လက်နှစ်ဖက် (မင်းလူ)
_________________
ကျွန်တော်ဟာ အရက်ကို သိပ်များများစားစား သောက်တတ်တဲ့လူတစ်ယောက် မဟုတ်ဘူး။ စွဲစွဲမြဲမြဲ သောက်လေ့မရှိဘူး။ တခါတလေကြုံတဲ့အခါ အတော်အသင့်သောက်တာလောက်ပဲ။ ဘာ့ကြောင့်လဲ။ အရက်ကို မကြိုက်တတ်လို့လား။ ဒါမှမဟုတ် ကြိုက်လွန်းလို့လား။
နှစ်ခုစလုံးဖြစ်နိုင်တယ်။ ဒီလိုဆိုတော့ ရှင်းပြဖို့ လိုအပ်လာတာပေါ့။
အရက်ကိုမကြိုက်ဘူးဆိုတာ ဖြစ်နိုင်သလားလို့ စဉ်းစားကြည့်ရအောင်။ ဒါ ပထမဆုံးအတွေ့အကြုံနဲ့ ဆိုင်နေမလားပဲ။
ကျွန်တော့်ရဲ့ပထမဆုံးအရက်အတွေ့အကြုံကတော့ ပထမနှစ်တက္ကသိုလ်ကျောင်းသားဘဝကပါပဲ။ သူငယ်ချင်းတစ်ယောက်ရဲ့မိသားစုက အိမ်တစ်လုံးဝယ်တယ်။ မူလအိမ်ကနေ မပြောင်းခင်အတွင်းမှာ ကျွန်တော့်သူငယ်ချင်းက အိမ်သစ်ကို သွားစောင့်အိပ်ရတယ်။ ဒီမှာ သူငယ်ချင်းတစ်စု အဲဒီအိမ်မှာ အရက်ကို စမ်းသပ်ကြဖို့ စီစဉ်ကြတာပဲ။
အိမ်ပိုင်ရှင်သူငယ်ချင်းက အရက်နဲ့ပတ်သက်လို့ သောက်စသောက်နရှိတယ်။ သူ့ကို ဆရာတင်ရတာပေါ့။ သူက လေးယောက်ဆို နှစ်ပုလင်းမှလောက်မယ်လို့ ပြောတယ်။ တကယ်တော့ သူလည်း သိပ်သိတာမဟုတ်ဘူး။ သူ့ဦးလေးငယ်သောက်နေကျ ချက်အရက်ဆိုင်ကိုတော့ သိတယ်။ ဒီလိုနဲ့ အရက်နှစ်ပုလင်းဝယ်၊ စားစရာတွေဝယ်ပြီး သောက်ကြရော။ ရေရောပြီးသောက်ကြည့်တော့ မလွယ်ဘူး။ အနံ့ကလည်း ဆိုးသေးတယ်။
ဆက်မသောက်ဘဲ လက်လျှော့ရမလား။ ဘယ်ဖြစ်မလဲ။ ကုန်အောင်တော့ သောက်ရမှာပဲ။ ရေရောလိုက်ရင် သောက်ရတာ ပိုများလာမယ်။ ဒီတော့ မရောဘဲ ကျိတ်မှိတ်မျိုချ။ မြန်မြန်ကုန် အေးတာပဲဆိုပြီး တစ်ခွက်ပြီးတစ်ခွက် ဆေးမျိုသလို မျိုချလိုက်တာ။ ဘာပြောကောင်းမလဲ။ ဟိုသုံးယောက်ကတော့ မူးပြီး ယိုင်ထိုးကုန်ကြတာလောက်ပဲ။ အဆိုးဆုံးက ကျွန်တော်။ အိမ်ကြီးတစ်ခုလုံး ချာချာလည်နေတယ် ထင်ရတယ်။ အန်လိုက်တာကလည်း တစ်အိမ်လုံး ပေပွနေတာပဲ။ ခံလိုက်ရတာလည်း တော်တော်ဆိုးတဲ့ဒုက္ခ။ ထိုင်လို့မရ၊ ရပ်လို့မရ၊ လှဲအိပ်ပြန်တော့လည်း ခေါင်းကို တူနဲ့ထုနေသလိုဖြစ်ပြီး လူးလိမ့်နေရတယ်။
