Mar 22, 2017

အမှောင်၊အဇ္ဈတ္တနှင့်သူ

အမှောင်၊အဇ္ဈတ္တနှင့်သူ
       ●●●●●●●●●●●●●●●●●
ည။
လမိုက်ညမို့ ဝန်းကျင်တစ်ခုလုံး မှောင်နှင့်မည်းမည်း။ ကတ္တရာလမ်းပေါ်မှာ ကပ္ပလီမတစ်ယောက်မီးသွေးအိတ်ထမ်းသွားသလို ဘေးဘီဝဲယာမှာ လူနှစ်ယောက်ရပ်နေရင်တောင် အချင်းချင်း မမြင်ရလောက်အောင်မှောင်မိုက်သောည။
မီးကလည်းပျက်နေတာသည့်အပြင် ထွန်းစရာ ဓာတ်မီးနှင့်ဖယောင်းတိုင်လည်းရှာမတွေ့။
လင်းလင်းချင်းချင်းနေခဲ့ရသော သူ့ အတွက် အမှောင်ထုအောက်မှာ တစ်ယောက်တည်းရှိနေရသည့် အဖြစ်က အခံရခက်လွန်းနေ၏။
       နှစ်ထပ်အိမ်ကြီး၏ အပေါ်ထပ်သူ့ အခန်းတွင်းမှာ တစ်ယောက်တည်းရှိနေချိန်မှာမှ ရွေးပျက် သော မီးကို သူ စိတ်ဆိုးနေမိ၏။
"ဒေါင် ဒေါင် ဒေါင်"
"အမယ်လေး"
အမှောင်ထုကြားမှ ကျယ်လောင်သောမီးကင်းခေါက်သံကရုတ်တရက်ထွက်ပေါ်လာတာမို့ သူတုန်လှုပ်သွားရသည်အထိလန့်သွားရ၏။ တာဝန်အရ မီးကင်းခေါက်သူကို သူစိတ်ဆိုးမိပြန်၏။
   တုန်လှုပ်သွားသောရင်အစုံကို လက်တစ်ဖက်ဖြင့်အသာအယာဖိရင်း မီးကင်းသံချောင်းခေါက်သံကိုရေတွက်မိတော့ ၁၂ချက်။ ဒါဆို ၁၂နာရီရှိပြီပေါ့။
ကုတင်ပေါ်မှာငုတ်တုတ်ထိုင်နေရတာ အတော်ကြာနေပြီမို့ သူညောင်းလည်းညောင်းလာသလို လည်ချောင်းတွေခြောက်ကာရေလည်းဆာနေပြီ။
        အမှောင်ထဲမှာ သူအသာအယာ ခြေချလိုက်ပြီး ကိုယ်ကိုကိုင်းကာ ကုတင်ဘေးရှိစားပွဲပုလေးဆီသို့  လက်နှစ်ဖက် ဆန့်ကာ သူ အသာယာစမ်းလိုက်သည်။
"ဟော"
      ရေပုလင်းကိုစမ်းမိတာမို့ သူ့ရင်ထဲလှိုက်ခနဲ ဖြစ်သွားသည်အထိ ဝမ်းသာသွားရသည်။ ရေလေးဝင်သွားပါက စောစောက တုန်လှုပ်နေသည့် သူ့ စိတ်တွေ အနည်းငယ် အေးချမ်းမှုရသွားနိုင်သည်။
"ဂလွမ်"
"ဟာ"
         စမ်းမိကာမှ မိမိရရမကိုင်မိလိုက်နိုင်ပဲ လက်ဖြင့်တိုက်ချလိုက်သလိုဖြစ်သွားတာမို့ ရေပုလင်းမှာ လဲကျသွားကာ ရေတွေဖိတ်ကျသွားတာကိုသူစမ်းလိုက်မိသည်။ ရေများကြားမှပုလင်းကိုစမ်းမိချိန်တွေတော့ ပုလင်းထဲရေတစ်စက်မှရှိမနေတော့။
"သွားပြီ"
ရေကိုကိုင်မိပြီးမှမသောက်ရတော့တာသေချာသွားပြီမို့ သူ့လည်ပင်းတို့ပိုမိုခြောက်ကပ်သွားရသည်။ နှမြောတသစွာဖြင့် စိုနေသောလက်မှ ရေစက်များကိုသူ အငမ်းမရ လျက်လိုက်မိသည်။
