အလုပ်ကောင်းသူနှင့် အကကောင်းသူ (မောင်ထင်)
----------------------------------------------------
[စာရေးသူ၏မှတ်ချက်
ဤပုံပြင်သည်လည်း ယခင်က ပုံပြင်များကဲ့သို့ ၁၉၄၆ ခုနှစ်ထုတ် စာပဒေသာ မဂ္ဂဇင်းတွင် ရေးသားခဲ့သော ပုံပြင် ဖြစ်ပါတယ်။ ထိုပုံပြင် ရေးသော ကျောထောက်နောက်ခံ အကြောင်းမှာ ဗိုလ်ချုပ်အောင်ဆန်းက တပ်လှန့်ပေးသော ပြန်လည်ထူထောင်ရေးနှင့် စပ်လျဉ်း၍ တကယ် အလုပ်လုပ်သူတို့၏ အကြားဝယ် အလုပ်မလုပ်ဘဲ ဟန်ပြကောင်းသူတို့ မည်ကဲ့သို့ ကောင်းစား နေကြသည်ကို ဖော်ကျူးသော ပုံပြင် ဖြစ်ပါသည်။]
* * *
ရှေး လွန်လေပြီးသော အခါ အဲဒီတိုင်းပြည်၌ အဲဟိုမင်း နန်းစံလေသည် ဟူသတတ်။
တစ်နေ့သ၌ အဲဟိုမင်း စံသောနန်းကို သင်္သကရိုက် ဘာသာအားဖြင့် “ဆူပါဖို့တရက်စ်” ဟု ခေါ်သော လေယာဉ်ပျံ ပေါ်မှနေ၍ နယ်ချဲ့သူ တစ်ဦးက သားရေခွနှင့် ပစ်လိုက်ရာ၊ နန်းတော်ကြီးသည် ပြို၍ လဲလေသတည်း။
ထိုအခါ အဲဟိုမင်းလည်း မိမိ နောက်တော်ပါးက ခစားလျှက်ရှိသော မှူးကြီးမတ်ရာ သေနာပတိတို့အား
“ကွဲ့ ငယ်ကျွန်များ၊ ဖားအော်သံလည်း ကြားပြီကွဲ့၊ မိုးကျရင် နေစရာ မရှိဘူး၊ ဒါကြောင့် နန်းတော်ကြီ:ကို ပြန်လည်ထူထောင်ရေး အတွက် လုံးပန်းကြရမယ် မောင်မင်း” ဟု အမိန့်တော်မြတ် မှတ်လေသည်။
“မှန်ကြောင်းပါ ဘုရား” ဟူ၍ နောက်တော်ပါတို့က ညီညာစွာ သံတော်ဦး တင်လေ၏။
“ဟုတ်မှန်ပါကြောင်းပါ ဘုရားလို့ ပြောရုံနဲ့ ပြီးရော့လား ဟရို့ရဲ့၊ ဗောင်းတော်ညိတ် စိတ်တော်သိ ဆိုသလို ထူထောင် ကြပါကလား” ဟု စိတ်မရှည်သော ဟိုမင်းကြီးက သဟောက်သဟ ပြုတော်မူ၏။
“မှန်ကြောင်းပါ ဘုရား၊ ဘုရား ကျွန်တော်မျိုးတို့ ဆိုသည်မှာ အရှင်မင်းကြီးနား ကပ်ရပ်ပြီး မှန်ပါကြောင်းပါ ဘုရားဟု ခေါင်းညိတ်ရုံ ညိတ်တတ်ပါသည်၊ အရှင်မင်းမြတ်နေစရာ အမြန် အလိုရှိတာဖြင့် ‘ဆလာမီ’ ကောင်းကောင်းပေးရင် အိမ်တော် ရှာပေးပါ့မယ်” ဟူ၍ လျှောက်ထားလေသည်။
ထိုအခါ ဘုရင်မင်းမြတ်က
“ငါ့တပည့်တွေက တော်တော် အားကိုးရသဟေ့ ဆလာမီ ပေးနိုင်မှဖြင့် မင်းတို့ကို အပူ ကပ်ပါ့မလားဟဲ့၊ မင်းမြှောင်တို့ရဲ့၊ အမယ်လေးလေး ငါ့ အစ်မတော်ငွေတွေ ပြန်မဆပ်ကြလို့ ငွေကျပ်တဲ့အထဲ၊ မင်းတို့မို့ ပြောရက်ပလေကွာ” ဟူ၍ ညည်းလေသော ဟူ၏။
