Mar 22, 2017

ဒီဇယ်

ဒီဇယ်
.........
(ထင်လင်း)
------------------

“ဟာ ... ဟေ့လူ။ ဘယ်သွားမလို့တုန်း”
“မန္တလေး သွားမလို့”
“ဘာနဲ့လဲ”
“ဒီဇယ်နဲ့”
“နေ့ချင်းပေါက်ပေါ့”
“ဟုတ်တယ်”
“လက်မှတ် ရပြီပေါ့၊ လွယ်လွယ်နဲ့ ရရဲ့လား”
“အမယ်လေး ... မပြောပါနဲ့တော့”

ဒီဇယ်အင်ဂျင်နှင့် ဆွဲသဖြင့် ဒီဇယ်ရထား၊ သို့မဟုတ် ဒီဇယ်ဟု ခေါ်သော ရွှေမန်းလွင်နှင့် ဒဂုံလွင် အမြန်ရထားတို့သည် ရန်ကုန်-မန္တလေးသို့ နေ့ချင်းပေါက်သည်။ ရန်ကုန်ဘူတာကြီးမှ နံနက် ၅ နာရီ ၁၀ တွင် ထွက်သော ရွှေမန်းလွင်သည် မန္တလေးသို့ ညနေ ၆ နာရီခွဲခန့်တွင် ရောက်သည်။ မန္တလေးမှ နံနက် ၅ နာရီတိတိတွင် ထွက်သော ဒဂုံလွင်သည် ရန်ကုန်ဘူတာကြီးသို့ ည ၆ နာရီ မိနစ် ၂၀ ခန့်တွင် ဆိုက်လေသည်။ ဘူတာစဉ် မရပ်ဘဲ ရန်ကုန် မန္တလေးအကြား ၇ ဘူတာခန့်သာ ရပ်သည်။ ရပ်ပြန်သော်လည်း ၃ မိနစ် ၄ မိနစ်သာ နား၍ ဆက်လက်ခုတ်မောင်းသည်။

ယခင်က ၂ ရက်ခရီးကို တစ်ရက်နှင့်ရောက်သဖြင့် အချိန်ကုန် သက်သာရုံမက ခေတ်မီ တွဲသစ်ကြီးများ၊ ထိုင်ခုံနေရာ သီးသန့်များဖြစ်၍ စီးသူများလှသည်ဖြစ်ရာ လက်မှတ်ကို ရထားမထွက်မီ တစ်ရက်ခန့် ကြိုတင်ဝယ်ယူကြရသည်။ ဝယ်ယူရာတွင်လည်း ကျူတန်းစနစ်ဖြင့် အချိန်တော်တော် စောစောကပင် သွား၍ စောင့်ကာ ဝယ်ယူရသည်။ စိတ်မရှည်သူများ လက်မှတ်ကို ရဖို့ ခက်၏။ လက်မှတ်ရပြီးတော့လည်း စိတ်ချလက်ချ ဇိမ်နှင့်နေရုံပဲရှိသည်။ စာပို့ရထားမှာကဲ့သို့ နေရာလုရသည်လည်း မရှိ။ အိမ်ကအလာတွင် ပို့ဆောင်ရေး လွယ်ကူရန် ရထားထွက်ကာနီး ကပ်မှလာတောင် ရသည်။ ထွက်ချိန်မှာ အတန်ငယ်စောသဖြင့် အိမ်မှ နံနက်ထလာရန် မလွယ်ကူသူများအဖို့ ဘူတာဆင်းအိပ်က စိတ်ချရလေသည်။ နံနက် ၁ နာရီခန့်တွင် တွဲများထိုးသည်။ သို့သော် ၄ နာရီထိုးမှ ဖွင့်ပေးသည်။ ၄ နာရီခန့်တွင် မီးများ၊ ပန်ကာများ ဖွင့်ပေးသည်။ ဤကား ဒီဇယ်ခေါ် အမြန်ရထားအကြောင်း သာမန်ဗဟုသုတပေတည်း။

ဒီဇယ်ရထားသည် ဘူတာမှအထွက်တွင် ကျောက်မီးသွေးရထားကဲ့သို့ တဖြည်းဖြည်း အရှိန်ယူ၍ ထွက်သည် မဟုတ်ရကား အတော်လျှင်မြန်စွာ ထွက်လေသည်။ မန္တလေးဘူတာကြီးတွင်ကား ဒီဇယ်ရထား ထွက်ကာနီးတွင် ဘူတာကြီးအတွင်းရှိ အသံချဲ့စက်မှ “ဒဂုံလွင်အမြန်ရထား စီးနင်းလိုက်ပါမည့် ခရီးသည်များအား လိုက်ပို့ကြသူများ ခင်ဗျား၊ ဤရထားမှာ ဘူတာမှအထွက် အလွန်မြန်သဖြင့် ရထားထွက်မှ တွဲပေါ်ကဆင်းခြင်း၊ တွဲနားကပ်ခြင်း မပြုကြပါနဲ့။ စောစောက ဆင်းထားကြပါ။ ဤရထားသည် ၅ နာရီတိတိတွင် ထွက်ပါလိမ့်မည်” ဟု သတိပေး ကြေညာသံကို ကြားခဲ့ရလေသည်။ ရန်ကုန်တွင်လည်း ဤသို့ ကြေညာသင့်ပါသည်။ အနည်းဆုံး “ဒီဇယ် အထွက်မြန်သည်၊ တွဲနားကပ်ရပ်မနေကြနဲ့ဟေ့” ဟူ၍တော့ ပြောပေးဖို့ကောင်းသည်ထင်၏။

နံနက်စောစောကပင် ကျွန်တော့်အိမ်က လူတစ်ယောက်ကို ဘူတာသို့လွှတ်၍ ကိုဖေကြည်အတွက် အမြန်ရထားလက်မှတ် ယူစေပြီး ကျွန်တော်နှင့် ကိုဖေကြည်တို့သည် တစ်နေ့လုံး လျှောက်လည်ကြသည်။ နံနက်တွင် ရထားအမီပို့ရန် ပို့ဆောင်ရေး မလွယ်ကူသဖြင့် ညကပင် ဘူတာဆင်းအိပ်မည်ဟု ကိုဖေကြည်က စီစဉ်သည်။ ည ၉ နာရီခွဲခန့်တွင် ကျွန်တော်တို့နှစ်ယောက် ရန်ကုန်ဘူတာကြီးသို့ ရောက်ကြလေသည်။

