အိပ်မက်ဘယ်ဆီ ငပလီ
💦💦💦💦💦💦💦💦
#မေလှိုင်းဖြူ
ပင်လယ်ပြာပြာ ရေပြာပြာနှင့် ချစ်စရာ့ ငပလီမှာ စင်ရော်ငှက် ကလေးတွေ အုပ်စုဖွဲ့ ပျံသန်းလို့ လွတ်လပ်ပေါ့ပါး နေကြတယ်။ ငပလီမှာ နေပြီး ငပလီကို လွမ်းတယ်၊ ငပလီကို တမ်းတတယ်၊ ငပလီကို သတိရတယ်လို့ ဆိုရင် ပုံပြင်လို့ ထင်မလား။ လက်တွေ့နဲ့ ဘဝ ထပ်တူမကျတဲ့ အဖြစ်တွေ တစ်ပုံတစ်ခေါင်း ရှိနေပါသေးတယ်။
* * *
သဲဖြူလွလွပေါ် ခြေစုံရပ်ကာ ဟိုးအဝေး မိုးကုပ်စက်ဝိုင်း အနားသတ်ဆီ ရီဝေဝေ ငေးမျှော်ရင်း ငပလီရဲ့ အတိတ် တံခါးချပ်တွေကို ဖွင့်လှစ် နေမိတယ်။ အတိတ် တံခါးတွေကို အမှတ်မထင် ဖွင့်မိပြီ ဆိုတိုင်းလည်း ဘုချေမရဲ့ မျက်ရည် တာတမံ တံခါးကြီးက ဝေါခနဲ တာကျိုး ပြိုဆင်းနေကျ။
ကဗျာဆရာ ကိုငြမ်း (သံတွဲ)ရဲ့ “ကမ်းမဲ့ပင်လယ်” ဆိုတဲ့ ကဗျာက ရင်ထဲကို ထိလွန်းပါတယ်။
ပုန်းညက်ပန်းတွေနဲ့
မင်းဆင်မြန်းခဲ့တဲ့အနမ်း
ဟောဒီ ဆည်းဆာရီ ညချမ်းကို
ငါတမ်းတနေတာလေ ...။
ရင်ခွင်တစ်ခုလုံး
ပင်လယ်တွေ ဖုံးအုပ်သွားပြီးမှ
ဘယ်လို တည်ငြိမ်ခွင့်ရတော့မှာလဲ။
နင်ကတော့ ...
မောင်တော်ကျောက်ဆောင်လို
ရပ်တည်ပြီး
ငါ့ကို ဟစ်စ တစ်စ
ကြေကွဲစေခဲ့ပေါ့။
ယုံကြည်နေရစ်ခဲ့တဲ့အဆုံး
ဒီနေ့ .. ညနေဆည်းဆာသာ
နောက်နေ့
မနက်ခင်းဆည်းဆာအဖြစ်
ပြန်လည်ရောက်ရှိလာမယ်လေ ...။
ဒါပေမဲ့
မင်းဆင်မြန်းဖူးခဲ့တဲ့
ပုန်းညက်ပန်းတချို့ကို
လွမ်းဖို့ မထားခဲ့ပါနဲ့
ငါ ပင်လယ်နဲ့ ဝေးချင်ပြီ။
* * *
ဘုချေမရဲ့ ငယ်ဘဝ (၁)
“မောင်လေးရေ ထတော့ဟေ့၊ ပုန်းညက်ပင်ကြီး အောက်မှာ ပုတီးစေ့တွေ ပေါ်နေပြီ၊ သွားကောက် ရအောင်ဝေး”
အုန်းမှုတ်ခွက်လေး တကိုင်ကိုင်နဲ့ အိပ်ပုပ်ကြီးတဲ့ အတွတ်ကို အတင်း ပုတ်နှိုးနေတဲ့ ဘုချေမကို အမေက ခပ်အုပ်အုပ် လှမ်းမာန်တယ်။
“ဟဲ့- ဘုချေမ၊ နင်တို့အဖေ မိုးလင်းခါနီးမှ ပင်လယ်က တက်လာပြီး အိပ်နေတာ။ ကုန်းအော် မနေနဲ့။ အတွတ်ကို နှိုးရင် တိုးတိုးနှိုး။ ငါ ရွာထဲကို ငါးရောင်းချေဦးမယ်။ အုန်းသီးခြောက်တွေလည်း ကောက်ထားဦး”
အမေက ဘုချေမကို မာန်ရင်း ဆေးပြင်းလိပ်ကို တစ်ဖွာချပြီး ဗျပ်ခေါင်းပေါ် တင်တယ်။ ဘုချေမ မျက်စောင်း စွေစွေနဲ့ နှုတ်ခမ်းကို ထော်လိုက်တယ်။
