May 29, 2018

မွေးမေလေ့

မွေးမေလေ့
💫💫💫💫

ရေအေး

(၁)

ဒိတ်ခနဲ ရင်ခုန်သံကို ကြားမှ အိပ်မက် မက်နေတာ ပါလားဟု သိကာ အမေသည် စိတ်သက်သာရာ ရသည်။ သို့တိုင် အမေ၏ ရင်သည် တလှပ်လှပ် တုန်ဆဲ။ ဘုရား ဘုရား ဘယ်လို အိပ်မက် ပါလိမ့်ဟု တွေးရင်း အမေသည် တုန်နေသော ရင်ကို ဖိရ၏။ ဘယ်လို အဓိပ္ပါယ်များ ပါလိမ့်ဟု တွေးလျက် စိတ်သည် ဆောက်တည်ရာ မရ။ အိပ်မက်ဆိုး ပေတကား။

အမေသည် ကုန်ခဲ့သည့် ညအစောပိုင်းက အိပ်မပျော်။ အိပ်ရာထဲတွင် ဟိုဘက်ဒီဘက် လှိမ့်ကာ အချိန်ကုန်၏။ တောင်တွေး မြောက်တွေး တွေးလျက်ပင် အချိန်ကုန်၏။ သူငယ်အိပ်ချိန်၊ သက်ကြီး ခေါင်းချချိန်၊ လုလင်ပြန်ချိန် အချိန်များသာ တရွေ့ရွေ့ ကုန်ခဲ့သည်။ တစ်မှေးမျှပင် မအိပ်ရ။ အရုဏ် တက်ခါနီးမှ ဖျတ်ခနဲ တစ်မှေးပျော်သည်။ သို့သော် အိပ်မက်ဆိုးကြောင့် ချက်ချင်းပင် လန့်နိုး လာရ၏။

အမေသည် စေ့စေ့တွေးလျှင် အိပ်မက်သည် ကွက်ကွက်ကွင်းကွင်းပင် ပေါ်သည်။ အိပ်မက်ထဲတွင် ဒီအမေ့ သမီးသည် အမေနှင့် လေးတောင်ခန့် အကွာတွင် ထိုင်နေ၏။ အနီနှင့် အဝါပွင့်များ ပါသော လုံချည်ကို ထက်အောက် ပြောင်းပြန် ဝတ်ထား၏။ မျက်နှာသည် မသာမယာ၊ ဆံပင် ဖွာလန်ကြဲ၏ ထိပ်တည့်တည့်တွင် ခေါင်ရန်းပန်း နီနီမြန်းမြန်းကို ပန်ထားပေသည်။ အထူးခြားဆုံးကား သမီး၏ ကြည့်ပုံဆန်းတည်း။ သမီး၏ မျက်လုံးများသည် နီရဲကာ မျက်ရည်တို့သည် တစိမ့်စိမ့် စီးလျက်။ ထိုသို့ ငိုလျက်သားပင် သမီးသည် အမေဖြစ်သူအား တရှိုက်မက်မက် ငေး၏။

အကြည့်သည် တစ်သက်တွင် နောက်ထပ် ပြန်မမြင် ရတော့မည့် ချစ်သူ၊ ခင်သူ တစ်ဦးအား ကြည့်သော အကြည့်မျိုး ဖြစ်၏။ ထိုအကြည့်ကို မြင်လျှင် အမေ၏ စိတ်တွင် ထင့်ခနဲ ဖြစ်၏။ ထို့ကြောင့် “ဟဲ့ အစီမ ဘာဖြစ်တာတုန်း” ဟု အလန့်တကြား မေး၏။ သမီးသည် ဘာစကားမျှ မဆို။ အမေကိုသာ တွေတွေကြီး စိုက်ကြည့်ပြီး တအင့်အင့် ငိုသည်။ အမေသည် စိုးရိမ်စိတ်ကြောင့် ဝရုန်းသုန်းကားပင် ထကာ သမီးထံ သွားသည်။ သမီးကား အမေ၏ အကပ်ကို မခံ၊ လှေကားရင်း ဘက်သို့သာ တရွေ့ရွေ့ ယို့ပြီး ဆုတ်၏။ အမေ၏ စိတ်တွင် “ ဒီအမေ၊ ဒီသမီး နှစ်ဦးတည်း ရှိသော မိသားစုတွင် ဘာများ သိုဝှက်ချင်ရသေး သနည်း” တွေးကာ ဒေါသဖြစ်၏။ ထို့ကြောင့်ပင် “ဟဲ့ ပြောပါဟဲ့” ဟု ဒေါမာန်ပါပါ အော်ရင်းပင် သမီးအနား ဖျတ်ခနဲ ကပ်သည်။ ထိုအချိန်တွင် ဆိုးရွားလှသော ညှီစို့စို့ အနံ့အား ရှူမိပြီး “အမယ်လေး” တကာ အိပ်ရာမှ နိုးရပေသည်။

