May 27, 2018

မင်္ဂလာရက်မြတ် လက်ထပ်တဲ့သူတွေ

မင်္ဂလာရက်မြတ် လက်ထပ်တဲ့သူတွေ
@@@@@@@@@@@@@@@@
     ညီပုလေး

ဝတ်ကောင်းစားလှနဲ့ လူတစ်သိုက်က လမ်းကျဉ်းကလေး အတိုင်း လည်တဆန့်ဆန့်နဲ့ မျှော်ကြည့် နေကြတယ်။ အရပ်ထဲကို ဝင်တဲ့ တစ်ခုတည်းသော ဒီလမ်းက ကျဉ်းကလည်း ကျဉ်း၊  ကြမ်းကလည်း ကြမ်းသနဲ့။ ပြီးတော့ တစ်ဖြောင့်တည်းလည်း မဟုတ်ဘူး။ ဟိုးထိပ်က ဖုန်တလိပ်လိပ် ထနေပုံ ထောက်ရင် သူတို့ မျှော်နေတဲ့ကား လာနေပြီ ထင်တယ်။ မြင်းလှည်းတစ်စီး ဖြည်းဖြည်း မောင်းလာသလို ကားက တရွေ့ရွေ့နဲ့ မောင်းလာနေတယ်။

ဒီကားက သူတို့ ဝင်ကြမယ့် မင်္ဂလာဆောင်ကို အကြိုအပို့ လုပ်မယ့် ကားလေ။ သူတို့ရဲ့ မြင်ကွင်းထဲမှာတော့ ကားက ဘေးဆွဲချ သွားလိုက်၊ အထက်အောက် ခုန်ပေါက် နေလိုက်နဲ့၊ လှိုင်းမိနေတဲ့ လှေကလေးလိုပဲ။

တဖြည်းဖြည်း နီးလာလို့ ကားကို သဲသဲကွဲကွဲလည်း မြင်ရရော မိန်းမသိုက်ထဲက တစ်ယောက်က-

"ဟဲ့ ... ဒါ ငါတို့ လိုက်ပို့မယ့် ကားလား စိန်လှ" လို့ သတို့သားကို လှမ်းမေးလိုက်တယ်။

စိန်လှက ပြုံးစိစိနဲ့ "ဟုတ်တယ်လေ ဒီကားပေါ့၊ ဘာဖြစ်လို့လဲ"

"နင် ငါတို့ပြောတော့ ပစ်ကပ်ဆို"
"ဟုတ်တယ်လေ ဒါလည်း ပစ်ကပ်ပဲလေဗျာ"

ခုနက စကားစတဲ့ အမျိုးသမီးဆီက ဘာမှ စကားသံ မကြားရတော့ဘဲ မျက်စောင်းကြီး တစ်ချက်ထိုးပြီး နှုတ်ခမ်းတစ်ချက် ရွဲ့ပြတယ်။

ကားက အော်စတင်ဆမ်းမားဆက်ကို ခါးဖြတ်ပြီး အမိုးတင်ထားတဲ့ ကား။ ဘူတာကုန်ရုံနဲ့ အရပ်ထဲ ဈေးထဲမှာ ကုန်လှည့် တိုက်နေတဲ့ ကားမျိုး။ ဒီမြို့မှာတော့ ဒီကားကလေးမျိုးတွေကို "ရန်နှင်ကား" လို့ ခေါ်တဲ့လူက ခေါ်တယ်။ တချို့ကတော့ "ရန်ပယ်ကား" တဲ့။ ရန်ကုန်က နှင်ထား ပယ်ထားတဲ့ ကားတွေထဲက တစ်စင်းပေါ့။

ဘာပဲဖြစ်ဖြစ် ဒီလူသိုက်က အရိုးများသလေး ချေးခါးသလေး လုပ်မနေ နိုင်ကြပါဘူး။ ကား လာတာကိုက သူတို့ ထင်ထားတာထက် နည်းနည်း နောက်ကျတယ် မဟုတ်လား။ ပြီးတော့ တချို့က မင်္ဂလာဆောင်ကို မြန်မြန်ရောက်ပြီး မြန်မြန်ပြန်ချင် ကြတယ်။ အလုပ်ပျက် မခံနိုင်တဲ့လူလည်း ပါရဲ့။ တချို့ကတော့ မင်္ဂလာပွဲ အစီအစဉ် အစအဆုံး ခန်းမထဲမှာ ရှိနေချင်ကြတာ။ ဒီကားမှ သူတို့ မစီးချင်ရင်လည်း မင်္ဂလာဆောင်မယ့် ခန်းမကို ခြေလျင် ကြိတ်ကြရတော့မှာ။ (၇) ပြ၊ (၈) ပြခရီး။ နီးတယ်ဆိုလည်း ဟုတ်ရဲ့။

ဒီ "မြောင်းတရိုး" ရပ်ထဲက ဘယ်သူ့ မင်္ဂလာဆောင်ကမှလည်း ဒီလိုကားတွေ ဘာတွေနဲ့ အပို့အကြို လုပ်ပေးတာ မကြုံဘူးကြ ပါဘူးလေ။ အခု မင်္ဂလာပွဲမှာ သတို့သမီးက မူလတန်းပြ ဆရာမ။ ရန်နှင်ကားကို မောင်းလာတဲ့ ကားရှင်ရယ်။ သတို့သမီး ဆရာမရယ်။ သတို့သားရယ်က သူငယ်ချင်းတွေ။ ဒါကြောင့် ကား လာကူတာ။ ပြီးတော့ ကားရှင်ရဲ့ သမီးက ဒီဆရာမရဲ့ တပည့် မဟုတ်လား။ မကူလို့ ဘယ်ဖြစ်မလဲ။

"ကိုယ် နည်းနည်း နောက်ကျ သွားတယ်ကွာ၊ မနက်ခင်း ဆိုတော့ ဘက်ထရီက နည်းနည်း ဝပ်နေတာနဲ့ ..."
"ဟာ ... နောက်မကျပါဘူး၊ ဒီအချိန် အတော်ပါပဲ။ လူတော့ နည်းနည်းများလို့ နှစ်ခေါက် သုံးခေါက်တော့ မောင်ရင် ပို့ပေး ရလိမ့်မယ် ဟဲဟဲ ..."
"အိုကွာ ပြောနေရမယ့် လူတွေ မဟုတ်ပါဘူး"

ပြောပြောဆိုဆိုနဲ့ နည်းနည်း လမ်းကျယ်တဲ့ နေရာမှာ ကားခေါင်းဆိုက်ပြီး ငါးခါလောက် ကားကို လွန်းထိုးလိုက်ရတယ်။ ဒါမှ ကားက လာလမ်းအတိုင်း ပြန်ထွက်နိုင်မှာကိုး။

အပျိုခေါင်း မမသီက စီးကရက်ကမ်း၊ ရွှေပန်း ငွေပန်း သပြေပန်း ကမ်းမယ့် ကောင်မလေးတွေကို အရင် တက်ကြဖို့ နေရာ ချပေးနေတယ်။

