ဘူတာရုံကလေး
💫💫💫💫💫
#ရဲသျှမ်း
ဖျတ်ခနဲမှာပဲ သူလှဲမှီရာ ပက်လက် ကုလားထိုင်လေးမှ ထပစ်လိုက်သည်။ တောင်ဘက်လမ်းပိုင်း မော့စ်ရိုက်သံက တတောက်တောက်နှင့် အဆက်မပြတ် မြည်နေသည်။ ဒီဇယ်မီးခွက် မှိန်လဲ့လဲ့ အောက်မှာ သူ့ရဲ့ အိုးရီးယင့် နာရီလေးကို စူးစူးစိုက်စိုက် ကြည့်တော့ ၄ နာရီ မိနစ် ၂၀။ ၅- အဆန်အမြန် လမ်းတောင်းတာပဲ။ သူ့ မော့စ်ရကြောင်း အချက်မှန် ပြန်ရိုက်ပြီး တယ်လီဖုန်းကိုင်၊ တစ်ဘက်ကို လှမ်းစကားပြော၊ ဟိုဘက်ဘူတာကြီး ရထားလွှတ်ချိန်မှတ်။ သူ့ဘက်က အဆင်သင့် ဖြစ်သွားပြီ။ သူ့ရဲ့ဘူတာလေးကို မိနစ်ပိုင်း အတွင်းမှာ မီးထိန်ထိန် အမြန်ရထားကြီးက တဝေါဝေါ ဖြတ်သန်း သွားတော့မည်။ အိပ်မောကျနေတဲ့ ခရီးသည်တွေကတော့ ဒီနေရာလေးမှာ ဘူတာငယ်လေးတစ်ခု ရှိတာတောင် သိလိုက်မှာ မဟုတ်ပါဘူး။
သူ ဂျူတီကျ လမ်းခွဲကိုင် နှစ်ယောက်ကို လှမ်းကြည့်တော့ ခုံတန်းလျားလေး တစ်ခုတည်းမှာ နှစ်ယောက်သား ပူးပူးကပ်ကပ်နှင့် ကွေးအိပ် နေကြသည်။ တစ်ယောက်က လုပ်သက်ပြည့် အနားယူတော့မည့် အဘိုးအိုလေး၊ တစ်ယောက်က ပိန်လှီနွမ်းပါး ယဲ့ဖျော့တော့နေတဲ့ လူငယ်လေး။ သူကရော တဲ့၊ မီးပူနဲ့ဝေးတဲ့ မလျှော်မဖွပ် ဖြစ်တဲ့ ယူနီဖောင်း မွကြေကြေ၊ ဆံပင်နီကြောင်ကြောင် တကယ့်ကို ဖိုသီဖတ်သီ။
သူ တာဝန်ကျဘူတာ မရခင်မှာ အလုပ်သင် ဘဝနဲ့တုန်းက ‘ရှိုး’ကို သတိရနေသည်။ အင်္ကျီ ဖြူဖွေးဖွေး၊ မီးပူကျ ဘောင်းဘီနက်ပြာ၊ ပြောင်လက်နေတဲ့ ရှူးဖိနပ်နဲ့ သူ မြူးမြူးကြွကြွ နေခဲ့တာပဲ။ အခုလာမယ့် အမြန်ရထားကြီးရဲ့ အထက်တန်း တွဲတွေနားမှာ အလုပ်မရှိဘဲ ရစ်သီရစ်သီ လုပ်ပြီး ရှိုးပြခဲ့သေးတာ။ ကြည့်စမ်း အခုတော့ သူ ... သူ့အကြောင်း သူတွေးမိပြီး ပြုံးမိသွားသေးသည်။
လမ်းရှင်းစာရွက်လေးပေါ် လိုအပ်တာတွေ ဖြည့်သွင်းပြီးတော့ စာရွက်လေးကို ကြိမ်ကွင်းကြီးမှာ ကိုယ်တိုင်ချည်သည်။ ဒါတွေဟာ လမ်းခွဲကိုင်တွေ လုပ်ရမှာပေမယ့် သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတဲ့ ကောင်လေးနဲ့ ဘကြီးကို နှိုးမခိုင်းချင်။ တစ်မိနစ်လေးပဲ ဖြစ်ဖြစ် အိပ်ခွင့်ရပါစေလေ။