“မကောက်၊ မကောက်၊ အမေ့အုန်းသီး လုံးဝ မကောက်။ ပုတီးစေ့ပဲ ကောက်မယ်။ ပုတီး ရောင်းပြီးရင် အလတ်စတစ် အင်္ကျီ ဝယ်ဝတ်ဖို့၊ အမေရို့ အလတ်စတစ် အင်္ကျီ ဝယ်ပေးနိုင်လို့လား”
ဘုချေမ အမေ့ကို ဆက်ခြေတက် ပြီးတာနဲ့ အမေ လှမ်းမခေါက်ခင် ပင်လယ်ချိုင်ကို တလွှားလွှား ပြေးဆင်းလာတယ်။ အမေလည်း ရွာဘက်ကို ဘောက်ဆတ် ဘောက်ဆတ်နဲ့ ထွက်သွားလေရဲ့။
“ဟာ ... သောင်ပြင်မှာ သဲကြမ်းခုံကြီးတွေ၊ ဟ ... ဟ ပ္ပတာပဲ။ အကြမ်းစေ့တွေရော၊ ဒေါင်စေ့တွေရော စုံရောပဲ။ အိုး ... ဂုံးခွံ ဖြူဖြူလေး တွေတောင် ပါလိုက်သေး။ ဘုချေမတို့ ကတော့ ဒီနှစ်သင်္ကြန်မှာ အလတ်စတိတ် အင်္ကျီနဲ့ နို့စိမ်းရောင် တက်ထရွန်ထဘီ ဝတ်ရသေးရဲ့။ ဟား ... ဟား ... ဟား”
“မမဘုချေ၊ ငါ လာပြီဝေး”
မောင်လေးအတွတ် မျက်နှာသစ်ခဲ့ပုံတောင် မပေါ်။ မျက်ချေး တွဲလဲလေးနဲ့ အားကုန် ပြေးဆင်းလာကာ ပုတီးစေ့တွေကို ယက်ဆွကောက်ရင်း မှိုရတဲ့ မျက်နှာကြီးနဲ့ တဟားဟား အော်ရယ်တယ်။
ဘုချေမတို့ မောင်နှမ နှစ်ယောက်ရဲ့ အာခေါင်ဖွင့် ရယ်မောသံကြောင့် လက်မ တကားကားနဲ့ ကဏန်းလေးတွေတောင် တွင်းထဲကို တဖြုတ်ဖြုတ် ဝင်ပြေးကုန် ကြတယ်။ ကျလိ ကျလိနဲ့ ကဗျာငှက်လေး တွေလည်း စိုးထိတ်လွန်း၍ ထင်ပါ့။ လွှားဆို ထပျံကြတယ်။ ခွေးနက်ကြီး ကုပ်ကျားကတော့ ဆွဲဆွဲငင်ငင် ထိုးအူလို့။ ပုန်းညက်ရွက် တွေတောင် တဖြုတ်ဖြုတ် မြေခ ကြွေကျရှာတာ လေလာမှာ ဝေ့ခနဲ မျောလို့။ ဘာပဲဖြစ်ဖြစ်ပါ။ ပင်လယ်ကြီး ကတော့ သက်ဝင်လှပပြီး ဘုချေမတို့ကို အကျိုးပြု နေပါတယ်။
ဘုချေမ ငယ်ဘဝ (၂)
“ဘာ ... ငါတို့ အုန်းခြံတွေ အစိုးရ သိမ်းမယ် ဟုတ်လား။ ငါ့အမေက ငါတို့ မောင်နှမ နှစ်ယောက်ကို နှစ်ပိုင်းပိုင်းပြီး တစ်ယောက်တစ်ပိုင်း အမွေပေးခဲ့တဲ့ အုန်းခြံတွေ။ သူတို့က သိမ်းမယ် ဟုတ်လား။ အရပ်ကတို့ရေ ... ကြားလို့မှ ကောင်းကြသေးရဲ့လား”
ငါးစိမ်းသည် အေးစိန်မရဲ့ အားပြင်းတဲ့အသံ နှစ်ခြမ်းကွဲကြီးက ကမ်းခြေမှ တဝုန်းဝုန်း အော်မြည်နေတဲ့ လှိုင်းသံတွေကို ဖုံးလွှမ်းပြီး အုန်းခြံထဲ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်လာတယ်။