“ဒီလိုဆိုရင်လည်း အလွယ်သားပဲ၊ ဆေးရုံကြီးနား ပတ်ပတ်လည် တဲထိုးပြီး နေရရင် တစ်မိုးတွင်းတော့ နေနိုင်ပါရဲ့” ဟူ၍ မင်းမြှောင်တို့ အကြားမှ စာမြှောင်တစ်ဦးက ဝင်၍တောရာ လူထုက ငေါက်လိုက်မှ ဝပ်သွားသည်။
သို့နှင့် ဖားကအော်၍ သတိပေးပြီးနောက် ပိတောက်က သုံးခါဆင့်၍ နို့တစ်စာ ချလိုက်ရာ၊ ဝဿန္တ ရှေ့ပြေးမိုးသည် နှစ်ဒသမ သုညခြောက်လက်မမျှ ရွာသွန်းဖြိုး လိုက်သည်နှင့် အဲဟိုမင်းကြီ: ခမျာမှာ စို၍ ရွှဲရ ရှာလေ၏။
“တော်တော် အားကိုးလောက်တဲ့ လူတွေပဲ” ဟု ပြည့်ရှင်မင်းကြီးက ညည်းရင်း နန်းတော် ပြန်လည်ထူထောင်ရေးကို စိတ်ဝင်စားသူ ဗိသုကာ တစ်ဦးအား ရှေ့တော် သွင်းစေ၏။
မင်းကြီးလည်း ဗိသုကာကြီးကို မြင်လတ်သော် အထူး သဘောကျ၍
“မောင်မင်းက ဘာတတ်သလဲ” ဟူ၍ မေးလတ်သော် ဗိသုကာကြီးက-
“ကျွန်တော်မျိုး အလုပ်သာ လုပ်တတ်ပါတယ် ဘုရား” ဟု သံတော်ဦး တင်လေရာ၊ နန်းတော် အမြန်ဆောက်ရန် ကန်ထရိုက်ကို ဘုရင်မင်းမြတ်က ဗိသုကာကြီးအား စပေါ်ငွေ တင်စေ၍ ပေးလိုက်လေ၏။
အလုပ်သာလျှင် လုပ်တတ်သော ဗိသုကာကြီးကား အလုပ်သာလျှင် တကုတ်ကုတ် လုပ်လေ၏။ ထို့ကြောင့် နန်းတော်ကြီးသည် တစ်နေ့ထက် တစ်နေ့ ကောင်းကင်သို့ မားမားစွင့်စွင့် ဝင့်၍ ထိုးတက် လာလေ၏။
ထိုအခါ ခြေက အလွန်ကောင်းသောသူ တစ်ဦးသည် မှူးကြီးမတ်ရာ သေနာပတိတို့ ရှေ့၌ သူ၏ ခြေကဖြင့် အသုံးတော် ခံလေ၏။ ခြေက ကရာ၌ ခြေထိုးခြင်း၊ ခြေလိမ်ခြင်း၊ ခြေရှုပ်ခြင်းတို့ကို ရွှေပွဲလာ ပရိသတ်တို့အား ရှင်းရှင်းကလေး ပြလိုက်ရာ ရပ်၍ကြည့်သူ မှူးကြီးမတ်ရာ သေနာပတိလျှင် အစ မင်းစေလျှင် အဆုံးရှိသော သူတို့သည် ဗိုင်းခနဲ လဲကြလေကုန်၏။
ထိုသို့ မြေပြင်ပေါ်၌ ဗိုင်းခနဲ လဲသံကို ဘုရင်မင်းမြတ် ကြားသိတော်မူသည်တွင် ဘုရင်မင်းမြတ်လည်း ထိုကချေသည်အား ရှေ့တော်သို့ ဝင်၍ အကခိုင်းလေ၏။
“ဟေ့ ငါကတော့ ရှင်းရှင်းပဲကွဲ့၊ ငါက မြှောက်ပင့် ပြောရုံနဲ့ သဘောကျတာ မဟုတ်ဘူး၊ ခြေထိုးကောင်းတယ်ဆို တကယ်ကောင်းမှ သဘောကျတာ” ဟူ၍ ကချေသည်အား မင်းကြီးက သတိပေး၏။ ထိုအခါ ကချေသည်က
“ကျွန်တော်မျိုးကလည်း ကိုယ်တော့်လိုပဲ မြှောက်ပင့် မပြောဖူးဘူး၊ ကိုယ်တော့်ဆီ မလာခင် တစ်နေ့ကတောင် အသိ တစ်ယောက်က ကိုယ်တော့်ကို ယဉ်တယ်လို့ ပြောသေး၊ ကျွန်တော်မျိုးကတော့ ကိုယ်တော် သိတဲ့အတိုင်းပဲ ကိုယ်တော် ရိုင်းတယ်ကို ရိုင်းတယ်ပဲ ပြောရမှာပဲ၊ ဒီလိုတဲ့တိုး အမှန်အတိုင်း ပြောတာ ကိုယ်တော်ကြိုက်တယ် ဆိုတဲ့ ဂုဏ်သတင်း ရနံ့လေး သင်းနေတာကို ကျွန်တော်မျိုး သိပြီးသားပါ” ဟူ၍ လျှောက်ထားလေရာ အဲဟိုမင်းကြီးမှာ အောင့်သက်သက်နှင့် ခံလိုက်ရလေ၏။ သို့နှင့်ပင် မင်းကြီးလည်း ကချေသည်၏ ဆယ့်နှစ်ကြိုး ခြေကကို ရှုစားတော် မူရလေသည်။
