Mar 10, 2017

ရစ်ဘီးနှင့် စက္ကူစွန်

" ရစ်ဘီးနှင့် စက္ကူစွန် "
==============

                                            #မောင်စိန်ဝင်း ( ပုတီးကုန်း )

         
အမေသည် ကျွန်တော့်ကို မွေးဖွားရန်သက်သက်အတွက် လူ့လောကထဲကို ရောက်လာခဲ့လေသလားဟု တစ်ခါတစ်ရံ ကျွန်တော် တွေးမိပါသည်။

-----------------

အမေ့ကို အဘိုးက အိမ်ထောင်ချပေးတော့ အမေ့အသက်က နှစ်ဆယ့်တစ်။ ဆွေစုမျိုးစုကြား၊ ရပ်ထဲရွာထဲတင်မက အနီးအနား ရပ်ရွာတွေအထိ သြဇာလွှမ်းမိုးသည့် အဘိုး၏အစီအမံကို အမိန့်တစ်ခုနှယ် နာခံရုံမှတစ်ပါး အမေ စဉ်းစားစရာ မရှိခဲ့ပါ။ အမေ့တွင် ရည်းစားသနာဟူ၍လည်း မရှိခဲ့။ အဖေ့မှာ ချစ်သူရည်းစားများ ရှိခဲ့သလေသလား မရှိခဲ့ဘူးလားဟူ၍လည်း မစပ်စုခဲ့။ သည်လိုနှင့် အမေနှင့် အဖေ လက်ထပ်ပြီး အဘိုးအိမ်သို့ အဖေ ပါလာခဲ့သည်။ သည်မှာပဲ အဘိုးနှင့် အဖေ၏ ပြဿနာက စခဲ့သည်ဆို၏။

အဘိုးက အမြဲ တက်ကြွဖျတ်လတ်နေပြီး စီးပွားရေးလာဘ်မြင်သူ၊ တိကျ ပြတ်သားသူ။ အဖေက အေးအေးဆေးဆေးနေတတ်ပြီး ရောင့်ရဲတင်းတိမ်တတ်သူ၊ စကားများများ မပြောတတ်သူ။ သည်တော့ စရိုက်ချင်းက မတူတော့။ လုပ်ငန်းကိုင်ငန်းတွေမှာလည်း အဘိုးက ရှေ့ကိုကြိုမြင်သလောက် ပြေးနေသလောက်  အဖေက မလိုက်နိုင်။

“မင်း… တော်တော် အ တဲ့ ကောင်ပဲ”

အဘိုးနှုတ်မှ ထွက်ကျလာ၏။ သည်လိုစကားမျိုး ကြားရဖန်များတော့ အဖေ စိတ်ခုလာသည်။ အဘိုးနှင့် အတူမနေတော့ဖို့ ဆုံးဖြတ်ခဲ့ဟန်တူသည်။ သည်လိုနှင့် ကျွန်တော့်ကိုမွေးပြီးလို့ လေးလမပြည့်ခင်မှာ အဖေ အဘိုး၏အိမ်ပေါ်မှ ဆင်းသွားတော့သည်။

-------------------

“အမေက ဘာလို့ အဖေ့နောက် လိုက်မသွားတာလဲ”

“လိုက်သွားရမလားလို့  နင့်အဘိုးကို မေးကြည့်တော့ ဒီလောက် နုံအတဲ့လူနောက် လိုက်သွားရင် နင်မွေးထားတဲ့သား ဘယ်တော့မှ လူတစ်လုံးသူတစ်လုံး ဖြစ်မှာမဟုတ်ဘူး၊ လိုက်ချင်ရင် ကလေးကို ထားခဲ့လို့ နင့်အဘိုးက ပြောတာ”

အမေ တိုးတိုးလေး ပြောရှာ၏။

ကျွန်တော် အမေ့ကို ငေးကြည့်မိသည်။ သူ့အိမ်ထောင်ရေးထက်ကို သူ့သား လူတစ်လုံး သူတစ်လုံးဖြစ်ရေးသည် အမေ့အဖို့ ပိုအရေးပါနေပုံရသည်။ အဘိုး၏အရိပ်သည် ကျွန်တော့်အတွက် အလုံခြုံဆုံးနှင့် အဘိုး၏ပခုံးသည် သူ့သားကို အမြင့်ဆုံးရောက်အောင် တွန်းတင်အပေးနိုင်ဆုံးပဲဟု အမေ ယုံကြည်ခဲ့ဟန်တူပါသည်။