ကျွန်တော် လန့်သွားတယ်။ အရက်ကို လန့်သွားတာတော့မဟုတ်ဘူး။ အရက်မူးတာကို လန့်သွားတာ။ ဒါကြောင့် နောက်ဆိုရင် အရက်ကို မူးအောင် မသောက်ရဲတော့တာဖြစ်လိမ့်မယ်။ နောက်တစ်ခုက ကျန်းမာရေးနဲ့ပတ်သက်တယ်။ နည်းနည်းပဲသောက်သောက် များများပဲသောက်သောက် နောက်နေ့တစ်နေ့လုံး မစားချင်မသောက်ချင် မအီမလည်ခံရတဲ့ကိစ္စ။ အဲဒါကြောင့် မကြာခဏ မသောက်ဖြစ်တော့ဘူးပေါ့ဗျာ။ ဒီတော့ အရက်ကို မကြိုက်တတ်ဘူးဆိုတာလည်း တစ်နည်းအားဖြင့် မှန်တယ်လို့ ဆိုရပေမှာပဲ။ ကောင်းပြီ။ ဒါဖြင့် အရက်ကိုကြိုက်တတ်လို့ကော ဖြစ်နိုင်သလားဆိုရင် ဖြစ်နိုင်တာပဲလို့ ပြောရမယ်။ စက်ဘီးရယ်၊ အချစ်ရယ်၊ အရက်ရယ်ဟာ တူတဲ့အချက်တွေရှိတယ်။ လူတစ်ယောက်ဟာ မလဲမကွဲဖူးပဲနဲ့ စက်ဘီးမစီးတတ်နိုင်ဘူး။ စီးတတ်သွားပြီဆိုရင်လည်း တစ်သက်လုံး ဘယ်အချိန်စီးစီး တတ်သွားတော့တာပဲ။ စက်ဘီးစီးတဲ့အတတ်ပညာဟာ မေ့လျော့သွားတဲ့ပညာမျိုးမဟုတ်ဘူး။
အချစ်လည်း ဒီလိုပဲ။ အသည်းမကွဲဖူးဘဲနဲ့ ချစ်တတ်ပြီလို့ မဆိုနိုင်ဘူး။ ချစ်တတ်သွားပြီဆိုရင်လည်း တစ်သက်စာပဲ။ အရက်ကျတော့ကော။ အရက်အမူးလွန်တဲ့ဝေဒနာကို မခံစားဖူးဘဲနဲ့ အရက်သောက်တတ်တဲ့သူ မဖြစ်နိုင်ဘူး။ သောက်တတ်သွားပြီဆိုရင်လည်း တစ်သက်လုံး မမေ့နိုင်တော့ဘူး။ ရောဂါရလို့ဖြစ်စေ တခြားအကြောင်းကြောင့်ဖြစ်စေ အရက်ဖြတ်ထားတဲ့လူတွေဟာ အရက်ကိုမမုန်းနိုင်ဘဲ မတတ်သာ ခပ်ခွာခွာနေကြဦးစို့လို့ သဘောထားကြတာ တွေ့ဖူးတယ်။
ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဆိုရင် အရက်သောက်လွန်းလို့ ရောဂါရနေတာတောင် အရက်ကို စွဲလန်းနေတုန်းပဲ။ နောက်ဆုံး အစာမဝင်တော့ဘဲ သေအံ့မူးမူးဖြစ်နေတဲ့အချိန်မှာတောင် ဂွမ်းစလေးမှာ အရက်ဆွတ်ပြီး နှုတ်ခမ်းကို တို့တို့ပေးရတယ်။ အဲဒီလောက်အထိတော့ ကျွန်တော်မဖြစ်ချင်ဘူး။ နည်းနည်းပါးပါးနဲ့ အန္တရာယ်ကင်းကင်း တစ်သက်လုံးသောက်သွားရရင် မကောင်းဘူးလား။
