“ တို့များ ငယ်ငယ်တုန်းက ”
ဒေါ်ငြိမ်းအဖို့ ညတိုင်း စကားလုံးများကို မျိုချနေရသည်။ သူများတွေ တီဗွီကြည့်စဉ် အနှောင့်အယှက် ဖြစ်မည်စိုး၍ ပါးစပ်ကို ပိတ်ထားရ၏။ သည်နေရာ သည်အိမ်မှာက သူ့စကားကို မည်သူမှ စိတ်မ၀င်စားနိုင်ကြ။ ညဦးပိုင်းတွင် မြ၀တီ ရုပ်မြင်သံကြားမှ တရုတ်ကားများကို ကြည့်ကြမည်။ ကြော်ငြာလာခိုက်မှာ ထမင်းစာားကြလိမ့်မည်။ ည (၈) နာရီခွဲလောက်ကျ စာဖတ်သူ ဖတ်၊ အိပ်သူ အိပ်။ သူသည်သာ ဧည့်ခန်းထဲမှာ ကိုယ့်ခြေသလုံး ကိုယ်နှိပ်ရင်း ကျန်နေရစ်ရသည်။
၉ နာရီခွဲ ၁၀ နာရီလောက်ကျ တူမတွေနှင့် မြေးတွေ တီဗွီရှေ့ ရောက်လာပြန်သည်။ ကော်ဖီသောက် မုန့်စားရင်း၊ ပြီးတော့ ကျန်ကျောင်း ဖြစ်ဖြစ်၊ ခိုင်ဖုန်းတရားရုံးနှင့် ကြွက်ငါးကောင်ကို ဖြစ်ဖြစ် ကြည့်၊ ပြီးရင် မီးပိတ်…အိပ်။
မျက်စိဝေဒနာကြောင့် တီဗွီရှေ့မှာ ထိုင်ဖို့ပင် မစဉ်းစားရဲသော ဒေါ်ငြိမ်းနွယ်သည် “ ကျန်ကျောင်းက ဘယ်လို၊ လုရီက ဘယ်ညာ ” ဆိုသည့် စကားဝိုင်းထဲမှာ ဘယ်လိုလုပ်ပြီး ၀င်ဆံ့ရှာမည်နည်း။ သူနှင့် တူ၊ တူမများ၊ မြေးများကြားတွင် ပြောစရာ စကားသည် ရှားပါးလျက်။
တို့ငယ်ငယ်တုန်းက ဆိုတာတွေတော့ ကလေးတွေကို ပြောပြချင်မိသည်။ သူ ဖြတ်သန်းခဲ့ရသည့် နှစ်ကာလတွေပင်။ သူ့အသက် (၇၀) ကျော်ပြီ။ နှစ်တွေ၊ နေ့တွေ၊ လတွေ ဘယ်လိုလုပ်ပြီး ကုန်ဆုံးသွားခဲ့ပါသလဲ။ တစ်ခါတလေတော့ ကလေးဘ၀က ယာထဲလိုက်ရင်း ပဲကောက်၊ ပြောင်းဖူးချိုး လုပ်ခဲ့တာတွေ သတိအရသား။
အဖေက အိမ်ခြံဝင်းကျယ်ကြီးထဲမှာ တလင်းကြီးလုပ်ပြီး ငရုတ်တွေအပြည့် လှန်းသည်။ မိုးရိပ် လေရိပ် မြင်တိုင်း ငရုတ်တွေကို တောင်းတွေနှင့်သယ်ကာ အိမ်အပေါ်ထပ် ကြမ်းပြင်မှာ ပြန်လှန်းရတာ သတိရသည်။ ငရုတ်တွေက တောင်လိုပုံလျက်။ နီရဲမှည့်ဝင်းနေသည့် တောင့်ပွကြီးတွေ။
ငရုတ်တစ်တောင်း ရောင်းပြီး ရှံအင်္ကျီလေးတစ်စ ၀ယ်ဝတ်ခဲ့တာ သတိရသည်။ သည်တုန်းက အသက် ၁၇ နှစ်၊ ၁၈ နှစ်လောက်တော့ ရှိလောက်ပြီ။ ငရုတ်ဖောက်သည် ဒေါ်ညှာက -
