Mar 9, 2017

သစ္စာနီကဗျာများစုစည်းမှု

သစ္စာနီကဗျာများပေါင်းချုပ်( ၁ )
(မထုတ်ဝေဖူးတဲ့ကဗျာရှည်သုံးပုဒ်အပါအ၀င် )
========================
ဆောင်း
=======
စိမ့်အေးမှုဟာ သူ့သွားနဲ့
တို့ရဲ့အရိုးကို ကိုက်ထားတယ်
ရတုဦးဟာ
ပြာနှမ်းနှမ်းယိုစီးလို့၊
ကောင်းကင်မှာ
နေမင်းဟာအခဲပြုလို့။
မြောက်လေရဲ့ တောင်ပံစိုစိုမှာလည်း
နှင်းဆီရနံ့အစက်များ ပြောက်စွန်းလို့
နှင်းကြောင့်ငွေရောင်ပျော်ဝင်နေတဲ့မနက်ခင်းဟာ
(အသံအေးခဲ)တေးမြုံငှက်များနေရာ
မိုးမခပင်အရွက်များကြား
လဲကျလို့သွားပေါ့။
အရာဝတ္ထုတိုင်းဟာ
အေးစက်မှုမှာလောင်ကျွမ်း
ငြီးငွေ့ဖွယ်ရာတွန့်လိမ်
မြူထဲမှာ ဆိတ်ငြိမ်နေရဲ့။
.
သစ္စာနီ
***********************************
နားလည်မှု
===========
လိမ္မော်သီးတလုံးကိုခွေးတကောင်ဟုခေါ်ဆို၍
ခွေးတကောင်ကို လိမ္မော်သီးတလုံးဟု
ခေါ်ဆိုမည်ဆိုပါစို့။
ခွေးတကောင်သည်
သစ်ပင်ပေါ်မှာနေမည်
ဖန်ပုလင်းတလုံးထဲမှာနေမည်
ရေခဲသေတ္တာထဲမှာနေမည်
သင့်ရဲ့လျှာပေါ်မှာနေမည်။
လိမ္မော်သီးတလုံးသည်
အမြှီးနှံ့မည် ဟောင်မည်
ဗိုင်းရပ်စ်ပိုးဝင်နေတဲ့
အဲဒီလိမ္မော်သီးကို
သံကြိုးကြီးကြီးနဲ့ ချည်ထားရန် လိုအပ်သည်။
သစ္စာနီ
(ဟန်သစ် ၁၉၉၁ ဇွန်)
**********************************************
အော်ပရာ ( ၁ )
ငါးစာတပ်ထားတဲ့ ငါးမျှားချိတ်
ရက်လွန်ပန်းသီထားတဲ့ ငါးမျှားချိတ်
လျှာအရိုးမရှိတဲ့ ငါးမျှားချိတ်
လိင်တူခြင်းတပ်မက်တဲ့ ငါးမျှားချိတ်
ကွန်ဆာဗေးတစ်ပါတီဝင် ငါးမျှားချိတ်
လတ်လတ်ဆတ်ဆတ်ဝီစကီနံ့သင်းတဲ့ ငါးမျှားချိတ်
ကြိုးမစုံတဲ့ တယောသံလို ငါးမျှားချိတ်
ဖါသည်မနဲ့သားစပ်ထားတဲ့ ငါးမျှားချိတ်
ကတ္တီပါအနက်စွတ်ထားတဲ့ ငါးမျှားချိတ်
ခါးမှာဗျောက်ထိုးထားတဲ့ ငါးမျှားချိတ်
အမေရိကန်လုပ်နေကာမျက်မှန်နဲ့ ငါးမျှားချိတ်
အဲသလို...
ငါးမျှားချိတ်တွေပြည့်နေတဲ့ပင်လယ်မှာ
ငါးယောင်ဆောင်ထားတဲ့ ငါးမျှားချိတ်တွေဟာ
အများဆုံး တဲ့။
သစ္စာနီ
********************************************************
ကျွ န်ု ပ် ဖ က် က ကိ စ္စ များ
====================
ဒီ အ သီး ကို ဘ ယ် အ ပ င် က
ခူး သ လဲ လို့ သ င် တို့ ငါ့ ကိုေ မး ကြ
ဒီ အ င်္ကျီ ကို ဘ ယ် ဆို င် က
ချု ပ် ခဲ့ သ လဲ လို့ သ င် တို့ ငါ့ ကိုေ မး ကြ
ဒီ သ ရ ဖူ ကို ဘ ယ် သူ က
ေ ဆာ င်းေ ပး ခဲ့ သ လဲ လို့ သ င် တို့ ငါ့ ကို ေ မ း ၾက
ေ မ း ခြ န္ း မ် ာ း ဟ ာ
လွ် ာ မ် ာ း ကို အ ပ် င္ း ေ ျပ ေ စ တ ယ်
ငါ့ မှာ
ဝှ က် ထား တဲ့ေ တာ င် ပံ တ စ် စုံ ရှိ တ ယ်
ငါ့ မှာ
ဝှ က် ထား တဲ့ေ ကာ င်း က င် တ စ် ခု ရှိ တ ယ်။
သ စ္စာ နီ
**************************************************
မနက်ခင်းသြ၀ါဒ
=================
တိမ်တွေကို ကြည့်ပါ
လယ်ကွင်းတွေကို ကြည့်ပါ
ပြတင်းပေါက်ရှိတဲ့အိမ်မှာ နေပါ။
လက်ဖက်ရည်ဆိုင်ထိုင်ပါ
ဘ၀ကို တစ်ငုံစီ သောက်ပါ
သီချင်းတွေနဲ့ ရန်မဖြစ်ပါနဲ့။
ဖြတ်သွားဖြတ်လာတွေကို ငေးမော
ရာဇ၀င်ကို ငေးမော
မိမိကိုယ်မိမိ ငေးမောပေါ့။
နေရောင်ခြည် နောက်ကျတတ်တယ်
သတင်းစာ နောက်ကျတတ်တယ်
ချိန်းထားတဲ့ သူဟာလည်း…
နောက်ကျတတ်တာပါပဲ။
သစ္စာနီ
*******************************************************
လမ်းများ
====================
ဘယ်ကို စီးသွားပါလိမ့်
မြို့တော်ရဲ့ လမ်းများ။
ယိုင်ယွဲ့နေတဲ့ ဓါတ်တိုင်တွေကို ထူမတ်ဖို့
မာကျူရီတောအုပ်ရဲ့ အလယ်မှာ
သင် အင်အားရှိပါစ။
လမ်းဆိုတဲ့ နောက်တော့
ကောက်ကွေ့မှာပေါ့၊
ဟောဟိုမှာ သင်ခုံး
ဟော ဒီမှာ သင်ခွက်နေပုံက
အရှက်မဲ့စွာ သဘာဝကျ၊
ရုပ်သေးရုပ် ဇော်က ကနေသလို။
ဘာကို မျိုထားမှန်း မသိတဲ့လူတွေ
(တချို့ ဆိတ်ခြေထောက်၊
တချို့ ပန်းသီးတစ်ဖဲ့
တချို့ ကြက်ဥကြော်…အဲသလို)
ဘာကို မျိုထားမှန်း မသိတဲ့ သူတွေ
လူတွေကို မျိုထားတဲ့ ကားတွေ
ကားတွေကို မျိုထားတဲ့လမ်းတွေ
ဟွန်းသံတွေကို ပျို့အန်
တိုက်အိုများရဲ့ နံရံကို ရိုက်ခတ်
ပန်းခြံတွေလန့်အောင်
ပဲ့တင်ထပ်ခဲ့ပေါ့…။
သစ္စာနီ
*******************************************************
စနေနေ့၌ မိုးခိုခြင်း-
=================
ကောင်းကင်က…
ပင်လယ်တစ်ခု မှောက်ကျလာသမျို
မိုးဟာ…
နေရောင်ခြည်တွေ ရွှဲစိုလောက်အောင်ရွာလို့
အသံဗလံတွေ မျောပါသွားလောက်အောင်ရွာလို့
အချိန်နာရီတွေ နစ်မြုပ်ကုန်လောက်အောင်ရွာလို့။
ငါကတော့…
ချောင်ကျကျ လက်ဖက်ရည်ဆိုင်မှာ
မိုးခိုမိပေါ့။
ဟိုမှာ…
တံစိတ်မြိတ်အောက်က ခိုတစ်ကောင်
အသုံးမကျတဲ့ အတောင်နဲ့၊
မှောင်လည်းမှောင်၊ တိတ်လည်း တိတ်ဆိတ်
(မိုးသံကလွဲလို့ပေါ့လေ)။
ဒီလိုနဲ့…
မိုးကလွဲလို့
အားလုံးနဲ့ လွဲခဲ့ပေါ့။
သစ္စာနီ
********************************************
ကဗျာသက်သက်
==================
ဒါဟာ
ကဗျာသက်သက်ဖြစ်ပါတယ်
တစ်ခုခုကို ခံစားဖို့
ဒါဟာ
အသင့်ဖျော်သောက်နိုင်တဲ့ကော်ဖီတစ်ခွက်
အပန်းဖြေကမ်းခြေရှု့မျှော်ခင်း
ဆောင်းခိုငှက်တွေရဲ့ သီချင်းသံ
အပျိုစင်တစ်ယောက်ရဲ့ကိုယ်သင်းနံ့မဟုတ်ပါဘူး
ဒါဟာ
ကဗျာသက်သက်ဖြစ်ပါတယ်
တစ်ခုခုကိုခင်ဗျားနားလည်ဖို့
ဒါဟာ
ပုတ္တောဝါဒဆုံးမစ
ပါလက်စတိုင်းအရေးအခင်း
ရီလေးတစ်ဗီတီသီအိုရီ
ရုပ်မြင်သံကြားစက်ပြင်နည်း
မဟုတ်ပါဘူး
ဒါဟာ
ကဗျာသက်သက်ဖြစ်ပါတယ်
တစ်ခုခုကိုခင်ဗျားမျှော်လင့်ဖို
ဒါဟာ
ကံစမ်းမဲပါတဲ့ ဝီစကီပုလင်း
ကောင်မလေးခေါ်မယ့်တယ်လီဖုန်း
အခွံမနွှာရသေးတဲ့ လိမ္မော်သီး
မိုးလေဝသခန့်မှန်းချက်
မဟုတ်ပါဘူး
ဒါဟာ
ကဗျာသက်သက်ဖြစ်ပါတယ်
ကဗျာသက်သက်ဆိုတာ
ကဗျာသက်သက်ပါပဲ။
သစ္စာနီ
*******************************************************
လေကိုရှုရှိုက်ခြင်း ဒုတိယပုံစံ
=====================
အဲသလိုနဲ့
သန်းပေါင်းလေးထောင်ထဲမှာ….
