Mar 13, 2017

အဝါရောင်ရထား

အဝါရောင်ရထား (ဂျူး)
------------------------
မူယာနှင့် နောက်ဆုံး ဆုံဖြစ်ခဲ့သည့်နေ့က ကောင်းကင်သည် အချိန်အခါ မတိုင်သေးဘဲ အနီရောင် လွှမ်းနေခဲ့သည်။ ထိုအနီရောင် နောက်ခံပေါ်မှာ အနက်ရောင် ငှက်တစ်အုပ် မြောက်အရပ်မှ တောင်အရပ်သို့ ပြန့်ကျဲစွာ တိတ်ဆိတ်စွာ ပျံသန်းသွားခဲ့သည်။ ထိုနေ့ကို ကျွန်မဘယ်တော့မှ မေ့နိုင်တော့မည် မဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ အနီရောင်ကောင်းကင် အနောက်ခံနှင့် အနက်ရောင်ငှက်များသည် ထိတ်လန့်တုန်လှုပ်စွာ ဝေခွဲရခက်လှသော စိတ်ကူးကမ္ဘာသစ် တစ်ခု၏ ရှေ့ပြေးနိမိတ်တစ်ခုဟု ကျွန်မ လက်ခံလိုက်ရသောကြောင့် ဖြစ်ပါသည်။
ထိုညနေက မြက်တောကွင်းပြင်တွင် ပုစဉ်းတွေလည်း ပျံဝဲနေခဲ့ပါသည်။ သူတို့က တော်တော်နိမ့်နိမ့် ပျံသန်းကြသဖြင့် ကျွန်မတို့ လမ်းလျှောက်နေရင်း အသာလွှဲလိုက်သော လက်တို့ဖြင့် အလိုက်သင့် လှမ်းဖမ်းဆုပ်လို့တောင် ရနိုင်ပါသည်။ မြက်ခင်းသည် နှင်းငွေ့ဖြင့် စိုစွတ်နေခဲ့သည်။ မြက်ရွက်များပေါ် နင်းလျှောက်သောအခါ ကျွန်မ၏ ဖိနပ်လွတ်နေသော ခြေချောင်းဖျားကလေးတွေ၌ စိုစွတ်မှုကို အေးစက်စက်ရှတတ အရသာနှင့်အတူ ခံစားနေခဲ့ရသည်။ ကျွန်မတို့၏ ဘေးမှာ ဘယ်ဆီကို သွားမှန်းမသိသော ရထားသံလမ်းဟောင်းတစ်ခု ရှိသည်။ သံလမ်းဟောင်းဟု ပြောရသည်က ကျွန်မမကြာခဏ လမ်းလျှောက်လေညင်းခံရင်း ကြုံမိသမျှ ဘယ်တုန်းကမှ ထိုသံလမ်းပေါ်မှာ ရထားတစ်စီး ဖြတ်သွားသည်ကို မတွေ့ခဲ့ရဖူးသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့်လည်း ရထားသံတစ်ခုကို ကျွန်မအာရုံ၌ ခပ်သဲ့သဲ့ ကြားလိုက်ရသောအခါ
စိတ်လှုပ်ရှား သွားခဲ့သည်။ ကျွန်မတို့နှင့် မျက်နှာချင်းဆိုင် ကောင်းကင်အပြာရောင်ထဲမှ ရုတ်တရက်ဖောက်ထွက် လာသလိုပဲ ရထားတစ်စီး လာနေခဲ့ပါသည်။
* * *
ထိုနေ့လယ်ခင်းလေးက ကျွန်မအလုပ်လုပ်သော ဆေးရုံသို့ မူယာ ရောက်ရှိလာချိန်တွင် ကျွန်မက ဆေးရုံကြီး အုပ်ချုပ်ရေးဌာနသို့ အလှူငွေများ သွားအပ်လုဆဲဆဲ ဖြစ်သည်။ ကျွန်မ၏ လက်ထဲတွင် မကြာသေးမီကမှ ရေတွက်ထားသော ငွေတစ်သောင်းခွဲ နှစ်ထုပ် ရှိနေသည်။
"နီလာ ... ဘယ်သွားမလို့လဲ"
မူယာသည် ကြော့ရှင်းလှပသော ကိုယ်ခန္ဓာကို အသက်လေးဆယ် ကျော်သည်အထိ ထိန်းထားနိုင်ဆဲဖြစ်သည်။ တကယ်ဆို မူယာကလည်း သမီးနှစ်ယောက် အမေ၊ ကျွန်မကလည်း သားနှစ်ယောက် မအေ၊ အသက်ချင်း အတူတူ၊ အိမ်ထောင်မိခင် ဖြစ်တာချင်း အတူတူ ကိုယ်ခန္ဓာချင်းကျတော့ တော်တော်ကွာလေသည်။ ကျွန်မသည် မူယာအားပြုံး၍ ကြိုဆိုလိုက်ရင်း ကျွန်မ၏ ခပ်ဖိုင့်ဖိုင့်လုံးလုံး ကိုယ်ခန္ဓာကို မသိမသာငုံ့ကြည့်ကာ ရယ်ချင်သွားပါသည်။
"အလှူငွေ သွားအပ်မလို့ပါဟာ … သိပ်မကြာပါဘူး၊ ထိုင်ဦး"
ကျွန်မစားပွဲရှေ့က ကုလားထိုင်တွင် မူယာ ဝင်ထိုင်လိုက်သည်။ မူယာနားက နားကပ်သည် အရင်တစ်ခါ လာတုန်းကလို ငါးလုံးတွဲ စိန်ပွင့်ကလေးများ မဟုတ်တော့ဘဲ ခပ်သေးသေး တစ်လုံးတည်း စိန်နားကပ် ဖြစ်သွားသည်။ ရှေးတုန်းက စိန်ဖြစ်မှာပါပဲ။ သူ့မျက်နှာ လှုပ်ရှားလိုက်သည့်အခါ ထိုစိန်နားကပ်လေးက အလင်းရောင်ဖြာကာ လက်ခနဲ လက်ခနဲ ဖြစ်သွားပုံက ငြိမ်ငြိမ်သက်သက် လှလှကလေး။
"ဘာအလှူငွေတွေလဲ …"