သူ နာရီကို ဖျတ်ခနဲ ကြည့်လိုက်ပြန်သည်။
သူ ကောင်လေးကို မနှိုးရက်ပေမယ့် နှိုးရတော့မှာပဲ။
“ကောင်လေး ထတော့ကွာ၊ ပိုင်းလော့ ခေါ်ရမှာ ထကွာ”
သူ ကောင်လေးပခုံးကို ပုတ်နှိုးတော့ ကောင်လေး ပြူးတူးပြဲတဲနှင့် ထထိုင်သည်။ လက်ခုံဖြင့် မျက်လုံးကို ပွတ်သပ်နေတော့ သူ စိတ်မကောင်း။ ကောင်လေး အိပ်ချင်ရှာမှာပဲ။
ကောင်လေး ဓာတ်မီးလေးကိုင်၊ လမ်းရှင်းကြိမ်ကွင်း ဆွဲပြီး ထွက်သွားတော့ သူ သက်ပြင်းဖွဖွ ချမိသည်။ ကောင်လေး အိပ်ချင်မူးတူးနဲ့ သံလမ်းအတိုင်း လျှောက်သွားမှာလား ဆိုတာကို တွေးမိတော့ ဘူတာ အပြင်ထွက် ဓာတ်မီးနှင့် လှမ်းထိုးကြည့်သည်။ သံလမ်းဘေးကနေ ကောင်လေး ငိုက်စိုက် ငိုက်စိုက်နဲ့ သွားနေတာ တွေ့တော့မှ သူ စိတ်ချသွားသည်။ သံလမ်းအတိုင်း အိပ်ချင်မူးတူး လျှောက်ရင်း ရထား တိုက်သွားတာတွေက ဖြစ်ခဲ့ဖူးတာမို့ သူ စိတ်မချတာလည်း မဆန်း။
ရထားဘူတာ ဖြတ်ခွင့် အချက်ပြ အလံတွေ ပျက်ချင်တိုင်း ပျက်နေချိန်မှာ ကောင်လေးတို့ လမ်းခွဲကိုင်တွေ ပိုင်းလော့ခေါ် (ရထားကြို) ရတာကတော့ ပင်ပန်းလွန်းသည်။ ဒီလို မိန်းလမ်းမှာက တစ်နေ့တစ်နေ့ စုန်ဆန်ရထားတွေက ၁၀ စင်းအထက်မှာ ရှိသည်။ လမ်းခွဲကိုင်တွေခမျာ ဂျူတီလည်း ပြီးရော ကိုယ်လက် မသယ်ချင်တော့။ ကယ်လ်ဗင် (သံလမ်းပြောင်း မျှော်စင်) ကနေ ပွိုင့် (လမ်းပြောင်းလမ်းလွှဲ) ခွဲရတော့လည်း လက်ဖျံ ကြွက်သားတွေ၊ ခါနေအောင် ခွဲရတာမို့ ပင်ပန်းတာပါပဲ။
ဟော ... စက်ခေါင်းသံ ကြားပြီ။ ကောင်လေး လမ်းရှင်းမီးစိမ်း ပြနေရော့မည်။ သူ လမ်းခွဲကိုင် အဘိုးကြီးကို နှိုးမည်ပြုပြီးမှ အိပ်ပါစေ အတွေးဖြင့် မနှိုးတော့။ မော့စ်ရိုက် စက်ခုံပေါ်မှ ဓာတ်မီးလေးနှင့် ပုလင်းကွဲဖန်ပြား အစိမ်း၊ အနီလေး ကိုင်လျက် ဘူတာအပြင် ထွက်သည်။ ပုလင်းကွဲ ဖန်ပြားအစိမ်းကို အသေအချာ ရွေးပြီး ဓာတ်မီးမှန်နှင့် ကပ်ထားလိုက်သည်။ ရထားကြီး တဖြည်းဖြည်း နီးလာတော့ ဓာတ်မီးခလုတ်ကလေးနှိပ်လိုက်သည်။ အားကုန်စ ဓာတ်ခဲဆီက မီးရောင်စိမ်းစိမ်းလေးက ရထားတစ်စင်း ဘူတာငယ်လေး တစ်ခုကို ဖြတ်ကျော်နိုင်လောက် အောင်တော့ စွမ်းဆောင်လိုက်တာပါပဲ။
