Mar 9, 2017

" တောင်ဇလပ်၊ ချယ်ရီတို့လည်း ရဲရဲနီစေ၊ ထင်းရှူးတောတွေပေါတဲ့ အောက်ချင်းငှက်တို့ရဲ့ သစ္စာမြေ "

" တောင်ဇလပ်၊ ချယ်ရီတို့လည်း ရဲရဲနီစေ၊ ထင်းရှူးတောတွေပေါတဲ့ အောက်ချင်းငှက်တို့ရဲ့ သစ္စာမြေ "

                                        #ကိုဆူး(ချင်းတောင်ခြေ)

တောင်တန်းကြီးကို လှမ်းမျှော်ကြည့်လိုက်တော့ မှိုင်းလို့ညို့လို့ ဆောင်းအကုန် နွေကူးခါနီးဆိုတော့လည်း နှင်းခိုးငွေ့တွေလည်း မတွေ့ရ။ ဟိုအရင် အချိန်တုန်းကတော့ ဘယ်ရာသီမဆို သစ်ပင်တွေကြားကနေ တိုးထွက်လာတဲ့ အေးစိမ့်စိမ့် လေအေးလေးက ဆီးကြို နှုတ်ဆက်တာပေါ့။ မိုးရာသီဆိုရင်တော့ စိမ်းစိမ်းစိုလို့။ ဆောင်းရာသီဆိုရင်လည်း နှင်းမြူတွေ ဖွေးဖွေးလှုပ်လို့။ အခုလို ရာသီမှာတော့ မှိုင်းညို့ညို့ပေါ့။ ချယ်ရီကလည်း ပွင့်ပြီးပြီ။ တောင်ဇလပ်တို့ကလည်း ပွင့်ချိန်လွန်၊ အောက်ချင်းငှက် ဆိုတာကတော့ ချင်းတောင်မှာ အရုပ် ရေးကြည့်ရမယ့် အခြေအနေပေါ့။ လက်ရှိအခြေအနေမှာတော့ ချင်းတောင်ကို စတက်မယ့် လမ်းစမှာတင်ကိုက လမ်းတွေချဲ့ထားလို့ ကားတစ်စီးနဲ့ တစ်စီး၊ ဆိုင်ကယ်တစ်စီးနဲ့ တစ်စီး ရှောင်တိမ်းလိုက်တယ် ဆိုရင်ပဲ တလိပ်လိပ် တက်လာတဲ့ ဖုန်လုံးကြီးတွေကို ရင်ဆိုင်လိုက်ရပြီလေ။ ဘာကြောင့် အခုမှ လမ်းပြုပြင်ခြင်း လုပ်ငန်းတွေ လုပ်နေတယ်ဆိုတာ မသိရပေမယ့် လမ်းတွေကျယ်သွားပြီ၊ ပြီးစီးသွားပြီ ဆိုရင်တော့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တော့မယ်လို့ တွေးရင်း ပျော်မိပါတယ်။ ပျော်ရွှင်ခြင်းရဲ့ မျက်နှာမှာတော့ ဖုန်တွေက သနပ်ခါးတွေလိမ်း၊ မိတ်ကပ်တွေ ဖို့ထားသလိုပလေ။