ဘူတာကြီးအတွင်း ပလက်ဖောင်း ၁၊ ၂၊ ၃၊ တို့တွင် အထုပ်အပိုး ဝန်စည်စလယ်များနှင့် ခရီးသည်များ အပြည့်ရှိ၏။ အိပ်ရာများဖြန့်ခင်းကာ အိပ်သူများ အိပ်လျက်၊ ငုတ်တုတ်ထိုင်သူများ ထိုင်လျက်၊ အချို့က တမတ်တတ်တတ် စကားပြောလျက် ရှိကြ၏။ အချို့က တခေါခေါနှင့် ဟောက်၍ပင် အိပ်ပျော်လျက် ရှိကြလေပြီ။ ကလေးများလည်း ပြေးလွှား ကစားလျက် ရှိကြသည်။ ရောက်ဆဲ၊ လာဆဲ ခရီးသည်များလည်း ဤသို့လျှင် ရောက်နှင့်ကြပြီး ခရီးသည်များအကြားမှ ကွေ့ကာရှောင်ကာ နေရာလပ်များသို့ ပစ္စည်းများ သယ်ပို့ စုပုံလျက် ရှိကြသည်။ ဘူတာကြီးတစ်ခုလုံးသည်လည်း အောင်းအောင်း အောင်းအောင်းနှင့် နေတော့၏။

“မြေငလျင်ဘေး၊ စစ်ဘေးဒုက္ခသည်တွေနဲ့ မတူဘူးလား” ဟု ကိုဖေကြည်က မေးသည်။ ဟုတ်တော့လည်း ဟုတ်ပါသည်။ လူတွေ များလွန်းလှတော့သည်။

ကျွန်တော်က နံနက်တွင် အလုပ်ရှိ၍ ကိုဖေကြည်အတွက် ဘူတာတွင် ခရီးဖော်တွေ့လျှင် အိမ်ပြန်အိပ်ရန် စိတ်ကူးခဲ့သော်လည်း ဤမျှ များပြားသော ခရီးသည်တို့အထဲတွင် ကျွန်တော်တို့အသိ တစ်ယောက်မျှ မတွေ့ရချေ။ ကိုဖေကြည်တွင် ဝန်စည်စလယ်များ မများလှသော်လည်း သူ့ပစ္စည်းကလေးများမှာ လူတစ်ယောက် တစ်ခေါက်နှင့် မနိုင်အောင် တို့လို့တွဲလဲတွေ များလှသဖြင့် ရထားအတက် ခက်မည်စိုး၍ ကျွန်တော်ပါ ဘူတာတွင် စောင့်အိပ်ရန် ဆုံးဖြတ်လိုက်ရတော့သည်။

ကိုဖေကြည်က သူ့အိပ်ရာကို ပလက်ဖောင်း သမံတလင်း တစ်နေရာတွင် ဖြန့်ခင်းကာ “ကဲ - ကျုပ်ကတော့ မနက်ကျ ရထားပေါ်မှာ ငိုက်သွားရုံပဲ၊ ခင်ဗျားက အလုပ်ရှိသေးတာ၊ အိပ်ပျော်အောင် အိပ်ပေတော့” ဟုပြောပြီး ပလက်ဖောင်းပေါ်တွင် လမ်းလျှောက်နေလေသည်။ ကျွန်တော်လည်း သူခင်းပေးသော အိပ်ရာပေါ်တွင်ပင် လှဲချလိုက်ပြီး အိပ်ရန်ကြိုးစားသည်။ အိပ်ပျော်ဖို့ကား ခဲယဉ်းလှသည်။

“တစ်ခါတစ်ရံမှာကွယ် ချစ်သူကိုလည်း မုန်းမာန်ဖွဲ့ရတယ်၊ တစ်ခါတစ်ရံမှာကွယ် မုန်းသူကိုလည်း ချစ်ဟန်ဖွဲ့ရတယ် ...”

ကျွန်တော်၏ လက်ဝဲဘက် အထက်နားရှိ ရဲဘော်ကလေးတစ်ယောက်သည် သေတ္တာများစီခင်းထားသော သူ့အိပ်ရာပေါ်တွင် ပက်လက်လှန်ကာ သီချင်းဆိုလိုက်၊ ပါးစပ်ဆိုင်းတီးလိုက်နှင့် တစ်ယောက်တည်း မြိုင်လျက်ရှိ၏။ သူနှင့်မလှမ်းမကမ်း ကျွန်တော်၏ ခြေရင်းခပ်ကျကျဆီတွင် ရဲဘော်ကတော်နှင့်တူသော ကလေးမ တစ်ယောက်သည် တအားအား ငိုလျက်ရှိသော နို့စို့သားငယ်ကို နို့တိုက်ရင်း ဆူဆူညံညံ ချော့လျက်ရှိသည်။

ကျွန်တော့်ခြေရင်းတည့်တည့်ဆီက အိန္ဒိယတိုင်းသား လူငယ်လေးငါးဦးတို့သည် ရေပက်မဝင် အချီအချ ဆွေးနွေးလျက်ရှိကြသည်။ သူတို့ ဘာသာစကားကိုလည်း ကျွန်တော် နားမလည်။ သူတို့သည် ဗမာ့နိုင်ငံရေး အကွဲအပြဲတွေကို ဆွေးနွေးနေကြသလားဟုပင် သံသယဖြစ်မိ၏။ ယောက်ျားတစ်ကျိတ်၊ မိန်းမငါးဦး၊ ကုလားနှစ်ယောက်တို့သည် အဆူအညံချင်း တူသည်ဟု အဆိုရှိသည်။ ဟုတ်လောက်စရာရှိသည်။

ကျွန်တော်၏ ခေါင်းရင်းတည့်တည့်တွင် တရုတ်ကြီးသုံးယောက် ရှိသည်။ သူတို့သည် လေအေးကလေးနှင့် စကားပြောလျက်ရှိကြ၍ နားမငြီးလှသော်လည်း သူတို့တွင်ပါလာသော ဒူးရင်းသီးများမှ အနံ့သည် မီးရထားဘူတာနံ့နှင့် ရောနှော၍ ကြိုင်လျက်ရှိသဖြင့် ဆူညံသံနှင့် နင်လားငါလား အနှောင့်အယှက် ပေးလျက်ရှိသည်။

လက်ယာဘက် ဘေးချင်းယှဉ်လျက်ကား အသက် ၅၀ ခန့် အဒေါ်ကြီးတစ်ယောက်၊ ၄ နှစ်အရွယ် ကလေးနှင့် အသက် ၂၀ ခန့် ကိုယ်လုံးကိုယ်ဟန် လှလှပပ အမျိုးသမီး တစ်ယောက်တို့သည် အထုပ်အပိုးများ၏ အလယ်တွင် အိပ်ရာများ အကျခင်းကာ အိပ်လျက်ရှိကြသည်။ သူတို့၏ဘေးဘက်တွင် ကျောင်းသားအရွယ် လူငယ်ကလေး သုံးလေးယောက်တို့သည် သွားလိုက်၊ လာလိုက်၊ ထိုင်လိုက်၊ စကားပြောလိုက်နှင့် အိပ်နေသော အမျိုးသမီးများကို စောင့်ရှောက်နေဟန်တူ၏။ “မမနု ... အိပ်သာအိပ်၊ ကျွန်တော်တို့ စောင့်နေမယ်” ဟုလည်း ပြောသံကြားရ၏။

