================
တာရာမင်းဝေ
အခုန်အပျံ လေ့ကျင့်နေကြတယ်။ ဆရာယုန်အိုကြီးက ခေါင်းတညိတ်ညိတ်နဲ့ လိုက်လံကြည့်ရှူရင်း လိုအပ်တာတွေကို ပြင်ဆင်ပေး
နေတယ်။ သူတို့ရဲ့လေ့ကျင့်မှုအဆုံးမှာ. . .
ပထမ
*****
မသီတာ(စမ်းချောင်း)
7Day Daily
Sat, 2018-06-02 04:30
Issue No. No.1818 Saturday, June 2, 2018
ပထမ (၁)
မှတ်မိနေသော ပထမနေ့ များအနက် မူကြိုကျောင်း ပထမ နေ့သည် ပထမဆုံးဖြစ်သည်။
‘‘ဟင်း...အိမ်ပြန်မယ်၊ မေမေတို့နဲ့ လိုက်ပြန်မယ်’’ ဟု စ ကားမပီကလာဖြင့် ဇီဇာကြောင် စွာအော်ဟစ်ငိုယိုခဲ့ရသည်။ ယမင်း စိတ်ကြိုက်ကစားခွင့်၊ စားခွင့် ရနေသည့်တိုင် တစ်ချက်တစ်ချက် ငိုဖြစ်သည်။ ဖေဖေ၊ မေမေတို့ မရှိသောနေရာတွင် နေရခြင်း သည် လွတ်လပ်ခြင်းထက်အား ငယ်ခြင်းကို ပို၍ဖြစ်စေခဲ့သည်။
ကျောင်းနေကြာ၍ ကျောင်း မှာ ပျော်လာသောအခါ ပထမနေ့ က အဖြစ်ကို ရှက်သလိုလိုဖြစ်မိ သော်လည်း နောင်တတော့မရ ချေ။ ပထမနေ့အဖြစ် ပထမဆုံး မှတ်မိသိရှိသော ပထမနေ့ (၁)။
ပထမ (၂)
နှစ်ကြိမ်မြောက် မှတ်မိသော ပထမနေ့သည် အထက်တန်း ကျောင်းသို့ မူလတန်းကျောင်းသူ သစ်အဖြစ်ပြောင်းရသော ပထမ နေ့။
မူကြို ပထမနေ့ကလို အော် မငိုဖြစ်တော့။ ကျောင်းထဲမှ ထွက် သွားသော ဖေဖေနှင့်မေမေကို ကြည့်ပြီး မျက်ရည်တွေကျလာ သေးသည်။ သည်တုန်းက နောက် ထပ် ပထမနေ့များစွာကို ဖြတ် သန်းရမည်ဟု မရိပ်မိခဲ့သေး။
ပထမနေ့အဖြစ် ဒုတိယမှတ် မိသိရှိသော ပထမနေ့ (၂)။
ပထမ (၃)
ပထမတန်း စတက်သည့် ပထမနေ့မှစ၍ ယမင်းပထမနေ့ များကို ချစ်တတ်လာသည်။
အတန်းသစ်သို့ ပထမဆုံး တက်ရသော ပထမနေ့၊ အင်္ကျီ သစ်၊ ဂါဝန်သစ်၊ လွယ်အိတ်သစ်၊ ထမင်းဘူးသစ်၊ ခဲတံဘူးသစ်၊ ခဲ တံသစ်၊ ချွန်စက်သစ်တို့ကို ပထမဆုံးသုံးသည့် ပထမနေ့။
ယမင်း ပထမနေ့များကို မျှော်တတ်ခဲ့သည်။ ထို့အတူ ပထမအဆင့်၊ ပထမဆုံး၊ ပထမ လူအဖြစ်ကိုပါ လိုးလားတတ်ခဲ့ သည်။
ပထမအရွယ် ယမင်းငယ် အတွက် ‘ပထမ’သည် ပထမအ တောင့်တဆုံး၊ အပိုင်ဆိုင်ရဆုံး ဝေါဟာရဖြစ်ခဲ့သည်။ ‘ပထမ’ သည်ယမင်းအတွက် ငြီးငွေ့စရာ မဖြစ်ခဲ့။
ပထမ (၄)
ဆေးရုံသို့ ပထမအကြိမ်အ ဖြစ် ပထမထပ်တွင် တက်ရသော ပထမနေ့ကိုလည်း မှတ်မိနေသေး သည်။ အဖျားဒီဂရီ ၁၀၆ ရှိနေသည်မို့ အသေးစိတ် မမှတ် မိသော်လည်း မေမေက ယမင်းကို ပွေ့ထားတာ၊ ခုတင်ဘေးမှာ ဖေဖေနှင့် မေမေထိုင်ပြီး ယမင်း ကို စိုက်ကြည့်နေတာ၊ ယမင်းနှာ ခေါင်းကို ပိုက်ချောင်းတစ်ခုသွင်း လိုက်တာ၊ ပြတင်းပေါက်ကနေ တရုတ်သံရုံးဂိတ်တံခါးနီနီကြီးကို မြင်နေရတာစသဖြင့် အချို့ကို မှတ်မိနေသေးသည်။
ထိုစဉ်က ပထမအစမ်း စာ မေးပွဲကို ယမင်းမဖြေခဲ့ရ။
ပထမ (၅)
ဆေးတက္ကသိုလ် (၁) တွင် ပထမဆုံးနေ့အဖြစ် တက်ရသော မောင်မယ်သစ်လွင် ကြိုဆိုပွဲနေ့ ကို သတိရသည်။
‘ဥပဌာနံ အနုကမ္မံ ဥပါဒယ’ နှင့် ပထမဆုံး တွေ့ဆုံရသည့်နေ့။ လိပ်ခုံးမှာ ရက်ရှည်ပညာသင်ယူ ရန် ပထမဆုံးခြေချဖြစ်သည့်နေ့။ စိန်ပန်းတွေ မပွင့်သေးသော်လည်း ပထမနှစ်ကျောင်းသား အသစ် စက်စက်တို့၏ တက်ကြွသွေး ကြောင့် ထိုနေ့က လိပ်ခုံးဝန်းကျင် သည် သန္တာရောင်သန်းနေသည် ဟုထင်မိခဲ့သည်။
ပထမ (၆)
ဒုတိယနှစ် နွေရာသီကျောင်း ပြန်ဖွင့်သည့် ပထမနေ့မှာ အဘွား ဆုံးသည်။ ယမင်းတစ်သက်အိမ် မှ မိသားစုတစ်ယောက်ယောက် ဆုံးခြင်းကို ယခုမှ ပထမဆုံးအ ကြိမ်အဖြစ်ကြုံခဲ့ရသည်။
ဝမ်းနည်းထိခိုက်၊ ပူဆွေးယူ ကျုံးမရမှု ပြင်းပြင်းထန်ထန်ဖြစ် ခြင်းသည် ယခုအကြိမ်ပထမဆုံး ဖြစ်သည်။ သိပ်လှုပ်လှုပ်ရှားရှား အလုပ်မလုပ်ခဲ့ရသော မျက်ရည် ကြည်အိတ်သည် ပထမဆုံးအ ကြိမ် အားကုန်လှုပ်ရှားခဲ့ရသည်။
မဖြစ်နိုင်မှန်း သိသော်လည်း ယခုလို ‘ပထမ’ ကိုတော့ပူးတွဲ ဝေါဟာရအဖြစ် ‘နောက်ဆုံး’ ကို ပေါင်းကာ စက္ကင်းမရောင်းဖို့ ဘိုး ဘိုးကိုကြည့်ပြီး ဆုတောင်းခဲ့ရ သည်။
ပထမကို ယမင်းချစ်တတ် ရုံမက ကြောက်တတ်လာခဲ့သည်။
ပထမ (၇)
တတိယနှစ် ပထမဆုံးနေ့ သည်လည်း အမှတ်တရနေ့များ တွင် တစ်နေ့အပါအ၀င်ဖြစ်ခဲ့ သည်။