ခင်ဗျားဟာနံပါတ်ဘယ်လောက်ဖြစ်ခဲ့ပါသလဲ။
လောကမှာ…
လူတွေများတယ်
ဖိနပ်တွေများတယ်
ကာဘွန်ဒိုင်အောက်ဆိုဒ်တွေများတယ်။
လူဆိုတာ…
ဘောင်းဘီဝတ်တယ်
အမဲသားစားတယ်
အိမ်ထောင်ပြုတယ်
စီးကရက်သောက်တယ်
(ကိုယ်မလုပ်တဲ့အလုပ်တချို့ ပေါ့)
လူဆိုတာသတင်းစာဖတ်တယ်
ပိရမစ်ဆောက်တယ်
စပါးစိုက်တယ်
အာကာသထဲမှာလမ်းလျှောက်တယ်
(ကိုယ်မလုပ်တဲ့အလုပ်တချို့ ပေါ့)
လူဆိုတာ..
အကုသိုလ်ကိုအကြွေးဝယ်နိုင်တယ်
လေခွန်မဆောင်ရဘူး
သေရင်သင်္ချိုင်းရှိတယ်။
သင်ဟာ
အောက်စီဂျင်နဲ့ ထိုက်တန်ပါရဲ့ လား။
(သစ္စာနီ)
ဂီတပဒေသာ ၁၉၈၄
*************************************************
နာရေး
===========
ခေါင်း လည်းကျလို့ရ
ပန်းလည်း ကျလို့ရတဲ့
ဒင်္ဂါးပြား တစ်ခုလိုပေါ့လေ။
လူတွေ..
အေးရာအေးကြောင်း ရှာပုံက
လေငင်ရာ ယိမ်းလို့
တစ်ယောက်နဲ့ တစ်ယောက် ထိပ်ပုတ်
ခေါင်းပုတ် လုပ်လို့
လူတွေ..
အေးရာအေးကြောင်း ရှာပုံက
ရာသီဥတုကို အပြစ်ပြောလို့
ဒုက္ခကို ယပ်ခတ်လို့
ဒီကွေ့မှာ ဒီတက်နဲ့လှော်လို့။
လူတွေ..
အေးရာအေးကြောင်း ရှာပုံက
နေကာမျက်မှန် ကိုယ်စီတပ်လို့
ကိန်းဂဏန်းတွေကို ဖိုထိုးလို့
ပွဲတော်ရက်တွေကို မြော်လို့။
မြက်ခင်းစိမ်းစိမ်းတွေ ဖုံးနေတဲ့ မြေပုံမို့မို့
မနက်ဖြန်ကို
အဲ့ဒီမှာ မြှုပ်ခဲ့တာပေါ့။ ။
သစ္စာနီ
IMAGE မဂ္ဂဇင်း ဇန်နဝါရီ ၂၀၀၃
***************************************
နေနှင့် ဖုန်းဆက်ခြင်း
----------------------
ဟဲလို
နေမင်းပါလား
အခုစကားပြောနေတာ
ကဗျာဆရာပါ။
ခင်ဗျားကို
အင်ကာတွေက ရှိခိုးတယ်
ဟာနုမာန်က ဆော့ကစားတယ်
မာယာကော့စကီးက
လက်ဘက်ရည်တိုက်တယ်
ကျုပ်က ဖုန်းဆက်တယ်။
ဘုရားသခင်က ပြောတယ်
သူဖန်ဆင်းတဲ့ ခင်ဗျားဟာ
နှာဆေးချောင်းဆိုး ကင်းရဲ့လားတဲ့။
လေအေးစက်က ပြောတယ်
သူချွေးမထွက်တာ ကြာပြီတဲ့။
တိမ်တိုက်တစ်ခုက ပြောတယ်
သူ့ရေကူးကန်ဟာ ရွှေရောင်တဲ့။
နွားတစ်ကောင်က ပြောတယ်
မျက်မှန်စိမ်းတစ်လက်လောက်
လိုချင်တယ်တဲ့။
လမင်းကပြောတယ်
ခင်ဗျားပို့လိုက်တဲ့ သံကြိုးစာ
မရောက်ပါတဲ့။
နေကြာပန်းက ပြောတယ်
သူမျှားနေတဲ့ငါးဟာ ခင်ဗျားတဲ့။
ကလေးတစ်ယောက်ကပြောတယ်
ခင်ဗျားမှာ ဦးထုပ်တစ်လုံးရှိသလားတဲ့။
အရုဏ်ဦးက ပြောတယ်
ခင်ဗျားရဲ့ အိပ်ခန်းတံခါးကိုခေါက်တာ သူပါတဲ့။
အရိပ်တစ်ခုက ပြောတယ်
သူ့မှာ ကျည်ကာအင်္ကျီတစ်ထည်ရှိတယ်တဲ့။
ဇီးကွက်တစ်ကောင်က ပြောတယ်
ခင်ဗျားဟာသူ့ရဲ့ အကောင်းဆုံးအိပ်ဆေးတဲ့။
တပေါင်းလက ပြောတယ်
သူထဘီအသစ်တစ်ထည် လဲချင်ပြီတဲ့။
ခင်ဗျားကို ကျုပ်က ပြောတယ်
မြင်းမိုရ်တောင်ထိပ်မှာ
ရာသီဥတု သာယာပါရဲ့လား။
သစ္စာနီ
(ရုပ်ရှင်တေးကဗျာ - သြဂုတ်၊ ၁၉၉၁)
*******************************************************
အသလက်ပခုံးပေါ်၌ နေထိုင်ခြင်း
***************************
ဘာမှ မလိုချင်ဘဲ
ဘာမှမရခဲ့သူ
ရခဲ့တဲ့လူ့အဖြစ်နဲ့ပဲ
လုံလောက်ရုံမက
လောကဓံနည်းနည်း
သွေးတိုးရောဂါကို ပိုလျှံနေသေးရဲ့
ဘာမှ မရခဲ့ဘဲ
ဘာမှ မလိုချင်ဘူး
(ကျော်ကြားမှုကိုလည်း ရွံတတ်သေး)
ငြင်းဆန်မရတဲ့ခန္ဓာဝန်
တမင်းနှစ်နပ်နဲ့ အိပ်စက်ခြင်း
ပျင်းရိဖွယ်ယဉ်ကျေးမှုတွေနဲ့
သုံညကို သိုက်တူးရန်
ရတနာမြေပုံကို ကိုင်လျက်
လမ်းပျောက်ခဲ့ရသော ရက်များ။
သစ္စာနီ
ရုပ်ရှင်အမြုတေ
၂၀၀၀
************************************************
မိမိအရေပြားမှလမ်းလျှောက်ထွက်ခြင်း
-----------------------------(သစ္စာနီ)
ဒိန်ချဉ်ကိုကြိုက်တယ်
ကန်းထရီးရော့ခ်ကိုကြိုက်တယ်
ခင်မေအောင်ကိုကြိုက်တယ်
ရှောလမုန်ဘုရင်ရဲ့စွံပလွံတစ်ပင်
ငါစိုက်ဖို့ပြင်ဆင်ရန်
ဂျပန်လုပ်နာရီများ
ခဏဖျားနာလော့။
သွေးသားဖြေဖျောက်မှုဆိုတာလဲ
မိုးဥတုလိုပဲ လိုအပ်တယ်။
မှင်နှိပ်စက္ကူတစ်ချပ်လို လောဘနဲ့
လောကကို စုပ်မြိုဖို့ ကြိုးစားစ
သတ္တုသောက်ရေခွက်အသစ်တစ်ခုလို
ဘယ်သူ သန့်ရှင်းခဲ့သလဲ
ဘယ်သူ သန့်ရှင်းခဲ့သလဲ
ကျုပ်လည်းပဲပေါ့
ငရဲဘုံကို ဘောင်းဘီဝတ်လို့
(ဘောင်းဘီအိတ်ထဲမှာ လက်နှစ်ဖက်နှိုက်လို့)
ကုသိုလ်က တစ်ပေါင်ခွဲတိတိရှိတယ်။
ဥပါဒ်ဌိဘင်
အင်တီဇိုင်းဇီးရိုး
ဘာမှအစိုးမရပါလာ
သွားနုတ်တဲ့ဆိုင်ကအပြန်
အဲသလို သံဝေဂဟာ
ဝါယာကြိုးတစ်ခုပါလား။
လျှပ်ရောင်မျှအလင်းမြင်
ကြီးရင့်ဖို့ပြင်ဆင်ပါမည်။