အဖေက လူကြီးသူမများနှင့်လာပြီး သူ့နှင့် လိုက်ခဲ့ဖို့ အမေ့ကို သုံးကြိမ်သုံးခါ လာခေါ်ခဲ့သော်လည်း အမေ မလိုက်ခဲ့။ အမေမလိုက်လျှင် နောက်အိမ်ထောင်ပြုမည်ဟု ခြိမ်းခြောက်သော်လည်း အမေက မတုန်လှုပ်။ သည်လိုနှင့် အဖေက သူ့ငယ်ရည်စားနှင့် အိမ်ထောင်ပြုသွားခဲ့သည်။

--------------------

“အဖေမရှိတော့တဲ့ နင့်ကလေးကို ငါတို့ မွေးစားမယ်။ ဒီနေ့ကစပြီး သူဟာ တို့ရဲ့သားပဲ "

သည်လိုနှင့်ပဲ ကျွန်တော့်အဘိုးနှင့် အဘွားကို ကျွန်တော့်အဖေနှင့်အမေဟု သိခဲ့ရသည်။ ကျွန်တော့်ကြီးတော် အပျိုကြီးနှင့် ကျွန်တော့်အမေတို့သည် ကျွန်တော်၏မောင်နှမများသာဟု နားလည်ခဲ့သည်။ ထို့ကြောင့်ပင် ကျွန်တော်သည် အမေ့ကို အမေဟု မခေါ်ဖြစ်ခဲ့ပါ။

ကျွန်တော့်အသက်ခြောက်နှစ်မှာ ကျောင်းစထားတော့ အဘိုးသည် ကျွန်တော့်အဖေ မဟုတ်မှန်း ကျွန်တော် သိခွင့် ကြုံခဲ့ရသည်။

“ဒီလို ဘယ်ဖြစ်မလဲ၊ ကလေးရဲ့အဖေနာမည်ကိုတော့ အမှန်အတိုင်း ထည့်ရမှာပေါ့။ အဲဒီလိုမှ မထည့်နိုင်ရင်တော့ ကျုပ်ကျောင်းမှာ မထားနဲ့။ တခြားကျောင်းသွားရင်လဲ ဒီလိုပဲ ပြောမှာပဲ”

အဘိုး၏ သူငယ်ချင်းဖြစ်သော ကျောင်းဆရာကြီး၏စကားကို ကြားရတော့ ကျွန်တော် အံ့သြသွားသည်။ နောက်ဆုံးတော့ အဘိုးက လက်လျှော့ပြီး ကျွန်တော့်အဖေနာမည်နှင့်ပင် ကျွန်တော့်ကို ကျောင်းအပ်လိုက်ရသည်။

“အေး… ဟုတ်တယ်၊ အဲဒါ မင်းအဖေပဲ၊ ဒါပေမဲ့ အခု မရှိတော့ဘူး”

လမ်းမှာ ကျွန်တော်ကမေးတော့ အဘိုးက တိုတိုပြတ်ပြတ် ဖြေသည်။

“နောက်လဲ ဘယ်တော့မှ မမေးလေနဲ့”

ကျွန်တော် ထပ်ပြီး မမေးရဲတော့ပါ။

---------------------

ကျွန်တော်အရွယ်ရောက်လာလေလေ အဘိုးသည် ကျွန်တော့်အတွက် အားကျစံပြုစရာ သူရဲကောင်းတစ်ဦး ဖြစ်လာလေလေပင်။ လေးတန်းအောင်လျှင် လုပ်ငန်းခွင်ဝင်စေတတ်သော တောဓလေ့၊ တောပတ်ဝန်းကျင်မှာ ပညာထက် တန်ဖိုးရှိသောအရာ မရှိဟု အဘိုးက လက်ခံကျင့်သုံးလေသည်။ လယ်လုပ်ငန်း၊ ဆန်စက်လုပ်ငန်း စသဖြင့် လုပ်ငန်းတွေ ဒီလောက်ရှိပါလျက် ဘာကြောင့် ကျွန်တော့်ကို ကျောင်းဆက်ထားနေရတာလဲဟု အများက အဘိုးကို ပြောခဲ့ကြသည်။