လိပ်ခုံးမှ လမ်းမတော် ကျောင်းသို့ ပြောင်းလာရပြီဖြစ် သဖြင့်လည်းကောင်း၊ ပထမဆုံး လက်ချာကို ဆေးရုံကြီးစာသင် ခန်းမတွင် သင်မည်ဖြစ်၍ ပထမ ဆုံး ဆေးရုံအတွေ့အကြုံ ရတော့ မည်ဖြစ်သဖြင့် လည်းကောင်း ယမင်းပျော်နေ၊ ရင်ခုန်နေမိခဲ့ သည်။
သို့သော် ဆေးရုံကြီးတွင် နံ နက် ၁၀နာရီလက်ချာရှိသည်ကို သာ မှတ်မိပြီး နံနက် ၈နာရီ ကျောင်းတွင် ရောဂါဗေဒ လက် ချာရှိကြောင်း မေ့နေသဖြင့် ပထမ ဆုံးလက်ချာလွတ်သွားခဲ့သည်။
ပထမ (၈)
ယမင်း ဝေါ့ဒ်ပိုစတင်ကို အ ထွေထွေရောဂါကု ဆေးရုံသစ် ကြီးမှာကျသည်။ တတိယနှစ် ဆေးကျောင်းသားများအနက်ဤ ဆေးရုံသစ်ကြီးတွင် ခွဲစိတ်ကု ပညာသင်ယူလေ့လာသည့် ပထ မဆုံးအဖွဲ့အဖြစ် ယမင်းတို့အဖွဲ့ က သွားရမည်ဖြစ်သည်။
ဆေးရုံသစ်ကြီးသို့ ပထမဆုံး သွားရသောနေ့မှာပင် ယမင်း ရောဂါစရသည်။ စာသင်မည့် ဆရာနောက်က တကောက် ကောက်လိုက်လျှောက်ရင်း ၀ဲ ယာဝန်းကျင်ကို ယမင်းတို့အဖွဲ့ ငေးခဲ့ကြသည်။ အမျိုးသမီးခွဲစိတ် ဆောင်မှ စထွက်ကတည်းကပင် ယမင်းမူးချင်ချင်ဖြစ်လာသည်။
‘‘ပထမဆုံးတော့ ဒီဟာပဲ ကြည့်ကြဦးပေါ့ကွာ’’ ဟု ဆရာက လူနာလက်ယာဘက်နံရိုး မျဉ်း အောက်နား ကျနေသော ရော် ဘာပြွန်နှင့် တစ်ဆက်တည်းရှိ နေသည့် ငှက်ပျောဖူးပုလင်းကို လက်ညှိုးညွှန်ပြသည်။ ခုတင် အောက်မို့ငုံ့အကြည့်တွင် ယမင်း မြင်ကွင်းတစ်ခုလုံးသည် မည်း မှောင်နက်ရှိုင်းသွားခဲ့သည်။သည့် နောက်မှာတော့ ‘‘ပထမနေ့မှာ တင်တစ်ယောက်တော့ ပျော့ သွားပြီဟေ့’’ ဟူသည့် စကားတစ် ခွန်းကိုသာ ၀ိုးတ၀ါးကြားလိုက်ရ သည်။
ယမင်းသည် ယခုတိုင် ‘ပထမ’ နှင့် တွဲဖက်အပ်စပ်မြဲဖြစ် သည်။
ပထမ (၉)
အူရောင်ငန်းဖျားနှင့် ၀မ်း ကိုက်ရောဂါဟု ရောဂါအမည်တို့ ကို ပထမဆုံးအကြိမ်သိရစဉ်က ယမင်းစိတ်ညစ်ခဲ့ရသည်။
နောက်တော့ တိုးလို့သာ စိတ်ညစ်ရပြန်သည်။ အဖျားက ၁၀၁ ဒီဂရီမှာ တိုင်နေသည်။ ခေါင်းမူး၊ ပျို့အန်၊ မောပန်းရုံမက ညတိုင်းညတိုင်း ခြေတွေလက် တွေ တဆတ်ဆတ် တုန်လာတတ် သည်။ ဗိုက်ကြောတင်းကာနာနေ သည်။ ၀ဲယာနံရိုးများအောက်တွင် တင်းနေသည်။
ဖြူ၊ နီ၊ စိမ်း၊ ၀ါ၊ ညို ဆေး ပြားများကို တစ်နေ့စာအတွက် ရေကြည့်မိသည်။ စုစုပေါင်း ၂၉ လုံးတိတိ။ အူရောင်ငန်းဖျားမို့ ဟောလစ်ကိုပင် ဆန်ခါစစ်ကာ သောက်နေရသော်လည်း ဆေး လုံးတွေကိုတော့ ပုံမပျက်မျိုနေ သည်။ အစိုင်အခဲဟူ၍ ဆေးတစ် မျိုးသာ စားရသဖြင့် အိပ်လို့ လည်း မပျော်တော့။ ဆေးဝါးဗေ ဒ သင်ခန်းစာတွေ တက်စဉ်က သူ ငယ်ချင်းတစ်ယောက်ကို‘‘နှစ်ကုန် ၍ စားမေးပွဲဖြေလျှင် ဆေးတစ်ခု ချင်းစီ၏ အကြောင်းအကျိုးတွေ မှတ်မိပါ့မလား’’ ဟု ယမင်းမေးခဲ့ သည်။
‘‘မပူပါနဲ့ ယပက်လက်ရယ်၊ အဲဒီအချိန်လောက်ဆို အဲဒီဆေး တွေအားလုံးနင်သုံးပြီးသားဖြစ် နေမှာမို့ အပိုင်ဖြစ်နေမှာပါ’’ ဟု ပြန်ပြောခဲ့သော သူငယ်ချင်း တစ် ယောက်၏ အဖြေကို သတိရနေ မိသည်။
ကျောင်းတစ်လကျော်ပျက် သည့် ရက်ပိုင်းအတွင်း အဏုဇီ ၀ ဗေဒဌာနက စစ်သော ပထမဆုံး စာမေးပွဲကို မဖြေဖြစ်ခဲ့။
ပထမ (၁၀)
မနက်ဖြန်ကျောင်းပြန်တက် ရမည်။ ယမင်းစိတ်ထဲတွင် ပထ မဆုံးနေ့ မဟုတ်သော်လည်း ဒု တိယအကြိမ် ပထမဆုံးနေ့ဟု ထင်မိသည်။
ဆေးရုံကို ပြန်သွားရမည်။ ထပ်မူးသွားမည်လား၊ စာတွေ လိုက်နိုင်ပါ့မည်လား။ ကျောင်း စောရောက်နေလို့ သီရေတာ တံ ခါးမဖွင့်သေးလျှင်ကြောင်တောင် တောင်ရပ်စောင့်နေမည်လား။
ပထမဆုံးနေ့လို ရင်ခုန်နေ သည်။ ‘ပထမ’ သည် ယမင်းကို စိုးမိုးဆဲ။
ပထမ (၁၁)
မှတ်မိသမျှသော ‘ပထမ’ တို့ ကိုပြန်လည်စုစည်း စဉ်းစားမိ သည်။ တွေးတော ဆင်ခြင်ကြည့် သည်။ ခံစားနားလည်ယူသည်။
နောက် ‘ပထမ’ ပေါင်းများ စွာကို တွေးဖြစ်သည်။
အလုပ်သင်ဆရာဝန် ပထမ နေ့၊ အလုပ်ဝင်ဆရာဝန် ပထမ နေ့၊ အထူးကုဆရာဝန် ပထမနေ့၊ အသက် (၄၀) ပြည့် ဘ၀အစ ပထမနေ့၊ လုပ်ငန်းခွင်မှ အနား ယူသည့် ပထမနေ့၊ လူနာဖြစ် သည့် ပထမနေ့၊ နောက်ဆုံးဘ၀ တစ်ပါးအတွက် အဆင်သင့် ဖြစ်မည့် ပထမနေ့။ ပထမနေ့ ပေါင်းများစွာကို တွေးကြည့် သည်။ မရေရာ၊ ၀ိုးတ၀ါး၊ မထင် မရှား၊ ဖြတ်လမ်းတွေ၊ ကြားကား တွေ၊ ရှော့တ်ကတ်တွေ ခေတ်စား သလို ဇရာကနေ မရဏကို ခုန် ကူးသွားနိုင်သေးသည်။