“ ဟဲ့ ကလေးမ၊ နက်ဖြန်လည်း တစ်ပိဿာလောက် ယူခဲ့ဦး ”
ဒေါ်ညှာကို ရောင်းဖို့ ငရုတ်ကို အလေးချိန်စီးအောင် ရေကလေး ဆွတ်ပေးလိုက်သည်။
“ ဟယ်…. ကလေးမနှယ်၊ ကျုပ်က အသေအချာ ယူမယ်မှာလို့ အလေးချိန်တိုးအောင် ရေတွေ ထိုးလာပြီ ”
“ မဟုတ်တာ အရီးရယ်၊ ငရုတ်က ခြောက်တော့ ကျိုးကြေကုန်မှာ စိုးလို့ပါတော့ ”
ဘာပဲဖြစ်ဖြစ် ဒေါ်ညှာက မှာပြီးသားဆိုတော့ ပိုက်ဆံထုတ်ပေးလိုက်သည်။ ထိုပိုက်ဆံနှင့် ရှံအင်္ကျီလေး နှစ်စ ရသည်။ သူ့အောက်က ညီမ သိန်းနွယ်နှင့် တစ်ယောက် တစ်စစီ ချုပ်ဝတ်ကြသည်။
ရွာမှာ ဘုရားပွဲတွေ၊ အလှူတွေရှိလျှင် ဘွားအေကြီးက ဆွဲကြိုး၊ လက်ကောက်တွေ ဆင်တတ်သည်။
“ ဗျာပါဆံရယ်က တစ်ဖက် တစ်ဆုပ်၊
မုတ်ပုတီးရယ်က တစ်သွယ် နှစ်သွယ်၊
မမလေးရယ် ရွှေခြေကျင်း ၀ါဝင်းလှတယ် ”
အလှူလှည့်ပွဲက သီချင်းသံတွေပင် နားထဲမှာ ပြန်၍ ကြားယောင်လာ သယောင်ယောင်။ ဘွားအေကြီးက စေးနှဲစိစစ်သည်။ အလှူအတန်းက ပြန်လာလျှင် ပြန်ချွတ်၊ ပြန်သိမ်း၊ ဘယ်နေရာ ၀ှက်လို့ ၀ှက်ထားမှန်းမသိအောင် အိုးတစ်လုံးနှင့် မြေမြှုပ်ထားတတ်သည်။ အဖေက ပွဲစားလုပ်ပြီး ရသည့်ငွေတွေနှင့် မြေတွေ တစ်ကွက်ပြီး တစ်ကွက် ၀ယ်ရင်း မြေပိုင်ရှင်ကြီး ဖြစ်လာခဲ့သည်။ နွယ်တမယ်ဘက်မှာ ဘွားအေကြီး လယ်တွေက လက်ညှိုးထိုး မလွဲနိုင်။ ဘွားအေကြီးသည် သူ့ကို သည်အခြေအနေ ရောက်အောင် လုပ်ကျွေးလာသော်လည်း ဖအေကို အကောင်းမမြင်။ မောင်ညွန့် သမီးတွေကို မျက်နှာသာမပေး။ သမီးကမွေးသည့် မြေးတွေကိုပဲ ဦးစားပေးခဲ့၏။ အဓိကကတော့ ချွေးမကို ကြည့်မရခဲ့။
ဘွားဇာခင် အလွန်ဆင်းရဲစဉ် မုဆိုးမဘ၀ ရောက်စက ရွာမှာ မုန့်ပျားသလက် ရောင်းရ၏။ မုန့်သည်သား မောင်ညွန့်ကို ကြေးရတတ်သမီး မယ်နှင်း၏ မိဘတွေက သဘောမမျှခဲ့။
“ မုန့်သည်မသားနဲ့ မပေးစားနိုင်ဘူး ”
ရှင်နှင်းက ဖြူဖြူနုနု သေးသေးကွေးကွေးကလေး၊ ရွာမှာ လှသည်ဟုထင်ပေါ်သည်။ ရှင်နှင်းတို့ ညီမတစ်တွေက လက်ကြောမတင်းကြ။ အလှပြင်သည်။ စက်ချုပ်သည် ဆိုတာကလည်း ကိုယ့်ထဘီ ကိုယ့်အင်္ကျီပဲ ချုပ်ဝတ်ကြ၏။