ပြီးမှ ဘယ်သူတက်၊ ဘယ်ဝါတက်ပေါ့။ ကားရှင်က အလိုက်တသိပဲ စက်ရပ်ထား လိုက်တယ်။ ကားသော့ ပိတ်လိုက်ပေမယ့် စက်က တော်တော်နဲ့ မရပ်ချင်သေးဘူး။ငှက်ဖျား တက်သလို လေးငါးချက် တုန်ပြီးမှ ရပ်တယ်။

"ဟဲ့ ... စိန်စိန်အေး တစ်ယောက်ကော၊ ဒီကောင်မ ဘယ်တော့မှ မြန်မြန်သွက်သွက် မရှိဘူး။ စားနောက် သွားနောက်ချည့်ပဲ။ လင်ကျမှ အစောကြီး ယူရင် ငါက သတ်ဦးမှာ"

မမသီရဲ့ စကား မဆုံးခင်မှာ ထိုင်းဆစ်အနီ အထက်အောက် ဖက်ရှင် ဝတ်လာတဲ့ မျက်လုံးပြူးပြူး ကလေးမလေး တစ်ယောက် သုတ်သုတ်ကလေး ပြေးလာတယ်။ မျက်နှာမှာ ပြင်ဆင်ထားတာက အရပ်ထဲက ဒီပြင် မိန်းကလေးတွေ ပြင်ဆင်သလိုပါပဲ။ နဂိုက အသားညိုတော့ မိတ်ကပ်နဲ့ သူ့အသားရောင်နဲ့ ရန်ဘက် ဖြစ်နေတာပေါ့။

ဆံပင်ကတော့ ဒီမင်္ဂလာဆောင် ဝင်ဖို့ မစားရက် မသောက်ရက် စုထားတဲ့ ငွေကလေးနဲ့ ဆိုင်သွားပြင်ထားတဲ့ ပုံစံ။

"အေး ... ညည်းတို့ ရှိုးတွေသိပ်မလုပ်ကြနဲ့၊ ဟိုဘက်အရပ်က ဟာတွေက ငါတို့အရပ်ကို 'မြောင်းတရိုး' လို့တောင် မခေါ်တော့ဘူး"
"ဘာတဲ့တုန်း မမသီရဲ့"
"မေဆွိ အထူးအထွက်တိုး ရပ်ကွက်တဲ့ ..."

သဘောကျပြီး ရယ်တဲ့ ရယ်သံတွေ ကားနားမှာ လှိုင်သွားတာပေါ့။

ဦးလေးသန်းစိန်တို့၊ ဘကြီးဝင်းမောင်တို့ ကတော့ လူကြီးပီပီ ကားရှေ့ခန်းထဲ ဝင်ထိုင်နေနှင့်ကြတယ်။

"ဦးလေး ... ဟောဒီ ဒေါ်အေးချစ် သမီကလေးကို ရှေ့ခန်းက ခေါ်သွားလိုက်ပါ"
"လာ ... ငါ့တူမ ရှေ့ကိုလာ"

ရှေ့ခန်းက လိုက်ရမှာမို့ ကလေးမလေးလည်း ပျော်လို့။ သွားကျိုးတွေ ပေါ်အောင် ပြုံးနေလေ့။ သတို့သားက သူ့ သူငယ်ချင်း သုံးခေါက်က လေးခေါက် မကြိုမပို့ရအောင် နေရာထိုင်ခင်း ဝင်စီစဉ်ပေး နေရတယ်။ ဓာတ်ဆီဈေးက သူတို့ဇာတာတွေ ရက်ချုပ်တွေ ထိုးထားတဲ့ ခေါင်ကို ရောက်နေပြီ မဟုတ်လား။ ကားနောက်ပိုင်းမှာ ကြယ်သီးတပ်တဲ့ ခင်မာလွင်တို့၊ တင့်တင့်ထွန်းတို့၊ ဖိနပ်ဂျပ်ဘူး လုပ်တဲ့ သန့်သန့်တို့၊ အေးကြည်ကြည်တို့ တစ်သိုက်နဲ့ ကားက ပြည့်နေပြီ။ တိုးဝှေ့ ကပ်ထိုင်ကြရင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း အပြုံးကိုယ်စီနဲ့။ စိတ်ထဲကတော့ ဘယ်သူက ဘယ်လို ဘယ့်နှာနဲ့ ဝေဖန်ရင်လည်း ဝေဖန်နေကြမှာပေါ့။

မမသီက ကလေးကို ပေါင်ပေါ် တင်ထိုင်လေလို့ ပြောလို့ ကျောင်းစိမ်းဘောင်းဘီ အသစ်ကလေးနဲ့ ဝင်းထွန်းအောင်ကို သူ့အဒေါ်က ကောက်ချီလိုက်ရတယ်။

"ဟဲ့ ... ခင်တုတ်၊ ရှေ့နည်းနည်း တိုးပေးလိုက်ဦး၊ နင့်ဘေးမှာ ခပ်ပိန်ပိန် တစ်ယောက် ဆံ့သေးတယ်"

မမသီရဲ့ အပျိုခေါင်း ပီသတဲ့ အသံက ညံစီနေတာပေါ့ ...။

"အလယ်မှာ လေးယောက်လောက် ဆောင့်ကြောင့်ထိုင်လို့ ရသေးတယ်၊ အော် ... ဟိုကောင်မတွေ တက်ကြလေ"
"ငါ့ဖို့လည်း တစ်နေရာ ချန်ဦးနော်"

မင်္ဂလာဧည့်ခံပွဲ သွားမယ့် ကားကလည်း ထန်းလျက်လုံး ပုရွက်ဆိတ် ခဲနေသလိုပဲ တရုန်းရုန်းနဲ့ ဘေးက ကြည့်ရတဲ့သူတောင် ကားပေါ် တက်လိုက်ခဲ့ချင်စရာ၊ ပျော်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုပေါ့။

အတွင်းပိုင်း နေရာပြည့်တော့မှ နောက်က မတ်တတ် ရပ်လိုက်မယ့် ကာလသား အဖွဲ့က တက်ကြရတယ်။ နေရာက ခပ်ကျပ်ကျပ်မို့ ကားနောက်မြီးက ခုနှစ်ယောက်ပဲ ရပ်လို့ရတယ်။

"ဟဲ ဟဲ ... ကားက နောက်တစ်ခေါက် လာဦးမှာ လမ်းက နည်းနည်းကြမ်းတယ်၊ ထပ်မတက်ကြနဲ့တော့"

စိန်လှက တားလို့သာ တားနေတာ ကားက မဆံ့တော့ဘူး။ နေရာလည်း မရှိတော့ဘူး။ မမသီကို စိန်လှ စကားတိုးတိုး ကပ်မှာတော့ မမသီကလည်း ခေါင်းတညိတ်ညိတ်နဲ့။