ဘာ့ကြောင့် အရက်ကို နည်းနည်းပဲသောက်တာလဲလို့မေးရင် အရက်ဖြတ်ရမှာစိုးလို့လို့ ဖြေမှာပဲ။ ဒါ့ကြောင့် ချွေချွေတာတာပဲ သောက်တယ်။ မိန်းကလေးတစ်ယောက်ကို မြတ်နိုးလွန်းအားကြီးလို့ မထိရက်မကိုင်ရက်ဘဲ ဆံပင်ကလေးကိုသာ ပွတ်သပ်နေမိတာနဲ့ အတူတူပဲလေ။
ကျွန်တော်က အရက်ကို တစ်ယောက်တည်း မသောက်ဘူး။ အဖော်နဲ့မှ။ အဖော်ဆိုရာမှာလည်း လူရွေးရသေးတယ်။ မူးရင် သွေးဆိုးတဲ့လူ၊ ရစ်တတ်တဲ့လူ၊ တစ်ဆိုင်တည်းမပြီးဘဲ တစ်နေရာပြီးတစ်နေရာ လိုက်လျှောက်သောက်တတ်တဲ့လူ၊ တစ်လောကလုံးမှာ သူတစ်ယောက်သာ ကံအဆိုးဆုံးဆိုပြီး တစ်ချိန်လုံး ညည်းညူနေတတ်တဲ့လူ၊ မူးလာရင် ဝမ်းနည်းစရာရှာကြံပြီး ရှိုက်ကြီးတငင်ငိုတတ်တဲ့လူ၊ အဲဒါမျိုးတွေကို ရှောင်ရတယ်။ နောက်ပြီး ကိုယ်လေးစားရတဲ့သူ၊ ကိုယ်ကြောက်ရတဲ့သူနဲ့လည်း မသောက်ချင်ဘူး။ အဲဒီပုဂ္ဂိုလ်မျိုးနဲ့ တစ်ဝိုင်းတည်းထိုင်ရတဲ့အခါ ကိုယ်က နားထောင်သမားသက်သက်ဖြစ်သွားရော။
ရိုသေထိုက်တဲ့လူရှေ့မှာ အရက်ဖန်ခွက်ကိုကိုင်ပြီး မော့ရတာကလည်း စိတ်ကျဉ်းကျပ်စရာပဲ။ တစ်ပုလင်းထဲကအရက်ကို ခွက်ပြိုင်သောက်ရတာကိုက သူတို့ကို စော်ကားသလိုများ ဖြစ်နေမလားဆိုတဲ့အတွေးနဲ့ သောက်ရတာ မလွတ်လပ်တော့ဘူး။ စကားမှားမှာလည်း ကြောက်ရသေးတယ်။ ဒါကြောင့် အရက်သောက်ရင် သူငယ်ချင်းတွေနဲ့ပဲ သောက်တယ်။ သူငယ်ချင်းဆိုတော့ ရစ်တဲ့ကောင်ပါလည်း ဟောက်ပစ်လို့ရတယ်။ သွေးဆိုးလာရင် ဝိုင်းထိန်းလို့မရရင် ဆွဲထိုးပစ်လိုက်။ ရတယ်။ သူငယ်ချင်း ဆိုတာတောင် တစ်ခါတစ်ခါ နာလောက်တဲ့စကားတွေ ပြောမိတတ်ကြသေးတယ်။ သို့ပေမယ့် တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိကြတဲ့လူတွေမို့ စိတ်ဆိုးလည်း ခဏပဲလေ။