ချင်းပြည်နယ် ဟားခါးမြို့ကိုသွားတဲ့ အခုတစ်ကြိမ်မှာတော့ လမ်းတွေက ဆိုးသလား ဆိုတော့လည်း သိပ်မဆိုး။ ကောင်းသလား ဆိုတော့လည်း သိပ်မကောင်း။ လမ်းပြင်နေတဲ့ အချိန်ကာလ ဆိုတော့လည်း လမ်းပြင်တာတွေ စောင့်ဆိုင်းသွားလာရ။ တစ်နေရာ၊ နှစ်နေရာမဟုတ်၊ လမ်းတစ်လျှောက်လုံး ၁၀ နေရာလောက်တော့ ရှိမယ်။ ညဘက်ဆို စောင့်ရတာရှိမှာ မဟုတ်ပါဘူးလေဆိုပြီး တွေးထားမိတာ။ ညဘက်ပါ လမ်းချဲ့တာတွေ လုပ်နေတော့ လိုရာခရီးရောက်ဖို့က အခါတိုင်းထက်ကို ပိုကြာခဲ့တာပေါ့။ လမ်းမပေါ်က ဖုန်လုံးတွေက အလုံးလိုက် အရင်းလိုက် ပြေးပွေ့ဖက်ကြနဲ့ဆိုတော့ စိတ်ပျက်စရာ။ ချင်းတောင်ရဲ့လမ်းက သီချင်းထဲကလို 'ကားလေးစီးရင် ဖုန်ထလာ' ဆိုသလို စိတ်ကူးယဉ် မကောင်းတော့။ ကားတစ်စီးနဲ့ တစ်စီး အရှောင်အတိမ်းတွေဆိုရင် ဖုန်လိပ်တွေက တစ်ဖက်ကလာတဲ့ယာဉ်ကို ကောင်းကောင်း မမြင်ရ။ ခရီးသွားတွေ အကုန်လုံး သူ့မျက်နှာကြည့် ပြုံးစိစိ၊ ကိုယ့်မျက်နှာ ကြည့်ပြုံးစိစိနဲ့ပေါ့။ ဘာပဲပြောပြော ချင်းတောင်မှာနေတဲ့ တိုင်းရင်းသားတွေ အဖို့တော့ သွားလို့လာလို့ဖြစ်တယ် ဆိုရင်ပဲ လမ်းကောင်းတယ်တဲ့လေ။ ကိုယ်ကတော့ ဆိုင်လားမသိ မဆိုင်လားမသိ။  ဆီးသီးဗန်း  မမှောက်ပါစေနဲ့လို့ ဆုတောင်းနေတာပေါ့လေ။

တကယ်တော့ ဒီလမ်းဒီခရီးဆိုတာ ကျွန်တော့်အတွက်တော့ မရေမတွက်နိုင်အောင် သွားခဲ့တဲ့ လမ်းတွေပေါ့။ ကိုယ်သွားတိုင်းလည်း လမ်းဘေးဝဲယာမှာ ဘာတွေပြောင်းလဲနေပြီလဲဆိုတာ စူးစမ်းမိတာပါပဲ။ ဟားခါး - ကလေးလမ်းဟာ ၁၂၉ မိုင် ကွာဝေးပါတယ်။ မိတ်ဆွေ တစ်ယောက်က ဘာပြောလဲဆိုတော့ "တစ်နှစ်ကို ၁၀ မိုင်နှုန်းက လမ်းကောင်းအောင် စပယ်ရှယ် လုပ်မယ်ဆိုရင် ၁၅ နှစ် အတွင်းဆို လမ်းတွေက ကောင်းမှကောင်း ဖြစ်နေပါပြီကွာ။ အခုတော့ ငါတို့ ငယ်ငယ်ကတည်းက ပြင်လာတဲ့ လမ်းအခု အထိလည်း ပြင်တုန်း" တဲ့။ သူ့အသက် ၅၀ ကျော် ၆၀ ၀န်းကျင်လေ။ သူ့အတွေးက ဘယ်လောက်မှန်မလဲဆိုတာ ကျွန်တော် မသိပေမယ့် သူပြောသလိုကလည်း ဟုတ်တုတ်တုတ်ဗျ ။ ၂၀၁၅ ခုနှစ်အတွင်းက မြေပြိုမှုဆိုတဲ့ သဘာဝ ဘေးဒဏ်က ချင်းတောင်ကို နှိပ်စက်သွားလိုက်တာ လမ်းတံတားတွေလည်း ဘာခံနိုင်မှာတုန်း။ သဘာဝဘေးကြောင့်လို့ ပြောမယ်ဆိုရင်လည်း ရတာပေါ့။ ဒါပေမဲ့ သဘာဝ ဘေးဆိုတာ ၂၀၁၅  ခုနှစ်ကမှ ဆိုးဆိုးရွားရွား ခံစားခဲ့ရတာလေ။ လမ်းတစ်လျှောက်မှာ သတိထားမိတာက ချင်းတောင်ပေါ်ကို တက်ခဲ့တဲ့ တစ်နှစ်ထက် တစ်နှစ်မှာတော့ တောင်ဇလပ်ပင်တွေ၊ ထင်းရှုးပင်တွေ၊ ချယ်ရီပင်တွေက တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး လျော့နည်းလာတယ် ဆိုတာကတော့ သတိထားမိတဲ့သူ တိုင်းသိနိုင်ပါတယ်။