ကားဆရာက စက်နှိုးလိုက်တယ်။ ပထမတစ်ချက် မော်တာ ချော်သွားတယ်။ နောက်တချက် ချိတ်မိတယ်။ စက်က မနိုးသေးဘူး။ ကလပ်ပုပ်သံ ဆီခေါ်သံ ရှစ်ချက် ကိုးချက် ပေါ်လာတယ်။ စက်နှိုးပြန်တယ်။ မနိုးသေးဘူး။ ကားနောက်မြီးက ကာလာသားတွေလည်း ကားပေါ်က ဆင်းပြီး ပုဆိုးပြင်ဝတ် သူတွေက ဝတ်၊ တိုက်ပုံလက် ပင့်တဲ့သူက ပင့်၊ ဗိုက်ထဲ ဘာအစာမှ မရှိသေးပေမယ့် တစ်ချီတစ်မောင်းတော့ တွန်းလိုက်ကြသေးတာပေါ့ ဆိုတဲ့ ဟန်နဲ့။

ကားပေါ်က မိန်းမတွေလည်း မဲ့ပြုံးပြုံးပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြတယ်။ ဘယ်နှယ့်လဲ ဆိုတဲ့ အကြည့်နဲ့။ ဆီခေါ်သံ လေးငါးချက် ထပ်ကြားပြီး ကားဆရာက စက်နှိုးပြန်တယ်။ "ဝူး"ခနဲ စက်နိုးသံနဲ့အတူ "ဟေး"ခနဲ ပျော်သံ အော်သံတွေ ကြားလိုက်ရတယ်။ အိတ်ဇောပိုက်ကလည်း မီးခိုးမည်းကြီး တစ်လုံး ထွက်ချလာတယ်။ လူငယ်တွေလည်း ကားနောက်မြီးကို ပြန်ခုန်တက် လိုက်ကြတယ်။ အော်စတင်ပစ်ကပ် ကလေးလည်း ခေါင်းကလေး တမော့မော့နဲ့ တစ်ဘီးချင်း လှိမ့်ထွက် သွားပါတော့တယ်။

"ဟဲ့ သတို့သား ... အင်္ကျီ လဲချေတော့လေ၊ ဘာငိုင်နေတာတုံး"
"ကျွန်တော်လည်း တစ်ယောက်တည်း ဝုန်းဒိုင်း ကြဲနေရလို့ စိတ်မော လူမောနဲ့ ..."
"အံမာ ... မောမနေနဲ့ အချိန်တန်တော့ နွားပိန် ကန်သွားမှာ၊ သွား ... သွား အဝတ်လဲချေ၊ မင်္ဂလာဆောင်တဲ့နေ့ ဆိုတာ ပျော်ပျောရွှင်ရွှင် နေရတယ်"
"ဒါနဲ့ နင့်အစ်ကိုတွေကရော"
"သူတို့က ကားနောက်ကျ နေတာနဲ့ စက်ဘီးနဲ့ သွားနှင့်ကြပြီ။ နေပူရွာနဲ့ ကိုင်းထဲက သူတို့ မိတ်ဆွေတွေက အစောကြီး လာကြမှာတဲ့"
"အေး ... ဟုတ်တယ် ဟုတ်တယ်၊ ဒါထက် လက်ဖွဲ့စားပွဲက ဘယ်သူတွေထိုင် ..."
"အော် ... ဒေါ်ဒေါ်ဒေါင်းက စကားရှည်နေ ပြန်ပါပြီ သွား ... သွား မောင်စိန်လှ အဝတ်လဲချေ"

သတို့သားက ခေါင်းကုတ်ရင်း သူ့အိမ်ဘက် လျှောက်ပြန်သွားတယ်။

အမျိုးသမီးဝိုင်းက ကျိတ်ကျိတ် ကျိတ်ကျိတ်နဲ့ စကားဆက်ပြော နေကြတယ်။ ဒေါ်ဒေါ်တွတ်က နွယ်နွယ်နား ကပ်ပြီး

"စိန်စိန်အေး ဝတ်ထားတဲ့ အထက်အောက် အနီရဲလေးက ဘယ်သူ့ဟာလဲ" လို့ တိုးတိုးမေးတယ်။

"သူဝတ်ထားတာ သူ့ဟာ နေမှာပေါ့၊ ဒေါ်တွတ်ကြီးရဲ့"
"ပခုံးက နည်းနည်းကျပြီး ခါးက နည်းနည်း ရှည်နေသလားလို့ပါအေ၊ မဟုတ်မှလွဲရော၊ မြို့ထဲက သူ့အစ်မဆီက ငှားဝတ်တာ ဖြစ်ရမယ်"

တွတ်ထိုးကောင်းတုန်း၊ စီခနဲ အော်ဟစ်ပြီး ငိုတဲ့ ငိုသံ ကြားလိုက်ရတယ်။ ၁၀ နှစ်သမီးလောက် ရှိမယ်ထင်တယ်။ ကလေးမလေးက အားရပါးရ ငိုနေတယ်။

"ဟဲ့ ... ဒါကဘာဖြစ်ကြတာတုံး" ဒေါ်ဒေါ်ဒေါင်းက တစ်ဖက်ကို လှမ်းအော်တယ်။

"မင်္ဂလာဆောင် ဝင်ဖို့ ဖိနပ်မငှားလို့ ညီအစ်မ နှစ်ယောက် ရန်ဖြစ်ကြတာ"
"တိတ်တိတ် အကြီးမက အငယ်ကို ညှာမှပေါ့၊ သမီးက ကား နောက်တစ်ခေါက် လာမှ လိုက်ခဲ့တော့ အခု ညီမလေးကို ဖိနပ် ခဏ ငှားလိုက်ပါ ... ငါ့သမီးက လိမ္မာပါတယ်နော်"

ကလေးတွေနဲ့ ဆူညံဆူညံ ဖြစ်နေတုန်းမှာ လူပျိုရံ ကြွက်သိုးက တိုက်ပုံအင်္ကျီထဲ လက်နှစ်ဖက် နှိုက်လို့ အမျိုးသမီးသိုက် ရှိရာကို လာနေတယ်။

"အံမယ် ငါ့တူက ဒီလိုကျတော့လည်း တယ်လည်း သားနားလိုက်တာ ပါကလား၊ အမြဲတမ်း ဒီလို သန့်သန့်ရှင်းရှင်းလေး နေစမ်းပါကွယ် ..."
"အော် ... ဒေါ်ဒေါ်ကလည်း ဘယ်သူက မနေချင်ဘဲ ရှိပါ့မလဲ။ ဝပ်ရှော့ပညာသင် ဆိုတော့ စက်ဆီတို့ ဆီချေးတို့နဲ့ နပန်းလုံး နေရတာ၊ ဒီမင်္ဂလာဆောင်အတွက် ကူဖို့ မနေ့က ဝပ်ရှော့ မဆင်းလို့ အခုလောက် အရောင်ထွက်လာတာ၊ ဒါတောင် ဆီချေးက သိပ်ပြောင်ချင်တာ မဟုတ်ဘူး"

ကြွက်သိုးက သူ့လက်ကို ဖြန့်ပြယင်း ပြောနေလေရဲ့။ အမြဲတမ်း မည်းသည်းနေတဲ့ ကြွက်သိုးလည်း ဒီနေ့ ကိုယ်ရောင် ကိုယ်ဝါ တောက်နေတယ်လေ။