“ဟဲ့ကောင်မ၊ တိုးတိုးပြော။ ငါတို့ တစ်ခြံတည်း မဟုတ်ဘဲ ဒီကမ်းခြေ တစ်လျှောက် အကုန် အသိမ်းခံရမှာတဲ့။ ဟိုဖက်ခြံက ကြီးမြတို့လည်း ကျိတ်ငို နေကြတာ။ အော်မငို နေကြဘူး။ နင် အော်ကျယ် အော်ကျယ် လုပ်ခါမှ ခြံသိမ်းခံရတဲ့ အပြင် လူပါ အဖမ်းခံ နေရဦးမယ်။ သူတို့ လုပ်တာ ငါတို့ ခံရုံပေါ့။ ဘာတတ်နိုင်မှာတဲ့လဲ”
ဖိုးတုတ်က နှီးထိုးနေတဲ့ ဓားမ ဘေးအသာချပြီး အိမ်ကြမ်းပြင်ကို ဖျန်းခနဲ ပုတ်ကာ အေးစိန်မကို ဟန့်တယ်။ ပြီးတော့ အေးစိန်မရဲ့ စကားလုံး တွေကို ဘယ်သူတွေများ ကြားသွားပြီလဲလို့ ခေါင်းကို ဘယ်ညာလိမ်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်တယ်။ ဘယ်သူမှတော့ မရှိပါဘူး။ ကြောက်စိတ်နဲ့ နောက်ကျော မလုံတာ။
ဖိုးတုတ်ရဲ့ ဟန့်တားမှုကြောင့် အေးစိန်မရဲ့ စကားလုံးတွေ ကတော့ တိခနဲ ရပ်ကျသွားပါတယ်။ ဒါပေမဲ့ ကျိတ်ငိုသံကြီး ကတော့ မစဲဘူး။ အိမ်ပေါ်က ခုန်ဆင်းပြီး အုန်းပင်အောက်ကို ဝင်တယ်။ ရင်ဘတ်ကို တဗုန်းဗုန်းနဲ့ ထုပြီး မြေပြင်မှာ လူးလှိမ့်နေတဲ့ အေးစိန်မရဲ့ အပူသရုပ်တွေကြောင့် ဖိုးတုတ် ရင်ထဲမှာ တစ်ဆို့ကြီးလေ။ ဒါပေမဲ့ သူတို့ ကိုယ်တိုင်တောင် ဘာလုပ်ရမှန်း မသိဘူး။ ဘုချေမတို့ မောင်နှမ နှစ်ယောက်ကလည်း အမေ ငိုတော့ လိုက်ရုံက လွဲပြီး ဘာမှ နားမလည်ကြဘူး။ နားလည်တာက ဒီအုန်းခြံကြီးကို သိမ်းခံရပြီ ဆိုတာပါပဲ။
နောက်တော့ ဘုချေမတို့ မိသားစု ဆွေမျိုး တစ်ယောက်ရဲ့ ခြံထဲမှာ ခွင့်တောင်းပြီး တဲထိုး နေရတယ်။ အဲဒီအချိန်က စပြီး ဘုချေမရဲ့ ရင်ထဲမှာ ဝေဒနာ အစိုင်အခိုင်ကြီး တစ်ခုက အလုံးအရင်းနဲ့ ကြီးစိုး နေရာယူလို့ နေတယ်။
“အစိုးရဆိုတာ ဘုချေမတို့ ရွာစပ်ထဲက ငရဲမင်းကြီးလို အစွယ်ဖွေးဖွေး အမွေး စုတ်ဖွားကြီးနဲ့လား” လို့ မောင်လေးအတွတ်ရဲ့ အမေးကို ဘုချေမလည်း မဖြေတတ်တော့ဘူးလေ။
ဘုချေမရဲ့ လက်ရှိ ရပ်တည်မှု ဝေဒနာ
“မဟုတ်ဘူး အဖေရယ်၊ အမေ စားချင်တဲ့ ပုစွန်တုပ်ကလေး ဝယ်ပြီး ပြုတ်တိုက်ချင်လို့”