အမြန်ရထားကြီးလည်း ဖြတ်သွားပြီးရော သူတို့ဘူတာလေးက တိတ်ဆိတ်လို့သွားသည်။ ရထားနောက်ဆုံးတွဲ မီးနီလေး ဝေးဝေးသွားပြီး နောက်ဆုံး ပိုင်းလော့ခေါ်တဲ့ ကောင်လေးလည်း ပြန်ရောက်လာသည်။ ကောင်လေးက ဓာတ်မီးပါလျက်နဲ့ ဓာတ်မီးမထိုး။ ဒီအတိုင်းပဲ စမ်းတဝါးဝါး လျှောက်လာတာမို့ သူ ကောင်လေးကို ဒေါပွသွားသည်။
“မင်းအဘတဲ့ မြွေပါးကင်းပါနဲ့ ဓာတ်မီးလေး ထိုးလာမှပေါ့ကွ”
“ဟာ ... ပိုင်လေးကလည်း ဓာတ်ခဲတစ်လုံး ၈- ကျပ် ချွေတာရတယ်”
ကောင်လေးအဖြေ ကြားတော့ သူ နွမ်းမောသွားသည်။ ကောင်လေး ပြောတာလဲ ဟုတ်တာပါပဲ၊ ဓာတ်ခဲ ဈေးတွေက တဖြည်းဖြည်း ခေါင်ခိုက်လာသည်။ ဒီအတွက် ချွေတာသုံးစွဲရတော့ မြွေကိုက်မှာတောင် ဂရုမစိုက်နိုင်တော့တဲ့ ဘဝတွေ သူ ရင်ထဲ နင့်ခနဲ ဖြစ်လို့သွားသည်။
သူ မောသွားတာလေးကို ဖြေလျော့ဖို့ သောက်ရေအိုးထဲကနေ ရေတစ်ခွက် ခပ်တော့ ရေအိုးထဲမှာ ရေက ဖင်ကပ်။ သူ တစ်ငုံစာလောက်ပဲ ခပ်သောက်သည်။ သောက်ရေတွဲ မလာသေးတာကို သတိရ၏။ ရထားတွေ ရှင်းသွားရင်တော့ ရွာထဲကနေ သောက်ရေတစ်အိုး ထမ်းခိုင်းရဦးမည်။ ဘူတာနဲ့ ရွာလေးကလည်း တစ်မိုင်လောက် ဝေးတာမို့ ရေခပ်ရတာလဲ မလွယ်ပါဘူး။
* * *
၃၂- အစုန်ပါဆယ် ရထားကို သူ (၁) လိုင်း သွင်းထားခိုင်းလိုက်သည်။ တစ်ရက် ပျောက်နေတာတောင်မှ နောက်ကျဝင်လာတဲ့ (၁) အဆန်စာပို့ရထားကို မိန်းလမ်း (၂) လမ်းကနေ တောက်လျှောက် ဖြတ်သန်းသွားဖို့ သူ စီစဉ်ညွှန်ကြား လိုက်သည်။ လမ်းခွဲကိုင်တွေ ပါဆယ်ရထား အလံပြခေါ်သွင်း၊ ပါဆယ်ရထား ဝင်လာတော့ တစ်ယောက်က မိန်းလမ်းပွိုင့် ခွဲထား၊ ဟိုဘက် ဘူတာကြီးကနေ ယာယီ လာဆင်းပေးနေရသည့် လမ်းခွဲကိုင် ကိုသောင်က (၁) အဆန်ရထား ဖြတ်သွားနိုင်ဖို့ တောင်ဘက် အလံတိုင်ထိပ် လမ်းရှင်း ကြိမ်ကွင်းကိုင်လျက် ပြေးလို့သွားသည်။