"မောင်စိန်လှ အဖေကြီးတော့၊ ဘယ့်နှယ် နေသေးတုံး မောင်ကြွက်သိုး"
"တော်တော် သက်သာလာပါပြီ ဒေါ်ဒေါ်၊ အင်း ... ကံကောင်းလို့ပေါ့ဗျာ"

ပြည်ထောင်စုနေ့ကို မင်္ဂလာရက်မြတ် အဖြစ် ရွေးပြီး၊ ဖိတ်စာရိုက်ပြီးခါမှ သတို့သားရဲ့အဖေ နာတာရှည် ရောဂါသည်က ကျန်းမာရေး ရုတ်တရက် ဖောက်လာတော့ တစ်ရပ်လုံးက သွားပြီ၊ ကိစ္စတော့ များကုန်ပြီလို့ ထင်လိုက်ကြတာ၊ မောင်စိန်လှတို့ ကုသိုလ်ပဲ။ အခုတော့ တော်တော် ထူထူထောင်ထောင် ဖြစ်လာပြန်တယ်။

* * *

ကား နောက်တစ်ခေါက် ပြန်လာတော့ စိန်လှ မှာလိုက်တဲ့အတိုင်း မမသီက သတို့သမီး မာမာတင်ကို မိတ်ကပ်နဲ့ ဆံပင် အလှပြင်ဆိုင်က ဝင်ခေါ်လာခဲ့တယ်။

အရပ်ထဲက နှပ်ချေးတွဲလောင်းတွေရော၊ မင်္ဂလာဆောင် မဝင်အားတဲ့ သားသည်မအေတွေရော၊ အသက်ကြီးတဲ့ အမယ်အိုတွေလည်း တုတ် တဒေါက်ဒေါက်နဲ့ ကားရှိရာကို ရောက်လာကြတယ်၊ သူတို့သခင်တွေ အပြေးအလွှား ရုတ်ရုတ်သဲသဲ ဆိုတော့ ခွေးတွေကလည်း ပြေးလိုက်လာပြီး အမြီး တနှန့်နှန့်နဲ့။ နှာတိုကြီးက ကားနောက်ဘီးကို နမ်းကြည့်ပြီး သူ့ဘယ်ဘက်ခြေထောက် မြှောက်လိုက်တယ်။

မစူးက ကလေး နို့တိုက်ရင်းတန်းလန်း ကလေးကြီးပိုက်လို့ ထလာတယ်။ ဌေးဌေးစိန်က ဆန်ပြာရာက ထပြီးလာလို့ တစ်ခေါင်းလုံးရော မျက်ခုံးမွေးပါ ဖွေးလို့ ...။

သတို့သမီးက ဆံထုံးကို မနိမ့်မမြင့် ထုံးထားတယ်။ ဆံစုက သူ့ပင်ကို ဆံပင်ထက် ပိုနက်နေတယ်။ ဆံထုံးမှာ စိုက်ထားတဲ့ ဆံထိုးက တွဲလွဲကျပြီး အရောင် တဖျပ်ဖျပ်နဲ့။ လည်ပင်းမှာ ဘယက်တစ်ခုနဲ့ ပုလဲပုတီးကို နှစ်ထပ် ရစ်ထားတယ်။ ဒီပစ္စည်းတွေက ရောင်စုံဓာတ်ပုံ ထဲမှာတော့ အစစ်တွေလို့ ထင်ကြရမယ့် ဟာတွေပါ။ လိမ်းလာတဲ့ မိတ်ကပ်က ပန်းရောင် သန်းနေတယ်။ မျက်တောင်အတုကတော့ တပ်နေကျ မဟုတ်တော့ မျက်စိက ပုတ်ခတ် ပုတ်ခတ် ဖြစ်နေတာပေါ့။ မျက်ခုံးမွေးကျဲလို့ ထင်ပါရဲ့ အလှပြင်ဆိုင်က မာမာတင့် မျက်ခုံးမွေးကို ဂျုတ်နဲ့ ခြစ်လွှတ်လိုက်ပြီး စိမ်းပြာပြာ ၃ ရက်လကို အရုပ်ရေး လွှတ်လိုက်တယ်။ သတို့သမီးရဲ့ ပန်းမျက်နှာကို ဝိုင်းကြည့်နေကြတဲ့ လူတွေ အားလုံးဟာ ရုပ်ရှင်ရိုက်ကွင်း တစ်ခုကို လာကြည့်ကြတဲ့ ပရိသတ်လိုပဲ။

မစူးတို့များ သတို့သမီးကို ငေးနေလိုက်တာ သူ့သားက နို့ကိုဖြုတ်ပြီး သူ့လက်မ သူစုပ်နေတာတောင် နို့ဖုံးဖို့ သတိမရဘူး။

ကြည့်ကြတဲ့ သူတိုင်းက လှတယ်၊ ချောတယ်လို့ ပြောကြတော့၊ သတို့သမီးလည်း အပြုံးပန်းတွေ ဝေလို့ပေါ့။

ဘယ်သူ့ဆိုင် ပြင်တာတုံး၊ ဘယ်လောက် ပေးရသတုံး။ ဒီဆိုင်က ဘယ်သူ့ ပြင်ပေးတုန်းက ဘယ်လို မကောင်းပေမယ့်၊ အခုတော့ ဘယ့်နှယ် ညာ့နှယ် ဝေဖန်လိုက်ကြတာ စုံလို့။ ဒီလိုချီးမွမ်းခန်း ဖွင့်နေတုန်း-

"ဆရာမက လှလည်း မလှဘူး"ဆိုတဲ့ ကလေးသံကလေး တစ်သံ စူးခနဲ ကြားလိုက်ရတယ်။ မာမာတင်လည်း ကြားလိုက်တယ်။ ဒါပေမယ့် ဝတ်ကောင်းစားလှနဲ့၊ လူကလည်း ကားပေါ် ရောက်နေတော့ မကြားယောင် ဆောင်နေလိုက်ရတယ်။ နို့မို့ရင်တော့လား ဆရာမ လက်ခေါက်အကြောင်း သိသွားမယ် ... ဟင်း။

သတို့သားလည်း သတို့သမီးရဲ့ ထမီအရောင်နဲ့ အနီးဆုံး ရခိုင်လုံခြည် ပိတောက်ခြောက်ရောင်ကို ဝတ်ထားတယ်။ တိုက်ပုံကတော့ အဖြူပါပဲ။ သတို့သား မျက်နှာက တို့ပတ်ပဝါ တို့လာတာ များသွားတယ် ထင်ပါရဲ့။ နည်းနည်း ဖွေးနေတယ်။ အော်စတင် ကားနား လူတွေ ဝိုင်းနေလိုက်ကြတာ စိန်လှ အနား ရောက်နေတာကို သတိမထားမိကြဘူး။ လူအုပ်ကြားထဲက တိုးထွက်လာတဲ့ ကလေး တစ်ယောက်က သတို့သားရဲ့ခြေထောက်ကို တက်နင်းလို့ လန့်ပြီး အော်လိုက်တော့မှ သတို့သား ရောက်နေတာကို သတိထားမိ သွားကြတယ်။ သတို့သားကလည်း ပရိသတ်ကို တောင်းပန်တိုးလျှိုးပြီး ကားပေါ်မနည်း တိုးတက်ရတယ်။