“တိတ်စမ်း ... ဘုချေမ၊ နောက်တစ်ခါ နင်တို့ မောင်နှမ ဒီပန်းရန် သယ်မယ် ဆိုတဲ့စကား အိမ်ပေါ်မှာ ထပ်မပြောနဲ့။ ငါ သတ်မိလိမ့်မယ်”
“တော် ... တော်ကြပါတော့ တောင်းပန်ပါတယ်။ အဟွပ် ... အဟွပ်”
အိပ်ရာထဲက တီဘီ ရောဂါသည် အမေ ချောင်းတဟွပ်ဟွပ်နဲ့ ထဟန့်တော့မှ ဘုချေမတို့ သားအဖတွေရဲ့ စကားဝိုင်း တိခနဲ ရပ်ကျ သွားတော့တယ်။ အဖေကလည်း ဒီအကြောင်း ပြောရင် လုံးဝ လုံးဝကို မကြိုက်။ မကြိုက်မှန်း သိရက်နဲ့လည်း ဘုချေမတို့က ထပ်တလဲလဲ တောင်းဆိုနဲ့။ ပြဿနာက အမြဲတမ်း ထိပ်တိုက် ရင်ဆိုင်ပွဲ။
အနားက အသာ ထထွက်လာပြီး ဘုချေမ အိပ်ရာထဲ လှဲကာ နဖူးလက်တင် စဉ်းစား နေမိတယ်။ ဘုချေမတို့ မိဘဘိုးဘွားပိုင် အုန်းခြံကြီး အသိမ်းခံရပြီး ကတည်းက သူများခြံထဲ တဲထိုး နေခဲ့ရတာ။ အိမ်မဲ့ရာမဲ့ ဖြစ်သွားပေမယ့် အမေက ငါးရောင်း၊ မောင်လေးနဲ့ အဖေက ငါးရှာ၊ ဘုချေမက ပုတီးကုံး သီရောင်းနဲ့ ထမင်းတစ်လုတ် မငတ်ပါဘူး။
ကိုယ့်အုန်းခြံ ရှေ့က ဖြတ်သွားပြီ ဆိုရင် ရင်ထဲမှာ ဆိုနှင့်ကြေကွဲ ရတာက လွဲလို့ ထမင်းတော့ နပ်မှန်ပါသေးဟယ်။ အမေကတော့ အဲဒီအချိန်က စပြီး နေ့တိုင်း မနားတမ်း ငိုလာလိုက်တာ နောက်ဆုံး တီဘီ ရောဂါသည် ဘဝနဲ့ အိပ်ရာထဲ ဗုန်းဗုန်းလဲတဲ့ အထိ ငိုတုန်း။
ခုပြဿနာက ဘုချေမတို့ အသိမ်းခံရတဲ့ ခြံထဲမှာ ဧရာမ ဟိုတယ်ကြီး တစ်လုံး ဆောက်နေတယ်။ ကျန်တဲ့ ခြံတွေမှာလည်း ဟိုတယ်တွေ ဟောတစ်လုံး၊ ဟောတစ်လုံးနဲ့ ဆောက်လိုက်ကြတာ နက်ပြည်က နတ်ဗိမာန်ကြီးတွေ အတိုင်း။ ဟိုတယ်တွေ ဆောက်လို့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရလာတယ်လို့ စာစောင်တွေထဲမှာ ဖတ်ရတယ်။ ဟုတ်ပါတယ်။ ဘုချေမတို့ ကမ်းခြေတစ်ရွာလုံး အလုပ်အကိုင်တွေ ရပြီး ထမင်းနပ်မှန်တော့ ပျော်လို့၊ မော်လို့။ မိန်းကလေး တစ်ယောက် မဆလာ သယ်ရင် တစ်နေ့ (၂၀၀၀)၊ ယောက်ျားလေးတွေဆို (၂၅၀၀)၊ ညဘက် အိုဗာတိုင် ဆင်းရင် ပိုတောင် ရသေးတယ်။
ရွာထဲက ပျိုပျိုအိုအို အားလုံး ပန်းရန် ထွက်သယ်ကြလို့ ထမင်း ဝနေချိန်မှာ ဘုချေမတို့ မိသားစုက အဆင်မပြေ။
“လျှာပေါ် မြက်ပေါက် ခံမယ်ဟေ့။ ဒီပန်းရန် အလုပ်ကို လုံးဝ မလုပ်ရဘူး”
အဖေ့ရဲ့ ပြတ်သား တင်းကျပ်တဲ့ စည်းကမ်းချက်။