နောက်ပထမအဆင့်၊ ပညာ ထူးချွန်မှု ပထမအဆင့်၊ လူမှု ထူးချွန် ပထမအဆင့်၊ တရားနှလုံးသွင်းနိုင်မှု ပထမအဆင့်၊ နိဂုံးကောင်းမှု ပထမအဆင့်၊ ပထမအဆင့်ပေါင်းများစွာကို စဉ်းစားကြည့်မိသည်။ သာ၍ေ၀၀ါးလာသည်။ ‘ပထမ’သည် ‘ကောင်းမွန်ခြင်း’ နှင့်ထာဝရတွဲမနေပါ။
ပထမ (၁၂)
ခုမှသတိရသည်။ ယမင်း မသိသေးသော၊ မမှတ်မိသော၊ မတွေးမိသော ‘ပထမ’ တစ်ခုကျန် ရစ်ခဲ့သည်။
ထို ပထမကား ယမင်းဆို သောလူတစ်ယောက်၏ ‘ဇာတိ’။ ထိုဇာတိ၏ ‘ပထမ’။ ပထမတို့၏ ပထမဆုံးသော ‘ပထမ’။
ပေဖူးလွှာ မဂ္ဂဇင်း
သြဂုတ်၊ ၁၉၈၈
7Day Daily webpage ကနေ ကူးယူပါတယ်။ ဆဲဗင်းဒေးကို ကျေးဇူးတင်ပါတယ်။
စလေ ငနော့ (ကျော်ဇင်လတ်)
share by မွန်းလေးဖေဖေ
ဦးရဲ့ ကိုကို (ညိုထွန်းလူ)
----------------------------
(၁)
ကျွန်တော့်ဦးလေး ဦးတိုးတစ်ယောက် တတိယမြောက် မိန်းမ ယူလိုက်သည့် သတင်းကို ကျွန်တော် သိရချိန်မှာတော့ ဦးလေးသည် သူ့ဟာမလေးနဲ့ ချောင်းသာဆိုလား၊ ငပလီဆိုလား နေလို့ကောင်းသည့် အရပ်ဒေသတစ်ခုမှာ အပျော်ကျူး နေလောက်ပါပြီ။ တဝုန်းဝုန်း ရိုက်ခတ်နေသည့် ပင်လယ် လှိုင်းသံတွေကို နားထောင်ရင်း တစ်ဦးနှင့် တစ်ဦး လိုက်တမ်းပြေးတမ်း ကစားကြလေ မလား၊ ဒါမှမဟုတ် လေသွင်းထားသည့် မော်တော်ကားကျွတ်ပေါ်သို့ အလုအယက် ခုန်တက်ရင်း ခိုးခိုးခစ်ခစ် ရယ်မောကြလေ သလား စသည်ဖြင့် တွေးရင်း ကြားကဝင်ပြီး စိတ်ကူးယဉ်မိသည်။ ကျွန်တော်တို့ မန္တလေးက ရတနာ အရောင်းအဝယ် လောကမှာ ဦးလေးရဲ့ မိန်းမထပ်ယူသည့် သတင်းက လူပြောချင်စရာ ဖြစ်သည်။ တကယ်တော့ ဦးလေး မိန်းမယူသည့် သတင်းသည် ဆန်းကြယ်သည့် ကိစ္စ မဟုတ်ပါလေ။ ယောက်ျားပဲဗျာ ကိုယ်ကြိုက်လို့ ကိုယ်ကျွေးနိုင်ရင် ယူချင်သလောက် ယူလို့ ရတာပဲ မဟုတ်လား။ ပြီးတော့ ယောက်ျားကောင်း မောင်းမတစ်ထောင်လို့ ဆိုကြတယ်။ အခု ဦးလေးခမျာ သူယူသည့် မိန်းမ အရေအတွက်က တစ်ထောင် မပြောနှင့် လက်ဝါး တစ်ဖက်စာပင် မပြည့်သေး။
ဒါပေမယ့် သူ့အသိုင်းအဝိုင်းမှာ သည်ကိစ္စကို ဘယ်လို ပြောကြမလဲ ဆိုတာကတော့ ကျွန်တော် သိချင်စမ်းလှ ပါသည် တို့လူကြီးကတော့ လုပ်ချလိုက် ပြန်ပြီဟေ့လို့ ရယ်ပွဲ ဖွဲ့မလား။ အင်း အသက်ကြီးတော့ ဖွဲနုလေး ရေစိမ်ကျွေးမှ အစာဝင်သဟဲ့ လို့များ ရက်ရက်စက်စက် ပြောကြမလား ကျွန်တော်မသိ။ အရောင်းအဝယ် ကိစ္စနဲ့ ရပ်ဝေးသို့ ခရီးထွက်ရာမှာ ပြန်ရောက်ရောက်ချင်း ဖင်ပူအောင် မထိုင်ရသေးမီ ဇနီးသည်က ဦးလေး သတင်းကို ကျွန်တော့်အား ပြောပြပါသည်။ ဦးလေးရဲ့ တတိယမြောက် မိန်းမသည် မိုးကောင်းမြို့မှ ဖြစ်ပါသတဲ့ အရင်က ကွဲသွားခဲ့သည့် ဒုတိယ ဇနီးထက် အသက် ၅ နှစ်တောင် ငယ်သေးသတဲ့၊ ဗုဒ္ဓဟူးသမီး ဖြစ်ပေမယ့် ကောင်မလေး နာမည်က နေ့သင့်နံသင့် မဟုတ်ဘဲ ခင်မြတ်ထွေး ဖြစ်ပါသတဲ့။
ကျွန်တော်သည် အသေးစိတ် စုံစမ်းသိရ သမျှကို အချက်အလက် စုံလင်စွာနဲ့ ဂုဏ်တင်ကာ ပြောပြနေသည့် ဇနီးသည်အား မျက်လုံးပြူးကာ ကြည့်နေမိသည်။ သူ့အတွက်တော့ ကိုယ့်လင်သား၊ ခရီးဝေးက ပြန်လာတာ လုပ်ငန်း အခြေအနေ အဆင်ပြေမပြေ သိဖို့ထက် ဦးလေးကိစ္စ ပြောပြဖို့ အင်မတန် အရေးကြီး နေရှာသည်။ ကျွန်တော့် ဇနီးက သူကြားရသမျှ သတင်းတွေကို ခဏရပ်ပြီး ဤမျှသာ မလုပ်နိုင်သေးအား စိတ်ဝင်တစား စကားဆက်ပြန်ပါ၏။ တတိယမြောက် ကောင်မလေးသည် ဒုတိယ ကောင်မလေးထက် များစွာ လှပသည်၊ ကိုယ်လုံး ကိုယ်ပေါက်လည်း တောင့်တင်းသည်။ သို့သော် အကျင့်စာရိတ္တ ကတော့ အရင်ဟာနဲ့ ထူးမခြားနား၊ အသက် ၂၅ နှစ် အတွင်းမှာ လင်နှစ်ယောက်နဲ့ ကွဲသွားခဲ့ပြီးပြီ၊ ဦးလေးနဲ့ မရခင်မှာ လေးငါးခြောက်လ အတွင်းမှာပင် တခြားသော ယောက်ျားများနဲ့လည်း ရှုပ်ရှုပ်သတင်း ကြားရသည်။ (မိုးကောင်းက သတင်းတွေကို မန္တလေးက နေပြီး ဘယ်လိုရအောင် စုံစမ်းသလဲ ဆိုတာကို ကျွန်တော့် ဇနီးသည်အား အားလပ်သည့် အချိန်မှ မေးရပေဦးမည်။) ဦးလေးကလည်း သည်အကြောင်းတွေကို အားလုံးသိသည်။ ခွင့်လွှတ်နိုင်သည်၊ ကောင်မလေး အဖြစ်က ဆင်းဆင်းရဲရဲနဲ့ သနားစရာ ကောင်းသည်ကိုး။ အဲသဟာကြောင့် ရင်ထဲမှာ ချစ်ကြင်သနား ဖြစ်လာကာ မန္တလေးသို့ ပြန်ခါနီးတွင် ဦးလေးက ...