"လေးစိန်လှ၊ ခဲဖိုးပေး" ကလေးတစ်ယောက်ရဲ့ အသံ ထွက်လာတော့-

"မင့်အဘ ဘာခဲဖိုးလဲ၊ စောစောစီးစီး"လို့ စိန်လှက အသံမာမာ ပြန်မာန်လိုက်ရတယ်။

သတို့သားက ကားတံခါးကို ဟန်ပါပါ ဖွင့်ပေမယ့် တံခါးက ဖွင့်လို့မရဘူး။ သတို့သမီးက အထဲကနေ ဖွင့်ပေးတာလည်း မပွင့်ဘူး။ သူငယ်ချင်း ကားရှင်က သတို့သမီးကို ကျော်ပြီး လှမ်းဖွင့်မှ တံခါးက ပွင့်သွားတယ်။

"သူငယ်ချင်း ပင်ပန်းနေပြီလား" ကားရှင်ကို စိန်လှ မျက်နှာချိုသွေး နေတယ်။

"ဟဲဟဲ ... မပန်းပါဘူးကွာ၊ မင်းတို့ ကိစ္စမှမကူရင် ဘယ်သူ့ကိစ္စ သွားကူရမှာတုံး ... နော် ဆရာမ" တဲ့။

ကားနောက်ခန်းကို ကြည့်ပြန်တော့လည်း ပထမအခေါက်လိုပဲ လူတွေက အပြည့်အသိပ်။ နေရာမဆန့်လို့ ကျန်ခဲ့တဲ့ လူအုပ်ထဲက ဆံပင်ညှပ်တဲ့ ကိုညွန့်ရွှေက-

"ဟေ့ကောင် နောက်တစ်ခေါက် လွှတ်လိုက်ဦးနော်"တဲ့။

"လွှတ်မှာပါ အစ်ကိုရွှေရ" စိန်လှက ကိုညွန့်ရွှေကို အာမခံရင်း ကားကူတဲ့ သူငယ်ချင်းကို အကူအညီတောင်းတဲ့ မျက်လုံးနဲ့ လှမ်းကြည့်လိုက်တယ်။ သူ့ သူငယ်ချင်းကတော့ ကွမ်းတမြုံ့မြုံ့နဲ့ ပြုံးလို့-

"ကဲ ... ကလေးတွေ နောက်ဆုတ်ကြ ... နောက်ဆုတ်ကြ"

ပရိသတ်လည်း နောက်ကို ရှဲသွားကြတယ်။

သတို့သားနဲ့ သတို့သမီးလည်း တကယ် ပျော်နေတာလား၊ ပျော်ချင်ယောင် ဆောင်နေတာလား မသိ။ ကြည့်ရတာတော့ ပျော်နေကြတဲ့ပုံပဲ။ သတို့သားက ကားထွက်လို့ တော်တော်ကြာမှ ခေါင်းပေါင်း မပါခဲ့တာကို သတိရတယ်။ နောက်တစ်ခေါက်မှ အိမ်က ဝင်ယူခဲ့ဖို့ သူ့သူငယ်ချင်းကို မှာနေလေရဲ့။

ကလေး တက်နင်းသွားလို့ ပေနေတဲ့ ကတ္တီပါသည်းကြိုးက ဖုန်တွေကို လက်ညှိုးနဲ့ တောက်ပစ်ဖို့လည်း အခုမှ သတိရတယ်။

"ကိုစိန် အဖေကြီး ဘယ်လို နေသေးတုန်း"
"ဆီးတော့ တည်ခဲ့တာပဲ။ နောက်ဖေး တည်တာတော့ မသွားသေးဘူး။ သူ နေသာထိုင်သာ ရှိအောင်တော့ နေပူစာလှုံဖြစ်မယ့် နေရာ ရွှေ့ထားခဲ့တယ် မာမာ"
"အနားတော့ အဖော် ဘယ်သူရှိတုန်း"
"ခေါင်းရင်းအိမ်က မမသန်းတို့ အပ်ခဲ့ရတာပဲ၊ သူတို့ကလည်း အဖေ့ကို စောင့်ရှောက်ကြပါတယ်။ အဖေက အမေ့ကို သတိရနေတာပါဟာ။ ပါးစပ်က ဖွင့်မပြောပေမယ့် ငါတော့ သတိထားမိတာပေါ့"

စကား တပြောပြောနဲ့ မောင်းလာ လိုက်ကြတာ ခရီးတစ်ဝက်တောင် ရောက်လာပြီ။ အော်စတင် ကားပေါ်က မင်္ဂလာမောင်နှံကို လမ်းသွား လမ်းလာ တချို့က သတိပြုမိကြလို့ စိတ်ဝင်တစား လှမ်းကြည့်ကြတယ်။ သတို့သားက မဏ္ဍပ်တိုင် တက်ပြချင်ပုံရတယ်။

ကားပြတင်းပေါင် ပေါ်ကို သူ့တံတောင် လှမ်းတင်လိုက်တယ်။ ကားမှန်ကလည်း အောက်ဆုံးထိ ချမရတာမို့ လူကနိမ့်ပြီး သူ့တံတောင်ဆစ်ကြီးက အပေါ်မြင့်နေတယ်။ သတို့သားလည်း သူ့ကိုယ်သူ ဂိုက်မကျဘူး ဆိုတာ သတိထားမိတယ် ထင်ပါရဲ့၊ ခဏနေတော့ တံတောင်ကို ပြန်ရုပ်ထားလိုက်တယ်။

"မောင်ရင်က ကားလာကူမယ် ဆိုတာ ပြောမိလို့ အဖေက သူပါ မင်္ဂလာဆောင် ဝင်ပါ့မယ် တကဲကဲ လုပ်နေတာ။ သူ့မိတ်ဆွေတွေကို သူကိုယ်တိုင် ဧည့်ခံချင်တာတဲ့ မောင်ရေ့ ..."
"နောက်တော့ ဘယ်လို ချော့ထားခဲ့ရသတုံး အစ်ကိုစိန်"
"ကျွန်တော်တို့ ညီအစ်ကို သုံးယောက်စလုံး ရှိနေမှာပဲ၊ အဖေ့ဧည့်သည်တွေ အပေါ် ဧည့်ဝတ် မပျက်စေရပါဘူးလို့ မနည်း ပြောယူရတယ်။ ဒါတောင် တိုက်ပုံလေးတော့ ဝတ်ပေးခဲ့ဦး၊ တချို့ ဧည့်သည်တွေက အိမ်လာချင် လာနေမှာတဲ့"