ဟိုတစ်ချိန်က ရဲရဲပေါက်နေအောင် ပွင့်တဲ့ တောင်ဇလပ်တောလို့ အမည်တွင်တဲ့ လေသာတောင်တန်း တစ်ဝိုက်မှာ တောင်ဇလပ်တွေ လျော့ပါးလာတာ ဒေသခံတွေ သိကြပါတယ်။ ဒီလိုပါပဲ ဖလမ်းနယ် ၀န်းကျင်မှာ ထင်းရှူးတောဆိုတဲ့ နေရာတွေမှာ ထင်းရှူးပင်တွေ နည်းပါးလာတာ အသေအချာပဲလေ။ ချယ်ရီတွေဆိုတာလည်း ထိုနည်းလည်းကောင်းပေါ့။ တကယ်တော့ ချင်းတောင်ရယ်လို့ ပြောကြမယ်ဆိုရင် လူတိုင်းရဲ့ရင်ထဲ၊ နှလုံးသားထဲ၊ မျက်စိထဲမှာ တွေးမြင်ခံစားမိကြတာတောင် ဇလပ်တွေ၊ ထင်းရှူးတွေ၊ ချယ်ရီတွေပေါ့။ ဒါကချင်းတောင်က ပေးထားတဲ့ သဘာဝ သယံဇာတဆိုတာ လူတိုင်းသိနေကြတာပဲလေ။ ဒေသခံတွေ မထိန်းသိမ်းလို့ဆိုပြီး အပြစ်ပြောနေကြမယ့် အစား ဒီလိုသဘာဝ သယံဇာတတွေကို ထိန်းသိမ်းသင့်တယ် ဆိုတာတွေကို ပြောဆိုဖို့ဆိုတာ ကျွန်တော်တို့ အပါအ၀င် မြန်မာနိုင်ငံသား အားလုံး တာဝန်ရှိကြတာပဲလေ။ ဒါတွေက ခရီးသွားရင်းလာရင်း လမ်းဘေးဝဲယာက မြင်တဲ့ ကျွန်တော့်အတွေး။ တကယ်တမ်း ထဲထဲဝင်ဝင် စေ့စေ့စပ်စပ် ကြည့်ကြမယ်ဆိုရင် သယံဇာတတွေ ပျက်သုန်းနေတဲ့ ချင်းတောင်ဆိုတာ ဖြစ်ပေါ်လာတဲ့ သဘာဝ ဘေးအန္တရာယ်တွေကို ထောက်ရှုခြင်းအားဖြင့် သိနိုင်တာပဲလေ။ ပြီးခဲ့တဲ့နှစ်က စံချိန်တင်အောင် မိုးရွာသွန်းမှုကြောင့် ချင်းတောင်မှာ မြေတွေပြို၊ သစ်ပင်တွေ မရှိတော့ မိုးရေကို မထိန်းသိမ်းနိုင်တော့ဘဲ ကလေးလွင်ပြင်ကို တိုက်ရိုက်စီးဆင်းပြီး ကလေးလွင်ပြင်မှာ သမိုင်တစ်လျှောက် စံချိန်တင်အောင် ရေကြီးခဲ့တာတွေဟာ ချင်းတောင်ရဲ့ သဘာဝ သယံဇာတ ဆုံးရှုံးခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေပဲလို့ ထင်မြင်မိပါတယ်။ ဘာကြောင့် ချင်းတောင်သဘာဝ သယံဇာတတွေ တဖြည်းဖြည်း ပျောက်ကွယ်နေလဲ ဆိုတာကိုတော့ သေသေချာချာ စစ်တမ်းတစ်ခု ပြုလုပ်ဖို့ လိုအပ်နေပါပြီ။

