#စိတ္တဇတေးသွား
#တာရာမင်းဝေ
( ၁ )
သီးသန့်ဆန်သော ဤမြို့တော်ကလေးဆီသို့ သူ ရောက်ရှိလာခဲ့သည်မှာ ရှစ်လခန့် ရှိခဲ့ပါပြီ ။ ဤမြို့တော်ကလေးတွင် သူ့ အတွက်
အသိအကျွမ်းမရှိပါ ။ ယခင်ကလည်း ရောက်ခဲ့ဖူးခြင်းမရှိပါ ။ ယခုမှ ဘဝအခြေအနေ အလှည့်အပြောင်းတစ်ခုကြောင့် တေလေဝိညာဉ်
ဝင်စားကာ လွင့်မျောရောက်ရှိလာရခြင်း
ဖြစ်လေသည် ။
( ၂ )
ပင်ကိုယ်အားဖြင့် တိတ်ဆိတ်စွာ နေထိုင်သူတစ်ယောက်ဖြစ်၍ ဤမြို့တော်ကလေးမှ သူ့ အနေအထိုင်သည် ဒေသခံများနှင့် ကွဲပြား
ပဲ့ထွက်ကာ သီးသန့်ဆန်လွန်းလှပါသည် ။ အခန်းထဲမှ အခန်းအပြင်သို့ပင် ထွက်ခဲသော ၊ ညည့်သန်းခေါင်ယံ အချိန်ကျမှ ဝရံတာသို့
ထွက်ပြီး ကြယ်တွေကိုကြည့်ငေးငေးနေတတ်သော ၊ ရံဖန်ရံခါတွင် တစ်ယောက်ထည်း စကားပြောနေတတ်သော သူ့ကို အခြားအခန်းမှ
လူအပေါင်းက တအံတသြရှိကြ၏ ။ နားလည်ရခက်သည်နှင့်အမျှ ယဉ်ယဉ်လေး ရူးနေသူတစ်ဦးပမာ သူ့ကို အကဲခတ်ရင်း ခေါင်းကို
ခပ်လေးလေး ယမ်းခါကြ၏ ။
( ၃ )
သူက ကဗျာဆရာတစ်ဦးမျှသာ ဖြစ်ပါသည် ။ သို့သော် ပင်နီတိုက်ပုံဝတ်ပြီး ဆံပင်ညှင်းသိုးသိုးနှင့် ဆေးလိပ်မီးခိုးစော် နံနေတတ်သော ကဗျာဆရာမျိုးလည်း မဟုတ်ပါ ။ သာမန်လူငယ်တစ်ဦး၏ ဆင်ယင်
နေထိုင်မှုမျိုးနှင့်သာ ဘဝကိုသူဖြတ်သန်းပါသည် ။ မချမ်းသာသည့်တိုင်အောင် မဆင်းရဲသော နောက်ခံစီးပွားရေး အခြေအနေကြောင့်
မတောင့်မတ မကြောင့်မကြ သူ ရပ်တည်၍ ရပါသည် ။ ကြေကွဲဖွယ်ရာ ကာလအချို့ကတော့ မောက်မောက်မို့မို့ ရှိခဲ့ဖူးသည်ပေါ့လေ ။
( ၄ )
ယခု ....
ရင်ထဲမှာ အမြစ်တွယ်လာသည့် ( X X X ) ပရိဒေဝသစ်ပင်ကို ခုတ်ထွင်ရန် ကြိုးစားရင်း ပင့်သက်လောင်မီးတွေကြားမှာ သူပျင်းရိ
နေပါသည် ။ ထိုသို့ဖြင့်ပင် ကဗျာတွေစာတွေကြားမှာ သူ့ကိုယ်သူ
မြုပ်နှံထားရပါသည် ။ တစ်ခါတစ်ခါတော့လည်း
( မင်ရည်ကျဲကျဲဖြင့်ပင် )စာတိုပေစတို့ကို ဟိုဟိုသည်သည်ရေးချတတ်၏ ။
ဝ ... ထ ... က ... လ ... သ
က ... ကညစ် ... ပေမှာခြစ်
ခ ... ခရာ ...အသံသာ
ဂ ... ဂဏာန်း ... ရေမှာဖမ်း
....စသည်ဖြင့်
( ၅ )
ညတွေညတွေမှာ သူက အအိပ်အနေ နည်းလွန်းလှပါသည် ။ ထူးဆန်းသော ညအချို့ကို သူ ကြုံကြိုက်ရ၏ ။ တစ်ည ...