  လတ်တလောရေမဆေးထားသောလက်မို့ ငန်ကျိကျိအရသာကို သူခံစားလိုက်ရသည်။
"ဟ၊ငန်လိုက်တာ"
                  ခုမှရေပိုဆာလာသည်။
လည်ချောင်းကခြောက်သည်ထက်ခြောက်ကပ်လာသလို ညသည်လည်းနက်သထက်နက်လာပြီ။
ကောင်းကင်သည်ကြယ်ကင်းမဲ့ကာ မည်းမှောင်နေသလို လမ်းမီးတိုင်ဖြင့်လင်းထိန်နေတတ်သော လမ်းမသည်လည်း အလင်းမဲ့နေတာမို့  အိမ်ကြီးထဲတွင်သူတစ်ယောက်တည်းဆိုသည့်အသိစိတ်တို့ကြောင့် သူ့ရင်ထဲဂဏှာမငြိမ် ဖြစ်မိကို ပိုမိုတွန်းအားပေးနေသည်။
             နာရီလက်တံများ ရွှေ့နေသလို  အမှောင်ကိုကြောက်စိတ်များသည်လည်း တဖြည်းဖြည်းတိုးလာနေပြီ။အမှောင်ကို သူ ဘာကြောင့်များ တုန်လှုပ်စွာကြောက်နေရပါသလဲ။
အမှောင်ထဲငုတ်တုတ်ပြန်ထိုင်လိုက်ရင်း သူ့ အတွေးတို့က မှိန်ပျပျမီးရောင်အောက်ဆီသို့ ရွေ့ကနဲရောက်ရှိသွားတော့သည်။
                                   ●●●●●●●●●●●●●●●●●●●
"ဦး၊ခင်လေးေ ကြာက်တယ်၊ "
"ဘာမှမကြောက်နဲ့ခင်လေးရယ်၊ ဦး က ခင်လေး ကောင်းစားဖို့အတွက်ချည်းပဲလုပ်ပေးနေတာလေ၊"
မှိန်ပျပျမီးရောင်လေးသာရှိသော နိုက်ကလပ်၏ ထောင့်ကျကျနေရာ ရှိ သုံးယောက်ထိုင်ဆက်တီမှာထိုင်ရင်း သူ့လက်ကိုအတင်းဆုပ်ကိုင်ကာ တုန်လှုပ်နေသောလေသံလေးဖြင့်ပြောလာသော သူဇာခင်လေး ကို သူပြန်လည်ပွေ့ဖက်ရင်း သူမနားနား ကပ်ကာပြန်ပြောလိုက်၏။
            ဒီကောင်မလေးကို စတွေ့စက ယုန်သူငယ်လေးလို ဖြူစင်ရိုးသားပုံလေးကပေါ်လွင်နေတာမို့ သူချဉ်းကပ်ရတာ အလွန်လွယ်ကူသွား၏။ အဖေက လေဖြတ်ပြီးအိပ်ရာထဲလဲ။ အမေကလည်း ခင်ပွန်းစိတ်ကြောင့်နှလုံးရောဂါ ရပြီး အလုပ်မလုပ်နိုင်တော့တာမို့   အိမ်၏စားဝတ်နေရေးအတွက် သူဇာခင်လေးမှာယောကျာ်းလေး အဝတ်အထည်နှင့်အသုံးအဆောင်များရောင်းချသော စတိုးဆိုင်တစ်ခုတွင်အရောင်းစာရေးမ ဝင်လုပ်နေရ၏။ သူ ခါးပတ်သွားဝယ်ရင်း သူဇာခင်လေး ကို သတိထားမိကာ ချဉ်းကပ်လိုက်ခြင်းပါ။
                သူဇာခင်လေး ကို သူချစ်ခွင့်ပန်ပြီးသည်နှင့် သူမအိမ်အတွက်ငွေကြေးလေးများကို ထောက်ပံ့ခဲ့ရာ ကောင်မလေး၏ ယုံကြည်အားကိုးမှုကို အချိန်တိုအတွင်းမှာပင် သူရရှိလိုက်၏။ သူ ကလည်း သူ့အကြံနှင့်သူမို့ ခင်လေး ဆီက အပျိုဘဝလေးကို ရယူလိုက်၏။
