#စာဟောကအပြန်
#အီကြာကွေး
မနက်လင်းစကတည်းက ရင်တဖိုဖို။ ရည်းစားနှင့်ချိန်းထာသော လူပျိုပေါက်ကလေးလို ဂုရုကွေး ရင်တွေဖိုနေသည်။ ဒီမြို့ကလေးကို ရောက်စက ရင်မဖိုရ။ ဒီမြို့ကလေးမှာ ဂုရုကွေးရောက်နေကြောင်း သိကြ၍ စာပေဟောပြောပေးရန် ဖိတ်မန္တကပြုမှ ရင် စ၍ဖိုရသည်။
သူတို့ လာခေါ်မည်။ ချိန်းထားတာက ဒီနေ့မနက်ဆိုတော့ လာလုငယ် လာလု တမ်းခုခု ငေးရသည်။ လမ်း၏ဟိုဘက်က ပေါ်လာမလား။ ဒီဘက်က ဝင်လာမလား။ လာခေါ်သူကို မျှော်ငေးရင်း ဂုရုကွေး ရင်ဖိုနေစဉ်
" ဆရာကြီဂုရုကွေး ... "
" ဟဲ့ ... ပလုတ်တုတ် .. လန့်လိုက်တာ "
လမ်းမကို မျှော်ငေးနေစဉ် လူငယ်တစ်ယောက် အိမ်ကြားမှထွက်လာပြီး ရုတ်တရက် နှုတ်ဆက်လိုက်၍ ဂုရုကွေး လန့်သွာသည်။ ထွက်လာပုံကလည်း လန့်စရာ။ အိမ်နှစ်ကြားမှ စက်ဘီးတစ်စီး သုတ်ကနဲထွက်လာကာ လူငယ်တစ်ယောက် ဖုတ်ကနဲ ခုန်ချ၍ " ဆရာကြီဂုရုကွေး "ဟု ဗြုန်းစားကြီး အသံပေးလိုက်သောကြောင့်ပင်။
သူငယ်က " ကျွန်တော် ဂုရုကွေးဟောပြောဖို့ ဖိတ်ထားတဲ့ဆီကပါ ... လာကြိုတာပါ.... "
" ဒါဆို သွားကြရအောင်၊ ကား ဘယ်မှာ ရပ်ထားခဲ့သလဲ။ လမ်ထိပ်မှာလား ... အိမ်ရှေ့အထိ မောင်းဝင်လာလည်း ရသားနဲ့ကွယ် .. "
လာကြိုသည်ဆိုတော့ ခါတိုင်းပွဲတွေလို ကားနှင့်ဘာနှင့် အခန့်စားနေမှာပေါ့။ ဖင်မလီယာလား၊ လင်ဆာလား၊ ကိုရိုလာလား၊ ဖီးယက်လား၊ ဘီးလေးဘီးပါသော ကားတစ်ကားဖြစ်ရမည်ထင်ပြီး မေးလိုက်မိကာမှ
" ကားမပါပါဘူး ဆရာကြီး၊ သွားရမယ့်လမ်းက ကားမောင်းလို့ မရဘူးခင်ဗျ "
" ကားမပါတော့ ငါက ဘာနဲ့လိုက်ရမှာလဲ၊ ခြေသလုံး လေထိုးပြီး ခရီးငါးမိုင်လောက်ကို ကုန်းကြောင်းတစ်လှည့်၊ ခြေလျင်တစ်ခါ (အွမ်-ဖု) လိုက်ရမှာလား .. "
ဂုရုကွေး နှစ်ပြားဖိုးလောက် စိတ်ဆိုးသွားသည်။ ဘယ့်နှယ်ဗျာ ကားနဲ့ လာကြိုမယ်ထင်ပြီး မိုးလင်းကတည်းက ရင်တဖိုဖိုနဲ့ စောင့်နေတာ။ ကားမပါဘူးဆိုတော့ ဒီကကောင် ဘာနဲ့ လိုက်ရမှာလဲ၊ သိုင်းဝတ္ထုတွေထဲကလို ယားဟုအော်ပြီး တချီတည်း ခုန်လိုက်တာနှင့် ငါးမိုင်လောက်ရောက်သွားရင်လည်း တော်သေးရဲ့။
" ကုန်းကြောင်း မလျှောက်ရပါဘူးခင်ဗျ၊ ဆရာကြီးကိုကြိုဖို့ စက်ဘီးယူလာပါတယ်။ ဘားတန်းပေါ် တက်ပါ ... "
အလိုလေး ... ဘုရား ..... ဘုရား ... ဟောပြောပွဲတွေ ဟောလာတာ အနှစ်နှစ်ဆယ်ကျော်ပါပြီ။ စက်ဘီးဘားတန်းပေါ်က လိုက်ရတာဆိုလို့ ဒီတစ်ပွဲပဲ ကြုံဖူးပါတယ်။ လမ်းကလည်းကြမ်း၊ စက်ဘီးကလည်း အိုမင်းမစွမ်း၊ လူတစ်ကိုယ်စာတောင် အနိုင်နိုင် ထမ်းရသည်။ နှစ်ကိုယ်စာဆိုတော့ စက်ဘီးခမျာ မရှူနိုင်မကယ်နိုင်။
