ဓား - မောင်ကိုကို (အမရပူရ)
* * *
(၁)
ကိုဘရှိန်း၏ မျက်နှာပေါ်တွင် မျက်လုံးတစ်ဖက် မပါသော နဖူးနှင့် နားထင်သားများ ချိုင့်ဝှမ်း ဖြစ်နေသော (ပင်လယ်ဓားပြကြီး တစ်ဦးနှင့် တူသော) မျက်နှာဖုံးကြီးကို စွပ်ထားသည်။
သေသေချာချာ အနီးကပ် ကြည့်တော့ ထို ပင်လယ်ဓားပြကြီး၏ ကြောက်စရာ၊ အသည်းယားစရာ မျက်လုံးအိမ် ဟောက်ပက် တွင်းနက်နက်ကြီးနှင့် မျက်နှာမှာ ကိုဘရှိန်း၏ မျက်နှာအစစ် ဖြစ်ပါသည်။ မျက်နှာပေါ်မှာ မျက်နှာတစ်ခု ထပ်စွပ်ထားသလို ဖြစ်နေခြင်းမှာ နားရွက် ရှေ့နားမှ နေ၍ နက်နက်ရှိုင်းရှိုင်း အရာကြီးက မျက်နှာ ပုံသဏ္ဌာန် အတိုင်း ကွေ့ဝိုက်လျက် ဟိုဘက်နားရွက် အထက် နဖူးဆံစပ် အထိ တက်သွားသောကြောင့် ဖြစ်ပါသည်။ ကိုဘရှိန်းသည် မျက်လုံးတစ်ဖက် ဟောက်ပက်ကြီး လစ်လပ်နေသည့် အပြင် ခြေထောက် တစ်ဖက်လည်း မသန်စွမ်းသဖြင့် လိမ်ဖည် လိမ်ဖည် လမ်းလျှောက် နေရသည်။
ကိုဘရှိန်းနှင့် ကျွန်တော် တွေ့ဆုံရတတ်သည်က လမ်းပေါ်မှာ ဒါမှမဟုတ် လက်ဖက်ရည် ဆိုင်မှာ ဖြစ်သည်။ သူက ကျားထိုးတာတော့ အလွန်ကောင်းဟန် တူသည်။ ကျားဝိုင်းတွေမှာလည်း သူ့ကို တွေ့မြင်ရတတ်၏။ သူ၏ အမှတ်သညာ ဆိုင်ရာ ဦးနှောက်ဆဲများ ဘယ်လောက် ပျက်စီး ဆုံးရှုံးသွားခဲ့ ရသလဲ။ ဘယ်လောက်အင်အား ရှိနေသေးလဲ ဆိုတာ ကျွန်တော် မသိခဲ့ပါ။ သူက စကားကိုတော့ စီကာပတ်ကုံး မပြောပြတတ်ပါ။ သူ့ကို ဒီလို ပုံသဏ္ဌာန်နှင့် ဒီမြို့မှာ တွေ့နေခဲ့ရသည်မှာ နှစ်ပေါင်း သုံးဆယ်လောက် ရှိပြီလား။ ၃၅ နှစ် ကျော်ခဲ့ပြီလား ကျွန်တော် အသေအချာ မမှတ်မိ။ နှစ်တွေ အကြာကြီး သူ ဒီပုံစံနှင့် အသက်ရှင်သန် နေနိုင်တာကို ကျွန်တော် အံ့ဩမိ၏။
လက်ဖက်ရည် ဆိုင်မှာ တွေ့ကြလျှင် သူက အဝေးကြီးကနေ လက်ကို ဝှေ့ယမ်း နှုတ်ဆက်သည်။
“ဟေး … ဟေး … ဟေး”
ပထမ အဲဒီလို အသံထွက် လာသည်။
“ဟေး … ဟေး … လက်ဖက်ရည်သောက်”
သူက သူ့ အိတ်ထောင်ထဲက ပိုက်ဆံ တချို့ကို ဆွဲထုတ်သည်။ ဟန်ဆောင်တာ မဟုတ်ဘဲ တကယ် လက်ဖက်ရည်ဖိုး ရှင်းမှာ ဖြစ်သည်။ ကျွန်တော်က သူ့အတွက် လက်ဖက်ရည်ဖိုး ရှင်းထားလိုက်ကာ သူ့အတွက်ပါ ရှင်းလိုက်ပြီ ဖြစ်ကြောင်း ပြောရသည်။ တချို့ လက်ဖက်ရည်ဆိုင် ပိုင်ရှင်တွေက သူ့ကို အလကား တိုက်တတ်သည်။ ထိုအခါမျိုးမှာ သူ့ဘဝ ရှင်သန်ရေး ရန်ပုံငွေ အတွက် ရည်ရွယ်ကာ သူ့ကို ပိုက်ဆံတချို့ ပေးလိုက်မိပါသည်။
သူ့ဘဝ ရှင်သန်ရေးမှာ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင် ကူညီခြင်းပါ။
အဲ့လိုကျတော့လည်း
“ဟဲဟဲ … ဟဲဟဲ …” ဟု အော်ရယ်ကာ ကျွန်တော်ပေးသည့် ပိုက်ဆံအချို့ကို ယူပြီး သူ့ မည်းညစ်ညစ် အနွေးထည် အင်္ကျီကြီး၏ နံဘေး အိတ်ထောင်ထဲ ထည့်လိုက်တတ်သည်။
“အခု ဘယ်မှာ အိပ်နေတာလဲ” ဟု ကျွန်တော်က မေးသောအခါ “ဗလီထဲမှာ” လို့ ပြောသည့် အခါလည်း ရှိသည်။
“ကင်းတဲမှာ” “ဒရကာထဲမှာ” ဟုလည်း သူပြောတတ်သည်။ ဟိုတလောက ထမင်းဆိုင်နှင့် တွဲဖွင့်ထားသော အရက်ဆိုင်မှာ သူ့ကို တွေ့ရ၏။ ဆိုင်တောင် သိမ်းတော့မှာ ဖြစ်သည်။ “ဘာလုပ်တာလဲ ကိုဘရှိန်း ခင်ဗျား အရက် လာသောက်တာလား ကျွန်တော် တိုက်မယ်လေ” လို့ ပြောသောအခါ သူက လက်ဝါးနှစ်ဖက် ကာပြပါသည်။