ကျွန်မသည် ထွက်သွားတော့မည့် ခြေလှမ်းကို ပြန်ရုတ်သိမ်းကာ စားပွဲဘေးမှာ ခဏရပ်မိ၏။ မူယာများ အလှူငွေ ထည့်ချင်စိတ် ပေါ်မလားဟူသော မျှော်လင့်ချက်နှင့် ဖြစ်သည်။
"တစ်ခုက ဆေးရုံကြီး နေ့စဉ် လူနာထမင်းစရိတ်ပေါ့ဟာ၊ အိမ်ကနေ လာမပို့နိုင်တဲ့ လူနာတွေ အများကြီးဟ၊ တချို့က နယ်ကလာတဲ့ ဆင်းရဲသားတွေမို့၊ တချို့က ရန်ကုန်ကပဲ၊ ဒါပေမဲ့ အစွန်အဖျားက လာတက်တဲ့ ဆင်းရဲသားတွေမို့ပေါ့၊ အဲလိုလူနာတွေကို နေ့စဉ်ဆေးရုံက ကျွေးရတယ်လေ၊ အာဟာရပြည့်ရုံ ဟင်းအသင့်အတင့်နဲ့ ဆိုရင် တစ်နပ်စာကို ငွေသုံးထောင်ကျမယ်၊ ငါ့တပည့်လေးတွေ သူတို့နီးစပ်ရာ အချင်းချင်း စုလှူထားတာက ဒီဘက်က တစ်သောင်းခွဲ"
မူယာအား တစ်သောင်းခွဲအထုပ်ကို ပြလိုက်သည်။
"နောက်တစ်ခုက ဆေးဝယ်ဖို့ လှူတဲ့ပိုက်ဆံ၊ ဆေးရုံကြီးမှာ စရိတ်မျှပေး ကျန်းမာရေးဆိုတဲ့ သက်သာဆေးဆိုင် တစ်ခုရှိတာ နင်သိလား"
မူယာကြားဖူးရုံပဲ ကြားဖူးမှာပါ။ သူတို့သည် ပြည်သူ့ဆေးရုံကြီးတွေထက် ပုဂ္ဂုလိကဆေးရုံတွေနှင့် ပိုနီးစပ်သည်။ တလောတုန်းက မူယာ့ခင်ပွန်း အဖျားကြီး၍ ဆေးရုံတင်လိုက်ရသည်မှာ အာရှတော်ဝင် အထူးကုဆေးရုံကြီးမှာ ဖြစ်သည်။
"တချို့လူနာတွေ ဆင်းရဲလိုက်ပုံများ … အဲဒီဆေးတွေတောင် မဝယ်နိုင်ဘူး၊ သနားစရာ အကောင်းဆုံးက ကလေးလေးတွေပဲ၊ ဝမ်းလျှောဝမ်းပျက်ရောဂါ ဖြစ်မယ်၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်မယ်၊ အဖေအမေက ဆင်းရဲတော့ ဆေးဖိုးရှာကြံနေရတယ်၊ အဲဒီအချိန်မျိုးမှာ ကိုယ့်ဆီမှာ ဆေးအဆင်သင့် ရှိနေဖို့ လိုတယ်၊ ဒီတော့ အလှူခံရတာပေါ့ မူယာရယ်၊ နင်ရော လှူသွားချင်လား"
မူယာတွေသွားသည် ။
မူယာသည် သဒ္ဓါတရား တွန့်တိုသူတော့ မဟုတ်ပါ။ တစ်ခါတုန်းက ရွှေတိဂုံဘုရားသို့သွားရင်း ထီးတော်တင်ပွဲအတွက် သူ့ပတ္တမြားလက်စွပ်ကို ချွတ်လှူခဲ့ဖူးသူဖြစ်ပါသည်။
"ကုသလို့ အလွန်လွယ်တဲ့ ရောဂါလေးတွေကို မကုနိုင်လို့ သေသွားရတဲ့ ကလေးတွေရဲ့ ဘဝဟာ ဘယ်လောက်ရင်နာဖို့ ကောင်းသလဲ။ လိုသမျှ ပိုက်ဆံကလဲ သိန်းဂဏန်းမဟုတ်၊ သောင်းဂဏန်းမဟုတ်၊ ထောင်ဂဏန်းလေးပဲ၊ ဒီတော့ချမ်းသာတဲ့လူမှ လှူနိုင်တာ မဟုတ်ဘူလေ၊ သာမန်သူလိုကိုယ်လို လူထဲကပဲ စေတနာရှင်တွေက လှူနိုင်တာပဲ"
မူယာ ရယ်မောပါသည်။
"ဪ… စိတ်ရှုပ်လို့ အိမ်က ထွက်လာပါတယ်၊ လူမှုရေး ဟောနေပြန်ပြီ၊ နီလာ … နင်ဟာလေ သူများအပူ ကိုယ့်အပူ တော်တော်လုပ်နိုင်တဲ့ မိန်းမ"
ကျွန်မခေါင်းယမ်းရင်း ရယ်မောလိုက်ရပါသည်။ ဒါဖြင့် မူယာ ဒီကိစ္စကို စိတ်မဝင်စားဘူးပေါ့။
"ဒါဖြင့် … နင်ဒီမှာ ခဏထိုင်ခဲ့ဦး၊ ငါဒီငွေတွေ သွားအပ်လိုက်ဦးမယ်၊ မကြာဘူးနော်"
"အေး"
ကျွန်မအလှူငွေအပ်ပြီး ပြန်လာသောအခါ မူယာသည် ကျွန်မ၏ စာအုပ်ဗီရိုကို စူးစမ်းလေ့လာနေခဲ့၏။ ဆေးရုံနှင့်စာအုပ် ဘာဆိုင်သလဲဟု မူယာက မေးလာခဲ့လျှင် ကျွန်မရှင်းပြစရာတွေ ရှိပါသည်။ ကျွန်မတို့သည် ဆေးရုံတာဝန် ဆေးခန်းတာဝန် လူတွေကို ကျန်းမာရေးအသိ၊ လူမူရေးအသိရှိအောင် ပညာပေးဆွဲဆောင်ဖို့ အချိန်မရပါ။ လူတွေကလည်း စားဝတ်နေရေးမှာ အင်အားစိုက်ထုတ်ရ၊ ရုန်းကန်ရ မောပန်းလှပြီဖြစ်လို့ ပညာပေးခံရဖို့ စိတ်မဝင်စားပါ။ သည်တော့ နှစ်ဦးနှစ်ဖက် အချိန်ကုန်စရာ မလိုအောင် ဆေးရုံမှာရှိနေသော နာလန်ထ လူနာတွေ၊ လူနာစောင့်တွေ ဖတ်နိုင်ဖို့ စာအုပ်ဗီရိုတွေ ထားပေးခဲ့ပါသည်။