ခုနစ်တန်း စကောလားရှစ်စာမေးပွဲကို ခရိုင်မှာ ပထမရပြီး ကျွန်တော် အောင်ခဲ့ချိန်မှာတော့ “မင့်အဘိုးပြောတာ သိပ်မှန်တာပဲ၊ အမေဆုံးဖြတ်ရကျိုး နပ်ပါတယ်” ဟု အမေက မျက်ရည်ဝဲပြီး ပြောခဲ့သည်လေ။ ကျွန်တော်သည် စက္ကူစွန်လေးတစ်ခုဖြစ်ပါက အမေသည် ရစ်လုံးတစ်ခုသာ ဖြစ်ပါလိမ့်မည်။ အဘိုးကတော့ စွန်လွှတ်နေသူတစ်ဦးဖြစ်ပြီး စက္ကူစွန်လေး လေမိပြီး မြင့်သထက် မြင့်တက်သွားအောင် ကြိုးစားပေးနေသူပင်။

ရှစ်တန်းအောင်သည့်အခါ ကျွန်တော့်ကို ကျောင်းကောင်းကောင်း ပြောင်းထားရမည်ဟု အဘိုးက ဆုံးဖြတ်ပေးပြီး မိသားစုနှင့်ခွဲကာ မြို့ကြီးသို့ ပို့ပါသည်။ အမေ့မျက်နှာ၌ သားကိုမခွဲချင်သဖြင့် ကြေကွဲဆွေးမြေ့ရိပ်များ ပြည့်နေသော်လည်း အဘိုး၏ဆုံးဖြတ်ချက်ကိုကား မကန့်ကွက်ရဲရှာ။ သည်လိုနှင့် ကျွန်တော်သည် ရစ်လုံးနှင့် ပို၍ဝေးရာဝေးရာ အမြင့်ကို တက်သွားသော စွန်တစ်ခုနှယ် အမေနှင့် ဝေးသွားရတော့သည်။

-------------------

ကျွန်တော် ဆယ်တန်းအောင်ပြီး တက္ကသိုလ်မှ ဘွဲ့တွေရ၊ ကျွန်တော့်ပညာရေး အဆင့်မြင့်လာလေလေ အမေကတော့  သူအနိုင်ရလေလေဟု ထင်ခဲ့လေမည်။ ကျွန်တော်တို့အိမ်မှာ အိမ်သားငါးဦးရှိသည့်အနက် အမေသည် အအေးဆုံးနှင့်
ဘယ်ကိစ္စကိုမှ ဝင်၍ ပါဝင်ပြောဆိုခြင်း မရှိဆုံးသူပင်။ ကျွန်တော် အရွယ်ရောက်ချိန် အဘိုး၏လုပ်ငန်းကိုင်ငန်းမှအစ အငယ်ဆုံးကျွန်တော်က ဝင်ပြီးပြောမိသော်ငြား အမေကတော့ ဘာမှ စိတ်မဝင်စားသလိုပင်။ သူ့ဘဝသည် အဘိုး၏ပုံစံခွက်ထဲမှာသာ ရှိနေရမည်ပဲဟု အမေ့မှာ အစွဲကြီး စွဲသွားလေပြီလားဟု ကျွန်တော် တွေးမိလာသည်။ ကျွန်တော်သည် အဘိုး၏မြေးဟူ၍သာ။ ပတ်ဝန်းကျင်ကလည်း  အမေ့၏သားဟု ဘယ်တော့မှ အမှတ်သညာ မထားခဲ့ကြ။

“ဦးမောင်ကြီးရဲ့ မြေးလေးက တော်လိုက်တာ”

ကျွန်တော် စာမေးပွဲတွေအောင်တိုင်း ပတ်ဝန်းကျင်က ကျွန်တော့်အဘိုး၏အမည်နှင့် ယှဉ်ပြီး ချီးကျူးစမြဲ။ အမေ ဘယ်လိုခံစားရမည် မသိသော်လည်း ကျွန်တော့်အောင်မြင်မှုများအတွက် ကျေနပ်နေသည့် အမေ့ပီတိမျက်နှာက ဝင်းပနေတတ်သည်။

