Mar 9, 2017

တာရာမင်းဝေကဗျာစုစည်းမှု

တာရာမင်းဝေ ကဗျာအပုဒ် (၅၀)
တစ်ဝက်တစ်ပျက်မှတ်တမ်း
~~~~~~~~~~~~~~~
ပထမမြောက် ရဲရင့်ခြင်းအဖြစ
အမေက ငါ့ကိုဆွဲဖွင့်တယ်
ယမမင်းရဲ့ သြဝါဒက
ပြက္ခဒိန်တွေကို ဟောင်းမြစေရဲ့ ..
ငါ့ရင်ဘတ်ထဲမှာက
မီးပွင့်ဖဲချပ်တွေတစ်ထပ်ကြီး
ငါပြောလိုက်တဲ့ ဓားသွားတစ်ခွန်းက
နတ်ဆိုးအပေါင်းကို ရေမွန်းစေခဲ့ပြီတဲ့
ငယ်ငယ်ဝံ့ဝံ့လောကဓံနဲ့
ဆောင်းဦးလေပြေကိုပန်ချင်တဲ့ကောင်
မရေးရသေးတဲ့ အက္ခရာတစ်ကြောင်းဟာ
ဘယ်လက်နဲ့ ဝှက်ထားတဲ့ ဗြတ်စောင်းပဲ
သေနတ်တစ်လက်ရဲ့ ပြောင်းထဲမှာ
ကျည်ဆံလို ငါဂူအောင်းဖူးတယ
ငါ့ဝိညာဉ်ထဲက မီးခိုးပျော့ပျော့အသံများ
နက္ခတ်ဦးလို ပျံစေသား …
တာရာမင်းဝေ
__________________
တန်ရာတန်ကြေး
~~~~~~~~~~
နတ်ထွင်းတဲ့ခံတွင်းဆိုပေမယ့်
ဘယ်သူကမှ ထမင်းခဲကိုက်ပြီ
မွေးလာတာ မဟုတ်ဘူး
အဲဒါကြောင့် ငါ့ရဲ့စုံနံ့သာမြိုင်ပတ်ပျိုးမှ
စောင်းကြိုးတစ်ချက်လျှော့ခဲ့တယ်
အနုပညာဆိုတာ
မှော်ဆရာတိုင်းကလို့ရတဲ့ဓားပညာမဟုတ်ဘူး
နေညိုချိန်
တိမ်ပွင့်အမျောလေးပါဆိုတော့လည်း
ပြောသူကို မယုံကြည်ချင်ကြဘူး
ကြည့်ပါ
ဒီမြှားကို ငါပစ်ပြပါ့မယ်
ပစ်မှတ်ကို လွယ်လွယ်နဲ့ မှန်ရင်တော့
အဲဒီသူယောင်နတ်သမီးကို
တို့တွေ တန်ရာတန်ကြေး
ပေးလိုက်ကြတာပေါ့...
တာရာမင်းဝေ
________________
လူဖြစ်ချင်တဲ့ကောင်
~~~~~~~~~~~
ဝတ်မှုန်တစ်စက်ထဲကို
လျှောဆင်းကြည့်လိုက်တယ်…
တစ်ချို့ကဗျာတွေက နတ်ပြည်မှာ……
တစ်ချို့ကဗျာတွေက ငရဲပြည်မှာ…….
သြော်.....အဲဒီနေမှာပဲ
မိုးနှင်းတွေကဝေလိုက်တာ…
တာရာမင်းဝေ
__________________
ကြာခဲ့ပြီ
~~~~~
တစ်နေ့ပြီး တစ်နေ့ ဆိုနေရတဲ့
သီချင်းပေမယ့် မပျင်းပါဘူး
ဘဝက ခြေဆင်းထိုင်နေရုံလေးနဲ့တော့
အဲဒီလို မပြောကြပါနဲ့ ..
တောင်စွယ်မှာ နေကွယ်တာကို မြင်သားပဲ
ဘာဖြစ်လဲ
အဲဒီ ဓားက မလွဲခဲ့ဘူးဆိုရင်တောင်
ငါကလည်း မပြိုလဲ ခဲ့ပါဘူးကွယ်
ကျောင်းဆင်းခေါင်းလောင်းသံကို
မကြားရတာ ကြာပြီ
တစ်ယောက်တစ်လမ်းစီ
မသွားရတာလည်း ကြာပြီ
ကိုယ်ကတခြား သူကတခြား ဖြစ်ခဲ့ကြပေမယ့်
ဘယ်သူကမှ မလွဲမှားခဲ့ကြတာလည်း ကြာပြီ
ဘာတွေဖြစ်ခဲ့ ဖြစ်ခဲ့
ဘယ်သူတွေ ဘယ်လို ပြောပြော
ငါ့အတွက်တော့
နေသံ လသံ ရောနေခဲ့တာလည်း … ကြာပြီ
တာရာမင်းဝေ
__________________
လျော်ကြေး
~~~~~~
အသင်၌
ပျိုးမကြဲသော လက်တို့သည်
ရှိကြကုန်၏ .
ငါတို့၏ ကောက်ရိတ်သိမ်းပွဲသို့
အိပ်မက်ထဲ၌ပင်
သင် … လာရန်မလို ….
တာရာမင်းဝေ
__________________
မြေမှုန်တောလား
~~~~~~~~~~
အူဝေ လွင့်လူးနေတဲ့ မြူမိုးတွေ အောက်မှာပဲ
သူပြန်ခွင့်ရခဲ့တယ်
အို ဘုရားသခင် ..
မြေဆီသို့ တိုးဝင်လာပြီဖြစ်သော
သူ့ကို မြင်ပါ
သူဟာ
လူသားအရည်ပြားနဲ့ တည်ဆောက်ထားတဲ့
နေမြင်လမြင် လူသားတစ်ယောက်ပါပဲ
သူ့ကို
ကုလားအုတ်တွေ မိုးဝင်ခိုလိုက်ကြတယ်လေ
တာရာမင်းဝေ
__________________
သံဆူးကြိုး
~~~~~~
အခုဆို.… တိမ်ခိုးရာသီ
တစ်ခုပြီးတစ်ခုတိုင်အောင်
ကြာ ….. ခဲ့ ……. တယ်
သီချင်းတွေနဲ့ ကိုယ့်ကိုယ်ကို ကုတ်ခြစ်
ဂစ်တာပျော့တစ်လက်လိုလည်း
ဆန့်မော့ညွတ်ကွေ
သူ့နာမည်ကို
ခွေးရေ ပုရပိုဒ် မှာမရေးဘူးလို့လည်း
ငြင်း …….. ခဲ့ ……….. တယ်
နားလည်ပါရဲ့ကွယ်
နှင်းဆီဖြူဆွတ်လေးတစ်ပွင့်အတွက်
ဒီလောက်တော့ ရင်နင့်ပေးရမှာပေါ့
ရိုးရိုးစင်းစင်း ခလုတ်တိုက်လဲ ခဲ့တာပါ
အစိပ်စိပ်အမြွှာမြွှာ ကွဲပြီးကာမှ
လမင်းပြန်လုပ်ရမှာမို့
နည်းနည်းတော့
ကြာမယ် … ကြာ..လိမ့်..ဦးမယ်
အဲဒီလိုနဲ့
သံဆူးကြိုးရသကို စိုက်ပျိုးခံစား
ငါ့တောင်ယာလေး
စကားနည်းနေတုန်းပဲကွယ်
တာရာမင်းဝေ
__________________
ရစ်သမ်လေးတစ်ခု
~~~~~~~~~~
[1]
ကိုယ်မြင်းကိုယ်စိုင်းတာပဲ
စစ်ကိုင်းဟာ
စကြဝဠာအပြင်မှာဆိုရင်လည်း
ရောက်အောင်သွားမယ်
[2]
ကိုယ့်လှေကိုယ်ထိုးတာပဲ
ပဲခူးဟာ
သမုဒ္ဒရာရဲ့ အခြားတစ်ဖက်မှာဆိုရင်လည်း
ရောက်အောင်သွားမယ်
[3]
ကိုယ့်ဘဝကိုယ်ဆောက်တာပဲ
ပါးနွဲ့တဲ့ဆပ်ပြာပူဖောင်းကလေး
ဖြစ်ခဲ့ရင်တောင်
နောက်ဆုံးအချိန်ကျမှ
ထစ်ချုန်းသံလှလှနဲ့
ပေါက်ကွဲပြသွားမယ်
တာရာမင်းဝေ
__________________
ချစ်သူ သို့[1]
~~~~~~~
သံချေးတစ်ထပ် ရွှံ့တစ်ထပ်မို့လို့
သူတို့ရဲ့ စိတ်အတင်အချကို
မင်း. . .ဘယ်လိုမှဖက်ရမှာ မဟုတ်ဘူး
အာငွေ့မှုတ်သံတွေကြားမှာပဲ
ရယ်ကာမောကာ တစ်နွေလုံးပိတ်
ကိုယ့်ယဉ်ကျေးမှုနဲ့ကိုယ်အိပ်လိုက်ပေါ့ကွယ်
ချစ်သူရေ. . .
လောက မာယာဆိုတာ
အတီးခံရတဲ့ ဗုံတွေရဲ့ ဂီတပါပဲ
စစ်တုရင်တစ်ပွဲလုံးကို
ဆွဲမှောက်ခံလိုက်ရပေမဲ့
ဘာဖြစ်လည်း . . .