မြင်သမျှမျက်နှာ
ခင်မင်ပါရစေ
ကမ္ဘာနဲ့ငါ့ကိုယ်
သင့်မြတ်လို၏။
သစ္စာနီ
သဘင်မဂ္ဂဇင်း၊ဧပြီ၊၁၉၈၇
============================
အကုသိုလ်ပန်းမျာ
-------သစ္စာနီ----------
၁။
သတ္တ၀ါတိုင်းဟာ
ဝံပုလွေအဖြစ်နဲ့
မွေးလာကြတာ မဟုတ်ဘူးကွယ်။
ပြက္ခဒိန်တွေကို မုန်းတယ်
၃၁နှစ်ထဲမှာ ဆံပင်ကကြဲကြဲ
ထိပ်လည်း ပြောင်ခဲ့ပြီ။
ဘာ ရလိုက်သလဲ
ရူးသွပ်ခြောက်ခြားမေးခွန်းအစား
`ဒက်ဒလက်´ လို ကမ္ဘာကို ဖမ်းဆီးထားချင်တယ်
`ယုံကြည်ချက်´
အဲဒီသံမှိုတစ်ချက် ခပ်နက်နက်တွယ်ထားလို့သာ
ဘ၀ဟာ ကွာမကျသေးတာပေါ့
၂။
အက္ခရာသင်္ချာတစ်ပုဒ်အတွက်
စိတ်ညစ်ခဲ့ရတဲ့ရက်များဟာ
အခုအခါမှာ ငှက်မွှေးဖြစ်တယ်
ပီကာဆိုကို မသိရင်လည်း
သင်္ကေတ၀ါဒကို နားမလည်ရင်လည်း
ရောဘတ်ရက်ဖို့ဒ်ကို မကြည့်ဖူးရင်လည်
ငရုတ်သီးဟာ စပ်တာပဲ။
ဟုတ်ကဲ့-တြိဂံရဲ့ဧရိယာနယ်ထဲမှာ
ဒီလိုနေထိုင်နိုင်တော့ အံ့သြစရာမရှိပါဘူး။
အံကြိတ်ခံစားရဖန်များ
နှလုံးသားဟာ တွန့်ခေါက်တောင် တစ်တောင်ဖြစ်တယ်
ငါ သိပြီဟေ့
ဖန်ဆင်းတဲ့ဘုရားသခင်ဆီမှာ
ချိန်ခွင် မရှိဘူးဆိုတာ ။
၃။
ငွေ…အောင်မြင်မှု…ပညာ
ဘယ်ဟာမှ မရတဲ့ကောင်
အဖေရဲ့ ဂန္ထ၀င်ဂိုက်တံ
အတိုင်းမခံရဲတာ အမှန်ပါပဲ။
ခွေးလေခွေးလွင့်နဲ့ ငှက်များဟာ
ဝမ်းစာရှာတဲ့နေရာမှာ
ကျနော့်ထက် သာတယ်။
ယပ်တောင်မရှိသေးတဲ့အခါ
ပြာဖြူလွင့်လာတာ ကာကွယ်ဖို့ ခက်တယ်။
၁၁နာရီ ထိုးပြန်ပါပြီ
အိမ်မှာ ထမင်းစားရတာ အားနာလိုက်တာ
မိဘကျေးဇူးဆပ်ရန
၂ကျပ်အဆုံးခံ ထီထိုး
(----)သိန်းဆုကြီးနဲ့ တိုးပါစေ …။
၎။
ဘာလုပ်သလဲ
`ကဗျာဆရာ လုပ်ပါတယ်´
အင်္ဂလန်ကျွန်းကို ရလိုက်တဲ့
နပိုလီယန်ဂိုက်နဲ့ ခပ်မိုက်မိုက်ပြောတုန်းပဲ။
ငွေ…ငွေ…ငွေ…တဲ့
ဘ၀ရဲ့နာတာရှည်ယားနာ ဖြစ်နေတာ
အကြွေနဲ့စက္ကူစလေးတွေပါလား
`စတော ရမယ် တစ်ဆယ်…ဒီစီ ဆယ့်နှစ်ကျပ် `
`အစ်ကို…ပျော်မလား ဟင်…´
`ရေခဲရေအေးအေး…ရေခဲရေ…´
`ဗန်းထဲကစမူဆာ
မြူနီစပယ် မလာခင် ကုန်ချင်တာပါပဲ.
…………………………………………………..
ဗုံးတစ်လုံး ပေါက်ကွဲ
သွေးသံစိုရွှဲပြီ
လူသတ်မှ စားရတာလည်း
ဒီ ထမင်းတစ်လုပ်ပါပဲကွယ်။
`ဗမာပြည်က ပူတယ်နော် ´
သာမိုမီတာက
ရေဆူအမှတ် ရောက်နေပြီ
စိတ်ကူးတွေပေါက်
အနောက်ဂျာမဏီ သွားနေချင်တယ်။
၅။
ခေတ်
လူ… ဘ၀… ဒဿန…ရင်ခုန်သံ
အမြန်ရထားမှာ မီးမပါဘူးကွယ် ။
လုပ်သားသတင်းစာက
တစ်ပိဿာ ဆယ့်နှစ်ကျပ် တန်တယ်
ခင်ဗျားတို့ ဗမာပြည်မှာ နေထိုင်ပါသလား
`ကျေးဇူးတင်သည် လမ်းစဉ်ပါတီ ´
ရေဒီယိုက သီချင်း
ပျင်းရင် နားထောင်လို့ ကောင်းတယ်။
ရပ်ကွက်ထဲက လူကြီးများလည်း
ဗိုက်ရွှဲလို့ လာပါပြီ ။
ခွဲတမ်းကို မျှော်သူများ
သမ၀ါယမ အမှုဆောင်များသာ
သွားတိုက်ဆေး သုံးပါစေလေ
သူတို့ပါးစပ်တွေ နံမနေဖို့ အရေးကြီးတယ် ။
`ခင်ဗျားတို့ ပေါ့မနေနဲ့
ကိုရီးယားမှာ စစ်ဖြစ်နေတယ်´
တစ်ည ကင်းတဲမှာ
အိပ်နေတဲ့ ငါ့ကို နှိုးရင်း
ကင်းတဲက ကင်းမှူးဟောက်တာလည်း ခံရဖူးတယ်။
စိတ်ညစ်လိုက်တာ
သမထထိုင်တဲ့အခါ
ထွက်ပေါက်တစ်ခု ရပါတယ် ။
`ဟိတ်´
ကောင်စီလူကြီး လာနေတယ်
ခြေထောက်မှာ ဖိနပ်မပါဘူး
၁၅နှစ်ကြာရင် စားရပြီ
ဗမာပြည်တစ်ပြည်လုံး အုန်းပင်စိုက်ရင် ကောင်းမယ်။
၆။
ကိုရိုလာ စီးသူတွေ ကရ၀ိက်မှာ စုကြတယ်
`ပြင်သစ်တော်လှန်ရေးဖြစ်တာ
တို့ဆီမှာ ရာမရကန် ရေးပြီးစပေါ့ ´ တဲ့
ဝိုင်နံ့သင်းတဲ့ပါးစပ်များက
ခေတ်အိုတစ်ခုအကြောင်းကို
ဒီလိုအောက်မေ့လိုက်ရဲ့။
လှသောပန်းများဟာ
အကြွေမြန်တဲ့အကြောင်း `ဒန့်စ် ကသူများ´ ရုပ်ရှင်က ပြောပါတယ်
ကျွန်တော်တို့မှာ စောင့်စားပုံက
ခွန်အား ရှိပါတယ်
အချိန် ရှိပါတယ်
တစ်နေ့တော့ ကြည်အေး ပြန်လာမယ်
လက်ဖက်ရည်ဈေးလည်း ကျဦးမယ်
နေလည်း ၀င်ဦးမယ်
ကဗျာဆရာများ ကောင်းစားဦးမယ်
၇။
သူတို့လက်ထဲမှာ
ဗမာစာပေဟာ
ပေါင်ကြားထဲ ရောက်သွားရှာတယ်
မျက်စိကျိန်းလိုက်တာ
၃၃လမ်းမှာ တစ်မွန်းတည့်ခံ ကြယ်ပွင့်များ
ခလုတ်တိုက် မလဲကြပါစေနဲ့ ။
`မာလကာသီး စာပေ ´
`အရက်ဖြူတစ်ခွက်နဲ့ ကဗျာ´
အိုမာခိုက်ယမ် လက်သစ် ´
ကျွန်တော်ချစ်တဲ့ ကိုလေးအောင်ဟာ
ခင်ဗျားတို့ကို မြင်တာနဲ့
ဘ၀ကို သေကြောင်းကြံသွားရှာတယ် ။
သေရည်နဲ့
ဘယ်အချိန်ကျမှ
တည့်မှာ မဟုတ်ဘူး
ကျွန်တော့်နှလုံးသားမှာ
အရှိုးရာ ထင်ဆဲပါ ။
`ဒါမျိုးတွေ ရေးမယ့်အစား
နတ်ကပြီး စားမယ် ´