ချာတိတ်ကလေး သုံးယောက်တို့သည် အိပ်နေသော အမျိုးသမီးအနီးတွင် ထိုင်ကာ နံနက်စောစောက ဒီဇယ်ရထားလက်မှတ် စောင့်ရရာတွင် တွေ့ကြုံရသော ဒုက္ခသုက္ခများကို ပြောလျက်ရှိကြသည်။

“မင်းတို့ကျေးဇူးပါပဲကွာ၊ မင်းတို့မရှိရင် မမနုတစ်ယောက်တည်းဆို အခက်ကွ” ဟု အိပ်နေသော မမနုက သူတို့ကို လှမ်းပြောပြီး စောစောက မျက်နှာပေါ်အုပ်ထားသော မျက်နှာသုတ်ပဝါကို ဖယ်ရင်း ထထိုင်သည်။ အမျိုးသမီးသည် အိပ်ရာမှ ထထိုင်ပြီး ဆံပင်ကို ပြင်ထုံးကာ အနီးအနား ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်သည်။ ကျွန်တော့်အားလည်း မြင်ဟန်တူသည်။ သူ၏ မျက်လုံးများသည် ရွဲကဲ့သို့ တောင်ပကြသည်။ မျက်နှာ အတန်ငယ်ဝိုင်း၍ ပြည့်ဖြိုးသည်။ သွား အနည်းငယ် ခေါသလိုလို ရှိသော်လည်း ကြည့်ကောင်းရုံရှိ၏။ ကျွန်တော်လည်း သူ့ကို မသိမသာကြည့်ပြီး အငြိမ့်မင်းသမီးလား၊ ကျောင်းဆရာမလားဟု အပျင်းပြေ စဉ်းစားကြည့်မိသည်။ မသိသာချေ။

အနီးတွင် မိန်းမကြီးနှင့် ကလေးငယ်တို့သည် အိပ်ပျော်လျက် ရှိကြသည်။ ကလေးငယ်မှာ မိန်းမကြီး၏ သားပေလော၊ မမနု၏ သားပေလော။ ကျွန်တော် စိတ်ကူးကြည့်သည်။ မသိသာချေ။

“ဟေ့ အပါ ... မင်းတို့ဝယ်လာတဲ့ ချောကလက်တွေ စားကြဦးကွာ၊ နည်းတာမဟုတ်ဘူး”

အမျိုးသမီးသည် ခြင်းတစ်ခုထဲသို့နှိုက်ရင်း ပြောကာ စက္ကူအိပ်ထုပ်ကို ချာတိတ်ကလေးများဘက်သို့ လှမ်းပေးနေသည်။

“ဟာ ... ဒါ မမနု လမ်းမှာစားဖို့ ဝယ်ပေးလိုက်တာပဲ၊ ကျွန်တော်တို့စားဖို့ မဟုတ်ပါဘူး”
“ဟာကွာ၊ စားကြပါကွ၊ မမနုတစ်ယောက်တည်း မကုန်နိုင်ပါဘူး။ မေမေကလည်း စားတာမဟုတ်ဘူး၊ ရော့ စားကြကွာ၊ ဟေ့ မောင်ဇင် ... လုပ်ပါဦးကွ၊ မောင်ကိုကြီး”
“ဟာဗျာ ... မမနုကလည်း၊ ကျွန်တော်တို့ စားချင်လို့ ဝယ်လာတာ မဟုတ်ပါဘူးဆိုနေမှပဲ။ ပြန်ထည့်ထားလိုက်စမ်းပါဗျာ။ ကျွန်တော်တို့ ပေးတာမို့ မစားချင်လည်း လမ်းကျမှ လွှင့်ပစ်လိုက်”
“အမယ်လေးတော် ... ဘာဖြစ်လို့ လွှင့်ပစ်ရမှာလည်း၊ ဟေ့ ဒါနဲ့ မင်းတို့လည်း မမနုအတွက် လိုက်လုပ်ပေးနေရတာနဲ့ပဲ ညနေစာ ထမင်းမှ စားခဲ့ကြရဲ့လား ... ဟင်”
“နေပစေ မမနု၊ ကျွန်တော်တို့ မဆာဘူး၊ ရင်ပြည့်နေလို့”
“ကြည့်စမ်း၊ ပြောရောပေါ့ကွာ ... မင်းတို့နှယ်။ မမနု စိတ်မကောင်းအောင် လုပ်ကြတယ်။ မမနုမှာ ငါးပိကြော် ပါလာတယ်၊ ပေါင်မုန့်နဲ့ စားကြကွာ။ အပါလေး ... ပေါင်မုန့်ပြေးဝယ်ချေဦး ငါ့မောင်”

အမျိုးသမီးသည် ပိုက်ဆံထုတ်ရန် ကိုယ်ကိုစန့်၍ ခါးကြားကို နှိုက်လေသည်။ ချာတိတ်ကလေးများက မစားလိုကြောင်း အတင်းငြင်းဆန်ကာ ပိုက်ဆံမထုတ်ရန် တားကြသည်။ တစ်ယောက်ကမူ မျက်နှာသေကလေး လုပ်ကာ ညောင်နာနာလေသံဖြင့် “မစားနိုင်တော့ပါဘူး မမနုရာ” ဟု ဆိုလေသည်။

ကျွန်တော်လည်း သူတို့ ပြောဆိုနေကြသည်များကို မသိမသာ စိတ်ဝင်စားလျက်ရှိသဖြင့် “အာဂ ကောင်လေးတွေ” ဟု မှတ်ချက်ချမိ၏။ အတန်ကြာလျှင် ကောင်လေးနှစ်ယောက် သွားကြပြန်သည်။ တစ်ယောက် ကျန်ရစ်၏။ အမျိုးသမီးကမူ ကျန်ရစ်ခဲ့သော ချာတိတ်အား “ငါးပိကြော်လေး ကောင်းကကောင်းနဲ့ စားပါလားကွ” ဟု တိုးတိုးပြောလိုက်သည်။

ချာတိတ်လေးသည် စကားစရှာမတွေ့သလို စာအုပ်တစ်အုပ်ကိုဆွဲကာ မှုန်ဝါးဝါး မီးရောင်တွင် ဖတ်နေလေသည်။ ဤသူငယ်ကား စကားနည်းသူ ဖြစ်ဟန်တူ၏။ သူ စာဖတ်နေစဉ် မမနုသည် သေတ္တာတစ်ခုကို ဖွင့်လျက်ရှိသည်။