“ဟွန်း … ဟွန်း … ဟီဟီ အရက် မသောက်ဘူး၊ ဘုရား မကြိုက်ဘူး။ ဒီဆိုင်မှာ အိပ်တယ်။ ထမင်းကျွေးတယ်”
သူ့လက်ကို ပါးစပ်ထဲ ထမင်း သွပ်သည့်ဟန် ပါစပ်ဝ၌ တေ့ပြ၏။ ထိုထမင်းဆိုင်မှာ သူ အိပ်ခွင့်ရတော့ ညစာ ထမင်းလည်း စားရပြီး၊ မိုးအခါ ဆောင်းအခါမှာလည်း သူ လုံခြုံ နွေးထွေးမှုကို ဝတ်ဆင်ထား နိုင်ပါသည်။ သူ့အတွက် ကျွန်တော် စိတ်သက်သာ လုံခြုံမိပါသည်။ သူသည် သားသမီးများ အရွယ်ရောက် နေသော်လည်း သားသမီးတွေရဲ့ အိမ်မှာ မအိပ်ဘဲ ဂျစ်ပစီလို မြို့ထဲ လှည့်လည်မြဲ။
ကျွန်တော်သည် ကမ္ဘာ့ ဘောလုံးပွဲတွေကို မအိပ်မနေ ကြည့်ရင်း လောင်းကြေး တင်တတ်တဲ့ အလေ့အထ ရှိသူတစ်ဦး မဟုတ်ပေမယ့် ဘောလုံးပွဲ ကြည့်ရန် ခုံမင်သူ၊ ဘောလုံးပွဲ ကြည့်ရင်း စိတ်လှုပ်ရှားလျက် ရင်ခုန်နှုန်း ပြင်းထန်သူ တစ်ဦးတော့ ဖြစ်ပါသည်။ ဒီတိုင်းပြည်ထဲမှာ နေ့ခင်းဘက် ကြည့်လို့ရတဲ့ ကမ္ဘာ့ဘောလုံးပွဲများကို လက်ဖက်ရည်ဆိုင်၌ ထိုင်လျက် လက်ဖက်ရည် တစ်ခွက် သောက်ရင်း ဘောလုံးပွဲ ကြည့်လေ့ရှိသူ တစ်ဦးတော့ ဖြစ်ပါ၏။
နောက်ပြီး ကျွန်တော်က ရော်နယ်ဒိုကို ကြိုက်ပါသည်။ ရော်နယ်ဒို ကစားကွက် အတတ်ပညာများကို ကြည့်ရင်း စိတ်ကျေနပ်မှုကို ခံစားရသလို သူ့မျက်နှာပေါ်မှ သူ၏ စိတ်တည်ငြိမ်လွန်းမှုများ၊ ပြဿနာကို သွေးအေးအေး ရင်ဆိုင် ဆုံးဖြတ်မှုများ၊ အခြေအနေ အကျဉ်းအကျပ်ထဲမှ ထွက်ပေါက်ရှာကာ အောင်မြင် လွတ်မြောက်အောင် လုပ်နိုင်တဲ့ သူရဲ့ ဖြတ်ထိုးဥာဏ် ကောင်းမှုများကို ကြည့်ရင်း သူ့ကို လေးစား ချီးမွမ်းမိသည်။
ထိုကဲ့သို့ ရော်နယ်လ်ဒို ပါဝင် ကစားသော ကမ္ဘာ့ဘောလုံးပွဲ တစ်ခုကို လက်ဖက်ရည်ဆိုင် ထဲမှာ သဲကြီးမဲကြီး ကြည့်နေစဉ် ကိုဘရှိန်းက ခရိုးခရိုင်ဖြင့် လက်ဖက်ရည်ဆိုင်ထဲ ဝင်ချလာကာ ကျွန်တော်တို့နှင့် တီဗွီကြားထဲက မြေကွက်လပ် ကျဉ်းကျဉ်းမြောင်းမြောင်းလေး ပေါ်၌ ဖင်ချထိုင် လိုက်၏။
“ဟား … ဟား … ဟား … ဟား … ဟား ရော်နယ်လ်ဒို … ရော်နယ်လ်ဒို … ဗဲရီးဂွတ် … ဗဲရီးဂွတ်”
သူက လက်ခုပ်လက်ဝါး တီးပြီး အော်ဟစ် အားပေးနေသည်။
ကျွန်တော်လည်း တီဗွီကြီးနှင့် တော်တော်လေး နီးကပ်စွာ မျက်နှာချင်းဆိုင် ထိုင်နေရာ သူက ကျွန်တော်တို့ ဘက်သို့ (မျက်လုံး တစ်ဖက်လပ်၊ အနာရွတ် မျက်နှာကြီး) လှည့် လာပြီး-
“ဟေ့ … ဟေ့ … တွေ့လား ရော်နယ်လ်ဒို … ရော်နယ်လ်ဒို ကြည့်ထား ကြည့်ထား ရော်နယ်လ်ဒိုကွ ရော်နယ်လ်ဒို” ဟု သူ အော်ဟစ် နေပြန်ပါသည်။ သူလည်း ရော်နယ်လ်ဒိုကို အတော်လေး ကြိုက်ဟန် တူပါသည်။
သူလည်း ရော်နယ်လ်ဒို၏ နာမည်ကို အော်ဟစ် အားပေးနေသည်။ ကျွန်တော်တို့ သည်လည်း ရော်နယ်လ်ဒိုကို ပါးစပ်မှ အော်ဟစ် အားပေးနေသည်။ ရင်ထဲ သွေးထဲမှ အော်ဟစ် အားပေးနေသည်။ (ကိုဘရှိန်း၏ မျက်လုံး တစ်လုံးထဲမှာ မီးများ လင်းနေ၏။) ကျွန်တော့် အရိုးတွေကတော့ သူတို့ထဲမှာ ထိန်းသိမ်းဆဲ ဖြစ်သော နာမည်ကို ထကြွအော်ဟစ် လိုက်ပြီ။ ကျွန်တော်တို့ မေ့နိုင်ပေမယ့် ကျွန်တော်တို့ အရိုးများက သူတို့ ထိန်းသိမ်းထားသော နာမည်များကို ကျမပျောက်စေ ခဲ့ကြပါ။