ကဗျာဆရာ လူတစ်ယောက်ရဲ့စကား
ကုန်ခမ်းသွားတဲ့အားကို ပြည့်စေတယ် ။
ယုံကြည်ချက်ကို ခဏခဏ
ရောဂါဗေဒဌာနပို့
ဆေးစစ်ဖို့ လိုတာပေါ့ ။
၈။
ရန်ကုန်မြို့ဟာ
ငါ့ရဲ့ညာဘက်ပါးကို နမ်းပြီး
ဘယ်ဘက်ပါးကို ရိုက်တယ် ။
လေးစားသူများတိုက်တဲ့ လက်ဖက်ရည်တစ်ခွက်နဲ့
မနက်စာပြီးတဲ့ ရက်တွေ ရှိတယ် ။
သမ္မတဟိုတယ်ရှေ့က
ခဏခဏ ဖြတ်သွားဖူးကြတယ
ဆူးလေဘုရားလမ်းပေါ်မှာ
ကဗျာအရောင်းဆိုင်ဖွင့်ဖို့နေရာ
လိုက်ရှာတဲ့အခါ ရှာတယ်
`ပွင့်ဦး´ဆိုင်မှာ ထိုင်နေသူတွေ
ရယ်နေလည်း ခွင့်လွတ်တယ် ။
သင့်လက်ထဲရောက်သွားတဲ့ ကဗျာများ
သနားတာပဲ ရှိတယ်
အမှန်တရားဆိုတာ မျက်စိမှုန်ရှာတယ် ။
၉။
လူတိုင်းလိုလို
ငယ်ငယ်ကဆို ၀က်သက် ပေါက်ဖူးပါတယ်
ကြည်အေးရဲ့ အကျင့်အဘိဓမ္မာကို ကိုးကားပါရစေ
အချစ်ကြီးလေမှ
သစ်သီးကြွေကျတာမျိုး
မောင်ကျော်ဇောရဲ့နိမိတ်ပုံမှာ
ရင် ပြန်မခုန်ချင်တော့ပါဘူး။
အရာရာဟာ ၁၈နှစ်သားရဲ့
ပြက်လုံးတွေပါပဲ
ဝမ်းနည်းဝမ်းသာထဲကလို
ဖာသည်မတောင် မရှိတဲ့ဘ၀မှာ
ငါတော့ အသန့်စင်ဆုံး နေပါရစေ
သူငယ်ချင်းတို့ရေ …
ဖဲရိုက်ဖို့ မခေါ်နဲ့တော့ကွာ
၁၀။
အိမ်ထဲမှာ မီးလောင်နေပြီ
နီရိုးဘုရင်ရဲ့စောင်း
ကျွန်တော် တီးလို့ကောင်းတုန်းပေါ့။
အအေးခန်းအမှောင်ထဲမှာ
(တစ်ကျပ်ခွဲတန်) အီတလီသူရဲ့ ပေါင်တံများ
ဟာရိုးရော်ဘင်
ဝတ္ထုထဲမှာ ထွက်ပြေးခြင်း
စိတ်ညစ်တဲ့ အမူးသမား
ကက်ဆက်ထဲက အသံ
ဆူညံကျယ်လောင်ပေါက်ကွဲ
ပျော်ရွှင်မှုဆိုတာတွေကလည်း
ယုတ်ညံ့မှုနဲ့ ဒွန်တွဲနေပါလား။
`ဆေးလိပ် မသောက်သူ…အရက်မသောက်သူ
မိတ်မလိုက်သေးသူ …ပြီးတော့ ကဗျာနဲ့ မခွဲနိုင်သူ´
မြင့်မြတ်တဲ့ ဒုစရိုက်လေးကို
ဘရားနဲ့ ရန်ဖြစ်ရ ဖြစ်ရ…ချစ်နေပါရစေ
အသက် ၃၅နှစ်မတိုင်ခင်
နိုဗယ်ဆုကို လိုချင်တာပါပဲ ။
၁၁။
`ခင်ဗျားက တတိယလူတန်းစားပဲ ´ တဲ့
ဗမာ ဒွန်ကွီဇုတ်တစ်ယောက်က
ဝေဖန်ရေးပေါက်ပေါက် ဖောက်ဖူးတယ်
`ဖိနပ်ကောင်း စီးသူများ ´
´အုတ်နံရံကို လက်သီးနဲ့ထိုးသူများ ´
`သူများရဲ့နောက်ကို ရွှေကျင်သူများ ´
`ထဆင်ထူးကို အတင်းထူးသူများ ´
သြော်…
ကဗျာဆရာတွေကလည်း
အရောင် အမျိုးမျိုးပဲ ။
ကြွက်စုတ် ၊ဒညင်းသီးဆားရည်စိမ်နဲ့ သူတို့
အနံ့ထွက်တာချင်းကတော့ အတူတူဖြစ်တယ်
ကျွန်တော် သည်းမခံနိုင်တာက
အသိဥာဏ်ဆင်းရဲခြင်းကို ပါပဲ ။
မဂ္ဂဇင်းထဲမှာ
ခဏခဏ ပါသူများ
လေးစားပါတယ်
ဟော…စကားလုံးတစ်လုံး ကောက်ရထားတဲ့
ကြက်တူရွေးလေး လာနေပြီ (တံတွေး စင်လိုက်တာ)။
၁၂။
အခုအချိန်ဆို
တဟေတီမှာ ပန်းတွေ ပွင့်ပြီကွယ်(ထင်တာပဲ)
ဗမာကားတွေ မကောင်းဘူး
လက်ဖက်ရည်က အကျများတယ်
အိမ်ကဟင်း ညံ့တယ်
ဟီးနိုးကား ကျပ်တယ်
မင်းတို့ထက် ငါတော်တယ်(အမှန်ပါပဲ)
ရင်ထဲကဒေါသတွေ ကြိတ်ချေနေရတာပါပဲလေ …။
ရွံတိုင်းသာ ထွေးနေရရင်
ဗမာပြည်ဟာ ထွေးခံဖြစ်နေပြီ (ကြေက်တတ်ကြတယ်)
ဘိန်းဆိုတာ
တစ်ခါက ပန်းလေးတစ်ပွင့်သာ ဖြစ်တယ်။ ။
သစ္စာနီ
၁၉??
(ယပ်တောင်မရှိသေးတဲ့အခါ
ပြာပူပူလွင့်လာတာ ကာကွယ်ဖို့ခက်တယ
နှစ်ကျပ်အဆုံးခံထီထိုး
( ဧကနဝီ သတိမ )=၁၉ကြိမ်မြောက်ဖြစ်လိမ့်မယ်
သိန်းဆုကြီးနဲ့တိုးပါစေ
ဘဝရဲ့နာတာရှည်ယားနာဖြစ်နေတာ
ဒီအကြွေနဲ့ စက္ကူလေးတွေပါလား
အိပ်နေတဲ့ ငါ့ကိုနှိုးရင်း
လမ်းထဲက ကင်းမှူး ဟောက်တာလဲခံရဖူးတယ်
လှပသောပန်းများဟ
အကြွေမြန်တဲ့အကြောင်း
"စွန့်စားသူများ"ရုပ်ရှင်ကပြောပြပါတယ်
Adventures ရုပ်ရှင
ကျနော်တို့မှာ
စောင့်စားဖို့ရာ
မာလကာသီးတစ်ခြမ်
အရက်ဖြူတစ်ခွက်နဲ့ကဗျာ
အိုမာခယမ်လက်သစ်
(ကိုလေးအောင်သည်အမြည်းမလို
မာလကာသီးတစ်ခြမ်းနဲ့လဲသောက်တတ်သည်)
သေရည်နဲ့ဒိန်ချဉ်ဟာ ဘယ်အချိန်ကျကျ
တည့်မှာမဟုတ်ဖူးကွ
(ကိုလေးအောင်သေရည်သည်ဒိန်နဲ့မတည့်ဆိုသော
ဝတ္ထုတစ်ပုဒ်ရေးဖူးသည်)
ကဗျာဆရာလူထွက်တစ်ယောက်ရဲ့စကား
ကုန်ခမ်းသွားတဲ့အားကိုပြည့်စေတယ
ချင်း လက်ထဲရောက်သွားတဲ့
ငါတို့ရဲ့ကဗျာများ
(ပတ္တမြား ချင်းလက်ရောက်လဲတန်ဘိုးမသိ)
ကြည်အေးရဲ့ အချစ်အဘိဓမ္မာ
ဟာရိုးရော်ဘင် ဂျက်ကလင်း
(အပျော်ဖတ်ဝတ္ထုရေးသူများ)
ဆေးးလိပ်မသောက်သူ အရက်မသောက်သူ
မိန်းမမလိုက်စားသူ ပြီးတော့ ကဗျာနဲ့မခွဲနိုင်သူ
မြင့်မြတ်တဲ့ ဒုစရိုက်တစ်ပါးကို
ဝေဖန်ရေး ဗေါင်ဗေါင် ဖေါက်ဖူးတယ်
သူများရဲ့ဦးဏှောက်ကိုရွှေကျင်သူများ
ကြောက်တတ်ကြပါ
ဘိန်းဆိုတာ...)