“ဟား ... ဟား ... ဟား တယ်တော်သဟေ့၊ ခြေအထိုးတော့ ဝိဇ္ဇာပဲကွာ၊ ငါ ကိုယ်တော်မြတ်တောင် မလဲအောင် မနည်းကြီး ကိုယ့်ကိုယ်ကိုယ် ထိန်းထားရတယ်” ဟူ၍ ဘုရင်မင်းမြတ်က ထောက်ခံစကား ချီးကျူး ပြောဆိုရသော ဟူ၏။
ခြေက ကပွဲလည်း ပြီးလေ၏။
နန်းတော်ကြီးလည်း ငွါးငွါးစွင့်စွင့် ဖြိုးတင့် ကျက်သရေ ငွေပဒေသာ မြေမှာ ပေါက်သည်သို့ ထွန်းမြောက်၍ လာလေ၏။
ဗိသုကာ ဆရာကြီးလည်း နန်းတော်ကြီးကို ပြန်လည်ထူထောင် ပြီး၍ ဘုရင်မင်းမြတ်အား နန်းအပ်ရန်အတွက် ကြိုဆိုငံ့လင့်၏။
ခြေထိုးကောင်းသူ ကချေသည်လည်း စည်တော်သံကြား နန်းပါးဝင်ကြစို့ မင်းကြီးများဟု ဆိုကာ နန်းတော်တွင်းသို့ ဝင်လေ၏။ သို့ဝင်ရာ၌ ရှေ့တော်ပြေး အဖြစ်ဖြင့် ဗိသုကာ ဆရာကြီးအား
“ဘုရင်မင်းမြတ် ကြွချီရာလမ်းမှ ဖယ်ရှားလော့” ဟု ဆို၍ ဝင်လေသောကြောင့် ဗိသုကာ ဆရာကြီးမှာ နန်းတော်မှ ဖယ်ရလေ၏။
အဲဟိုမင်းကြီးလည်း နန်းတော်တွင်းသို့ ရောက်လတ်သော် ဗိသုကာ ဆရာကြီး၏ စေတနာနှင့်တကွ အံ့ဖွယ်ဘနန်း ဆန်းပြားသော လက်စွမ်းလက်စ ပညာစွမ်း ပညာစ၊ လုပ်ရည်ကိုင်ရည်တို့ကို မြင်ရလေသောကြောင့်
“ကွဲ့ မင်းကြီးများ နန်းတော်ကြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းမှာ ဗိသုကာကြီးရဲ့ အလုပ်က တယ်ပြီး ကောင်းသဟေ့၊ ဒါကြောင့် ခြေထိုးကောင်းတဲ့ ကချေသည်ကို ခေါ်ပြီး သူ့ကို အတွင်းဝင်တတ်တဲ့ အလျှောက် အတွင်းဝင်ရာထူး ပေးလိုက်စမ်းကွယ်” ဟူ၍ ဗျာဒိတ်တော်မြတ် ခတ်တော်မူသတည်း။
ထိုသည်မှစ၍ အဲဒီတိုင်းပြည်မှ အဲဟိုမင်း နန်းတော်ထဲတွင် အတွင်းဝင်မင်းကြီးသည် အောင်မောင်း ခြေထိုးပုံမျိုးကို ရှင်းရှင်းတက်ထိုး၍ ကလိုက်ရာ၊ မူလလက်ဟောင်း နိုင်ငံကျော် မင်္ဂလာ ဦးအောင်မောင်းကြီး၏ ထမင်းအိုးသည် ဗြန်းဗြန်းကွဲလေသော ဟူသတတ်။
------------
မောင်ထင်
မြတ်လေး မဂ္ဂဇင်း၊ အမှတ် (၁၆)၊ ဩဂုတ်လ၊ ၁၉၈၇။
( လူကြီးများဖတ်ဖို့ပုံပြင် (စိတ်ကူးချိုချို၊ ၂၀၀၉၊ ဇွန်) )
Share by မွန်းလေးဖေဖေ
No comments:
Post a Comment