ထိုရှင်နှင်းကို အဖေက မရမက ယူခဲ့ပြီး နေပူပူ၊ ဖုန်ထူသော လမ်းအတိုင်း ရွာစဉ်လျှောက်ပြီး ဈေးရောင်းရသည့် မုန့်သည်မ ဘ၀သို့ ပစ်ချခဲ့လေသည့် အဖေသည် မိန်းမကို ယူရုံသာ ယူခဲ့ပြီး ရှာဖွေလုပ်ကိုင် မကျွေးခဲ့။ ရသမျှငွေကို သူ့အမေ (ဘွားအေကြီး) လက်သို့ပဲ အပ်ခဲ့လေသည်။ သို့တိုင် ဘွားအေကြီးခြံထဲမှာ အိမ်ဆောက်ဖို့ အဖေက ပြောတော့ -
“ ဟင်း ဒီထဲမှာ ဆောက်ဟဲ့ ” လို့ ခပ်ကြမ်းကြမ်း တုံ့ပြန်ခဲ့သေးသည်။
အမေ မုန့်ရောင်းလို့ရတာနှင့်ပင် ခြံဝယ်ပြီး အိမ်ဆောက်ခဲ့ကြသည်။ ခြံတစ်ခြံ အိမ်တစ်လုံးဖြစ်လာဖို့က အမေ့နောက်သို့ ဈေးရောင်းလိုက်ရသည့် သူတို့ ညီမတစ်တွေ၏ ချွေးစက်တွေလည်း စွန်းပေလို့ နေခဲ့သည်လေ။
မြစ်ရေကြီးချိန်မှာ အပေါ်က ကုန်ခြောက်တောင်း ခေါင်းရွက်ပြီး လည်ပင်းလေးထိပဲ ပေါ်နေသော ရေထဲမှာ ကျွဲလိုနွားလို ကူးပြီး ကိုင်းထဲကို ဈေးရောင်းခဲ့ရတာတွေ၊ ခွေးလိုက်ဆွဲလို့ ပြေးခဲ့ရတာလေးတွေ ခုတော့ ပြန်သတိရသား။
ကိုင်းထဲက ဆီးသီးတွေကလည်း ချိုပါပေ့။
ဆီးသီးတွေ ပေါ်ချိန်မှာ တလင်းထဲ ကြွေနေတဲ့ ဆီးချိုသီးတွေကိုမှ မကောက်အားအောင် အခင်းရှင်တွေ အလုပ်များချိန်မို့လား။ ပဲ နှမ်း၊ ငရုတ်က အရေးကြီးတော့ အခင်းအလုပ်တွေနှင့်ပဲ လှိုင်နေကြလို့ ဆီးသီးတွေသာ မြေမှာမှည့်ဝင်းနေပြီး ကြွေရာကနေ နီညိုရောင် ခြောက်သယောင်း သွားကြတော့တာပဲ။ အဲဒီတုန်းက ဆီးချိုသီးတွေ ၀မ်းသာအားရကောက်ပြီး ပလုတ်ပလောင်း စားခဲ့ကြ၊ ကင်းတွေ မြွေတွေ မကြောက်နိုင်ဘဲ ဟိုချုံသည်ချုံတိုး ဆီးသီးကောက်ခဲ့ကြတာပဲ။
“ သည်မှာ တင်တင်လင်းရဲ့၊ တို့ငယ်ငယ်တုန်းက ဆိုရင်လေ….. ”
LCCI Level II ဖြေဖို့ စာကျက်နေသည့် မြေးမကလေးကလည်း နားမထောင်ချင်။ အပြင်ထွက်လည်ဖို့ စိတ်စောနေတဲ့ (၁၀) တန်း အောင်ပြီးစ မြေးကလေးကလည်း သူ့အဘွားကြီး ခါးကိုဖက်ပြီး ကိုယ်လုံးကြီးကို မွှေ့ယမ်းနှုတ်ဆက်သွားတာကလွဲလို့ စကားစမြည် ပြောဖို့ရာ သူ့ကို အချိန်မပေးနိုင်ကြ။ ဒဂုံတက္ကသိုလ် သမိုင်းဌာနမှာ ကထိက ဖြစ်နေသည့် တူမ အပျိုကြီးကလည်း ဆယ်တန်းကျူရှင်၊ အဝေးသင်ဝိုင်းတွေက ပြန်လာပြီး မောလွန်း၍ သူ့အဒေါ်စကားကို နားမထောင်ချင်။ သည်တော့လည်း ဟိုတုန်းက ဆိုတာတွေ ဘယ်သူ့ကိုဘယ်လို ပြန်ပြောရမည် မသိတော့။