“ဟေ့ မောင်ဇင် ... ဒီမှာကွ၊ မမနုတို့သူငယ်ချင်း ကောလိပ်က မခင်ဝေတို့နဲ့ သန်လျင်ဘက် ပျော်ပွဲစား သွားကြတုန်းက ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေ။ အဲဒါ မခင်ဝေတို့အစ်ကို အင်ဂျင်နီယာကောလိပ်က ကိုမောင်မောင်ဆိုတာ ရိုက်ပေးတာ” ဟု ပြောကာ အထုပ်ကလေးတစ်ခုကို လှမ်းပေးလေ၏။ ချာတိတ်ကလေးသည် ဓာတ်ပုံများကို တစ်ပုံပြီးတစ်ပုံ စိတ်ဝင်စားစွာ ကြည့်လေသည်။

“ဟာ ... မမနု၊ ဒီထဲမှာ မမနု သိပ်လှနေပါလား၊ ကျွန်တော့်ကို တစ်ပုံ ပေးခဲ့ပါလား မမနုရာ”
“နေပါဦးကွ၊ တစ်မျိုးမှ တစ်ပုံစီပဲ ရခဲ့တာ။ ဒါတောင်မှ ကိုမောင်မောင်က မမနုအပြန် မီအောင် ကမန်းကတန်း ကူးပေးလိုက်တာ။ ထပ်ကူးဖို့ မှာခဲ့သေးတယ်၊ ရတော့ မင်းကိုလဲ တစ်ပုံ ပို့ပေးလိုက်မှာပေါ့”
“ဒါ ထားခဲ့ပါ မမနုရာ၊ အဟုတ် မမနု။ ဒီပုံကို ကျွန်တော် သိပ်သဘောကျတာ”

ချာတိတ်ကလေးက ဓာတ်ပုံကိုမကြည့်ပဲ အမျိုးသမီးကိုကြည့်ကာ ကလေးလို ချွဲတဲတဲ လုပ်သည်။ ကျွန်တော်လည်း သူတို့ကို အားနာသလိုလို ဖြစ်လာသည်နှင့် မျက်စိမှိတ်၍ အိပ်ချင်ဟန် ပြုရတော့သည်။

အိပ်ချင်ဟန် ပြုလိုက်ပါမှ ကျွန်တော့်တွင် ထူးထူးဆန်းဆန်း မမနု၏ ငါးပိကြော်လေးကို ပေါင်မုန့်နှင့် စားချင်စိတ် ဖြစ်ပေါ်လာပါသည်။ အိပ်ပျော်အောင် အိပ်မည် စိတ်ကူးသော်လည်း အိပ်လို့ကား မရပါချေ။

“တစ်ခါတစ်ရံမှာလေ ချစ်သူကိုလည်း ...”

ရဲဘော်လေး၏ သီချင်းသံ ပြန်ပေါ်လာသည်။ သူ့မှာ မပျင်းနိုင် မရိနိုင် ဒါကိုချည်း အထပ်ထပ် ဆိုလိုက်၊ ပါးစပ်ဆိုင်းတီးလိုက်နှင့် ရှိနေသေးသည်။ ကျွန်တော်လည်း သူ့သီချင်းသံ၌ အာရုံပြောင်းကာ “မအိပ်ချင်ပေမယ့် အိပ်ဟန်ပြုရတယ်” ဟု စိတ်ထဲမှ ဆက်ဆိုနေမိသည်။

“လီစယ်၊ ပူတာတိုင်း မီရပ်ပူးလေ၊ တီမင်းစားချင်ရင် ယိထားတွဲပေါ်မှာ တီမင်းဆိုင်ပါလယ်။ စေးကလော့ အားကီး ကီးလာပဲ။ တီမင်းတီပွဲ တီကျပ်ကွဲ၊ ဟင်း မီကောင်းပူး၊ နည်းနည်းလေး ရလယ်။ ပိလပ်ရေ ရလယ်၊ ရေကဲရေလည်း ရလယ်၊ စေး ကီးလယ်”

စောစောက ငြိမ်သက်နေသော ခေါင်းရင်းဘက်ရှိ ထောင်ကဲတို့ဘက်မှ အသံကြား၍ မော့ကြည့်လိုက်မိပြန်သည်။ သူတို့အနီးတွင် အဝတ်ထုပ်တစ်ခုကို ပိုက်လျက် ထိုင်နေသော တောသားလူညိုလေး တစ်ယောက် ရောက်နေသည်။ သူသည် အမြန်ရထားကို စီးဖူးဟန် မတူချေ။ သူ့အိပ်ထဲတွင် တရိုတသေထည့်ထားသော အမြန်ရထားလက်မှတ်ကို ပေါက်ဖော်ကြီးများအား ထုတ်ပြနေ၏။ အမြန်ရထားအကြောင်းလည်း စုံစမ်းနေဟန်တူ၏။

“ဒီဘက်က ဆရာလေးတို့ ဘယ်သွားကြမှာလဲဗျ”

ခြေရင်းဘက်မှ အသံကြား၍ အသံလာရာဘက်သို့ ကြည့်လိုက်မိပြန်သည်။ မမနုတို့ မောင်နှမအား လူတစ်ယောက်က မေးနေခြင်းဖြစ်၏။ ချာတိတ်လေးသည် အူတူတူ ဖြစ်သွားကာ ရှက်ကိုးရှက်ကန်းနှင့် “သာစည်” ဟု ငုံးတိတိ ဖြေလေသည်။

“ဒီဘက်က ဆရာရော အတူတူပဲလား”

ကျွန်တော့်ဘက်သို့ လှည့်မေးပြန်သည်။ ကျွန်တော်ကလည်း သူ့ကို ကြည့်နေမိလျက်သားဖြစ်၍ “မဟုတ်ဘူး၊ ကျွန်တော်က မန္တလေး” ဟု ဖြေပြီးမှ သည်လူ့နှယ် စပ်စုချင်ပါလားဟု ငြူစူမိ၏။ တကယ်တော့ “ကျွန်တော်က ခရီးသည် မဟုတ်ပါဘူး၊ မိတ်ဆွေတစ်ယောက်ကို လိုက်ပို့တာပါ၊ ကျွန်တော့်မိတ်ဆွေက မန္တလေးသွားမှာပါ” ဟု အကျယ်တဝင့် အစီရင်ခံမနေလို၍ ခပ်တိုတို ပြီးလွယ်အောင် ပြောလိုက်မိခြင်းဖြစ်၏။ ကိုစပ်စုသည် မေးခွန်းတစ်ခုနှင့် မပြီးချေ။