သူ သူ့တာဝန်ချိန်နှင့် တွဲဖက် လှုပ်ရှားနေတဲ့ လမ်းခွဲကိုင်တွေရဲ့ အလုပ်ပေါ် တာဝန်ကျေမှု၊ မခိုမကပ်၊ ညီအစ်ကိုစိတ် မွေးမှုတွေအပေါ် ကျေနပ်ပီတိ ဖြစ်သွားသည်။
ဒါပေမယ့် သူတို့တွေနဲ့က အမြဲတမ်း တွဲခွင့်ရတာ မဟုတ်။ ဒီကနေ့ပဲ ရက်စေ့လို့ ကိုသောင်က ဘူတာကြီးဆီ ပြန်တော့မည်။ ဒီလိုပါပဲ၊ ၁၅ ရက်လာဆင်း၊ တစ်ယောက်လဲကြ။
သူတို့တစ်တွေ ဘူတာကြီး ပြန်ချင်နေတာလည်း အပြစ်တော့ မဆိုသာပါဘူး။ ဒီဘူတာရုံလေးမှာက ရေတောင် ဝလင်အောင် သောက်ရတာ မဟုတ်တော့ သူတို့ အမြဲတမ်း တာဝန်နဲ့ ဘယ်နေချင် ကြမှာတဲ့လဲ။
ပါဆယ်ရထားကြီး (၁) လမ်း ဝင်လာတဲ့ အခါမှာ ရထားလိုက် စာရေးလေး တွဲပေါ်ကနေ ဖျပ်ခနဲ ခုန်ဆင်းပြီး ကိုယ်လက် အညောင်းဆန့်တာကို သူ ငေးနေမိသည်။ စာရေးလေး ဝတ်ထားတဲ့ ထောင်ကျော်တန် သားရေဂျာကင်၊ ကက်ဂလုပ် ဖိနပ်၊ ရေဘင် မျက်မှန်နဲ့ ကြွကြွရွရွလေး ဖြစ်နေတာ ကို သတိထားမိပြီး သူ့ကိုယ်သူ ပြန်ကြည့်တော့ သိမ်ငယ်သလို ခံစားမိသွားသေးသည်။
ဟော ... (၁) အဆန် စက်ခေါင်း ဥဩသံ။ သူ အလံတုတ် ကိုင်လျက် ပါဆယ်ရထား တွဲချိတ် ကြားကနေ (၂) လမ်းဘက် ခုန်ကူးသွားလိုက်သည်။ စက်ခေါင်းကြီး ဥဩသံ ဆူဆူညံညံနှင့် အဆက်မပြတ် ဆွဲလာတော့ အလံစိမ်းတုတ်ကို ထောင်ထားပေးလိုက်သည်။
ခဏလေးမှာပဲ (၁) အဆန် စာပို့ရထားကြီး ကမူးရှူးထိုး အော်ဟစ်ဖြတ်ပြေးပြီး သူတို့ကို ထားရစ်ခဲ့ပြန်ပြီ။ သူ တာဝန် မပြီးသေး။ ဟိုဘက်ဘူတာကို (၁) အဆန် ဖြတ်သန်းသွားချိန်ပေး။ ဘူတာကြီးဘက်ဆီ ပါဆယ်ရထား လွှတ်ခွင့် ထပ်တောင်း။ လမ်းခွဲကိုင် ကောင်လေးကို ပွိုင့် ပြန်ခွဲခိုင်းထား။ သူ တရစပ်ပဲ လှုပ်ရှားပစ်လိုက်သည်။
ပါဆယ်ရထား ထွက်ခွင့်ရပြီး စက်ခေါင်းကြီး စက်နှိုးလိုက်ချိန်မှာ လမ်းခွဲကိုင် ကိုသောင် တောင်ဘက် အလံတိုင်ကနေ ပြန်ရောက်လာသည်။ ဘူတာထဲဝင်၊ သူ့အဝတ်အိတ်နှင့် အိပ်ရာလိပ်လေး ဆွဲပြီး သူ့ကို နှုတ်ဆက်သည်။ ကိုသောင် ပါဆယ်ရထားနှင့် ပင်မအလုပ်ရှိရာ ဘူတာကြီးဆီ ပြန်တော့မည်လေ။