ချင်းတောင်ကိုသွားရာ လမ်းဘေးဝဲယာမှာ တစ်မျှော်တစ်ခေါ် မြင်နေရတဲ့ တောင်ယာတွေ ဆိုရင်လည်း တချို့ကမြေပြိုမှုကြောင့် ပျက်စီးကြတယ်။ နှစ်စဉ်နှစ်တိုင်း ၀မ်းစာရေးအတွက် တောတွေကိုခုတ်ပြီး တောင်ယာချဲ့ထွင်နေတာလည်း နှစ်စဉ်လိုပဲလေ။ တောင်ယာမလုပ်ကြဘူး ဆိုရင်လည်း ဘာလုပ်ကြမလဲ။ "ကျွန်တော်တို့က တောင်ယာမှ စိုက်မစားကြဘူးဆိုရင် ဘာနဲ့စားမလဲ" ဆိုတဲ့ ချင်းတိုင်းရင်းသားကြီးရဲ့ မေးခွန်းက ကျွန်တော့်ကို အခက်တွေ့စေပါတယ်။ တကယ်တော့လည်း တောင်ယာ မီးမရှို့ကြနဲ့လို့ ပြောရုံထက် တောင်ယာခုတ်တဲ့ အလုပ်အစား၊ တောင်ယာလုပ်ငန်းအစား အခြားအလုပ်အကိုင် အခွင့်အလမ်းတို့ အစားထိုးပေးဖို့ လိုတာပေါ့။ ချင်းတိုင်းရင်းသားတို့လည်း တောင်ယာခုတ်၊ တောင်ယာမီးရှို့တယ်ဆိုတာ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေတယ်ဆိုတာ သူတို့သိတာပေါ့။ ၀မ်းရေးအတွက် ဆိုတော့လည်း ဇွတ်မှိတ်သာ လုပ်နေကြရတာလေ။ တောင်ယာလုပ်ငန်းအစား တခြားဘာလုပ်ငန်းတွေများ အစားထိုးပေးနိုင်မှာလဲ။ ဒါကို ဘယ်သူက လုပ်ပေးမလဲ၊ အစိုးရက လုပ်ပေးမလား၊ လူမှုအဖွဲ့အစည်းတွေက လုပ်ပေးမလား။ ချင်းတောင် လမ်းခရီးကို သွားလာနေတိုင်း အမြဲတမ်း စဉ်းစားနေရတဲ့ မေးခွန်းတစ်ခုပေါ့။ တကယ်တော့လည်း သဘာဝ ပတ်ဝန်းကျင်၊ လူနေမှုဓလေ့စရိုက်၊ သဘာဝကျေးငှက် တိရစ္ဆာန်၊ ရာသီဥတု အားလုံးက ဆက်စပ်နေတာပါပဲ။ တောတွေ ပျောက်ကုန်တော့၊ ရာသီဥတုက မမှန်၊ ရာသီဥတု မမှန်တော့ စိုက်ရေးပျိုးရေးက အလုပ်မဖြစ်၊ စိုက်ရေးပျိုးရေး အဆင်မပြေတော့ စားဝတ်နေရေး ခက်ခဲ၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးတော့ တခြားဒေသတွေကို ပြောင်းရွှေ့ကြ၊ သစ်တောတွေ မရှိတော့ သဘာဝကျေးငှက် တိရစ္ဆာန်တွေလည်း ဘယ်ရှိတော့မှာလဲ။ အားလုံးဟာ ဆက်စပ်နေကြတော့ ၀မ်းရေးမှ မတည်ငြိမ်တော့လည်း ဘယ်အရာတွေကများ တည်ငြိမ်ဦးမှာလဲလေ။

တောင်ကြီးတွေကို ကျော်ဖြတ်လိုက်၊ တောင်တန်းတွေကို ကွေ့ဝိုက်လိုက်နဲ့ တောင်တန်းကြီးတွေက ကွယ်ဝှက်ထားတဲ့ မြို့လေးဖြစ်တဲ့ ဟားခါးမြို့ကိုရောက်တော့ ညက တော်တော် နက်နေပြီ။ မီးကလည်း ပျက်နေသေးတယ်။ မြန်မာနိုင်ငံမှာ ညီတူညီမျှ ဖြစ်နေတာကတော့ နေရာတိုင်းမှာ လျှပ်စစ်မီးပျက်ခြင်းနဲ့ လုံးဝမရခြင်းပေါ့။ ကျွန်တော်တို့ လာခဲ့တာက ချင်းအမျိုးသားနေ့အတွက် သတင်းယူဖို့ပေါ့။ ချင်းအမျိုးသားနေ့ ဆိုတာ တကယ်တော့ ပဒေသရာဇ် စနစ်ကို တွန်းလှန်ဖြိုဖျက်ခြင်း၊ ချင်းအမျိုးသားတို့ရဲ့ စည်းလုံးညီညွတ်မှုကို ပြသခြင်းဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပတယ်လို့ သိရပါတယ်။ ချင်းတိုင်းရင်းသားတို့ရဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်၊ ချင်းအမျိုးသားတို့ရဲ့ အမျိုးသား အထိမ်းအမှတ်တွေဖြစ်တဲ့ တောင်ဇလပ်၊ ထင်းရှူး၊ ချယ်ရီ၊ အောက်ချင်းငှက် စတာတွေကို ထိန်းသိမ်းကြရမှာပေါ့။ ရှေးဘိုးဘွားတို့ရဲ့ ရိုးရာပွဲတွေ၊ ရိုးရာအားကစားတွေ၊ ရိုးရာယဉ်ကျေးမှု သီချင်းတွေ၊ အကတွေ အပါအ၀င် ဓလေ့ ထုံးစံတွေပါ ချင်းတောင်ကြီးပေါ်မှာ တည်မြဲနေဖို့ လိုပါတယ်။ ဒါတွေအားလုံးကို ဘယ်သူတွေက ထိန်းသိမ်းရမလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ချင်းတိုင်းရင်းသားလို့ ခံယူထားတဲ့သူတွေက အဓိက ထိန်းသိမ်းရမှာပါ။ နိုင်ငံတော်ကလည်း ၀ိုင်းဝန်းပံ့ပိုးရမှာပေါ့။