“အမြန်ရထားလား”
“ဟုတ်တယ်”
“လက်မှတ်ရပြီပေါ့၊ တွဲနံပါတ် ဘယ်လောက်လဲ”
“ငါး”
“ကျုပ်တူတစ်ယောက် မန္တလေးသွားတာ လိုက်ပို့တာပါဗျာ။ တွဲနံပါတ်နှစ်မှာ လက်မှတ်ရပါတယ်။ သူက မန္တလေး တစ်ခေါက်မှ မရောက်ဖူးလို့ ဟိုရောက်အောင် သွားတဲ့လူနဲ့ အသိဖွဲ့ပေးလိုက်ချင်လို့ပါ”

ရော - ခက်ချေပြီ။ ကျွန်တော်က အမှတ်တမဲ့ ပြီးလွယ်အောင် “ကျွန်တော်က မန္တလေး” ဟု ပြောလိုက်မိပြီ ဖြစ်၍ ဘယ်သို့ ပြန်ပြောလိုက်ရမည်ကို စဉ်းစားမရဖြစ်နေစဉ် မမနုနှင့် ချာတိတ်လေးတို့လည်း သူတို့ စကားပြောနေကြသည်ကို ခေတ္တရပ်ပြီး ထိုလူနှင့် ကျွန်တော့်အား တစ်လှည့်စီ ကြည့်နေကြသည်။

“တွဲနံပါတ်နှစ်မှာ မန္တလေးခရီးသည်တွေ ရှိပါလိမ့်မယ်လေ၊ နေရာချင်းဝေးတော့ အဆင်းမှာ ရှာလို့ မလွယ်ဘူး” ဟု ရှောင်ဖယ်ဖယ်လုပ်၍ ဖြေလိုက်ပြီး ကိုယ့်ကိုယ်ကို မလုံသဖြင့် သူတို့ကို လှမ်းကြည့်လိုက်တော့ အမျိုးသမီးသည် ကျွန်တော်ပြောလိုက်သည်ကို သဘောကျသွားသလို ပြုံးပြသည်။ သူပြုံးပုံမှာ “ဟုတ်ပါရဲ့ရှင်၊ တကတဲမှပဲ” ဟု ဆိုလိုဟန်ရှိသည်။

ဤသို့လျှင် ကျွန်တော်လည်း မျက်မှန်းတန်းမိသွားသောကြောင့် အပျင်းပြေ စကားပြောရန် မိတ်ဖွဲ့ချင်လျှင်တော့ လမ်းစရနေပြီ ဖြစ်သော်လည်း “သူတို့အရှိန်နဲ့ သူတို့ သွားပါစေတော့” ဟု သဘောထားကာ ဆက်လက်၍ အိပ်ချင်ဟန် ပြုနေလိုက်ရသည်။ မျက်စိကို မှိတ်ထားကာမှ “မိတ်ဖွဲ့ပြီး ငါးပိကြော် တောင်းစားရ ကောင်းမလား” ဟု တွေးမိပြန်သည်။ မသင့်လျော်လှသဖြင့် ကိုယ့်စိတ်ထဲမှာသာ ပြုံးရင်း ဖျောက်ဖျက်လိုက်ရ၏။

ညဥ့်နက်လာသောအခါ ဘူတာထဲမှ အသံဗလံတို့သည် တဖြည်းဖြည်း တိတ်ဆိတ်လာသည်။ ဟိုနားတစ်စု၊ သည်နားတစ်စုသာ စီစီ စီစီနှင့် ကျန်တော့သည်။ ရဲဘော်လည်း သီချင်းအဆိုရပ်ကာ ပါးစပ်အဟောင်းသားနှင့် တခေါခေါဟောက်ကာ အိပ်မောကျနေပြီ။ သားသည်အမေလည်း နို့ပက်လက်နှင့် အိပ်ပျော်ခြင်းသို့ရောက်လျက်။ ကလေးငယ်မှာလည်း သမံတလင်းပေါ်အထိ လိမ့်လျက် အိပ်ပျော်နေရှာပြီ။ ကုလားတို့လည်း သိုးကြပြီ။ တစ်ချက်တစ်ချက်တွင် မလှမ်းမကမ်းမှ မိန်းကလေးသုံးယောက်၊ ယောက်ျားပျိုလေး သုံးလေးယောက်ခန့် ဝိုင်းဖွဲ့၍ ဖဲဆွဲနေရာမှ စီကနဲ ညံကနဲ ဆူသံကြားရ၏။ မကြာမီ သူတို့ထံမှပင် အင်္ဂလိပ်သီချင်းကို ဗမာသံနှင့် ဆိုနေကြသော အသံ ပေါ်လာ၏။ နောက် “ရော့ခ် အင် ရိုး” သီချင်းသံနှင့် စည်းချက်လက်ခုပ်သံ တဖျပ်ဖျပ် ပေါ်လာသည်။ အိပ်မပျော်နိုင်သေးသူတို့လည်း ခဏသာ ဆန်းသလိုဖြစ်ပြီး ခေါင်းထောင် ကြည့်ကြသည်။ ပြီးတော့ တစ်ဖန် ပြန်အိပ်ကြသည်။

ကိုဖေကြည်ကလည်း လမ်းလျှောက်ရာမှ ပြန်လာပြီး ဆေးပေါ့လိပ်တစ်လိပ်ကို မီးညှိ၍ဖွာကာ “အိပ်ချင်အိပ်၊ ခင်ဗျား အလုပ်ရှိသေးတယ်၊ ပျော်အောင်အိပ်” ဟု ကျွန်တော့်အား ပြောသည်။ တကယ်တော့ သူနှင့် ကျွန်တော်တွေ့လျှင် မအိပ်တန်း စကားပြောနေကျ ဖြစ်သည်။ ယခုလည်း သူနှင့် ကျွန်တော် မတွေ့ရသည်မှာ ကြာပြီဖြစ်၍ စကားပြောချင်သေးဟန်တူ၏။ ကျွန်တော်ကလည်း အိပ်လို့မရမယ့်အတူတူ စကားထိုင်ပြောတော့မည်ဟု အောက်မေ့ကာ ထ၍ ထိုင်လိုက်သည်။ ထို့နောက် နှစ်ယောက်သား ရှေးဟောင်းနှောင်းဖြစ်များ၊ မိတ်ဆွေသူငယ်ချင်းများအကြောင်း အဆုံးအစမထင် ပြောမိကြသည်။ နောက် ညောင်းလာသည်နှင့် အိပ်ရာပေါ်တွင် လှဲကာ ဆက်ပြောနေကြပြန်သည်။