“ပိုင်လေး ဘာမှာဦးမလဲ၊ အားမနာနဲ့ ပြော”
သူ ကိုသောင့်ကို ခေါင်းယမ်းပြမိသည်။
“ဒီလိုလုပ် ပိုင်လေး၊ မနက်ဖြန် ဆဲဗင်းအပ်ကို စောင့်၊ ကျွန်တော် ပိုင်လေးတို့ အားလုံးစားဖို့ မုန့်ထည့်ပေးလိုက်မယ်”
သူ ကိုသောင်ကို အားနာနေသည်။ ကိုသောင်မှာလည်း သားသမီး တစ်ပုံတစ်ပင်နဲ့မို့ သိပ် အဆင်ပြေလှတာမှ မဟုတ်တာ။
“နေပါစေဗျာ”ဟု သူက ငြင်းသည်။
“ပိုင်လေးတို့နဲ့ စာရင် ကျွန်တော်တို့က ဘူတာကြီးမှာ နည်းနည်းပါးပါး အဆင်ပြေသေးတယ်။ ကဲ- မနက်ဖြန် စောင့်သာနေ။ သွားမယ် ပိုင်လေး၊ ဟေ့ကောင်ကြီး သွားပြီကွ”
ကိုသောင် သူ့ကို နှုတ်ဆက်ရင်းကနေ ခွေခေါက်အိပ်နေသော သူတို့ရဲ့ အဖော် ခွေးအိုကြီးကိုပါ ခြေဦးနဲ့တို့ နှုတ်ဆက်သည်။
ပါဆယ်ရထားကြီး ထွက်သွားပြီ ကိုသောင် လက်ပြသွားတော့ သူ့ရင်ထဲမှာ ဆို့ဆို့နင့်နင့် ဖြစ်သွားသေးသည်။ ၁၅ ရက်လောက် အတူနေထိုင် စားသောက် လုပ်ကိုင်ခဲ့၊ တရင်းတနှီး နေခဲ့သူ တစ်ယောက်နဲ့ ခွဲခွာရဦးမှာပဲ။
ကိုသောင်က နောက် ၄-၅ လလောက်မှ ဒီဘက်ကို အလှည့်ပြန်ကျမှာပါ။ သူ တစ်ချက် ပြန်တင်းလိုက်သည်။ သူနဲ့ သူ့ဘူတာလေးဟာ အတူတူပါပဲ။ ဘူတာလေးကို ရထားတွေ ဖြတ်သွား ထားခဲ့သလို သူ့ကိုလည်း အချိန်တန်တော့ ထားခဲ့ကြတာပါပဲ မဟုတ်လား။
* * *
(၇) အဆန် အမြန်ရထားကြီး သူတို့ဘူတာလေးကို ဖြတ်ကျော်တော့မယ့် အချိန်။ သူ အလံလေးကိုင် စောင့်ချိန်မှာ အရှိန်နဲ့ ပြေးလာတဲ့ ရထားကြီး စက်ခေါင်းပေါ်က အိတ်လေးတစ်လုံး ဝှေ့ယမ်းပြတာ မြင်တော့ ကိုသောင် ပေးလိုက်တဲ့ မုန့်ပဲ ဆိုတာကို သူ ချက်ချင်း စဉ်းစားမိသွားသည်။
စက်ဗိုလ်ကြီးရဲ့အကူ ဆီလောင်းက အထုပ်လေးကို သူ့ဆီ လှမ်းပစ်ပေးတော့ သူ မကောက်အားသေး။ ရထားကြီးက အနှောင့်အယှက် မရှိ ဖြတ်သန်းသွားဖို့ သူ အလံပြချိန်မှ မပြီးဆုံးသေးတာ။ သူ အလံပြလျက်ကနေ အထုပ်လေးဆီ ဖျပ်ခနဲ ကြည့်မိသည်။ မုန့်တီသုပ်လား၊ ချပါတီနဲ့ အာလူးဟင်းလည်း ဖြစ်နိုင်သည်။
ပဲ ပလာတာလည်း ဖြစ်နိုင်တာပဲ။ သူတံတွေးတောင် မျိုမိသွားသည်။ ဒီအချိန်မှာပဲ ...
