာတ်ပုံလေး ကိုယ်တင်မိတော့ ဝဋ်လည်တာပဲ။ “အောင်မယ်.. ဒီအကောင် သူများကျ လျှောက်ပြောတယ်၊ သူ့အခွက်ကျ သူအားမနာဘူး၊ ခုနစ်ရက် ခုနစ်လီ ဟော့ပေါ့စားရင်း ထိုင်ကြည့်တာတောင် ၃၇၆ ကို တစ်ပွင့်မှ မလျော့တဲ့ အင်္ဂါရုပ်၊ မျက်နှာက ဖောသွပ်ပြီး အချိန်ပြည့် အမူးလွန်နေလို့ အိမ်ပြန်မရောက်ခင် ခုနစ်မိုင်အလိုမှာ ဓာတ်တိုင်ဖက်အိပ် နေရတဲ့ ဥပဓိ၊ လူထူထူထဲ လှမ်းတွေ့လိုက်တာနဲ့ အစစ်အဆေး အမေးအမြန်းမရှိ ခါးပိုက်နှိုက် မျက်နှာကျနဲ့ ကျက်သရေအတိပြီးတဲ့ မျက်နှာကြီး” စသဖြင့် ဝိုင်းပြီး ကောင်းချီးပေးလိုက်ကြတာ ကိုယ့်ဟာကိုယ် ရှက်ပြီး အရင်နေ့က အဆိုတော်မလေးကို ရေးထားသည့် စာတွေ အမြန်ပြန်ဖျက် ရသည် အထိပဲ။
.
အဲဒါကလည်း မောင်ဝါဝါ တစ်ယောက်တည်း ဖြစ်တာမဟုတ်။ လူတိုင်းနီးပါး၊ အကုန်လုံး လိုလို ဖြစ်နေကြတာ။ စကြာဝဠာလောက် ကြီးကျယ်တဲ့ ကိစ္စပဲ ဖြစ်ပစေဦး။ စွယ်စုံရ ဖေ့စ်ဘုတ် ပညာရှင်များနှင့် တွေ့လျှင် အကုန်လုံး အဆင်ပြေသွားမည်။ ရန်ကုန်မြို့ကြီး ရေခြောက်ရက် ပြတ်မလား.. လာထား။ ဘယ်ကနေ ဘာလုပ်ပြီး ဘယ်လိုသွယ် ဘယ်လိုပေးလျှင် ဘယ်လို အဆင်ပြေ သွားမည့် အကြောင်းတွေ ဖတ်ရမည်။ နိုင်ငံရေး ပညာရှင်များ ဖြေရှင်းရန် ခက်ခဲပြီး ကြန့်ကြာသည့် ကိစ္စမျိုး ရှိသလား.. လာထား။ ဖေ့စ်ဘုတ်မှ နိုင်ငံရေး ပရောဟိတ်များ၏ မှတ်ချက်များ ဖတ်လိုက်လျှင် အဲဒါတွေ ပြေလည်ရုံမက စင်ကာပူကိုပင် သုံးမိနစ်နှင့် ကျော်တက်သွားနိုင်လောက်သည်အထိ ဖြစ်စေ ရမည်။ ကမ္ဘာကျော် ဘောလုံးအသင်း တစ်သင်း ရှုံးပွဲဆက်နေပြီလား.. လာထား။ ဖေ့စ်ဘုတ်လောက ဘောလုံးမန်နေဂျာများ၏ အကြံပြုဆွေးနွေးချက်များ ဖတ်လိုက်လျှင် ဆယ့်ငါးနှစ်ဆက်တိုက် ရှိသမျှ ဖလား သိမ်းကျုံးယူနိုင်လောက်သည့် နည်းစနစ်များ သင်ယူသွားနိုင်သည်။
.
ငွေများ တရားနိုင်ခေတ်မှသည် လေများ တရားနိုင် ခေတ်ဆီသို့ ချီတက်လာကြပြီ။ ယုတ်စွ အဆုံး ဖေ့စ်ဘုတ် တီထွင်သူ မာ့ခ်ဇူကာဘာ့ဂ် ပင်လျှင် အနေအထိုင် နည်းနည်းလေး မှားမယ် မကြံနဲ့။ လေနှင့်ပင် နှစ်ပြားမတန်အောင်၊ ဘုံဖျားမှ ခြုံ ကြားသို့ ကျသွားလောက်အောင် စွမ်းဆောင် နိုင်သော လေစွမ်းကောင်းများ ရှိနေပြီ။ ဒီအဖြစ်တွေကို ပြန်တွေးပြီး သေသေချာချာ သုံးသပ်ကောက်ချက်ချ ကြည့်လိုက်တော့ လှလှပပ တင်စားစရာ ဥပမာသင်္ကေတ တစ်ခုကို ရလိုက်သည်။ ကမ္ဘာဟာ ရွာကြီး တစ်ရွာ ဖြစ်လာပြီဟု တင်စားကြမည် ဆိုပါစို့၊ မောင်ဝါဝါတို့၏ မြန်မာပြည် ဖေ့စ်ဘုတ် ရပ်ဝန်းကြီး သည်ကား စွယ်စုံရ ပညာရှင်ပေါင်း များစွာ စုစည်းနေထိုင် လျက်ရှိပြီး အချိန်ပြည့်နီးပါး ငြင်းခုံ အော်ဟစ်လျက်ရှိသည့် ဆူညံပွက်လောရိုက်နေသော ရပ်ကွက်ကြီး တစ်ခုပင် ဖြစ်လေတော့ သတည်း။
.
သူရဿဝါ
၂၀ - မာ့ခ်ျ - ၂၀၁၇
NetGuide Journal, Volume (4), Issue (79)
#trtw_satire

No comments:

Post a Comment