“မြမောင်ဟာ မိန်းမမှုပွေလို့ သေရတာ၊ ခင်ဗျား သိရဲ့လား”
“ကြားတော့ကြားတယ်၊ အသေအချာတော့ ကနေ့အထိ မသိရသေးပါဘူး။ သူ သေရတာက ဆူဆူပူပူထဲမှာ ဆိုတော့ ဘာသတင်းမှ မရဘူး”
“နှမြောစရာပါပဲဗျာ၊ တကယ်တော့ ဒီလူဟာ စိတ်ကောင်း သဘောကောင်းတော့ ရှိရှာပါတယ်။ လူက ရုပ်ကလေးက ဖြူးဖြူး၊ အပြောကလေးက ကောင်းကောင်း၊ နှုတ်သွက်လျှာသွက်နဲ့ ဆိုတော့ ရောက်လေရာမှာ မိန်းကလေးတွေက ခင်ကြသဗျ”
“မိန်းမမှုပွေတာက ဘယ်လိုလဲဗျ”
“ကျွန်တော်လဲ အသေအချာတော့ မသိဘူး၊ ဒီလူက မိန်းကလေးတွေနဲ့ကျတော့ အတော်သွက်တဲ့ လူနော်။ ရထားပေါ်တွေ့လည်း ရထားပေါ် မိတ်ဆွေဖြစ်အောင် ပြောနိုင်တယ်၊ ဘူတာထဲတွေ့လည်း ဘူတာထဲမို့ ခင်အောင်မင်အောင် ယုံအောင် ပြောတတ်တယ်”

“ဟေ့ ... မောင်ကိုကြီး၊ အပါ။ အိပ်ကြဦးလေကွာ၊ မင်းတို့ သိပ်ပင်ပန်းတာပဲ”
“နေပေ့စေ၊ မမနုသာ အိပ်။ ကျွန်တော်တို့က မနက်ဖြန် အိမ်ပြန်ပြီး တစ်နေ့လုံး အိပ်ရုံပဲ။ အိပ်ပါ ... မမနုသာ အိပ်ပါ”

ဘယ်အချိန်က ပြန်ရောက်နေကြသည်မသိ။ စောစောက ချာတိတ်ကလေး သုံးယောက်လုံး ရောက်နေကြသည်။ မမနု အနီးတွင်ထိုင်ကာ စကားပြောနေကြသည်။ ဓာတ်ပုံများကို ကြည့်ကြသည်။ စာဖတ်ကြသည်။ နောက် သုံးယောက်စလုံး ထသွားကြပြန်သည်။

“မိန်းကလေးကို ခုလို မီးရထားဘူတာထဲမှာ တွေ့ပြီး သူနဲ့ ခင်မင်သွားကြတာပေါ့။ မိန်းကလေးကလဲ အဖော်မပါ၊ သူကလည်း ချန်ပီယံ လုပ်ချင်တဲ့လူ ဆိုတော့ ပါသွားတာပေါ့”
“သူ့ဆီ ပါသွားတာလား၊ သူက ပါသွားတာလား”
“သူ ပါသွားတာပေါ့၊ သူပုန်တွေက ဆူတုန်း”

ကိုဖေကြည်နှင့် ကျွန်တော်တို့က စကားကောင်းလျက် ရှိကြသည်။ များမကြာမီပင် ချာတိတ်ကလေးတစ်ယောက် မယောင်မလည်နှင့် ပြန်ရောက်လာပြီး မမနုအနီးတွင် ထိုင်ပြန်သည်။

“ဟေ့ ... မောင်ကိုကြီး၊ အိပ်ဦးလေကွယ်။ မင်းတို့ သိပ်ပင်ပန်းကြတာ” ဟု မမနုကပြောပြီး စောစောက သူအိပ်ထားသော အိပ်ရာကို ပြန့်ပြန့်ပြူးပြူး ဖြစ်အောင် လုပ်ပေးသည်။ ကောင်ကလေးက မအိပ်ဘဲ အနီးရှိ သားရေသေတ္တာ တစ်လုံးပေါ်တွင် တံတောင်ထောက်၍ ခပ်စောင်းစောင်း လှဲချကာ သူ့မမနုဘက်သို့ လှည့်၍ စကားပြောနေသည်။

“မမနု၊ ဟိုရောက်ရင် စာထည့်ဦးနော်”
“ထည့်မှာပေါ့ကွ၊ မင်းကလည်း ... မှာစရာ မလိုပါဘူး။ ငါ့မောင်လေးတွေ တပင်တပန်း လက်မှတ်ဝယ်ပေး၊ ဘူတာလိုက်စောင့်ပေး၊ ပစ္စည်းတွေ သယ်ပေးနဲ့၊ ဒါလောက် လုပ်ပေးထားကြတာ။ မမနု ဒါလောက် ကျေးဇူးကန်းပါ့မလား။ ထည့်မှာပေါ့”
“စာကလေး ဘာလေး ရေးဖော်ရရင် ကျွန်တော်တို့ အပင်ပန်းခံရကျိုး နပ်တယ်လို့ ဆိုရမှာပေါ့လေ”
“အမယ်လေး ... တော်ကြာတော့ မမနုဆီက စာတွေလာလွန်းလို့ မမနုကိုတောင် မုန်းသွားကြမှာ စိုးရပါတယ်”
“ကြည့်ရဦးမှာပေါ့လေ ...”