*******************************************************
ပိုလျှံနေသော ၀ါကျများ
==============
သစ္စာနီ
(၁)
ငါးဟာ….
ရေကိုမသိသလို
လူတွေဟာ….
မသိတာကလွဲလို့
အားလုံးသိခဲ့ကြတယ်။
(၂)
ကြည့်ပါ
တခမ်းတနား နေထိုင်ဖို့
ဘုရားသခင်ကအစ
တစ်ခါသုံးဘောပင်အထိ
ကျွန်တော်တို့….
ဖန်းဆင်းခဲ့ကြ။
ဘာသာစကားကနေ
ဆင်ဖိုနီဓာတ်ပြားအထိ
အင်တာနက်ကနေ
ထရိုဂျင်းနစ် မြင်းရုပ်အထိ
ကျွန်တော်တို့
ဖန်ဆင်းခဲ့ကြ။
စည်သွပ်ဘူးကနေ
ဆိုကရေတီး အဆိပ်ခွက်အထိ
အိတ်ခ်ျအိုင်ဗွီပိုးကနေ
အင်္ဂါဂြိုဟ်သွားယာဉ်အထိ
ကျွန်တော်တို့
ဖန်ဆင်းခဲ့ကြ။
ပိရမစ်ကနေ
စက္ကူနဲ့လုပ်တဲ့ပန်းအထိ
ဆံပင်ဆိုးဆေးကနေ
အာဏာရှင်စနစ်အထိ
လူကနေ…
လူပုံတူမျိုးပွားအထိ
ကျွန်တော်တို့
ဖန်ဆင်းခဲ့ကြ။
(၃)
ကျွန်တော်တို့ဟာ
သစ်ပင်ပေါ်ကဆင်းပြီး
အချင်းချင်းလက်ဆွဲနှုတ်ဆက်
ဟဲလို၊ဟိုင်း၊ဟေ
ယဉ်ကျေးခဲ့ကြပါတယ်။
လေးနဲ့မြားကိုတင်တတ်အောင်
ကောက်တဲ့အခွန်ဆောင်တတ်အောင်
ထီးဖြူမိုးတတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။
မိုးမျှော်တိုက်တွေကို ဂူလုပ်ဖို့
နေ၀င်ရင် မီးဖွင့်တတ်အောင
တိုက်ပုံအကျီ င်္ ၀တ်တတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။
ဒါဝင်က သင်မပေးရအောင်
ရေချိုးခန်းနဲ့ရေးချိုးတတ်အောင်
ကဗျာရေးတတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။
တံတားဆောက်တတ်အောင်
ဥပဒေပြုတတ်အောင်
ကွန်ဒုံးသုံးတတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။
ဖဲကစားတတ်အောင်
ဘုရားဖူးသွားတတ်အောင်
နျူကလီယား ဗုံးလုပ်တတ်အောင
ယဉ်ကျေးခဲ့ကြပါတယ်။
လပေါ်လမ်းလျှောက်တတ်အောင်
ကာကွယ်ဆေား ထိုးတတ်အောင်
ကိုယ့်အိမ်တံခါးကို လုံးခြုံစွာ ပိတ်တတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။
(၄)
ဒီလိုနဲ့…
ကျွန်တော်တို့
စားဖို့အတွက်
ပန်းကန်နဲ့ချက်ပြုတ်နည်းတစ်ထောင်နဲ့
သူများအသက်နဲ့။
သောက်ဖို့အတွက်
အိုအေစစ်နဲ့ မိုးခါးရေနဲ့
ရေသန့်ဘူးစက်ရုံနဲ့။
နေဖို့အတွက်
လေအေးပေးစက်နဲ့
ပြက္ခဒိန်နဲ့
ရေလိုက်ငါးလိုက် အတွေးအခေါ်နဲ့။
ကြည့်ဖို့အတွက်
ရုပ်ရှင်ရုံနဲ့ပန်းချီပြတိုက်နဲ
တတ်ယောင်ကား မျက်စိနဲ့။
နားထောင်ဖို့အတွက်
ရေဒီယိုနဲ့ဓာတ်ပြားနဲ့
နီရိုးဘုရင်ရဲ့ ဗျပ်စောင်းသံနဲ့
ရှူရှိုက်ဖို့အတွက်
ပင်လယ်လေနဲ့ ရက်ဗလွန်ရေမွှေးနဲ့
မသူတော်ခုနှစ်ပါး ကိုယ်နံ့နဲ့။
စီးပွားရှာဖို့အတွက်
မတော်လောဘနဲ့ ချိန်ခွင်နဲ့
မာကင်တိုင် ၀ါဒနဲ့။
စစ်တိုက်ဖို့အတွက်
လက်နက်နဲ့ သေနင်္ဂဗျူဟာကျမ်းနဲ့
နိုင်လိုမင်းထက်ဝါဒနဲ့။
အပျင်ဖြေဖို့အတွက်
စီးကရက်နဲ့အလေလိုက်စရာနဲ့
အမဲပစ် ရိုင်ဖယ်နဲ့။
ငါမှန်ကြောင်း၊သူမှားကြောင်း
ပြောဖို့အတွက်
ပါးစပ်နဲ့ ကိုးကားစရာစာအုပ်နဲ့
မိုးတစ်လုံးလေတစ်လုံးဘ၀င်နဲ့။
ဖျားနာဖို့အတွက်
အထူးကုဆေးခန်းနဲ့ရုပ်ခန္ဓာနဲ့
ကိုးဆယ့်ခြောက်ပါး ရောဂါနဲ့။
သေဆုံးဖို့အတွက်
သံသရာနဲ့သချို င်္င်းနဲ့
(သေပြီးမှ)….
သတိရကြမယ့် လူတွေနဲ့။
(၅)
ကျွန်တော်တို့မှ
ဂေါတမဗုဒ္ဓရှိတယ်
နစ်ရှေးရှိတယ်။
မဟတ္ထမဂန္ဒီရှိတယ်
စတာလင်ရှိတယ်။
မိုးဇက်ရှိတယ်
ဗာဂျီးနီးယားဝုဖ်ရှိတယ်။
သောမတ်အယ်ဒီဆင်ရှိတယ်
ဂျက်ဆင်ပိုးလော့ရှိတယ်။
အက်တလတ်ရှိတယ်
ပီတာဝိုင်ယာရှိတယ်။
ဆစ်မဂန်ဖရွိုက်ရှိတယ်
ကိတ်ဝင်းဆလက်ရှိတယ်။
ဖူကူမားယားရှိတယ
ယူတူးက ဘိုနိုရှိတယ်။
စတီဖင်ဟော့ကင်း ရှိတယ်
အိုစမာဘင်လာဒင်ရှိတယ်။
ကျွန်တော်တို့မှ
တိရိစ္ဆာန်ရုံရှိတယ်
ဘေးမဲ့တောရှိတယ်
ဂေါက်ကွင်းရှိတယ
အကျဉ်းထောင်ရှိတယ်။
စိပ်ပုတီးရှိတယ်
ဆန့်ကျင်ဘက်လိင်ရှိတယ်။
စီးနေတဲ့မြစ်တွေရှိတယ်
ပေါက်ကွဲမယ့် မီးတောင်ရှိတယ်။
ဝိုင်အိုလက်ပေါင်ဒါရှိတယ်
အဏုမြူဓာတ်ပေါင်းဖိုရှိတယ်။
သစ်ခွပန်းရောင်စုံရှိတယ်
အသားကြိတ်တဲ့စက်ရှိတယ်။
စားမရတဲ့ သစ်သီးတွေရှိတယ်
လကွယ်ညရှိတယ်။
ကျေးပိုင်ကျွန်ပိုင်စနစ်ရှိတယ်
ချွေးနံ့ပျောက်ဆေးရှိတယ်။
(၆)
ဒီလိုနဲ့
ခပ်တည်တည်နဲ့ပဲ
ကျွန်တော်တို့ဟာ
ဘယ်တော့မိုးရွာမယ်ဆိုတာ
ကြိုတင်ပြောလို့
ယုန် မြေမနင်းသားကို
ဓားနဲ့လှီးကာ
အရသာခံဝါးလို့။
အလင်းနှစ်တစ်သန်းက ကြယ်ကို
နက္ခတ်ကြည့်မှန်ပြောင်းနဲ့ကြည့်လို့။
အပါယ်လေးဘုံကို
ဓာတ်လှေကား အလုအယက်ဆင်းလို့
ပိုတမ်ကင်သဘောင်္က အမြောက်သံကို
စပျစ်ဝိုင်စုပ်ရင်း နားထောင်လို့။
ဧဒင်ဥယျာဉ်ကို
မပုပ်သိုးအောင် ဖော်မယ်လင်စိမ်လို့။
ထိုဝါဒ၊ဟိုဝါဒတွေကို
ကိုယ့်နဲ့တော်သလို အကျီ င်္ချုပ်ဝတ်လို့။
ခပ်တည်တည်နဲ့ပဲ
ကျွန်တော်တို့ဟာ
စစ်ကြေညာလို့
စစ်ပြေငြိမ်းလို
သစ်ပင်တွေကိုခုတ်လို့
သစ်ပင်တွေကိုစိုက်လို့
လက်ထပ်ကြလို့
ကွာရှင်းကြလို့။
ခပ်တည်တည်နဲ့ပဲ
ကျွန်တော်တို့ဟာ
သရုပ်ဆောင်လို့
သရုပ်မဆောင်လို့
ရေကိုစုန်လို့
ရေကိုဆန်လို့
တစ်ဝက်ကိုစားလို
တစ်ဝက်ကိုထွေးလို့။
ခပ်တည်တည်နဲ့ပဲ
ကျွန်တော်တို့ဟာ
ငါးတွေမျှားလို့
ငါးတွေလွှတ်လို့၊
မှားတာတွေမှန်လို့
မှန်တာတွေမှားလို့
သေရမှာကြောက်လို
သေရမှာမကြောက်လို့။
(၇)
သမိုင်းနိဂုံးချုပ်ခဲ့ပြီ
ဂုဏ်ဆိုတာငွေကိုခေါ်တယ်
ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေနဲ့
မြစ်တစ်မြစ်ထဲကို နှစ်ခါပြန်မဆင်းနိုင်
စိတ်မလုံရင် တိတ္ထုံကိုကြည့်
အိုဇုန်းလွှာကို ကယ်တင်ကြပါ
အားလုံးဟာ လိုင်ဘီဒိုညာဉ်မှာ အခြေခံတယ်
ငြိမ်းချမ်းရေးအတွက် စစ်လိုတယ်
စပါးတားကတ်ဆိုတာ ဘယ်သူလဲဟေ့
ဖြစ်တည်မှုဟာ အနှစ်သာရထက် ရှေးကျတယ်။
(၈)
သင်..