“ဟဲ့ကောင်မလေး နင့်ကို ငါမကြည့်ရက်ဘူး၊ ငါနဲ့ လိုက်ခဲ့ပါလား၊ နင့်ကို တင့်တောင်းတင့်တယ် ထားမယ်” ဟု ပြောသတဲ့။ ဤသို့ဖြင့် နောက်တစ်နေ့တွင် စန်းသော်တာ အမြန်ရထားနဲ့ ခင်မြတ်ထွေးကို ခေါ်ပြီး မန္တလေးကို ဆင်းလာခဲ့ကြသည်။ အဲဗျာ ဒီလိုတော့လည်း ဦးလေး မိန်းမယူတာ လွယ်ကူလှချည့်လား။
“သူ့မိန်းမကိုများ ဆင်ထားလိုက်တာ ညွှတ်နေတာပဲတော်၊ အကုန်လုံး ဒေါ်လေး ဒေါ်သိန်းအိ ပစ္စည်းတွေချည်းပဲ အစ်ကိုရ”
အားမလို အားမရနဲ့ သူ့စကားကို အဆုံးသတ်ပြီး ကျွန်တော့်အား ပြုံးထေ့ထေ့နဲ့ ကြည့်၍ နေချေသည်။ ကျွန်တော်က သည်လို အပြုံးမျိုး သိပ်ပြီး သဘောမတွေ့၊ ဇနီးသည်ရဲ့ အပြုံးသည် ဘယ်အရာကို ရည်ညွှန်း နေပါသနည်း၊ ယောက်ျားတွေဟာ အသက်ကြီးကြီး ငယ်ငယ် ဒီလိုချည်းပဲလို့ ဝါးလုံးသိမ်း ပြောချင်သလား၊ အဲဒါမှမဟုတ် တော်တို့ အမျိုးတွေက မိန်းမဆိုရင် ငမ်းငမ်းတက်လို့များ ဆိုချင်သလား၊ သူ့အမူအရာ ကျွန်တော် မခန့်မှန်းနိုင်၊ ကျွန်တော်ကတော့ ဦးလေးကို နည်းနည်း သနားမိသည်။ သူ့ခမျာ တစ်ယောက် မကောင်းလို့ တစ်ယောက် ပြောင်းရင်း ယခုတစ်ခါ တတိယမ္ပိ ပြန်ပြီ။ အဲသည် တတိယမြောက်နဲ့လည်း အိမ်ထောင်ရေး သုခ ရပါမတဲ့လား သေချာတာ ကတော့ ဦးလေးခမျာ သူ့အနားမှာ မိန်းမ မရှိလျှင် မနေတတ်တော့ခြင်း ဖြစ်ပါသည်။
(၂)
လောကတွင် လူရိုးများ ဆန်းပြား ဗွေဖောက်ပြီ ဆိုမှတော့ ဘယ်သူမှ လိုက်မီတော့မည် မဟုတ်ပေ။ ဦးလေးတိုးသည် အမှန်တကယ်ပဲ လူရိုးလူကောင်း ဖြစ်ပါသည်။ ကိုယ့်ဦးလေးမို့ အမွှမ်းတင် လိုက်ခြင်း မဟုတ်ပါ။ အမှန်တော့ ဦးလေးတိုးသည် ကျွန်တော့်အဒေါ် ဒေါ်လေး ဒေါ်သိန်းအိနဲ့ စပ်မှ အမျိုးတော်ရခြင်း ဖြစ်သည်။ ဒေါ်လေးနဲ့ မရခင်က ဦးလေးတိုးသည် ကျွန်တော်တို့ ရပ်ကွက် လမ်းထိပ်မှာ နာရီပြင် ဆိုင်လေး ဖွင့်ထားသည်။ အသက်အရွယ်က ၄၀ ကျော်၊ မိဘ မရှိတော့၊ အသောက်အစား ကင်း၊ ရိုးသာြး ကိုးစားသည်၊ အားလပ်သည့် အချိန်မှာ တရား အားထုတ်သည်။ ဤကား ဦးလေးတိုးရဲ့ အရည်အချင်း။
ကျွန်တော့် အမေတွင် ညီအစ်မ ၃ ယောက် ရှိသည်။ အစ်မ အကြီးဆုံး ကြီးတော် ဒေါ်သိန်းရှိ၊ ပြီးမှ ကျွန်တော့်အမေ ဒေါ်သိန်းမိနဲ့ အငယ်ဆုံး ဦးလေးရဲ့ဇနီး ကွယ်လွန်သူ ဒေါ်သိန်းအိ ဖြစ်ပါ၏။ ညီအစ်မ ၃ ယောက်ထဲတွင် အသက် ၄၀ နီးတာတောင် အိမ်ထောင် မပြုနိုင်သေးဘဲ အစ်မကြီးနဲ့ အစ်မလတ်က မွေးထုတ်သမျှ တူ၊ တူမတွေကိုပဲ ထိန်းကျောင်း နေရရှာသည်။ ဒေါ်လေးက စီးပွါးရေး ကောင်းသည်။ ဈေးချို ရွှေဆိုင်တန်းမှာ ဆိုင်ခန်း ရှိသည်။ ကျောက်စိမ်းနဲ့ ပတ္တမြား အရောင်းအဝယ်လည်း လုပ်သည်။ သို့ပေမယ့် ဒေါ်လေးခမျာ သူ့ဘဝကို သူမပိုင်၊ အဆင်မသင့်လျှင် ကလေး တစ်ယောက်လို အစ်မ ၂ ယောက်ရဲ့ အဆူအငေါက်ကို ခံရတတ်သည်။ သူ့ခမျာ နေ့စဉ်နဲ့အမျှ အစ်မတွေရဲ့ မျက်နှာရိပ် မျက်နှာကဲကိုပဲ ကြည့်နေရ ရှာသည်။ အလိုမကျလို့ အစ်မတွေရဲ့ အဆူခံ ထိမိပြန်ပြီ ဆိုမှဖြင့် ဒေါ်လေး နေစရာ မရှိပြီ။ အဲဒီလောက်အထိ အစ်မတွေကို ဒေါ်လေး ကြောက်ရရှာသည်။ ဒါကြောင့်လည်း ဒေါ်လေးခမျာ အပျိုကြီး ဖြစ်နေရဟန် တူသည်။ အသည်းနှလုံးနဲ့ လူပဲလေ၊ တစ်ချိန်တုန်းကတော့ အချစ်ဆိုသည့် အရာသည် သူ့ရင်မှာ ခိုနားကောင်း ခိုနားခဲ့မည်လို့ ကျွန်တော် ထင်သည်။
ဤသို့ဖြင့် ကိုယ့်ထမင်း ကိုယ်ရှာစားပြီး တူ၊ တူမတွေကို ထိန်းကျောင်းရင်းနဲ့ လူတစ်ယောက်ရဲ့ အနိမ့်အမြင့် မရှိသော ဘဝတစ်ခုကို ပျင်းရိစွာဖြင့် ကုန်ဆုံးလိုက်ဖို့ ဒေါ်လေး စိတ်ကူးထားဟန် တူပါ၏။ ဒါပေမယ့် ဒေါ်လေး အပျိုကြီး ဖြစ်မည့် ကံဇာတာ ပါလာဟန် မတူ။ ကံကောင်းသည်လို့ပဲ ပြောရတော့မည်။ မြားနတ်မောင်သည် အချိန်အတော် နောက်ကျမှ ဒေါ်လေးနဲ့ ဦးလေးတိုးကို သတိရသွားခဲ့သည်။
တစ်နေ့မှာ ဒေါ်လေးရဲ့ တစ်တိုနီ လက်ပတ် နာရီလေး ပျက်သွားသည်။ ဤသို့ဖြင့် နံနက်ခင်း ဈေးသွားချိန်တွင် ဦးလေးတိုးရဲ့ `ကောင်းမှကောင်း´ နာရီပြင်ဆိုင်လေး ဆီသို့ ရောက်လာခဲ့ကြသည်။ “ဘာကိစ္စပါလိမ့်၊ ဪ နာရီ ပျက်လို့လား၊ ညနေ ဈေးအပြန် ဝင်ယူလှည့်နော်၊ ကျွန်တော် အကောင်းဆုံး ဖြစ်အောင် ပြင်ထားလိုက်ပါ့မယ်”။
“ဘယ်လောက် ပေးရမလဲရှင့်”
“တစ်ရပ်ကွက်တည်း နေသူတွေပဲဗျာ ပြင်ခ မယူပါဘူး”
“အို မဟုတ်တာရှင် ကျသင့်တာ ယူပါ”
“ကျွန်တော့်ရဲ့ စေတနာပါဗျာ မယူပါရစေနဲ့” ဟု ပြောပြီး တစ်တိုနီ နာရီလေးကို တယုတယ ကိုင်ရင်း မသိန်းအိရဲ့ မျက်နှာကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ သူ့အကြည့်တွေကြောင့် တစ်ကိုယ်လုံး အင်အားတွေ ဆုတ်ယုတ်သွားသလို ခံစားရသည်။ “ ဪ သူ ရယ်” ရင်ထဲမှာ ဖိုလှိုက်ပြီး မသိန်းအိ ညည်းလိုက်မိသည်။
ဝတ္ထုရေးလျှင် သူတို့နှစ်ယောက် တွေ့ဆုံခန်းလေးသည် သည်လိုပဲ ကြည်နူးဖွယ်ဖြစ်အောင် ရေးဖွဲ့ပေလိမ့်မည်။ ဒါပေမယ့် လက်တွေ့တော့ အဲသလို မဟုတ်၊ ဦးလေးတိုးသည် နာရီကို ဖင်ပြန် ခေါင်းပြန် ကြည့်သည်၊ ပြီးမှ ...