ဤသူငယ်က စောစောက သူငယ်ထက် သိမ်မွေ့ပုံရသည်ဟု ကျွန်တော် မှတ်ချက်ချသည်။

“ဗိုလ်လှမောင်ဆုံးတော့ကော ခင်ဗျားတို့ဆီ ချက်ချင်း သတင်းရောက်ရဲ့လား”
“ဘယ် ရောက်မလဲ၊ ကျွန်တော်ကလည်း အိမ်မီးလောင်ပြီး ကစင့်ကရဲ တဲကလေးနဲ့ နေနေရတုန်း၊ ဆုံးပြီး သုံးလေးရက်လောက် နေမှ သတင်းရောက်လာတယ်။ ကျွန်တော်ဖြင့် ယုံတောင် မယုံဘူး။ အဖြစ်ကတော့ နာပါတယ်ဗျာ၊ ရေတိမ်နစ်ရတာပါပဲ”
“ဘယ်လိုဖြစ်တာလဲဗျ”
“တိုက်ကင်းလှည့်ရာက အပြန် သူပုန်က ချောင်းပြီးပစ်တာ ခံရတာပေါ့၊ ပထမ လက်မောင်းကို ထိတယ်၊ ရဲဘော်တွေက ဗိုလ်ကြီး လက်နက်ချရမလား၊ အင်အားလဲ မမျှဘူးဆိုတော့ လည်ပင်းက မျက်နှာသုတ်ပဝါနဲ့ လက်ကိုစည်းပြီး လက်နက်မချနဲ့၊ တိုက် ... လက်နက်ချလည်း မင်းတို့ သေမှာပဲဆိုပြီး သူကိုယ်တိုင် ရှေ့က တက်ချသတဲ့။ ဟိုက သစ်ပင်ပေါ်က စောင့်နေတာဆိုတော့ အထက်စီးရတာပေါ့။ ရင်ဝကို တည့်တည့်မှန်တာပဲတဲ့”
“အို၊ ဖြစ်ရလေဗျာ”
“ဒါတောင် သူက ရဲဘော်တွေကို “ဟေ့ - ငါတော့ ရေတိမ်နစ်ပြီ။ လက်နက်မချနဲ့၊ ဆက်တိုက်” လို့ အမိန့်ပေးသတဲ့။ ဒါနဲ့ ဆက်ပြီး တိုက်ကြတာ စစ်ကူရောက်လို့ သူပုန်တွေ ဆုတ်ပြေးသည့် အထိပဲတဲ့။ သူ အခုလို အပြင်းအထန် ခံချနေတာကြောင့် သူပုန်လက်ထဲ ဒီဘက်က ပစ္စည်းဆိုလို့ ကျည်ဆံတစ်တောင့်တောင်မှ ပါမသွားဘူးတဲ့။ သေသည်အထိ တာဝန်ကျေသွားရှာတဲ့ ကောင်ကြီးပါဗျာ”

“မမနု၊ နောက်ထပ် ဘယ်တော့လောက် လာဦးမလဲ”
“ဘာကွ၊ မင်းက ကူလီထမ်းရတာ ပမ်းလို့ ရှောင်နေမလို့ မေးတာလား”
“အမယ်လေး မမနုရာ၊ မမနု ပစ္စည်းကလေး တစ်ခုနှစ်ခု ဝိုင်းသယ်ရတာများ။ ထမ်းချင်လွန်းလို့ လာစေချင်လွန်းလို့ မေးတာပါ။ လာရင် ကျွန်တော့်ဆီကို စာရေးနော်၊ ကျွန်တော် လာကြိုနေမယ်”

“ဒါနဲ့ သူက ခုလို တာဝန်ကျေအောင် သက်စွန့်ကြိုးပမ်း ထမ်းရွက်သွားတော့ သူ့အတွက် ဆုကလေး ဘာကလေး မပေးကြဘူးလား၊ ဘာ ရသေးလဲ”
“တိုက်ပွဲကျ ကရုဏာတော်ကြေး ရတယ်။ ကျန်ရစ်တဲ့ မယားနဲ့ သားတွေ ပင်စင်ရကြတယ်”
“တော်သေးတာပေါ့နော်”

“ဟေ့ ... ဖိုးပါက ပေမယ့် မခေဘူးကွ၊ မနက်က မမနုက သူ့ကို အစုဓာတ်ပုံပြတော့ သူက မမနု ... ည ကျွန်တော် ဘူတာလိုက်ပို့ရင် ကျွန်တော့်ကို ကူလီခ ပေးရမယ်တဲ့၊ အရေးဆိုလိုက်သေးတယ်၊ အာဂ ကောင်လေးကွ”
“ချာတိတ်က ပေမယ့် အတော်လာတဲ့ ချာတိတ်ပဲ”
“လာဆို ဟောဟိုမယ်တော့၊ လာနေကြပြီ”

သူတို့ ရယ်လိုက်သောအသံကြောင့် ကျွန်တော်တို့ စကားပြောရပ်သွားကာ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြုံးမိကြပါသည်။

နာရီပြန် တစ်ချက်ခန့်တွင် ရွှေမန်းလွင် ရထားတွဲများ ပလက်ဖောင်း တစ်ဖက်တွင် ထိုးလာသည်။ တံခါးများ မဖွင့်သေး။ ကျွန်တော်တို့လည်း ခပ်အေးအေးပင် ဆက်လက် စကားပြောကြရင်းက မှေးကနဲ မှေးကနဲဖြစ်ကာ ဘေးဘက်က စကားပြောသံ၊ ရယ်သံ မောသံတို့ကို မကြားတစ်ချက် ကြားတစ်ချက်နှင့်ပင် နှစ်နာရီခွဲခန့် အိပ်ပျော်ခြင်းသို့ ရောက်ကြလေသည်။

နံနက် ၄ နာရီခန့်တွင် ရွှေမန်းလွင် ရထားတွဲများ ဖွင့်ပေးသဖြင့် ကျွန်တော်တို့ ဖြန့်ခင်းထားသော အိပ်ရာလိပ်ကို လိပ်ကာ အထုပ်အပိုးများကို ရထားတွဲပေါ် သို့ ရွှေ့ကြသည်။ မမနုနှင့် ချာတိတ်ကလေးများလည်း ထုပ်ပိုးပြင်ဆင်ကာ ရွှေ့စပြုကြပြီ ဖြစ်၏။ အခြားခရီးသည်များလည်း လှုပ်လှုပ်ရွရွဖြစ်ကာ ရထားပေါ် သို့ ပစ္စည်းများ တင်နေကြသည်။ စာပို့ရထားစီးမည့် ခရီးသည်များသာ ပလက်ဖောင်းပေါ်တွင် ခပ်အေးအေး ကျန်ရစ်တော့သည်။ ဒီဇယ်ခရီးသည်များကား များမကြာမီပင် ရထားတွဲပေါ် သို့ နေရာတကျ ရောက်သွားကြသည်။

“သတင်းစာ ... သတင်းစာ၊ ယနေ့ထုတ် သတင်းစာ။ ကြေးမုံ၊ ဟံသာဝတီ၊ ဗမာ့ခေတ်၊ ရန်ကုန်၊ မြန်မာ့အလင်း၊ အထောက်တော်တွေ”

တွဲများဘေး တလျှောက်တွင် သတင်းစာရောင်းသူ၊ စာအုပ်ရောင်းသူ၊ မုန့်ရောင်းသူများသည် အဆက်မပြတ်အော်ကာ ခရီးသည်များ၊ လိုက်ပို့ကြသူများ၏ အကြားတွင် တိုးဝှေ့သွားလာကာ ရောင်းချလျက် ရှိကြ၏။