ဝမ်းမနည်းကြေး. . .တို့တွေရွာသွန်းကြရုံပေါ့
ယုံကြည်ထားစမ်း
ရေငွေ့ ရေခိုးကလည်း
ပင်လယ်ကိုစိုက်ပျိုးနိုင်တယ်ဆိုတာ
တာရာမင်းဝေ
__________________
ချစ်သူ သို့[2]
~~~~~~~
နတ်ဒေဝတာတွေ
ပျံသန်းလာသံကို ကြားရတယ်
ရင်ခွင်မှာ မီးတောက်တန်းလန်းနဲ့
မိုးတွေချုန်းအောင်းလွမ်းပြပလေ့စေ
မျက်တောင်ကော့လေးရေ
မြေပြင်ပေါ်မှာကိုယ်နဲ့နေရစ်ခဲ့
သူတို့ရဲ့ယန္တယားသော့ချိတ်နဲ့
ကိုယ်တို့ရဲ့မြေသောက်ရေအိုးလေးကို
အဖုံး . . .လှမ်းမပိတ်နိုင်ပါဘူး
မြင်းသည်တော်တွေနဲ့
ကျော်မတတ်နိုင်တဲ့အရပ်မှာ
စပါးပင်ကို ပျိုးကျဲနေကျလက်နဲ့ပဲ
မှုန်းဖွဲ့လို့ ကိုယ်ခေါ်ဝံ့ပါရဲ
လိုက်ခဲ့တော့ကွယ
တာရာမင်းဝေ
__________________
ချစ်သူ သို့[3]
~~~~~~~
မြေကြီးဖြစ်မှတော့
မိုးလွတ်ပါ့မလားလို့ တွေးမနေနဲ့တော့
ချစ်သူရေ. . .တို့တွေပေခံလိုက်ကြစို့
မသေချာတာတွေက အများကြီးပဲ
ဒါပေမဲ့
သေချာတာလေးတွေလည်းရှိတတ်လို့
တို့. . .စောင့်ရဦးမယ်
မကြာခင်မှာ
လင်းရနံ့တွေ ဝေလာမှာပါပဲ
ကိုယ်ယုံတယ်
ဘယ်သူမဆို
မနက်ဖြန်ခါကိုတော့
နေထွက်ခွင့်ပေးရမယ်လေ
တာရာမင်းဝေ
__________________
ချစ်သူ သို့[4]
~~~~~~~
မုယော အပွင့်တွေ
ပြီးတော့ . . .သတ်တံ့ အငွေ့
လခြမ်းလို ပြန်ကွေ့လာကျလိမ့်မယ်
ငါဆောင်းချင်တဲ့ ထီးကလေးရေ
ငါဆောင်းချင်တဲ့ ထီးကလေးရေ
ငါဆောင်းချင်တဲ့ ထီးကလေးရေ
မိုးသွန်းရာသီ အတွက်
မကြာခင်မှာ ထွန်ရေးဝင်ရတော့မယ်နော်
ငြိမ်သက်စွာ
သစ်ပင်အို အောက်ကနတ်ကွန်းမှာ
ဖယောင်းတိုင် မီးရှုး တစ်တိုင်ညှိရင်း
[ဒီဆောင်းအတွင်းထဲ]
တို့တွေ အလင်းခိုနေကျစို့ရဲ့
တာရာမင်းဝေ
__________________
ချစ်သူ သို့[5]
~~~~~~~
သုံးဆယ်ကျော်တာတောင် မလိမ္မာဘူး
ဒီအရွယ်ကြီးရောက်မှစာမေးပွဲကြတယ
ညီမလေးရယ်. . .ငါ့ကိုရိုက်ပါ
နီကိုရဲ ထွန်းဝေမြင့်
စသဖြင့် ပြန်သွားကျပြီ
ဘယ်ဆီကိုသွားလို့ . . .
ငါက
ကျန်နေခဲ့တာလည်း
ကိုယ့်ကိုယ်ကိုယ် တစ်ခန်းလုံးမီးဖွင့်ပြီး
ကပိုကရိုဖွင့်လိုက်တယ်
ညီမလေးရယ်. . .
စိတ်ထဲမှာ စာမေးပွဲကျတယ်
တစ်ကယ်တော့လည်း
လောကဓံဆိုတာ. . .
ကိုယ်ခံစားမှ ဖြစ်တဲ့ အရာပါ
လမ်းထိပ်က ခွေးကြီးထက်နည်းနည်းပဲပိုတယ်
ဟော
ကိုရင်တစ်ပါးက တုန်းမောင်းခေါက်သံလက်
ဆောင်ပါးလိုက်တယ
မကြာခင်[6]နာရီ
နေဝန်းဆိုက်ရောက်တော့မယ်
ညီမလေးရေ
မြင်းရထားတွေကို လက်ပြမတားတော့ဘူ
ကိုယ့်ဖိနပ်လေးနဲ့ ကိုယ်သွားကြတာပေါ့
အဝေးကြီးကို ရွှေ့လျားချင်မှတော့
လမ်းရဲ့ အလျားကိုလည်း
ရင်ဆိုင်ရဲ ရမှာပေါ့
တာရာမင်းဝေ
__________________
ဆက်ထုံး
~~~~~
“အဝေးကြီး ဝေးရစေမယ် ” တဲ့
ပင်လယ်က
သူ့တစ်ကိုယ်လုံးကို ဖွင့်ပြီးပြေးတယ
မီးပြတိုက်က
ကဆုန်ပေါက်ပြီး ပြေးမလိုက်ပါဘူး
သူ့ရဲ့ အလင်းလဲ့မှုန်နဲ့
ပင်လယ်သားပေါက်ကလေးရဲ့
ဖွင့်ပွဲကို….. ပြည့်စုံစေလိုက်တယ်
တာရာမင်းဝေ
_____________________
ငါ့ဖယောင်းတိုင်ကိုဘယ်သူမီးမှုတ်သွားသလဲ
~~~~~~~~~~~~~~~~~~~~~~~~
သူတို့အယားပြေဖို့အတွက်
ငါ့ကိုလာကုတ်ခြစ်ကြတာလား
ငါ့မှာသာ ခိုးခိုးခစ်ခစ်တွေ
တစ်ခုပြီး တစ်ခု ဖြစ်နေရ …
ဒီနေ့အထိရောက်နေပြီးတာတောင်မှ
မနက်ဖြန်ကို လှမ်းကြည့်လို့မရနိုင်တဲ့ ဘဝမှာ
ငါ .. ဘာလုပ်ပေးရမလဲ
ဓနိမိုး ထရံကာ အလွမ်းကလေးနဲ့
လမ်းဘေးမှာ လဲရင်ကောင်းမလား
အစတည်းက
မြန်မာပြည်ရဲ့
အောက်ဆုံးထပ်မှာ နေခဲ့တဲ့ ကောင်ပဲ
သေချာတာက
ဧရာဝတီ တစ်စက်နှစ်စက်လောက်နဲ့တော့
သူတို့ ငါ့ကို ပက်ခွင့်ရမှာ မဟုတ်ဘူး
မူးတယ်
တံဆိပ်ဆွဲအခွာခံလိုက်ရတဲ့ ပုလင်းလိုပဲ
ငါ့ဘဝဟာ ဝတ်လစ်စလစ်နဲ့
စားပွဲပေါ်မှာ ငြိမ်လို့ …
တာရာမင်းဝေ
_______________________
ကျွန်တော်နှင့် ကိုသောကြာ
~~~~~~~~~~~~~~~
လူခိုးလူငွေ့တွေကို ဝပ်ချောင်းပြီး
သူ့ကိုယ်သူစောင်းသံထွက်အောင်ညှစ်ချတယ်
စကားစုမည် လေးငါးလှမ်း လောက်နဲ့တင် ဘုရားသခင်ရဲ့ ထမ်းစင်ပေါ် ပါသွားလေရဲ့
ကြောင်သိုးလို အော်ဟစ်တတ်ရုံနဲ့ ပြာသိုပင်ပေါက်တွေ မတ်တတ်ရပ်ကြပါ့မလား
ခုထက်ထိ သူ့မှာက
ကျမ်းကြီးစကား ကျမ်းငယ်ကြားပြီး ပြားတုန်း
ကျွန်တော်စဉ်းစားတယ် …
တိတ်တဆိတ် ကခုန်လိုသူအတွက်
တကယ်ဆို ဘာ “ဗုံ”မှမလိုအပ်ပါဘူး
တချို့ ညောင်ပင်တွေလို နံရံမှာ တစ်လစ်ကြီး ချိတ်နေရတာကသာ … စိတ်ပိန်စရာ ..
တာရာမင်းဝေ
____________________
အိမ်လည်ထွက်တဲ့နေ့
~~~~~~~~~~~~
နတ်သမီးပုံပြင်လေးပြောပြပါ
ဘာပဲပြောပြော ကြားချင်လို့ပါ
နတ်သမီးပုံပြင်လေးပြောပြပါ
ဘာပဲပြောပြော.. မြင်ချင်လို့ပါ
နတ်သမီးပုံပြင်လေး ပြောပြပါ
ဘာမှမရှိဘူးဆိုပေမယ့် ..
တစ်ခုခုများ ရှိမလားလို့ပါ ..
တာရာမင်းဝေ
___________________
နှစ်ချို့ကော်ဖ
~~~~~~~
နှစ်တွေကြာခဲ့ပေါ့
ဒီလောက် လောင်မီးကျခဲ့တာတောင်
အဲဒီ မျက်နှာလေးက
ငါ့အတွက် တသွင်သွင် လှပနေတုန်းပဲ
အနမ်းတွေ ..
ငါ့အတွက်မို့ ရွာသူ ဖမ်းစားတာ ခံရလေတယ်
မြင်းတစ်ကောင်မှ မက တဲ့ ရထားလုံးအိမ်ထဲမှာ
ငါ .. ဘယ်ကိုပြေးမလဲ ..
ကိုယ့်ကိုကိုယ် တစ်ပွင့်ချင်း ပြန်ခူးကြည့်တော့လည်း
ဆူး … စူးတာပါပဲ
စားပွဲစွန်းက ဖန်ခွက်လို
ထောင်းလမောင်းကြေကျကွဲပြန်တယ် နှင်းဆီစော်နံတယ
အချစ်ရေ
ကိုယ်လှေစီးကြောင်းတွေလည်း ပြောင်းပြန်စီးမျောခဲ့ပေါ့
လွန်လေပြီးသော စနေနံနက်တစ်ခုကို လွမ်းမြ ရီဝေရင်း
………………. ……………… ……………
(ဒီကဗျာကို ကိုယ်ဆက်မရေးချင်တော့ဘူး)
မင်း… ချမ်းမြေ့ပါစေ
တာရာမင်းဝေ
____________________
ကိုယ်ရေးကိုယ်တာ စာမေးပွဲ
~~~~~~~~~~~~~~~~
အဲဒီစာအုပ်က
သူ့ကိုယ်သူကဒ်ထူအကျီ င်္နဲ့ပြန်ချုပ်တယ
အဘိဓာန် နည်းနည်းလုပ်မလို့ ..တဲ့
စီးကရက်ကပြောတယ်
သူ့ကို နှုတ်ခမ်းဖျားမှာ တပ်ရင်တပ်ပါ
တံတွေးနဲ့ လာမကပ်ပါနဲ့ ..တဲ့
[ဟုတ်တော့လည်း ဟုတ်ပါတယ်လေ]
ဖိနပ်က
လှေကားခြေရင်းမှာ ရပ်တယ်
သူ့အမေက
အလှူအိမ်တွေဖက် မသွားဖို့ မှာလိုက်တယ်
တီ … တီ …တီ
နာရီက သူ့ကိုယ်သူ နှိုးစက်ပေးချင်လှပြီ
မျက်မှန်က နိုးပြီး မျက်လုံးက မနိုးဘူး
ဆိုးလိုက်တာ
ဂေါက်သီးရိုက်တံကလည်း
မြေကြီး ထရံမှာ သူ့ကိုချိတ်ထားလိုက်ပါ တဲ့
“ ကျင်း”တွေကို နာခံရတာ“ကျဉ်း”တယ်ဆိုပဲ ..