ကျွန်တော်တို့ မြို့က ဘောလုံးကွင်း ကျယ်ကျယ်ကြီးထဲက အနောက်ဘက် ပွဲကြည့်စင် ပေါ်တွင် ကျွန်တော်ထိုင်ပြီး အသားကုန် အော်ဟစ်နေသည်။ ကျွန်တော်တို့ ငယ်တိုးကျေးရွာ အသင်းနှင့် အိုးတော်မြို့မရပ်ကွက် အသင်းတို့ အကြိတ်အနယ် ဗိုလ်လုပွဲ ဖြစ်ပါသည်။ကျွန်တော့်ခုံ၏ အပေါ်ဘက်မှာ အိုးစည် ဗုံမောင်းတွေ တီးနေကြ သည်။
“ဟေ့ … ဝင်းသောင်ကွ … ဝင်းသောင်”
“ဟေ့ ဘရှိန်းကြီးဟေ့ … တစ်ရှိန်းတည်း ရှိတယ်”
ဝင်းသောင်က ရှေ့တန်း ညာအစွန်လူ အဖြစ် ကစားပြီး၊ ဘရှိန်းက နောက်တန်းလူ အဖြစ် ကစားသည်။ ဒီဘက်သို့ ကျွံလာသမျှ ဘောလုံးတွေကို ဘရှိန်းက တအုန်းအုန်း တဒိုင်းဒိုင်း ကန်လွှတ် နေပါသည်။ ဘောလုံးကွင်း၏ မြက်ခင်း ပါးပါးလှပ်လှပ်လေး ပေါ်မှာ ညနေခင်း နေရောင် ဝါဖျော့ဖျော့လေးတွေ ဖြာကျနေရာ ထိုမြက်ခင်း ပါးပါးလေး ပေါ်မှာ ထိုနေရောင်ခြည် အောက်မှာ ဘရှိန်းက ကျွဲကြီးတစ်ကောင် မာန်ဖီသလို အမူအရာဖြင့် ဒီဘက်လာမယ့် ဘောလုံးတွေကို စောင့်နေသည်။ ဘရှိန်းက အုတ်တံတိုင်းကြီးလို ခုခံထားသဖြင့် ဟိုဘက် ရှေ့တန်းက သန်းထွန်းမောင်သည် ဘရှိန်းကို ဘယ်လိုမှ မထိုးဖောက်နိုင်အောင် ဖြစ်နေသည်။
ဝင်းသောင်က ကျားတစ်ကောင်လို ပြေးနေသည်။ ပြေးနေတဲ့ သူ့ခြေထောက်ထဲမှာ ဘောလုံးလေးက လိမ္မာ သေသပ် ကျိုးဝပ်စွာ လိုက်ပါ နေရသည်။
“ ဟေ့ … ဝင်းသောင်ကွ … ဝင်းသောင်၊ ဆွဲပြီ … ဆွဲပြီ … ဟော ရှူးပြီ ဂိုး …”
“ဂိုး”
“ရွှီး ရွှီး”
လက်ခေါက် မှုတ်သံတွေ၊ လက်ခုပ်သံတွေ ကွင်း၏ အနောက်ဘက်တန်းနှင့် တောင်ဘက်တန်း ဆီက ဆူညံမြည်ဟိန်း သွားသည်။ အိုးစည်တွေ ဒိုးပတ်တွေ တီးနှက်ကုန်ကြပြီ။
“အိုးတော် အိုးတော် ရှုံး ရှုံး ငယ်တိုး ငယ်တိုး ဒိုင်း ဒိုင်း”
ထိုနှစ် မြို့နယ် ဥက္ကဋ္ဌ၏ ဒိုင်းဆုကို ငယ်တိုးကျေးရွာ အသင်းက ရလိုက်သည်။ မနှစ်က အိုးတော်က ပထမ ရထားသည်။ ဒီဘောလုံးကွင်းထဲမှာ ဘောလုံးရာသီ ဆိုလျှင် ဒိုင်းပွဲ ဖလားပွဲ မပြတ်တမ်း ကျင်းပရာ ကျွန်တော်တို့ မြို့နယ်မှာ အကောင်းဆုံး ကြယ်ပွင့် နှစ်ပွင့်မှာ ဘရှိန်းနှင့် ဝင်းသောင်၊ ဝင်းသောင်နှင့် ဘရှိန်း ဖြစ်ပါသည်။ သူတို့ နှစ်ယောက်စလုံး မောင်ဖုန်းနှင့် ညီပု၏ တပည့် အရင်းများ ဖြစ်ကြသည်။
“ဘရှိန်းကွ ဘရှိန်း … ဝင်းသောင်ကွ … ဝင်းသောင်” ဟု ကျွန်တော်တို့ သည် အရိုးထိအောင် ရူးသွပ်စွာ ဘရှိန်းနှင့် ဝင်းသောင်တို့၏ နာမည်ကို အကြိမ်ပေါင်း မရေမတွက် နိုင်အောင် အော်ဟစ်ခဲ့ ကြပါသည်။ ဟိုတုန်းက ဘရှိန်း ဖြတ်သွားတာ မြင်လိုက်လျှင်ပင်
“ဟိုမှာ ဟိုမှာ … ဘရှိန်း တွေ့လား”
“သိပ်တွေ့တာပေါ့ အုတ်တံတိုင်းကြီး ဘရှိန်း”
ကျွန်တော်တို့ လက်ချင်းတို့ ပြီး ဘရှိန်း နာမည်ကို ထုတ်ဖော် ပြောဆိုရတာကိုက အရသာတစ်ခု ဖြစ်နေသည်။ အဲဒါ ရူးသွပ်မှုလို့ ခေါ်မလား။
ဟိုတုန်းက ကျွန်တော်တို့ မြို့ထဲမှာ လျှပ်လျှမ်းတောက် ကျော်ကြားခဲ့တဲ့ ကိုဘရှိန်းဟာ အခုတော့ မျက်လုံးတစ်ဖက် မရှိတော့သော၊ ဦးနှောက် အနည်းငယ် ပျက်စီးခဲ့ရသော၊ ခြေတစ်ဖက် မသန်တော့သော၊ သူတစ်ဦး၏ ပေးစာ ကမ်းစာကို လက်ခံ သိမ်းဆည်းရသော ဒုက္ခိတကြီး တစ်ဦး ဖြစ်နေသည်။
“ရော်နယ်လ်ဒို ရော်နယ်လ်ဒို … ဂိုး ဂိုး ဂိုး”