စိတ်ညစ်လို့ အရက်ကိုသောက်တယ်ဆိုတာ ကျွန်တော် လက်မခံဘူး။ အရက်သောက်ရင် စိတ်ညစ်ပြေတယ်ဆိုတာ မယုံကြည်ဘူး။ ကျွန်တော် စိတ်ညစ်ရင် စာဖတ်တယ်။ အရက်က အပျော်သောက်တာ အကောင်ဆုံးပဲ။ အဲ .. တစ်ခါတစ်ခါ ခေါင်းရှုပ်လာတဲ့အခါမှာတော့ နည်းနည်းပါးပါးသောက်ပြီး တဒင်္ဂလောက် စိတ်အပန်းဖြေရတာတော့ မဆိုးပါဘူး။ အရက်ကလေးတစ်ခါသောက်ဖို့အရေး ဟိုရှောင်ရ ဒီရှောင်ရ။ ဟိုစည်းကမ်း ဒီစည်းကမ်းတွေ ထုတ်လိုထုတ်နဲ့၊ တော်တော်ကြီးကျယ်တဲ့ကောင်လို့ ထင်ကြမှာပဲ။ ဒီလောက် စိစိစစ်စစ်လုပ်တာတောင် စိတ်မချမ်းမြေ့စရာအဖြစ်နဲ့ ကြုံဖြစ်အောင်ကြုံရသေးတယ်။ ကျွန်တော်ပဓာနထားပြီး ပြောပြချင်တာက အဲဒီအကြောင်းပါပဲ။
တစ်ရက်မှာ တက္ကသိုလ်မှာတုန်းက တစ်ခန်းတည်းနေခဲ့တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့တယ်။ သိပ်ပြီးခင်ခဲ့ကြတာ မဟုတ်ပေမယ့် ခုလို နှစ်တွေကြာမှ ပြန်ဆုံတော့ ဟိုအကြောင်းဒီအကြောင်းလေးတွေ ပြောချင်လာကြတာပေါ့။ သူကပဲ စပြီး " နည်းနည်းသွားသောက်ရအောင်ဗျာ "လို့ ပြောတယ်။ ဒါနဲ့ အလယ်အလတ်တန်းအဆင့်လောက်ရှိတဲ့ ဆိုင်တစ်ဆိုင်ကို ရောက်သွားကြတယ်။
ဖြစ်ချင်တော့ ဟိုမှာရောက်နှင့်နေတဲ့ လူနှစ်ယောက်နဲ့ သွားဆုံတယ်။ ကျွန်တော့်သူငယ်ချင်းရဲ့လုပ်ဖော်ကိုင်ဖက်တွေလို့ ဆိုတာပဲ။ သူတို့က အတင်းဖိတ်ခေါ်တာနဲ့ သူတို့ဝိုင်းထဲ ဝင်ထိုင်မိကြတယ်။ သူငယ်ချင်းက အဲဒီနှစ်ယောက်နဲ့ မိတ်ဆက်ပေးတယ်။ တစ်ယောက်က ကျွန်တော့်ဝတ္ထုတွေ ဖတ်ဖူးတယ်။ လေးလေးစားစားပဲ။ နောက်တစ်ယောက်ကတော့ ကျွန်တော့်ရဲ့နာမည် ကြားဖူးတယ်လို့ပြောတယ်။ သူကလည်း လူအေးတစ်ယောက်ပါပဲ။ ဘာပြဿနာမှမရှိဘူး။ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက် ရှေးဟောင်းနှောင်းဖြစ်တွေ ပြောနေကြတာကို သူတို့နှစ်ယောက်က စိတ်ဝင်စားစွာနားထောင်ကြတယ်။ အေးအေးချမ်းချမ်းပဲ။