ဆေးပုလင်းကို စားပွဲပေါ်တင်ထားလိုက်တော့
ဖော့ဆို့လို
ကျွန်တော့်ကို လွတ်လပ်ခွင့်ပေးပါ
အဲဒီမှာ
ခင်ဗျားအတွက် ခြေကြွခ
လျှောက်ပြလိုက်စမ်းပါ ဆင်မ ယဉ်သာ ..
တာရာမင်းဝေ
____________________
အလကားလူတစ်ယောက်ရဲ့ စကား
~~~~~~~~~~~~~~~~~~~~
တစ်ဘဝလုံး အရက်စော်နံသွားရတဲ့
အကြောင်းကတော့ ရိုးရိုးလေးပါပဲ ..
ကိုယ့်ကိုကိုယ် ပုလင်းကွဲနဲ့ ခွဲကြည့်တာပါ
ဟိုနေ့က ဘုံဆိုင်ထဲ ငုံ့အဝင် ..
ခရေပင်ကြီးနဲ့ ပက်ပင်းတိုးပြီး
1996.. မိုးစက်တွေ ..တနင့်နင့် .. ဝေတယ် ..
အမြည်းမရှိဘူး တွဲသောက်ရတဲ့လူကြီးက တူးစော်နံတယ်
ခုနှစ်စင်ကြယ်ပြောင်
ဂျွမ်းတစ်ဝက်ထောင်တာတောင်မှ
ငါလို[၁၂]နာရီကောင်ကို
ဘယ်သူကမှ အပေါင်မခံဘူး …
မကြာခင် အိမ်ပြန်တော့မှာပါ
တစ်ခွန်း နှစ်ခွန်း အနစ်မွန်းခံပြီးရင်
ခြူသံပေးလိုက်ရုံပါ
သူ့လမင်းကို ..
ကိုယ် လက်လှမ်း မမီကြောင်း ပြောရတာ
ပုလင်းနံပါတ်
မမှတ်မိလောက်အောင်ကို ခါးတယ်
ကိုယ်ထင်တယ်
ကျမ်းစာထဲမှာ မပါတာတွေ ရှိကောင်းရှိနိုင်ရဲ့
အာဒမ်က …
ဧဝ ကိုပေးခဲ့တာ …
နံရိုးတစ်ချောင်းထဲ မဟုတ်လောက်ဘူး
တာရာမင်းဝေ
____________________
မိတ္တဗလ ဋိကာ
~~~~~~~~~
လူတွေက ရေစိုပြီးပြဲနေတယ်
သူတို့နေတဲ့မြို့ကတော်ကလည်း
ဘယ်အချိန်စိုက်စိုက် မပွင့်ဘူး ဆိုတဲ့မျက်နဲ့
တစ်ယောက်ယောက်က
တကျွီကျွီပြုံးလိုက်သံကို ကြားသားပဲ
ဒါပေမယ့်
ငါရဲ့ အ…အာ…၏….ဤ
အိပ်မက်ကလေးကို
နွားကျောင်းပစ်ဖို့ ထွက်ခဲ့ရတယ်
တစ်ခီးတည်းဆိုပေမယ့်
ကိုယ့်လှေကိုယ် စီးပြီး ပျံသန်းခဲ့ကြတာပ
ငါရယ်
ကောင်းကင်စော်နံတဲ့ လူတွေရယ်
နောက်ဆုံးကွဲသွားတယ်
တာရာမင်းဝေ
__________________
သေလူ
~~~~
ငါဟာ … မြားတစ်လက်ဖြစ်ခဲ့ဖူးတယ်
ဒါပေမယ့် .. ဘယ်ဝါးကျည်တောက်ကိုမှ
ဒူးမထောက်ခဲ့ဖူးဘူး
ငါဟာ.. ဓားတစ်လက်ဖြစ်ခဲ့ဖူးတယ်
ဒါပေမယ့် .. ဘယ်ဓားအိမ်ထဲမှာမှ
အိပ်မက်မက်မနေခဲ့ဖူးဘူး
နောက်တော့
ငါဟာ .. အက္ခရာတစ်လုံးဖြစ်သွားတယ်
ငါ့ကိုယ်ငါ ပြန်ဖတ်လို့မရတော့ဘူး
အဲဒီလိုနဲ့
ငါဟာ .. အရက်တစ်ပုလင်း ဖြစ်သွားတယ်
ငါ့ကို ဘယ်သူက
ဝင်ပလုတ်ကျင်းမလဲဆိုတာကို စောင့်နေတယ်
တာရာမင်းဝေ
_____________________
သေနေတဲ့ကဗျာ
~~~~~~~~~
လွမ်းတယ်
သက်တံရဲ့ အဲဒီဘက်အခြမ်းလေးကို
လွမ်းတယ်
မပြယ့်တပြယ်နဲ့
လူနံ့သင်းရတာကိုလည်း မုန်းတယ်
စိတ်ထဲမှာ မီးစုန်းတွေ အခါခါပွက်ထခဲ့
ကျဉ်းကျဉ်းကလေး ဆိုပေမယ့်
ကိုယ့်တွင်းကို ကိုယ်တူးခဲ့တယ်
ဘယ်တုန်းကမှ မဖူးပွင့်ခဲ့သလိ
နှစ်တွေဟာ ပွတ်ကာသီကာ ကြာခဲ့ပြီ
ဝေးရမှာက
ိုစပယ်တစ်ပွင့်စာလောက် ကြိုသိပါရဲ့
ဒါပေမယ့်
ပူအိုက်စွတ်စိုတဲ့ အဲဒီလမ်းကလေးမှာ
ကျွန်တော်တို့ အတူတူမိုးခိုခဲ့ကြပါတယ်
အရှုံးကို ဘယ်လို
သဲကန္တာရတွေနဲ့ ခြယ်မှုန်းရမှာလဲ ပြောပါ
ဝန်ခံပါတယ်
ဆောင်းမြ အမှုန်တွေကို တွေ့တိုင်း
တလဲ့လဲ့ ပြေးကောက်
“ တစ်ခွက်တည်းပါ ” လို့
ပြောဆိုခွင့်တောင်းပြီး
ကျွန်တော်က ပင်လယ်အဟောင်းကိ
ခပ်သောက်ချင်နေတုန်းပဲ
တာရာမင်းဝေ
____________________
သံဝေဂ
~~~~
ရုပ်နဲ့နာမ်က လက်ခုပ်တီးလိုက်လို့
ကျွန်တော်ဟာ
လူအဖြစ် မြည်ဟည်းလာသလား
ကိုယ့်အသံကို
တစ်ပါးသူကြားသွားမှာ..အားနာလိုက်တာ..
စီးကရက်ကိုတဟွတ်ဟွတ်သောက်မိတာလာ
ချောင်းကို မီးညှိပြီး ဆိုးနေတာလား
ကျွန်တော့်မှာဖြင့် စွတ်စို ဖျားနာခဲ့ရပြီ
မေမေရေ ..
ကြွေရင်လည်း မြေမှုန်တွေနဲ့ ဓာတ်ပြုရတာပေါ့
ကျွန်တော်ဟာ ကိုက်ခဲညောင်းညာနေတဲ့
လောကအဝါတစ်ပွင့်ပါပဲ
ခုတော့..
လေအလာကို မျှော်လင့်ရင်း
ရနံ့ချိုချိုတွေ ပွင့်ရပါဦးမယ်
တာရာမင်းဝေ
_______________________
တေးသွားအမှတ် ၆ နာရီ
~~~~~~~~~~~~~~
ချောက်ကမ်းပါး အရင့်အမာကြီးထိပ်မှာ
သူ့ကိုယ်သူချောင်ပိတ်ပြီး
တင်ထားလိုက်တယ်
ပြီးတော့
ရုပ်ကို ပါးပါးမတ်မတ် “ တန်း” ပစ်လိုက်ပြီး
စိတ်ကို ချောက်ကမ်းပါးထဲ တွန်းချလိုက်တယ်
“ အား ” လို့
လေးရိလေးတွဲ သံရှည်ဆွဲပြီး အော်ဖို့ရာ
စကားလုံးတွေမှာ ပါးစပ်ရှိပါသလား
[နေလောင်ဂစ်တာ ထဲကတော့
ဆိပ်ကမ်းဟွန်းသံ]တွေ ပွင့်ပေါက် ကျလာပြီ
လူအ တစ်ယောက်ရဲ့ပေါ့တီးပေါ့ဆ ညနေပေါ့
ပြန်မလာတဲ့ ဖိနပ်လေးအကြောင်းတွေးပြီး
ခုထက်ထိ သူ့ခြေထောက်ကို ရေဆေးနေတုန်း
တာရာမင်းဝေ
___________________
ပူဖောင်းကွဲသူ
~~~~~~~~
ဟိုတုန်းကတော့
ပူဖောင်းကလေးတွေလို ဖြူမွေ့ပါးလျား
အဲဒီနွေရာသီလေးကို
ဘယ်သူမှ ခိုးမစားခဲ့ကြဘူ
မြို့ကလေးရဲ့ ရင်ဘတ်ကို
ကြယ်သီးဖွင့်ပြီး ကြည့်လိုက်ရင်
တိမ်တွေကို ဘယ်တော့မှ
တွန်းမလှဲတတ်တဲ့ ကောင်းကင်.…မြင်ရတယ်
နောက်တော့လည်း ကျွန်တော်တို့တတွေ
ကျွတ်ကျွတ်ရွရွ ဝေးကွာသွား
ဘဝသံသရာ သီချင်းထဲကလို
ရထားကြီး မဟုတ်တော့ဘူး
အကိုင်းချင်း မတူပေမယ့် ဒီအတိုင်းပွင့်ကြလိမ့်မယ် လို့
[ကျွန်တော် ထင်မှတ်မှား]
မြို့ကလေးကို သတိရမိတဲ့တစ်နေ့
ကိုယ့်ကိုယ်ကို သတိမရတဲ့
နယ်လွန်သားတွေပြန်လည် ဆုံတွေ့ကြ
မေမေရယ် ..