“နာရီ ချေးဆေးပစ် ရမယ်၊ အစိတ် ကျမယ်၊ ညနေ လာယူလှည့်” ဟု တုံးတိတိနဲ့ ပြောချ လိုက်သည်။ နာရီပျက်လို့ လာအပ်သူက ဘယ်သူဘယ်ဝါ ဆိုတာ ဦးလေးတိုး မသိ၊ မော့လည်း မကြည့်၊ “ဟုတ်ကဲ့ရှင့်” ဟု ဒေါ်လေးက ပြောလိုက်သည်။ အဲဒါပါပဲ။ ကဲ သည်နှစ်ယောက် ဘယ်လိုမှ ညားသွားစရာ အကြောင်းမရှိ။ ဒါပေမယ့် သူတို့နှစ်ဦးရဲ့ ဖူးစာကံ ပါလာလေတော့ ဒေါ်လေးနဲ့ အတူ ပါလာသည့် ကြီးတော် ဒေါ်သိန်းရှိက ဦးလေးတိုးရဲ့ ပြောဟန် ဆိုဟန်တွေကို ဗလာချီ သဘောကျ သွားတော်မူသည်။ သူ့စိတ်ထဲတွင် အသက်အရွယ် မတိမ်းမယိမ်း ဒီနှစ်ယောက်ကို ပေးစား လိုက်ရလျှင် ကောင်းလေစွဟု တွေးမိသည်။ မောင်တိုး ဆိုတာ အတွင်းသိ၊ အစဉ်းသိ ပစ္စည်းဥစ္စာ ချို့တဲ့တာက လွဲလို့ တခြားဘာမှ ပြောစရာ မရှိ၊ ဤသို့ဖြင့် ကြီးတော်သည် ထိုအတွေးကို သူ့ခေါင်းမှာ ရေခဲရိုက်ပြီး ကြာကြာ သိမ်းမထားနိုင်ဘဲ ကျွန်တော့်အမေ ရှိရာသို့ ကတိုက်ကရိုက် ပြေးလာခဲ့သည်။
အမေက အဝတ်တွေကို တဖုန်းဖုန်း ရိုက်လျှော်ရင်း ကြီးတော်ရဲ့ စကားကို ဆုံးအောင် နားထောင်သည်။ ပြီးမှ “ကောင်းသားပဲ မမရဲ့၊ မောင်တိုးဟာ လူရိုး လူကောင်းလေးပဲ၊ သိန်းအိ အတွက်လည်း စိတ်ချရတာပေါ့” ဟု မဲပေး လိုက်သည်။ ဤမှာပင် ပွဲက ပြတ်သွားခဲ့ပြီ၊ ဒေါ်လေးအတွက် သည်နှစ်ယောက်က `မိန်း´ မဟုတ်လား။ ထိုအချိန်က ကာယကံရှင် ၂ ယောက်ခမျာ သည်ကိစ္စကို ဘာမှ မသိရှာ၊ သိစရာလည်း မလိုတာပဲ။
(၃)
အဲသည်နှစ်က ခန်းမ (၁) မှာ ကျင်းပခဲ့သည့် ဒေါ်လေးတို့ မင်္ဂလာပွဲသည် အစည်ကားဆုံး ဖြစ်ခဲ့သည်။ သည်အသက် သည်အရွယ် ရောက်မှ လက်ထပ်ကြလို့ အံ့ဩခြင်း ဖြစ်ကာ လေ့လာ စူးစမ်းရင်း မင်္ဂလာပွဲကို လာကြသလို အင်မတန်မှ ကဂျီကဂျောင် နိုင်တတ်သော ကိုယ့်အမျိုးက လွဲလျှင် ဘယ်သူ့ကိုမှ အကောင်း မထင်တတ်သော အသိုင်းအဝိုင်း ထဲသို့ ဘယ်လို လူစားမျိုး ရောက်လာသလဲ ဆိုတာ သိချင်၍ လာကြသူတွေလည်း ရှိသည်။ မည်သို့ပင် ဖြစ်စေ ဒေါ်လေးနဲ့ လက်ထပ်ပြီးနောက် ဦးလေးလည်း သူ့နာရီပြင် ဆိုင်လေး ဖြုတ်ပြီး ဈေးချို ရွှေဆိုင်တန်း ထဲသို့ ရောက်သွားခဲ့သည်။ ဒေါ်လေးက ရွှေနဲ့ ကျောက်မျက် ရတနာ အရောင်းအဝယ် နည်းနာ နိဿယများကို ဦးလေးအား သင်ပေးသည်။ ထိုစဉ်က ကျောက်စိမ်း အရောင်းအဝယ်သည် မူဆယ်မှ တစ်ဆင့် တစ်ဘက် နိုင်ငံသို့ မှောင်ခို ပို့နိုင်လျှင် အမြတ်အစွန်း ကောင်းကောင်း ရသည်။ ဒေါ်လေး အိမ်ထောင် မကျခင်တုန်း ကတော့ အဲဒီ ရတနာ ပစ္စည်းတွေကို ကျွန်တော်ကပဲ ဒိုင်ခံပြီး အရောင်းအဝယ် လုပ်ပေးရ ဖူးသည်။ ခရီးဝေး သွားစရာ ရှိလျှင် ကျွန်တော်ပဲ သွားသည်။ ယခု ဦးလေး ရှိတော့ ကျွန်တော် အကူအညီ ပေးစရာ မလိုတော့။
ဦးလေးသည် တခြားသော အရောင်းအဝယ် မိတ်ဆွေ အချို့နဲ့ အတူ မူဆယ်သို့ ခရီး ထွက်သည်။ မန္တလေး မူဆယ် ခရီးသည် တစ်နေကုန် ကားမောင်းရသည်။ လမ်းပန်း အခြေအနေ ကလည်း ယခုလို မချောမွေ့သေး။ မော်တော်ကား စထွက်ကတည်းက ဘုရားစာ တရားစာများ ရွတ်ဖတ်ပြီး လိုက်ရသည်။ အန္တရာယ် တစ်ခုခု ကြုံလာလျှင် ဘုရားမှလွဲ၍ ဘယ်အရာမှ အားကိုးစရာ မရှိပေ။ ဤကဲ့သို့ စွန့်စွန့်စားစား သွားရောက်ပြီး ရောင်းရငွေသည် ကိန်းဂဏန်း ကြီးမားသည်။ သို့သော် အချို့ အရောင်းအဝယ် သမားတွေမှာတော့ ရောင်းရငွေသည် အိမ်သို့ ပြန်ပါမလာတတ်၊ ငွေကုန်စရာ အပျော်အပါး ကိစ္စတွေ ကလည်း များသည်ကိုး။ ဦးလေးတိုးကတော့ ရှင်းသည်၊ အရောင်းအဝယ် ကိစ္စက လွဲလို့ တည်းခိုခန်း အပြင် ထွက်ခဲသည်။ တည်းခိုခန်းထဲမှာပဲ ပုတီးစိပ် တရားထိုင်သည်။ ပြီးလျှင် သူ့လက်စွဲ ဇိနတ္ထ ပကာသနီ စာအုပ်ကို ဖတ်သည်။