" ဟဲ့ ... သူငယ် ဖြည်းဖြည်း ... ဖြည်းဖြည်း ... "
စက်ဘီးခုန်လို့ တင်ပါးတွေ နာလှပြီ။ ဘားတန်းပေါ်မှ ဂုရုကွေးလည်း မသက်သာလှပါ။ စက်ဘီးခုန်တိုင်း အသားနည်းသောတင်ပါးပိန်ကလေးမှာ ဘားတန်းနှင့်ဆောင့်မိ၍ မချိတရိဖြစ်ရသည်။ နင်းသောသူငယ်လေးမှာလည်း ချွေးသီးချွေးပေါက်တွေဖြင့် ဟောဟဲ ဟောဟဲ၊ ဟောပြောပွဲလုပ်မည့်နေရာနှင့် မိုင်ဝက်ခန့်အလိုတွင် စက်ဘီး ချိန်းပြတ်ကာ ဝရုန်းသုန်းကား လဲကြသည်။
" အိမ်း .... လဲလိုက်တာက ကောင်းသေး ... ဝဋ်ကျွတ်သွားပြီ။ ကုန်းကြောင်း ကြိတ်ကြစို့ရဲ့ "
သူငယ်လေးက စက်ဘီးထမ်း၊ ဂုရုကွေးက ခြေလျင်လှမ်းရင်း ဟောပြောပွဲလုပ်မည့်နေရာသို့ ရောက်လာကြသည်။
*****************************
" အားနာလိုက်တာဆရာကြီးရယ် ... ကျွန်တော်တို့က ခရီးကြမ်းတယ်။ ဆရာကြီး ပင်ပန်းလာတယ်၊ အားရပါးရ စားစမ်းပါ။ စားပြီးမှ ဟောတာပေါ့ ... "
ဘယ်လောက်ပဲ ပင်ပန်း ပင်ပန်း ဝက်သားမျက်နှာ၊ ကြက်သားမျက်နှာ၊ ငါးသလောက်ပေါင်းမျက်နှာ၊ ပုစွန်ဆီပြန်မျက်နှာတွေ မြင်လိုက်ရသည်နှင့် ပင်ပန်းတာတွေ ပျောက်သွားသည်။ ဂုရုကွေးတွယ်လိုက်တာ ငါးပန်းကန်ကြီးများတိတိ ကုန်သွားသည်။ ထမင်းစားပြီး အချိုပွဲအဖြစ် ဆက်တီးသည်က လိမ္မော်သီးအစိတ်သုံးဆယ်၊ လက်ဖက်တစ်ပွဲနှင့် ထန်းလျက်ခဲငါးခဲ။
စားနိုင်မှ အားဖြိုင်မည်။ အားဖြိုင်မှ စကားလှိုင်မည်။ ဗိုက်ကလေးပြည့်ပြည့်နှင့် ဂုရုကွေး စီခြောက်ဆယ် နှစ်ခွေစာလောက် အားရပါးရ ဟောပစ်လိုက်သည်။ ရွှေပွဲလာပရိသတ်များ ကျေနပ်သွားကြသည်။ ဟောပြောပွဲကျင်းပသူများမှာ ပို၍ကျေနပ်ကြသည်။ သူတို့ပွဲ အောင်မြင်သွားတာကိုး။
" နည်းတယ် များတယ် သဘောမထားပါနဲ့ဆရာကြီး။ ကျွန်တော်တို့အရပ်က ထွက်တဲ့ ထွက်ကုန်ကိုပဲ လက်ဆောင်အဖြစ် ပေးလိုက်ပါရစေ "
သူတို့အရပ်ကထွက်တဲ့ ထွက်ကုန်ဆိုလို့ ဆန်လား၊ ဆီလား၊ မြေပဲလား၊ ထန်းလျက်ခဲလား မှတ်ပါတယ်။ လက်စသတ်တော့ ဘူးသီးကြီးပါလား။ ဂုရုကွေး၏သက်တမ်းတစ်လျှောက် ဤမျှကြီးသော ဘူးသီးမျိုးကို ဤတစ်ကြိမ်သာ မြင်ဖူးသည်။ တုတ်တုတ်ခဲခဲ ထွားထွားကျိုင်းကျိုင်း ဘူးသီးတကာတို့၏ ဘိုးအေ၊ စူပါအခါတစ်သိန်း စတားသော မဟားဒယားကြီးသည့် ဘူးသီးဧရာနန္ဒာ၊ ဘူးသီးပြိတ္တာကြီး။
" ခင်ဗျားတို့ဘူးသီးက ကြီးလှချည်လားဗျ "
" ကြီးဆို ဒီနှစ် သီးသမျှထဲမှာ အကြီးဆုံးပဲ။ ဘူးသီးအယ်တုံဆိုတာ ဒီဘူးသီးပါပဲဂုရုကွေး "