အို... တောင်ဇလပ်တို့ရေ လေနှင်ရာကို မျောပါဖို့အတွက် အဆင်သင့် မဖြစ်လိုက်ပါနဲ့ဦး။ တကယ်တော့ ထင်းရှူး၊ ချယ်ရီတွေနဲ့အတူ ချင်းတောင်တန်းကြီးပေါ်မှာ ကျီစယ်ပွေ့ဖက်ပါဦး။ လွမ်းရေးထက် ၀မ်းရေးခက်တယ်ဆိုတာ သိပေမယ့် အောက်ချင်းငှက်တို့ဟာ ရေကြည်ရာ မျက်နုရာကို ပြောင်းရွှေ့မသွားဖို့အတွက် ချင်းတောင်ကြီးက အမြဲပြောပြနေမှာပေါ့။ တောင်ဇလပ်ပန်းတို့ မလန်းဆန်းနိုင်တဲ့ နေရာ၊ ချယ်ရီပန်းတွေ မပွင့်လန်းတဲ့ နေရာ၊ ထင်းရှူးတွေ မပေါက်တဲ့နေရာ၊ အောက်ချင်းငှက်တို့ မပျံသန်းတဲ့ နေရာဆိုတာ ချင်းတောင်ရယ်လို့ ဘယ်သူကများ သတ်မှတ်မှာလဲလေ။ ဆလိုင်းရေ.. မင်းတို့ဒေသအတွက် မင်းတို့မှာ တာဝန်ရှိသကွဲ့၊ မိုင်ရေ.. မင်းတို့ရဲ့ ရိုးရာအကတွေ၊ သီချင်းတွေ၊ ဂျပ်ခုတ်လုပ်ငန်းတွေ မပျောက်ပျက်ဖို့အတွက် မင်းတို့မှာ တာဝန်ရှိသကွဲ့။ ချင်းတောင်တန်းကြီးပေါ်က အသည်းနှလုံးပုံရိဒ် ရေကန်မှာ သစ္စာထားကြတဲ့
အောက်ချင်းငှက်မောင်နှံ တောင်ဇလပ်ပန်းတောမှာ ကခုန်လို့ ချယ်ရီပန်းတွေကြားမှာ ခေါင်ကြွယ်သီချင်းတွေ ဆိုကြတယ်ဆိုတာ ထင်းရှူးတောကြားက ညင်းသွဲ့သွဲ့ လေပြေတွေက မိုင်ရဲ့ ဆံနွယ်တွေကို ကျီစယ်လို့။ စိတ်ကူးနဲ့ တွေးကြည့်ရင်း မြူ တွေဆိုင်း မှိုင်းတွေ တိုက်လာတဲ့ ရုန်းတောင်တန်းကြီးကို ငေးမောရင်း။ ချင်းတိုင်းရင်းသားတို့ရဲ့ ကံကြမ္မာ ဖြစ်တည်ခွင့်ဟာ ချင်းတိုင်းရင်းသားတို့ရဲ့ လက်ထဲမှာသာ ရှိတော့မယ်လေ။ ချင်းတိုင်းရင်းသားတို့ရဲ့ တွဲလက်တွေက ချင်းတောင်ကြီးကိုဖြာယှက်လျက်။

                                           #ကိုဆူး(ချင်းတောင်ခြေ)

No comments:

Post a Comment