တက်ထရွန် အင်္ကျီ လက်တိုနဲ့ ချည်လုံချည် ကွက်စိပ်လေးပဲ အမြဲတမ်း ဝတ်ဆင်သည့် ဦးလေးရဲ့ ပုံသဏ္ဌာန်သည် ကျောက် အရောင်းအဝယ် သမားလို့ ဘယ်လို ပြောလို့မှ ယုံနိုင်စရာ မရှိ၊ များသောအားဖြင့် ကျောက်သမားများသည် လက်ထဲမှာ ပိုက်ဆံလေး ဖောဖောသီသီ ရလာလျှင် မြန်မာ့သတ္တိကို ပြကြသည်။ ကောင်းကောင်း ဝတ်သည်၊ ကောင်းကောင်း စားသည်၊ အရက်ကလေး တမြမြ လုပ်ရင်း တခြားသော အပျော်အပါး ကိစ္စတွေ ဘက်သို့ ရောက်ကုန်ကြ တတ်သည်။ ဦးလေးကတော့ အရောင်းအဝယ် ကိစ္စ ပြီးလျှင် မန္တလေးသို့ ချက်ချင်း ပြန်ဆင်းသည်။ သူ့မိတ်ဆွေများက ခဏတဖြုတ် နေပါဦးလို့ ပြောတာတောင် ဦးလေး မနေနိုင်။
“မအိ စိတ်ပူနေလိမ့်မယ်ကွဲ့”
“မအိက အရောင်းအဝယ် ကိစ္စ ပြီးပြီးချင်း ပြန်လာရမှာတဲ့”
“မအိက အပိုသုံး မကြိုက်ဘူးကွဲ့” စသဖြင့် သူ့အား တားသမျှ လူတိုင်းကို တအိတည်း အိပြ၍ မန္တလေးသို့ ပြန်ပြေးလေ၏။ ဒါကြောင့်လည်း သူတို့ လင်မယား စီးပွါးရေးသည် တစ်မဟုတ်ချင်း တိုးတက် ကြီးပွါးသည်။ တိုက်၊ ခြံ၊ ကား စသဖြင့် လက်ထက်ပွါး ပစ္စည်းတွေ ကလည်း မနည်းမနော၊ နတ်ဖက်သည့် လင်မယားဟု လူတိုင်းက အားကျပြီး ချီးမွမ်းကြသည်။ ပျော်ရွှင်စရာ ကောင်းသည့် သုခဘုံလေး ဖြစ်သည်။ သို့ပေမယ့် ကံကြမ္မာက ကြောက်စရာ ကောင်းသည်။ သည်လင် သည်မယား ခမျာ အိုအောင် မင်းအောင် မပေါင်းသင်း လိုက်ရရှာ။
သင်္ကြန် ကျခါနီးမှာ ဒေါ်လေး တစ်ယောက် ရုတ်တရက် ကောက်ကာငင်ကာ ဖျားသည်။ အပူအားကြီး လွန်း၍ သတိလစ် သွားသည်အထိ ဖြစ်သည်။ ဆရာဝန်ကို အမြန် သွားပင့် သော်လည်း ဒေါ်လေး အသက်ကို မမီတော့။ လောကမှာ ဘယ်အရာမှ မမြဲသည့် အနိစ္စ တရားကို ဦးလေး နားလည် ပါသည်။ ဘယ်လိုပဲ သံယောဇဉ်တွေ တွယ်တာ လာခဲ့ကြပေမယ့် အချိန်တန်လျှင် ခွဲကြရပေမည်။ ယခုတော့ အချိန်မတန်ခင်မှာ ခွဲခွါခဲ့ရပြီ ဖြစ်သည်။ ယူကျုံး မရသည့် ပူဆွေးမှုကြောင့် အမြဲ ရှုမှတ်ခဲ့သော အနိစ္စ တရားကိုပင် ဦးလေး မေ့သွားခဲ့သည်။ အသက်ဝိညာဉ် ကင်းမဲ့နေသည့် ဒေါ်လေးရဲ့ ခန္ဓာကိုယ်ကို ပွေ့ဖက်ရင်း မျက်ရည် တွေတွေ ကျလျက် ရှိသည်။
`မသိန်းအိရယ် မင်း ငါ့ကို တစ်ယောက်တည်း ထားခဲ့ရက်တယ်နော်´ ဟု ငိုသံပါကြီးနဲ့ အော်ပြော လိုက်သည်။ အသုဘ လာကြသူတိုင်း မည်သူမျှ မျက်ရည် မဆည်နိုင်ကြ။ ဦးလေးရဲ့ ငိုရှိုက်ပြီး ပြောလိုက်သံက ကျွန်တော့် နားထဲမှာ ပဲ့တင်ထပ် သွားသည်။ ဪ သနားစရာ ကောင်းတဲ့ ဦးလေးရယ်၊ ဒေါ်လေး မရှိတော့သည့် နောက်မှာ သူ့ခမျာ တစ်ယောက်တည်း ဘယ်လို နေရှာမည်နည်း။ ဦးလေးအတွက် တွေးရင်း ကျွန်တော် ရင်မော သွားခဲ့သည်။
(၄)
တစ်ယောက်တည်း နေရတာကို ဦးလေးခမျာ မနေတတ် မထိုင်တတ် ဖြစ်ဟန် တူသည်။ ဒေါ်လေး ဆုံးသွားလို့ ၆ လ မပြည့်သေး၊ မိန်းမတစ်ယောက် ကောက်ယူ လိုက်လေ၏။ ထိုသတင်းကို ကြားခါစက ကိုယ့်နား ကိုယ်ပင် မယုံချင်၊ မကြာခင် ဖြစ်ကြောင်းရယ် ကုန်စင် သိရတော့မှ အံ့ဩရသလို ဦးလေး အတွက်လည်း စိတ်မကောင်း ဖြစ်ရသည်။ ဦးလေး ယူလိုက်သည့် မိန်းမက သူ့ထက် အသက် ထက်ဝက်ခန့် ငယ်သည်။ ပြီးတော့ မိန်းမကောင်း မဟုတ်။
“တို့အပြစ် ပါပဲကွာ၊ အပျော် သဘောနဲ့ စရင်းနဲ့ သူ့ကို ထိန်းလို့ မရတော့ဘူးဟေ့” ဟု သူ့မိတ်ဆွေ တစ်ယောက်က ပြောပြပါသည်။
“မူဆယ်က တည်းခိုခန်းမှာ ပေါ့ကွာ၊ မင်းဦးလေးက ထုံးစံအတိုင်း အခန်းပိတ်ပြီး ပုတီးစိပ်၊ တရားထိုင် နေတာပဲ၊ အဲဒါကို တို့တတွေက အပျော် သဘောနဲ့ မကောင်းတဲ့ ကောင်မလေးကို သူ့အခန်းထဲ လွှတ်လိုက်မိတယ်။ ဒါပေမယ့် မောင်တိုးက လက်ဖျားနဲ့တောင် မတို့တဲ့ အပြင် ဒီအလုပ်ဟာ မကောင်းတဲ့ အကြောင်း တရားဟော လွှတ်လိုက်သေး သတဲ့။ နောက်တစ်ယောက် လွှတ်လိုက်တော့လည်း အရင် မိန်းကလေး အတိုင်းပဲ၊ တို့လည်း မောင်တိုးရဲ့ ကိုယ်ကျင့် သိက္ခာကို တကယ် လေးစား သွားမိတယ်ကွ၊ အဲဒီအချိန်မှာ ကျော်မြက ရောက်လာပြီး အကြိုက် မတွေ့သေးလို့ ပါဗျာ၊ သူ့အကြိုက် တွေ့ရင် ဘာမှ မခံနိုင်ဘူး။ ဈာန်ရတဲ့ ရသေ့တောင် ဈာန်လျှော သေးတာပဲတဲ့ ပြောတော့ တို့နဲ့ အချေအတင် စကားပြောကြရင်း မဆီမဆိုင် အလောင်းအစား တစ်ခု ဖြစ်သွားတယ်ကွ။ မောင်တိုးကို ဈာန်လျှောအောင် လုပ်နိုင်တဲ့ မိန်းကလေးရှိရင် ငွေ ၅၀၀၀ိ/- ဆုချမယ် ပေါ့ကွာ။ အဲဒီမှာပဲ အခု မင်းဦးလေး ယူလိုက်တဲ့ ဝေဝေမြင့်က သူ တာဝန်ယူ ရဲတယ်တဲ့။ မင်း ဦးလေး ဈာန်လျှော စေရမယ်တဲ့၊ မကြာပါဘူးကွာ၊ ပြောသလိုပဲ မောင်တိုး ဈာန်လျှောတော့တာ ပဲကွ။ အင်း ... လျှောရုံတင် မဟုတ်ဘူး။ မင်းမြင်တဲ့ အတိုင်း ဝေဝေမြင့်ကို ယူလိုက်တဲ့ အဆင့်အထိ ရောက်သွားတယ်။ တို့က ဘယ်လို တရားချချ၊ ဘယ်လို ပြောပြော မရတော့ဘူး။ ဝေဝေမြင့်မှ ဝေဝေမြင့်ပဲ၊ အတွေ့အကြုံ မရှိတော့ စွဲလမ်းသွားပြီ လေကွာ၊ စွဲလမ်း သွားအောင်လည်း ဟိုကောင်မက လုပ်ထားတာကိုး။ အပျက်မ ဆိုတော့ ဒါမျိုး နောကျေ နေပြီလေ။ ပထမဦးဆုံး မင်းဦးလေး အခန်းကို သွားပလူးပလဲ မလုပ်သေးဘဲ မင်းဦးလေးနဲ့ စကားပြော၊ သူ့အကြောင်းတွေကို မဟုတ်က ဟုတ်က သနားစရာ ဖြစ်အောင် ပြောတယ်တဲ့။ သူ့ခမျာ ဦးလေး မရှိလို့ ဦးလေးအစား ရလို့ ဝမ်းသာမိတယ်တဲ့။ ဒါက အစပျိုးတဲ့နေ့၊ နောက်တစ်ရက် ရောက်တော့ ရင်းနှီးလာပြီ လေကွာ၊ သူ တရားထိုင် နေချိန်မှာ ယပ်ခတ် ပေးရတာနဲ့၊ ရေပူရေချမ်း ကမ်းလှမ်း ရတာနဲ့ နောက်ဆုံးတော့ ရက်တစ်ပတ်တောင် မပြည့်လိုက်ဘူး”
ယခုမှ စိတ်မကောင်း ဖြစ်နေရှာသည့် ထိုပုဂ္ဂိုလ်အား ဒေါသဖြစ် သွားခဲ့သည်။ သူ့ကို ပိုးစိုးပက်စက် ပြောလိုက်ချင်သည့် စိတ်ကို မနည်း ထိန်းထားရသည်။ သူတို့တတွေရဲ့ အပျော်သဘော အလောင်းအစားသည် လူတစ်ယောက်ရဲ့ ဘဝကို အများကြီး ပြောင်းလဲ သွားစေခဲ့ပြီပဲ။
သူ့စကားကို ဆုံးအောင် နားမထောင်တော့ဘဲ ချာခနဲ လှည့်ထွက် လာခဲ့သည်။ ဖြစ်ပြီးမှတော့ ကျွန်တော် ဘာမျှ မတတ်နိုင် တော့ပါ။ ဘယ်လမ်း ဘယ်စခန်း အထိ လျှောက်လှမ်း ကြမည်ကိုပဲ စိတ်မောစွာ စောင့်ကြည့်ရ ပေတော့မည်။ သွေးပူ နေချိန်မှာတော့ ဂိုယာနံ့လေးကို ရှူရှိုက်ရင်း ကောင်မလေးဆီက ကိုကို ကိုကို လို့ ခေါ်တဲ့ အသံကိုပဲ စွဲလမ်းနေမှာ ဖြစ်သည်။ တရားသမားကို တရားပြဖို့ ဆိုတာ လွယ်ကူသော အလုပ် မဟုတ်ပေ။
(၅)
ကံကောင်းချင်တော့ ဦးလေးနဲ့ အိမ်ထောင်ကျ အပြီး ၄ လ လောက်မှာ ဝေဝေမြင့်က သူ့ ဇာတိရုပ်ကို မဖုံးနိုင်တော့။ ဦးလေး ခရီးထွက် နေစဉ် အိမ်က လက်ဝတ်ရတနာ ၁၀ သိန်းဖိုးလောက် ယူပြီး တခြား ယောက်ျား တစ်ယောက်နဲ့ လစ်ပြေး သွားတော့သည်။ အဲဒီသတင်း ကြားကြားချင်း မန္တလေးသို့ ရောက်ရာ အရပ်မှ ဦးလေး ပြန်လာခဲ့သည်။
“မောင်ညိုရာ ဦးလေးကို ကူညီစမ်း ပါဦးကွာ၊ မိတ္ထီလာမှာ မင်းအစ်မ ရောက်နေတယ် တဲ့၊ မင်း လိုက်သွားပေးကွာ၊ ဦးလေးက ခွင့်လွှတ်တယ်လို့ ပြောနော်၊ မင်းနဲ့ တစ်ခါတည်း ခေါ်ဖြစ်အောင် ခေါ်လာခဲ့ကွာ၊ ပြေပြေလည်လည် ဖြစ်အောင် လုပ်ခဲ့၊ မင်းအစ်မက စိတ်ကြီးတယ်ကွ”
ဆောက်တည်ရာ မရ ဖြစ်နေသည့် ဦးလေးကို ကြည့်ရင်း စိတ်ညစ် သွားရပါ၏။ ကဲ ဦးလေး စကားကိုလည်း နားထောင်စမ်း ပါဦး၊ ကျွန်တော့်ထက် အသက်ငယ်တဲ့ သူ့မယားလေးကို မင်းအစ်မ တဲ့၊ အမယ် မိန်းမပျက်က လာလာချေသေး၊ စိတ်ကြီးတော် မူသတဲ့ဗျာ။
မစိတ် မွှန်၍ သင့်မသင့် မချိန်ဆ နိုင်သည့် ဦးလေးရဲ့ စကားကို ဟုတ်ကဲ့ဟု ပြောပြီး မိတ္ထီလာ လိုက်သွားသည်။ အကျင့်ပျက်သည့် မိန်းမ တစ်ယောက်ကို မေတ္တာတရား အကြောင်း နားလည်အောင် တရား မဟောချင်ပါ။ ခပ်ကြမ်းကြမ်းလေး ကိုင်တွယ်မှ ဖြစ်ပေမည်။ ဒါပေမယ့် မိတ္ထီလာ ရောက်တော့ ကျွန်တော် ကံကောင်း သွားသည်။ ထိုမိန်းမ မရှိတော့ပြီ၊ တောင်ကြီးကို တက်သွားသည့် သတင်း ကြားရသည်။ ဦးလေးဆီသို့ ဒီကိစ္စကို ဖုန်းဆက် ပြောတော့ တောင်ကြီး ဆက်လိုက်တဲ့ အမိန့်တော် ပါးလိုက်သည်။ မလွယ်ပါလား။ ရေမြေဆုံးစေတော့ ခင်ဖုန်းကိုတော့ တွေ့အောင် ရှာရတော့မည် ထင်သည်။ ဒါပေမယ့် တောင်ကြီးအထိ ကျွန်တော် မသွားတော့ မိတ္ထီလာမှာပဲ ၃ ရက်လောက် နေသည်။ ပြီးမှ မန္တလေးကို ပြန်လာခဲ့သည်။ “ဦးလေးရာ တောင်ကြီး၊ ကလော၊ ပင်းတယ၊ နှံ့နေအောင် ရှာတာပဲဗျာ စုံစမ်းလို့ မရဘူး”