ငယ်ငယ်တုန်းက ချူချာလွန်းသဖြင့် ပိုးမွေးသလို မွေးခဲ့ရပြီး ခုတိုင်လည်း သူ့ထက် ကျန်းမာရေး ချို့တဲ့လှသည့် အထွေးဆုံး ညီမသည် တီဗွီက လာသည့် တရုတ်ကားတွေလောက် သူ့အစ်မ စကားကို မစွဲလမ်းနိုင်ပေ။ ဘာကြောင့်လဲဆိုတော့ ညီမ ဘ၀ကျ ငြိမ်းနွယ်တို့ သိန်းနွယ်တို့ ဘ၀တွေလောက် ဆင်းရဲပင်ပန်းမှုမဖြစ်တော့။ ဓားပြရန် ကြောက်ရသည်နှင့် မြို့ရောက်ကာ စာတတ်ပေတတ် ကျောင်းဆရာမကလေးဖြစ်ပြီး အိမ်ထောင်ကျပြီး သျှောင်နောက်ဆံထုံးပါခဲ့လေသည်။ ခုတော့ သည်ညီမ သားသမီးတွေ မြေးတွေ ပွားစီးလို့ မထားခဲ့လျှင် ကိုညွန့်တို့ မနှင်းတို့ မျိုးဆက်သည် တိမ်ကောလို့ပင် သွားလောက်လေသည်။
အဖေနှင့် အမေကတော့ ရွာမှာ ဘုရားဆွမ်းလုံးပွဲတွေမှာ ပွဲကြည့်ရင်းတွေ့ခဲ့ကြသတဲ့။ ဒါကြောင့်ထင်ရဲ့၊ သမီးတွေ ပွဲကြည့်တာ မကြိုက်။ ညီမက ကလေးတွေ မွေးပြီး တူ၊ တူမတွေ ရမှပင် ကလေးတွေ အကြောင်းပြပြီး ပွဲတွေ ဘိုင်စကုတ်တွေ ကြည့်ရတော့သည်။ ဟိုတုန်းက ဆိုလျှင်တော့ အဖေက ညတိုင်းဝတ်ရွတ်ခိုင်းသည်။ ဓမ္မစကြာ ရွတ်ခိုင်းသည်။ ဘုန်းကြီးကျောင်းကို လှူဖို့ နေကထိုင်တွေ ချုပ်ခိုင်းသည်။ သည်လိုနှင့် အဖေ့သမီး အကြီးမတွေလည်း အပျိုဟိုင်းကြီးတွေ ဖြစ်ကုန်ရော။
ဟိုတုန်းကတော့ မုန့်သည် ဈေးသည်မို့ ပင်ပန်းတာကလွဲလျှင် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ငယ်တယ် မထင်။ ယာထဲကိုင်းထဲ သွားလို့ကတော့ ဟိုက ခေါ်ချင်၊ သည်က ကျွေးချင်၊ ဘယ်အခင်း ဘယ်ယာထဲ ၀င်စားစား မိတ်ဆွေရင်းချာတွေလိုပါပဲ။ အမေ့နောက်က ကုန်ခြောက်တောင်းကို ရွက်ပြီး ယာတွေ ကိုင်းတွေထဲ လျှောက်သွားရလျှင် ပျော်လို့များပင် နေခဲ့သည်။ ခရမ်းရောင် လိပ်ပြာပုံ ပန်းပွင့်ကလေးတွေ ပွင့်နေသည့် စားတော်ပဲညွန့်တွေ၊ ကုလားပဲညွန့် စိမ်းစိမ်းကလေးတွေလည်း