                နောက်တော့ ခင်လေးကို စတိုးဆိုင်မှအလုပ်ထွက်ခိုင်းပြီး ဝင်ငွေပိုရသောအလုပ်သွင်းပေးမည်ဟုပြောကာ ဒီနေရာသို့ခေါ်လာခဲ့ခြင်းပါ။
"ခင်လေး၊ ခင်လေး ကြောက်တယ်ဦးရယ်၊ ဒီလိုနေရာမျိုးကိုလည်းတစ်ခါမှမရောက်ဖူးဘူး၊ ခင်လေး ခင်လေး ဘာလုပ်ရမှာလဲဟင်"
"ဘာမှလုပ်စရာမလိုပါဘူးခင်လေးရယ်၊ဒီတိုင်းလေးထိုင်နေပြီး ဒီအချိုရည်လေးသာ ကုန်အောင်သောက်လိုက်နော်"
            သူ့ကိုယုံကြည်သောခင်လေးမှာ သူကမ်းပေးသောအချိုရည်တို့အား ကုန်အောင်သောက်လိုက်ပြီး ချိန်တွင်တော့ သူမ၏ဦးခေါင်းလေးမှာ သူ့ပုခုံးပေါ်သို့ ပြုတ်ကျလာတာမို့ သူကျေနပ်စွာတစ်ချက်ပြုံးလိုက်ရင်း မျက်နှာချင်းဆိုင်ရှိလူတစ်ယောက်အား အချက်ပြကာလှမ်းခေါ်လိုက်၏။
      ဒီလိုနှင့် သူ့တွင် သူဇာခင်လေးဆိုသည့်  တစ်နေ့ကိုရွှေဥ တစ်လုံးစီဥပေးသော ငန်းမလေးတစ်ကောင်၏ အရှင်သခင်ဖြစ်လာခဲ့လေသည်။
                                                                                
သူ့ တွင် သူဇာခင်လေးကဲ့သို့သော ငန်းမလေး ငါးကောင် ထက်မက ရှိနေသည်ဆိုသည့်အကြောင်းတွေးလိုက်မိပြီး သူ ကျေနပ်စွာပြုံးလိုက်မိ၏။
               ●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●
    "အ ဟင့် ဟင့် ဟင့် ၊"
"မငိုပါနဲ့ အေးရယ်၊"
"အေး ရဲ့ ကလေးလေး၊ကလေးလေး"
"အေးရယ်၊ အေးကငယ်ပါသေးတယ်ကွာ၊ဒီအချိန်မှာကလေးယူလိုက်ရင် ကလေးကိစ္စတွေကို အေးလုပ်တတ်မှာလည်းမဟုတ်ဘူး၊ဦး ကလည်းအလုပ်ကိစ္စတွေနဲ့ဆိုတော့ အေး နဲ့အတူနေနိုင်သေးမှာမှမဟုတ်တာအေးရယ်၊ အေးလည်းကလေးယူလိုက်ရင် အရင်လိုလှလှပပလေး နေနိုင်တော့မှာမဟုတ်ဘူးလေ၊ ဦးက အေး လှလှပပနေနေတာကိုပဲတွေ့ချင်တာ၊"
"ဒါတော့ ဒါပေါ့ဦးရယ်၊ဒါပေမယ့် ကလေးလေးကို အေးသနားတယ်၊"
"အေးရယ်၊ကလေးမှမဟုတ်သေးတာကွယ်၊အခုမှသွေးခဲလေးဘဝပဲရှိသေးတာ၊ စိတ်ထဲ ဘာမှမဖြစ်နဲ့နော်၊ လက်သည် ဒေါ်ပု ပေးလိုက်တဲ့ ဆားပြုတ်ရည်ပုလင်းကိုပဲ ကုန်အောင်သောက်နော်"
           အေး ကို သူ နှစ်သိမ့်လိုက်သည်။ ငန်းမလေး ဘဝ များသို့မရောက်ခင် သူ့၏ တုန်နေအောင်ချစ်ရသောချစ်သူအဆင့်တွင် ယခုလို ခြေချော်လက်ချော်ဖြစ်တဲ့အခါမျိုးမှာတော့ လက်ဆွဲတော်ဒေါ်ပု ကပဲ ဒီကိစ္စများကိုဖြေရှင်းပေးတတ်၏။
