ညီအစ်ကိုတေးသွား
။။။။။။။။။။။။။။။။။။။။။။။။။။။။။
တစ်ပင်တည်းမှာ တစ်ကိုင်းတည်းထိုးထွက်နေတဲ့သစ်ကိုင်းကြီး
ငါ မဖြစ်ချင်ဘူး
သစ်ကိုင်းလို ညီညာပြီး
သစ်ပင်လို အုံ့ဆိုင်းချင်တယ်။
ငါတို့ တွေးကြည့်ရအောင်
ငါတို့ အသေအချာတွေးကြည့်ရအောင်
ငါတို့ စီးဆင်းခဲ့တဲ့ခရီးအစ
ငါတို့ဘဝရဲ့သန္ဓေ
တစ်နေရာတည်းနော်
အမေ့ဝမ်းမှာ ပျော်ဖို့မကောင်းဘူးလား
ငါတို့ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ကြဖို့မကောင်းဘူးလား
ပြီးတော့ အံ့သြဖို့ရော မကောင်းဘူးလား။
အသွေးတူအမွေးတူတဲ့ ယုန်ကလေးတွေလို
အသွေးတူအမွေးတူတဲ့ ခွေးပေါက်စလေးတွေလို
ငါတို့ တစ်ပြုံတစ်မကြီး ပြန်ငယ်ကြည့်ရအောင်
တစ်ယောက်ကိုတစ်ယောက် ကျော်ခွလို့
တစ်ယောက်ကိုတစ်ယောက် တိုးဝှေ့လို့
အမေ့နို့ကို လုစို့နေကြမလား
နာနာနဲ့ခွင့်ပြုပေးထားတဲ့ အမေ့နို့နှစ်လုံးကို
ငါတို့ အာရုံပြုရအောင်
အမေ့ရဲ့ဖြူစင်တဲ့နို့စက်တွေ
ငါတို့ကိုယ်မှာ စိုနေတုန်း။
"ဒီကမ္ဘာမှာ စစ်မဖြစ်ရာမြေ
တစ်နေရာ ရှိရမယ်လေ"လို့ဆိုရင်
အဲဒါ ငါတို့အိမ်လေးပဲ
ထီးနန်းလုကြတဲ့ မင်းညီမင်းသားတွေလို
ငါတို့ တစ်ယောက်ကိုတစ်ယောက် မကောက်ကျစ်ကြဘူး
တစ်ယောက်ကိုတစ်ယောက် မသတ်ဖြတ်ကြဘူး
ငါတို့အိမ်ဝင်းလေးဟာ ငြိမ်းချမ်းရာမြေ
ငါတို့ချစ်ခြင်းတရားတွေ တသွင်သွင်စီးခဲ့တယ်။
မိုးရေတွေပက်တော့
ငါတို့ တစ်ယောက်နဲ့တစ်ယောက် နီးကပ်ခဲ့တယ်
လောကဓံကျိုးပေါက်ပြီး
အိမ်အောက်မှာ စီးဝင်လာတဲ့ရေကို အတူခပ်ထုတ်ခဲ့တယ်
မိုးရွာရင်လည်း မိုးရေချိုးတာပေါ့
နေပူရင်လည်း ချွေးတွေထွက်တာပေါ့
ဘာအရေးလဲ။
ဆောင်းတွင်းရောက်ရင်
အုန်းကြွက်မြီးပေါ်က မီးတောက်ကလေးတွေကို
ငါတို့ လိုက်ဖမ်းကြတယ်
ကျောတွေ ချမ်းသလောက်
ရင်ဘတ်တွေ နွေးခဲ့ဖူးတာပေါ့
တစ်ယောက်အပူကို တစ်ယောက်လှုံရင်း
ငါတို့ လူလားမြောက်ခဲ့ကြ။
အမှည့်ရွမ်းဆုံးသရက်သီးကို
တစ်ကိုက်စီ ကိုက်ရတာကလည်း အရသာပဲ
အရာရာ တစ်ကိုက်စီ တစ်ဖဲ့စီ
တစ်ကိုက်စီ ကိုက်ပြီး ငါတို့ ဝမ်းဖြည့်/ပြည့်ခဲ့ကြတယ်။
ငါ အစ်ကိုကြီး
မင်းတို့ထက် ဟင်းပိုမစားခဲ့ဘူး
ငါ အစ်ကိုကြီး
မလောက်ငတဲ့စောင်ကို လုမခြုံခဲ့ဘူး
တစ်ခုပါပဲကွာ ငါ စာတွေပိုကျက်ခဲ့တယ်
