Jun 24, 2017

ပုစွန်တွင်း (ရသစာတမ်း)

ပုစွန်တွင်း (ရသစာတမ်း)
______________________ဓီရာလင်း
#ဩဂုတ်၂၀၁၂ပြုံးစရာမဂ္ဂဇင်း။

လေဖိအားများ၍ မြေသင်းနံ့ခေါ် မိုးနံ့သင်းသင်း ရှူရှုက်မိလေတိုင်း ငယ်ငယ်က မိုးဦးကာလကို မှတ်ဉာဏ်က အလိုလိုပင် သွားရောက်ပွတ်သပ်နေမိတတ်သည်။ ကျွန်တော်တို့အရပ်တွင် `မိုးစနေ၊ လေရာဟု´ဆိုသော မိုးလေဝသ ဟောကိန်းလေးတစ်ခု ရှိပါသည်။ မိုးမပါဘဲ လေချည်းတိုက်မည်ဆိုလျှင် အနောက်မြောက်အရပ် ရာဟုထောင့်မှ တဝေါဝေါ လေတိုးသံပေး၍လည်းကောင်း၊ မိုးများ၍ ရေပါမည်ဆိုလျှင် အနောက်တောင်အရပ် စနေထောင့်မှ တိမ်ပုပ်များ စတင်ပြိုကျ၍လည်းကောင်း သည်ဟောကိန်းကို အတည်ပြု ပြဋ္ဌာန်းပေးကြလေသည်။ `မိုး စနေ´ကို မိုးဦးကာလတွင်လည်းကောင်း၊ `လေ ရာဟု´ကို နွေဦးကာလတွင်လည်းကောင်း သိသာမြင်သာနိုင်ပါသည်။

တစ်ခါတလေ အရှေ့တောင်အရပ်မှ မိုးသက်ဆင်၍ လာတတ်သော်ငြား စနေထောင့်မှလာသောမိုးလို ရေမပါ။ ကွက်ကြားမိုးပြေးအဆင့်မျှသာ ရှိလေသည်။ ပြန်တွေးကြည့်လျှင် ငယ်ငယ်က မိုးဦးသည် အခုချိန်မိုးဦးနှင့်ပင် မတူဟု ထင်မိသည်။ တစ်ခုခု လျော့သွားလေသလားဟူသော အတွေးဖြင့် ရှာကြည့်သော်လည်း မတွေ့။ နောက်မှ အတွေးရသည်။ လူအတော်များများမှာ လွမ်းမောဖွယ် ကလေးဘဝတော့ ကိုယ်စီရှိကြမြဲပဲ မဟုတ်လား။ ယင်းအလွမ်းအမောကို ဘာနှင့်မှ ယှဉ်၍ မလဲနိုင်သည်ကလည်း ပုထုဇဉ်ပီသမှုပဲ ဖြစ်သည်။ ဪ လွမ်းဖွယ့် ငယ်ဘဝမိုးဦးပေကိုး။

***

ကျွန်တော်တို့အိမ်က ရွာစွန်တောစပ်မှာ။ လယ်တောထဲ အသွားအပြန် အိမ်ရှေ့က စမ်းချောင်းတစ်လျှောက် ဖြတ်သွားရသဖြင့် ရေကူးသံ၊ နွားမောင်းသံများ မပြတ်ကြားနေရသည်။ လယ်တောထဲက တေးကြူသံ၊ နွားငေါက်သံများကိုလည်း လှိုင်လှိုင်ပင် ကြားနေရသည်။ ကျွန်တော်တို့လယ်ကွက်ကလေးက အိမ်နှင့် ချောင်းသာခြားသည်။ တစ်ခါတစ်ရံ ကျွန်တော်က အစ်ကို သို့မဟုတ် အဖေ လယ်ထွန်နေသည်ကို လယ်ကန်သင်းပေါ်ထိုင်၍ ကြည့်နေမိတတ်သည်။ လယ်ထွန်ရင်း ပုစွန်လုံးတွေ့လျှင် ကျွန်တော့်ဖို့ဟု ဆိုကာ သူတို့ ပစ်ပေးတတ်ပါသည်။ ထိုအခါ ကျွန်တော်က အပြေးကောက်၍ ရေဆေးပြီး မီးဖုတ်စားလေတော့သည်။ ပုစွန်လက်မ ကြီးကြီးပါလျှင် သာ၍ပင် သဘောကျသေး၏။ ကျွန်တော်တို့အရပ်၌ ကဏန်းဟူသော အခေါ်အဝေါ်မရှိ။ ပုစွန်လုံးဟုသာ ခေါ်သည်။ ပုစွန်လက်မကိုလည်း အလွယ်တကူပင် အညှပ်ဟု ခေါ်သည်။ ယင်းသို့သော ပတ်ဝန်းကျင်မျိုးတွင် နားမျက်စိ ပွင့်လာရသူမို့လည်း -