အိပ်မက်ကြောင့် ကယောက်ကယက် ဖြစ်နေသော အမေ၏ စိတ်အတွေးသည် ပစ္စက္ခ အခြေအနေတွင် တဖြည်းဖြည်း စုစည်းမိ လာသည်။ လူသည် ချွေးသီးချွေးပေါက် တို့ဖြင့် ရွှဲနစ်ကာ ပူလောင် မွန်းကျပ် နေသည်ကို သတိထားမိ လာသည်။ ကိုယ်ပေါ်တွင် ဘီလူးစီး သကဲ့သို့ တက်ဖိထားသော စောင်ပုံကြီးကိုလည်း သတိထားမိ လာသည်။ “လေးလိုက်တာ” ဟု စိတ်ထဲတွင် တွေး၏။ ထို့နောက် ခြေနှင့် လက်တို့ကို လှုပ်ရှား တွန်းထိုးပြီး စောင်အား ခွာချသည်။ အေးစိမ့်သော လေ၏ အထိအတွေ့နှင့် အတူ နှာဝ တိုးဝင်လာသော အော်ဂလီဆန်ဖွယ် အပုပ်နံ့ကြောင့် အမေသည် ဝေါ့ခနဲ ပျို့အန်တော့မလို ဖြစ်သွား၏။ အမယ်လေး ဆိုးလိုက်တဲ့ အနံ့၊ နံလိုက်တဲ့ အနံ့။ အမေသည် ရုတ်ခြည်းပင် အိပ်မက်ထဲက အပုပ်နံ့ကို သတိရ၏။ အတွေးများသည် ပလုံစီ လာကြပြန်သည်။ အိပ်မက်ထဲက အနံ့သည် အဘယ့်ကြောင့် အပြင်လောကသို့ ရောက်နေရသနည်း။ မဝံ့သော အတွေး တစ်ချက်ကို ဖျတ်ခနဲ ဆက်စပ် တွေးမိလျှင် ဝုန်းခနဲပင် အိပ်ရာထက် ငုတ်တုတ် ထထိုင်သည်။ တည်ငြိမ်စ ပြုသော ရင်သည် တလှပ်လှပ် တုန်ပြန်သည်။ အတွေးများကား မရပ်နိုင်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါးသို့ ဖျိုးဖျိုးဖျတ်ဖျတ် ပြေးသည်။ ခေါင်ရန်းပန်းသည် သေခြင်း၏ နိမိတ်တည်း။ လုံချည်ကို အဘယ်ကြောင့် အထက်အောက် ပြောင်းပြန် ဝတ်ထားရ သနည်း။ မည်သည့် အကြောင်းကြောင့်  ဤမျှ ငိုနေရ သနည်း။ ပြီးလျှင် အပုပ်နံ့။ ယခုပင် နှာဝသို့ တစ်ချက် တစ်ချက် လာဝှေ့သည် ဆိုးရွားလှသော အပုပ်နံ့။ “အို မဖြစ်နိုင်ပါဘူး၊ မဟုတ်နိုင်ပါဘူး” ဟု အမေသည် တစ်ဦးတည်း ခေါင်းခါ လည်ခါ ငြင်း၏။ သို့တစေ ရုတ်ခြည်းပင် ပြန်ငြိမ်သက်လျက် “သေပြီ ထင်ပါရဲ့၊ ကံဆိုးပြီ ထင်ပါရဲ့” ဟူသော အတွေးကို ကွက်ခနဲ တွေးမိပြန်သည်။ ထို့နောက် အိပ်ရာနှင့် မျက်စောင်းထိုးတွင် ရှိသော ဘုရားစင် ဘက်သို့ မျက်နှာမူလျက် လက်အုပ်ချီ၏။ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူခဲ့ ပြီးသော ဘုရား အဆူဆူနှင့် တပည့်သာဝက အဆူဆူ၊ တောစောင့်နတ်၊ တောင်စောင့်နတ်၊ အိမ်စောင့်နတ်၊ အရှင်ကြီး၊ အရှင်ကောင်း များစွာတို့အား တိုင်တည်ပြီး ရွတ်ဖတ် သရဇ္ဈာယ်ခြင်း ပြုသည်။ တစ်နယ် တစ်ကျေးသို့ ရောက်နေသော သောကြာသမီးအား ကြည့်ရှု မှိုင်းမတော် မူပါရန် အပူကပ် လေ၏။

(၂)