တစ်ခုပါပဲကွာ ငါ ပညာပိုတတ်ခဲ့တယ်
ကမ္ဘာကြီးနဲ့ နီးသွားတော့
မိသားစုနဲ့ ဝေးခဲ့တယ်။
အစ်ကိုကြီးရဲ့အင်္ကျီအကျကို
အစ်ကိုလတ်က ပြန်ဝတ်တယ်
အစ်ကိုလတ်ရဲ့အင်္ကျီအကျကို
ညီငယ်လေးက ပြန်ဝတ်တယ်
တစ်ယောက် ကိုယ်သင်းရနံ့ဟာ
တစ်ယောက်ကိုယ်ထဲကို စီးဝင်သွားတယ်
နှလုံးသားရဲ့အနက်ရှိုင်းဆုံးဗဟိုချက်အထိ စီးဝင်သွားတဲ့ရနံ့
အဲဒါ ညီအစ်ကိုရနံ့ပေါ့။
လောက်စာလုံးလှိမ့်တဲ့အခါ
"ခေါင်"ကို မှန်စေချင်တာပဲ
အပြေးပြိုင်တဲ့အခါ ထိပ်ဆုံးက ပန်းဝင်စေချင်တာပဲ
ဒီအမေက မွေး၊ ဒီအဖေက ကျွေးတဲ့ငါတို့တွေ
အရေးမကြီးလည်း သွေးနီးတာပဲ
"ဟေ့ရောင် ငါ့အမေကို မထိနဲ့"
ဒါ ငါတို့ရဲ့ ကြွေးကြော်သံ။
အမေက ပြောတယ်
"မင်းညီတွေက မင်းစကားဆို နားထောင်တယ်"တဲ့
"အစ်ကို"ဆိုတဲ့ ကြီးဂုဏ်ကို မစော်ကားတတ်တဲ့ငါ့ညီလေးတွေ
ငါ ဂုဏ်ယူရတယ်။
ညီအစ်ကိုတွေဆိုတော့ ဘာသိဘာသာပဲ
တစ်ယောက်အသားကို တစ်ယောက်ပွတ်သပ်ပြီး
တစ်ယောက်ပါးကိုတော့ တစ်ယောက်မနမ်းကြဘူးပေါ့
လဲကျတဲ့အခါ ပွေ့ဖက်လိုက်ဖို့
နာကျင်တဲ့အခါ ဖေးမလိုက်ဖို့
နားကိုတော့ စွင့်ထားပြီးသား
ဖင်ကို ပုတ်လိုက်မယ်
ကျောကို ရိုက်လိုက်မယ်
လက်မောင်းကို တစ်ချက်ထိုးလိုက်မယ် ပြီးပြီ။
သတိရတယ်ဆိုလည်း အဝေးက တစ်ချက်ကြည့်လိုက်ရုံ
မိုးတွေရွာတုန်း လျှပ်စီးလက်လိုက်သလို
တစ်ယောက်ယောက်ရဲ့အရိပ်အယောင်ကို
ဖျတ်ခနဲမြင်ယောင်ပြီး ဖြေရတယ်
အော်ခေါ်နေမှမဟုတ်ဘူး
ဖုန်း တဒူဒူဆက်နေမှမဟုတ်ဘူး
သတင်းအစအနလေးတစ်ခုကလည်း အလွမ်းကိုငြိမ်းစေတယ်။
တစ်မိုးတည်း တစ်အိုးတည်း တစ်ဇွန်းတည်း တစ်ပန်းကန်တည်း
ကြီးသူကို ဦးချ၊ ငယ်သူကို ဝေမျှလို့
ဒါဟာ ငါတို့ယဉ်ကျေးမှု
ဦးသူစားစတမ်း ငါတို့အဘိဓာန်မှာမရှိ
ငါတို့လောဘဟာ ရောင့်ရဲမှုနဲ့ချိုမြတယ်။
အဖေပြန်လာရင် ဟင်းကောင်းစားရတယ်
အမေပြန်လာရင် မုန့်ပဲသွားရည်စာတွေ ပါတတ်တယ်
ပြောင်းဖူးဖုတ်လေးတွေ မီးဖိုထဲမှာ တဖောက်ဖောက်
ပဲမြစ်ပြုတ်ရနံ့တွေ မီးဖိုခန်းထဲမှာ တသင်းသင်း
ဒီလိုပေါ့
လသာညတွေမှာ အလ္လာပသလ္လာပတွေ တသောသော
တစ်ယောက်ယောက်ရဲ့ ငယ်ကျိုးငယ်နာတွေ ပြန်ပြောကြတယ်
ငါတို့မသိတတ်သေးခင်က
ငါတို့ရဲ့ ခမ်းနားတဲ့အတ္ထုပ္ပတ္တိကြီးတွေပေါ့