လက်တစ်ဆုပ်ကြီး ခူးပေးလိုက်ကြတာပဲ။ မုန့်တို့ ငါးခြောက်တို့ ဆိုတာကလည်း ပဲနှင့် လဲသည်။ နှမ်းတို့ ငရုတ်တို့နှင့် လဲသည်။ ပြောင်းဖူးဆိုတာ ဘယ်အခင်း ၀င်ချိုးစားစား၊ အခင်းရှင်က စိတ်မဆိုးသည့်အပြင် အိမ်မှာ ပြုတ်စားဖို့ပင် ကိုယ်တိုင် ချိုးထည့်ပေးလိုက်တတ်ကြသည်။ သီးနှံမပေါ်ခင်တော့ စာရင်းသာမှတ်ထားပေရော့၊ မုန့်တွေများ အလကားဝေသလို ကုန်သည်။ မုန့်တွေဆိုတာကလည်း ထန်းသီးရနံ့ ချိုမွှေးနေသည့် ထန်းသီးမုန့်တွေ၊ မုန့်ဖက်ထုပ်တွေ၊ ထန်းလျက်ရည် ဆမ်းထားသည့် မုန့်ကြွပ်တွေ။
ကလေးအရွယ်တုန်းကဆိုလျှင်၊ “ အမေ…. မုန့် ” လို့ ဆိုလိုက်လျှင် အမေက စဥ့်အိုးတွေနှင့် ထည့်ထားသည့် ပဲလှော်တွေနှင့် ထန်းလျက်တွေ လက်တစ်ဆုပ်ကြီး ယူပေးတတ်သည်။ သီတင်းကျွတ်မှာဆိုလျှင် မုန့်ဆီကြော်တွေ၊ မုန့်ပဲဆုပ်တွေ၊ မုန့်ဖက်ထုပ်တွေ တောင်းတွေနှင့်တောင် ဝေကြရသည်။
“ ငါတော့ ကိတ်မုန့်ကို တို့ဆီက ထန်းသီးမုန့်လောက် မကြိုက်ပါဘူးအေ ”
လို့ ပြောလိုက်လျှင် သည်အရပ်က အုန်းသီးဖြူးပြီး သကြားနှင့် စားရသည့် အ၀ါရောင် ထန်းသီးမုန့်(ထန်းသီးရနံ့လည်း မရ) နှင့်ပဲ နှိုင်းယှဉ်သိသည်။ ကလေးတွေက ပိုလွန်းသည်လို့ ထင်လေမည်။ သည်တော့လည်း သည်ရန်ကုန်မှာက မြန်မာမုန့်တွေ ပေါများလှသော်လည်း အညာကို လေးငါးဆယ်နှစ်နေလို့ တစ်ခါ မရောက်တော့သည့် ကလေးတွေက နားမလည်နိုင်မှာ အမှန်။ တူ တူမတွေ ငယ်ငယ်တုန်းကတော့ အမေ့လက်ကျအတိုင်း ထန်းသီးမုန့်နှင့် မုန့်ကြွပ် လုပ်ကျွေးလျှင် ကလေးတွေ သူ့ဘေးမှာ ၀န်းရံလျက်။ ဟိုတုန်းကတော့ သည်ညီမ၏ ကလေးများသည် သူ့ရင်ခွင်ထဲမှာ ငါးရာ့ငါးဆယ် ဇာတ်တော်တွေ၊ ဇိနတ္ထပကာသနီနှင့် ကြီးပြင်းရလေသည်။ အလီဘာဘာနှင့် ခိုးသားလေးဆယ်အကြောင်းပြောပြတိုင်း အလီဘာဘာက ကျောက်ဂူကြီးကို ခိုးသားဓားပြတွေ ပြောသလို -
“ ပွင့်လော့နှမ်း ” ပြောလိုက်တာနဲ့ ဂူကြီးလည်း ပွင့်သွားတာပေါ့။