"ဆေးတံတစ်ထွာ၊ ကိုက်ကာထွန်ရင်း
လယ်ကွက်ကယ် တစ်ခွင်၊ ထွန်ရေးငင်
ရေဝင် ပုစွန်တွင်းငယ်နှင့်လေး"ဟူသော ဝန်ကြီးပဒေသရာဇာ၏ တျာချင်းမျိုးကို စေးစေးပိုင်ပိုင် ခံစားနိုင်ခဲ့တာဖြစ်မည်။

***

ကျွန်တော်တို့မှာ နွမ်းပါးသော မိသားစုဖြစ်၍ ဟင်းချက်စရာလိုတိုင်း ဈေးသွားနိုင်သည်မဟုတ်ပေ။ တစ်ပတ်မှတစ်ခါပင် အနိုင်နိုင်။ ထိုအခါ ဟင်းအလွယ်တကူရနိုင်ရာ လယ်တောသို့သာ ပုံမှန်ထွက်၍ ဟင်းတစ်မယ်နှစ်မယ်စာ အရှာထွက်ရမြဲဖြစ်၏။ ရံခါ ခံတွင်းလိုက်မည့် ဟင်းအထူး စားချင်လာလျှင်လည်း လယ်တောထဲသို့ပင် ဖားရှာငါးရှာ ထွက်ရလေ့ရှိသည်။ အနည်းအပါးရလျှင် အိမ်တင်စားဖို့၊ များများရလျှင် ရွာလည်ရောင်းဖို့။ ကျွန်တော်ကတော့ အကုသိုလ်အကျိုးမပေးသူဟု ပြောရမည်လား၊ အစွမ်းအစ မရှိသူဟု ဆိုရမည်လား မသိ။ ဖားရှာငါးရှာ မကျွမ်း။ တစ်ခုတော့ ကျွမ်းကျင်သည်။ ပုစွန်နှိုက်။ ပုစွန်ကလည်း မိုးဦးတွင် အပေါများဆုံးဖြစ်၏။

တကယ်တွေးကြည့်လျှင် ယင်းသို့ ပုစွန်တွင်းနှိုက်ခြင်းသည် အန္တရာယ်များလှပါသည်။ သို့သော် အမိုက်အမဲအရွယ် ကျွန်တော်သည် အန္တရာယ်ကိုမသိသဖြင့် မကြောက်ခဲ့ပါ။ သို့မို့ကြောင့်လည်း ထိုစဉ်က ကျွန်တော်သည် တွင်းတွေ့လျှင် အလွန်နှိုက်ချင်ပါသည်။ ကျွန်တော်နှိုက်၍မရသော ပုစွန်သည် ကျွန်တော့်လက်နှင့် မမီနိုင်လောက်အောင် နက်သောတွင်း၌ နေသောကြောင့်သာ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်လက်တစ်ဆုံးနှိုက်၌ မမီသောတွင်းထဲက ပုစွန်သာလျှင် အသက်ချမ်းသာရာရသည် ဟူသတတ်။