နေထိုင်ဖို့ရာ
ပျော်ပျော်ရွှင်ရွှင် နေထိုင်ဖို့ရာ
ဒါမှမဟုတ်
မပျော်မရွှင် နေထိုင်ဖို့ရာ
ဘာမှ
မလိုပါ။
ဥပမာ
ဒီဝါကျတွေက အစ မလိုသလိုပေါ့။ ။
သစ္စာနီ
(ဟန်သစ်မဂ္ဂဇင်း၊၂၀၀၄၊ နိုဝင်ဘာ)
*******************************************************
လူသိရှင်ကြား ဖုံးကွယ်ခြင်း
----------သစ္စာနီ---------
၁၉၄၆ ခုနှစ် အောက်တိုဘာ ၃၀
လောင်ဂျီကျု ၉၆ ဒီဂရီ ၄၈ မိနစ်
လတ္တီကျု ၁၆ ဒီဂရီ ၄၈ မိနစ်
ဗုဒ္ဓဟူးနေ့ ...
မြန်မာစံတော်ချိန် ၀၄ နာရီ ၂၀ မိနစ်ဖွား
သစ္စာနီ၏ ကြိစက္ကဇာတာ။
ဇာတာရှင်သည် ကန်ရာသီလဂ်
ဓနုရာသီစန်း ဟဿတနက္ခတ်
ပြုဗ္ဗာသာဠ်နက္ခတ်စန်းယှဉ်
ကံဂြိုလ်သည် ဗြိစ္ဆာရာသီ ဇေဋ္ဌနက္ခတ်စီး
မနူဿာဂီရိကျမ်းနှင့်
နာဒရသံဟိတာကျမ်းအလိုအရ။
( ၁ )
၃၀.၁၀.၄၆
ဒါဟာ အစမဟုတ်ဘူး။
ကြက်ဥလား ကြက်မလား
အဝိဇ္ဇာ သင်္ခါရလား
မဟာပေါက်ကွဲမှု သီအိုရီလား
အစဟာလည်း
အစ မဟုတ်ဘူး။
အဲဒီနေ့က
ဗြိတိသျှပိုင်
ကိုလိုနီနိုင်ငံငယ်တခုမှာ
ဥက္ကာမပျံ
တော်လဲသံ မကြားဘဲ
ငါ ...
ငါဟာ
ဘုရားသခင်လက်က
လွတ်ကျတော်မူခဲ့တယ်။
( ၂ )
အဖေက
လခ သုံးရာ့ငါးဆယ်ရတဲ့
ဌာနခွဲစာရေးကြီး (သူကတော့... အဲဒီရာထူးကို ဒုရုံးအုပ်လို့ ပြောတတ်တယ်။)
လူဖြောင့်စိတ်တို (ခပ်ရိုးရိုးပဲ)
ရိုးတာမှ ...
ဘာမှရေးမထားတဲ့
စက္ကူအလွတ်တရွက်လို
(ဒီ ဥပမာက သိပ်မဟုတ်လှဘူး)
ဘောလုံးပွဲကြိုက
ဆေးပေါ့လိပ်ကြိုက်
(သူ အသက်ရှစ်ဆယ်အထိ ဆယ့်သုံးကြိမ်တိတိ ဆေးလိပ်ဖြတ်ခဲ့တယ်။)
ပျင်းရတာလည်း ကြိုက်ပုံရတယ်
ပင်စင်ယူပြီးတော
ဝရံတာက ပက်လက်ကုလားထိုင်မှာ
မပျင်းမရိ အနှစ် နှစ်ဆယ်လုံးလုံး
ပျင်းရိစွာ ထိုင်နေခဲ့တယ်။
အရက်မသောက်သူ
အပျော်အပါးမလိုက်စားသူ
တခါ တခါ
လက်ရုံးအားကိုးတတ်သူ
ရန်ကုန်တဖက်ကမ်း ပျော်ဘွယ်ဇာတိ
(အနာဂမ် ဆရာသက်ကြီးတို့ရွာ)
သို့သော်...
ဝိပဿနာဆိုတာ ဘာမှန်းမသိသူ
သူ့ဘဝတလျှောက်လုံး
ကျားထိုးတာကလွဲလို့
ဉာဏ်ကို အသုံးပြုခဲ့ပုံလည်း မရ
ရည်ရွယ်ချက် ကြီးကြီးမားမားလည်း မရှိ
စည်သွပ်ဗူးစက်ရုံက မန်နေဂျာလို
သားသမီး တွေကိုတော့ ...
တပုံစံတည်း ထွက်စေချင်ခဲ့တယ
ဘွဲ့ရ အရာရှိ ပေါက်စလေးတွေပေါ့။
ကျွန်တော်ကတော့
သူ့ခြံထဲက သိုးမည်းတကောင်ပါ။
မင်းမှာ ငါနဲ့တူတာဆိုလို
ထိပ်ပြောင်တာပဲရှိတယ် တဲ့
ကျေးဇူးတင်ပါတယ် အဖေ။
အမေကတော့ မြေလတ်သူ
ဗမာစာ ရေးတတ် ဖတ်တတ်
(ဒါပေမယ့် ဘုရင်ခံသမီးလို စိတ်ကြီးလည်း ဝင်တတ်တယ်။)
လက်ကဖွာဖွာ ပါးစပ်ကဖွာဖွာ
ဗေဒင်ဆရာတွေ ညာစားတဲ့အတိုင်း
သူ့ကို သူရဿတီစောင့်တယ်လို့
တကယ်ယုံကြည်တယ်။
ဗမာရုပ်ရှင် ( အခုတော့ အများနည်းတူ ကိုရီးယားဇာတ်လမ်း အတွဲတွေပေါ့)
တရုတ်သိုင်းဝတ္တုနဲ့
ဝတ်ကောင်းစားလှ ကြိုက်တယ်။
အင်္ဂလိပ်ခေတ်မှာ ရွှေဆိုင်ဖွင့်တယ
ဂျပန်ခေတ်မှာ အထည်ဆိုင်ဖွင့်တယ်
မဆလ ခေတ်မှာ ကုန်စုံဆိုင်ဖွင့်တယ်
အရင်းပြုတ်တာနဲ့
နိဂုံးချုပ်ရတာချည်းပဲ
ဒီလိုနဲ့ ...
သူ့ တသက်လုံး
အမှီခိုခံဘဝနဲ့
ကျဆုံးခဲ့သူပေါ့
အဖေက
ညိုညို ထောင်ထောင်မောင်းမောင်း (စိတ်ပျော့တယ်)
အမေက
ဖြူဖြူ ခပ်ညှက်ညှက် (စိတ်မာတယ်)
ဒီနှစ်တွေအတွင်း ...
သူတို့ ...
နှစ်ယောက်လုံး ဒေါသမှန်မှန်ကြီးတယ်
နှစ်ယောက်လုံး အသက်မှန်မှန်ကြီးတယ်
နှစ်ယောက်လုံး မျက်မှန်ထူထူလာတယ်
နှစ်ယောက်လုံး ရောဂါထူထူလာတယ် ။
သူတို့နဲ့ ကျွန်တော်
အနှစ်ခြောက်ဆယ်ကျော်လုံးလုံး
တအိမ်တည်းနေလျှက်နဲ့
ခေါင်းနဲ့ပန်းလို ဝေးခဲ့ကြတယ်။
အနေကြာလွန်းလို့
စိမ်းသွားတာလည်း ဖြစ်နိုင်တယ်
ဒါဟာ ဝမ်းနည်းစရာလား
လိပ်ပြာမလုံစရာလား
သံသရာမှာ...