ယိမ်းထိုးနေသော ထင်းမီးတောက်သည် တဖြည်းဖြည်း မှေးမှိန်၏။ မီးခဲရဲရဲသည် ထရံကြိုကြားမှ တိုးဝင်လာသော လေတွင် တစ်ချက် တစ်ချက် ဖောက်ခနဲ ထတောက်သည်။ အမေသည် ထင်းများကို တဂျွတ်ဂျွတ် ချိုးခြေပြီး ဆတ်ခနဲ ထည့်လျှင် မီးတောက်သည် ဝုန်းခနဲ ပြန်ပေါ် လာသည်။ ထိုအခါ အငွေ့ တလူလူနှင့် ငြိမ်သက်နေသော ရေနွေးအိုးသည် တရှူးရှူး တရှဲရှဲ အသံထွက်လာ ပြန်သည်။ အမေ၏ စိတ်သည်လည်း မီးထိုး ခံရသော ရေနွေးအိုး ကဲ့သို့ပင်တည်း။ အိပ်မက်၊ ခေါင်ရန်းပန်း၊ သမီး၏ အကြည့်ဆန်း၊ ချောင်ကြို ချောင်ကြားအနှံ့ ရှာသည့်တိုင် တရားခံ ရှာမတွေ့သော အပုပ်နံ့ အားလုံးကို ဗြုန်းခနဲ ဒိုင်းခနဲ သတိရလျှင် ရင်ဝတွင် အလုံးဆို့သလို ဖြစ်၏။ “အမယ်လေး ဘုရား ဘုရား” ဟု တမိပြန်လျှင် စိတ်သည် စဉ်းငယ်မျှ ညံ့သက်သလို ဖြစ်၏။ “အနိစ္စပေပဲ၊ ကံပေပဲ” ဟု ဆင်ခြင်လျှင် ရင်ချောင်သလို ဖြစ်လာလျက် ထိုစိတ်သည် တာရှည်မခံ။ သမီး၏ မျက်နှာကို မြင်ယောင်လျှင် ထိုစိတ်တို့သည် ဖျိုးဖျိုးဖျတ်ဖျတ် လျင်လျင်မြန်မြန်ပင် ပျောက်ကွယ် သွားကြသည်။

သမီးသည် အရပ်ပြတ်ပြတ်၊ အသားအရေ ပါးပါး၊ မျက်နှာ ပြားပြားနှင့် တောသူပီပီ ဒေါင်းတည် မောင်းတည် ဖြစ်သည်။ သွား အနည်းငယ် ခေါချင်သော်ငြား နှာတံစင်းစင်းကြောင့် ကြည့်ပျော်သည်။ ငယ်စဉ်ကမူ လူပျိုကာလသားတို့ အကြား ကျော်သင့်သလောက် ကျော်သည်။ တချို့သည် အံ့ဩ တချို့သည် ချီးကျူး၊ တချို့သည် ကဲ့ရဲ့သင်္ဂြိုဟ်ဖြစ်လျက် သမီးကား မတုန်လှုပ်။ “မှန်ပါတယ် ငါ့ကောင်ရာ၊ ငါမလိမ်ပါဘူး၊ မဟုတ်မမှန် ဆိုရင်ဖြင့် သန်းဟန်စီးတဲ့ စက်ဘီး ဖြစ်ရပါစေ” ဟု ခပ်ရွတ်ရွတ် ကာလသားတို့က ကျိန်ဆိုသည် ဟူ၏။ အမှန် ဆိုလျှင်ကား သမီးသည် သနားစရာတည်း။ သမီး အပျိုဖော်ဝင်စ အချိန်တွင် အဖေနှင့် အစ်ကို သုံးယောက် တို့သည် ပျက်စီး နေလေပြီ။ ဖိုး၊ ဘိန်းတို့ကို လက်တွင် ဆုပ်ကိုင်လျက်ပင် သေမင်းထံသို့ အပြေးအလွှား သွားနေကြ လေပြီ။ အမေသည် အနုံ ဖြစ်သည်။ အအ ဖြစ်သည်။ ထိုအခါသည် သမီးသည် ထိုခေတ် ထိုအခါက ရှားပါးလှသည့် ယောက်ျားစီး စက်ဘီးကို ခွလျက် နေ့နေ့ညညပင် လှုပ်ရှားရတော့သည်။ အများ မေးငေါ့သည်ကို သိလျက် မသိဟန် ပြု၏။ ချီးကျူးသည်ကို သိလျက် ဂုဏ်မမြောက်သလို နေ၏။ အမှန်စင်စစ် သမီးသည် မိသားစုအတွက် လူ့လောက အပြင်ဘက် ထွက်ခဲ့ခြင်းတည်း။

ယောက်ျားနှင့် သားများ တစ်ယောက်ပြီး တစ်ယောက် သေပုံ၊ အမေသည် အစားမသိ၊ အအိပ်မသိ၊ အရိုးဂေါက်ဂက်နှင့် အိပ်ရာထက်တွင် နှစ်ပေါင်း အတော်ကြာ တုံးလုံးကလေး လှဲနေပုံ၊ သမီး၏ ပြုစု ယုယမှုများ ကြားမှ အမြစ်ဖြတ် ခံရသော နှင်းဆီပင်သည် မြေတွင် ရှင်သန်လာ သကဲ့သို့ သူမ တဖြည်းဖြည်း ပြန်ကောင်းလာပုံ၊ လူတိုင်းသည် သမီးအား ဝိုင်းပြီး ဩဘာ ပေးကြပုံ၊ အဖြစ်အပျက် တသီတတန်းကို အမေသည် တရေးရေး သတိရ၏။ ထိုစဉ် ပစ္စက္ခ အခြေအနေကို စေ့ငုမိပြန်၏။