ခရီးက မနီးလှ။ ငါးမိုင်ပျော့ပျော့လောက်ရှိမည်။ ဘူးသီးအယ်တုံကြီးကို ထမ်း၍ ပြန်ရမည့်အရေးကို တွေးလိုက်တိုင်း မောရပါဘိ။ သူတို့လိုက်ပို့ရင်လည်း ကောင်းသား။
" ဆရာကြီးဖိနပ်က ဒီဖိနပ်လား ... "
လူငယ်တစ်ယောက်က ဖိနပ်တစ်ရံလာပြသည်။ ဖိနပ်က ပြတ်လုတဲကာ သဲကြိုးနှင့် ဖိနပ်ဂီလာန။
" မဟုတ်ဘူး၊ မဟုတ်ဘူး .... "
" ကိုယ့်ဖိနပ်က ပိန်းတန်းဖိနပ် "
ပိန်းတန်းလည်းမရှိ၊ ဂိန်းတန်းလည်းမရှိ။ ဖိနပ်ဆို၍ ဒီဖိနပ်တစ်ရံသာရှိသည်။ ဟိုက် ... ရှာလပတ်ရည်၊ မှားစီးသွားတာလား၊ တမင်စီးသွားတာလား။ ဖိနပ်မရှိတော့ပြီ။ ငါးမိုင်ခရီးနေပူကြီးမှာ ဘူးသီးထမ်း၍ ခြေဖဝါးချည်းသက်သက် ပြန်ရတော့မည်။
ဟောပြောပွဲကျင်းပသူတွေက အားနာပါးနာဖြင့် သူတို့ဖိနပ်တွေ ထုတ်ပေးကြသည်။ ဂုရုကွေး စီးကြည့်သည်။ ဘယ်ဖိနပ်မှ ဂုရုကွေးခြေထောက်နှင့် မတော်။ ကျဉ်းနေတာတို့ ကျယ်နေတာတို့ အမျိုးမျိုးဖြစ်နေသည်။
" ကျောင်းသားလေးနှစ်ယောက် ဘူးသီးထမ်းပြီး လိုက်ပို့ကြပါလိမ့်မယ် .. "
ဘူးသီးက အယ်တုံ၊ ကလေးတွေပုံက ပိစိကွေးလေး။ နှိုင်းယှဉ်ကြည့်လျှင် ဘူးသီးက သူတို့ခါးစောင်းလောက်ရှိနေသည်။ မည်သို့ပင်ဖြစ်စေ၊ အပြန်ခရီးတွင် ကျောင်းသားလေးနှစ်ယောက်မှာ ဘူးသီးကြီးကို အားကြိုးမာန်တက် ထမ်းကြရှာပါသည်။ နေပူခြေပူသဖြင့် ဂုရုကွေး ဆွေ့ဆွေ့ခုန်နေသလို ကလေးနှစ်ယောက်မှာလည်း ဘူးသီးထမ်းရသဖြင့် ဟိုက်ဟိုက်ပန်းနေသည်။ မကြည့်ရက်သဖြင့် လမ်းတစ်ဝက်အရောက်တွင် ကလေးနှစ်ယောက်ကို ပြန်လွှတ်လိုက်သည်။
" ဒီဘူးသီးကြီးနဲ့ ဆရာကြီးဖြစ်ပါ့မလား။ ခရီးက မနည်း ကျန်သေးတယ် ... "
" ယောက်ျားပဲကွာ။ မဖြစ်ပေမယ့်လည်း ကြံဖန်ဖြစ်ရတော့မှာပေါ့။ မင်းတို့ ပြန်ကြပေတော့ ... "
ကလေးနှစ်ယောက် ပြန်သွားသောအခါ ဘူးသီးကြီးကို ကျောပေါ် ကောက်တင်လိုက်သည်။ ဟိုက် ... ရှာလပတ်ရည်၊ လေးလှပါကလား။ ဘူးသီးမှ ဟုတ်ပါလေစ။ လမ်းကြိတ်စက်က ဘူးသီးယောင်ဆောင်ပြီး ကျောပေါ် တက်နေတာလား။ စုံကန္တာမြိုင်ရပ်တွင် ဘယ်ဖိနပ်မှ မောင်မပါပဲ ဘူးသီးကြီးထမ်းကာ နေပူကြီးထဲတွင် တစ်ကိုယ်တည်း လှမ်းခဲ့ရင်း လက်တန်းကဗျာ ဆိုမိသည်ကား
စာဟောကအပြန်
ကံခေကာ အနေကျပ်သေဖို့
ဖိနပ် လူခိုး
မနက်ကြီးဆီက
စက်ဘီးမောင်မမြင်တော့
ကျောပြင်မှာ ဘူးသီးကြီးရယ်နှင့်
ယိုင်တီး ယိုင်ထိုး
အီကြာကွေး
ကလျာမဂ္ဂဇင်း၊ အမှတ်-၂၊ ဖေဖော်ဝါရီ၊ ၁၉၈၅။
No comments:
Post a Comment