ပူဖောင်းကို မန်းမှုတ်သလို မှုတ်ခဲ့မိတဲ့အတွက်
ကျွန်တော်ဟာ ဝလုံးတစ်လုံးစာ စိမ့်ပြီး ရှက်ခဲ့ရပေါ့ ..
အဲဒီမှာ ..
တချို့ဟာ
ရယ်သလိုမောသလို အမှောင်ပွက်ပွက်
တချို့ကျတော့လည်
လိမ္မာပါးနပ်လွန်းတဲ့ အလင်းတန်းကြီး
အမြီးနှစ်ခွနဲ့ …
မေမေ…
အားလုံးက မမှားရအောင်
ကျွန်တော်ကပဲ မှားပေးလိုက်ပါတယ်
ဘာပဲဖြစ်ဖြစ် ..
အဲဒီပူဖောင်းလေးကို အသစ်ပြန်မှုတ်ဖို
နက်ဖြန်ခါမှာ .. မြို့ကလေးဆီ
ကျွန်တော်ဆက်ဆက်ပြန်လာမယ်
တာရာမင်းဝေ
_______________________
ဗျက်စောင်းဘာသာဗေဒ
~~~~~~~~~~~~~
လမ်းခြမ်းအဝါကို မြင်လို့
ကောင်းကင်ကို မမြင်လိုက်ဘူး
တစ်ယောက်နဲ့တစ်ယောက်
ရွာရိုးကိုးပေါက် ဝေးခဲ့မိတယ်
ကောင်မလေးရေ
ငါ့ရဲ့ အမေတစ်ဝက်၊ ဆောင်းရာသီတစ်ဝက် ကောင်မလေးရေ
ငါ့ကို ကယ်ပါ
ငါ့ကို ကယ်တင်တယ်လို့ သဘောမထားဘဲ ငါ့ကိုပဲ ကယ်ပါ
မင်းရဲ့ အဖြူ တစ်ဝက်ရဲ့ အဖြူတစ်ဝက်လောက် ငါ့ကို ဆွတ်ပေးပါ
ရင်ဘတ်က ကြယ်ငွေ့တွေ ဖြာကျလာတဲ့အထိ ငါ ပွင့်ပစ်လိုက်ချင်လို့ပါ
တာရာမင်းဝေ
________________
နှင်းလူ
~~~~
နှင်းလူဟာ ဂူထဲမှာ
ဘီလူးဒူးတုပ်ထိုင်လျက် အမှောင်ကြုတ်ကြုတ်ကို ကိုက်မြို ၀ါးစားရင်း နေနဲ့လည်း စိတ်ချင်း ဆက်သွယ်ကြည့်တယ်
ရွှံ့မီးအိမ်နဲ့ ဝေ့ပတ်ပြီး မြောက်အရပ်ကို ရှာဖွေကြည့်တော့
ဓူဝံကြယ် ကြွေသွားတာ ကြာပြီတဲ့
သူရှုံးသွားတယ် သူ့ပါးစပ်ကို သူဖြဲပြီး
မြောက်ပြန်လေက ဆောင်းတွေကိုရိုက်ခွဲကြိတ်ထည့်
လွမ်းရင် လိုက်ခဲ့လို့ မှာတယ်
အဲဒီလိုနဲ့ နွေဦးပေါက် များစွာကို လွန်လေပြီးမှ ပြန်လည် နိုးထလာတဲ့
ကျောက်နှင်းလူ တောက်တစ်ချက်ခေါက်ပြီး သူ့ကိုယ်သူ ထူတယ်
ပြီးတော့ သွေးတွေကို တဂျုံးဂျုံး ပြန်မောင်း ကောင်းကင်ကို ပိတောက်တွေနဲ့ တဗောင်းဗောင်းပစ်ပေါက် မီးပွင့်မတတ် ခါးထောက်ရပ်လိုက်တယ်
ငါ..[သို့မဟုတ်] နှင်းလူကလေးရဲ့ မှတ်တမ်းမှာ အဲဒီဆောင်းကို ခပ်ကြမ်းကြမ်းလေး ရေးထားမိ သတိရတိုင်း ပြန်ပြန် ဖတ်ကြည့်လို့ပေါ
တာရာမင်းဝေ
_______________
တေလေမှတ်တိုင်
~~~~~~~~~~
ကြယ်တွေ ကြယ်တွေ သမ်းဝေမှု့
ချောင်းချောင်းထဟောင်းလောင်းပွင့်နေတဲ့..ည
ဝိညာဉ်နှင်းမှုန်တစ်စက် အိပ်မက်
မြင်းခွာ အမှတ်[13]တစ်ယောက်တည်း
အတုံးအရုံးလဲသူ
ငါ့ ကံကြမ္မာနဲ့..လူ
ဂမ္ဘီရသစ်ပင်မှာမှ စွယ်တော်ပွင့်အု
ရှာချင်တဲ့လက် ကားစင်တင်ပြီး မီးရှို့သတ်မယ်
လပြည့်ဝန်းရေ ပန်းကန္တာရမှာ
အမုန်းတွေ လဲ့ပြာကွဲအက်
ငါဟာ ကိုယ့်ကိုကိုယ် ပြန်တူးနေတဲ့
ပေါက်ချွန်းတစ်လက်ကွဲ့ သိရဲ့လား
ခြင်္သေ့နဲ့ ဘယ်လိုတိုက်တိုက
ဘီလူးနဲ့ ဘယ်လိုကိုက်ကိုက
ချစ်မိသူလောက်တော့
ဘယ်သူမှ လူမိုက် မမည်
ကဝေမီးတောက် ဆောင်းမီးပေါက်
အရက်တစ်အိုး မြူခိုးဝေကျောက်ခဲများ
ငါ့ကိုထားခဲ့ပါ
တေလေမှတ်တိုင် မျှော်စင်တွေထက်
ပိုခိုင်လာရဲ့
ခြေထောက်ကတစ်ခြား လမ်းတစ်ခြား
ငါဘယ်တော့မှ မသွားဘူး မိန်းကလေးရေ
တာရာမင်းဝေ
______________
်လယ်သူမ
~~~~~~
ကျွန်တော့် တောင်ကုန်း ကလေးပါ
အလင်းတွေနဲ့ခပ်မို့မို့ တည်ဆောက်ထားတယ်
နေ့ရက်တွေကြာ
နွေအပြာတွေ ပွင့်ပွင့်သွား ဖြတ်သန်းပြီးသား တိမ်တွေ တစ်အုပ်ပြီး တစ်အုပ်
ပြန်ကွေ့လာကြ
ကျွန်တော် ပွေ့ပိုက်ခဲ့ရတယ
နောက်ဆုံးတော့လည်း ဘာမှ မဟုတ်ခဲ့ပါဘူး ကိုယ့်ရင်ဘတ်ကိုယ်
အကြမ်းကြုတ်ဆုံး ဆွဲဖွင့်ပြီး
နေပူကြဲကြဲတွေ သွန်ချပစ်ရတာက လွဲရင်ပေါ့
သံယောဇဉ်ကိုမှ ခုတ်ထွင်ရှင်းလင်းတတ်တဲ့ လယ်သူမရယ် အခုတောင် လွမ်းတယ်
တာရာမင်းဝေ
______________
ကဗျာရေးသောလူတစ်ယောက်အကြောင်း
~~~~~~~~~~~~~~~~~~~~~~~~
အိပ်
ချင်
သော
စိတ်
အိပ်
သာ
အိပ်
အိပ်
သည့်

ခါ
အိပ်
မက်
လာ
အိပ်
ပါ
လျက်
နှင့်
နိုး

သည်
တာရာမင်းဝေ
_________________
တိန်ဖြူတို့နှင့်အတူ
~~~~~~~~~~
စိတ်ကြမ်းဘီလူးတို့
ခြေပင်မကျူးသော အရပ်၌
ငါ..မတ်မတ်တည်ခဲ့ချေပြီ
အို..ချင်းဆွေမွန်တို့ သင်တို့ကြိုဆိုမည်ဆိုလျှင် မှောင် နံနက်သို့ပင် အလင်းငှက်တို့ဖြင့်
ငါလာခဲ့ပါမည်
ထို့နောက် လောက လေဆန်မှာ
ကိုယ့်ကိုကိုယ်အန်ထုတ်
ငါတို့အားလုံး မိုးမချုပ်မီ အိမ်ကိုပြန်ကြမည
တာရာမင်းဝေ
__________________
အနုပညာ မှော်ဝင်စားမှု့
~~~~~~~~~~~~~
ကြေးနီရောင်သင်းတဲ့ မြားကျိုးတစ်စင်
ထိမှန်ထားတယ် လက်ဖဝါးခြေဖ၀ါးမှာ
အမေ ဝတ်ပေးခဲ့တဲ့ အရေခွံတွေ ကျွတ်ကွာကျ ပန်းရောင်ပျပျကလေး ရှင်းပလာ
တကယ်တော့ မြို့ပျက်တစ်ခုပါပဲ
ဒါပေမယ့်.. ဗျတ်စောင်းတစ်လက်ရှိနေလို့
ကိုယ်...ချိုနေမိတယ်
တာရာမင်းဝေ
__________________
ဗဟိုကွဲအား
~~~~~~~
ဆောင်းခေတ်က ပေးခဲ့တဲ့
မောင်းကွဲသံ ခပ်လေးလေး တစ်ချက်ပါပဲ
တစ်ယောက်တည်းနေရတဲ့
ငါ့ကို ဘယ်သူနဲ့မှ မနေရအောင်
ယိုင်ယိုင်ရွဲ့ရွဲ့ လှီးခွဲသွား..
နံပါတ်စဉ် မတပ်ရသေးတဲ့
သဲကန္တာရ တစ်ရွက်ပေါ်မှာ ပြိုလဲကျတယ်
အဲဒီညနေပေါ့ ကောင်းကင်ကို ဆွဲချွတ်ပြီး
မြေကြီးကိုပဲ ငါပြန်ဝတ်ခဲ့ရ
ပြီးဆုံးသွားတာ သေချာပါတယ်
နှင်းခိုးတွေ..