ထင်းခြောက်ကို ဂျွတ်ခနဲ ချိုးလျက်ပင် မီးထဲ ဆတ်ခနဲ ထိုးထည့်လျှင် မီးသည် တဟည်းဟည်း ထတောက်၏။ ဆူလုလု ဟင်းရည်အိုးသည် ခပ်ပြင်းပြင်း ပွက်၏။ အမေ၏ အတွေးမျှင် များသည် ထောင်းခနဲ ငါးပိနံ့နှင့် ပြန်ပေါ်လာသည်။ အမေသည် “အမယ်လေး သမီးလိမ္မာလေး ကိုမှ” ဟု မချိတင်ကဲ ရွတ်၏။ ဒီအခြေအနေ ဒီလို ဖြစ်ခဲ့လျှင် သူမသည် ဖျိုးဖျိုးဖျတ်ဖျတ် ထလျက် သမီးနောက် လိုက်ရတော့မည် မဟုတ်လား။ “ငါ့နှယ် နုံလှချည့်၊ အ လှချည့်” ဟုလည်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်၏။

ထို့နောက် “အိုအေ မသေချာတဲ့ အိပ်မက်ကို အရေးပြုလို့” ဟု စိတ်ထဲတွင် ပုန်ကန် လိုက်ပြန်သည်။

ထိုစဉ် အမေ၏ နားတွင် “အရီး အရီး” ဟု ခပ်အုပ်အုပ် အသံကို ကြားသလို ရှိလျှင် ခေတ္တမျှ ငြိမ်၏။ ပြီးလျှင် “ဟဲ့ ဘာတုံး” ဟု လေးလေးပင်ပင် အသံပေးသည်။

“စောစော စီးစီးအေ” ဟု တိုးတိုးဆက်ရွတ်သည်။ 

ခဏမျှ ကြာလျှင် အမေနှင့် မိန်းမ တစ်ယောက်သည် မီးဖိုဘေးတွင် ပူးကပ်ကာ စကားဆိုလျက် ရှိ၏။ ဆံပင် စုတ်ဖွာနှင့် ဖလန်ထည် ညစ်ညစ်ကို ဝတ်ထားသော ကပျစ်ကညစ် ထိုမိန်းမသည် “ကျွန်မဖြင့် ညကတည်းက လာချင်လွန်းလို့ အူကို ယားနေတာပဲ” ဟု သည်းထိတ်ရင်ဖို ဟန်ဖြင့် စကားစ၏။ အသံသည် အရေးကြီးဟန်ဖြင့် ရုတ်တရက် တိုးသွား၏။ ကြမ်းကို ပုတ်ကာ ပုတ်ကာဖြင့် စကားဆိုနေသော ထိုမိန်းမ၏ ကိုယ်သည် ကုန်း၍ ကိုင်း၍ အမေ့နားသို့ တဖြည်းဖြည်း တိုးကပ်၏။

ထိုမိန်းမ ပြောသော ကိစ္စသည် အရေးကြီးကိစ္စ မဟုတ်။ အမည်မသိ မိန်းမတစ်ယောက် ဖျား၍၊ နာ၍ သေသည့် သတင်းမျှသာ ဖြစ်၏။ သို့သော် သေသည့် နေရာသည် အမေ၏သမီး စပါးရိတ် သွားသော ဟိုပင် အနီးရှိ နန့်ရင်းရွာတွင် ဖြစ်၍ သေသူမှာ တစ်နယ် တစ်ကျေးမှ လာသော စပါးရိတ်သမ တစ်ယောက် ဖြစ်လျှင် အမ့ရင်သည် တဒုန်းဒုန်း ခုန်လာသည်။

“ကျွန်မ ယောက်ျား ရထားပေါ်က ကြားလာတာတဲ့။ ညနေ အိမ် ရောက်ရောက်ချင်း ကတော့ ဧည့်က ရှုပ်၊ စကားကလည်း မစပ်မိနဲ့၊ ညကြီးမိုးချုပ် အိပ်ဖို့ လုပ်နေရင်းမှ စကားစပ်မိတော့ အိပ်လို့တောင် မပျော်ဘူး။ ကျွန်မလေ အရီးကို လာပြောချင် လိုက်တာ၊ ဒါနဲ့ သန်းဟန်ဆီ ကကော ဘာသတင်းမှ မကြားဘူးလား”

ထိုမိန်းမ၏ စကားသည် အမြီးရောက် ခေါင်းရောက် ဖြစ်၏။ အချုပ်မှာ မှော်မှ ပြန်လာသော သူ့ယောက်ျားသည် ဟိုပင် ဘူတာမှ တက်သော လူတစ်အုပ် အော်ကြီးဟစ်ကျယ် ပြောနေရာမှ တစ်စွန်းတစ်စ ကြားလာခဲ့ခြင်းတည်း။ အိပ်မက်အခံ ရှိသော အမေသည် ထိုမိန်းမ၏ နိမ့်ချည် မြင့်ချည် ပြောနေသော အသံ၊ ရှေ့နောက် ယိမ်းထိုးနေသော စိုးရိမ်သောက ဟန်ကို မြင်လျှင် သေသူ အမည်မသိ စပါးရိတ်သမသည် သူမ၏ သမီးဟု တထစ်ချ ထင်လာတော့သည်။ ထို့ကြောင့် “ငါ့နှယ် ကံဆိုးလှအေ” ဟု မပီမသ ဝူးတူးဝါးတား ဆိုရင်း ရှိုက်၏။ ထိုအခါ လွန်ခဲ့သော မိနစ်ပိုင်းတွင် စိုးရိမ်သောက အပြည့် ဖြစ်နေသော မိန်းမသည် အတန်မျှ ဆွံ့အ သွားသည်။ စက္ကန့်ပိုင်းမျှ ကြာသော အခါတွင် တုန်လှုပ်သော အသံဖြင့် “မဟုတ်တာဘဲ အရီးရယ် မဟုတ်တာဘဲ” ဟု တတွတ်တွတ် ဆို၏။ “ကျုပ်က သန်းဟန် သေတယ် မပြောပါဘူး” ဟု ခပ်လေးလေး ညည်းသည်။