ကျွန်တော်တို့လည်း ထိုင်ခုံနံပါတ်ကိုရှာ၍ အထုပ်ကလေးများကို နေရာတကျ ထားသိုပြီး စိတ်ချလက်ချ ထိုင်ကြသည်။ မီး မဖွင့်ပေးသေး၍ အနီးအနားရှိသော တစ်ယောက် နှစ်ယောက်ကိုသာ မြင်ရ၏။ ကျွန်တော်က “ကိုဖေကြည် မန္တလေးရောက်ရင် စာထည့်လိုက်ဦး” ဟု မှာသည်။ ကိုဖေကြည်က “ထည့်မှာပေါ့ကွ၊ မှာစရာ မလိုပါဘူး။ ငါ့မောင်လေး ဒါလောက် အပင်ပန်းခံပြီး လိုက်ပို့ထားတာ မမေ့ပါဘူး” ဟု ပြောပြီး ရယ်လေသည်။ ၄ နာရီခွဲခန့်တွင် တွဲထဲ၌ မီးများဖွင့်ပေးပြီး ပန်ကာများလည်း တဝီဝီ လည်နေကြပြီဖြစ်၏။

“ဩော် ... ဒီက အစ်ကိုကြီးကလည်း သာစည်ပဲလား၊ ဟန်ကျတာပေါ့နော်၊ အတူတူ ဆင်းကြရမှာ။ မေမေရေ ... အတော်ပဲ၊ အဖော်ရတာပဲ”

ကိုဖေကြည်က ကျွန်တော့်အား လက်တို့၍ ပြသဖြင့် ကြည့်လိုက်တော့ ကျွန်တော်တို့နှင့် တစ်ခုံခြားတွင် အရပ်အမောင်း ခပ်ကောင်းကောင်း၊ ရုပ်ရည်ခန့်ညားသော ဘောင်းဘီရှည်နှင့် ယောက်ျားပျို တစ်ယောက်၏ မျက်နှာချင်းဆိုင် ထိုင်ခုံ၌ ချာတိတ်ကလေးများ၏ မမနုကို တွေ့ရလေသည်။ ကိုဖေကြည်က ကျွန်တော့်အား မျက်စပစ်ပြပြီး ပြုံးနေသည်။ သူတို့ပြတင်းပေါက်အနီး ပလက်ဖောင်းပေါ်မှ ချာတိတ်ကလေး သုံးယောက် မော့လျက်ရှိကြ၏။

“မမနု ပစ္စည်းတွေ အားလုံး ရောက်ပြီနော်၊ ဘာများ ကျန်ရစ်သေးလဲ ကြည့်ပါဦး”
“အေး ... အေး ... ဘာမှ မကျန်ပါဘူး မောင်ဇင်ရေ၊ မောင်ကိုကြီး ... ကျေးဇူးပါပဲကွာ။ ဒီအစ်ကိုကြီးက သာစည်က ဘယ်အထိ ဆက်ဦးမှာပါလိမ့်”

ယောက်ျားပျိုက ဘာပြန်ပြောလိုက်သည်ကိုတော့ မကြားရချေ။ အမျိုးသမီးကသာ ဝမ်းသာအားရ လေသံဖြင့် “ဟင် ဟုတ်လား ... ဒါဖြင့် ဟိုထိအောင် နုတို့နဲ့ အတူတူပေါ့၊ ဟန်ကျလိုက်တာ။ မေမေ ... နုတို့ အဖော်ရတာပဲ။ ဟိုကျ အစ်ကိုကြီး ဘယ်ကို သွားမလဲ”

“မမနု ... ရောက်ရင် စာထည့်နော်”
“အေး ... အေး”

ကိုဖေကြည်က ကျွန်တော့်အား လှမ်းကြည့်လိုက်ပြီး “ဒီဇယ်ဟာ တော်တော် အထွက်မြန်တယ်နော်၊ လိုက်ပို့သူများ တွဲနား သိပ်ကပ်မနေကြနဲ့” ဟု အောက်ကလိအာသံဖြင့် ပြောကာ ပြုံးလျက် ကျွန်တော့်အား ရယ်ရမ်းသွေးနေသဖြင့် ကျွန်တော်လည်း ရယ်မိသည်။

မကြာမီ ဒေါင် ဒေါင်နှင့် အချက်ပေးသံ ကြားရပြီး ပလက်ဖောင်းအထက်၌ ဆွဲထားသော မှန်ဘောင်၌ ရထားထွက်ရန် ၅ မိနစ် ဆိုသော စာတန်း ပေါ်လာသည်။ ကျွန်တော်လည်း တွဲပေါ်မှ ဆင်းကာ ပလက်ဖောင်းမှနေ၍ “ကိုဖေကြည် ... တကယ်ပါဗျ၊ စာရေးပါဦး” ဟု ပြောရင်းက ဣနြေ္ဒလုပ်၍ မရနိုင်သဖြင့် ရယ်ရပြန်သည်။ များမကြာမီပင် အချက်ပေးသံ ပေါ်လာပြီး “ရထားထွက်ပြီ” ဟူသော စာတမ်း ပေါ်လာသည်။

“မမနု ရောက်ရောက်ချင်း စာရေးနော်၊ မေ့မနေနဲ့ဗျ”
“အေး ... အေး ...”

ဒုတိယ အချက်ပေးသံ ပေါ်လာသည်နှင့် မရှေးမနှောင်းပင် ဒီဇယ်စက်ခေါင်းဆီမှ မီးစိမ်းပြသည်။ ဂတ်ဗိုလ်က ခရာသံ ရှည်ရှည်ဆွဲ၍ ကြေကွဲဖွယ် မှုတ်လိုက်ပြီး မီးစိမ်းကလေး လှုပ်ရမ်းပြလိုက်သည်။ ထိုခဏ၌ပင် ဒီဇယ်အင်ဂျင်ဆီမှ သင်္ဘောဥဩသံလိုလို၊ စက်ရုံဥဩသံလိုလို အချက်ပေးသံ ပေါ်လာကာ အမြန်ရထားလည်း ဘူတာမှ ထွက်လေတော့သည်။

ကိုဖေကြည်သည် တွဲတံခါးဝမှ ရပ်ကာ ကျွန်တော့်အား နှုတ်ဆက်ရင်း ရထားထွက်သွားသည်ကို ငေးကြည့် ကျန်ရစ်ကြသော ချာတိတ်ကလေး သုံးယောက်ကိုပါ လက်ပြလျက် အထွက်မြန်လှသော ဒီဇယ်ခေါ် ရွှေမန်းလွင် အမြန်ရထားပေါ်၌ ပါသွားလေတော့သည်။ အခြားပြတင်းပေါက်များမှကား လက်ကလေး တစ်ဖက်တလေမျှ အားနာပါးနာ ထွက်၍မလာတော့ချေ။

ဒီဇယ် အလွန် အထွက်မြန်လေသည်။

--------
ထင်လင်း
မြဝတီ မဂ္ဂဇင်း၊ အတွဲ ၆ အမှတ် ၁၀၊ ဩဂုတ်၊ ၁၉၅၈။

No comments:

Post a Comment