ပြီးတော့ ဒိုင်ယာရီချို ခါးတစ်ခွက်
ပြီးဆုံးသွားတာက သေချာပါတယ်
မိုးတွေကို
တိုးတိုးကလေး ရွာရဦးမှာပေါ့ေ
ပန်းရနံ့တွေကလည်
ခပ်မြင့်မြင့်ကနေ ပျံသန်း
ငါနဲ့ ငါ့ဖိနပ်ကလေး
သီချင်းမဆိုတော့ဘဲ
ဟိုးအဝေးကို ငေးခဲ့ရတယ်
တာရာမင်းဝေ
__________________
အမည်မသိ
~~~~~~~
စိတ်ကို
ဓါးအိမ်ထဲ ပြန်သွင်းလိုက်တယ်
ကျွန်တော်ဟာ
နဂါးငွေ့တန်းတစ်ခုလို ပြာမှိုင်းသွား
ဓါးအိမ်တစ်လက်ရဲ့ အကျယ်အဝန်းတောင်
ဘာသံနဲ့မှ မကြားရတော့ဘူး
တာရာမင်းဝေ
___________________
တေလေကလေး
~~~~~~~~~
မီးပွိုင့်တွေက အနီလှိုင်းတွေနဲ့
လွှင့်ထုတ်ပစ်ခတ်ကြတယ်
လူမိုက်လိုလို စောင်းနေတဲ့
ဓါတ်တိုင်အိုကြီးက
ကျွန်တော့်ကို ဝင်တိုက်ပြန်ရဲ့
ထင်းရူးပင်ကြီးက ရှည်လျားချွန်မြတဲ့
သစ်ရွက်တွေ ကွေးကုပ်
ကျွန်တော့်ကို လေနဲ့ လိုက်မှုတ်တယ်
ကျွန်တော် ကိုယ်နဲ့ မတော်တဲ့ ဖိနပ်ကိုစီးပြီး
လမ်းအကြီးကြီးမှာ လျှောက်မိနေချိန်ပေါ့
တိုက်တာတွေ ဖောင်းကားပျော့အ
ဓါတ်ပေါင်းဖိုတွေလည်း
မီးခိုးငွေ့တွေပိပြီး ကွေးညွှတ်ခွေယိုင်ကျ
မြေကြီးထဲက မိုးခြိမ်းသံ တရှဲရှဲ ကြားရတယ်
တကယ့်ကို ကြောက်စရာပါ
အမေ အဲဒီညက
အိပ်မက် နည်းနည်း ရှည်သွားတယ်
တာရာမင်းဝေ
__________________
သီချင်း
~~~~
နတ်ဆိုးတွေ ငါ့ပန်းရနံ့ကို ရှုရင်းနဲ့ လဲကျ
ကောင်မလေးတစ်ယောက်
ငါ့ကိုလွမ်းတဲ့ည
ငါ့ကောင်းကင် နက္ခတ်တွေ
ရှက်သွေးရောင်တောက်ပ
ကောင်မလေးတစ်ယောက်
ငါ့အမည်ရွတ်တဲ့ည
ငါ့ပင်လယ် ခဲလုံးတွေ ပြုတ်ကျ
ငါ့ရင်မှာ မီးပြတိုက် ထွန်းရ
ငါတစ်ယောက်တည်း လင်း .. လင်း နေတဲ့ည
ငါတစ်ကိုယ်ထဲ လင်းသွားတဲ့ည
သူမိုက်တွေ ဆောင်မြဲဓါးကို
ယောင်ယမ်းကာ လွှတ်ချ
ကောင်မလေးတစ်ယောက်
အဝေးကို ငေးတဲ့ည
ငါ့လမ်းမှာ လျှောက်ရင်းနဲ့တောင်
ကျောက်တုံးတွေ မွှေးမြ
ကောင်မလေးတစ်ယောက်
ငါ့ကိုချစ်တဲ့ည
ငါ့ကိုယ်ငါ မိုးကြိုးတွေ ပစ်ချ
ငါ့ကိုယ်မှာ မီးစုန်းတွေ ထွက်ကျ
ငါတစ်ကိုယ်တည်း လင်း.. လင်းနေတဲ့ည
ငါတစ်ယောက်ထဲ လင်းသွားတဲ့ည
တာရာမင်းဝေ
__________________
နိုဝင်ဘာ
~~~~~
ငါ့ရဲ့ ရွှေအိပ်မက်ကို
ခြေကျင်းတွေလို ခွဲစိတ် ဝတ်ဆင်ထားတဲ့မိန်းမ
မြူခိုး နီညိုတွေကြားမှာ
စံပယ်တွေ ကပိုကရိုနဲ့ ... လှလို့
ငါ.. တစ်ပွင့်ပြီး တစ်ပွင့်ပြီး တစ်ပွင့်ပြိုလဲ
နှင်းအဆက်ဆက်တိုင်အောင် ကြေကွဲခဲ့ရပေါ့
တာရာမင်းဝေ
___________________
နေကြတ်ချိန်
~~~~~~~
အင်္ဂါဆိုတဲ့ နေ့တစ်နေ့က
ငါ့ကို အကုန်ယူသွားတယ်
ငါ့မှာ..တစ်ယောက်ထဲ ဖြစ်နေရတဲ့အထဲ
ဝေါကနဲ ပျောက်ဆုံး လိုက်ရ
ဘယ်ဆောင်းဥတုကမှ
လက်သင့်မခံတဲ့ ဆီးနှင်းတစ်စက်လို
နွေရာသီတွေဆီ လှည့်ထွက်ခဲ့ရ
အရှင်လတ်လတ် လွမ်းလိုက်ရတာ
ဘာနဲ့မှကို မတူတော့ဘူး
မပွင့်ဘဲ ဖူးခဲ့ရတဲ့ ကောင်မို့ ...
မှောင်တယ်
လွမ်းလွမ်းဆွတ်ဆွတ်
ငါတွေးမိရဲ့ ကျောက်တုံးပေါ်
တင်အသွေးခံရတဲ့ဓါးလို
ငါလည်း အစားခံနေရချိန်..လို့
တာရာမင်းဝေ
_________________
ချစ်သူသို့
~~~~~
သံချေးတစ်ထပ် ရွှံတစ်ထပ်မို့
သူတို့ရဲ့ စိတ်တင်အချကို
မင်း ဘယ်လိုမှ ဖတ်လို့ရမှာ မဟုတ်ဘူး
အာငွေ့မှုတ်သံတွေ ကြားမှာပဲ
ရယ်ကာမောကာ တစ်နွေလုံးပိတ်
ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ် အိပ်ပစ်လိုက်ကွယ်.
ယုံကြည်ထားစမ်း ရေခိုးရေငွေ့ကလည်း
ပင်လယ်ကို ပစ်ပေါက် စိုက်ပျိုး နိုင်တယ်ဆိုတာ
ချစ်သူရေ လောကမာယာဆိုတာ
အတီးခံရတဲ့ ဗုံတွေရဲ့ ဂီတပါပဲ
စစ်တုရင် တစ်ပွဲလုံးကို
ဆွဲမှောက် ခံလိုက်ရပေမယ့်..
ဘာဖြစ်လဲ ဝမ်းမနည်းကြေး
တို့တွေ ရွာသွန်းကြရုံပေါ့
တာရာမင်းဝေ
__________________
မိုး
~
ချစ်သူရေ
ဟောဒီ ကောင်းကင် တစ်ရိုးက
ရေခိုးရေငွေ့ အိုးကြီးကို
မိုးတိမ်လို့ ခေါ်ကြလေရဲ့
ကိုရွှေမုတ်သုံလေက
သူခြေထောက်ကို သူဂရုမစိုက်
အိုးကြီးကို တည့်တည့် ဝင်တိုက်တယ်
အိုးကြီးလည်း
ဗိုက်ပွင့် ကွဲကြေ သေပါလေရော
အိုးခြမ်းကွဲထဲကနေ
ရေစက်တွေ ရေစက်တွေ
ဝင်းဝင်းလက်လက် လင်းတစက်စက်
စီးဖြိုင် ညွှတ်ကျ
ကျောက်ဆောင် ကျောက်မြေနဲ့ စောင့်နေတဲ့ ပင်လယ်အော်တွေလည်း သွားရည်တမြမြ ပါးစပ်ကြီးတွေ ပြဲလန်အောင် ဟလို့ပေါ့
အို ချစ်သူရေ ဟိုးအရှေ့မှာ မိုးတွေ ရွာပြီ
လာ ရဲရဲလာ ထီးရွက်တွေ မပါလည်း
လူဟာ ကိုယ့်ဖာသာ လျှောက်ရဲရမယ်ကွယ့်
ငါတို့ရဲ့ မိုး ဂျိုးဂျိုး ဂျိမ့်ဂျိမ့်လှပ
သူ ရှိုက်ကြီးတငင် ရွာချပါစေလားကွယ
တာရာမင်းဝေ
__________________
အနောက်တောင်
~~~~~~~~~~
ကြာတော့လည်း
မိုးချုန်းပြရတာ ရှက်လာပြီ
ဆောင်းရေ
ကဝေအလင်းတွေ လွှင့်ထုတ်ပြီး
ငါ့ရင်ထဲက မိုးတိမ်တွေကို ခုတ်ချပေးပါ
ငါ နှင်းစက်တွေနဲ့
ခုံးဝန်းချင်တဲ့ကောင် ကုလားအုပ်ကြီးယောင်ဆောင်ပြီး
ကန္တာရအထိ တွားသွားပြမယ်လေ
တာရာမင်းဝေ
__________________
ကျွန်တော်နှင့် သနပ်ခါးပွင့်လေး
~~~~~~~~~~~~~~~~~
စစ်မက်ပြိုင်မို
ကြယ်ကလေးတွေ စီးချင်းမထိုးကြပါနဲ့
မိုးချုပ်အိမ်ပြန်
လမင်းကို ပန်တဲ့မိန်းကလေး
ငြိမ်းချမ်းရေးနဲ့ အိပ်စက်နေလို့ပါကွယ်
တာရာမင်းဝေ
__________________
စိတ်ပျက်လက်ပျက်
~~~~~~~~~~~
ကျွန်တော်ကပြောတော့ ချစ်သူကရယ်တယ်
ကိုယ်သာ သူ့လိုခွေးတစ်ကောင်ဆိုရင်
မဟောင်ပါဘူးကွယ်
စောင့်ဆိုင်း တိတ်ဆိတ် မကိုက်ချင်ရင်
အိပ်နေမှာပေါ့လို့
စကားအဆုံးမှာ
ကျွန်တော်ကတော့ ရှူတည်တည်ပါပဲ ချစ်သူကလည်း ရယ်မြဲရယ်လို့
တာရာမင်းဝေ
__________________
နတ်ပူးနေတဲ့ကောင
~~~~~~~~~~~
လွင့်လိုက်ရတာ
မုတ်သုန်ဘယ်နှစ်မြို့တိုင်ခဲ့ပြီလဲ
တယ်လီဖုန်းခေါ်သံတွေကြားတာတောင်
ပြန်မထူးခံရတဲ့ကောင်ပါ
မေမေရေ…
မိုးတိမ်ကြီးထဲမှာ ခြေပစ်လက်ပစ်
သား ဝင်အိပ်လိုက်ချင်ရဲ့
ကောင်းကင်ကို ပြန်တည့်ရတာ .…မောတယ်
တာရာမင်းဝေ
__________________
ဥယျာဉ်
~~~~
နဂါးတွေကသာ
တကယ်တမ်းကပြမယ်ဆိုရင်တော့
ကိုယ်ကြည့်ချင်စိတ်ရှိပါတယ်
ဒါပေမယ့် မျက်နှာအရေပြားတွန့်တွန့်ကြီးနဲ့လူတွေက နဂါးနှဲမှုတ်ပြီးလူးလွန့်ပြရင်တော့ သူတို့အစား… ကိုယ်က
ပင်ပန်းပျင်းရိနေတတ်တယ်
အဲဒီလိုပါပဲ ကောင်မလေးရယ်
မိုးတွေကတိတ်တာတောင် ကိုယ်ကရွာတုန်း
သစ်ရွက်ကို ကိုယ်ပြန်စိုက်ဖို့ကြိုးစားဆဲမှ
သစ်ပင်က ကြွေကျလာခဲ့.