"ဒီ စာအုပ်တွေက နင်ဖတ်ဖို့တော့ မဟုတ်နိုင်ဘူး"
မူယာက ကျွန်မအား မျက်ခုံးပင့်ကြည့်လျက် ပြောသည်။
"အေး … ဟုတ်တယ်၊ ငါ့အတွက် မဟုတ်ဘူး၊ လူနာတွေ၊ အစောင့်တွေ အတွက်ပဲ"
"သူတို့က စာဖတ်နိုင်လို့လား"
"ဝေဒနာတွေနဲ့ နည်းနည်းဝေးသွားတဲ့ အခါ၊ ဒါမှမဟုတ် ဝေဒနာတွေကို လမ်းလွှဲပစ်ချင်တဲ့ အခါမှာ
သူတို့ စာဖတ်ကြပါတယ်၊ မပျောက်ပျက်အောင်တော့ သတိထားရတာပေါ့ဟာ၊ လူတွေ ကျန်းမာရေးအသိရော၊ လူမှုရေးအသိရော တော်တော်လေး လိုသေးတယ် မူယာရဲ့"
မူယာ ပခုံးတွန့်သည်။
"နင့်ဆီလာတိုင်း ... ဒါမျိုးတစ်ခုမဟုတ် တစ်ခုတော့ ကြားရတာပါပဲ၊ မထူးဆန်းပါဘူး၊ ကဲ … ငါတို့တစ်ခုခု သွားစားကြရအောင်၊ ပြီးမှ နင့်ဆေးခန်းကို သွားပေါ့"
"အေး … နင်ကားပါလား"
"မပါဘူး၊ ငါ့ဒရိုက်ဗာ နယ်ခဏပြန်သွားတယ်၊ ငါလဲ ကားမမောင်းချင်ဘူး၊ ငါတက္ကစီနဲ့ လာတာ"
"နင့်ယောက်ျားကရော"
"အို … နင်ကလဲ သူ့မှာ တာဝန်တွေက အများကြီး။ သူ့ထက်သူ လူစွမ်းကောင်းတွေချည်းပဲ၊ ငါ့ကို လှည့်တောင် မကြည့်အားပါဘူး"
"ပြီးရော … ဒါဆို ငါ့ကားနဲ့ သွားကြမယ်လေ၊ ပြီးရင် နင့်ကို အိမ်ပြန်ပို့ပေးပြီးမှ ငါ့ဆေးခန်းကို သွားမယ်"
"ကောင်းတယ် … လိမ္မာလိုက်တဲ့ သူငယ်ချင်း"
ကျွန်မနှင့် မူယာသည် ကိုးတန်း ဆယ်တန်းမှာ အတူကျောင်းတက်ခဲ့ကြသော ငယ်သူငယ်ချင်းတွေ ဖြစ်သည်။ တက္ကသိုလ်ချင်း မတူသည့်အတွက် ငါးနှစ်ဆယ်နှစ်တော့ ဝေးသွားကြသေးသည်။ နောက်တော့ သူမင်္ဂလာဆောင်သည့် အချိန်တွင် ကျွန်မတို့ ပြန်ဆက်သွယ်သွားမိကြသည်။ ထို့နောက် သူလည်း သမီးတွေရ၊ ကျွန်မလည်း သားတွေရ။ သားရေး သမီးရေး ကလေးတွေ ပညာရေး ပြောဆိုတိုင်ပင်ရင်း ဟိုတုန်းကလိုပင် ပြန်လည်ရင်းနှီး ခင်မင်သွားခဲ့သည်။
ပို၍ပို၍ဝသော ကျွန်မကိုယ်ခန္ဓာကို သူက လျှော့စေချင်သည်။ အစားအသောက်လည်း စည်းကမ်းတကျ စားစေချင်သည်။ ကျွန်မက ဆရာဝန်ဖြစ်လျက်နှင့် သူလို အစားအသောက် မဆင်ခြင်နိုင်ပေ။ သူကတော့ သူ့ကိုယ်ခန္ဓာအတွက် နေ့စဉ် ကိုယ်အလေးချိန် ချိန်သူ၊ နေ့စဉ် ကယ်လိုရီကို တွက်၍ စားသောက်သူ ဖြစ်သည်။ ဒါကြောင့်လည်း ယခုလို သွယ်လျလှပနေခြင်း ဖြစ်ပါသည်။
"ဒီအချိန်က ကော်ဖီသောက်လို့ ကောင်းတယ် မူယာ၊ ငါတို့ ဂျေဒိုးနတ်ကို သွားမလား"
ကျွန်မ၏ ကားဒက်ရှ်ဘုတ်ထဲမှ သီချင်းတိပ်ခွေ တစ်ခုကို ယူကြည့်ရင်း မူယာနှာခေါင်းရှုံ့ပါသည်။ သူ ကျွန်မ ဒိုးနတ်တွေ စားစားနေတာ သဘောမကျပါ၊ ဘာမှမပါသည့် ပလိန်းသက်သက် ဒိုးနတ်ကိုတောင် သူကတော့ မစားပါ၊ ဝမှာစိုးလို့တဲ့။ ကျွန်မ ချောကလက်ဒိုးနတ် စားတာမြင်လျှင် အလွန်အူယားသူ ဖြစ်သည်။
"မသွားဘူး၊ ဖူဂျီပဲ သွားမယ်၊ ကုန်ကျစရိတ် ငါခံမယ်၊ဒါပဲ"
တစ်ခါတစ်လေ စိတ်လိုလက်ရ လာသူကို စိတ်အနှောင့်အယှက် မဖြစ်စေချင်သောကြောင့် ကျွန်မ သဘောတူလိုက်ပါသည်။ ကျွန်မ၏ ဆေးခန်းက ညနေ ၆ နာရီမှာ စမည်။ ကျွန်မတို့ ကော်ဖီဆိုင်မှာ တစ်နာရီလောက်တော့ အချိန်ဖြုန်းနိုင်ပါလိမ့်မည်၊ လေအေးစက်ဖြင့် လတ်ဆတ်အေးမြသော အခန်းထဲတွင် ကျွန်မနှင့် မူယာသည် သူ့မိသားစု ကိုယ့်မိသားစု ပြဿနာများ၊ ဟာသများကို အပြန်အလှန်ပြောရင်း စိတ်လွတ်လပ်မှုကို တစ်ခဏတော့ ရကြသည်။
"ဒါနဲ့ ... နင့်တိုက်ခန်း လှေခါးထောင့်ချိုးမှာ အရင်လို လူတွေ လာလာအိပ်တုန်းလား"