အမေသည် ပါးပေါ်တွင် တလိမ့်လိမ့် စီးကျနေသော မျက်ရည်များကို ဘယ်ညာ လွှဲသုတ်၏။ ထို့နောက် “ငါ ညက သန်းဟန်ကို အိပ်မက် မက်တယ်” ဟု အသံ တုန်တုန်ဖြင့် စကားစသည်။ ပြီးလျှင် အိပ်မက်မက်ပုံ၊ အိပ်ရာမှ နိုးထပုံ၊ အပုပ်နံ့ ရပုံတို့ကို လုံးစေ့ပတ်စေ့ ပြန်ပြော၏။ “သေချာပါတယ်အေ၊ သေချာပါတယ် တစ်ခုခုတော့ ဖြစ်နေပြီ” ဟု ဝမ်းနည်းပက်လက် ရေရွတ်သည်။ သတင်းသမကား မျက်နှာငယ်ဖြင့် တဩဩ စကားထောက်၏။

ရုတ်တရက် သတင်းပေး မိန်းမ နှင့် တွတ်ထိုးဆဲတွင် အမေသည် “မဖြစ်ဘူး၊ မဖြစ်ဘူး ငါ လိုက်မှဖြစ်မယ်” ဟု ဆုံးဖြတ်၏။ နံရံထက်တွင် ချိတ်တင်ထားသော ကချင်လွယ်အိတ် အဟောင်းကို ပြေးဖြုတ်သည်။ ရှိစုမဲ့စု အဝတ်နှစ်စုံကို ထိုးသိပ်ထည့်၏။ “နင် မီးတွေ ဘာတွေ ကြည့်ကျက် ငြှိမ်းထားလိုက်ဦး၊ ငါတော့ ရှိတဲ့ ရထားနဲ့ပဲ လိုက်တော့မအေ့” ဟု ထိုမိန်းမအား ကပျာသီသုတ် မှာလျက်ပင် အိမ်မှ ထွက်ခဲ့သည်။ အမှန်စင်စစ် အမေသည် ယခုအရွယ် အသက် ခြောက်ဆယ်ကျော် ခေါင်းဖြူ စွယ်ကျိုးသည့်တိုင် သူမ နေထိုင်ရာ ရွာနှင့် ခြောက်မိုင်ကျော် ဝေးသော မော်လူးမှ တစ်ပါး မည်သည့် နေရာမျှ ရောက်ဖူးသူ မဟုတ်။ မည်သည်ကိုမျှ သွားဖူးသူ မဟုတ်။ ရွာတွင် အသုံးလုံး သင်စဉ်ကလည်း ယောင်တိ ယောင်ဝါးဖြင့် ပြီးခဲ့သူ ဖြစ်လေရာ မည်သို့ သွားရမည် ကိုလည်း သိသူမဟုတ်။ အမေသည် ဇောနှင့် သုတ်သီးသုတ်ပျာ လျှောက်လာလျက် ဘူတာရုံထီးတည်းကို မြင်လျှင် ရုတ်တရက် လန့်ကာ သွား၏။ “ဘုရား၊ ဘုရား ဘယ့်နှယ် လုပ်ရပါ့” ဟု အထိတ်တလန့် ရွတ်မိသည်။ ချက်ချင်းပင် “အိုအေ ပါးစပ်ပါ ရွာရောက်တာပဲ” ဟုတွေးကာ မာန်တင်း၏။