ကလေးတို့၏ မျက်လုံးများ တောက်ပခဲ့ကြတာကို သတိအရသား။ ခုတော့ သမိုင်းဆရာမကလည်း သူ့ပုံပြင်တွေကို နားထောင်ချင်မှာ မဟုတ်တော့။ ကလေး မြေးငယ်လည်း မရှိ။ သည်အိမ်မှာ ပျင်းပါဘိ။
သူ ကလေးများကို ချစ်ချင်သည်။ အညာမြို့ကလေးမှာပဲ ဈေးရောင်းရင်းပျော်သည်။ မျက်စိဝေဒနာကြောင့်သာ ရန်ကုန်လာပြီး ဆေးခန်းပြနေရသည်။ သူ့မြို့သို့ ပြန်ချင်လှပြီ။
ဝါတွင်းဆိုလျှင် ဆွမ်းလုံးပွဲတွေကို လွမ်းသည်။ မနက်စောစောမှာ အရုဏ်ဆွမ်း ထချက်ပြီး ဘုရားတွေကို ဆိုင်းဝိုင်းနှင့် လှည့်လည်၍ ဆွမ်းကပ်ကြတာကို လွမ်းသည်။ ဥပုသ်သည်တွေကို လက်ဖက်ကမ်းချင်သည်။
“ တို့ဆီမှာ ဥပုသ်စောင့်ရင် အကမ်းအလှမ်းတွေ သိပ်ရတာပဲ။ သည်မှာက ပျင်းရိပျင်းခြောက်ကြီး ”
အဖေ့နှမက မွေးသည့် သူ၏ ညီမ၀မ်းကွဲများ၊ ၀မ်းကွဲတူမတွေ၊ ၀မ်းကွဲတူတွေက ပေါက်ဖွားကြလေသည့် မြေးများကို သတိရသည်။ သည်တူ၊ တူမ၀မ်းကွဲတွေကမှ သူနှင့် နီးစပ် ရင်းနှီးသေးသည်။ “ ငါ့ကို နင်းစမ်းဟဲ့၊ နှိပ်စမ်းဟဲ့ ” ပြောလို့ရသလို ကလေးမြေးငယ်များကိုလည်း ချီ၍ ချော့မြှူရ၏။
“ မောင်သိုက်သားမို့ ဗလက သိပ်ထွားတာပဲ၊ မြှူလိုက်ရင်လည်း သိပ်အရယ်သန်တာ ”
အသက် (၇၀) ကျော် အဘွားအို၏ အနားမှာထိုင်၍ စကားစမြည် ပြောဖို့ထက် ညဥ့်ယံ တရုတ်ကားတွေပဲ စွဲလမ်းနေကြသည့် မိသားစုကြားမှာ သူသည် ပျင်းရိပျင်းခြောက်ကြီး ဖြစ်လို့လာ၏။
“ တို့များ ငယ်ငယ်တုန်းကလေ…. ”
ဘယ်သူ့ကို ပြောရမည်နည်း။
သည်ခေတ်လူတွေဟာလေ ဘာကိုမှ မသိချင်ကြဘူး။ သူတို့ စီးပွားရေး၊ သူတို့ အလုပ်၊ သူတို့ အခွင့်အလမ်းတွေကလွဲရင် ဘာကိုမှလည်း စွဲစွဲလမ်းလမ်း မရှိကြဘူး။ ဒေါ်ကြီးရယ်၊ အဘွားရယ်လို့ ငါ့ကို ခေါ်ပြီး ဆေးကုပေးတာပဲ ကျေးဇူးတင်လှပါပြီလေ။ အို … ငါ့စကားကို နားမထောင်ချင်လည်း နေပစေပေါ့။ သက်ပြင်းချမိသည်။
ကုက္ကိုပင်ရိပ်က ကွပ်ပျစ်ကလေးပေါ်မှာ အနှိပ်ခံရင်း ဟိုအကြောင်း သည်အကြောင်း ရောက်တက်ရာရာပြောကြသော အိမ်နီးချင်းများကိုလည်း လွမ်းလာ၏။