မူယာက သတိတရမေး၏။
"အင်း … တစ်ခါတစ်ခါတော့ တွေ့သေးတယ်၊ မိုးရွာတဲ့ညတွေဆို၊ ကလေး သေးသေးလေးတွေနဲ့ အမေနဲ့ပေါ့"
မူယာက ထိုကိစ္စကို သဘောမကျပေ။ သို့သော် ကျွန်မမတတ်နိုင်ပါ။ ထိုဒုက္ခသည်ကလေးများကို ကျွန်မ နှင်မထုတ်ရက်ပါ။ ကျွန်မတို့တိုက်ခန်း လှေကားရင်းမှာလည်း တံခါးမရှိ၊ ပိတ်ထားလို့ မရပါ။
"နင်တို့ သည်းညည်းခံနေနိုင်တာ အံ့ဩတယ်။ ငါသာဆို ရပ်ကွက်လူကြီးတွေ တိုင်ပြီး နှင်ထုတ်ပစ်တာကြာပြီ"
မူယာကတော့ တန်ဖိုးကြီးရပ်ကွက်မှာ ခြံနှင့်ဝင်းနှင့် အုတ်တံတိုင်းနှင့် လုံခြုံစွာ သီးသန့်နေထိုင်သူမို့ ကျွန်မတို့နေရာမှာ စိတ်ကူးဖြင့်တောင် နေကြည့်လို့ ရမည်မထင်ပါ။
"တကယ်တော့ ရေရှည်စဉ်းစားရမယ့်ကိစ္စတွေ အများကြီး မူယာရဲ့၊ ကိုယ်က သိပ်အများကြီး မတတ်နိုင်၊ စည်းရုံးရေးလည်း မလုပ်နိုင်၊ မတည်ငွေလဲ မတတ်နိုင်သေးတဲ့ အချိန်မှာ ဒါ … ကိုယ်တတ်နိုင်သလောက် ကူညီတယ်လို့ပဲ သဘောထားရမှာပေါ့"
ဆင်းရဲကျပ်တည်းမှုတွေ၊ အိုးအိမ်မဲ့ ပြဿနာတွေ၊ အလုပ်လက်မဲ့ ပြဿနာတွေကြောင့် ကျွန်မတို့နှစ်ယောက်၏ ကော်ဖီတွေလည်း အရသာပျက်ကုန်၊ အေးစက်ကုန်တော့သည်။ နောက်တော့ကျွန်မကပဲ ဆေးခန်းနားက မြက်ခင်းပြင် သံလမ်းဘေးမှာ လမ်းလျှောက်လေညင်းခံဖို့ အကြံပြုခဲ့သည်။
* * *
ရထားသံလမ်းတို အပြတ်တစ်ခု၏ အစွန်နားတွင် ကျွန်မ၏ကားကို ရပ်လိုက်သည်။ မူယာက ကားထဲမှာ ချက်ချခဲ့ပြီး အပြင်မှနေ၍ တံခါးပိတ်သောအခါ ခလုတ်က ဖိထားသည့်အတိုင်း မနေဘဲ အပေါ် ပြန်တက်လာ၏။
"ခလုတ်ကို နည်းနည်းမ ထားပြီး မလွှတ်ဘဲ တွန်းပိတ် မူယာ၊ ငါ့ကားက နည်းနည်းစုတ်တယ်"
ထို့နောက် မူယာရှိရာသို့ လျှောက်သွားပြီး ကျွန်မကိုယ်တိုင် ပိတ်လိုက်ရသည်။
"စုတ်တယ် မပြောပါနဲ့နီလာရယ်၊ အခုနင့်ကား သိန်းတစ်ရာလောက် ပေါက်နေပြီ သိလား"
ကျွန်မဒီကားကို ဝယ်တုန်းက ငါးသိန်းခွဲပဲ ပေးရပါသည်။ အဲသည်ငါးသိန်းခွဲကိုပင် နှစ်နှင့်ချီ၍ ကျွန်မစုဆောင်းရသည်။ မူယာက ကားဝယ်ဖို့ တိုက်တွန်းလွန်းလို့ ဝယ်ဖြစ်သွားခြင်း ဖြစ်၏။ ကားဈေးတွေက မှန်းဆ၍ မရနိုင်လောက်အောင် ကမောက်ကမတွေ ဖြစ်လာတော့ ကျွန်မ၏ကားသည် သုံးနှစ်အတွင်း ငါးသိန်းခွဲမှ သိန်း ၁၀၀ ဖြစ်သွားလေသည်။ ကားဈေးတွေသာ တစ်ရှိန်ထိုးတက်ပေမယ့် ကျွန်မတို့ ဆရာဝန်လခ၊ သမားတော် စမ်းသပ်ခတွေက လိုက်တက်လာခြင်း မရှိခဲ့။ ထို့ကြောင့် အခုလိုအချိန်မျိုးမှာမှ ကျွန်မကားဝယ်ရမည်ဆိုလျှင် ဘယ်လိုနည်းနဲ့မျှ သိန်း ၁၀၀ကို ရှာလို့ရမှာမဟုတ်။
"ဒီနားက လေက သန့်တယ် မူယာရဲ့၊ ငါစိတ်လိုလက်ရရှိတိုင်း ဒီနေရာလေးကို ရောက်ရောက်လာပြီး လမ်းလျှောက်နေကျ"
မူယာက လက်နှစ်ဖက်ကို ခပ်လွှဲလွှဲထားလျက် အသက်ကိုတဝကြီး ရှိုက်ရှူရင်း ပြုံး၏။
"ဘာလဲ၊ ကိုကျော်သက်နဲ့ ရန်ဖြစ်တဲ့ အချိန်တိုင်း ဒီလာနေကျလား"
ကျွန်မဘာမှမပြောဘဲ အသံထွက် ရယ်နေလိုက်ပါသည်။
ကောင်းကင်သည် အချိန်မတိုင်သေးဘဲနှင့် နီနေသည်။ တိမ်အဆုပ်တွေမရှိဘဲ တိမ်အမျှင်တန်းလေးတွေပဲ ရှိနေ၏။ အနီရောင်သည် အနောက်ခြမ်း ကောင်းကင်သာမကပဲ အပေါ်တည့်တည့် ကောင်းကင်ထိ ရောက်နေသည်။ လေထဲတွင် စိမ်းရွှေရွှေရနံ့တစ်ခု ရသည်။ သစ်ရွက်စိမ်းနံ့လား၊ တောပန်းတစ်ခုခု၏ ရနံ့လား၊ ကျွန်မ မဝေခွဲတတ်ပါ။