ကျွန်တော် ရန်ကုန်မှာ အခြေတကျဖြစ်သည့်အချိန်မှာ အဘိုးနှင့်အဘွား မရှိတော့ပါ။ ကျွန်တော့်ကြီးဒေါ် (ကျွန်တော်၏ မွေးစားအမေ) နှင့် အမေတို့နှစ်ဦးသာ ကျန်ခဲ့ပါသည်။ ကျွန်တော့်မွေးစားအမေသည် အဘိုး၏ခြေရာကို နင်းနိုင်သူဖြစ်ပြီး လုပ်ငန်းအားလုံးကို ဦးစီးလုပ်ကိုင်နိုင်သူ ဖြစ်သည်။ သူတို့သည် လုပ်ငန်းတွေကို စွန့်ထားခဲ့ပြီး ကျွန်တော်နှင့် လိုက်မနေနိုင်ကြပါ။ သည်လိုနှင့် ကျွန်တော်၏မွေးစားအမေ ကျွန်တော့်ကြီးဒေါ်သည် ကျွန်တော့်ဆီသို့ အလည်လာရင်း
နှလုံးရောဂါဖြင့် ကျွန်တော့်လက်မှာပင် ဆုံးသွားခဲ့ရရှာသည်။

အမေတစ်ဦးတည်း ကျန်ခဲ့ပြီမို့ ကျွန်တော်နှင့် အတူနေဖို့ ခေါ်ထားသော်လည်း အမေ မနေနိုင်ခဲ့ပါ။ ဆေးကုသဖို့ ကျွန်တော့်အိမ်မှာ တစ်လနီးပါးနေရသည်ကိုပင် အမေ မပျော်ပိုက်ခဲ့။ ကျွန်တော့်အိမ်တွင် အမေသည် ကိုယ်ရောစိတ်ပါ ကျဉ်းကျပ်နေလျက် သူ့အိမ်သို့သာ ပြန်ချင်နေလေသည်။ အမေခင်တွယ်လှသော သူ့အိမ်သို့ ပြန်လိုက်ပို့ရင်း ဝမ်းကွဲတူလေးနှင့် တူမလေးတို့ကို အမေ့အဖော်အဖြစ် ထားပေးရသည်။

---------------------

ခွေးကလေးတွေ၊ ကြောင်ကလေးတွေနှင့် အိမ်မှာရှိသည့် နွားတွေကို အမေ အလွန်ချစ်တတ်လေသည်။ အမေသည် သူ့သားကို ဆုံးမစကားတွေ တဖွဖွ မပြော။ ယုယုယယ နွေးနွေးထွေးထွေး မနေ။ အမေ့စိတ်မှာ ကျွန်တော်သည် အဘိုး၏သားဖြစ်၍ အဘိုးကသာ အစစအရာရာ၊ ပြောပိုင်ဆိုပိုင်၊ ချစ်ပိုင်ခွင့်ရှိပြီး အဘိုးစီမံမှသာ ကျွန်တော်ရှေ့ရေး ဖြောင့်ဖြူးမည်ဟု စိတ်ချယုံကြည်ခဲ့ဟန် တူလေသည်။ အဘိုးက သည်လို အခွင့်အရေးတွေ ယူထားမှလည်း ကျွန်တော့်ဘဝ မြင့်သထက်မြင့်ရာသို့ ရောက်မည်ဟု ယုံကြည်ထားလေသည်။ ဤသို့ဤနှယ် ထိုဘဝ၌ အမေ ကျေနပ်စွာနေခဲ့ရင်း မြိုသိပ်ရလွန်းသော ကျွန်တော့်အပေါ်ထားသည့် အမေ့ချစ်ခြင်းတို့သည် တိရစ္ဆာန်တို့အပေါ်  သက်ရောက်သွားကာ ပိုပြီးချစ်ခင်တတ် နွေးထွေးတတ်သွားတာများလားဟု ကျွန်တော် တွေးမိပြန်၏။

