Mar 24, 2017

မောင်ဝါဝါနှင့် ကြောက်.. ဆက်ကြောက်သရော်စာ

မောင်ဝါဝါနှင့် ကြောက်.. ဆက်ကြောက်သရော်စာ
.
မောင်ဝါဝါ သရော်စာ ပြန်ရေးဖြစ်ပြီ။ ပြန်ရေးဖြစ်ပြီလို့ ပြောကတည်းက မရေးဖြစ်ခဲ့တာ ကြာပြီဟု သိနိုင်သည်။ မရေးဖြစ်ဘူး ဆိုတာလည်း ကိုယ့်အကြောင်းနဲ့ကိုယ်။ သူငယ်ချင်း၊ မိဘ ဆွေမျိုး၊ ဆရာသမားများကတော့ ပြန်ရေးစေချင်ကြ၏။ မောင်ဝါဝါကလည်း ပြန်မပြော နားမထောင် ပေခံ၏။ ရေးကား မရေး။ သူငယ်ချင်းတွေက မောင်ဝါဝါ အပျင်းထူနေတာဟု ဝေဖန်ကြသည်။ နေပစေ.. ပြောချင်တာပြော၊ မရေးရဖို့ အရေးကြီးသည်။ မောင်ဝါဝါ့ အဖေကလည်း နှစ်ရက် တစ်ခါ လောက် နှုတ်ခမ်းကြီး စူ၍တစ်မျိုး၊ မျက်စောင်းကြီး ထိုးလျက်တစ်ဖုံ စာပြန်ရေးဖို့ အားမလို အားမရ ပြောသည်။ မောင်ဝါဝါ မလှုပ်။ ဆရာဖြစ်သူ ဦးဇာဂနာဆိုလျှင် သတိရတိုင်း လှမ်း, လှမ်းပြောသည်။
.
“ကောင်လေး.. ဇာတ်ညွှန်းတွေချည်း ရေးမနေနဲ့၊ ကိုယ့်အတွက် မကျန်ဘူး၊ စာရေးဟ၊ စာရေးမှ ကိုယ့်အတွက် ကျန်တာ”
ဟူ၏။ မောင်ဝါဝါ တဟီးဟီး တဟဲဟဲနှင့် ရူးသလို ပေါသလို လုပ်ပြီး ကြံ့ကြံ့ခံသည်။ “ဟွန်း.. သူများတကာ ခံစားချက်ကိုတော့ ထည့်မတွက်ကြဘူး” ဟုလည်း တိုက်တွန်းသူများ အားလုံးကို ကြိတ်ပြီး စိတ်ကောက်လိုက်သေး၏။ အမှန်တော့ ရေးချင်တာပေါ့။ ရေးစရာတွေလည်း ဒီလောက် များတဲ့ ခေတ်ကာလကြီးကို၊ အားရပါးရ ရေးပစ်လိုက်ချင်တာ ပေါ့။ ဒါပေမဲ့ အဲသလို ရေးစရာတွေ များလွန်းလို့ကို မရေးဘဲနေတာ။ ဘာလို့လဲဆိုတော့.. ကြောက်လို့။ ဘာကြောက်တာလဲဆိုတော့ ဟိုဟာကြီး။ ဘယ်ဟာကြီးလဲဆိုတော့ ၆၆-ဃ ဆိုတဲ့ဟာကြီး။ အဲဒီ ဟာကြီးအကြောင်း အခုပြောရ တာကို တော်တော်ကြောက်နေပြီ။ စိတ်နဲ့ပင် မပြစ်မှားရဲ။
.
မောင်ဝါဝါက အနည်းငယ် ထုံသည်။ ဥပဒေတွေ၊ ပုဒ်မတွေ အကြောင်းလည်း သိပ်ပြီး စေ့စေ့ ငုငု မရှိတော့ အဲဒါတွေနဲ့ ပတ်သက်လျှင် ပိုဆိုးသည်။ အရင်က Electronic Act ဟူသည့် ၃၂၊ ၃၃-ခ ဆိုတာကြီး ပေါ်လာတုန်းကလည်း အူတူတူနှင့် ကိုယ်လိုရာ ဆွဲတွေးသည်။ အီလက်ထရောနစ် ဥပဒေ ဆိုတော့ မီးမှန်မှန်မပေးတဲ့ EPC ရုံးတွေကို တရားစွဲဖို့လား မသိဘူးပေါ့။ အောင်မယ်.. တွေးရင်း ပျော်တောင် ပျော်နေလိုက်သေး။ ကိုယ်ကလည်း အီလက်ထရောနစ်ဆိုလျှင် ဒီလိုခံစားချက်မျိုးပဲ ရှိတာ ဆိုတော့ ဒါအရင် ပြေးမြင်မိတာကိုး။ နောက်ပိုင်း အဲဒီပုဒ်မကြီးနဲ့ အီးပီစီကို မဖမ်းဘဲ ဦးဇာဂနာတို့၊ ကိုနေဘုန်းလတ်တို့ အဖမ်းခံရတော့ ယောင်တောင်တောင်နှင့် နောက်တစ်မျိုး ပြောင်းတွေးသည်။ အီးပီစီအတွက် ကာကွယ်ပေးတဲ့ ပုဒ်မ ဖြစ်ရမယ်၊ သူတို့တွေ မီးမလာလို့ အီးပီစီကို ဆဲမိလို့များ အဖမ်း ခံရသလားပေါ့။
.