ထို့နောက် တောင်ပံခတ်သံ တဖြန်းဖြန်း အစုအဝေးကို သဲ့သဲ့ကြားလိုက်ရပြီး ကောင်းကင်မှာ အနက်ရောင် ငှက်တွေကို မြင်လိုက်ရသည်။ အမြင့်မှာ ပျံသန်းသွားသော ထိုအနက်ရောင် ငှက်များသည် ကျီးကန်းတွေလား၊ ဆက်ရက်တွေလား ကျွန်မ မသဲကွဲပေ။ အရှိန်က လျင်မြန်လှသည်။ အော်သံဆူသံလည်း မကြားရ။ တောင်ပံခတ်သံကိုသာ တဝက်တပျက် ကြားလိုက်ရသည်။ အနီရောင်နောက်ခံမှာ ပြန့်ကျဲသွားသော အနက်ရောင်တွေသည် ငှက်တွေဟု သိလိုက်ရချိန်၌ ငှက်တွေအဝေးသို့ ရောက်ကုန်ပြီ။
ထို့နောက် ထူးဆန်းသော အရာတစ်ခု ဖြစ်သွားသည်။
ဘယ်တုန်းကမှ ရထားဖြတ်မသွားခဲ့ဖူးသော သံလမ်းပေါ်မှာ ရထားတစ်စီး ရောက်လာသည်။ ရထားသံကို အရင်ကြားရပြီးမှ ရထားကို မြင်ရခြင်း ဖြစ်သည်။
အနီရောင် မိုးကောင်းကင်၊ အနက်ရောင် ငှက်များ၊ အစိမ်းရောင် မြက်ခင်း၊ ယခုအခါ အဝါရောင် ရထား။ ဟုတ်ပါရဲ့၊ ရထားအရောင်မှာ ကျွန်မတစ်ခါမှ မမြင်ဖူးသော အဝါရောင်တောက်တောက် နနွင်းရောင် ဖြစ်နေသည်။
ကျွန်မတို့ နှစ်ယောက်သည် ရထားသံလမ်းနှင့် ခပ်ခွာခွာလွတ်လွတ် လျှောက်နေကြသည် ဖြစ်နေလျက် ရထားလာနေသောအခါ ဘေးသို့ ပို၍ဝေးအောင် ခွာ၍ လျှောက်လိုက်ကြပါသည်။
"ဒီရထားက ဘယ်သွားမယ့် ရထားလဲ"
ကျွန်မ မသိပါ။
ထို့နောက် ရထားသည် ကျွန်မတို့ဆီသို့ နီးနီးလာသည်။ ရထား၏ တုန်ခါမှုကြောင့် ကျွန်မရပ်နေရာ မြေပြင်သည် တုန်ခါနေသည်။ ရထားသည် ကျွန်မမျှော်လင့်ထားသလို တွဲတွေက အများကြီးမဟုတ်၊ ခေါင်းတွဲနှင့် နောက်ကတွဲ တစ်တွဲတည်း ဖြစ်သည်။ ကျွန်မတို့အနားမှ အသံမြည်ဟည်းကာ ဖြတ်သန်းသွားချိန်တွင် ကျွန်မ၏ထဘီ အနားတွေပင် တဖျတ်ဖျတ် လှုပ်ခတ်သွား၏။ ပုစဉ်းလေးတွေရော မြက်ရွက်လေးတွေရော လှုပ်ခတ်ယိမ်းယိုင်သွားကြသည်။
ကျွန်မတစ်ခု သတိထားမိသည်။
ရထားပေါ်မှာ လူမပါပါ။ မောင်းသူလည်း မပါ၊ စီးသူလည်း မပါပါ။ ဟင် … ဘယ်လိုပါလိမ့်။ တစ်နေရာရာကနေ လွတ်ထွက်လာသော ရထားကြီးလား။
ကျွန်မရထားသွားရာသို့ နောက်ပြန်လှည့်၍ ကြည့်မိသည်။ ထိုအခါ ကျွန်မဦးခေါင်း တစ်ခုလုံး ရုတ်တရက် ကြီးမားသွားသလို ခံစားလိုက်ရသည်။
ဟိုးအဝေးက ရထားသံလမ်းပေါ်မှာ ကလေးလေးတစ်ယောက် ထိုင်နေသည်။ ဘေးမှာ ဘယ်သူမှမရှိ၊ ကလေးတစ်ယောက်တည်း။
ကျွန်မတစ်ကိုယ်လုံး တုန်လှုပ်အံ့ဩမှုဖြင့် အေးစက်တောင့်တင်းသွားပါသည်။
"ဟယ် မူယာ … ကလေးလေးတော့ ဘယ့်နှယ်လုပ်မလဲ"
လှမ်းအော်သတိပေးဖို့ကလည်း ကျွန်မတို့နှစ်ယောက်နှင့် ကလေးက ဝေးနေသည်။ အပြေးသွားပြီး ကောက်ချီဘေးချရအောင်လည်း ကျွန်မတို့သည် ဘယ်လိုနည်းနဲ့မျှ ရထား၏အရှိန်ကို မီအောင် မပြေးလိုက်နိုင်။
ဘုရား ဘုရား … ဘာမှမသိသော ကလေးလေးကတော့ သံလမ်းပေါ်မှာ အေးအေးဆေးဆေး။
ကျွန်မရင် တဒိန်းဒိန်း ခုန်နေ၏။
"ဘယ့်နှယ်လုပ်မလဲ၊ ဘယ့်နှယ်လုပ်မလဲ"
တစ်ခုရှိတာက ကျွန်မတို့ခပ်လှမ်းလှမ်းတွင် ရထားသံလမ်းလွှဲ မောင်းတံတစ်ခုရှိသည်။ လမ်းလွှဲပေးရမလား။ ရထားကလမ်းဆုံသို့ ရောက်လုနီးနေပြီ။
"လမ်းလွှဲ … လမ်းလွှဲ"
လမ်းလွှဲက ဘယ်ဟာလဲဟု ကမန်းကတန်း ရှာသောအခါ ကျွန်မတစ်ကိုယ်လုံး အေးစက်သွား၏။ ရထားသံလမ်းနှစ်ခု ခွဲထွက်သွားရာ တစ်ခုက သံလမ်းအရှည်၊ ကလေးရှိနေသည့်လမ်း။ တစ်ခုက … တစ်ခုက သံလမ်းတိုပြတ်၊ သံလမ်းသည် တစ်နေရာတွင် တုံးတိစွာ အဆုံးသတ်သွားသည်။ ထိုနေရာတွင် … ထိုနေရာတွင် ကျွန်မ၏ကားကို ရပ်ထားခဲ့သည်။