ဘရှိန်းက မြေပြင်ပေါ် ဖင်ချထိုင် နေရာမှ ရုတ်တရက် ထခုန်လိုက်သည်။ ဒါပေမဲ့ သူတစ်ယောက်တည်း ထခုန်ခြင်း မဟုတ်ပါ။ ကျွန်တော်တို့လို ထိုင်ခုံ ပုပုလေးတွေပေါ် ထိုင်ကြည့် နေကြသူတွေ အတော်များများလည်း ထခုန်ကြသည်။ လက်ဖက်ရည်ဆိုင် ပိုင်ရှင်တောင် သူ့အလုပ်သူ ခဏမေ့သွားကာ-
“ဟေ့ … ရော်နယ်လ်ဒိုကွ ငါနိုင်ပြီကွ”
ဟု လက်သီးလက်မောင်း တန်းကာ ထအော်သည်။ သူလည်း ရော်နယ်လ်ဒို ဘက်က လောင်းကြေး တင်ထားဟန် တူသည်။ ဒီပွဲပြီးရင် ဒီလို ရှုပ်ရှုပ်ထွေးထွေး ရုတ်ရုတ်သဲသဲမှာ ဘောလုံးပွဲ ကြည့်သူတွေ သောက်ထားကြတဲ့ လက်ဖက်ရည်ဖိုးတွေ စီးကရက်ဖိုးတွေ ဘယ်လို အမိအရ တောင်းရမလဲ ဆိုတာတောင် သူ မေ့လျော့ သွားသလိုပင်။
ကိုဘရှိန်းကြီးသည် ရော်နယ်လ်ဒိုလို့ အော်ဟစ်ရင်းက ဘယ်လို ဖြစ်သွားလည်း မသိ “ဟီးဟီး … ဟီးဟီး” နဲ့ ကြူကြူပါအောင် ထိုင်ငိုနေသည်။ ကျွန်တော်တို့ ကလည်း သူ့ကိုကြည့်ပြီး အူကြောင်ကြောင် ဖြစ်နေသည်။ ဒုက္ခိတ ဘဝကို နှိုင်းယှဉ် ဆက်စပ် တွေးတောမိကာ ငိုသလားလည်း မသိတော့။
သူ ရှိုက်ကြီးတငင် ငိုနေစဉ် ကျွန်တော်တို့လည်း သူ့ကို ဘာမှ နှစ်သိမ့်မှု မပေးမိပါ။ သူ့ကို ဘေးမဲ့ ပေးထားလိုက် မိသည်။ ခဏလေးနေတော့ သူသည်-
“ဟား ဟား ဟား … ဟား … ဟား … ဟား … ဟား ဟား ဟား … ဟေး … ဟေး …ဟေး …” ဟု အော်ရယ် နေသည်။
ကျွန်တော်တို့ဘက် လှည့်ကာ “ရော်နယ်လ်ဒို … ရော်နယ်လ်ဒို ဗဲရီးဂွတ် ဗဲရီးဂွတ် သွားမယ် သွားမယ်” ဆိုပြီး ကောက်ခါငင်ကာ ဆိုင်ပြင်သို့ ထွက်သွား၏။ ဆိုင်အဝမှာ မတ်တပ်ရပ် ကြည့်နေသော ကလေးတွေက-
“ဗျို့ … ဦးဘရှိန်း” ဟု နှုတ်ဆက်ကြသည်။
ကိုဘရှိန်းသည် သူလက်ကြီး ပြန်ထုတ်လိုက်တော့ ငါးကျပ်တန်တွေ ဆယ်တန်တွေ နှစ်ဆယ်တန်တွေ တစ်ထပ်ကြီး ပါလာသည်။
“ရော့ကွာ … ရော့ကွာ … ရော့ကွာ”
သူ ကလေးတွေကို ပိုက်ဆံတွေ ဝေနေ၏။ ကလေးတွေက ဆူဆူညံညံ အသံတွေ ထွက်လျှက် သူပေးတဲ့ ပိုက်ဆံတွေကို အလုအယက် ယူကြသည်။
“ဟေး … သွားမယ် သွားမယ် ဘိုင့်ဘိုင် ဘိုင့်ဘိုင်”
ကိုဘရှိန်းသည် ကလေးတွေကိုကော၊ ဆိုင်ထဲမှ လူကြီးတွေကိုကော သိမ်းကျုံးပြီး လက်ဝှေ့ယမ်း ပြကာ လမ်းမတစ်လျှောက် လိမ်ဖည် လိမ်ဖည် ထော့နင်း ထော့နင်း ထွက်သွားတော့သည်။ သူသည် တွေ့တဲ့သူကို လက်ဖက်ရည် သောက်ဦးမလား မေးရင်း မြို့ထဲ လှည့်လည်နေမည်။
(၂)
ဖိုးတေသည် ဆိတ်ရှစ်ကောင်ရဲ့ နောက်သို့ “ဟေ့ … ဟေ့ … ဟဲ့ဟဲ့” အော်ဟစ်ရင်း ပြေးလိုက်နေ၏။ ဆိတ်တွေက မီးရထားလမ်း နံဘေး ကုန်းလျှောအတိုင်း ပြေးဆင်းကာ ခြုံပုတ်များ ရှိရာ ရပ်နားလျက် အစားစား နေကြပြီ။ အုန်းခွံရောင် ဆိတ်သိုးကြီးရဲ့ လည်ပင်းမှာ ခြူသံတွေက ဖိုးတေ၏ “ဟေ့ ဟေ့ ဟဲ့ … ဟဲ့” အသံတွေကို ထိုးဖောက် လှပနေ၏။ ဖိုးတေသည် ကျောက်ခဲများကို နင်းလျက် ကုန်းလျှောအတိုင်း ပြေးဆင်းသွား၏။
သူ ဟိုတစ်နှစ်ကမှ ရဟန်းဘဝက လူဝတ်လဲခဲ့၏။ လူထွက်ထွက်ခြင်း ဆိတ်သုံးကောင် ဝယ်မွေးခဲ့သည်။ အဲဒီ ဆိတ်သုံးကောင်က သူ့လက်ထဲမှာ ပွားစည်းလာခဲ့ရာ အခုတော့ ဆိတ်ရှစ်ကောင် ဖြစ်နေပြီ။
ဆိတ်နို့များကို သူ ရောင်းစားခဲ့သည်။ ဒီဆိတ်တွေထဲမှာ ဆိတ်သိုး နှစ်ကောင်းကို ရောင်းစားရဦးမည်။ ဆိတ်များသည် မောင်နှမသားချင်း သားစပ်ပါက မွေးလာတဲ့ ဆိတ်ကလေးတွေ သိပ်ကြီး မသန်စွမ်း တတ်တာကို ဖိုးတေ သိထား၏။ ဖိုးတေမှာ မိန်းမ မရှိ။ ဒုလ္လဘရဟန်း မဝတ်မီက သူသည် လူသတ်မှုဖြင့် ထောင်ထဲမှာ နှစ်တော်တော်ကြာ နေထိုင်ခဲ့သည်။