“အိုအေ ဘာဖြစ်သေးတုံး” ဟု စိတ်ထဲတွင် မခန့်ဟန် တွေးလျက်ပင် အမေသည် ဘူတာရုံထဲ ချီတုံချတုံ အတော်ကြာ ရပ်နေသေးသည်။ နောက်ဆုံး “မဖြစ်သေးပါဘူး” ဟု စိတ်တုံးတုံး ချလျက် “အထက်ဘက် သွားမယ့်ရထား ရှိသတဲ့လားတော့” ဟု အနီးရှိ ယောက်ျား တစ်ယောက်ကို ခပ်ရွံ့ရွံ့ မေးသည်။ “မသိပေါင်ဗျာ အထူးတော့ တက်သွားပြီ ဆိုပဲ” ဟု ထိုသူက ပြောလျှင်ကား အမေသည် ဘာဆက်မေးရမှန်း မသိတော့။ လွတ်နေသော ခုံတစ်ခုံတွင် တိတ်ဆိတ်စွာ ဝင်ထိုင်ပြီး တောင်တောင် ဤဤ တွေးနေ၏။ ရထား စီးရမည့် အရေးကို တွေးကာ လန့်သည်။ “အိမ်ပဲ ပြန်လိုက်ရ ကောင်းမလား” ဟုလည်း တွေးသည်။ သမီး ဖြစ်သူကို သတိရလျှင် “မဖြစ်သေးပါဘူး သွားကို သွားမှ ရမှာပဲ” ဟု စိတ်ကို တင်းလိုက်ပြန်သည်။ ကုန်းနေသော ခါးသည် ခပ်မတ်မတ် ဖြစ်သွား၏။ လုံချည် အထက်နားစကို ဆွဲလိပ်ပြီး နံရိုး အောက်နားတွင် ခပ်တင်းတင်း ပြင်ဝတ်၏။ အဖြူနှင့် အနက် တစ်ဝက်စီ ရောနေသော လက်သီးဆုပ် သာသာ ဆံထုံးကိုလည်း ခပ်ကျစ်ကျစ် ပြင်ထုံး၏။ ပြီးလျှင် သူမ၏ လွယ်အိတ် အစုတ်ကလေးကို ရင်တွင် စေ့စေ့ပိုက်လျက် ငြိမ်ပြန်လေသည်။

ရထား သံချောင်း ခေါက်ချိန်တွင် လက်မှတ်ရုံသို့ လူများ ဝုန်းခနဲ ထပြေးလျှင် အမေသည် ရုတ်တရက် လန့်ကာသွားသည်။ “ဘာများပါလိမ့် ဘာများပါလိမ့်” ဟု စိတ်သည် မရိုးမရွ။ “အထက်ရထား လက်မှတ် ရောင်းတာတဲ့” ဟု ကြားလျှင်ကား အမေသည် အတင်းပင် လူအုပ်ထဲ တိုးတော့၏။ “ဒီဘွားတော် တိုးလှချည့်” ဟု အော်လျှင်လည်း ဂရုမစိုက်။ လက်မှတ် မရလိုက်လျှင် ဟူသောအတွေးနှင့် ရင်သည် တထိတ်ထိတ်။ အပြုံးအရယ် ကင်းစွာ လက်မှတ်ရောင်းနေသော စာရေးအား “မောင်မင်းကြီးသား မျက်နှာမဲ့လေး ကျန်းမာပါစေ ချမ်းသာပါစေတော်” ဟု စိတ်ထဲမှ တတွတ်တွတ် ရွတ်၍ မေတ္တာ ပို့၏။ “ဟိုပင် တစ်စောင်တော့” ဟု အသံ တုန်တုန်ဖြင့် ပြောရင်း ကုန်ပြီဟုများ ပြောလိုက်တော့ မလားဟု စိတ်တွင် ထင့်သည်။ ရထားလက်မှတ် လက်ထဲ ရောက်ချိန်တွင်ကား “အမယ်လေး ငါ မတက်ရသေးခင် ရထား ထွက်သွားရင် ဒုက္ခ” ဟူသော အတွေးသည် ကြီးစိုးပြန်၏။

များမကြာမီ အမေသည် တဂျူံးဂျူံး ခုတ်နေသော ရထားပေါ်တွင် ပတ်ဝန်းကျင်နှင့် ကင်းကွာလျက် အထီးတည်း ရှိ၏။ နဘား၊ မြစ်ကြီးနား ခေါက်ပြန် ရထားသည် မြွေလိမ် မြွေကောက်သဖွယ် နှေးချည် မြန်ချည် တဂျူံးဂျူံး ခုတ်လျက်ရှိသည်။ တောင်စဉ် တောတန်းသည် နီးတစ်ခါ ဝေးတစ်လှည့်။ ရံဖန်ရံခါ ဆိုသလိုပင် ရထားစီး ကုန်စိမ်းသည် များသည် သူ့ပစ္စည်းတွေ နွမ်းကုန်တော့ မဟဲ့ ငါ့ပစ္စည်းတွေ ဖတ်ကုန်တော့ မဟဲ့ဟု အော်ကြဟစ်ကြ ရန်ဖြစ်ကြသည်။ ထို ပွက်လော ရိုက်နေသော လောက အလယ်တွင် အမေသည် ထီးတည် တိတ်ဆိတ်လျက်။ ရထား လမ်းဘေးရှိ ချုံနွယ်ပိတ်ပေါင်း ကိုလည်းကောင်း၊ လှုပ်လီလှုပ်လဲ့ တောပန်းများကို လည်းကောင်း လည်တံရှည် ဗျိုင်းတို့ကို လည်းကောင်း ဘာကိုမျှ မမြင်။ စိတ်သည် သမီးထံတွင်သာ တရစ်ဝဲဝဲတည်း။