လမ်းလွှဲမောင်းတံကို ဆွဲချလိုက်လျှင် လူမပါသောရထားသည် မူလနေရာမှ လမ်းကြောင်းပြောင်းသွားကာ သံလမ်းအပြတ်ဆီ ဦးတည်သွားနိုင်သည်။ မူလသံလမ်းပေါ်မှာ ရှိနေသော ကလေးလေး အသက်ချမ်းသာရာ ရမည်။ သို့သော် ချွေးနှီးစာဖြင့် အနှစ်နှစ်အလလ စုဆောင်းပြီးမှ ဝယ်ယူခဲ့ရသော ကျွန်မ၏ ကားကလေး ရထားကြိတ်မိပြီး စုတ်ပြတ်တွန့်လိမ် သွားတော့မည်။
ဟင့်အင်း … မလုပ်နဲ့။
သို့သော် ရထားသည် ကလေးရှိရာ သံလမ်းအတိုင်း တစ်ရှိန်ထိုး ပြေးသွားနေပြီ။ ကလေးတစ်ယောက်ရဲ့ အသက်၊ မျက်စိတစ်မှိတ်စာအတွင်း ဆုံးရှုံးသွားလိမ့်မည်။ ကျွန်မရင်ထဲမှာ နာကျင်သွားသည်။
မဖြစ်ဘူး၊ ကလေး အသေမခံနိုင်ဘူး။
ကျွန်မသည် မောင်းတံဆီသို့ အားကုန်ပြေးသွားရန် ကိုယ်ကိုလှည့်လိုက်၏။
ကျွန်မ၏ အဖြူရောင်ကားကလေးကို ကျွန်မမြင်ရသည်။ ကျွန်မမှာ သည်ကားလေးတစ်စီးပဲ ရှိသည်။ နောက်ထပ်ကားတစ်စီး ဝယ်ဖို့ဆိုတာ သည်ခေတ်ကာလ ပေါက်ဈေးဖြင့် အိပ်မက်ပင် မမက်နိုင်ပါ။ ကျွန်မ၏ အနာဂတ်၊ ကျွန်မခင်ပွန်းနှင့် သားကလေးနှစ်ယောက်၏ အနာဂတ်။
စဉ်းစား … တစ်ခုခုကို အမြန်စဉ်းစား။ ရထားက လမ်းဆုံသို့ ရောက်တော့မည်။ ဘယ်ဟာကို ဆုံးရှုံးခံမလဲ။ ကလေးရဲ့ အသက်လား။ ကျွန်မ၏ ကားကလေးလား။ ကျွန်မခြေတွေလက်တွေ တုန်ယင်ကာ ရပ်နေရင်း ဒူးတွေညွှတ်ခွေလာသည်။ ကျွန်မမျက်စိအစုံကို မှိတ်ပစ်လိုက်၏။ ရထားသည် သံလမ်းအတိုင်း တဂျူန်းဂျူန်း အော်မြည်လျက် တစ်ရှိန်ထိုး လိမ့်သွားပါသည်။
"နီလာ …"
ကျွန်မမျက်စိကို ဖွင့်ကြည့်လိုက်သောအခါ ကျွန်မအား မယုံကြည်နိုင်သော မျက်လုံးတို့ဖြင့် တအံ့တဩ စိုက်ကြည့်နေသော မူယာကိုတွေ့ရသည်။
မူယာ့အကြည့်ကို ကျွန်မနားလည်လိုက်ပါသည်။
နင်တော်တော် ရက်စက်ပါလား နီလာ။ ကလေးတစ်ယောက် အသက်ကို နင်မကယ်ချင်ဘူးပေါ့။
"နင်ငါ့ကို အဲလိုမကြည့်နဲ့ မူယာ၊ နင်မကြည့်နဲ့၊ ငါ့မှာ ဒီကားလေးတစ်စီးပဲ ရှိတာ"
မူယာက ခေါင်းယမ်းနေသည်။ ထို့နောက်သံလမ်းအရှည်ကြီးအတိုင်း လှမ်းငေးကြည့်၏။ ကျွန်မသည် အဝေးမှာ ပျောက်ကွယ်လုနီးပါး သေးသွားပြီဖြစ်သော ရထားကို လှမ်းကြည့်သောအခါ သံလမ်းကိုမမြင်ရအောင် ကျော်ပစ်ပြီးကြည့်ရ၏။ သံလမ်းပေါ်မှာ သွေးအလိမ်းလိမ်းဖြင့် အပိုင်းပိုင်းပြတ်နေမည့် ကလေးလေးအလောင်းကို မမြင်ရဲသောကြောင့် ဖြစ်သည်။
"တကယ်လို့ အဲဒီလမ်းလွှဲမှာ ရှိနေတာက ငါ့ကားမဟုတ်ဘဲ နင့်ကားဆိုရင် နင်ဒီမောင်းကို ဆွဲမလားမူယာ၊ ငါ့ကိုမညာဘဲ အမှန်အတိုင်းဖြေ"
မူယာတစ်ခဏ တွေသွားသည်။ ထို့နောက် မျက်နှာကိုမော့လျက် ဖြေသည်။
"ဆွဲမယ်"
ကျွန်မသည် ကြားရသောစကားကို မယုံနိုင်ပါ။
"ဆွဲမယ် … ဟုတ်လား၊ နင့်ကားက သိန်း ၃၀၀ တန်တာနော်"
"ဒါပေမယ့် ကလေးတစ်ယောက်ရဲ့အသက်က သိန်း ၃၀၀ ဆိုတဲ့ ကားထက် ပိုပြီး တန်တယ်လေ"
မဖြစ်နိုင်ပါ။ မူယာ အဲသည်စကားကို တကယ်ပြောတာ မဟုတ်နိုင်ပါ။
သံလမ်းအဆုံးမှာ ရှိနေတာက သူ့ကားမဟုတ်လို့ အလွယ်တကူ ပြောလိုက်တာပါ။ ခက်တာက သူ့ကို နင်ညာနေတာဟု စွပ်စွဲဖို့လည်း မဖြစ်နိုင်ပါ။ တကယ်စမ်းသပ်ကြည့်လို့ရလျှင် ဘယ်လောက်ကောင်းမလဲ၊ အခုတော့ ကျွန်မမှာသာ အညှာအတာမရှိသူ၊ ရက်စက်သူ၊ ကိုယ့်ပစ္စည်းကိုယ် နှမြောတွန့်တိုသူ ဖြစ်ရပါသည်။
"အဲဒီ့စကားကို ပြောရုံပြောဖို့က လွယ်တယ် မူယာ၊ ပြောလို့လဲ လှပါတယ်၊ ဒါပေမယ့် နင်တကယ် အဲလိုစွန့်လွှတ်နိုင်မလားဆိုတာ ငါသိပ်သိချင်တာပဲ"