ဖိုးတေသည် အောက်ကျင်းထဲမှ ဆိတ်များကို ရွာထဲက လူနေ အိမ်ခြေတွေဆီ ဝင်မသွားအောင် စားကျက်ရှိရာ တွန်းထိုး မောင်းနှင်နေ၏။ သူ့မှာ မိတ်ဆွေ အပေါင်းအသင်းရယ်လို့ မရှိ။ မိန်းမများက သူလာလျှင် ကွေ့ပတ် ရှောင်ရှား သွားတတ်သည်။ သူ ဆိတ်ကျောင်းရင်း တဟားဟား အော်ရယ် နေပြန်ပြီ။ ဘာလို့မှန်း မသိ။ သူ ဆိတ်ကျောင်းရင်း တဟားဟား အော်ရယ်တတ် လာသည်။ ရယ်ပစ် လိုက်ခြင်းသည် တော်တော်လေး ပေါ့ပါးစေကြောင်း သူ့ သွေးကြောတွေက နားလည်ထား ကတည်းက သူ တဟားဟား အော်ရယ်သည်။
သူ့ရဲ့ အဖော်က ဒီဆိတ်တွေရယ်၊ ရယ်မောမှုရယ်။ တစ်ခါတစ်ရံတော့ သူ ခင်သစ်ကို သတိရသည်။ ခင်သစ်လည်း ဆုံးပါးသွားတာ နှစ်ပေါင်း တော်တော်လေး ကြာခဲ့ပြီ။ ခင်းသစ်ရဲ့ သမီးတောင် ကလေးနှစ်ယောက် ရနေတာ သူသိနေ၏။ ခင်သစ်ရဲ့ ယောက်ျား ချစ်တင်လည်း ခင်သစ်ဆုံးပြီး ရဟန်းဝတ် သွားသည်။ အခု အဲဒီဦးဇင်း ချစ်တင်လည်း ဒီကမ္ဘာကြီးမှာ မရှိတော့ဟု သူသိရသည်။ လူတွေနဲ့ အပေါင်းအသင်း မလုပ်ပေမယ့် (လူတွေကလည်း လာမပေါင်း၊ သူကလည်း လူတွေကို လိုက်မပေါင်း) လူတွေရဲ့ အသံကို သူ ကြားရတော့ သူ့ပတ်ဝန်းကျင်က သတင်း အဖြစ်အပျက်များကို သူ အတန်အသင့် သိရသည်။
ဒီကမ္ဘာပေါ်မှာ ချစ်တင်နဲ့ ခင်သစ် မရှိခဲ့လျှင် သူ ထောင်ထဲ ရောက်ဖူးခဲ့မှာ မဟုတ်။ ခင်သစ်ကို သူ ရက်ရက်စက်စက် ချစ်သည်။ ခင်သစ်ကလည်း သူ့ကို ခိုင်းတဲ့ နေရာမှာ ရက်ရက်စက်စက် ခိုင်းသည်။ ထင်ခုတ်ခိုင်းသည်။ ရေဆွဲခိုင်းသည်။ ခင်သစ်ချိုးဖို့ ရေကိုတောင် သူက ရေတွင်းမှ ငင်ပြီး ဆွဲပေးခဲ့သည်။ ခင်သစ်က သနပ်ခါး သွေးခိုင်းတော့လည်း သူက တဟဲဟဲ အော်ရယ်ကာ သွေးပေးတတ်၏။
ခက်တာက ခင်သစ်ဆီသို့ ဟိုဘက်ရွာ တစ်ရွာက ချစ်တင်က လာလာနေတာ သူတွေ့ရ၏။ ဒီချစ်တင် ဆိုတဲ့ ကောင်က ဝင်းသောင်ထံ လာလာလည်ရင်း ခင်သစ်ကို ကြိုက်သွားတာ ဖြစ်မယ်။ ဝင်းသောင်နဲ့ ဘရှိန်းက ခင်သစ်ကို ချစ်တင်နဲ့ အောင်သွယ် ပေးတာပဲ ဖြစ်မယ်။ ဒါပေမဲ့ ခင်သစ်က ချစ်တင်ကို ထင်းလည်း မခွဲခိုင်း၊ ရေလည်း မဆွဲခိုင်း၊ သနပ်ခါးလည်း မသွေးခိုင်းတာ ဖြစ်မယ်။
ထိုညနေ သူရယ်၊ ဝင်းသောင်ရယ်၊ ဘရှိန်းရယ် အရက် အတူတူ သောက်ကြသည်။ ဘရှိန်းနဲ့ ဝင်းသောင်က ဘောလုံးပွဲ တစ်ပွဲမှာ ဗိုလ်စွဲ လာကြတော့ အရက်ဝိုင်းဖွဲ့ရာ သူကိုလည်း ခေါ်ပြီး အရက်တိုက်ကြသည်။ အရက်ကုန်လျှင် ဖိုးတေက သွားသွားဝယ် ပေးရ၏။ ကြက်သား ကာလသားချက် ကလေးက မဆလာနံ့လေးတွေ မွှေးကြိုင်လို့။ ထိုညက အရက်သောက် ကြရင်း…
“ဟေ့ကောင် ဖိုးတေ … မင်းရဲ့ ခင်သစ်က ချစ်တင်နဲ့ ယူတော့မှာကွ မင်း သူတို့ ယူပြီးရင် နွားကြီး ဆက်လုပ်ဦး မှာလား”
ဝင်းသောင်က အဲဒီလို မေးလိုက်၏။ ဘရှိန်းက တဟားဟားဟား ရယ်သည်။
ဝင်းသောင်ကလည်း ဟား … ဟား … ဟား … နဲ့ ရယ်သည်။
“ဟေ့ … ဟေ့ … ဟေ့ ရေဆွဲမယ်၊ ထင်းခွဲမယ်၊ သနပ်ခါးသွေးမယ်၊ ဟုတ်ဖူးလား ဝင်းသောင်” ဘရှိန်းက ဝင်းသောင်ကို တိုင်တည်ပြောသည်။
“ဒါကြောင့်မို့ ဒီကောင်ကို နွားကြီးလို့ ငါ ပြောတာပေါ့ကွ”