"အောင်ခင် နင်ဟာလေ နှမ သားချင်း ကိုယ်ချင်းစာစိတ်ကိုမရှိဘူး၊နင်ခေါ်လာတဲ့ ကောင်မလေးတွေခမျာ တကယ့်ကိုအရိုးခံလေးတွေ၊ ပိုက်ဆံရတယ်ဆိုပေမယ့် ငါ လုပ်ပေးရတာ လက်ရွံ့လာပြီဟယ်"
          ဒေါ်ပု ပြောယူရတဲ့အထိ သူခြွေခဲ့သောပန်းဖြူလေးများ၏ အရေအတွက်မှာ များပြားလွန်းနေ၏။
      အေး တို့လို မနူးမနပ်လေးများကတော့ အချစ်ကို ကိုးကွယ်ကာ မတော်တဆ ရလာသော ကိုယ်ဝန်ကို အကြောင်းပြပြီး သူ့ဘဝကို အိမ်ထောင်ဟူသည့် ကြိုးကြီးကြီးဖြင့် တုပ်နှောင်ဖို့ ကြိုးစားကြပေမယ့် သူကတော့ လှပစွာတိမ်းရှောင်နိုင်ခဲ့မြဲပင်။
   ဝဠ် ဆိုတာ သူ မသိ။
ဝဠ် ဆို တာ အကျီင်္တစ်ထည်ဝတ်သလိုလားဟု သူ လှောင်ပြောင်ကာ မေးခဲ့ဖူး၏။
     ဝဠ်လည်ရအောင် နှမသားချင်းကိုယ်ချင်းစာရအောင် အမေကလည်း သူငယ်စဉ်ဘဝထဲက ဆုံးသွားခဲ့ပြီ။မောင်နှမမရှိ၊  တစ်ဦးတည်းသောသား ဘဝအဖြင့် ဖခင်နှင့်နေခဲ့ရ၏။ သူ၁၀တန်း မဖြေခင်လေးမှာပဲ အဖေက ရုတ်တရက် ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးသွားတာမို့ စာမေးပွဲလည်း ဆက်မဖြေတော့ဘဲ ကျောင်းထွက်ခဲ့ပြီး သူ့ဝမ်းစာသူကျောင်းခဲ့၏။
         အခြားသော အလုပ်များလုပ်လျှင် သူ ဒီလောက်ထိအောင်မြင်လိမ့်မည်မဟုတ်။ အခုတော့ သူချဉ်းကပ်သည့်မိန်းမပျိုလေးတိုင်း၏ ယုံကြည်မှုကိုရရှိခဲ့သည်။
          ရရှိခဲ့သည့်ယုံကြည်မှုများကို သူ အလွဲသုံးစားလုပ်ကာ လူမွှေးလူတောင်ပြောင်ပြောင်ဖြင့် အရှက်အကြောက်တရားကင်းမဲ့စွာ သူရပ်တည်ခဲ့၏။
            သူ့ဘဝသည်တတိုင်း လိုချင်တာပြည့်ဝနေသည်ပဲ။
      ●●●●●●●●●●●●●●●●●●●●●●●●●●●●
    အမှောင်ထုမည်းနက်မှုများက သူပျော်ရွှင်ခဲ့ရသည်တို့ကိုတဖြည်းဖြည်းဖဲ့ယူနေသည်။
တစ်ယောက်တည်းနေခဲ့ရသည့်အချိန်ကမရှိသလောက်မို့ ယခုလိုအဖြစ်ကအခံရခက်လွန်းနေသည်။
"အောင်ခင် "
"အောင်ခင်"
"အောင်ခင်"
အသံကြားရာဆီသို့လှမ်းကြည့်လိုက်တော့ အလင်းရောင်ကိုတွေ့လိုက်ရတာမို့ သူဝမ်းသာသွားရ၏။
"ဟင်"
ချက်ချင်းပင်ရင်ထဲ ဒိန်းကနဲဖြစ်သွားရသည်အထိကြောက်လန့်မှုကကြီးစိုးသွားပြန်ပြီ။
သူမြင်ရသည့်အလင်းရောင်က မီးတောက်တွေပဲ။ မီးတောက်များကြား က သူ့ထက် အရပ်၂ပြန်စာရှည်ပြီး ၂ဆခန့်ထွားသော ၊အသားမဲမဲ ယောကျာ်းကြီး၅ယောက်။
"ခင် ခင် ခင်ဗျား ခင်ဗျားတို့က●●●"