မင်္ဂလာခန်းမမှာ ဧည့်သည်တွေ တော်တော် စည်နေပါပြီ။ ရွာနားမြက်ကို စားတဲ့ မင်္ဂလာဆောင်မို့ နှစ်ဦးနှစ်ဖက် မသိတဲ့ ဧည့်သည်လို့ မရှိသလောက်ပါပဲ။ မင်္ဂလာစုံတွဲကို မင်္ဂလာခန်းမမှာ ထားပြီးလို့ အရပ်ထဲကို နောက်တစ်ခေါက် ခေါ်ဖို့သွားတော့ ကားပေါ်မှာ ပါလာတဲ့ ချာတိတ် နှစ်ယောက်က မဆင်းသေးဘဲ အရပ်ထဲကို ပြန်လိုက်သွားကြတယ်။ သူတို့က ကားစီးရတာ သိပ်ပျော်နေကြတယ် ထင်တယ်။

ခန်းမထဲက ကလေး တစ်ယောက်ကတော့ ဒီလို ပြန်မလိုက်ရလို့ ငိုပြီး ကျန်ရစ်ခဲ့လေရဲ့။

လက်ဖွဲ့စားပွဲ ထိုင်သူတွေက စာရင်းမှတ်လိုက် ကိတ်မုန့်စားလိုက်၊ ယပ်တောင် ပြန်ကမ်းလိုက်၊ လက်ဖက်ရည်တစ်ကျိုက် ကျိုက်ချလိုက်နဲ့ အလုပ်များနေချိန်မှာ-

ဧည့်ခံနေတဲ့ ဘုရားလူကြီး၊ တရာသူကြီး၊ အရပ်လူကြီးတွေလည်း ဒူးယားတွေ လက်ကြားညှပ်လို့၊ ပါးစပ်တပ်လို့ တပြုံးပြုံးနဲ့။

ကိတ်မုန့်စားကြရင်း လည်ချောင်းရှင်းသံ၊ လက်ဖက်ရည်သီးလို့ ချောင်းဆိုးသံတွေဟာ၊ ဆူညံနေတဲ့ စတီရီယို သီချင်းသံထဲ ပေါင်းစပ်သွားကြတယ်။

မိတ်ကပ်နံ့၊ ရေမွေးနံ့၊ သနပ်ခါးနံ့နဲ့၊ အစစ်မှုန့်နံ့တွေလည်း မင်္ဂလာခန်းမထဲမှာ စီးကရက် မီးခိုးတွေနဲ့ ရောယှက် နေကြတယ်၊ အဝေးက ဧည့်သည်ထက် တစ်ရပ်တည်းသား ဧည့်သည်တွေက အများစုမို့ ဧည့်ခံပွဲလည်း အော့ဖ်ဆက်ရယ်ဒီမိတ် ဖိတ်စာထဲ ပါတဲ့ အချိန်ထက် စောသိမ်းလိုက်ကြတယ်လေ။

မင်္ဂလာပွဲက အပြန် ကားပေါ်မှာ စည်ကားပြီး ပျော်စရာကောင်းတဲ့ ဒီမင်္ဂလာပွဲ အကြောင်း၊ သတို့သား သတို့သမီး အကြောင်း၊ အဝတ်အစားတွေ အကြောင်း၊ ကိတ်မုန့်တွေ အကြောင်း၊ တောသုံးတောင် ဇာတ်ခင်းလာကြတယ်။ ကာလသားအုပ်ကိုတော့ ခန်းမထဲမှာပဲ ခဲဖိုးပေးလိုက်ရတယ်။ သူတို့ကတော့ ထမင်းဆိုင်ကို တောက်လျှောက် သွားကြလေ့။ အပျိုအဖွဲ့ကိုတော့ တစ်ဖွဲ့လုံးကို ညကျရင် တီဗွီပြမယ်လို့ ကတိပေးလိုက်ရတယ်။ ဒီအကြောင်းကို ကလေးတွေကပါ ကြားပြီး သူတို့လည်း ကြည့်ချင်တယ်လို့ တောင်းဆိုကြတယ်။ နားအေးသွားအောင် သူတို့ပါ ကြည့်ရမယ်လို့ အလွယ်ပြောပြီးမှ ဆရာမ သတို့သမီးက လူကြီး တစ်ကျပ်၊ ကလေး ပြားငါးဆယ်နှုန်းနဲ့ ကုန်ကျမယ့် စရိတ်ကို စိတ်မှန်းနဲ့ အမြန်တွက်ရင်း လက်ဖွဲ့ခံတဲ့ ငွေဖလားကို မျက်စိရောက်သွား တယ်လေ။

အဖေလုပ်သူက မင်္ဂလာဆောင်က ပြန်လာတဲ့ သူတိုင်းကို မင်္ဂလာပွဲအကြောင်း ခေါ်ခေါ်ပြီး မေးနေသတဲ့။

စိန်လှ ပြန်လာလာချင်း ဆီးပြောတာတော့ နောက်ဖေးအိုး အမြန်ယူခဲ့ဖို့ပဲ။ အဖေက နောက်ဖေးအိုးပေါ် ထိုင်ရင်း မင်္ဂလာပွဲ အကြောင်း အသေးစိတ် မေးပါတော့တယ်။

အဖေ့ ကျန်းမာရေးက စိုးရိမ်ရမယ့် အခြေအနေ မဟုတ်ပေမယ့် ကိုယ့်အညစ်အကြေးကိုယ် မထိန်းနိုင်တဲ့ အခြေအနေကိုး။ အခုလည်း သူဝမ်းနာတာနဲ့ စိန်လှ ပြန်ရောက်တာ အံကျဖြစ်နေလို့။ နို့မို့ရင်တော့ ရေတွင်း လူရှင်းချိန်မှာ စိန်လှ ပုဆိုး လျှော်ရဦးတော့မှာလေ။

အဖေ့ကို ကိုယ်လက်သုတ်သင် ပေးနေရင်း အဖေက ...

"မင်း ညကျတော့ တီဗွီ ပြမလို့ဆို" တဲ့။

"ဟုတ်တယ် အပျိုအုပ်စုနဲ့ ကလေးတွေကို တီဗွီ ပြမယ်လို့ ကတိ ပေးထားတယ်"
"တီဗွီက ဒီည ဘာအစီအစဉ်တဲ့တုံး"

အဖေ့ကို သူ့ ပက်လက်ကုလားထိုင်ပေါ် ပြန်ပြီးထိုင်ဖို့ ပွေ့ချီရင်း ...