ကံပါလာတာတောင် ယုံရခက်ခဲ့။
( ၃ )
ကျွန်တော်ငယ်ငယ်က
နဖူးမောက်တယ် ပါးဖောင်းတယ်
အသားညိုလွန်းလို့ “ကော်ဖီရောင်” တဲ့
နာမည်ပြောင် ရခဲ့တယ်။
ကျွန်တော်ငယ်ငယ်က
တောက်တဲ့ ကြောက်တယ်
လူစိမ်းတွေကို ကြောက်တယ်
ငန်းနီကျော် (အဖျားဖြတ်ဆေး) ကို ကြောက်တယ်။
ကျွန်တော်ငယ်ငယ်က
အကြွေနည်းနည်းထည့်ထားတဲ့
စုဗူးလေး တဗူးနဲ့
လိုချင်တာတွေ ဝယ်လို့ရမယ်ထင်ခဲ့တယ်။
ကျွန်တော်ငယ်ငယ်က
အိမ်နောက်ဖေး တောအုပ်မှာ
ရော်ဘင်ဟုဒ် လုပ်ဖူးတယ်။
ကျွန်တော်ငယ်ငယ်က
ခပ်နုံနုံ ခပ်အအ
စာကလည်း ခပ်ချာချာ
(အားကစား ဘာညာပေါ့)
ထူးချွန်မယ့် အရိပ်အယောင်မပြ
စိတ်ဓာတ်ကလည်း ပျော့လွန်းတယ်
ကြယ်ကြွေတာကို ကြည့်ပြီးငိုတယ်
(နတ်သမီးလေးတွေ သေတာထင်လို့)
မိုးရေမချိုးရရင် စိတ်ညစ်တယ်
အက္ခရာသင်္ချာ တွက်မရတာကို
ဘဝပျက်တော့မလို ...
ဈေးဖိုးကျပျောက်ရင်
ခြေမကိုင်မိ လက်မကိုင်မိ
(အမေက ဈေးလွှတ်လေ့ရှိတယ် ကျွန်တော်က နမော်နမဲ့)။
ကျွန်တော် မဖြေရှင်းနိုင်တဲ့
ပုစ္ဆာတွေက ...
ဘဝမှာအများကြီး
ငါးကျည်းနဲ့ ငါးခူကို
ဘယ်လိုခွဲခြားရမယ်ဆိုတာက အစ
အတန်းထဲက ခပ်လှလှကောင်မလေးကို
ဘယ်လိုချည်းကပ်ရမယ်ဆိုတာ အဆုံးပေါ့။
ဒီလိုနဲ့...
နည်းနည်းအရွယ်ရလ
ဒီအရွယ်မှာပဲ
တော်လှန်ရေးကောင်စီ တက်လာ၊
ကျွန်တော် ဆေးလိပ်သောက်တတ်လာ၊
ဘုရားရှိခိုးတွေ မေ့လာ၊
လွယ်အိတ်ထဲမှာ ...
ပလေးဘွိုင်းစာအုပ် နဲ့ ချိန်းကြိုးနဲ့ ...
အဖေနဲ့ မတည့်တာကို
မျိုးဆက်ကွာဟမှုလို့ ပြောတတ်လာ၊
မိန်းမတွေကိုကြည့်ရင်
ရင်နဲ့တင်ကို ကြည့်တတ်လာ၊
ကျောင်းပြေးဖြစ်လိုက်
အိမ်ပြေးဖြစ်လိုက်နဲ့
ယဉ်ယဉ်ကလေးဆိုးတဲ့ကောင်ဟာ
ဆယ်တန်းကို ငါးခါ ကျခဲ့တယ်။
အဲဒီအရွယ်မှာပဲ...
ကောင်မလေးတယောက်ကို ရူးရူးမူးမူးစွဲလမ်း
မတော်တဆ အသည်းကွဲရာမှ
ခြေချော်လက်ချော် ကဗျာဆရာဖြစ်လာခဲ့၊ အဲဒါ
ကျွန်တော် ကံဆိုးတာလား
မြန်မာစာပေလောက ကံဆိုးတာလား
အခုအချိန်ထိ
ဝေခွဲလို့မရ။
( ၄ )
ခေတ်က
မာ့က်စ်ဝါဒီ မဖြစ်ရင်ဘဲ
နူတော့မလို ခေတ်
ကျွန်တော်လည်း လက်ဝဲစာပေလေး ဘာလေး
နာမည်ပျက်ရုံဖတ်
ကုတင်ခေါင်းရင်းမှာ
ချီဂွေဗားရားပုံကို
မာရီလင်မွန်ရိုးပုံ အောက်ကချိတ်
(ပြန်လမ်းမရှိတဲ့မြစ် ဇာတ်ကားထဲက
ပေါင်တချောင်းမြှောက် က နေတဲ့ပုံပေါ့ )
ဝမ်းနည်းဝမ်းသာရုပ်ရှင်ဟာ
ကိုယ့်အကြောင်းပဲ ရိုက်ထားသလိုလို
ဖာသည်မတောင်မရှိဘဲ
မြတ်လေးလိုဝတ်စားပြီး
ဂျိမ်းစ်ဒင်းလို နေထိုင်ခဲ့တယ်
(ငါးပြားတန်စီးကရက်ကို နူတ်ခမ်းမှာခဲလို့)။
အဲဒီအချိန်မှာ...
လူတွေဟာ ခွဲတမ်းကိုမျှော်လို့
သွားတိုက်ဆေးဗူးမဲပေါက်တာ
ပျော်ကြတဲ့အခါပေါ့
ဆိုက္ကားသမားက တရားသူကြီးဖြစ်
(သူက ယူနစ်ကော်မတီဝင်လေ)
ဆီအစိပ်သားရဖို့ တန်းစီ
ကြက်သွန်နီ အစိပ်သားရဖို့ တန်းစီ
“ကျေးဇူးတင်ပါသည် လမ်းစဉ်ပါတီ”
ရေဒီယိုက သီချင်းဟာ
ပျင်းရင်နားထောင်ဖို့ ကောင်းတယ်။
ကျွန်တော်ကတော့
အမောက်က ထောင်ထောင်
ကော်လံက ထောင်ထောင်
စိတ်က ထောင်ထောင်
တကိုယ်ရည် အာသာဖြေရတာ သာယာတယ်
ကဗျာဆရာဖြစ်ရတာ သာယာတယ်
လက်ဖက်ရည်ဆိုင်ထိုင်ရတာ သာယာတယ်
ဒါလည်း ...
ထွက်ပြေးလွတ်မြောက်မှုတမျိုးထင်ပ
ဒါပေမယ့် ...
ဒီငနဲကပဲ
ရင်ထဲမှာ သံမှိုစွဲထားသလို
ဒီမိုကရေစီကိုတော့ ယုံကြည်ခဲ့တယ်
နေထွက်မဲ့ညကို ယုံကြည်ခဲ့တယ်
သမိုင်းရဲ့ဒဏ်ခတ်မှုကို ယုံကြည်ခဲ့တယ်။
( ၅ )
ကျွန်တော်ဟာ
မျက်မှန်နဲ့ အဝတ်အစားပါ
ပေါင်ကိုးဆယ်သာသာ လေးတယ်
မတ်တတ်ရပ်နေတဲ့အခါ
မိုးကောင်းကင်နဲ့ ငါးပေ ပိုနီးတယ်
ပိရမစ်ကို မဆောက်ခဲ့သူ
လေဒီဒိုင်ယာနာနဲ့ လက်မထပ်ခဲ့သူ
ဂျူးတွေကို မသတ်ဖြတ်ခဲ့သူ။
အဲဒီသူဟာ ...
အခုတော့ ...
ကဗျာရေးတာ
အနှစ်လေးဆယ်ကျော်လာ၊
ဆေးလိပ်ဖြတ်ခဲ့တ
အနှစ်သုံးဆယ်ကျော်လာ၊
ကျန်စစ်သားလည်း ကြုံဖူး
ဘုရင့်နောင်လည်း ကြုံဖူး
ဓားထစ်ရာတွေနဲ့ မန်ကျည်းတပင်လို
ထိုက်ထိုက်တန်တန်ကို လူဖြစ်
ပုတီးစိပ်လိုက် အပြာကားကြည့်လိုက်
ပန်းချီရေးလိုက် နိုင်ငံရေးစကား ပြောလိုက်
ကမ္ဘာကြီးပူနွေးလာတဲ့အထဲ ဝင်ပါလိုက်
တူမလေးတွေကို စူပါမားကတ်ပို့လိုက်
အားဆေးသောက်လိုက်၊ နှုတ်ခမ်းမွှေးရိတ်လိုက်
တခါတလေ
အကုသိုလ်ကို ပီကေလို ဝါးစားလိုက်
ကဗျာတပုဒ်ထဲမှာ ရေးခဲ့သလို
“ခင်ဗျား တို့ပါးစပ်တွေထဲက
ထွေးထုတ်ချင်လောက်အောင်
ခပ်ချဉ်ချဉ် စပျစ်သီးတလုံးသာ ဖြစ်ချင်သူ
(သူများ မုန်းတာကိုလည်း ပျော်ပျော်ရွှင်ရွှင် အရသာခံတတ်သေးတယ်။)
အနုပညာမှာ ပို့စ်မော်ဒန်နစ
ဘာသာရေးမှာက ဗုဒ္ဓစ်
နိုင်ငံရေးမှာက လစ်ဘရယ်ဒီမိုကရက်တစ်
သူ့အတွက်
စာပေဆု မလို
ဒစ်ပလိုမေစီ မလို၊
ပုဂ္ဂိုလ်ရေးကိုးကွယ်မှု မလို
အိမ်မွေးတိရိစ္ဆာန် မလို
ဒညင်းသီးဆားရည်စိမ် မလို
ရွှေဆွဲကြိုး မလို
နိုင်ငံကူးလက်မှတ် မလို
ကွန်ဒုံး မလို။
( ၆ )
သူဟာ ...