ဒီအချိန်မှာ ဆိုင်ထဲကို လူတစ်ယောက် ဝင်လာတယ်။ ပုံစံက သားသားနားနားမဟုတ်ပေမယ့် ငွေကြေးချောင်လည်နေတဲ့လူမှန်း သိသာတယ်။ လူက တုတ်တုတ်ခိုင်ခိုင်၊ ဗိုက်နည်းနည်းရွှဲနေပြီ။ အသားအရည် ပွစိစိနဲ့မို့ အရက်သမားမှန်းတော့ သိသာတယ်။ အခုလည်း တစ်နေရာရာမှာသောက်ပြီး မဝလို့ ဒီကိုဝင်လာတာထင်တယ်။ ဆိုင်ကယ်ဦးထုပ်ကို လက်က ကိုင်လာတယ်။ ကျွန်တော့်သူငယ်ချင်းကိုမြင်တော့ " ဟာ .. အတော်ပဲ "ဆိုပြီး ကျွန်တော်တို့ဝိုင်းမှာ ထိုင်လိုက်တယ်။ ကျွန်တော့်သူငယ်ချင်းက မိတ်ဆက်ပေးတယ်။ သူက သံနန်းဆွဲလုပ်ငန်းလုပ်နေတယ်လို့ သိရတယ်။
" အိုကေ ... ဒီဝိုင်းကို ကျွန်တော်ဝယ်လိုက်ပြီ "
သူက ပြောတယ်။ သဘောကတော့ ဒီဝိုင်းအတွက် ကျသင့်ငွေကို သူ ရှင်းမယ်ပေါ့။ ကျွန်တော့်စိတ်ထဲက ထင့်ခနဲဖြစ်သွားတယ်။ အဲဒီလူမျိုးက ကြောက်ဖို့ကောင်းတယ်။ ဒီဝိုင်းအတွက် သူက ငွေရှင်းမှာဖြစ်တဲ့အတွက် သူဟာ ဝိုင်းရဲ့အရှင်သခင်ဖြစ်သွားပြီ။ ဒီတော့ အားလုံးက သူ့ကို ဦးစားပေးရမယ်။ ကျန်တဲ့သူအားလုံးကို သူက အထက်စီးက ဆက်ဆံမယ်။ ဒါပဲ။
ဟုတ်လည်းဟုတ်တယ်။ သူ့လေသံကိုက ခပ်မာကျောကျော။ သူကချည်း စကားတွေပြောတယ်။ ကျွန်တော့်ကိုလည်း " ခင်ဗျားတို့စာပေလောကမှာ ရှဲဒိုးတွေသောင်းကျန်းနေတယ်ဆို "လို့ မေးတယ်။
ကျွန်တော်က ပြန်ရှင်းပြတယ်။ သို့ပေမယ့် ကျွန်တော့်စကားကို ဆုံးအောင်နားမထောင်ဘူး။ သူပြောချင်တာ ဆက်ပြောတယ်။
" ခင်ဗျားတို့စာရေးဆရာတွေက လက်ကြောတင်းအောင် မလုပ်ဘဲနဲ့ အချောင်ပိုက်ဆံလိုချင်တာကိုးဗျ "
ကျွန်တော့်မျက်နှာ တင်းခနဲဖြစ်သွားတာ ကိုယ့်ကိုယ်ကို သိလိုက်တယ်။ သူငယ်ချင်းကို အားနာလို့သာ အောင့်ခံလိုက်ရတယ်။ သူငယ်ချင်းက ကြားဝင်ဖို့ကြိုးစားတယ်။
" ဒီလိုရှိပါတယ်လေ။ စာရေးဆရာအများစုကတော့ လေးစားစရာ.... "
သူငယ်ချင်း စကားဆုံးအောင်ပြောခွင့်မရ။ ထုံးစံအတိုင်း ဟိုလူက သူပြောချင်တာတွေကိုပဲ ဖြတ်ပြောသည်။