နောက်မှ ကွန်ပျူတာတွေ၊ အင်တာနက်တွေ သုံးတာနဲ့ ငြိစွန်းဆက်နွယ်ပြီး အဖမ်းခံရတာမျိုး လို့ သိရသည်။ အဲဒီတုန်းကလည်း ကြောက်တာပဲ။ ကိုယ်လည်း ဒါတွေသုံးနေ၊ အင်တာနက်တွေ ကွန်ပျူတာတွေနဲ့ ပတ်သက်တဲ့ သရော်စာတွေ စရေးနေပြီကိုး။ ၆၆-ဃ ကျတော့ ဆက်သွယ်ရေး ဥပဒေတဲ့။ ဒီတစ်ခါတော့ သေချာပြီ။ အင်တာနက်တွေ ဈေးကြီးပြီး နှေးအောင်လုပ်တဲ့၊ ဖုန်းလိုင်း မကောင်းဘဲ ဖုန်းဘေလ်အများကြီးဖြတ်တဲ့ ဆက်သွယ်ရေး ကုမ္ပဏီတွေကို ဖမ်းမယ့်ဟာကြီး ဖြစ်မယ် ပေါ့။ ဝမ်းသာလွန်းသဖြင့် မျက်ရည်များတောင် လည်ရှာသေး။ သိမှ မသိတာ။ နောက်မှ.. အားပါးပါး ဘွာတေး ဆောရီး တသီကြီး ဖြစ်ကုန်သည်။ ဆက်သွယ်ရေး နည်းစနစ် တစ်ခုခုကိုသုံးပြီး တစ်စုံ တစ်ယောက်ကို အသရေ ပျက်အောင်လုပ်တာ၊ စော်ကားတာမျိုးကို ဖမ်းမယ့်ဟာကြီးကိုး။
.
အစကတော့ သိပ်မကြောက်။ နင်လည်း နင့်ဟာနင်နေ၊ ငါလည်း ငါ့ဟာငါနေဟု တွေးသည်။ သိပ်မကြာ၊ ကိုယ်နဲ့ သိတဲ့လူတွေရော မသိတဲ့လူတွေရော တဖြုတ်ဖြုတ် ပါကုန်သည်။ အာမခံ မရ၊ အစစ်အဆေး အမေးအမြန်းမရှိ၊ ကွိခနဲ။ ကိုယ်လုပ်လုပ် မလုပ်လုပ်၊ တစ်ဦးဦးက ကိုယ်လုပ်သယောင် ဖန်တီးပြီး၊ နာမည်တပ်ပြီး စွဲတာနဲ့ မြန်မာကားတွေထဲကလို မဟုတ်ဘဲ ဦးဦးရဲကြီးတွေ ချက်ချင်း ရောက်လာ၏။ “စခန်းရောက်မှရှင်း” ဆိုတာကြီး ဖြစ်နေ၏။ ကွေးသောလက် မဆန့်မီတွေ၊ ဆန့်သောလက် မကွေးမီတွေ၊ မျက်တောင်တစ်ခတ် လျှပ်တပြက်တွေ၊ ကွမ်းတစ်ယာ ညက်တွေ ဆိုတာကမှ ကြာသေး၊ ဒါကြီးက အင်တာနက်ထက်မြန်၏။ ဂျက်လေယာဉ်ထက် မြန်၏။ အတင်း ကာရော မြန်၏။ မြန်ချင်တိုင်း မြန်၏။ နာမည်ကြီးချင်တိုင်း ကြီးလာ၏။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဆိုတာထက်ထူးသော လူတိုင်းကြောက်တဲ့ ခြောက်ဆယ့်ခြောက် ဖြစ်လာ၏။ ထို့ကြောင့် မောင်ဝါဝါလည်း ကြောက်ချင်တိုင်း ကြောက်လေ၏။
.