"မန္တလေးမြို့မ၊ ပေါစံ၊ တက်တိုးနဲ့ အမာစိန်တို့တဲ့ အဖေ"
"ဟေ ... ဟုတ်လား ... ဒီလိုဆို အဖေလည်း ကြည့်ချင်သကွာ"
"မြို့မနဲ့ အမာစိန် အလွမ်းပြေပေါ့" အိမ်ထဲမှာတင် နေရတဲ့ နာတာရှည် ဒုက္ခိတ အဖေ့ဘဝ မောင်စိန်လှ နားလည်လိုက်ပါတယ်။

"အဖေ ကြည့်ချင်ရင် ကျွန်တော် ပွေ့သွားမှာပေါ့ဗျာ"

မျက်စိထဲမှာတော့ တီဗွီပိုင်ရှင် ဦးစံတင်ကြီးရဲ့ စူပုပ်ပုပ် မျက်နှာထားကြီးကို ပြေးမြင်မိတယ်။

တီဗွီပြတဲ့ တိုက်ထဲမှာ "မြောင်တရိုး" အရပ်သူတွေက အများစု။ မင်္ဂလာအောင်ပွဲ အနေနဲ့ တီဗွီ လာကြည့်ကြတာမို့၊ ခွေးအို့အို့ အိမ်ဆူးဆို့ခဲ့ကြတဲ့ ပုံစံပဲ၊ ပြီးတော့ အစီအစဉ်ကလည်း မန္တလေးမြို့မ တီးဝိုင်း၊ ပေါစံ၊ တက်တိုးနဲ့ အမာစိန်တို့ ဆိုတော့ ပရိသတ်က အတိုင်းထက် အလွန်ပေါ့။

မောင်စိန်လှက တီဗွီကြည့် သွားကာနီး သူ့အဖေကို ဆီးတည်လိုက်တယ်။ ဖေဖော်ဝါရီ ဆိုတာ ဒီမြို့မှာ ချမ်းလို့ကောင်းတုန်း။ ဒါကြောင့် ကုတ်အင်္ကျီဟောင်းကလေး ထပ်ဝတ်ပေးရှာတယ်။ သူ့ဇနီးသစ် မာမာတင်ကတော့ အဖေရဲ့ ပက်လက် ကုလားထိုင်ကို မ,လို့ ရှေ့က သွားနှင့်ပြီ။ မာမာတင့် မျက်နှာမှာ မနက်ကတည်းက လိမ်းထားတဲ့ မိတ်ကပ်တချို့ ကျန်နေသေးတယ်။ ၁၅၀ိ-တောင် အကုန်အကျ ခံထားရတဲ့ ကိစ္စမို့ မိတ်ကပ်တချို့ ပျက်ကုန်ပေမယ့် သူ့ကိုယ်သူတော့ မနက်ကလိုပဲ လှသေးတယ်လို့ ထင်နေရှာတယ်။ ဘော်လီအသစ် ကြားထဲမှာ တီဗွီဖိုး ရှင်းရအောင် ပိုက်ဆံ ထည့်လာခဲ့တယ်။ မနက်ကစီးတဲ့ ဖိနပ်အသစ်က ပေါက်နေလို့ ဖိနပ်အဟောင်းပဲ စီးလာခဲ့ရတယ်။ ပြီးတော့ ဒီလိုပွဲဆိုတာ ဖိနပ်လည်း ပျောက်တတ်တယ် မဟုတ်လား။

"အဖေ ဟိုရောက်လို့ ဆီးတို့ ဘာတို့ သွားချင် ပြုချင်ရင် ကျွန်တော့် ပြောနော်၊ ကျွန်တော် ဒါလေး ယူလာခဲ့ပါတယ်။ အဖေ့ကို အကုန် သိနေကြတာပဲ၊ ဘာမှ ရှက်စရာ မလိုဘူးနော်" စိန်လှက ကျွတ်ကျွတ်အိတ်နဲ့ ထည့်လာခဲ့တဲ့ ဆီးအိုးကလေးကို အဖေ့ ပြလိုက် တယ်။

"အစ်ကိုကြီး တီဗွီကြည့်မယ် ဆိုရင် အိမ်တံခါးပိတ်ပြီး ဦးစံတင်တို့တိုက် လိုက်ခဲ့တော့၊ ကျွန်တော် အဖေ့ခေါ်ပြီး သွားနှင့်တော့မယ်၊ ခေါင်းရင်းအိမ်က မမသန်းတို့လည်း ဖိတ်ပြီးသား ဒါပေမယ့်လည်း ထပ်ခေါ်ခဲ့ဦး"

သူ့အစ်ကိုက ပြတင်းပေါက်ကို ပိတ်ရင်း ခေါင်းညိတ်ပြပါတယ်။

မောင်စိန်လှတို့ သားအဖ ရောက်လာတော့ တီဗွီပိုင်ရှင် ဦးစံတင်က နှုတ်ဆက်ပြီး မာကြောင်း သာကြောင်း မေးတယ်။ တီဗွီကြည့် ပရိသတ်က များလွန်းလို့ ဦးစံတင် ကျေနပ်နေတယ် ထင်ပါရဲ့။ ဦးစံတင်က တီဗွီသာ ပြတာ သိပ်ဇီဇာကြောင်တယ်။ ဘယ်ကလေးမှ သူ့တိုက်ထဲမှာ တီဗွီကြည့်ယင်း မုန့်ပဲသရေစာ မစားရဘူး။ ဆီးစေ့နဲ့ ပေါက်တာတို့ ဘာတို့ မလုပ်ရဘူး၊ ဒီလိုဆော့ရင် ဆွဲထုတ်တာပဲ။

ပရိသတ်ကတော့ ကြမ်းပေါ်မှာ ခင်းထားတဲ့ ဖျာကြမ်းပေါ် နေရာယူထားကြတယ်။ တီဗွီနဲ့ တည့်တည့် ကြည့်ကောင်းလောက်မယ့် ၉-ပေ၊ ၁၀-ပေ အကွာလောက်မှာ သူ့အဖေကို ထိုင်စေတယ်။ အဖေ့နံဘေးက ကျွတ်ကျွတ်အိတ်ကို တစ်ဖက်က ကိုင်ရင်း မောင်စိန်လှ ထိုင်တယ်။ သူ့နံဘေးက ပူပူနွေးနွေး သူ့ဇနီးလေးက ထိုင်တယ်။ ပိုင်ရှင် ဦးစံတင်ကတော့ နောက်ဆုံးနားက ဆက်တီခုံပေါ် အကျအန ထိုင်လို့ ...

မြို့မတီးဝိုင်းက သီချင်း စတီးမှုတ် ကတည်းက ပရိသတ် ငြိမ်သွားလိုက်တာ အံ့ဩဖို့တောင် ကောင်းတယ်။ နားထောင်နေ လိုက်ကြတာ ကျောက်ရုပ်တွေ တန်းစီ ထိုင်ခိုင်းထား သလိုပဲ။ ဒေါ်အေးပွင့် တစ်ယောက်ပဲ အရင်က ရပ်ကွက်ဗြော အဆိုတော်မို့ လက်တလှုပ်လှုပ်နဲ့ စည်းဝါး လိုက်နေတယ်။

အမာစိန် ကတဲ့အခါလည်း ဘုန်းကြီးပျံ လာကတဲ့ ဇာတ်ကို ကိုရင်တွေ ငေးသလိုမျိုး ငေးကြည့်နေကြတယ်။ ဆေးလိပ် သိပ်ကြိုက်တဲ့ ဒေါ်တွတ်က ဘယ်ဘက် နားရွက်ကြားမှာ မင်္ဂလာဆောင်က, ကမ်းတဲ့ ဒူးယားကို ညှပ်ထားပြီး၊ လက်ထဲမှာတော့ မီးသေနေတဲ့ ဆေးပေါ့လိပ်တို ရှိနေတယ်။ မြို့မနဲ့ အမာစိန် ပြုစားထားလို့ ဆေးလိပ် ကြိုက်သူတွေလည်း ဆေးလိပ်သောက်ဖို့ မေ့နေကြလေရဲ့။ ပရိသတ်လည်း လူစင်စစ်ကနေ ဘီလူး ခဏတဖြုတ် ဖြစ်ပြီး မျက်တောင်ခတ်ဖို့ မေ့နေကြတယ်လေ။