" ဘာထူးလဲ။ တောင်ရေးမြောက်ရေး ပေါက်ကရတွေ လျှောက်ရေးနေကြတာပဲ "
" ဒီမှာ မိတ်ဆွေ "
ကျွန်တော်က ခပ်ဆတ်ဆတ်လေသံနဲ့ ခေါ်လိုက်တယ်။ သူက ကျွန်တော့်ကိုကြည့်ပြီး " ဘာလဲ။ ဒီဝိုင်းကို ကျွန်တော်ဝယ်ထားတယ်ဆိုတာ သတိပြုဦးနော် "
" ခင်ဗျား ဝိုင်းကိုသာ ဝယ်လို့ရမယ်။ လူကို ဝယ်လို့မရဘူး။
" ရတာပေါ့။ သိပ်ရတာပေါ့ "
" တခြားလူတွေကို ဝယ်လို့ရချင်ရမယ်။ ကျုပ်ကို ဝယ်လို့မရဘူး။ ဒီမှာ ဒီဝိုင်းကို ခင်ဗျား ငွေရှင်းစရာမလိုဘူး။ ကျုပ်ရှင်းမယ် "
သူက ဟဲခနဲ တစ်ချက်ရယ်လိုက်ပြီးတော့ " ကျွန်တော်ဝယ်ထားပြီးသားပဲ။ ခင်ဗျားလိုချင်ရင် ကျွန်တော့်ဆီက ပြန်ဝယ်လေ။ ဘယ်လောက်ပေးနိုင်သလဲ "
ကျွန်တော့်ပုံစံကိုကြည့်ပြီး အထင်သေးပုံရတယ်။ ဒီဝိုင်းက သုံးရာကျော်လောက်ကျမယ်လို့ ခန့်မှန်းရတယ်။ ကျွန်တော့်လွယ်အိတ်ထဲမှာ ငွေတစ်ထောင်ပါတယ်။ နေ့လည်ကပဲ ထုတ်ဝေသူဆီက ယူလာတာ။ ကျွန်တော်ဟာ ဒီတစ်ဝိုင်းစာလောက်ငွေကို တစ်ထိုင်တည်း ဖြုန်းနိုင်တဲ့လူမဟုတ်ပါဘူး။ သို့ပေမယ့် ဒီလိုကောင်မျိုးကျောတာတော့ မခံဘူးကွာဆိုတဲ့မာနက ထောင်းထောင်းထလာတော့ " ကျသင့်ငွေရဲ့ နှစ်ဆပေးမယ် "
" ဒီလောက်မလိုချင်ပါဘူးဗျာ။ ဒီလိုလုပ်လေ။ ခင်ဗျားနဲ့ကျွန်တော် ပညာပြိုင်ရအောင်။ ရှုံးတဲ့လူက ငွေရှင်းလိုက်ပေါ့။ မကောင်းဘူးလား "
အဲဒီအခိုက်အတန့်မှာ ကျွန်တော်ရူးသွားတယ်လို့ ထင်ကြမှာပဲ။ ဘာ့ကြောင့်လဲဆိုတော့ " ခင်ဗျားနဲ့ကျွန်တော် လက်လှဲမယ် "လို့ ကျွန်တော်ပြောလိုက်လို့ပါပဲ။ ကျန်တဲ့လူတွေ ဟာခနဲ ဖြစ်သွားတယ်။
ကျွန်တော့်သူငယ်ချင်းက " ဘယ်ဖြစ်မလဲဗျာ။ အင်အားချင်းမှ မမျှတာ "
ကျွန်တော်က " ဒီမှာဗျ။ နိုင်လောက်တယ်ထင်လို့ ပြိုင်ရဲတာ သတ္တိမဟုတ်ဘူးဗျ။ ရှုံးမယ်မှန်းသိရက်နဲ့ ယှဉ်ပြိုင်ရဲတာကိုမှ သတ္တိလို့ခေါ်တယ် "
" ကြိုက်ပြီဟေ့။ ဒါပေမဲ့ ခင်ဗျားကို တစ်မောင်းအကျောပေးပါတယ် "ဆိုပြီး ဟိုလူက စားပွဲပေါ် တံတောင်ကိုထောက်ပြီး အသင့်ပြင်ထားလိုက်တယ်။