အိမ်နီးချင်းများပင် ယခင်က လူဟောင်းတွေ တော်တော်များများ သွားနှင့်ကုန်ကြပြီ။ ဒေါ်ငြိမ်းနွယ်ကလည်း အသက်ဖြင့် ရေတွက်လျှင် သေဖို့ နီးလေပြီ။ အိမ်မှာတော့ မိုးကုတ်ဆရာတော်ဘုရားကြီး၏ ‘ ငါသည် မုချသေရမည်၊ အချိန်ပိုင်းသာ လိုတော့သည် ’ ဆိုသည့် စာကို ကပ်ထား၏။
သမိုင်းစာသင်သည့် သူ၏ တူမ ကထိက အပျိုကြီးသည်ပင် သူ၏ ဟိုတုန်းကကို နားမထောင်ချင်ခဲ့။ သည်လိုနှင့်ပင် လူတွေ အိုမင်းပြီး သေသွားကြ၊ ပြောစရာစကားတွေ ချန်မထားနိုင်ခဲ့ကြ။ ဒီခေတ် လူတွေမှာတော့ ရွှေတွေ၊ အ၀တ်အစားတွေ၊ တီဗွီတွေ၊ ကက်ဆက်တွေ၊ တိုက်တွေ၊ ကားတွေကလွဲလို့ စကားစမြည် အရသာကို လုံးဝ မခံစားတတ်ကြတော့ဘူး ထင်သည်။
အမေ့တုန်းကလည်း ဒီလိုပဲ ထင်ပါရဲ့။
“ ရှင်ငြိမ်းရယ်၊ အမေ ငယ်ငယ်တုန်းက ဆိုရင်လေ….. ”
“ အို အမေကလည်း ဒါတွေ မပြောပါနဲ့၊ တရားမှတ်နေစမ်းပါ၊ မသေခင် စိတ်ကောင်းကောင်းမွေး၊ အမေ စားချင်တာ ၀ယ်ကျွေးမယ် ”
အဖေကတော့ သူတို့ကို မြည်တွန်တောက်တီးရုံနှင့် ဘုရားအကြောင်းပြောရုံကလွဲလို့ ဘယ်တော့မှ ငယ်ငယ်တုန်းကလို စားမြုံ့ပြန်လေ့ မရှိ။ ခုတော့ အမေလည်း မရှိတော့။ အမေ့ရဲ့ ငယ်ငယ်တုန်းက ဆိုတာလည်း မကြားရတော့။ အမေသည် မြေးတွေကိုပင် ပြောမသွားရရှာဘူး ထင်သည်။ ဒါလည်း အမေ့ကို ၀ဋ်လည်ခြင်း တစ်မျိုးပဲ ထင်ပါရဲ့။ အမေသာ ရှိသေးရင် -
“ ရှင်ငြိမ်းရယ်၊ ညည်းနဲ့ငါ ညမိုးချုပ်ကြီး ချောင်းရေတွေ ကြီးလာလို့ ခွေးကူး နွားကူး ကူးခဲ့ကြရတာလေ ”
သည်လို စကားစလာရင် -
“ ဟုတ်ပါ့ အမေရယ်၊ သည်တုန်းက ကျုပ် နှာခေါင်းပေါက်ထဲ ရေတွေဝင်လာလို့ အမယ်လေးလေ သေတောင် သေမယ် ထင်နေတာ ” လို့ ပြန်ပြောလိုက်ချင်သည်။
ဘွားအေကြီး မယ်ဇာခင်ကို ဓားပြတွေ ဖမ်းပြီး ရိုက်တုန်းက၊ ဘွားအေကြီးရဲ့ ပေါင်ကို ဓားနဲ့ တစွက်စွက်ထိုးပြီး ရွှေအိုးဘယ်မှာ မြှုပ်ထားသလဲလို့ အဖော်ခိုင်းတုန်းက သူတို့ ပုန်းနေသည့် ရိုးထဲက ကြားလောက်အောင် ငယ်သံပါအောင် အော်လိုက်သည့် ဘွားအေကြီး အသံတွေ ကြားယောင်လာပြန်သည်။