သူ ထိတ်ခနဲ ဖြစ်သွားသည်။ စက္ကန့်ပိုင်းလေးမှာပဲ အဖြစ်အပျက်တို့က မြန်ဆန်လွန်းသည်။ သူ ဘာလုပ်ရမလဲ။ အလံတုတ်နဲ့ ပစ်ပေါက်လိုက်ရမလား။ သံလမ်းဘေးက ကျောက်ခဲနဲ့ပဲ ပစ်ထုလိုက်ရမလား။
“ဟေ့ကောင် ... သွား ... ရန်လုံ၊ သွားစမ်း”
သူ အစွမ်းကုန် အော်ဟစ်လိုက်ပေမယ့် အထုပ်က ခွေးအိုကြီး ပါးစပ်မှာ ပါသွားလေပြီ။
ရထားထိန်း တွဲလည်း သူ့ကို ဖြတ်သွားရော သူ မနေသာတော့။ ခဲ လေးငါးလုံး ကောက်ပြီး ရန်လုံနောက် အပြေးလိုက်ရင်း အော်သည်။
ကြောင်ငေးနေသော လမ်းခွဲကိုင် ကောင်လေးနှင့် အဘိုးကြီး သတိရဟန်ဖြင့် ဝုန်းခနဲ ထလိုက်သည်။ ခဲနဲ့ထု၊ ဝိုင်းဝန်း ခြောက်လှန့်တော့မှ ခွေးအိုကြီးက အထုပ်ထားပြီး ထွက်ပြေးသွားသည်။
ကောင်လေးက အထုပ်ကို ပြေးကောက်၊ သူ့ကိုပေးတော့ အထုပ်ကို ကမန်းကတန်း ဖြေကြည့်သည်။ အရသာတောင် မေ့ချင်နေပြီ ဖြစ်တဲ့ သူသိပ်ကြိုက်တဲ့ ပဲ ပလာတာတွေ။ ပဲ့ရွဲ့လျက် ခွေးအိုကြီး ပါးစပ်ထဲ တချို့တဝက် ပါသွားပြီ ထင်သည်။
* * *
သူ့ နှုတ်ခမ်းတစ်ဝိုက် ပေကျံနေသော ပဲပြုတ် အစအနများကို ပွတ်သပ်ပြီး ရေတဝ သောက်သည်။
ကောင်လေးနှင့် အဘိုးကြီးကို ကြည့်လိုက်တော့ ပလုပ်ပလောင်းနှင့် သူ့ကို ပြုံးပြတော့ သူလည်း ပြုံးမိသွားသည်။ စောစောက ပင်ပန်းနွမ်းနယ်မှုတွေ၊ စိတ်သောကတွေ အားလုံး မေ့လျော့ကုန် သွားလေသည်။
🔲
ရဲသျှမ်း
ပေဖူးလွှာ၊ မေ၊ ၁၉၉၁။
No comments:
Post a Comment