" မလိုပါဘူး "လို့်ပြောပြီး ကျွန်တော်က သူ့လက်ဝါးကို ဆုပ်ကိုင်လိုက်တယ်။
လက်ချင်းယှဉ်လိုက်တော့ တခြားစီပဲ။ ကျွန်တော့်လက်ဖဝါးနဲ့လက်ချောင်းတွေက သူ့လက်ထဲမှာ နစ်မြုပ်သွားတယ်။ လက်ဖျံချင်း ယှဉ်လိုက်တော့လည်း သစ်ကိုင်းကြီးတစ်ကိုင်းကို ဝါလုံးကလေးနဲ့ ထောက်ထားသလိုဖြစ်နေတယ်။
" ကဲ .. တစ် .. နှစ် ... သုံး ..... စပြီ "
သူက အလွယ်တကူနိုင်မယ်ဆိုတာ သိနေတော့ အားမစိုက်ဘဲ အသာကလေးတောင့်ခံထားတယ်။ ကျွန်တော်က အတင်းဖိတွန်းထားပေမယ့် အလကားပဲ။ သူက ပြုံးပြုံးလေးကြည့်ရင်းက ကျွန်တော့်ဘက်ကို တဖြည်းဖြည်းဖိချလာတယ်။ ကျွန်တော်အားစိုက်ပြီး ခံထားပေမယ့် မရဘူး။ တဖြည်းဖြည်း ကျလာပြီ။ ကျွန်တော့်စိတ်ထဲမှာလည်း ရှုံးမယ်ဆိုတာ သိပြီးသားပဲ။ သို့ပေမယ့် ကြာနိုင်သမျှကြာအောင် တောင့်ခံထားဖို့ ကြိုးစားတယ်။ ကျွန်တော့်လက်ဟာ တဖြည်းဖြည်း ယိုင်ကျလာတယ်။ သူ့အနေနဲ့လည်း သိပ်လွယ်လွယ်ကူကူတော့ မရဘူးဆိုတာ သိသွားတယ်နဲ့တူပါတယ်။ ပေါ့ပေါ့ဆဆမဟုတ်တော့ဘဲ အင်အားကို ပြည့်ပြည့်ဝဝသုံးလာတယ်။ ကျွန်တော် အံကြိတ်ပြီး တင်းခံရင်းက လက်တွေ တဆတ်ဆတ်တုန်လာတယ်။ ကျွန်တော့်လက်ဟာ စားပွဲမျက်နှာပြင် ကိုထိဖို့ လက်နှစ်လုံးလောက်ပဲ လိုတော့တယ်။
လူမှာ အရေးပေါ်အင်အားဆိုတာရှိတယ်။ သာမာန်အချိန်မှာ ငုပ်လျှိုးနေတတ်ပြီး အရေးအကြောင်းရှိမှ ရုတ်တရက်ပေါ်ထွက်လာတတ်တဲ့အားမျိုးပဲ။ သာမာန်အချိန်မှာ ဘယ်လိုမှ လွတ်အောင်မကျော်နိုင်တဲ့ အတားအဆီးတစ်ခုခုကို သေပြေးရှင်ပြေးပြေးနေရတဲ့အချိန်မှာ လွှားခနဲခုန်ကျော်နိုင်တဲ့ သဘောမျိုးပဲ။ ခုလည်း ကျွန်တော့်မှာ အရေးပေါ်အင်အား ဝင်လာတယ်။ တစ်ကိုယ်လုံးမှာရှိတဲ့အားတွေကို လက်ဖျံဆီ စုပြုံပို့လိုက်ပြီး ဆတ်ခနဲ မတင်လိုက်တယ်။ ဟင်ခနဲ ရေရွတ်သံတွေနဲ့အတူ ကျွန်တော့်လက်ဟာ ပြန်မတ်လာတယ်။ ထောင့်မှန်အခြေအနေကို ပြန်ရောက်လာပြီ။