ဓားပြရန် ကြောက်၍ ရွာကို စွန့်ခွာပြေးခဲ့ရပုံ၊ ဘွားအေကြီးကို မြို့ဆေးရုံမှာ အကြာကြီး ဆေးကုခဲ့ရပုံတွေ၊ ဒါတွေကို အမေနှင့် အတိုင်အဖောက်ညီညီ ပြန်လို့ ပြောချင်သည်။ မြို့ရောက်တော့ ဆွေမျိုးတစ်ယောက်၏ အိမ်နောက်ဖေးက အဖီလေးမှာ နေခဲ့ကြရသည်။ သည်လိုနှင့် သူ အထည်တွေရောင်းပြီး မြို့ကလေးမှာ ခြံဝိုင်း ၀ယ်နိုင်အောင် ကြိုးစားခဲ့ရတာ ရွာက အိမ်ကြီးကို သယ်ပြီး ပြန်ဆောက်နိုင်ခဲ့တာတွေ။
ခုတော့ ခက်သည်။
တို့ငယ်ငယ်တုန်းက ဆိုတာတွေကို နားထောင်မည့်သူကား ရှိမနေပေ။
×××××××××××××
ဒေါ်ငြိမ်းနွယ်မှာ အညာမြို့ကလေးသို့ပြန်ရောက်ပြီး မကြာခင်မှာ ကွယ်လွန်သည်။ ဒေါ်ငြိမ်းနွယ်၏ အိမ်အောက်မှာ ရွှေအိုးတစ်လုံး မြှုပ်ထားခဲ့ကြောင်း သတင်းစကားကိုလည်း ထားခဲ့လေသည်။
ရန်ကုန်မှ ရောက်လာကြသည့် ညီမနှင့် တူမများ၊ မြေးများသည် မျက်ရည်စမ်းစမ်းဖြင့် အိမ်၏ကြမ်းပြင်မှ အုတ်ခဲကို ခွာ၍ နေရာအနှံ့ ရှာကြ၏။
သမိုင်းဆရာမသည် ကျောက်ခဲများကြား သဲများဖြင့် ဖုံးကွယ်ထားသည့် ရွှေရောင် မြေအိုးတစ်လုံးကို တွေ့လျှင် မျက်လုံးများ ၀င်းလက်သွားခဲ့သည်။
အိုးကား ပျူခေတ်၊ ပုဂံခေတ် အိုးတစ်လုံး မဟုတ်ပါပေ။ ထိုမြို့ကလေး၏ လယ်ကွက်များမှရသည့် ရွှံ့စေးများကို မီးဖုတ်ကာ တစ်နှစ်ပင် မကြာခင်က ပြုလုပ်ခဲ့သော တာအိုးအရွယ် သာမန် အိုးကလေးတစ်လုံးပင်။ အိုးကို ရွှေရည်သုတ်ထား၏။
အဖုံးပိတ်ထားသော အိုးကို တုန်ယင်သော လက်ဖြင့် ဖွင့်လိုက်သည်။
ဗလာစာရွက်များအပ အိုးထဲမှာ ဘာမျှ ရှိမနေခဲ့။ ဗလာစာရွက်ဆိုလျှင် ရွှေများရှိရာ ညွှန်ပြမည့် မြေပုံတစ်ပုံပင်လား၊ ဘွားအေကြီး မဆုံးခင် သူ မြှုပ်ခဲ့သည့် ရွှေအိုးနေရာကို ဒေါ်ကြီးအား ကျိတ်၍ ပြောပြခဲ့လေသလား။
မဟုတ်ပါပေ။
လက်ရေး မညီမညာဖြင့် ကြောင်ခြစ်သလို ရေးထားသည့် စာရွက်များပေတည်း။ ဗလာစာရွက်များတွင် တို့ငယ်ငယ်တုန်းကဖြင့် စတင်၍ ထားလေသည်။ ဒေါ်ငြိမ်း နှုတ်ဖြင့် ပြောပြ၍ မသွားရရှာသည့် သူ့ဘ၀ သမိုင်းစာများတည်း။
ခင်မြဇင်
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ ဇန်န၀ါရီလ၊ ၂၀၀၁
No comments:
Post a Comment