ကိုယ်လို ပေကပ်ကပ်ကောင်ကတော့
ကျောက်တုန်းတွေကိုလည်း
ငုံ့ကြည့်ခင်မင်နေခဲ့
ကောင်မလေးရေ… တကယ်ဆို ကိုယ်ဟာ
ဥယျာဉ်တစ်ခုပါပဲ မြေပြင်မှာ
ဘာမှမပွင့်သေးတာက လွဲရင်ပေါ့ကွယ်
တာရာမင်းဝေ
___________________
သဲကန္တာရမှတ်စု
~~~~~~~~~
ဓမ္မတေးသံတွေကို တဝီးဝီး ကြားနေရတယ်
တနလာင်္အဖြူကလည်း နွေတလူလူမှာ ဆုတွေတောင်းလို့
ကိုယ်ပိုင် သက္ကရာဇ် [30] ကျော်ချိန်မှာ
တစ်ကိုယ်ရည်ဖွဲဖွဲရွာတယ်
ကောင်မလေးရယ်
ဘယ်လို နှင်းရာသီမျိုးကျမှ
မြို့တံခါးက ပွင့်မှာလဲ
နက်ဖြန်ခါမဟုတ်ရင်တောင်
နက်ဖြန်ခါမှာ ပြန်လာပါ
နင့်နာမည်လေး ရနံ့ တဝူးဝူးကို
သင်းကွဲ ဘီလူးကြီးလို
ငါ အော်ခေါ်နေမိတယ်
တချို့အလွမ်းတွေက တော်ရုံတန်ရုံ
ဒိုရေမီဖာ နဲ့ မရဘူး
တခြားကဗျာဆရာတွေလိုလည်း
ပင်လယ်ကို ပွတ်သီးပွတ်သပ် မလုပ်ချင်ဘူး
ကိုယ့်ကိုကိုယ် မိုးကလေးညိုလိုက်ပြီး
ပြန်ဆင်ခြင်တယ်
သေချာတယ်
ကောင်မလေးရယ် ခိုက်ခိုက်တုန်အောင်
လွမ်းတယ်
အုတ်နဲ့ စီထားတဲ့ နတ်ဆိုးနီနီများကလည်း
တို့နှစ်ယောက်ကြားမှာ
ပြားလျားပြီး လာရပ်မနေဘူး
တကယ်တော့ ဘာမှမရှိဘူး
ဘာမှမရှိလို့ ဘာမှကို မရှိဘူး
နောက်ဆုံးမှာ
ဥက္ကာပျံ တစ်ခဲလို စုန်းဝုန်း နစ်မြုပ်ဖို့
[မှတ်မှတ်ရရကြီး] ဖေဖော်ဝါရီ [29] ကို
ငါ့ ဓားကောက်နဲ့ ထစ်လိုက်တယ်
တာရာမင်းဝေ
__________________
ထင်းခွေသူ
~~~~~~~
လူချင်းထိခိုက်သံ ကြားမှ မဟုတ်ပါဘူး
ဝတ်မှုန်ကလေးရဲ့သွားသံသွားသံကို
ကြားရတာလည်းဘ၀ပဲ…..
အဲဒီနေ့မှာမှငါကလည်းထင်းရှာထွက်ခဲ့မိတယ်
နောက်ဆုံးတော့
သစ်ပင်တွေကို သေခိုင်းမယ့်အစာ
ပုဆိန်ကို ငါ သတ်လိုက်တယ်
တာရာမင်းဝေ
__________________
မာယာ
~~~~
သူရှာနေတာက
သူရဲ့ “ နှင်းဆီပွင့်” တဲ့
[ဟုတ်မဟုတ်တော့မသိဘူး]
တိတ်တိတ်လေး ရွေ့လျားလာရင်း
နောက်ဆုံးတော့သူဟာ….
မှော်ရုံကို ဖွင့်ကြည့်လိုက်တယ်
[ဘာကို မြင်သလဲဆိုတာ မပြောဘူး]
အဲဒီလိုနဲ့
သိန်းခိုမြို့ကြီးလည်း.
မီးပုံထဲကိုတရူးထိုး ခုန်ချ
[မျက်မြင်သက်သေမရှိဘူးဒ့ပေမယ့်သေချာတယ်]
သူကတော့
သူ့အမြင်အတိုင်း ပြန်ပြောပြတယ်
“စကြ၀ဠာက
နျင်းဆီပွင့်လေးကို မြိုချလိုက်တာ”တဲ့
နားထောင်ကြည့်လေ
[အဲဒီနောက် သူထွက်ခွာသွားလေရဲ့
အခုတောင်မြင်းခွာသံတွေကိုကြားရသေးတယ်]
တာရာမင်းဝေ
__________________
နွား
~~
[1]မနှင်းဆီဆိုတဲ့ကြောင်မလေးကို ပန်းဝါတစ်ပွင့်လှီးကျွေးရတယ်
[2]သမံတလင်းပေါ် လွတ်ကျသွားတဲ့ရထား
အော်သံကို ပြန်ကောက်တယ်
[3]၀တ်ရည်ကိုင်းတစ်ကိုင်းကို တနင်္ဂနွေနေ့နဲ့ တိုင်းပြီး ချိုးပေးရတယ်
[4]တစ်ဘ၀လုံးကို လိမ်းကျံသမျှ ရွံစေးလို
ကွာကျမယ်မှန်း မသိဘူး
[5]အံ့သြစရာတော့ မဟုတ်ပါ
[6]မထားခဲ့ဖို့ဆိုင်းညှို့တောင်းပန်ရင်း
အုန်းလက်နွားလို ကျန်ခဲ့သူပါ
တာရာမင်းဝေ
________________
ကျွန်တော်နှင့် ထီးကလေး
~~~~~~~~~~~~~~~
ကျွန်တော့်ကောင်းကင်သည်
မို့ပြာအုံ့မှိုင်းလျက်ရှိ၏
ကျွန်တော့်တောင်ကုန်မှာ
ခတ္တာရနံ့တို့ ထစ်ခြုန်းပြီ
ကျွန်တော် မိုးရွာတော့မည်လောဟု
ငြိမ်သက်တွေးတောရင်း
တစ်ခါတုန်းက ထီးကလေးကို
သတိရနေမိတော့၏
တာရာမင်းဝေ
__________________
ပြုစားခဲ့တဲ့သူ
~~~~~~~
မနေ့ကမှ ကိုယ့်ကိုယ်ကိုငုံ့ကိုင်းကြည့်မိရဲ့
ကျွန်တော့်ရဲ့ ဝင်သက်ထွက်သက်ကလေးတောင် အရပ်အတော်မြင့်ခဲ့ပြီ
လမ်းထိပ်က သွေးနွေးသတ္တဝါတွေအတိုင်းပါပဲ
လောကဓံခွန်းကြီးခွန်းငယ်တွေကြားမှာ
ကျွန်တော်ဟာလည်း ဝူးဝူးဝါးဝါး နဲ့
လူအဖြစ် ပွင့်ခဲ့ရတာပါ
တကယ်ဆို ကဗျာဟာ
အချစ်ဦးမသိအောင် ရေးရတဲ့အရာပေါ့
ကံ့ကော်နဲ့ အဖူးရောအပွင့်ရော လွဲခဲ့ရသလိုမျိုး ဘာညာဘာညာ
အဲဒီလို မာယာအမှုကိုလည်း
ကိုယ်တိုင်ကိုယ်ကျ ပြုခဲ့ဖူးပြီ
တစ်ရံတစ်ခါလေပူအဝေ့တွေမှာတော့
လမ်းလျှောက်သူတို့ရဲ့ ဘာသာဘာဝ
တုန်ခါယိမ်းသွေ့ဖူးတယ်
အဲဒါကလွဲရင် သူလိုကိုယ်လို လောက်တောင် ကျွန်တော်မကွေ့ကောက်ခဲ့ပါဘူး
ကျွန်တော်နဲ့သိုးထိန်းတို့
ခုလိုမျိုး စကားစိမ်းဆိုကြ
အော် .. တစ်ခုတော့ရှိတယ်
ကျွန်တော်မပါပဲလည်း
ဧရာဝတီဟာ စီးမြဲစီးနေလိမ့်မယ်
အဲဒါကိုပြောဖို့ ကျန်ခဲ့တယ်
တာရာမင်းဝေ
________________
မုန့်ကြိတ်ဆုံလုပွဲ
~~~~~~~~~
ဆီမထည့်နိုင်တဲ့ တံခါးကြောင့်
ခြေထောက်တွေ တအီအီ ဝင်လာကြ
သူတို့မှုတ်ထားတဲ့ စကားလုံးတွေနဲ့ပ
ငါ့ကို ဖောင်းကနဲ ဖောက်ကြ…
အဲဒီလိုနဲ့ပဲ နတ်တွေကတောင်
ကစားရမလို နားရမလို
(ငါလိုကောင်အတွက်ကတော့ ပြောမနေနဲ့တော့..)