သန်းခေါင်ယံ လွန်ရုံမျှသာ ရှိပါဦးမည် ။
( လျှပ်စစ်မီးများ ပြတ်တောက်နေသည် ။ )
“
ဝူး ... ဝူး ... ”
ခွေးအူသံများကို ကြားရ၏ ။ ထိုခွေးအူသံများက ဝေးရာမှ နီးလာသည် ။ ထို့အတူ သူ့ အခန်းဆီသို့ တက်လာသော ခြေသံဖွဖွကို ကြားရသည် ။ တွေဝေသွားမိသည် ။ ခြေသံကသူ့အခန်းတံခါးရှေ့
တွင် ရပ်၏ ။
“
ဒေါက် ... ဒေါက် ”
သူ့ အခန်းတံခါးကို ခေါက်ခြင်းဖြစ်သည် ။ မည်သူလဲ ၊ မည့်သည့်ကိစ္စလဲ ဝေခွဲ၍မရသသည့်အမျှ သင်္ကာမကင်းလည်း ဖြစ်ရ၏ ။ တံခါးကို သူ ဖွင့်မပေးပါ ။ တစ်ဖက်မှလည်း တံခါးကို ခပ်ပြင်းပြင်း
ခေါက်နေဆဲ ...
“
ဒေါက် ... ဒေါက် ... ဒေါက် ”
သူ့ဖက်မှ ဘာတုန့်ပြန်မှုကိုမှ မပေးသည့်အဆုံး
“
အူး ... ဟူး ” ဟူသည့် ကြောက်မက်ဖွယ်ရာ ညည်းတွားသံကြီးနှင့်အတူ ခြေသံက အောက်ပြန်ဆင်းသွားသည် ။ ခွေးအူသံများလည်း
နီးရာမှ တဖြည်းဖြည်း ဝေးသွားတော့၏ ။
( ၆ )
နောက်ညမှာ ...
ပို၍ဆိုးလာပါတော့သည် ။ သန်းခေါင်ယံလွန်ချိန် ခွေးအူသံများ ၊ သူ့ အခန်းဆီတက်လာသော ခြေသံဖွဖွ ၊ ထိုသည်တို့နှင့်အတူ
တံခါးခေါက်သံများ ...
“
ဒေါက် ... ဒေါက် ... ဒေါက် ”
ခပ်လျော့လျော့ အနေအထားဖြင့် အခန်းထဲမှ ရပ်တန့်နားစွင့်ရင်း တံခါးကိုတော့ သူ ပိတ်မြဲပိတ်ထားဆဲ ။ တစ်ဖက်မှလည်း ပို၍
ပြင်းထန်လာသည် ။ သုံးကြိမ်သုံးခါလာသည် ။
သူ မည်သို့မျှ မတုန့်ပြန်ပါ ။ သုံးကြိမ်စလုံးမှာ ငြိမ်သက်တိတ်ဆိတ်စွာ ...
( ၀ )*
အနှောင့်အယှက်ဖြစ်လာသလို ခံစားရ၍ နောက်နေ့မနက်မှာ လုံခြုံရေးစခန်းသို့ သူ ဖုန်းဆက် တိုင်ကြားရပါတော့သည် ။ လုံခြုံရေး
ဝန်ထမ်းများက လေးလေးနက်နက် နားထောင်ကြ၏။ထို့နောက်စုံစမ်းမှုများပြုလုပ်ကာသူ့ထံသို့အကြောင်းပြန်လာသည် ။
အရပ်မြင့်မြင့် လူတစ်ယောက်လို့ သိရပါတယ် ။ ဘယ်ဖက်လက်မှာ လက်အိတ်အဖြူ စွပ်ထားတယ် ။ ဘယ်ကလာတဲ့လူလည်း မသိဘူး ။
ကျွန်တော်တို့ စောင့်ကြည့်ပေးပါ့မယ် ။
( ၇ )
သို့သော်လည်း နောက်ညတွေမှာ အခြေအနေက ထူးခြားမလာပါ ။ သမရိုးကျဆန်စွာ ကုန်လွန်ခဲ့၏ ။ ထို့ကြောင့် စောင့်ကြပ်ကြည့်ရှူသော ဝန်ထမ်းများကပင်လျှင် ဤကိစ္စအပေါ်တွင် လျော့ရဲစပြုလာပြီ ။
ထိုအခါကျမှ တညမှာ ...
“
ဝူး ... ဝူး ... ”
သန်းခေါင်လွန်အချိန်မှာ ခွေးအူသံတွေကို စကြားရပြီ ။ သူ့စိတ်ထဲမှလည်း အလိုလို သိလိုက်သည် ။ သူ့အခန်းဆီတက်လာသော
ခြေသံနှင့် သူ့အခန်းတံခါးကိုခေါက်သံ ကြားရဦးတော့မည် ။
( သူက အေမီလိုဝဲလ်၏ ကဗျာများကို သရုပ်ခွဲ လေ့လာနေချိန်ဖြစ်၏ ။ )
“
ဒေါက် ... ဒေါက် ... ဒေါက် ”
ဤတစ်ကြိမ်တွင်တော့ တုန့်ပြန်မှုကို သူ ပေးပါသည် ။
“
ဘယ်သူလဲ ”
“
ကျုပ် ”
“
ဘယ်က ကျုပ်လဲ ”
“
မင်းကို သတ်မယ့်လူ ”
“
အိုကေ .. ကိုယ်ကလည်း သေချင်နေတာနဲ့ အတော်ပဲ ၊ ကောင်းပြီလေ ၊ အထဲကိုကြွပါ ”
သူ တံခါးကို ဖွင့်ပေးလိုက်ပါသည် ။ အခန်းထဲသို့ လူတစ်ယောက်က သေမင်းပမာ ဝင်ရောက်လာ၏ ။ဘယ်ဘက်လက်မှာ လက်အိတ်
အဖြူကို စွပ်ထားသည် ။ ထိုလူက သူ့ကို ...