“ငတ်နေပြီ အဖေရဲ့၊ သမီးတို့ ဘာလုပ်စား ရမလဲ။ ပုတီးစေ့ ကောက်ဖို့ကလည်း ကမ်းခြေ တစ်ခုလုံး ဟိုတယ် ဧရိယာ သတ်မှတ်နယ်မြေ မဝင်ရလို့ တားထားကြတယ်။ ပင်လယ်ထဲ ဆင်းပြီး ငါးမျှားဖို့ ကျတော့လည်း ဟိုတယ် ဧရိယာ ငါးမမျှားရလို့ ဆိုင်းဘုတ်က ချိတ်ထားပြန်ရော လုပ်စားကိုင်စား အရမ်းကျပ်တယ် အဖေရယ်”
အဖေက ဘုချေမတို့ မောင်နှမကို ကြည့်ပြီး အံကို တင်းတင်းကြိတ် ထားတယ်။
“သားတော့ ပန်းရန် သယ်ချင်တယ် အဖေရာ အမေ စားချင်တာလေး ဝယ်ကျွေးချင်လို့ ခွင့်ပြုပါ အဖေရယ်”
ဆယ်စုနှစ် နှစ်စုအတွင်း အိမ်မဲ့ရာမဲ့ ဘဝနဲ့ မွဲတေဆင်းရဲ သွားပေမယ့် ရှိစုမဲ့စု မာန အကြွင်းအကျန်လေး ကိုတော့ ဖက်တွယ် ထားချင်သေးတဲ့ အဖေ့ မျက်နှာက ဒေါသကြောင့် နီမြန်းလို့ နေတယ်။
ဘုချေမ အဖေ့မျက်နှာကို နားလည် စာနာမှုတွေ ကြည့်ဖြစ်တယ်။ ဇရာရဲ့ ဝါးမျိုမှုကြောင့် ယိုင်နဲ့ ပြိုလဲတော့မည့် ဟန်ကို မနည်းကြီး အားတင်း ထားရဆဲ။ ဒီအဖေ ရှေ့မှာ ယိုယွင်းနေတဲ့ မိသားစု စားဝတ်နေရေး အတွက် တိုက်ပွဲဝင်နေ ရတာပဲလေ။ အခုအချိန်မှာ အဖေ့ ခံစားချက်ကို နားမလည်လို့တော့ မဟုတ်ပါဘူး။
“ငါ့မိဘဘိုးဘွား ပိုင်မြေကို မတရား သိမ်းပိုက်၊ ငါ့နှလုံးသား၊ ငါ့မျက်ရည်စက်၊ ငါ့ရင်ဘတ်ပေါ်မှာ ဆောက်နေတဲ့ ဟိုတယ်ကြီးတွေရဲ့ ဆောက်လုပ်ရေးမှာ နင်တို့က ပန်းရန် သယ်မယ်၊ ဟား ... ရင်နာလို့ပါ ကလေးတို့ရာ ... ဟား ...”
ဘုချေမ အလိုလို စီးကျလာတဲ့ မျက်ရည်တွေ ကြားကနေ ဝေဝေဝါးဝါး လှမ်းမြင် နေရတာက နာကျင် ကြေကွဲစွာ လောကကြီးကို လှောင်ရယ်နေတဲ့ အဖေ။
အဖေ့ အသံက ကျယ်ရာက တိုး၊ တိုးရာက ဆို့နစ်ပြီး လှိုက်ခါသွားတယ်။ ဘုချေမတို့ မိသားစု မျက်ရည်တွေ နှစ် (၂၀) လုံး မစဲခဲ့ရဘူးလေ။
ငပလီကို လွမ်းတယ်။
လွမ်းတယ်၊ ဟိုတုန်းက ငပလီကို လွမ်းတယ်။ ဟိုးတုန်းက ကမ်းခြေမှာ ခရုကောက်ပြီး သီရောင်းခဲ့တာကို လွမ်းတယ် ကိုယ့်ခြံထဲမှာ အုန်းသီးတွေ ခူးပြီး အုန်းဆီ ချက်ရောင်းခဲ့တာကို လွမ်းတယ်။ အုန်းပင်အောက်မှာ ပြေးလွှား ဆော့ကစားရင်း အုန်းသီး ကောက်ရတာကို လွမ်းတယ်။ အုန်းလက်နွားလေး