လူ ငြိမ်သော်ငြား စိတ်ကား မငြိမ်။ လှုပ်လှုပ်ရှားရှား ပြေးပြေးလွှားလွှား ရှိစဉ်က ငုပ်လျှိုးနေသည့် သောကသည် ခေတ္တမျှ ငြိမ်ငြိမ် ထိုင်မိလျှင် လေပင့်ခံရသော မီးကဲ့သို့ပင် ဟုပ်ခနဲ ဟုပ်ခနဲ ပြန်ပေါ် လာကြသည်။ စိတ်နှလုံးသည် မသာယာ။ အော်ဟစ် ငိုရန်လည်း အားမရှိ။ ဘုရားကိုသာ တွင်တွင်တ၏။ မဟုတ်ပါစေနဲ့ ဟုသာ တွင်တွင် ဆုတောင်း၏။ ရထားသည် တဘူးဘူး တဘဲဘဲ အော်မြည်၍ ငြိမ့်ခနဲ ထိုးရပ်တိုင်းပင် အမေ့ရင်သည် ပူခနဲ ဖြစ်လျက် “ဟိုပင်ဘူတာလားတော့” ဆိုသည့် စကားကိုသာ အဆောတလျင် မေး၏။ ရထားပြတင်းမှ တိုးဝင်လာသော လေကြောင့် ပွယောင်းနေသော ဆံပင်ကိုလည်း သိမ်းရန် သတိမရ။ စားရန်လည်း စိတ်ထဲ မရှိ။ သောက်ရန်လည်း အတွေးထဲ မဝင်။ ညနေ သုံးနာရီ ကျနေ ကျဲကျဲတောက် ရှိချိန်တွင်ကား အမေသည် ဟိုပင်ဘူတာ နှုတ်ခမ်းတွင် နွမ်းနွမ်းခွေခွေ ရပ်မိပေသည်။

(၃)

အမေ တက်စီးမိသော ထော်လာဂျီသည် စုတ်စုတ် ဖြစ်သည်။ အသံကား လေယာဉ်သံ ဖြစ်၏။ အခိုးအငွေ့ကား မီးခိုး ခေါင်းတိုင် ဖြစ်၏။ သွားနှုန်းကား လိပ်ပေတည်း။ ထိုသို့ စုတ်ရသည့် အထဲတွင် လမ်းကား ချိုင့်ခွက်၊ ကျင်းများ ပေါလှပေရာ အမေသည် အင့်ခနဲပင် အသံ မထွက်နိုင်။ ကား၏ တစ်တောင်ခန့် မြင့်သော နံရံကိုသာ မြဲမြံစွာ ကိုင်ပြီး ရှေ့သို့ မျှော်မျှော်ကြည့်သည်။ သို့သော် တလိမ့်လိမ့် ညိုမှောင်သော ဖုန်လုံးကြားတွင် အပင် ရိုးတိုးရိပ်တိပ်သာ တွေ့၏။ အမေ၏ ရင်သည်ကား ပူ၍ ပူ၍ လာသည်။ စိတ်ထဲတွင်လည်း “သမီးရေ သမီး အမေညလာပြီကွဲ့” ဟု အော်ဟစ်၏။ “အမယ်လေး အရှင်ကြီး အရှင်ကောင်းတို့ရယ် ကျွန်မသမီး အလိမ္မာလေးကို စောင့်ရှောက်ပါဦး” ဟုလည်း ပါ၏။ ကားမောင်းသော ကောင်လေး၏ “မွေး … မွေးမေကျေးဇူး … ဆပ်ဖူးချင်တယ်လေ၊ တစ်နယ်စီခြားလို့ ဝေးကွာခဲ့ပေ… သား … ချစ်တဲ့ မွေးမေမေ၊ သား…သားချစ်တဲ့ မွေးမေမေ” ဟူသော ဆွဲဆွဲငင်ငင် အသံကို ကြားလျှင် အမေ့ရင်သည် ဝုန်းဒိုင်းကြဲသည်။

ကားပေါ် တက်ခါစတွင် အမေသည် “နန့်ရင်းရွာမှာ ကောက်ရိတ်သမ တစ်ယောက် သေတယ်ဆို” ဟု မေးလျှင် “ဟုတ်ပါ့ဗျာ” ဟုဖြေပုံ “ဘယ်သူတဲ့တုံး” ဟု ဆက်မေးလျှင် “မသိပေါင်ဗျာ၊ ငယ်တော့ မငယ်တော့ဘူးဗျ၊ လေးဆယ်ကျော်ပြီ ဆိုပဲ” ဟု ဖြေပုံတို့ကို သတိရ၏။ အမေသည် ထိုအဖြေကို ကြားလျှင် ငိုင်ကာကျ သွား၏။ မဟုတ် နိုင်ပါဘူးဟု တွေးတထင့်ထင့် ရှိသော စိတ်သည် တုံးတုံးကျလုလု ဖြစ်သည်။ စဉ်းစားရင်းပင် မျက်ရည်ပူ များသည် ပါးတွင် စိုစွတ်လာသည်။ “ဟင့်အင်း မယုံဘူး၊ အလောင်း မမြင်မချင်း မယုံနိုင်ပါဘူးအေ” ဟု စိတ်တွင် တီးတိုးဆိုရင်း ခေါင်းယမ်းသည်။