နေနိုင်ရိုးလား။ ကိုယ်အရင်က ခနဲ့တဲ့တဲ့ ရွဲ့တဲ့တဲ့ ရေးတာကို ခံခဲ့ရတာဟာတွေက ခုမှထပြီး ကိုယ့်မျက်စောင်းထိုးရင် ဘယ်လိုလုပ်မလဲ။ အဲဒါက နောက်ကြောင်း ပူရတာ။ လတ်တလော ကျတော့ ရော.. ကိုယ့်ရှေ့ ဘာဖြစ်နေနေ၊ စိတ်ထဲ ဘာကလိကလိ ဖြစ်ဖြစ်၊ မထိရဲ မတို့ရဲ မသရော်ရဲတော့။ တော်ကြာ ကောက်ချင်တဲ့ အဓိပ္ပါယ်ကောက်၊ ထင်ချင်သလိုထင်ပြီး တိုင်ချင်ရာ  တိုင်လိုက်လို့ ဖမ်းချင် သလို ဖမ်သွားမှအခက် ဖြစ်မည်။ အာမခံ မရတော့ ပိုဆိုးတာပေါ့။ ဆက်တောင် ရေး၍ရမည် မဟုတ်။ သရော်စာ ရေးတာနဲ့ ပတ်သက်ပြီး ဆရာဦးမင်းလူက မောင်ဝါ့ဝါ့ကို စကားတစ်ခွန်း ပြောဖူးသည်။
.
“သရော်စာဆိုတာ လက်ခုပ်နဲ့ လက်ဝါးကြား ပါးပါးလေး ရေးရတာကွ”
တဲ့။ ဆရာ ပြောတုန်း ကတော့ ဟုတ်တယ်လေ။ အဲဒါကြီးမှ မပေါ်သေးတာ။ အခုကျတော့ လက်ခုပ်နဲ့ လက်ဝါးကြားမှာ လက်ထိပ်ကြီးပါ တွဲပြီး ပေါ်လာသည်ကို မောင်ဝါဝါ မြင်ယောင် မိတာကိုး။ ဒါဖြင့် အခုကျတော့ရော ဘာလို့ သရော်စာ ပြန်ရေးသလဲဟု မေးလျှင်လည်း ကြောက်လို့ ရေးတာဟုပင် ပြန်ဖြေပါမည်။ ဘာလို့ဆို မောင်ဝါဝါ စာမူမပေးတော့လို့ Net Guide အယ်ဒီတာချုပ် မဥမ္မာသန်းက မောင်ဝါဝါ့ကို နဂိုကတည်းက သိပ်ကြည်တာမဟုတ်။ အခု သူစိတ်ကြည်တုန်း စာမူတောင်းတာကိုပါ ထပ်မပေးဘူး ငြင်းလျှင် အမှုဆင်ပြီး မောင်ဝါဝါ့ကို ဟိုဟာကြီးနဲ့ တရားစွဲတော့ ဘယ်လိုလုပ်မတုန်း။ အဲဒါ ကြောက်တာနဲ့ပဲ ပြန်ရေးရတာ ဖြစ်သည်။ မောင်ဝါဝါ့ စာမူကို မထည့်လျှင်လည်း မဥမ္မာသန်းကို မောင်ဝါဝါက ဟိုဟာကြီးနှင့် တရားပြန်စွဲရန် စဉ်းစားထားပြီးသား။
.
ဟိုဟာကြီး၊ ဟိုဟာကြီးဟု ပြောနေတာကို ဗွေမယူကြပါနှင့်။ အဲဒီ ဟိုဟာကြီး၏ မူရင်းအမည် ကို ပြောမယ်ကြံတိုင်း မောင်ဝါဝါ့ ပါးစပ်က ခြောက်ဆယ့်ခြောက်ဟု မထွက်တော့ဘဲ ကြောက်.. ဆက် ကြောက်ဟုသာ ထွက်နေလို့ ဖြစ်၏။ ဒီလောက် ကြောက်ချင်တိုင်း ကြောက်နေတယ်ဆိုလည်း ဘာလို့ အဲဒီအကြောင်းကိုပဲ သရော်စာ လုပ်ရေးသလဲဟု မေးစရာရှိပြန်၏။ ဘယ်တတ်နိုင်မလဲ။ ဘာ အကြောင်း ရေးရကောင်းမလဲဟု အမျိုးမျိုးအဖုံဖုံ လှည့်ပတ်စဉ်းစားလိုက်တိုင်း ဟိုဟာကြီးသာ ခေါင်းထဲရောက်, ရောက်လာ၊ မျက်လုံးထဲ ပြေး, ပြေးမြင်လာသဖြင့် မျက်လုံးစုံမှိတ် ရမ်းကြိတ်လိုက်ရ ခြင်း ဖြစ်လေတော့သည်။
.
သူရဿဝါ
၀၄ - ဖေဖော်ဝါရီ - ၂၀၁၇
#trtw_satire

No comments:

Post a Comment