သေချာတာက ငါဟာ နွေတွေလို ဆောင်းစား သတ္တဝါမဟုတ်ဘူး
ဖြေဆေးကိုင်ပြီး ပွင့်ပေးမယ့်
ပဒိုင်းပန်းလည်းမဟုတ်ဘူး
ဒါပေမယ့် ထားလိုက်ပါတယ်
မေ့ထားလိုက်ပါတယ်…
ရှိသမျှ လင်းစရာဝေစရာလေးတွေကို
သေခိုင်းလိုက်ပြ
ဘယ်တောအုပ်မှာမှ သစ်ပင်နံပါတ်ပြောပြီး အမြစ်မချချင်ဘူး
သောကြာနေ့အချင်းချင်း အပျင်းခံရရင် …
နာတယ်.
လှံတံက ခေါ်လို့မလိုက်ရင်လည်း
ပင်အပ်ယူပြီး လာမစိုက်နဲ့
မင်းတို့ ကျေနပ်ရင်
ငါလိုမြေက နိမ့်မြဲ နိမ့်ပေးလိုက်မယ
လပြည့်ဝန်းကို
ပိန်ချွန်းချွန်းထိုင်ကြည့်နေရရင်ပဲ
ငါ့အတွက် ဖြစ်ပါတယ်...
တာရာမင်းဝေ
__________________
မီးတောက်ရစ်သမ်
~~~~~~~~~~
[1]
အခုလို …
လှပအေးစက်နေတဲ့ညမှာပဲ
ငါ … ပျိုးထားတဲ့ မြနှင်းဆီဟာ …
ကြယ်တစ်ရာ ခြံရံပြီး ကြွေကျသွားခဲ့တယ
တိမ်လွှာမျဉ်းကောက်တွေကလည်း
ချစ်သူတစ်ယောက်ရဲ့ မီးအိပ်မက်မှာ
ရွှေမျက်ရည်တွေ စိုလက်လာပြီလို့
မှိုင်းညို့နေတဲ့ ကောင်းကင်ကြီးကု
တီးတိုးပြောကြားလိုက်တယ်
“ချစ်ခြင်းမေတ္တာဟာ”… ဟာ
မှော်ဆရာတစ်ယောက်ရဲ့နိဂုံးလို
နောက်ဆုံးမှာ …
မီးခိုးလုံးများ ဖြစ်သွားရော့မလား…လို့
နှုတ်ခမ်းကိုက်ပြီး…ငါစဉ်းစားဖူးတယ်
လူငယ်တစ်ယောက်ကို ပြုစားဖို့
ဘယ်နတ်ဘုရားထံမှ
နင့်လက်တွေ ဖြန့်ကား တောင်းခံခဲ့သလဲ …
ငါ့ရာဇ၀င် ခပ်ကျဲကျဲကို
ငရဲမီးထဲ တွန်းချလိုက်ချင်တယ်
သံယောဇဉ်…ဆိုတာ
အရောဝင်လို့မကောင်းတဲ့ ခွေးကလေးပါပဲ
လောကဓံဦးတုန်းက
အလွန်းအကြူးး သောက်ခဲ့တဲ့ အရက်တစ်ခွက်
ခုမှ…စံပယ်ရွက်ပေါ်မူးလဲ…
အသည်းကွဲတယ်…ဆိုတာ
သီချင်းလေးတွေ တိုးတိုးညည်းရင်းက …
ထိရှခဲ့တဲ့…သွေးမဲ့ဒဏ်ရာ တစ်ချက်ပါ…
သိုးကျောင်းသားရဲ့ ခံနိုင်ရည်နဲ့
နတ်ဘီလူးတွေရဲ့ သတိရခြင်းမျိုးက
ငါ့ကို..ဆီးမိုးထားတယ်…
စက်ရုပ်ကို ဒူးထောက်ကျစေတဲ့
နင့်ရဲ့…မျက်ဝန်းစိမ်းလဲ့မှာ…
ငါ…ဘယ်လိုမှ မေ့မရတဲ့
မဟာလကာင်္ တစ်ပိုင်းတစ်စ…ရှိနေလေရဲ့
အဲဒီလိုနဲ့ပဲ
ငါ ပြန်လည် ချည်နှောင်ခဲ့ပါမယ်…
ချစ်သော..ဖဲကြိုးဝါကလေးရယ်…
[လက်နက်မပါဘဲ…
စစ်ဝင်္ကပါမှာ ငါ…မတိုက်ရဲဘူး…]
ညံ့တယ်လို့ပဲ…
လက်ညှိုးထိုးပြီး ပြောလိုက်ပါတော့
လျှပ်စစ်မျှင်တန်းလို…
ပူလင်းပြင်းထန်လွန်းတဲ့
သူရူးတစ်ယောက်ရဲ့ ပွေ့ဖက်မှုတွေထဲ...
ခု…ရထားတို့ ဥသြဆွဲလိုက်ကြပြီ…
“…ပြီးဆုံးသွားပါပြီ…
…အားလုံး ပြီးဆုံးသွားပါပြီ…”တဲ့
[2]
အရှေ့လေတွေတိုက်တုန်းက
ခါးကုန်းနေတဲ့ ငါတို့ရဲ့ မြရာပင်အိုကြီးဟ
တုန်ယင်ချည့်နဲ့စွာ ယိမ်းထိုးနေတော့တယ် …
ကျောင်းတော်ရဲ့ စည်းအပြင်
နှောင်းရိပ်တွေ တစ်လွင်လွင်နဲ့
ထင်ယောင်ထင်မှား
လမ်းပေါ်မှာ ငါစဉ်းစားတာ…
နင့်အကြောင်း ခေါင်းစဉ်များစွာပါပဲ
ထိပ်ထားရယ်...
အီဂျစ် ပြက္ခဒိန်ထဲက
မိုးတိမ်တွေ ရွာမယ့်နေ့
နင်နဲ့ငါ ပြန်လည်ဆုံတွေ့ကြရင်
ဒီအကြောင်းတွေ ပြောပြချင်ပါသေးတယ်..
ငါက ဆပ်ပြာပူဖောင်းကို ခိုစီးပြီး
မြင့်မိုရ်တောင်ကြီးနဲ့တိုက်မိမှာ
စိုးရိမ်ရှာသူ မဟုတ်ခဲ့…
ဒါပေမဲ့…
လေပွေလမ်းကြောင်းများမှ
တုန်ဝါးဖျော့အေး
“သစ္စာ”ကို ပဲ့တင်သံနဲ့ပဲ ပြန်ပေးနိုင်ခဲ့သူ…
ငါ့ကိုသတ်…ငါ့ရင်ဘတ်ကို
ထိုးခွဲဖောက်လှန်ကြည့်
ငါ့လက်သီးထဲမှာ
ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့
သုညတစ်လုံးပဲ ရှိလိမ့်မယ်…
ဝိုင်ယာကြိုးတွေ
“ထောင်း”ခနဲ မီးပွင့်ပြတ်တောက်ပြီး
ရုတ်ချည်း မှောင်အတိကျသွားတဲ့
“အန္ဓ”တို့ရဲ့ အိမ်အိုမှာ…
တေလေပီသစွာ…ငါနေတယ်
တိတ်ဆိတ်…ပြာလဲ့နေတဲ့ည…
ရေတွင်းထဲ ခေါင်းငုံပြီး…
“….”ကို ချစ်တယ်…လို့
ဘယ်ဆီဘယ်ဝယ်ဟစ်အော် တမ်းတရတာ..
ဘာကြောင့်ပါလဲ...
“အုံ့ပုံးချစ်” သီချင်းကို
မဆိုချင်ဘဲ ဆိုရတာ
ရွှေရည်စိမ်ထားတဲ့ လက်ပစ်ဗုံးကို
ကိုက်မျိုရသလိုပါပဲ…လို့
အက်ကွဲနေတဲ့ မယ်ဒလင်ကြီးက…
ငါ့ကိုပြောပြတယ်
အဲဒီလိုနဲ့…
မိုးကို ဆန့်မြှောက်ထားတဲ့
မမီနိုင်သော ကမ်းလက်တွေဟာ
ဟိုး…တုန်းကလိုပ
ငါ့ဆီမှာ…မြေမှုန်တွေ
စွန်းထင်လျှက်ပါပဲလေ…။
[3]
“လူဆိုတာ…
လင်းဝေစိမ်းမြတဲ့ ပန်းညများစွာထက်
သရဲခြောက်ရာ ညတစ်ညကို..ပိုသတိရတတ်တယ်”
ငါသေသွားခဲ့လို့ရှိရင်
ငါ့ရဲ့သင်္ချိုင်းဂူမှာ…
ကြက်ခြေခတ်တစ်ခုကိုသာ
မှတ်တိုင်အဖြစ် စိုက်ပေးထားပါ
တကယ်တော့…အဲဒါဟာ
ငါသိသမျှ လောကဓမ္မကို
အကြွင်းမဲ့ ဖော်ပြသွားခြင်းပဲ ဖြစ်လိမ့်မယ်
ဟိုးငယ်ငယ်…ကျောင်းမပြေးတတ်ခင်တုန်းက
ခရေပွင့်ပြထားတဲ့ သင်္ချာတစ်ပုဒ်
ငါ့အပေါ် ခုန်အုပ်ပြီး
မင်နီတွေ ရဲခနဲ့ သုတ်သွားဖူးတယ်
ငါ…သတ္တိကောင်းကင်မှာ..နီလွင်ထစ်ချုန်း
တစ်…နှစ်…သုံး
အနက်ရှိုင်းဆုံး ထိုးကျပစ်လိုက်တယ်
ထူးလှတယ်တော့လည်း မဟုတ်ပါဘူးလေ…
ကြောက်မက်ဖွယ်ရာ
လူတွေရဲ့
မဟာဘုတ် ဗေဒင်ထဲမှာမှမရှိခဲ့ဘူးတာ
တာရာမင်းဝေ
_________________
တစ်နေ့တာ
~~~~~~~
တွေ့ကြတော့လည်း အဲဒီသီချင်းကြီးဟာ မျက်နှာမသာမယာနဲ
ဝို့ဝို့ဝေးဝေး အသံပြုလို့ ကျွန်တော့်ကို တံတျာတေရှင်တယ်
စိတ်ရှည် လက်ရှည် နောက်ဆုတ်ပေးပြီး နားချဉ်ခဲ့တယ်
မရဲပဲ ရင့်တဲ့ အတင်းပြောသူတွေနဲ့လည်း ဆုံတယ်
စာမျက်နှာကို သေနေတဲ့ ဗုံလို တီးခတ်ပြီး လက်ရုံးရေးပြတယ်
အဲဒီအချိန်မှာပဲ .. တော်တော့ .. တော်တော့ လို့
ကုလားအုတ်ကြီး တစ်ကောင်က အောက်အီးအီးဝင် “ အွတ်” တယ်
ပြီးမှ သူတို့ချင်း မိတ်ဖြစ် ဆွေဖြစ် စကားဆက်များတယ်
ကိုယ့်ကြောင့်ပဲ သူ့ကိုယ်သူ သီးခံထားရသလို ဘတ်စကားက ပြောတယ်
ဝါသနာပါတိုင်း ရွှေမန်းတင်မောင် လုပ်လို့မရမှန်း သူမသိဘူး
စာရေးကြီးကလည်းဒသ၁နပြသ၁နာနဲ့
တစ်ခရီးစာနေထိုင်တယ်
ကျွန်တော်ကလည်း လူပဲ နည်းနည်းနဲ့ကြဲကြဲတော့ စိတ်ညစ်တယ် .