ဖိုးတေ ရင်ထဲမှာ မီးကျီးခဲများ နီရဲနေသည်။ သူ အရက်တစ်ခွက် ပြည့်ပြည့်လျှံလျှံ ငှဲ့ပြီး ရေမရောဘဲ မော့ချလိုက်၏။ အပူပေါ်သို့ အပူ လောင်းချခြင်းက သူ့ကို ခဏလေး သက်သာစေသည်။ မီးကျီးခဲ ရဲရဲတောက်တွေက ပူလောင် လာပြန်သည်။ ဝင်းသောင်နှင့် ဘရှိန်း သူ့ထက် အသက် နည်းနည်းကြီးပြီး ဘောလုံးသမားတွေ အဖြစ် လူတိုင်းက အရေးပေးတော့ သူတို့ လေသံတွေက ဆရာကြီးလို ဖြစ်နေရာ ဖိုးတေ ဘယ်တုန်းကမှ ဘာမှ ပြန်မပြောရဲ။
သူတို့ အရက်သောက် နေကြဆဲမှာ ချစ်တင်က စက်ဘီးနှင့် ရောက်လာသည်။ “လာကွာ … ချစ်တင် အရက်သောက်” ဝင်းသောင်က ခေါ်သည်။
“ဟေ့ … ဟေ့ … ချစ်တင် မင်းကော သနပ်ခါး သွေးပေးသေးလား ဟီ … ဟီ… ဟိ”
ဘရှိန်းက ဖိုးတေရဲ့ ရင်ထဲသို့ မီးကျီးခဲ ပစ်ထည့်ပေး လိုက်သည်။ အခုတော့ ဖိုးတေက ဝင်းသောင်တို့ ဘရှိန်းတို့ ကန်ထည့်လိုက်သော ဘောလုံးတွေကို ရင်ဘတ်ကြီးနှင့် ဆီးဆီးခံ နေရသည်။
ချစ်တင်က အရက် တစ်ခွက်ကို ရေမရောဘဲ မော့ချလိုက်သည်။ “ပျစ်ပျစ်နှစ်နှစ်လေးကို ဟောဒီလို လက်ညှိုးနဲ့ ဟောဒီလို ကော်ယူပြီး အချစ်ဆုံးရဲ့ ပါးပေါ်မှာ ဟောလို ဟောလို လိမ်းပေးမှာဗျ” ချစ်တင်က လက်ဟန် ခြေဟန်နှင့်အတူ အမူအရာ လုပ်ပြသည်။ ဝင်းသောင်၊ ဘရှိန်း၊ မည်းမည်းနှင့် နှမ်းဖတ်ချဉ်သုပ်ကို ကော်ယူကာ သူ့လျှာပေါ် တင်သည်။ လက်ညှိုးမှာ ကပ်နေတဲ့ နှမ်းဖပ်ချဉ်တွေ ကုန်စင်အောင် လက်ညှိုးကို စုပ်နေရာ တပြတ်ပြတ် မြည်နေ၏။
ပြီးတော့ သူတို့သုံးယောက် တဟားဟား ရယ်မောကြပါသည်။ သူတို့ ရယ်မောသံတွေက ဖိုးတေရဲ့ ရင်ဘတ်ထဲမှာ မီးကျီးခဲတွေ ဖြစ်သွားသည်။ ရင်ဘတ်ထဲမှာ မီးကျီးခဲတွေ သိပ်များ နေပါပြီ။ သူ ငေါက်ခနဲ ထပြန်ခဲ့သည်။
“ဒီကောင် ရေဆွဲရဦးမှာကွ”
ဘရှိန်းက နောက်လိုက်သေး၏။
ဖိုးတေ အိမ်ရောက်ရောက်ချင်း သူ့ရဲ့ လင်းကင်းဓားက ရှေ့ပိုင်းမှ အလေးချိန် စီးတော့ ခုတ်ရတာ ပိုအားရစရာ ကောင်းမှာပဲလို့ သူ တွေး၏။ ဓားရှည်ကို သူ့အိပ်ရာပေါ်မှာ ချထားလိုက်ပြီး သူအိပ်ပျော်ဖို့ ကြိုးစား ကြည့်သေး၏။ မူးမူးနှင့် အိပ်ပျော်မလို ဖြစ်သွားချိန်မှာ ရင်ဘတ်ထဲမှ မီးကျီးခဲများ ရဲတက် လာပြန်သည်။ သူ အိပ်ရာပေါ်မှာ လူးလှိမ့်နေ၏။ ကျုပ်ရင်ထဲ မူးလွန်းလှချည်ရဲ့။ သူ့ဓားသည် မြွေလို တရွှီးရွှီး တွန်မြည်နေ၏။
ညတစ်နာရီ ထိုးတော့ သူသည် လင်းကင်းဓားကို ဆွဲကိုင်လျက် ထွက်လာခဲ့သည်။ ရွာထဲက ခွေးတွေက သူနဲ့ ရင်းနှီးပြီး ဖြစ်နေလို့ သူ့ကို ဘယ်ခွေးကမှ မဟောင်ကြပါ။ သူ ဝင်းသောင်၏ အိမ်သို့ လာခဲ့သည်။ လရောင်သည် သစ်ပင်တွေ အကြားက ထိုးဖောက် ဖြာကျကာ တစ်လမ်းလုံး ဝင်းမှည့်နေ၏။ ဝင်းသောင်တို့ အိမ်ရှေ့က သစ်ချိုပင်ကြီး အောက်သို့ သူ ရောက်ခဲ့ပြီ။ သူရပ်နေသေး၏။
လရောင်က သစ်ချိုပင်ရဲ့ အကိုင်းအခက် အရွက်အသီးတွေ ကြားထဲ ထိုးဖောက်လျက် သူ့ကိုယ်ပေါ် သူ့ဓားပေါ် ဝင်းမှည့်စွာ ကျရောက်နေ၏။ ကွပ်ပျစ်ကြီးပေါ်မှ အတုံးအရုံး အိပ်မောကျ နေကြ၏။ ဒီကနေ သူတို့ ဟောက်သံတွေ ကြားနေရ၏။ ချစ်တင်လည်း အဲဒီထဲမှာ ပါသလား မသိ။ ချစ်တင် ပြန်သွားသလား၊ မူးမူးနဲ့ အိပ်သလား။ သူ မသိ။ စက်ဘီးကိုတော့ အိမ်ရှေ့မှာ မတွေ့ရ။ အိမ်ထဲမှာ သိမ်းထားတာလည်း ဖြစ်ချင်ဖြစ်မယ်။