ပေါစံနဲ့ တက်တိုးတို့ရဲ့ ပါးစပ်ဟလိုက်တိုင်း ရယ်ရတဲ့ ပြက်လုံးတွေကြောင့် ပါးတွေကို ညောင်းယူရတဲ့ အစီအစဉ်ပဲ။ လူရွှင်တော်တွေက မျက်နှာခံက ကောင်းလွန်းနေတော့ ပါးစပ်ကို ပိတ်မနေရဘူး။ ဒီအစီအစဉ်ကို မကြိုက်လို့ ထပြန်ရတဲ့သူ တစ်ယောက်မှ မရှိဘူး။ ကြမ်းပြင်မှာ သံမှိုစွဲထားသလို ထိုင်နေ ကြည့်နေ လိုက်ကြတာ အစီအစဉ်ပြီးမှ ထပြန်ကြတော့တယ်။ ပြန်တော့လည်း မျက်နှာတွေက အပြုံးကိုယ်စီနဲ့။

ပရိသတ်ရှင်းသွားမှ စိန်လှ သူ့အဖေကို ပွေ့ချီတယ်။ ဒီလို ပွေ့ချီလိုက်ရင်း စိန်လှ မျက်နှာတစ်ချက် ပျက်သွားတယ်။ သူ့အဖေ ထိုင်နေရက် ဆီးတွေ သွားလိုက်ပြီ။ အဖေ ကိုယ်တိုင်လည်း ဒီကိစ္စ သတိထားမိပုံ မရဘူး။ ဦးစံတင်ရဲ့ ကြမ်းပြင်ပေါ်တောင် နည်းနည်း ပေကုန်လိုက်သေးတယ်။ ဒါကို ဦးစံတင်က သတိထားမိတယ်။ စိန်လှ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင် ဖြစ်သွားတယ်။ အလွန် ဇီဇာကြောင်တဲ့ လူရှေ့မှ ဒီလို ဖြစ်ရလေခြင်း ဆိုပြီး စိတ်မကောင်း ဖြစ်မိတယ်။ မတတ်နိုင်ပါဘူလေ ဆိုပြီး မာမာတင့် လက်ထဲက လက်ကိုင်ပဝါ အသစ်ကလေးနဲ့ ကြမ်းပြင်ကို သုတ်မယ် အလုပ်မှာ ...

"နေပစေ ငါ့တူ၊ နေပစေ"

မမျှော်လင့်တဲ့ စကားကို စိန်လှ ကြားလိုက်ရတယ်။

"လူကြီးဆိုတာ တစ်ခါတလေ ဒီလိုပါပဲ"
"မဟုတ်တာ ဦးလေးရယ်၊ အားနာစရာ ကောင်းလွန်းလို့ပါ"
"အားမနာပါနဲ့ကွာ၊ မင့်အဖေက ပေါစံရဲ့ ဆင်စွယ် ကုလားထိုင်ကြီးနဲ့ ဆိုတဲ့ ပြက်လုံးမှာ ဆီးတွေ ထွက်ကုန်တာ ထင်တယ်။ ငါဖြင့် ရယ်လိုက်ရတာ ဟား ... ဟား"
"ကျွန်တော်လည်း မပြောတတ်ဘူး ဦးလေးရာ၊ အားနာတာပဲ သိတယ်"
"အို ... အားမနာပါနဲ့ကွာ၊ နောက်ရက်တွေ မင့်အဖေ ကြည့်ချင်ရင် ဒီလိုပဲ ခေါ်ခဲ့ဦး"လို့ ပြောရင်း၊ အဖေ့ကိုလည်း ခေါင်းတစ်ချက် ညိတ်ပြတယ်။ စိန်လှ အံ့ဩပြီးရင်း ... အံ့ဩရင်းက သူ့မျက်နှာမှာ ဒီအံ့ဩရိပ်ကို မပေါ်အောင် ဖုံးထား ဖိထားလိုက်မိတယ်။

"ဒီလိုဆိုရင် ကျွန်တော်တို့ကို ပြန်ခွင့်ပြုပါဦးနော်"
"အေး ... အေး ... သွားကြတော့ ... သွားကြတော့"

ဦးစံတင်က စိန်လှအဖေရဲ့ လက်ကို ဖျစ်ညှစ်ယင်း ပြုံးပြနေတယ်။ စိန်လှအဖေကလည်း ပြန်ပြုံးပြတယ်။

မာမာတင်ကတော့ တီဗွီကြည့်ခကို ရှင်းရင်း ...

"အဲဒီ အစွန်းထွက်ကလေးတော့ မပေးတော့ဘူးနော် ... ဒေါ်ဒေါ်ရယ်၊ များတာလည်း မဟုတ်ပါဘူးနော်" လို့ ၄ ကျပ် စွန်းတာကို စွန့်စားပြီး ဈေးဆစ်လိုက်ပါတယ်၊ တိုက်ကြီးရှင်တွေကလည်း ဒီညတော့ လျှော့ယူလိုက်ကြတယ်။

မာမာတင်က သေးစိုနေတဲ့ ဂုန်နီခင်း ပက်လက် ကုလားထိုင်ကို မ,ရွှေ့လာယင်း လက်ကျန် မိတ်ကပ်လေးတွေ မပျက်တဲ့ မျက်နှာသစ်နည်းများ ရှိလေမလားလို့ တွေးနေမိတယ်။

စိန်လှကတော့ အောက်ပိုင်း တစ်ခုလုံး စိုရွှဲအေးစက်နေတဲ့ အဖေ့ကို ပွေ့ချီပြီး ပြန်လာတယ်။ အလွန် ဇီဇာကြောင်တဲ့၊ ပြောရ ဆိုရတာ သိပ်လက်ပေါက်ကပ်တဲ့ တီဗွီပိုင်ရှင် မိသားစုက ဘာလို့ ဒီညတော့ သဘောကောင်း နေပါလိမ့်လို့ စဉ်းစားလာမိတယ်။

မြောင်းတရိုး ရပ်သူတွေလည်း မြို့မနဲ့ အမာစိန် အကြောင်းနဲ့၊ ပေါစံနဲ့ တက်တိုးတို့ ပြက်လုံးတွေကို မမောနိုင် မပန်းနိုင် စားမြုံ့ပြန်ကြရင်း ...။

----------
ညီပုလေး
သဘင်၊ မေ၊ ၁၉၈၆။
(ညီပုလေး ဝတ္ထုတိုပေါင်းချုပ် (၂၀၁၅))

@@@@@@@@
credit
by မွန်းလေးဖေဖေ

No comments:

Post a Comment