အိမ်ရောက်ပြီ
ကိုယ့်ကိုဖွင့်တဲ့သော့ကလေး ကိုယ်ပြန်ကောက်ရလိုက်ပြီ
11/2 လ ရှိတဲ့သားကလေးက
‘ အေး … အေး 'လို့ လှမ်းခေါင်းညိတ်တယ်
ချမ်းမြေ့လိုက်တာကွယ် ခုမှပဲ အမောတွေ တဗောက်ဗောက် ကွာကျတယ် ..
စိတ်ချသား
အဖေ အိမ်ကိုပြန်လာခဲ့ပြီပဲ .. တခြား ဘယ်ကိုမှ မပြန်တော့ဘူး ….
တာရာမင်းဝေ
_________________
ဒြပ်မဲ့လူ
~~~~~
အလင်းအလျဉ်နဲ့ ငါ ပျံသန်းသွားနေရဲ
ဒါပေမယ့် ..
စကြဝဠာကြီးက ကျယ်လွန်းတော့
ဘယ်ကိုသွားသွားဘယ်ကိုမှ မရောက်ခဲ့သလိုပဲ
တစ်ယောက်ယောက်က ငါ့ကို ခူးယူနေသလိုလည်း ..…. ခံစားရတယ်
အရွေ့သုညမှာ … ငါ … ကြွေကျပေးခဲ့ပါ့မယ်
တာရာမင်းဝေ
_____________________
တစ်ဝက်တစ်ပျက်မှတ်တမ်း
~~~~~~~~~~~~~~~
ပထမမြောက် ရဲရင့်ခြင်းအဖြစ
အမေက ငါ့ကိုဆွဲဖွင့်တယ်
ယမမင်းရဲ့ သြဝါဒက ပြက္ခဒိန်တွေကို ဟောင်းမြစေရဲ့ ..
ငါ့ရင်ဘတ်ထဲမှာက
မီးပွင့်ဖဲချပ်တွေတစ်ထပ်ကြီး
ငါပြောလိုက်တဲ့ ဓားသွားတစ်ခွန်းက
နတ်ဆိုးအပေါင်းကို ရေမွန်းစေခဲ့ပြီတဲ့
ငယ်ငယ်ဝံ့ဝံ့လောကဓံနဲ့
ဆောင်းဦးလေပြေကိုပန်ချင်တဲ့ကောင်
မရေးရသေးတဲ့ အက္ခရာတစ်ကြောင်းဟာ
ဘယ်လက်နဲ့ ဝှက်ထားတဲ့ ဗြတ်စောင်းပဲ
သေနတ်တစ်လက်ရဲ့ ပြောင်းထဲမှာ
ကျည်ဆံလို ငါဂူအောင်းဖူးတယ
ငါ့ဝိညာဉ်ထဲက မီးခိုးပျော့ပျော့အသံများ
နက္ခတ်ဦးလို ပျံစေသား …
တာရာမင်းဝေ
____________________
သိဟ်ရာသီဝတ်ရုံ
~~~~~~~~~~
အမုံအဖူးတွေဖြစ်ခဲ့ပြီးမှတော့
အပွင့်ဆက်ဖြစ်ရတော့မှာပေါ့
ဒါပေမယ့် ..
အဲဒီနေ့ကို ကျွန်တော့်ရဲ့ သစ်ပင်ကလေးတွေ
ပြန်ရောက်မလာကြတော့ဘူး
မျက်နှာပေါ် ဖိနပ်မချွတ်ပဲ တက်လာတဲ့အပြုံးကို
မုန်းတယ် …
သုညဝင်စားသလိုလိုနဲ့
ကိုယ်ကပဲ ကွေ့လျားဝိုင်းစက်
ပြီးဆုံးသည်ထိ တိုင်အောင်
အိမ်ထရံမှီပြီး ရှက်ရတယ်
ခုတော့လည်း မဆင်မခြင် လိမ္မာလိုက်ပါပြီ
ဂီတတွေကို ပိုပိုလိုလို
တီးမှုတ်ယူမသွားတော့ဘူး
မုယောအပွင့်ကလေးကိုလည်း မြေပြင်ဆီ ပြန်ပစ်ပေးလိုက်ပြီ
18း00 နာရီ
ရထားဟာ လှလှပပကြီး တံခါးဖွင့် ဝင်ရောက်လာပါရဲ့
ဒါပေမယ့်
အဲဒီအိမ်ကလေးမှာ ဘူတာက သေဆုံးသွားခဲ့ပြီးတာ ကြာပြီ
တာရာမင်းဝေ
____________________
ရည်းစားစာ
~~~~~~~
စာရွက်ပေါ်မှာ နင့်ကိုချစ်ရုံနဲ့တော့
ငါ့ဘဝ မင်ကုန်တာပဲ အဖတ်တင်လိမ့်မယ်
မပျံသန်းနိုင်တဲ့ ငှက်လို့ပြောတိုင်း
ပင်ကွင်းငှက်ကို ပြေးမြင်ရင်
နင့်ကို ငါ မခေါ်ချင်ဘူး
ကျောင်းအုပ်ကြီး ဖတ်ဖို့ရေးတဲ့စာမဟုတ်လို့
ကျောင်းသွားဖော်လေး ဖတ်စေချင်တာ
ငါ့စေတနာပါ
နင့်နှလုံးသားကို ဖုန်းခေါ်ပါ
ပြီးမှ ငါ့ကို စာပြန်ပါ
တာရာမင်းဝေ
__________________
စုန်းတိုက်ခံရတဲ့နေ့
~~~~~~~~~~~
သူများ ဝတ်ထားပြီးသား
မျက်နှာအဟောင်းကြီးနဲ့တော့
ဘဝမှာ လူမလုပ်ချင်ဘူး
လံကွတ်တီစော် နံတယ်
ကဆုန်ပေါက် ပြေးနေတဲ့
အုန်းခွံရောင် တိမ်တစ်စင်းရယ်
မန်းမှုတ်ပြီး ငါပစ်ဖမ်းလိုက်တဲ့
ကြိုးကွင်းတန်းလန်းရယ်
လောကဟာ နေရတာ
မလျော့မတင်းကြီးပါပဲကွယ်
တာရာမင်းဝေ
_____________________
ကျောင်းတော်ကသူငယ်ချင်းအဝါ
~~~~~~~~~~~~~~~~~~
လွမ်းတယ် ကောင်မလေးရယ်
ဘယ်ကဗျာတွေဆီပဲေ၇ာက်ေ၇ာက်
နင့်ရဲ့စိတ်ကို တံခါးလှမ်းလှမ်းခေါက်မိတယ်
ငါ့ကိုယ်ငါ လွယ်အိတ်လို ဆွဲဖြဲမိပါရဲ့
ဒါပေမယ့် ကျောင်းတော်ကဖြင့်
ခုထက်ထိ မြူပြာတွေထဲမှာ ပွင့်နေတုန်း
ချစ်ခြင်းတ၇ားဟာ
ငါ့အတွက်တော့ တစ်ချို့ခေါင်းလောင်းကြိုးတွေလိုပဲ
ဘယ်လိုဆွဲဆွဲ တံခါးက ပွင့်မလာခဲ့ဘူး
ဒီအရွယ်မှာ ဆောင်းဦးပေါက်မိတာလည်း မထူးတော့ပါဘူး
အစကတည်းက
သူငယ်ချင်းဆိုတာ ခူးဆွတ်ဖို့မှ မဟုတ်ခဲ့ဘဲကွယ်
တာရာမင်းဝေ
_____________________
ဘက်ချင်းပြောင်းပြန်ရန်ပွဲ
~~~~~~~~~~~~~~
ဒင်္ဂါးပြားကိုတောင် လက်နဲ့ မလှည့်နိုင်ပဲ
ဘီယာဆိုင်ထိုင်သောက်သူလို
ဘဝက တစ်ခွက်တည်းနဲ့ ငိုတယ်
သူ့မှာဖြင့် လူညွန့်တုံးရုံတင်မဟုတ်ပဲ
လူပန်း လူပွင့်ပါ ဘုန်းဘုန်းလဲပြီ တဲ့
အပွဲပွဲ ရှုံးခဲ့သမျှ သည်ပွဲမှာလည်း မနိုင်ဘူး
ဖရဲသီးတန်မယ့်
သကြားဖြူးခံထားရသလိုမျိုး နာတယ်
ကွာ
မင်းကိုငါ ဘယ်နှစ်ခါ မီးဖွင့်ပေးရမလဲ
ငါလည်း အခုမှ
သံချပ်ကာအင်္ကျီ ချွတ်ပြီးကာစ
တံခါးကို ပိုဟလိုက်ရင် အလင်းရောင် ပိုရမှာပေါ့
မင်းမယုံရင် ငါ ဘယ်သူ့ကို မေးပေးရမလဲ
အဲဒီလိုနဲ့
ကျွန်တော်နဲ့ ကျွန်တော့်ဘဝလေး
ဓမ္မသီချင်းတစ်ပုဒ်စာ ဝေးသွားတယ်
တာရာမင်းဝေ

No comments:

Post a Comment