သူ မွှန်ထူနေပြီ။ ပြင်ပ လရောင်က အေးသော်လည်း သူ့ရင်ထဲက မီးကျီးခဲများ ရဲတက်နေသည်။ သူသည် ထိုအိမ်အောက်သို့ ရွေ့လျားသွား၏။ ကွပ်ပျစ်ကြီးပေါ်မှာ စောင်ပါးပါးလေးတွေနဲ့ လုံးထွေးပြီး အိပ်ပျော်နေကြတာ ဘယ်နှစ်ယောက်လဲ သူမြင်လို့ မရ။ ထို အိပ်ပျော်နေကြ သူတွေရဲ့ ခေါင်းရင်းဆီ သူ ချဉ်းကပ်ကာ လင်းကင်းဓားကို လွဲမြှောက်လိုက်သည်။
သူ အားကုန် ခုတ်ချလိုက်၏။ ဓားက ကြမ်းပြင်အောက်မှာ အဝတ်လှမ်းဖို့ တန်းထားသော ကြေးနန်းကြိုးလေးနှင့် ငြိသွားသေးသည်။ သို့သော် လင်းကင်းဓားက ရှေ့အလေးချိန် များတော့ ခုတ်ရတာ၊ စီးစီးပိုင်ပိုင် ရှိလှသည်။
တစ်ချက်၊ နှစ်ချက်၊ သုံးချက်။ သူ့ရင်ဘတ်ထဲက မီးကျီးခဲများ ရုတ်တရက် သေဆုံး သွားသလို ခံစားလိုက်ရ၏။
သူသည် သွေးတို့ဖြင့် ခြင်းခြင်းနီရဲ နေသော လင်းကင်းဓားကို ဆွဲကိုင်လျက် သူ့အိမ်သို့ ပြန်လာနေသည်။ ရွာထိပ်ဆီက ခွေးအူသံတွေ ကြားလိုက်၏။ သူအိမ်သို့ မပြန်ဖြစ်ဘဲ သဲသောင်ပြင်ပေါ်မှာ ထိုးလှဲချလိုက်၏။ လင်းကင်းဓားက သူ့လက်ထဲမှာ။ လရောင်က သူ့ကိုယ်ပေါ်မှာ။ သူ့ဓားရှည်ပေါ်မှာ။ ဟိုကောင်တွေရဲ့ သွေးတွေ ပေါ်မှာ။ မြွေတွန်သံတွေ ကြားရပြန်ပြီ။
(၃)
ဆောင်းရာသီ နံနက်ခင်း တစ်ခုရဲ့ နေခြည်တွေ အောက်မှာ ကိုဝင်းသောင် မတ်တတ်ရပ် နေသည်။ သူသည် ရထားလမ်း နံဘေး ကုန်းမြင့်ပေါ်မှာ မတ်တတတ်ရပ်ကာ နှင်းမြူထဲက၊ နေရောင်ထဲက၊ မမြင်ရသော အရာတစ်ခုနှင့် ဆက်သွယ် စကားပြော နေသလိုပဲ။ ကိုဝင်းသောင်၏ မျက်စိ နှစ်ဖက်စလုံး မမြင်ရတော့ပါ။
ဒါပေမဲ့ လူတွေ မမြင်ရသော နှင်းမြူထဲက၊ နေရောင်ထဲက၊ ဆောင်းလေထဲက ဝိညာဉ် တစ်ခုခုကို သူ မြင်နေသလို ပါပဲ။ သူ့ ကျောဘက်မှာ ဧရာဝတီ မြစ်ကြီး ရှိသည်။ မင်းဝံ တောင်တန်းကြီး ရှိသည်။ ကျွန်းတွေ ရှိသည်။ ပြောင်းဖူးခင်းတွေ ရှိသည်။ ဖရဲခင်းတွေ ရှိသည်။ သဲသောင်ပြင် ရှိသည်။
သူ လူငယ်ဘဝက ဧရာဝတီ မြစ်ထဲမှာ လက်ပစ်ကူးပြီးလျှင် သဲသောင်ပြင်ပေါ် ပက်လက်လှန် အိပ်ကာ ဖရဲသီး ချိုချိုရဲရဲ အရည်ရွှမ်းရွှမ်းကို တစ်လုံးလုံး ကုန်အောင် ခွဲစားပစ် တတ်သည်။ အခုတော့ သူ သွားလိုရာ နေရာတွေဆီ ကိုဘရှိန်းရဲ့ သားက လိုက်ပို့ပေး ရသည်။ လိုက်ပို့သူက သူ့ကို သူနေချင်တဲ့ နေရာမှာ ထားပစ်ခဲ့ပြီး သူ ပြန်လာမယ့် အချိန်မှာမှ လာလာခေါ်တတ်သည်။ နှစ်ပေါင်းများစွာ ဒီလိုပဲ နေထိုင်ခဲ့သည်။
သူ၏ ဘောလုံးသမား ဘဝက ကျော်ကြားခဲ့ပုံများ။ သူ့ဆရာ ကိုမောင်မောင်၊ ကိုညီပု၊ ကိုဖုန်းတို့က လေ့ကျင့်သင်ကြား ပေးခဲ့သည့် အတိုင်း သူ ကစားခဲ့ပုံများ၊ ရွှေမန်းတင်မောင် တည်ထောင်သော ရွှေမန်း ဘောလုံးအသင်းနှင့်အတူ အမြို့မြို့ အနယ်နယ် လိုက်ပါ ကစားခဲ့ပုံများ၊ သူက ဘော်လီဘော မှာလည်း ထူးချွန်သူ ဆိုတော့ သူ မန္တလေးတိုင်း ဘော်လီဘောသမား အဖြစ် ရန်ကုန်သို့ သွားရောက် ကစားစဉ် ရထားပေါ်မှာ ပုဏ္ဏားကြီး စံတင်ရဲ့ ချာပါတီတွေကို ပုဏ္ဏားကြီး အိပ်ငိုက်နေစဉ် ခိုးယူစားကာ ကျီစယ် ပျော်ရွှင်ပုံများကို သူ အမြဲ ပြန်လည် တွေးတောသည်။
သူသည် နေကာမျက်မှန် တပ်လျက်၊ သိုးမွေးဦးထုပ် တစ်လုံး ဆောင်းလျက်၊ ဒီရွာ ဒီနေရာလေးမှာ နှစ်ပေါင်း သုံးဆယ်ကျော် ရှင်သန်ခဲ့သည်။ စီးကရက် အလွန်ကြိုက်သော သူ့ဆရာ မောင်ဖုန်းကတော့ ဟိုတလောက ဆုံးသွားပြီ။ သူ့ဆရာ ကိုမောင်မောင်က သူရှိရာသို့ သူ့ကို သတိရလွန်းသည့် အခါ ရောက်လာတတ်သည်။ ချစ်တင်က ရဟန်း ဝတ်သွားပြီး ကတည်းက သူ့ထံ တစ်ခါမှ ပေါ်မလာတော့ပါ။ ဦးဇင်းကြီး ဘဝနှင့် ပျံလွန်သွားခဲ့တဲ့ သတင်းကို သူ ကြားရသည်။