ချူသံပါအောင် ညည်းလိုက်သည့် ကျွန်တော့်ကို ကြည့်ရင်း ဦးလေးခမျာ မျက်စေ့မျက်နှာ ပျက်သွားရှာသည်။ ဦးလေးကို သနား သွားမိသည်။ ဇာတ်လမ်းက ပြီးပြတ် သွားပြီမို့လည်း ဝမ်းသာမိသည်။ နောက်တစ်လ ကြာတော့ ကွာရှင်းပြတ်စဲ စာချုပ်နဲ့ စာတိုလေး တစ်စောင် ဦးလေးဆီသို့ ရောက်လာခဲ့သည်။
“ကိုကိုရယ်
ချစ်သူအသစ် တွေ့ခဲ့မိလို့ ရက်စက်တဲ့ အမိုက်မ မိဝေကို ခွင့်လွှတ်ပါနော်”
ဦးလေးကတော့ စာကို ဖတ်ပြီး ကလေးရယ် မိုက်လှချည်လားလို့ မြည်တမ်း၍ နေချေသည်။ ငွေ ဆယ်သိန်းကျော်ဖိုး ဖြောင်သွားသည် ကိုပင် စိတ်ထိခိုက် ခံစားရဟန် မတူပေ။ ကျွန်တော်သာ ဦးလေးကို မကြောက်ရလျှင် တကယ်မိုက်တာ ဟိုကောင်မ မဟုတ်ဘူး၊ ဦးလေးဗျ ဦးလေးဟု ပြောလိုက်မိမည်။ ဦးလေးသည် လေးတွဲ့စွာ သက်ပြင်း မှုတ်ထုတ် လိုက်ရင်း နံရံမှာ ချိတ်ထားသည့် ဒေါ်လေးရဲ့ ဓာတ်ပုံနားက စိတ်ပုတီးကို ကိုင်ကာ ဘုရားခန်းထဲသို့ ဝင်သွားလေသည်။ ယခုမှပဲ ဘုရားကို ပြန်လည် သတိရဟန် တူ၏။
ယခုတော့လည်း ဘုရားတရားကို ဦးလေး မေ့သွားပြန်ပြီ ထင်သည်။ ထိုအတူ ဒုတိယမြောက် မိန်းမကိုလည်း သတိရဟန် မတူတော့။ တတိယမြောက် ကလေးနဲ့ ပျားရည်ဆမ်း ခရီးသည် တစ်လခွဲလောက် ကြာသည်။ ကျွန်တော်ဆီသို့ လက်ဆောင် ပစ္စည်းတွေ ပို့သည့် အသစ်စက်စက် ဇနီးမောင်နှံကို ဘယ်လို ဆုတောင်း ပေးရမှန်း ကျွန်တော် မသိ။ ပင်လယ် ကမ်းခြေမှာ လေကောင်း လေသန့်တွေ ရှူရှိုက်လို့ အကြောအခြင်တွေ ပြေသွားသည်ထင့်။ ဦးလေးရဲ့ ရုပ်ခန္ဓာသည် အတန်အသင့် နုပျိုနေသည်။ ဦးလေးက မော်တော်ကားထဲက မဆင်းပါ။ ထီးလင်းတိုက်ကို မင်္ဂလာ ဆွမ်းကပ်ဖို့ ကိစ္စအတွက် သွားစရာ ရှိသေးတာကြောင့်ဟု ပြောသည်။
ကျွန်တော်က ဦးလေးနှင့် စကားပြောရင်း ဦးလေးရဲ့ တစ်ဘက်ခုံမှာ ထိုင်နေသည့် အဒေါ် တော်ရဦးမည့် အမျိုးသမီးကို အကဲခတ် လိုက်သည်။ ဦးလေး ကြိုက်မည် ဆိုကလည်း ကြိုက်ချင်စရာ ဖြစ်ပါ၏။ မော်တော်ကား အတွင်းသို့ ကပ်သီးကပ်သပ် ဝင်လာခဲ့သည့် နံနက်ခင်း နေရောင်ခြည် များသည် ဦးလေး ကတော်ရဲ့ နားနှစ်ဖက်က စိတ်နားကပ်ကို ထင်းခနဲ၊ ရှင်းခနဲ လင်းလက် သွားစေခဲ့သည်။ ဒါလည်း ဒေါ်လေးရဲ့ စိန်နားကပ် ပါပဲ။ ကျွန်တော် မှတ်မိသည်လေ။ ဦးလေးက အရောင်းအဝယ် အခြေအနေကို ကျွန်တော်အား မေးသည်။ လုပ်ငန်း ကိစ္စဘက် ရောက်သွား သောကြောင့် စကားအမျှင်က မပြတ်နိုင်။ အနားက မချောက ကျွန်တော်တို့ နှစ်ယောက်ကို ကြည့်ရင်း စိတ်ရှည်တော့ဟန် မတူပေ။
“ကိုကို သွားကြစို့လေ ဘုန်းကြီးကျောင်းက ပြန်ရင် ဈေးချိုကိုလည်း သွားဦးမှာနော်” ဟု ဦးလေးရဲ့ ပေါင်ကို ပုတ်ရင်း သတိပေး လိုက်သည်။
“ဪ အေး အေး ကဲမောင်ညို ဦးလေး သွားမဟေ့ ဦးလေးဆီ လာခဲ့ဦးကွာ။ နောက်မှပဲ အလုပ်ကိစ္စ အတွက် စကားပြော ကြရအောင်”
ဦးလေးရဲ့ အသံက ထူးထူးခြားခြား မြူးကြွလို့ နေပါသည်။ ကျွန်တော်သည် စက်သံ ညက်ညောစွာနဲ့ လျောခနဲ ပြေးထွက်သွားသည့် မော်တော်ကားလေး ကိုပဲ ငေးမော ကြည့်နေမိသည်။ ဟင် ဒီတစ်ယောက် ကလည်း ကိုကိုလို့ ခေါ်နေပြန် ပါလား။ ဦးလေးသည် ကိုကိုဆိုတဲ့ အသံလေးကို အလွန်တရာမှ နားဝင်ချိုဟန် ရှိသည်။ အရင် ကိုကိုကတော့ သူ့ဆီမှာ ၄ လပဲ ခံသည်။ ယခု ကိုကိုကတော့ ဘယ်နှလ အထိ ခံလေမည်နည်း။ ကျွန်တော် မသိပါ။ တတိယမြောက် ကိုကိုက ဒုတိယမြောက် ကိုကိုထက်များ လက်သံပြင်း လိုက်လျှင်တော့ ဦးလေးခမျာ လန်ကွတ်တီ ဝတ်ပြီး တောရိပ် ခိုဖို့ပဲ ကျန်တော့သည်။ ဦးလေးရဲ့ ကိုကို တို့ရယ် ကျွန်တော့် ဦးလေး အပေါ်မှာ တစ်ဆိတ်လောက် ကြင်နာ သနားကြပါကွယ်လို့ ရင်ထဲမှ ဆုတောင်း ပေးရုံက လွဲလို့ ကျွန်တော်ကတော့ ဘာများ တတ်နိုင်ဦးမည်နည်း။
--------------
ညိုထွန်းလူ
ရွှေအမြုတေ၊ ဇူလိုင်၊ ၁၉၉၅။
(စန္ဒကူးအိမ် ဝတ္ထုတိုစု)
share by မွန်းလေးဖေဖေ