ကျွန်တော်မှတ်မိနေသေးသည်။ အိမ်မှာ တောကျော်ဆိုသည့် နွားကြီးတစ်ကောင်ရှိသည်။ အမေသည် သူ့ကို အလွန်ချစ်သည်။ အမေနှင့်လည်း အကျွမ်းတဝင် ရှိလှသည်။ အမေသည် တောကျော်ကို အစာကျွေး၊ ရေတိုက် ကိုယ်တိုင်လုပ်သည်။ တောကျော်ကို နဖားကြိုး အသစ်လဲစရာရှိလျှင် တောကျော်သည် တခြား မည်သူ့ကိုမျှ အနားကပ်မခံ။ နဖားကြိုးအထိုးမခံ။ အထိပင်မခံ။  အမေတစ်ဦးတည်းသာ တောကျော်၏နဖားကြိုးအသစ်ကို လဲပေးလို့ရသည်။ အမေက တောကျော်ကို သံယောဇဉ်ကြီးသလို တောကျော်ကလည်း အမေ့တစ်ယောက်သာ သူ့သခင်ဟု ထင်မှတ်ပုံရလေသည်။

သည်လိုနှင့် တောကျော် တစ်နေ့တခြား အိုမင်းလာပြီး နွားအသစ်လဲရမည့်အချိန်ကို ရောက်လာတော့သည်။ တောကျော်ကို ရောင်းပြီး နောက်ထပ် နွားအသစ်တစ်ကောင် ဝယ်ဖို့အချိန် ရောက်လာသည်။ အဘိုးက တောကျော်ကို တခြားသူထံ ရောင်းသည်။  နွားပျိုအသစ်တစ်ကောင်ကို ဝယ်လိုက်၏။ ထိုနေ့က အမေ မျက်နှာမကောင်းတော့။ နောက်ရက်များမှာ အမေသည် နွားတင်းကုပ်ရှိရာ သွား သွားပြီး ငိုင်နေသည်။ ညစာထမင်းလည်း မစားတော့။ အိမ်သားတွေကိုလည်း စကားမပြောတော့။ အဘိုးရော တစ်အိမ်သားလုံးကပါ အမေ တောကျော်ကို လွမ်းနေမှန်း နားလည်သည်။ ကြာတော့ မေ့သွားမှာပဲဟု ပေါ့ပေါ့တွေးသည်။

အမေ သည်လိုဖြစ်နေတာ လေးရက်မြောက်နေ့မှာတော့ အဘွားက သူ့သမီးအတွက် စိတ်ပူလာသည်။ တောကျော်ကို ပြန်ဝယ်ဖို့ အဘိုးကို ပြောသည်။ အဘိုးက ဘာမှ စကားမပြန်။ အဲဒီညမှာပဲ နွားတင်းကုပ်ဆီက အသံတွေကို ကြားရသည်။ ခြေသံတွေ။ နွားတင်းကုပ်တံခါးကို တိုးသံ။ ပြီးတော့ နွားတွန်သံ။ အမေ ချက်ချင်း အိမ်ပေါ်မှ ပြေးဆင်းသည်။ မီးအိမ်တွေဘာတွေ ထွန်းပြီး တစ်အိမ်လုံး ရောက်သွားချိန်မှာတော့ အမေသည် တောကျော်၏ဦးခေါင်းကို ပွေ့ဖက်ပွတ်သပ်ပေးနေတာ မြင်ကြရလေသည်။ တောကျော်သည် သခင်အသစ်၏အိမ်မှ အမေ့ဆီအရောက် ပြန်ပြေးလာခဲ့တာပါပကော။ နောက်တစ်နေ့ တောကျော်ကို အဘိုး ပြန်ဝယ်လိုက်ရလေသည်။

--------------------

တောကျော်ကို ခွဲရစဉ်က သည်မျှခံစားနေရသော အမေသည် သူ့သားနှင့် ခွဲရသည့်အခါ မည်မျှဝမ်းနည်းနေမည်နည်း။ ကျွန်တော့်အား ကြီးပွားထွန်းကားစေလိုသော သူ့စေတနာတရားဖြင့် သူ့ရင်ထဲက အပူဝေဒနာကို ကုစားနေပေလိမ့်မည်။ အမေ့စေတနာကို သိပါလျက် နားလည်ပါလျက်နှင့် ကျွန်တော်သည် အမေ့ထံ တောကျော်ကဲ့သို့ပင် ရောက်အောင် မသွားနိုင်သေးပါကလား အမေရယ်။

                                              မောင်စိန်ဝင်း (ပုတီးကုန်း)

No comments:

Post a Comment