ဖိုးတေက သူနဲ့ မလှမ်းမကမ်းတွင် ဆိတ်ကျောင်း နေတတ်သည်။ သူ့ကို ဖိုးတေက “ကိုဝင်းသောင် နေကောင်းရဲ့လား” လို့ နှုတ်ဆက်တတ်၏။
ကိုယ့်ကို ဘရှိန်းကို ဒီလို အတုံးအရုံးနဲ့ ကျရှုံးအောင် လင်းကင်ဓားနဲ့ ခုတ်ပိုင်းခဲ့သူက နေကောင်းရဲ့လားလို့ နှုတ်ဆက်စမှာ သူ စပ်ဖျဉ်းဖျဉ်း ဖြစ်သွားရဖူးသည်။ နောက်တော့ သူလည်း သူ့ရာဇဝတ် ပြစ်မှုနဲ့သူ ထောင်ထဲမှာ နေခဲ့ရတာပဲ။ သူ့နှလုံးသားရဲ့ ဒဏ်ရာတွေကို မခံရပ်နိုင်လို့ ငါတို့ကို ဓားနဲ့ ခုတ်ပိုင်းခဲ့တာပဲ။ နှစ်တွေ အများကြီး လွန်မြောက်ခဲ့ ပြီးပြီ။
“အေးကွာ နေကောင်း ပါတယ်ကွာ” လို့ ကိုဝင်းသောင်က ပြန်ဖြေတတ်၏။
ဟော သူနှင့် မြူတွေထဲက ဝိညာဉ် တစ်ခုနှင့် စကားပြောနေဆဲ၊ ဘရှိန်းက သူ့အနားသို့ ရောက်လာသည်။ ဘရှိန်း ခြေသံကို သူ မှတ်မိ၏။
“ဟေ့ကောင် ဘရှိန်း”
“ဟေး ဝင်းသောင် … လာသွားမယ်”
ကိုဘရှိန်းက သူ့အိတ်ထောင် ဖောင်းဖောင်းကို ပုတ်ပြသည်။ သူတို့ လက်ဖက်ရည်ဆိုင် သွားကြသည်။ ခြေထောက်တစ်ဖက် မသန်စွမ်းသော မျက်လုံးတစ်ဖက် မပါတော့သော ကိုဘရှိန်းက မျက်လုံး နှစ်ဖက်လုံး အလင်း မရသော ကိုဝင်းသောင်ကို တွဲခေါ် သွားသည်။ လက်ဖက်ရည် ဆိုင်ရဲ့ အရှေ့စားပွဲ နေပူစာ အောက်မှာ သူတို့ နှစ်ယောက် ထိုင်ကြသည်။
“ဟေ့ ဝင်းသောင် သောက် … စား… သောက်”
ကိုဘရှိန်းက ကိုဝင်းသောင်ကို လက်ဖက်ရည် သောက်၊ စမူစာ စား၊ စီးကရက် သောက်ဟု ခြေဟန် လက်ဟန်ဖြင့် ပြသည်။
“ဟေ့ … ဝင်းသောင် … မင်းရဲ့ သားတွေ …”
“တစ်ရွာမပြောင်း သူကောင်းမဖြစ် ပေါ့ကွာ၊ သူတို့ တစ်မြို့ တစ်ရွာဆီ ထွက်ခွါသွားပြီး အလုပ်လုပ် ကြတယ်။ အခု ဟိုးအဝေးက လင်းကင်းမှာ သွားပြီး တွင်ခုံလုပ်ငန်း၊ ပန်းပဲဖိုလုပ်ငန်း လုပ်နေတယ်ကွာ ဘရှိန်းရ”
“ဟေ … လင်းကင်း”
“အေး … ဟုတ်တယ် လင်းကင်းမှာ”
“အဲ …အဲ … အဲဒီမှာ ဘာ … ဘာတွေလုပ်နေ …”
“ငါ့သားတွေက ဓားတွေ … ထုတ်လုပ်တာကွ”
“ဟေ … ဓားတွေ … လင်းကင်းဓား”
ကိုဘရှိန်း မျက်လုံးတစ်ဖက် ပြူးကျယ်သွားသည်။ ကိုဝင်းသောင်က အေးအေးဆေးဆေးပဲ ပြန်ပြောသည်။
“အေး ငါ့သားတွေက ဓားတွေ လုပ်တာတော့ မှန်တယ် … ငါတို့ ကို အခုတ်ခံရတဲ့ ဓားရှည်မျိုး ထုတ်လုပ်တာတော့ မဟုတ်ဘူးကွ၊ ငါ့သား နှစ်ယောက်က ပေါင်မုန့်လှီးတဲ့၊ ပန်းသီးလှီးတဲ့ ဓားလှလှလေးတွေ ထုတ်လုပ်တာကွ။ အဲဒီ ဓားတွေကို သူတို့ သူဌေးက နိုင်ငံခြားကို ပို့တယ်၊ အရမ်း ရောင်းကောင်းတာပဲတဲ့ ကွ။ အေးလေ ကမ္ဘာကြီး ပေါ်မှာ လူတွေက ထူထပ်လာတော့ ပေါင်မုန့်တွေ၊ ပန်းသီးတွေလည်း ပေါများတယ်။ အဲဒါတွေ လှီးဖို့ ဓားလှလှလေးတွေပဲ လိုအပ်တယ် မဟုတ်လားကွ”
သူတို့ နှစ်ယောက် နေရောင်အောက်မှာ ငြိမ်သက် သွားကြ၏။
ဟိုးဝေးဝေး နှင်းမြူတွေထဲမှာ ဓားတွေက မြွေတွေလို တရွှီးရွှီး တွန်မြည် နေသံကို ကိုဘရှိန်း ဖမ်းယူ စိတ်ဖြာ နေမိ၏။ ဓားတွေဟာ ….။
* * *
မောင်ကိုကို (အမရပူရ)
ရွှေအမြုတေ၊ ဧပြီ၊ ၂၀၀၃။
credit -
No comments:
Post a Comment