သူ အရမ်းအံ့သြသွားတယ်။ မထင်မှတ်တဲ့အခြေအနေကိုး။ တစ်ပြိုင်နက်တည်းမှာ စိုးရိမ်တဲ့အရိပ်အယောင်တွေ သူ့မျက်လုံးမှာ ပေါ်လာတယ်။ ဒါကို အခွင့်ကောင်းယူပြီး သူ့ကို မမှိတ်မသုန် စိုက်ကြည့်နေလိုက်တယ်။ စိတ်ဓာတ်ရေးရာအရ ကျွန်တော်က အထက်စီးရောက်သွားပြီ။ ရှိသမျှအားကို ဖျစ်ညှစ်ထုတ်ပြီး သူ့လက်ကို ဖိတွန်းလိုက်တယ်။ ကျွန်တော့်ကိုယ်ကျွန်တော်လည်း အံ့သြပါရဲ့။ သူ့လက်ဟာ လေးဆယ့်ငါးဒီဂရီလောက် စောင်းကျသွားပြီ။ သူ ထိတ်လန့်တုန်လှုပ်လာပြီး မျက်နှာပေါ်မှာ ချွေးသီးချွေးပေါက်တွေ စို့ထွက်လာတယ်။ တကယ်တော့ သူဟာ စိတ်ဓာတ်ကြံ့ခိုင်သူတစ်ယောက် မဟုတ်ဘူး။ နည်းနည်းလေးအားနိမ့်တာနဲ့ စိတ်ဓာတ်ကျသွားတာကို သိလိုက်တယ်။ ကျွန်တော် နောက်တစ်ကြိမ် ဖိချလိုက်တဲ့အခါ သူ့လက်ဟာ စားပွဲမျက်နှာပြင်ပေါ်ကို ကျသွားတော့တယ်။
စက္ကန့်ပိုင်းလောက် ငြိမ်သက်တိတ်ဆိတ်နေပြီးမှ လက်ခုပ်သံတွေ ဆူညံစွာထွက်ပေါ်လာတယ်။ ဒီတော့မှ တခြားဝိုင်းကလူတွေလည်း ကျွန်တော်တို့ပွဲကို စိတ်ဝင်စားစွာ ကြည့်နေကြတယ်ဆိုတာကို သိရတော့တယ်။ ကျွန်တော့်သူငယ်ချင်းကတော့ ဟန်မဆောင်တော့ဘဲ ကျွန်တော့်ကို လက်ဆွဲနှုတ်ဆက်လိုက်တယ်။ ဟိုလူကတော့ မျက်စိမျက်နှာ အကြီးအကျယ်ပျက်နေပြီ။ ဂျင်းဘောင်းဘီအိတ်ထဲက ကိုးဆယ်တန်ငွေစက္ကူ လေးငါးရွက်ကို ထုတ်ပြီး စားပွဲပေါ် ပစ်ချတယ်။ ပြီးတော့ အမြဲအနိုင်ယူချင်တတ်တဲ့လူတွေရဲ့ ထုံးစံအတိုင်းပဲ " ကျုပ်က ခင်ဗျားကိုသနားလို့ ပေးလိုက်တယ်လို့ မှတ်ထားပါ "လို့ ပြောပြီး ထထွက်သွားတယ်။ ကျွန်တော်ကတော့ သူ့ကို ဘာ့ကြောင့်အနိုင်ရလိုက်တာလဲဆိုတာကို စဉ်းစားအဖြေရှာကြည့်နေမိတယ်။
--------------------------
#(မင်းလူ)
ရုပ်ရှင်အမြုတေ၊ မေ၊ ၁၉၈၉။
#@Aung Tun Oo~ပြန်လည်မျှဝေပါသည်။
No comments:
Post a Comment