“
ခင်ဗျားနဲ့ ကျုပ်ကြားမှာ ပြောစရာစကား မရှိတော့ပါဘူးနော် ၊ ခင်ဗျားက သေချင်တယ် ၊ ကျုပ်က သတ်တယ် ဒါပဲပေါ့ ”
ထို့နောက် ထိုလူက လက်အမြှောက် ဓားရောင်က ဝင်းခနဲ တောက်သွားသည် ။
“
အား ... ”
ထိုလူ လဲကျသွား၏ ။ သူ့နောက်မှာက လုံခြုံရေး ဝန်ထမ်းတစ်ယောက် ။
( ၈ )
ထိုလူ့ကို စစ်ဆေးမေးမြန်းကြတော့ အနားမှာ သူရှိနေပါသည် ။ လုံခြုံရေးဝန်ထမ်းများက ထိုလူ့ကို ...
“
မင်းနဲ့ သူနဲ့ ရန်ငြှိုးရှိလို့လား ”
“
မရှိဘူး ၊ လူချင်းတောင် မသိဘူး ”
“
ဒါဖြင့်သူ့ကိုသတ်ဖို့မင်းကိုတစ်ယောက်ယောက်က ခိုင်းလိုက်တာလား ”
“
မဟုတ်ဘူး ၊ ကိုယ့်ဖာသာကိုယ် သတ်ချင်လို့ကို သတ်မှာ ”
“
ရှင်းအောင်ပြော ၊ ဘာကြောင့်လဲ ”
“
ကျုပ်မှာ အရမ်းချစ်ရတဲ့ မိန်းကလေးတစ်ယောက် ရှိတယ် ”
“
ဖြစ်နိုင်ပါတယ် ဆက်ပြော ”
“
ကျူပ်ကသာ သူ့ကို အရမ်းချစ်ရတယ် ၊ သူကတော့ ဒီကဗျာဆရာကို အရမ်းချစ်နေတယ် ”
ထိုမိန်းကလေး၏ အမည်ကိုလည်း ပြောပြ၏ ။
သူကကျတော့လည်း ထိုမိန်းကလေးကို အမည်ပင် မကြားဘူးပါ ။သူ့ ကဗျာများမှတစ်ဆင့် သူ့ကို တွယ်တာခြင်းဖြစ်နိုင်ပါသည် ။
“
ဒီကဗျာဆရာသေရင် သူလည်း လိုက်သေမယ်တဲ့ ၊ အဲဒါကြောင့်
ဒီကဗျာဆရာကို သတ်ဖို့ ကြိုးစားရတာပေါ့ ”
“
ဟင် ... သူသေရင် မင်းကောင်မလေးကပါ လိုက်သေသွားမှာပေါ့ ”
“
ဟုတ်တယ် ၊ ကျုပ်ကလည်း အဲဒီလို ဖြစ်စေချင်တာ ”
( ၉ )
“
ဘာသဘောလဲ ”
သူက မည်သို့မှ မခံစားရသော်လည်း လုံခြုံရေးဝန်ထမ်းများက တအံတသြ ဖြစ်ကြ၏ ။ ထိုလူကဘီလူးတစ်ကောင်ပမာပြုံးပြီးသွားကြိတ်သံနှင့် ဖြေ၏ ။
ဓါးတစ်ချက်တည်းနဲ့ နှလုံးသား နှစ်ခုကို ထိုးခွဲသတ်ဖြတ်ပစ်နိုင်တာ “ ရသ ” ပေါ့ဗျာ ။ ဘာကိုမှ မရနိုင်တော့တဲ့ ကျွန်တော့်အတွက် ရသမြောက် ဓားချက်ကိုတော့ ယူသွားချင်လို့ပါ ။
စကားအဆုံးမှာ ဖြိုးဖြိုးဖျစ်ဖျစ်မြည်အောင် ထိုလူပြုံး၏ ။ ထိုလူ့ မျက်လုံးများက ဓားဦးဖျားမှ ဖြာထွက်လာသော စိန်ပွင့်များပမာ တောက်စားတုန်ခါလျက် ရှိလေသည်။ ။
#တာရာမင်းဝေ
No comments:
Post a Comment