"ဘာလဲ ... နင်မယုံဘူးလား"
"မယုံနိုင်ဘူး"
"ငါလဲ နင်အခုလို ကလေးအသက်ကို စတေးလိုက်လိမ့်မယ်လို့ မယုံချင်ခဲ့ပါဘူး"
"စတေးတယ်လို့ မပြောနဲ့ မူယာ၊ ကလေးကို ငါစတေးတာ မဟုတ်ဘူး၊ ကလေးက သူ့ဟာသူ သံလမ်းပေါ်မှာ ရှိနေတာ၊ နင့်စကား အသုံးအနှုန်း မှားနေတယ်၊ ကလေးသေသွားတာ ငါ့အပြစ် မဟုတ်ဘူး"
"ဒါပေမယ့် ကလေးကို နင်ကယ်နိုင်တယ်လေ၊ ရထားကိုလွှဲဖို့ မောင်းတံကို ဆွဲချလို့ ရတယ်လေ။ နင်မလုပ်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နင့်စည်းစိမ် အပျက်မခံနိုင်လို့၊ လူ့အသက်ဆိုတာကို နင့်စည်းစိမ်လောက် အရေးမစိုက်လို့"
မူယာ့အသံက စွပ်စွဲသည့်အသံ ဖြစ်လာသည်။ ကျွန်မကို လက်ညှိုးထိုးပြီး စွပ်စွဲနေသလိုပဲ။
"ဟုတ်တယ်ပဲထားပါ၊ ငါ့စည်းစိမ်ကို စတေးပြီး ကလေးကို ငါမကယ်ခဲ့ဘူးလို့ စွပ်စွဲပါ၊ ဒါအမှန်ပဲ။ ဒါပေမယ့် အဲဒီနေရာမှာ နင့်ကားဆိုရင် နင်စတေးမယ်လို့ ငါမထင်ပါဘူး၊ နင့်မှာ လူမှုရေးစိတ်ဓာတ် ဘယ်တုန်းကမှ မရှိခဲ့ဘဲနဲ့၊ အဲဒါ ငါအသိဆုံးပဲလေ မူယာ၊ ငါအသိဆုံးပဲ၊ နင့်စည်းစိမ်အပျက်ခံပြီး ကယ်ဖို့ကို မပြောပါနဲ့ဦး၊ ဘာစည်းစိမ်မှ ပျက်စရာမလိုဘဲနဲ့တောင် နင်ဘယ်ကလေးရဲ့အသက်ကို ကယ်ခဲ့ဖူးလို့လဲ"
ကျွန်မလေသံမာမာဖြင့် ပြန်စွပ်စွဲလိုက်မိပါသည်။
ကျွန်မစကားကြောင့် မူယာတစ်ချက် မျက်နှာပျက်သွား၏။ ကျွန်မဖိနင်း၍ ပြောပစ်လိုက်ပါသည်။
"ဘယ်သူ့အတွက် ဘယ်လောက် နင်အရေးထားခဲ့ဖူးလို့လဲ၊ ငါဆိုရင် လူတွေရဲ့ အသက်ကို ခဏခဏ ကယ်ခဲ့ဖူးတယ်၊ လူ့အသက်တစ်ခုရဲ့တန်ဖိုးအကြောင်း ငါ့ကိုလာမပြောနဲ့၊ ငါအသိဆုံးပါ၊ လူတစ်ယောက်ရဲ့အသက်တန်ဖိုး ဘယ်လောက်ကြီးတယ်ဆိုတာ ငါအသိဆုံးပါ၊ အဲဒီတန်ဖိုးကြီးတယ်ဆိုတဲ့ အသက်တွေ ပစ်စလက်ခတ် ဘယ်လိုဆုံးရှုံးနေရတယ် ဆိုတာလဲ ငါအသိဆုံးပါ၊ လူတွေဖြုတ်ခနဲ၊ ဖြုတ်ခနဲ သေနေတာကို မျက်မြင်သက်သေအဖြစ် စောင့်ကြည့်နေခဲ့ရတာ များလှပြီ၊ ဟောဒီသံလမ်းပေါ်က ကလေးလေး ဖျတ်ခနဲ သေသွားသလိုပဲ၊ မသေသင့်တဲ့ ရောဂါကလေးနဲ့ ကုဖို့အလွန်လွယ်တဲ့ ရောဂါလေးတွေနဲ့ မဖြစ်စလောက် ရောဂါလေးတွေနဲ့ ကလေးတွေ ဖျတ်ခနဲ သေသေကုန်တာ ငါမြင်နေရတယ်၊ ငါကူနိုင်သလောက် ကူတယ်၊ ငါ့ပတ်ဝန်းကျင်က လူတွေကိုပါ အကူအညီတောင်းတယ်၊ အဲဒီလူမှုရေးတွေထဲမှာ နင့်ကိုဆွဲခေါ်ဖို့ ငါအမြဲကြိုးစားတယ်၊ နင်ဘယ်တုန်းက ငွေတစ်ပြားတစ်ချပ်မှ မလှူခဲ့ မကူခဲ့ဘူး၊ ဒါနဲ့များနင်က နင့်သိန်း ၃၀၀ တန်ကားကို ပျက်စီးခံပြီး ဟောဟိုကလေး အသက်ကို ကယ်မယ်လို့ ပြောနေတယ်၊ အဲဒါကို ငါဘယ်လိုယုံရမလဲ၊ ကဲ … ပြောပါဦး"
မူယာငြိမ်သက်သွား၏။ သို့သော်ဝန်ခံသည့် အဓိပ္ပါယ်ဖြင့် ငြိမ်သက်သွားသည်တော့ မဖြစ်နိုင်ပါ။ ကျွန်မကို နိုင်အောင်ပြောဖို့ အားယူနေတာပဲ ဖြစ်ပါလိမ့်မည်။
တကယ်တော့ ကျွန်မတို့ နှစ်ယောက်သည် သံလမ်းပေါ်မှာ ရှိနေသည့် ကြေကွဲဖွယ်ရာ အနိဌာရုံ မြင်ကွင်းတစ်ခုကို ရှောင်ဖယ်ရင်း တစ်ယောက်ကို တစ်ယောက် အပြစ်တင်နေမိကြခြင်းသာ ဖြစ်သည်။ ရှေ့မှာက ကျွန်မတို့ မကြည့်ရဲ မမြင်ရဲသော အမှန်တရားတစ်ခု ရှိနေပါသည်။
"ဒါပေမယ့် လောလောဆယ်တော့ နင် ကလေးတစ်ယောက်ရဲ့ အသက်ကို ကယ်နိုင်လျက်သားနဲ့ မကယ်ဘဲ အသေခံခဲ့ပြီးပြီလေ၊ အဲဒါကတော့ ငါ့မျက်မြင်ပဲ"