  သူထစ်ငေါ့စွာမေးလိုက်တော့ ကြောက်မက်ဖွယ်အသံကြီးများဖြင့်ဟားတိုက်ရယ်မောရင်း
"ဟား ဟား ဟား ဟား ငါတို့က နင့်ယောကျာ်းတွေလေ"
"ဟင် အမယ်လေး ကိုယ်ကျိုးနည်းပါပြီ:
"မင်းက မင်းအလှည့်ကျတော့တယ်လည်းသိတတ်သကိုး၊ သူများသမီးပျိုတွေကျတော့ နင် စိတ်တိုင်းကြ ပန်းကောင်းအညွန့်ချိုးတယ်၊ ခိုင်းစားတယ်၊ နင့်ကိုလည်း ငါတို့တွေကခိုင်းစားရမယ်ဟဲ့ "
"ငါ အရင်
ူမယ်"
"ဘယ်ရမလဲကွ"
"သူ့သတင်းငါအရင်ရတာ"
အသံဩကြီးများဖြင့်တစ်ယောက်တစ်ခွန်းပြောရင်း သူ့အနီးတိုးကပ်လာကြ၏။
       သူဇောချွေးများပြန်ကာ ထိုနေရာမှ ထွက်ပြေးဖို့ကြိုးစားလိုက်၏။
"ဟေ့ မပြေးနဲ့"
"ကယ်ကြပါဦးဗျ၊ကယ်ကြပါဦး"
       သူအသံကုန်အော်ဟစ်လိုက်ပြီးနောက် သတိလစ်မေ့မျောသွားတော့၏။
ဘယ်လောက်အချိန်ကြာကြာသတိမေ့နေသည်မသိ။ သူသတိရလာချိန်မှာတော့ မျက်လုံးကို မဖွင့်ရဲဖွင့်ရဲဖြင့် အသာဖွင့်ကြည့်လိုက်သည်။
      အလင်းရောင်ကို အရင်တွေ့လိုက်ရတာမို့ သူ့စိတ်ထဲ အေးသလိုဖြစ်သွားရသည်။
မျက်လုံးအပွင့်မှာ နံရံပေါ်မှနာရီကိုလှမ်းတွေ့လိုက်ချိန်တွင်တော့ ၇နာရီသို့ညွှန်ပြနေ၏။
မိုးလင်းနေပြီပဲ။
"ဟင်၊ ငါ ငါ ငါ့ကုတင်ပေါ်မှာပဲပါလား၊ဒါ ဒါ ဒါဆို ငါ ငါ ငါ ကြောက်လန့်နေရင်းက အိပ်ပျော်သွားပြီး အိပ်မက် အိပ်မက်မက်နေတာပဲ၊"
အခုမှ သူစိတ်အေးလက်အေးဖြစ်သွားရ၏။
         မကောင်းတာကိုလုပ်ခဲ့မိသောသူသည် အများအမြင်မှာ ဂုဏ်တင့်တယ်နေသူဖြင့်လင့်ကစား သူ့အတွင်းစိတ်ကတော့ သူ့ကိုယ်သူမကြည်ညိုနိုင်ဘဲ ပြန်ကြောက်နေခဲ့ရပြီဘဲ။
အမှောင်လမ်းကိုလျှောက်နေသောသူ့အတွင်းစိတ်က ညအမှောင်အောက်မှာပင်တစ်ယောက်တည်းမနေရဲဖြစ်ခဲ့ရပြီ။
သူ့ဒူးနှစ်ဖက်ကိုဖက်လျက်သားအနေအထားဖြစ်နေတာမို့အသာပြန်လွှတ်လိုက်ချိန်မှာတော့ သူဆုံးဖြတ်ချက်တစ်ခုကိုခိုင်မာစွာချလိုက်မိ၏။
      သူ့အခန်းတွင်းမှာအလင်းရောင်တို့သည် ပြည့်ဝစွာရောက်ရှိနေသလို သူလွတ်လပ်ခွင့်ပေးမည့်အကြောင်းငန်းမလေးများသာသိသွားပါက ဝမ်းသာစွာလင်းလက်သွားမည့်မျက်နှာလေးများကို သူမြင်ယောင်လိုက်မိ၏။
        နောက်ဆို အမှောင်ညတွေမှာ သူတည်ငြိမ်စွာအိပ်ပျော်နိုင်တော့မည်ပဲ။
                 နှင်းသီရိကျက်သရေ
     ၁၉၉၉ လုံမလေးမဂ္ဂဇင်း

No comments:

Post a Comment