“နန့်ရင်း ရောက်ခါနီးပြီဗျ” ဟူသော ကားသမား၏ စကားသံကိုကြားလျှင် အမေ၏ ရင်သည် ပို၍ တုန်လှုပ် လာသည်။ နှလုံး ခုန်သံသည် ပို၍ မြန်လာသည်။ လူသည် ဇောချွေးများ ထွက်လျက် ဟိုက်ခနဲ ဟာခနဲ ရှိ၏။ ဘာကိုမျှ ရင်မဆိုင်ဝံ့စွာ မျက်စိမှိတ်ကာ ခေါင်းငုံ့ နေဆဲတွင် ထော်လာဂျီသည် တုံ့ခနဲ ရပ်သည်။ “ရောက်ပြီ” ဟူသော အသံကြောင့် မဝံ့တဝံ့ မျက်စိ ဖွင့်မိလျှင် အမေ၏ ရင်သည် ဝုန်းခနဲ ပြိုဆင်းသည်။ အမေ၏ ရှေ့တွင်ကား ခေါင်းတလား တစ်လုံးပေတည်း။ အနီ၊ အဝါ၊ အပန်း၊ ပိတ်ပါးစများဖြင့် ဆင်ယင်အပ်သော ခေါင်းတစ်လုံးတည်း။ ထိုခေါင်း၏ အပေါ်တွင်ကား ထမင်းပန်းကန် တစ်ချပ်နှင့် ရေ တစ်ဖန်ခွက်သည် ငေါင်းစင်းစင်း ရှိ၏။ အဖြူ၊ အနီ၊ အစိမ်း၊ အညို ပန်းများ ထိုးစိုက်ထားသော ပန်းအိုးသည် အခေါင်းထက်တွင် ထီးတည်း။ အမေသည် ထော်လာဂျီ ထက်မှ ဝုန်းခနဲပင် ခုန်ဆင်းမိသည်။ မြေပြင်ထက်တွင် ခွေခွေယိုင်ယိုင် လဲကျသွား သည့်တိုင် နာသည် မသိ၊ ကျင်သည် မသိ။ “သမီးရဲ့ ၊ သမီး” ဟု နှုတ်မှ သတိလက်လွတ် တတွတ်တွတ် ရွတ်ရင်း လေးဖက် ထောက်ကာ ကုန်းရုန်း ထ၏။ မသာ တင်ထားသော လှည်းနားသို့ ယိုင်ယိုင်ထိုးထိုး တရွေ့ရွေ့ တိုးရင်း ရှိုက်ကြီးတငင် စငိုသည်။ “သမီး အလိမ္မာလေး ကိုမှ တော်”ဟု ဟစ်မိ၏။ ပတ်ဝန်းကျင်ကိုလည်း ဂရု မထားမိ။ လူသူလေးပါး ကိုလည်း မမြင်မိတော့။

ငိုရင်း ရှိုက်ရင်း ထွက်လာသော နှပ်နှင့် မျက်ရည်များကို လုံချည် အထက်နားစနှင့် ငုံ့ပြီး ဆွဲဆွဲသုတ် နေသော အမေသည် ကျောပြင်သို့ ဖြန်းခနဲ လာရိုက်သည့် လူကြောင့် ဆတ်ခနဲ မော့ကြည့်သည်။ အမေ၏ ရင်သည် ဒိန်းခနဲ ခုန်၏။ အမေ မြင်ရသည်ကား သေပြီဟု အမေ ထင်နေသော အမေ၏ သမီးပေတည်း။ ထို့ကြောင့် “အစီမ အစီမ မသေဘူးနော်” ဟူသော အမေ၏ အသံ တုန်တုန်နှင့် “အမေ ဘာလုပ်နေ တာတုံး” ဟူသော သမီး၏ စိတ်ရှုပ်ထွေးသံ တို့သည် ပြိုင်တူ နီးပါပင် ထွက်လာကြသည်။ အမေသည် “အစီမ” ဟု ခေါ်ရင်း သမီး၏ လက်ကို တုန်တုန်လှုပ်လှုပ် ဆွဲကိုင်သည်။ ထိုစဉ် အမေသည် ဝိုင်းကြည့်နေသော ပတ်ဝန်းကျင်ကို သတိထားမိ လာသည်။ သမီး၏ ပြုံးစိစိဟန်ပန် ကိုလည်း ဂရုပြုမိ လာသည်။ ရုတ်တရက် ရှက်စိတ်သည် အမေ့အား ဖြုန်းခနဲ ဖုံး၏။

အမေသည် သမီး၏ လက်မောင်းကို ဖျတ်ခနဲ ခပ်ဆတ်ဆတ် ရိုက်ရင်း ပြုံးတုံ့တုံ့ စူတူတူ မျက်နှာဖြင့် “သေခြင်းဆိုးမ၊ မသာမ ငါက သေပြီ အောက်မေ့နေတာ” ဟု လွှတ်ခနဲ အော်သတည်း။

🔲

#ရေအေး

ရွှေအမြုတေ၊ အောက်တိုဘာ၊ ၂၀၁၃။

No comments:

Post a Comment