မူယာခါးသီးစွာ ပြော၏။
"ဟုတ်တယ်၊ အဲဒီကလေးကို ငါအသေခံခဲ့တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ငါ့ကားက ငါ့ချွေးနှီးစာနဲ့ စုဆောင်းထားတဲ့ ငါ့စည်းစိမ် အကုန်ပဲ၊ အဲဒါကို ငါအပျက်မခံနိုင်ဘူး၊ ဒီကားက လာဘ်ရတဲ့ ငွေတွေနဲ့ ဝယ်ထားတာ မဟုတ်ဘူး၊ အချောင်ရထားတာ မဟုတ်ဘူး"
"နင်ဘာစကား ပြောတာလဲ"
ကျွန်မစကားက မူယာ့ကို ထိသွားပုံရသည်။
"ဘာစကားပြောတယ် ထင်လို့လဲ၊ အဲဒီစကားပဲလေ"
မူယာသည် ကျွန်မအား စူးစူးရဲရဲ စိုက်ကြည့်လာ၏။ ကျွန်မလည်း မူယာ့ကို ခပ်စိန်းစိန်း ပြန်ကြည့်မိသည်။ ထိုခဏမှာပင် အံ့ဩစရာ အဖြစ်အပျက်ကို ကျွန်မတို့ မြင်ရသည်။
ရထားလမ်းဆုံးဆီမှ လူတစ်ယောက် လျှောက်လာနေခြင်း ဖြစ်ပါသည်။ ထိုသူ၏ ပခုံးထက်တွင် ကျောပိုးအိတ်တစ်ခု လွယ်ထား၏။ ရထားသံလမ်း၏ ဇလီဖားတုံးများအတိုင်း နင်းလျှောက်လာခြင်း ဖြစ်သည်။ ကျွန်မတို့ကို မြင်တော့ ထိုလူက လက်လှမ်းပြ၏။ ထိုလူလျှောက်လာနေသည်မှာ အေးအေးဆေးဆေးပဲ။ လမ်းမှာ ရထားနဲ့ မဆုံမိသလို၊ ကလေးအလောင်းကိုလည်း မမြင်ခဲ့ရ၊ မတွေ့ခဲ့ရသလိုလို။
"သံလမ်းပေါ်မှာ ဘာတွေ့ခဲ့လဲဟင်"
ကျွန်မအမောတကော မေးမိ၏။ ထိုသူထံမှ ကောင်းသောစကားကိုသာ ကျွန်မကြားချင်ပါသည်။ ကျွန်မ စိတ်ကူးယဉ်လွန်းနေပြီ။
"ဘာမှမတွေ့ခဲ့ပါဘူး"
"ကလေးလေး"
"ဘာကလေးလေးမှ မရှိပါဘူးဗျ"
"ရထားရော"
ထိုသူက ကျွန်မအား ရူးကြောင်ကြောင် မိန်းမတစ်ယောက်ကို ကြည့်သလိုကြည့်သွား၏။
"ဒီလမ်းကို ရထားမသွားတာ နှစ်တွေပဲ ကြာလှပေါ့"
ထို့နောက် ကျွန်မတို့နှစ်ယောက် အနီးမှ သူဝေး၍ဝေး၍ သွားပါသည်။ ကျွန်မသည် သံလမ်းကို ဟိုဘက်သည်ဘက် လှမ်းမျှော်ကြည့်မိသည်။ သံလမ်းသည် ဖြောင့်တန်းလျက်၊ မြက်ခင်းစိမ်းစိမ်းပေါ်မှာ ဟိုးမိုးကုတ်စက်ဝိုင်း အစပ်ထိ၊ သည်ဘက်မှာလည်း မိုးကုပ်စက်ဝိုင်း အစပ်ထိ မြင်နေရသည်။ ရထားလည်းမရှိ၊ ကလေးလည်းမရှိ။ ကျွန်မနှင့်မူယာသည် တစ်ယောက်ကိုတစ်ယောက် ဖျတ်ခနဲကြည့်မိကြသည်။ ထို့နောက်မတိုင်ပင်ဘဲ သံလမ်းပေါ် တက်လိုက်ကြ၏။ ထို့နောက် ကလေးလေး ထိုင်နေသည်ဟု ကျွန်မတို့ မြင်ခဲ့သောနေရာထိအောင် တွန့်ဆုတ်စွာ လျှောက်သွားကြသည်။ သို့သော် ကျွန်မတို့နှစ်ယောက်စလုံး သိနေခဲ့ကြသည်။
ထိုနေရာတွင် ဘာမှရှိမှာမဟုတ်။ ကလေးလည်း ရှိမှာမဟုတ်။ သွေးစသွေးနလည်း ရှိမှာမဟုတ်။ ထိုနေရာက သံလမ်းမျက်နှာပြင်သည် အခြားနေရာများက မျက်နှာပြင်တွေလိုပင် တည်ငြိမ်စွာ အေးချမ်းနေပါလိမ့်မည်။
ထိုနေ့ညနေက မူယာ့ကို ကျွန်မအိမ်ပြန်ပို့သည့် လမ်းတစ်လျှောက်လုံး ကျွန်မတို့နှစ်ယောက် တိတ်ဆိတ်နေခဲ့ကြသည်။ ကျွန်မနှင့်မူယာ အကြားတွင် တံတိုင်းတစ်ခု ကာဆီးထားသလို ခံစားရသည်။ ထိုနေ့က ကျွန်မနှင့်မူယာ နောက်ဆုံးတွေ့ဆုံမိကြခြင်း ဖြစ်သည်။ နောက်ထပ်ကျွန်မတို့ မတွေ့ကြတော့ပါ။
* * *
ယခုအခါ အနီရောင်ကောင်းကင်နှင့် အနက်ရောင်ငှက်အုပ်ကို ကျွန်မမြင်နေမိ၏။ ထို့နောက် အဝါရောင် မီးရထားတစ်စင်း …။ ဘယ်တုန်းကမှ သံလမ်းပေါ် ဖြတ်မောင်းမသွားခဲ့သော အဝါရောင်ရထား ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် တကယ်မရှိသော အဝါရောင် ရထားတစ်စင်းကြောင့် သူငယ်ချင်းနှစ်ယောက် ကွဲကွာခဲ့ရတာတော့ အမှန်ပဲ ဖြစ်ပါသည်။
----------
ဂျူး

No comments:

Post a Comment