လုပ်ပြီး ဆော့ကစား ရတာကိုလည်း လွမ်းတယ်။ ကိုင်းတံ တစ်ချောင်းနဲ့ ငါးမျှား ခဲ့တာကိုလည်း လွမ်းတယ်။ ငါး လတ်လတ်ဆတ်ဆတ်တွေ တံစို့ထိုး မီးကင်၊ ပုစွန်တုပ်ကြီးတွေ မီးဖုတ် စားရတာကိုလည်း လွမ်းတယ်။ မောင်နှမ နှစ်ယောက် သဲအိမ်ဆောက်ပြီး ဆော့ကစားခဲ့၊ သဲသောင်ပြင်ပေါ်မှာ စိတ်ကြိုက် ပြေးလွှား ဆော့ကစား ခဲ့ကြတာ ကိုလည်း လွမ်းတယ်။ လေအဝေ့မှာ သင်းထုံလာတဲ့ ပုန်းညက်ရနံ့နဲ့ ပုန်းညက် ပင်တန်းကြီးကို လွမ်းတယ်။ ဒေါ်လင်း၊ ဒေါ်ပလီ၊ ငါးပါးနီ စတဲ့ ငပလီရဲ့ အိပ်ရာဝင် ပုံပြင်တွေကို လွမ်းတယ် မောင်တော်ကျောက်၊ နှမတော်ကျောက်၊ ကျောက်မောင်နှမ ခွဲခြားတဲ့ ရာဇဝင်ကိုလည်း လွမ်းတယ်။
ဘုချေမ မောင်တော်ကျောက်ကြီး အတွင်းက မြန်မာနိုင်ငံ မြေပုံကြီးရဲ့ အောက်မှာ ထိုင်ပြီး ဒီမိုကရေစီ အပြည့်နဲ့ တအားကြီး လွမ်းနေတုန်း လှစ်ခနဲ စိုးရိမ် သောကစိတ်က ရင်ထဲကို ပြေးဝင်ဆောင့်တယ်။ ခေါင်း ဘယ်ညာလိမ် ကြည့်လိုက်တော့ ဘယ်တော့မှ မခွဲဘူး ဆိုတဲ့ ကျောက်မောင်နှမ ခွဲနေရပြီ။ ခေတ်၊ စနစ်ရဲ့ စီးမျော တိုးတက်မှု ဝဲဂယက်မှာ ရာဇဝင်ထဲက မောင်နှမလည်း လွမ်းနေကြမှာပဲ။
ဘုချေမ သက်ပြင်းမောမောကို ဆွဲရှူထုတ် လိုက်တယ်။ လေကောင်း လေသန့်လေးတွေ ကတော့ သန့်ပြန့် မွှေးကြိုင်ဆဲ။ ပတ်ဝန်းကျင် ရှုမြင်ကွင်းတွေ ကတော့ ပိုပြီး ခေတ်မီတိုးတက် အသက်ဝင်လှပ။
တိုးတက် ပြောင်းလဲသွားတဲ့ ခေတ်စနစ် တစ်ခုမှာ လဲသူလဲ ကွဲသူကွဲ၊ တင့်တယ်လှပ မြင့်တဲ့ သူတွေကလည်း ဒုနဲ့ဒေး၊ ဘုချေမတို့ ကတော့ မြေစာပင်။
ဘုချေမ မောင်တော်ကျောက်ကြီး ပေါ်မှာ တည်ထားတဲ့ စေတီတော်ကို သဲပြင် ပုဆစ်တုပ်ထိုင် ဦးသုံးကြိမ်ချ ကန်တော့လိုက်တယ်။ ဝေ့ခနဲ စေ့ဆော်လာတဲ့ လေနုအေးအေး ကလေးက ဘုချေမရဲ့ ဆံနွယ်တွေကို လွင့်ခနဲ ကလူနှောလို့၊ ရင်ထဲမှာတော့ စိုးရိမ်သောက စိတ်လေးက ပါးပါးလေး လာလာဆောင့်တယ်။
“ငပလီရဲ့ ရာဇဝင်ထဲမှာ ဘယ်လိုမှ ဖယ်ထုတ်လို့ မရတဲ့ မောင်တော်ကျောက်ကြီးရေ၊ မင်းကိုရော ဘယ်နေ့ လွမ်းရဦးမှာလဲဟင်”
🔲
မေလှိုင်းဖြူ
(ကမ်းခြေပုံပြင် ဝတ္ထုတိုများ (၂၀၁၆))
No comments:
Post a Comment