ဆိုရလျှင် ကျွန်တော်နှိုက်၍မီသော ပုစွန်လုံးများသည် သာမန်လုံ့လဖြင့် တွင်းတူးနေထိုင်ကြသော ပုစွန်လုံးများ ဖြစ်ပါသည်။ သူများတကာထက် ပိုမိုလုံ့လစိုက်ပြီး ခပ်နက်နက်တူး၍နေသော ပုစွန်လုံးများကိုမူ နှိုက်၍မမီသဖြင့် ကျွန်တော်က ချမ်းသာပေးရပါ၏။ နဘယံ ဘေးမရှိ။ သည်နေရာမှာ `ပုစွန်နှိုက်တာများ စာဖွဲ့လို့´ဟု တစ်ယောက်ယောက်က အတွေ့အကြုံမရှိဘဲ ပြောလာငြားအံ့။ ကျွန်တော်က ထိုသူကို စိန်ခေါ်ကြည့်ချင်ပါသည်။ အမဲလိုက်မုဆိုးမှာ အမဲလိုက်ပညာလိုသလို ကျွန်တော်လို ပုစွန်နှိုက်မုဆိုးမှာလည်း ပုစွန်နှိုက်ပညာ လိုပါသည်။

တွင်းထဲကို တစ်စုံတရာ ဝင်လာသည်နှင့် တွင်းထဲက ပုစွန်လုံးက သိပြီးသားပင်။ အချို့က တွင်း၏ အစွန်ဆုံးထောင့်ထဲတွင် ပြားကပ်နေတတ်သည်။ ဒါဆို မခက်တော့။ လက်ဖြင့် အသာအုပ်၍ ကပ်ဆွဲလိုက်ရုံသာ။ တစ်ချို့က ရန်သူကို ကာကွယ်ရန် (တစ်နည်း နယ်ချဲ့ကို တွန်းလှန်တိုက်ထုတ်ရန်) သူတို့လက်မနှစ်ချောင်းကို အသင့်အနေအထား ကား၍ စောင့်နေတတ်သည်။ ဒါဆို ပညာလိုပြီ။ လက်ရှိ သူနေသောနေရာသည် တွင်း၏အဆုံး မဟုတ်သေးလျှင်လည်းကောင်း၊ အတွင်း၌ အနည်းငယ် ကျယ်လွင့်၍ ဂလိုင်ပေါက်လိုဖြစ်နေလျှင်လည်းကောင်း အညှပ်ခံရနိုင်ပါသည်။ အကြောင်းမူ သူတို့အကျင့်က ညှပ်၍ရှောင်ခြင်းဖြစ်ရာ မကျွမ်းဘဲ နှိုက်မိသူအဖို့ ပုစွန်မရဘဲ အညှပ်သာ ခံရကိန်းရှိသည်။ အကယ်၍ ပြေးစရာမရှိဘဲ ချောင်ကပ်၍ ရန်မူနေပါက အလစ်အငိုက်ကို အချိန်ယူစောင့်၍ ဗြုန်းခနဲ အုပ်ဖမ်းနိုင်ပါသည်။ သို့မဟုတ်လျှင် ယင်းပုစွန်လုံး၏ ကျောဘက်က အသာလှည့်၍လည်း အုပ်ဖမ်းနိုင်ပါသည်။ အချို့ကတော့ မိုက်မိုက်မဲမဲ အညှပ်ခံ၍ ဇွတ်ဖမ်းဆွဲတတ်သည်။ သည်နည်းမျိုးတော့ ကျွန်တော်သုံးခဲသည်။ ပုစွန်ဖမ်းရာတွင် ရင်ဘတ်ဘက်က အုပ်ဖမ်းလျှင် ဖမ်းနေရင်းပင် အညှပ်ခံရနိုင်သည်။ ကျောဘက်က အုပ်ဖမ်းပါမှ သူတို့ညှပ်ရခက်သဖြင့် ပို၍ အန္တရာယ်ကင်းသည်။