ယခုချိန်ထိ
ညံ့စရာရှိတာ ညံ့ဆဲပါ၊
စက်ဘီးမစီးတတ်
ရေမကူးတတ်၊
ကိုယ့်ခန္ဓာကိုယ်ထဲက သွေးတောင်
ဘာသွေးမှန်းမသိသူ။
ကာရာအိုကေနဲ့ အနှိပ်ခန်း မရောက်ဖူး
ပင်လယ်ရေ မချိုးဖူး
လေယာဉ်လက်မှတ်နဲ
ရေမွှေးပုလင်း မဝယ်ဖူး
တောမခိုဖူး
ဘိန်းမရှူဖူး
အလံဖြူ မပြဖူး
ရေကို ကြိုချက်မသောက်ဖူး
မလုပ်ဖူးတာတွေ ခပ်များများ။
ဒါပေမယ့် ...
အသက်အရွယ်နည်းနည်းရလာတော့
ဖြေသိမ့်တတ်လာပါပြီ
(တရားရသလို ဘာလိုလိုနဲ့)
စားစရာ ထမင်းနည်းနည်းနဲ
ဖတ်စရာ စာအုပ်နည်းနည်းရှိရင်
ငါ့ကို လူနည်းနည်း သိသားပဲ၊
ခွေးအိုကြီး လက်ပေးသင်သလို
အသက်ကြီးမှ ရည်းစားတွေ ဘာတွေရ
(သူနဲ့ ကျွန်တော့်အသက်က
မိုက်ကယ် ဒေါက်ကလပ်နဲ့
ကက်သရင်းဇီတာဂျုံးလောက် ကွာတယ်)
ဘဏ်မှာ ငွေစာရင်းမရှိ
နောက်လိုက်မရှိလည်း
နေလို့ရတာပါပဲ
စီးပွားပျက်တာ ကြုံရပေမယ့်
ကမ္ဘာပျက်တာမှ မကြုံရသေးဘဲ
တမလွန်မှာ ဗြဟ္မာဖြစ်ချင်တဲ့သူဟာ
ဒုက္ခတွေကို
ကြက်မွှေးနဲ့ သပ်ချလို့။ ။
ဘာမှမဟုတ်ပါဘူး။
တကယ်ကို ဘာမှမဟုတ်ပါဘူး။
တဝက်တပျက် ဖုံးကွယ်ထားတဲ့
ကျွန်တော့်အကြောင်းကို တခြားရေးစရာ မရှိတုန်း၊
ကဗျာလိုလို ဘာလိုလို ပေါ့ပေါ့ပါးပါး
(ပေါ့ရွှတ်ရွှတ်လို့တောင် ပြောရင်ရပါတယ်။)
အဲသလို စာစီလွှတ်လိုက်တာပါပဲ။
ခင်ဗျား ဖတ်ပြီး အပျင်းပြေတယ်ဆိုရင် …
ခင်ဗျားဖတ်ပြီး အပျင်းမပြေဘူးဆိုရင် ...
ကျွန်တော့်ရည်ရွယ်ချက်ကလည်း
ဒီထက်မပိုပါဘူးလို့ တုံ့ပြန်လိုက်ပါတယ်။
သစ္စာနီ
*********************************************
မနေ့ကအချစ်ဟာ အပြာရောင်ဖြစ်တယ
=========================
ညနေလေး
သပြေသီးေ၇ာင်ပေါက်မှ
ပြန်ပါတော့လား အချစ်ရယ်။
ပါးပြင်ပေါ်က
အရည်ပျော်ပူဆွေးမှုနဲ့
ပင့်သက်တစ်ထောင်ကို နိုးရင်း
မင်းနဲ့ငါ နောက်ဆုံးမခွဲခွာခင်....
ရှည်မျောမျော လှေကားထစ်တွေနဲ့တူတဲ့
အနမ်းနုတွေနဲ့ရယ
အိပ်မက်ကို ကိုယ်ဝန်ဆောင်လာတဲ့
လွမ်းမှာတမ်းတွေနဲ့ရယ်
မင်းနဲ့ငါ နှုတ်ဆက်ရအောင်။
အသဲက ပြတိုက်အတွက်
မင်းကိုယ်နံ့နဲ့ ရင်ခုန်သံလေးကို
ကိုယ့်သွေးကြောထဲမှာ မှတ်ပါရစေဦး
အလျင်မလိုပါနဲ့လား အချစ်ရယ်။
ပြီးရင်တော့
သောကကို ဖောက်ခွဲဖို့
တွေးတောမှုကို သောက်သုံးဖို့
ကြေက်မက်ဖွယ် တသစရာ
တမ်းတခြင်းကို နှုတ်းခမ်းမှာ ဥထားပြီး
မင်းပြန်သွားနိုင်ပါပြီ အချစ်ရယ်။.........။
သစ္စာနီ(၁၉၇၄-ရွှေမျက်နာရဲ့ မြအသဲ-လက်ရေးမူကဗျာစာအုပ်မှ)
*******************************************************
ကျနော့်တပြည်သူမျက်နာစိမ်း
=====================
တမ်းတမှုကို မွေးဖွား
မျက်ရည်များကို ခိုးယူပြီး
အချစ်ရဲ့စောင့်စားရခြင်းသာ
နှလုံးသား ပါးလွှာလာသည်အထိ
နားလည်ရမည့်သူဖြစ်ရန်
လုံဝ စိတ်ပျက် လိုလားစွာ
လာပြန်ပါပြီ။
ကျုပ်အသဲကို ခြေချ
မယ်မင်းလှမ်းကြွလာပုံက
အညင်သာဆုံးဂီတ
အိမ်မောကျစ လိုပါပဲ။
ပန်းလေးတစ်ပွင့်ဆီမှာ
ဝတ်ရည်လေးသန္ဒေယူသလို(ဒ=ဓ ဟုဖတ်ရန်)
ကိုယ့်စိတ်ကူးမြေကို မင်းလေး
တဖြေးဖြေးစိုးမိုးလာပုံကလည်း
နူးညံ့လှပါဘိ။
ဒါပေမယ့် အဲဒီဖြေးညင်းမှုကပဲ
မျက်လုံးထဲမှာ ပျံဝဲ စိမ့်ဝင်
ရင်ထဲမှာ ယိုစီးရောနှောပြီးအိမ်မက်သွေးကြောကို ဆတ်ခါစေရဲ့။
သစ္စာနီ(၁၉၇၄-ရွှမျက်နာရဲ့မြအသဲ၊ကဗျာစာအုပ်လက်ရေးမူမှ)
*******************************************************
တခြမ်းပဲ့အတ္ထုပ္ပတ္တိအို
===================
အချိန်ကာလဟာ
အရာရာကို ၀ါးမြိုသွားတယ်။
နှင်းဆီနီနှင့် အခြားပန်းပွင့်များ
ဆောင်းဦးပေါက်ရက်များ
စိမ်းလန်းသော ပျော်ရွှင်မှု
ရွှေရောင်အိမ်မက်တစ်ရာ
မျက်ရည်စက်နဲ့ ပြက်လုံးတချို့
စိးကရက်အငွေ့နဲ့
တနင်္ဂနွေနေ့များကို........။
သူ ၀ါးမြို ကြိတ်ခွဲလို့
မရနိုင်တဲ့ အရာ(၂)ခုပဲရှိတယ်။
အဲဒါက....
ငါ့ရင်ထဲက မင်းရယ်
မင်းမရှိတဲ့ ငါရဲ့
တခြမ်းပဲ့အတ္ထုပ္ပတ္တိအိုရယ်...။
သစ္စာနီ(၁၉၇၄-ရွှမျက်နာရဲ့မြအသဲ-ကဗျာစာအုပ်လက်ရေးမူမှ)
*******************************************************
ဖျားနေတဲ့အိပ်မက်ကလေး
====================
နှင်းဆိရောင်နှုတ်ခမ်း တစ်စုံဆီကလာတဲ့
အစိမ်းရောင် ပျံသန်းမှုမှာ
သောကပိုးပါလေသလား။
ငါ့အသဲနှလုံးမှာ ၀င်နား
ခြေရာအဖြစ်ထားခဲ့ပေါ့။
ကြုံလှီအေးစက်တဲ
ဆန္ဒလက်များနဲ့
မျော်လင့်ချက်ပြဒါးတိုင် မြောက်ကြည့်မှ
သောက ဒီ၈ရီ ၁၀၈
ခြစ်ခြစ်တောက် ပူလောင်လျှက်
ငါ့အိပ်မက်လေးများ
ဖျားနေပါပေါ့လား
သစ္စာနီ(၁၉၇၄-ရွှေမျက်နာရဲ့မြအသဲ-ကဗျာစာအုပ်မှ)

No comments:

Post a Comment