"ဖိနပ်"ကျကျန်ခဲ့တာကို "တစ်မတ်"ကျကျန်ခဲ့တယ်ဆိုလို့
လူကြီးတွေမှာ ရှာလိုက်ရတာဆိုတဲ့အကြောင်း။
လူတွေက တစ်လုံးတစ်ခဲကြီးတွေ
၁၉တောင်ဝတ် မင်းယောက်ျားကြီးတွေ
အမေ့မှာ ငါတို့ကို ကြည့်ရင်း အားရ
အရသာရှိတဲ့ထမင်းလုတ်ကြီးကို မျိုချလိုက်ရသလို အားရ
ပီတိတွေတောင် လည်ချောင်းထဲနင်သွား
ငါတို့ ကျောင်းသွားတဲ့အခါ
ငါတို့ ကျောပြင်မှာ အမေ့မျက်လုံးကြီးတွေ ကျွတ်ပါလာတယ်။
မွေးကင်းစမှာ နို့ခွဲခဲ့သလို
အရွယ်ရောက်တော့ အသိုက်ခွဲခဲ့ပြီ
ပြည်ဝင်အိုးကြီး ကျုံ့သွား
လှေကားထစ်မှာ ဖိနပ်တွေ နည်းသွား
အဖေနဲ့အမေရဲ့မျက်ဝန်းတွေ မှုန်သီသွား
ထမင်းပွဲမှာ ဟင်းခွက်တွေစုံလင်သလောက်
ဇွန်းတိုက်သံတွေ မကြားရတော့။
ငါတို့ငယ်ငယ်က စိုက်ခဲ့တဲ့အုန်းပင်တွေ အိုတော့မှ
အဖေနဲ့အမေကို မော့ကြည့်မိ
သီးအားမကောင်းတော့တဲ့အုန်းပင်ကြီးတွေလို
ကောင်းကင်ကြီးထဲ ထိုးထိုးထောင်ထောင်
ရှည်လျားသေးမြှောင်တဲ့လည်ပင်းတွေ
လေအနွဲ့မှာ တုန်တုန်ယင်ယင်
အုန်းပင်ကြီးတွေ မောပန်းနေပါပြီ။
မြေပုံတစ်ချပ်ကို ချခင်း
ငါတို့အိမ်ဝင်းလေးရဲ့အဝေး
ငါက အနောက်မြောက်အရပ်မှာ
ညီလတ်က အရှေ့ဘက်အရပ်မှာ
အသီးသီးထွက်ခွာ
မြေပုံလေးပေါ်မှာတော့
ခေါက်တုံ့ခေါက်ပြန် လျှောက်မိပါတယ်လေ
လက်တွေ့ဘဝမှာသာ
တစ်နှစ်တစ်ခေါက် ရောက်ဖို့ခက်နေတာ။
အဝေးဆုံးခရီးရဲ့အစပြုရာ
အနီးဆုံး စ.မှတ်ဆီ
တစ်နှစ်တစ်ခေါက် အရောက်ပြန်ကြမယ်
မင်းတို့လည်း မင်းတို့လက်ရှိဘဝကို ပစ်ချ
ငါကလည်း ငါ့လက်ရှိဘဝကို ပစ်ချ
ငါတို့ ကစားခိုနားခဲ့ရာ
ငါတို့ ကျောချခဲ့ရာ
ငါတို့မိဘရဲ့ရင်ခွင်ဆီ
အရောက်ပြန်ကြမယ်။
ငါတို့အရပ်တွေထက် အများကြီးရှည်ထွက်နေတဲ့
ငါတို့နဲ့သက်တူရွယ်တူ အုန်းပင်တွေကို မော့ကြည့်ရင်း
လောကအမိုက်အမှောင် ပူလောင်မှုတွေကို
ခဏမေ့ထားမယ်
အုန်းလက်ရိပ်တွေအောက်က
ငါတို့ အပူအပင်ကင်းဝေးခဲ့ကြရာ
ငါတို့မိဘရဲ့မေတ္တာအရိပ်ဆီ
အရောက်ပြန်ကြမယ်။
သီးအားကောင်းနေတဲ့ ငါတို့ညီအစ်ကိုတွေ
ဆုံနိုင်ခွင့်ဒုလ္လဘကို အရယူရအောင်
ပြီးတော့
ငါတို့မိဘနှစ်ပါးကို
လက်ဆယ်ဖြာမိုး ရှိခိုးဦးခိုက်ကြပါစို့။ ။
ရင်ရိုး
14-3-2017
No comments:
Post a Comment