တစ်ခါတလေကျတော့ ကျွန်တော် ပုစွန်လုံးတွေဘက်က တွေးကြည့်ဖူးသည်။ ငါသာ ပုစွန်လုံးဆိုလျှင် လူတွေနှိုက်လို့မမီအောင် တွင်းကို ခပ်နက်နက်တူးပြီး နေမှာဟု။ သူများတကာထက် ပိုမိုအပင်ပန်းခံခြင်းသည် သေတာလောက်မဆိုး။ ပိုမိုအသက်ရှည်ရခြင်း အကျိုးသာရှိသည်။ အချို့ပုစွန်လုံးများက အပျင်းထူပုံရသည်။ သူတစ်ပါးတူးနေသွားသော တွင်းဟောင်းများ၌ အနည်းငယ်မျှ မွမ်းမံ၍ ဝင်နေကြရာ အလွယ်တကူ ဖမ်းမိတာများသည်။ အချို့ကမူ ကျောက်စရစ်ပေါသော နေရာ၌ ဟိုကွေ့သည်ကောက် တွင်းတူးထားရာ ကျွန်တော်တို့မှာ တွင်းကောက်သလို လက်က လိုက်မကောက်နိုင်ရကား လက်လွှတ်ရသည်ကများသည်။ ဒါကတော့ တွင်းတူးပညာဟု ဆိုရမည်။

သို့ဖြစ်ရကား တွင်းအောင်းပုစွန်လုံး တစ်ကောင်အဖို့ အသက်ကလေးရယ်တဲ့ ရှည်စေလိုပါလျှင် နံပါတ်တစ်အချက်၊ ကိုယ်ပိုင်တွင်း ရှိရမည်။ နံပါတ်နှစ်အချက်၊ သူတကာထက် ပိုမိုလုံ့လစိုက်၍ တွင်းနက်နက် တူးနေရမည်။ နံပါတ်သုံးအချက်၊ ပညာသုံး၍ တူးရမည်။ သည်လိုဆို နှိုက်ရခက်ပြီ။ ပုစွန်တွင်းကို ကြွက်တွင်းတူးသလို မည်သူမျှ တမင်သက်သက် ပေါက်ပြားဖြင့် မတူး။

***

အခုတော့လည်း ပုစွန်နှိုက်ရလွန်း၍ ဒဏ်ရာတွေမပြတ် ရနေလေ့ရှိခဲ့သော ကျွန်တော့်လက်ချောင်းများသည် စာရေးရလွန်း၍ အသားမာတက်နေသော လက်ချောင်းများ ဖြစ်နေလေပြီ။ ပညာရေးကြောင့် ရွာနှင့်ဝေးနေရတာလည်း နှစ်ချီနေပါပြီ။ သည်တော့မှ ဘဝမှာ ပုစွန်လုံးများလို ကိုယ်ပိုင်တွင်းတစ်တွင်း ရဖို့ဆိုတာ မလွယ်ပါလားဟု စာနာစွာ တွေးနေမိသည်။ မိုးလာသည်နှင့် ကိုယ့်မှာ အခိုင်အမာ ကာကွယ်ပြီးဖြစ်ပါမှ ဘဝက လုံခြုံတည်ငြိမ်မည်။

တစ်နေ့ကပင် ဇာတိသားရဟန်းတစ်ပါး ကျွန်တော့်ဆီ ကြွလာသေးသည်။ သင်္ကန်းဝတ်ဖြင့် သူမပျော်ပိုက်တော့ကြောင်း၊ သူ့ဆွမ်းခံအိမ်က ကားဝပ်ရှော့တစ်ခုတွင် အပ်ပေးမည်ဖြစ်ကြောင်း ဖွင့်ဟသည်။ သူသည် ကျွန်တော့်ကို နယ်သားချင်းမို့ ရင်ဖွင့်တာ ဖြစ်နိုင်သလို၊ ကောက်ရိုးတစ်မျှင် တွေ့လို့တွေ့ငြား လာရှာတာလည်း ဖြစ်နိုင်သည်။ မက္ကင်းနစ်အလုပ်သည် သူ့ကိုယ်ပိုင်တွင်း မဟုတ်မှန်း ကျွန်တော် ကောင်းကောင်းသိသည်ပင်။ ကျွန်တော်သူ့ကို ငေး၍သာ ကြည့်နေမိတော့သည်။

တကယ်တော့ ကျွန်တော်ကိုယ်တိုင်မှာလည်း စာပေလောကတွင် အန္တရာယ်ကင်း ဘေးရှင်းစွာ ကြာရှည်နေနိုင်ဖို့အရေး ကလောင်တစ်ချောင်းဖြင့် ကိုယ်ပိုင်တွင်း ခပ်နက်နက် တူးနေရတုန်းဖြစ်သည်။    ။